6/28/09
ပျူ အရိုးအိုး ပေါ်က စာ
ခုမြင်နေရတဲ့ အရိုးအိုး ပုံတွေကိုတော့ အမေရိကန် နိုင်ငံ နော့သာန် အီလီနွိုက်(Northern Illinois University) တက္ကသိုလ် က ပရိုဖစ်ဆာ ဒေါက်တာ ရိစ်ချက် အမ် ကိုလာ ( Professor Dr. Richard M. Cooler) ရဲ့ အများလေ့လာရန် အင်တာနက် စာမျက်နှာမှရရှိပါတယ်။
http://www.seasite.niu.edu/burmese/Cooler/BurmaArt_TOC.htm
ပျူ အရိုးအိုး ပေါ်က စာ
ပျူ အရိုးအိုး ၄ လုံးပေါ်က စာ
စာရေးသူ " ဘုန်းတင့်ကျော် " ရဲ့ ပျူ အရိုးအိုး ၄ လုံးပေါ်က စာ ရှင်းလင်းချက်ပါ။
ဘယ်စာမျက်နှာသည် ဘယ်ကျောက်အရိုးအိုး ပေါ်မှစာ ဖြစ်တယ်ဆိုတာကိုတော့ စာရေးဆရာ ကိုယ်တိုင် အတိအကျ ပြောမထားပါ။
ပညာရှင် စာရေးဆရာ ရဲ့ ပျူစာ အဓိပ္ပါယ်ရှင်းလင်းချက် ကို ဖော်ပြရာမှာ စကားလုံး အစစ်အပေါက် မလွဲစေဖို့ရာ" ပျူစစ်လျှင် မြန်မာ" မူရင်းစာအုပ်ထဲက စာမျက်နှာအတိုင်း ဖော်ပြလိုက်ပါတယ်။
အပေါ်က Pyu 1A နှင့် Pyu1B ဟာ အကြောင်းရာတစ်ခုတည်း စာနှစ်မျက်နှာ ဖြစ်ပါတယ်။
ယခုတင်ထားသော စာရေးဆရာ ဘုန်းတင့်ကျော် ၏ ပျူစစ်လျှင်မြန်မာ စာအုပ်ပါ စာမျက်နှာ (၅) မျက်နှာကို ကူးယူတင်ထားရာတွင် ပုံအဖြစ် မယူဆသည်က တစ်ကြောင်း၊ မူပိုင်ဖြစ်သူ စာရေးဆရာ အားဆက်သွယ်၍မရသည်က တစ်ကြောင်း၊ အများအတွက်ရည်ရွယ် ထုတ်ဝေသော စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်သည်က တစ်ကြောင်း စသဖြင့် ယူဆပါသောကြောင့် မူပိုင်ခွင့် မချိုးဖောက်မိဟု ယုံကြည်ပါသည်။
အကယ်၍ ချိုးဖောက်မိပါက သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်သူ အား တောင်းပန်လျက်။
=================================================================
ရှေးမြန်မာ ဘလော့တွင်ဖော်ပြထားသော ပုံအားလုံးမှ အချို့သည် ကျွန်တော့ကိုယ်ပိုင်ဖြစ်ကာ၊ ကျန်ပုံများမှာ သက်ဆိုင်ရာ ပိုင်ဆိုင်သူ အဖွဲ့အစည်း၊ ပုဂ္ဂိုလ် အစရှိသူထံတွင် ဖော်ပြခွင့် တောင်းခံကာ တရားဝင်ခွင့်ပြု ခွင့်ရသော ပုံများကိုသာ အများလေ့လာရန်တင်ပြထားခြင်းဖြစ်သည်။

6/27/09
ငါသေခဲ့ရင်
လု(စ်)က သူ့ကိုယ်သူ နဲ့ သူ့ရဲ့သုတေသန စာတမ်းတွေအပေါ်မှာ သူပြောခဲ့တဲ့ စကား
သူ့ကိုယ်သူ ပြောခဲ့တဲ့ စကာူး
သူ့ကိုယ်သူ ပြောခဲ့တဲ့ စကာူး
`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်´
သူ့ရဲ့သုတေသန စာတမ်းတွေအပေါ်မှာ သူပြောခဲ့တဲ့ စကားလူတစ်ရောက်ရဲ့ ကျော၊ ဝမ်း၊ ရင်၊ ခါး ဖြစ်တဲ့ အလယ်ပိုင်း ( Torso ) အကြောင်းဖြစ်တယ်။
ခေါင်း ခြေ လက်ကို နောင်လူ နောက်သားတွေ ဆက်ကြပါတဲ့။
ခေါင်း ခြေ လက်ကို နောင်လူ နောက်သားတွေ ဆက်ကြပါတဲ့။
=======================================================================
Torso ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ မြင်သာအောင် ကိုယ်တိုင် ရိုက်ထားတဲ့ ၁၀ ရာစု ကမ္ဘောဒီးယား တော်ဆို (Torso)ကို ကြည့်ပါ။
ပြင်သစ် ပညာရှင်တစ်ဦး ဖြစ်တဲ့ Mr. Ge'rard Maitrepierre ကတော့ဖြင့် ဒီ တော်ဆို ရုပ်ကို နေ့တိုင်းမြင်ရရင်သိပ်စိတ်ချမ်းသာတယ်လို့ပြောတယ်။

၁၀ ရာစုနှစ် ခေါ့ခါခေတ် ဗိသနိုး နတ်ဖုရား Torso
အမျိုးအစား - သဲကျောက်မာ
အရွယ်အစား- အမြင့် ၆၀ စင်တီမီတာ
ဘေးအကျယ် ၂၂ စင်တီမီတာ
ထုအထူ ၁၁ စင်တီမီတာ
အမျိုးအစား - သဲကျောက်မာ
အရွယ်အစား- အမြင့် ၆၀ စင်တီမီတာ
ဘေးအကျယ် ၂၂ စင်တီမီတာ
ထုအထူ ၁၁ စင်တီမီတာ
Mr. Ge'rard Maitrepierre ဟာ ကျွန်တော့ ကိုပညာတွေအများကြီးသင်ပေးခဲ့တဲ့ ဆရာပါ။
ငါချစ်တဲ့ ပုဂံမြေ
တင်မိုး နဲ့ မင်းသုဝဏ် ပြောတဲ့ လု(စ်)
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
ဘ၀ရုပ်ပုံလွှာ (၁၁)ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
တင်မိုး
`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်´လို့ စာရေးပြီး မှာသွားရှာတဲ့ လွမ်းစရာ ပုဂ္ဂိုလ်တဦးကတော့ အင်္ဂလိပ်လူမျိုး ကဗျာဆရာကြီး၊ သမိုင်းပါမောက္ခကြီး ဂျီအိပ်ခ်ျလု(စ်) ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက လူထုရွေးကောက်တင်မြှောက်တဲ့ ဦးနုအစိုးရကို စစ်တပ်နဲ့အာဏာသိမ်းခဲ့တယ်။ နိုင်ငံခြားသား တွေကို နှင်ထုတ်ခဲ့တယ်။ အဲဒီ အနှင်ခံနိုင်ငံခြားသားတွေထဲမှာ သတိုးသီရိသုဓမ္မာ ဂျီအက်စ် ဖာနီဗယ် ဆိုတဲ့ ဘောဂဗေဒ ပညာရှင်၊ စာပေပညာရှင်၊ အိုင်စီအက်စ်ဘွဲ့ရ ကြေးတိုင်မင်းကြီးဟောင်းနဲ့ ဂျီအိပ်ခ်ျလု(စ်) တို့လဲ ပါသွားပါတယ်။
ဖာနီဗယ်နဲ့ လု(စ်) တို့နှစ်ယောက်ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ဂီတနဲ့ မြန်မာ့ယဉ်ကျေး မှုကို ချစ်ပြီး မြန်မာ့အကျိုးကို ရာသက်ပန်ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
အင်္ဂလိပ်ဆိုတိုင်း ကိုလိုနီနယ်ချဲ့သမားမဟုတ်သလို ထိုပုဂ္ဂိုလ်တွေကလဲ နယ်ချဲ့သမားတွေနဲ့မပေါင်း၊ သူတို့ မျက်နှာဖြူတွေ ချည်းသာ ၀င်ခွင့်ရတဲ့ ပဲခူးကလပ်ကိုမသွား၊ မြန်မာတွေနဲ့ပဲ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံပြီး မြန်မာနိုင်ငံရဲ့ အရေးကိုသာ နှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆရာကြီး လု(စ်) ကတော့ မြန်မာနိုင်ငံ ပုဂံမြေမှာပဲ ခေါင်းချ၊ ပုဂံရဲ့ ထာဝရချစ်သူအဖြစ်နေတော့မယ်လို့ ဆုံးဖြတ်ထားသူပါ။ အခုလို ဆရာကြီးနှစ်ဆူဟာ သူတို့ချစ်တဲ့မြေနဲ့ မျက်ရည် တ၀ဲဝဲ ခွဲခွာသွားရတဲ့အတွက် အသဲနှလုံး ကြိမ်မီးအုံး ခံစားခဲ့ရရှာ ပါတယ်။
ဆရာလု(စ်)ဟာ တကယ့် သမိုင်းပါရဂူကြီးပါ။ နှစ်ပေါင်း ၄၀ ကျော် ပုဂံဘုရားကြို ဘုရားကြား ကျောက်စာချပ်တွေအကြားမှာ တိုးဝင်ပြီး ပျူစာ၊ မွန်စာ၊ ပါဠိစာတွေဖတ်ပြီး သမိုင်းသုတေသန လုပ်ခဲ့တဲ့ပညာရှင်ပါ။ တရုတ်ရှေးဟောင်းစာတွေဖတ်ပြီး မြန်မာတို့လာရာလမ်းကို စူးစမ်းရှာဖွေခဲ့သူလဲဖြစ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံအနှံ့ ခြေဆန့်ပြီး ကွင်းဆင်း သုတေသနပြုခဲ့တဲ့ အံဖွယ်သူရဲပညာရှင်သုတေသီကြီးပါ။
သူရေးခဲ့တဲ့ Old Burma Early Bagan ဆိုတဲ့ စာမျက်နှာထောင်ကျော်ရှိ သုတေသနစာအုပ်ကြီးအပြင် မှန်နန်းရာဇ၀င် အင်္ဂလိပ်လိုပြန် (ဖေမောင်တင်နဲ့တွဲဖက်)၊ မြန်ဘာသာလေ့လာချက် (ရွှေဇံအောင်သို့ပေးစာ)၊ ပုဂံစေတီပုထိုးများအကြောင်း၊ မြန်မာနိုင်ငံအရည်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတဲ့ ပါမောက္ခဒူရွိုင်ဆယ်ရဲ့ ဆောင်းပါးဝေဖန်ချက်၊ ပုဂံဂူငယ်များအကြောင်း၊ ပုဂံရွှေဂူကြီးကျောက်စာ (အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်)၊ ကဗျာစရိယ၀ိဝံသစာတမ်းခေါ် မြန်မာစာဆိုတို့အကြောင်း (အင်္ဂလိပ်ဘာသာပြန်)၊ တကောင်းရာဇ၀င်ဘာသာပြန် (ဖေမောင်တင်နှင့် တွဲလျက်)၊ ဒူရွိုင်ဆယ်၏ ဖိုးဝန်းကျောက်ဂူများ အကြောင်း စာတမ်းဝေဖန်ချက်၊ တော်စိန်ခို၏ အမရပူရစကားကျောင်းများအကြောင်း စာတမ်းဝေဖန်ချက်၊ ၁၆ ရာစုမှ ၁၉ ရာစုအထိ မြန်မာနှင့် ယိုးဒယား စစ်ပွဲများ (မှန်နန်းမှ ကောက်နှုတ်၍ အင်္ဂလိပ်ဘာသာပြန်)၊
မြန်မာတလိုင်းရာဇ၀င်တို့ နှိုင်းယှဉ်လေ့လာချက်၊ (ဟာလီဒေး၏ အချက်အလက်တို့ကို စိစစ်ချက်)၊ မြန်မာ့အိမ်နီးနားချင်းနိုင်ငံများ (တရုတ်မှတ်တမ်း ဘာသာပြန်များ)၊ ၁၈ ရာစုက မြန်မာနိုင်ငံသို့ တရုတ်များ ကျူးကျော်လာပုံ၊ ရှမ်းပြည်တောင်ပိုင်းလက်အောက်ရှိ ဘုရားတဆူ၊ ပျူတို့အမည်၊ ပုဂံကျေးဇူး၊
မြန်မာတို့ဆုတောင်းခန်း၊ ခေတ်ဟောင်း ပျူတို့အကြောင်း၊ ခေတ်ဦးမြန်မာ့စီးပွားရေး၊ ပုဂံခေတ် မွန်များအကြောင်း စတဲ့ အဖိုးတန် သုတေသနစာတမ်းတွေကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (JBRS) များမှာ အဆက်မပြတ်ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံသမိုင်းကို ကျောက်တိုင်လို ခိုင်ခံ့တည်တံ့အောင် နှစ်ပါင်းများစွာ ကိုယ်မအားစိတ်မအား ကြိုးစားခဲ့တဲ့ အားထုတ်မှု များစွာဟာ အံ့ဘနန်းပါ။
သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲမီးလောင်တိုက်သွင်းဖို့ ကြံစည်နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေးမေတ္တာရပ်ခံခဲ့တဲ့အတွက် ပုဂံစေတီ ယဉ်ကျေးမှုအမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။
ဒီအကြောင်းကို ဆရာမင်းသုဝဏ်က `ပုဂံနှင့်ဝေဠု´ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။
ပုဂံနှင့် ဝေဠု
ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။
ဒီရွေ့ဒီမျှ မြန်မာ့ကျေးဇူးကို အားနဲ့မာန်နဲ့ ဆောင်ရွက်ခဲ့တဲ့ သုခမိန်ကြီးကို ကျွန်တော်တို့က ကျေးဇူးသိသိနဲ့ အလေးပြုရုံ မျှမက သူချစ်တဲ့ ပုဂံမြေမှာ ကျောက်ရုပ်စိုက်ထူပြီး ဂုဏ်မပြုအပ်ပါလားလို့ မေးလိုက်ချင်လှပါတော့တယ်။ ။လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။
ဒီ ပိုစ်ကို ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ တိုက်ရိုက် ကူးယူဖော်ပြပါတယ်။
မူရင်း http://www.irrawaddy.org/bur_Joomla_1.5.8/bawa2007/February/feb_09_2007.html
6/26/09
လုစ်၁၈၈၉- ၁၉၇၉
ဒေါက်တာသန်းထွန်းပြောတဲ့ လုစ် ( Luce ) နဲ့ လုစ်ရဲ့ သုတေသန တွေအကြောင်း အောက်မှာဖတ်နိုင်ပါတယ်။
လုစ် ( Luce )(၂၀ ဇန်နဝါရီ ၁၈၈၉- ၃မေ ၁၉၇၉ ) ဟာ နိုဝင်ဘာ ၁၉၁၂ မှာ
မြန်မာနိုင်ငံကိုရောက်တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အိန္ဒိယကို သွားနေရပြီး အဲဒီနောက် မြန်မာနိုင်ငံက အပြီထွက်ခွါသွားတဲ့ ၁၉၆၅ ထိ နှစ်ပေါင်း ၅၀ ကျော်နေသွားတယ်။
အနှစ် ၄၀ လောက် ပုဂံကို အခေါက်ခေါက်သွားပြီး စာအုပ်ကြီးတစ်အုပ်ကို ခေတ်ဟောင်း မြန်မာ-ပုဂံခေတ်ဦး နာမည်နဲ့ရေးတယ်။
၁၉၃၅ လောက်က ၁၉၆၀ အထိ ဒီစာအုပ်ကို အကြိမ်ကြိမ်ရေးတယ်၊ ပြင်တယ်၊ ဖြည့်တယ်၊ အရင်းခံ အထောက် အထားဖြစ်တဲ့ ကျောက်စာ တစ်ထောင်ကျော်ကို အပြန်ပြန် ဖတ်ပြီးနားလည် အောင်ကြိုးစားတယ်။ တရုတ်မှတ်တမ်းတွေနဲ့ ညှိတယ်။
သမိုင်းနည်းကျအောင် အကြောင်းအကျိုး ဆက်ပြီး စစ်ဆေးဝေဖန်ပြီး တိမ်မြုပ်နေတဲ့ အကြောင်းအရာအများကြီးကို ဖော်ထုတ်တယ်။ ရိုးရာမှတ်သားပြောဆိုထားခဲ့တာတွေနဲ့ မညီတာလည်းရှိတယ်။ လိုတာတွေ့ရင်လည်း ဖြည့်တယ်။
အထောက်အထားမရှိရင် လူတကာ ပြောနေတာပဲဆိုပြီး လိုက်မပြောဘူး။ ဒီနေရာမှာ အင်မတန်ရိုးသားတယ်။ ကတိမလိုက်ဘူး။ ဒါပေမယ့် သူ့စာအုပ်ကြီးကို ၁၉၆၀ ပြည့်လောက်မှာ အပြီးသတ်ပြီး အတွဲသုံးတွဲအနက် ပထမတွဲကို ၁၉၆၉ မှာ ပုံနှိပ်နိုင်ပါတယ်။
ဒါကြောင့် အလွယ်ဆုံးပြောရရင် ၁၉၆၀ ကစပြီး ၁၉၉၆ အထိ နှစ် ၃၀ ကျော် ၄၀ နီးပါး အတွင်း ရှေးဟောင်းသုတေသနက တူးဖော်ပြီး ထပ်မံတွေ့ရှိတဲ့ အကြောင်းအချက်တွေကို သူ့စာအုပ်မှာ မပါနိုင်ပါ။
အထောက်အထား မစုံလို့ အယူအဆ ကောက်ချက်(Conclusion ) လွဲတာရှိမယ်။ စာအုပ်ထွက်ပြီး ဆယ်နှစ်အတွင်း ပြင်ဆင်ပြီး ဒုတိယအကြိမ် တည်းဖြတ် ဝေဖန်ခွင့်ရရင် နောက်ထပ်တွေ့ရှိချက်ကို ထည့်နိုင်မယ်။
အသက် ၉၀ အတွင်း အသက် ၈၀ (၁၉၆၉ ) လောက်ကစပြီး မျက်စိရောဂါနဲ့ စာကောင်းကောင်း မရေးနိုင်တော့ဘူး။ ၁၉၇၉ မှာသေဆုံးပါတယ်။

6/24/09
ဂျီ အိစ်လုစ် ( G.H.Luce )
" ဘုန်းတင့်ကျော် " စာရေးဆရာ နာမည်ကို
သမိုင်းစိတ်ဝင်စားသူ လူတစ်စု သတိထားမိ နိုင် သော်လည်း လူငယ်အများစု သိဦးမယ်မထင်ပါ။
စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ဆိုရင်တော့ လူကြီး၊ လူရွယ်၊ လူငယ် အကုန်သိလိမ့်မယ်လို့ ထင်ပါတယ်။ ဘုန်းတင့်ကျော်ဟာ တက္ကသိုလ်ဘုန်းနိုင် ၏ သားဖြစ်ပါတယ်။
သူရေးသားပြုစုထားတဲ့ စာတမ်းတွေပေါင်းပြီး စာအုပ်ထွက်လာပါတယ်။
" ပျူစစ်လျှင် မြန်မာ " ဆိုတဲ့ စာအုပ်ပါ။
စာရေးသူ ကိုယ်တိုင်က ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ပါတဲ့ အခန်းဆက်ဆောင်းပါး တွေကို
စာအုပ်အဖြစ် စုစည်းတယ်လို့ ပထမဆုံး စာမျက်နှာမှာ ဆိုထားတဲ့အတွက်
" သမိုင်းသုတေသနစာတမ်းလို့" မပြောဘဲ ဆောင်းပါးလို့ ပြောရင် ပိုမှန်ကန်တိကျမယ်လို့ ဆိုချင်ပါတယ်။
ဆောင်းပါးသည် စာတမ်းမဟုတ်၊ စာတမ်းသည်လည်း ဆောင်းပါး မဟုတ်လို့ဆိုချင်ပါတယ်။
ထိုနှစ်ခု အနှစ်သာရချင်း မတူပါ။
သူရေးသားတင်သွင်းတဲ့ စာတမ်းတွေဖတ်ကြားရာမှာ သဘာပတိ အဖြစ် " ဒေါက်တာ သန်းထွန်း " က ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ ပျူဟူသည်မှာ မြန်မာဖြစ်ကြောင်းကို ဒေါက်တာ သန်းထွန်းကိုယ်တိုင်က လက်ခံတယ်လို့ဆိုထားပါတယ်။ ( စာမျက်နှာ ၉ )
စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်" ကိုယ်တိုင်က ပျူစာလို့ အများအခေါ်ရှိတဲ့ အမည်မသိ ကျောက်စာတွေကို ဖတ်နိုင်အောင်ဖော်ထုတ်နိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ ဘယ်သူမှမဖတ်နိုင်တဲ့ စာလို့ ခဏ ခဏ ညွန်းတာကိုလည်းဖတ်ရပါတယ်။
သရေခတ္တရာ မှာရှိတဲ့ အများအခေါ် ပျူအရိုးအိုး ၄ လုံး မှာရေးထားတဲ့ စာ နဲ့ မြစေတီကျောက်စာ တဖြစ်လဲလူသိများတဲ့ ရာဇကုမာရ ကျောက်စာ ကပျူစာတွေ စသဖြင့် စာအုပ်ထဲမှာ မြန်မာဘာသာပြန်ပေးထားပါတယ်။
ကျွန်တော်ဒီစာအုပ်ရဖို့ အပူတပြင်း လုပ်ရပါတော့တယ်။ ပျူစာတွေကို လေ့လာခွင့်ရတော့မယ် ဆိုပြီး သိပ်စိတ်လှူပ်ရှားခဲ့ပါတယ်။
သို့သော်လည်း စာအုပ်တစ်အုပ်လုံးမှာ အဓိက အရေးအကြီးဆုံး ဖြစ်တဲ့ မူရင်းကျောက်စာ
စကားလုံး အရေးအသား မပါ လို့ သိပ်စိတ်ပျက်တယ်ရတယ်လို့ စိတ်ထဲရှိတဲ့ အတိုင်းဆိုချင်ပါတယ်။ ကျောက်စာတွေကို မြန်မာမှုပြုထားတယ် ( ခေတ်မြန်မာ စကားလုံးတွေနှင့် ဘာသာပြန်ထားတယ်)။
တစ်ခါတုန်းက တစ်ယောက်သော သမိုင်းပညာရှင် တစ်ဦးဟာ ကျောက်စာပေါင်းချူပ်ဆိုပြီး စာအုပ် အထူကြီး ထုတ်တော့ စာအုပ်ထဲမှာပါတဲ့ ကျောက်စာတွေအကုန်လုံးကို
ခေတ်မြန်မာ စကားလုံးတွေနှင့် သတ်ပုံ ဖလှယ်ထားပြီး ထုတ်ပါတယ်။
ဒေါက်တာသန်းထွန်းက ဘာပြောသလဲဆိုတော့ " ဘာတန်ဖိုးမှ မရှိ" လို့ဆိုတယ်။
ပျူစာတွေကို ဖတ်လို့ရအောင် စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်"ဖော်ထုတ်တယ်ဆိုရင်ဖြင့် မြန်မာ့သမိုင်းမှာ အင်မတန်မှ အရေးပါတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာတော့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။
စာအုပ်ထဲက ကျန်တဲ့အကျန်တဲ့အကျန်တဲ့ အကြောင်းရာတွေကိုတော့ ထောက်ခံစရာ သုတေသန အချက်လက် အများကြီးလိုပါသေးတယ်။
ဒီဆောင်းပါးပေါင်းချူပ်ကို ဝေဖန်ရရင် အပိုင်းသုံးပိုင်းခွဲရပါလိမ့်မယ်။
ပျူစာ ၊ ပုဂံ ၊ ဂျီ အိစ်လုစ် ( G.H.Luce )။
စာရေးသူ ပညာရှင် " ဘုန်းတင့်ကျော်" ရဲ့ ဂျီ အိစ်လုစ် ( G.H.Luce ) အပေါ်မှာထားတဲ့ အမြင်ကို ဖော်ပြလိုပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။
ဗလက်ဒင် ချော်တော့်ငေါ့သည့်အတိုင်း လုစ်နှင့် ချားဒူရွိုင်ဆယ်တို့လည်း ချော်တော့်ငေါ့ခဲ့ကြ၏။
( စာမျက်နာ ၁၄ )
ရှေးဟောင်းခေတ်ပြိုင်အထောက်ထားအချို့ကိုပါ ချန်လှပ်ပြီး မြန်မာ့သမိုင်းကို လိုရာဇာတ်လမ်းဆင် ပြောဆိုခြင်းမျိုးပါ ပြုခဲ့ပေသည်။ ( စာမျက်နာ ၄၀ )
ဆရာကြီး လုစ် ၏ စကားသည် မန်ရှူတွင် မပါသည်တို့ကို သမိုင်းမှန် မဟုတ်ဘဲ သူ၏စိတ်ကြိုက် မမှန် မကန် တီထွင်ကြံစည် ပြောဆိုနေခြင်းဖြစ်ကြောင်း တွေ့မြင်ရပါသည်။( စာမျက်နာ ၄၃ )
မြန်မာကိုအေဒီ (၉) ရာစု ယူနန်မှ မန်အရိုင်းလူမျိုးစု မဖြစ်၊ဖြစ်အောင် ဂျီ အိစ်လုစ် လုပ်ဇာတ်ခင်းခဲ့ကြောင်း ပေါ်ပေါက်တွေ့မြင်နေရပါသည်။ ( စာမျက်နာ ၄၅ )
ထိုအမှားကို မီးလောင်ရာလေပင့်သကဲ့သို့ ဂျီ အိစ်လုစ်၏ မြန်မာလူမျိုးသမိုင်း လုပ်ဇာတ်က ကြီးထွားပျံ့နှံ့စေခဲ့ပါသည်။ ( စာမျက်နာ ၄၅ )
ပို၍ဆိုးဝါးသွားသည်မှာ ( ၁၉၃၁ ) ခုနှစ်မှ ( ၁၉၇၅ ) ခုနှစ်အထိ ဆရာကြီး လုစ်သည် စာတမ်းအဆောင်ဆောင်ဖြင့် ပျူသည်သပ်သပ် လူမျိုးတစ်မျိုး၊ မြန်မာသည်သပ်သပ် လူမျိုးတစ်မျိုး၊ ပျူခေတ်သည် အေဒီ (၈၃၂ ) ခုနှစ်အထိ မြန်မာခေတ်သည် အေဒီ (၈၄၉) ခုနှစ်မှ စသည်ဟူ၍ မန်ရှူမှတ်တမ်းကို ခုတုံးလုပ်၍ အထောက်အထားမဲ့ တီထွင်လုပ်ကြံရေးသားချက်များဖြစ်ပါသည်။
( စာမျက်နာ ၆၄ )
အမှန်တကယ် ရှိနေသော အိန္ဒိယ၊ တရုတ်၊ မြန်မာ အထောက်အထားများကို သိလျက်နှင့် ဖော်ပြခြင်းမရှိ၊ ချန်လှပ်၍ မန်ရှူ မှတ်တမ်းတွင် မပါသော အရာတို့ကို မိမိ စိတ်သဘောဖြင့် ဇာတ်လမ်းအသစ် တီထွင်ပြောဆိုကာ ဗမာလူမျိုး သမိုင်းပြုစုသည် ဆိုသော ပါမောက္ခ လုစ်၏ စိတ်သဘောထား နှင့် လုပ်ရပ်မှာ ရင်သပ်ရှူမော အံ့ဩဖွယ်ကောင်းလှပါသည်။
ယင်းသို့ အံ့ဩဖွယ် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခြင်းမှအပ ဗမာအစ ကျောက်ဆည် စာတမ်း အပါအဝင် (၁၉၃၁) ခုမှ ( ၁၉၅၇ ) ခုကြား ဆရာကြီး လုစ်၏ စာတမ်းများသည်
လည်းကောင်း၊ ( ၁၉၆၆ ) ခုနှစ် ပြင်သစ်တက္ကသိုလ်တွင် ပို့ချခဲ့သော လက်ချာ ( Lecture ) ပေါင်းချူပ် " Phases of Prepagan Burma" စာအုပ်သည် လည်းကောင်း ရှေးခေတ်ဗမာလူမျိုး ဗမာနိုင်ငံသမိုင်းမှန်ကို ဖော်ပြနိုင်ခြင်းမရှိပါ။ အမှားများ ပြွမ်းတီးနေသော စာတမ်း စာအုပ်များ အဖြစ်သာ မြင်တွေ့ဖတ်ရှုရပေသည်။( စာမျက်နှာ ၆၄-၆၅ )
ဒီစာအုပ်မှာ နှံပါတ်တပ်ထားတဲ့ စာမျက်နှာပေါင်းကို ရေမယ်ဆိုရင် ၁၄၂ မျက်နှာရှိပါကြောင်း။
ကျွန်တော့အမြင်ကို အသာထားလို့ စာလာဖတ်လေ့ရှိတဲ့ မိတ်ဆွေများ အမြင်ကို " ကျေးဇူးပြု၍ ပြောခဲ့ကြပါ " ခင်ဗျာ။
6/23/09
၁၉ ရာစု ကရင် ဖားစည်
ကရင် ဖားစည်
ဗြိတိလျှ ပြတိုက်ရှိ ဖားစည်
အရွယ်အစား- ကရင် ဖားစည်
အမျိုးအစား - နီညိုရောင် ကြေးသတ္တု
ပြုလုပ်ပုံနည်းပညာ - ကြေးသွင်းပုံဖော် ခပ်နှိပ်
အချိန်ကာလ - ၁၈-၁၉ ရာစုနှစ်
တွေ့ရှိရာနေရာ - မြန်မာ
အရွယ်အစား-
အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၂၁.၅ လက်မ
အမြင့် ၁၆.၅ လက်မ
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
ပြတိုက်အမှတ်- 1947,1014.1 :အာရှ
ဖားစည်မျက်နှာပြင် ပေါ်မှာ ငါးရုပ်၊ ပန်း စသဖြင့် ဖောင်းကြွပုံဖော်ယူသည်။ ဗြိတိလျှ ပြတိုက်ရှိ ဖားစည်
ပြတိုက်မှူး ရဲ့မှတ်ချက်က " ကရင် " ဖားစည်။
၁၉၄၇ ခုနှစ် မှာ အတ်စ် အို မတ်ဒိုနယ် (O S Macdonald ) ဆိုသူက ဒီကရင် ဖားစည်ကို ဝယ်ယူစုစောင်းခဲ့တယ်။
နှစ်အတန်ကြာပြီးနောက် လူအများလေ့လာဖို့ရာ ရည်ရွယ်၍ ဗြိတိလျှ ပြတိုက်၊ လန်ဒန် သို့ လှူဒါန်းသည်။
======================================================
ဖားစည်ကို ကောက်ပဲသီးနှံ စိုက်ပျိုးဖို့ " မိုး" ခေါ်ရာမှာသုံးတယ်။ အသုဘ အခန်းနားတွေမှာ သုံးတယ်။ လက်ထပ်ထိမ်မြားရာ အခန်းနား နှင့် အိမ်သစ် တက်ရာ အခန်းနားတွေမှာ တူရိယာအဖြစ် တီးခပ်အသုံးပြုပါတယ်။
ဒီလိုဖားစည်လုပ်တဲ့ ပန်းဘဲဖို အမြောက်များရှိနိုင်သော်လည်း ကယားပြည်နယ် ၊ နွေဒေါင်(ငွေတောင်)မြို့ က ပန်းဘဲဖိုတစ်ခုတည်းသာ မှတ်တမ်းဝင်ပါတယ်။ ကျန်တာတွေရှာမရသေးပါ။ ကရင်ဖားစည်လို့ဆိုပေမယ့် တကယ်တမ်း ဖန်တီးသူ လက်မှူ့ပညာရှင်တွေဟာ ရှမ်း တွေဖြစ်ပါတယ်။
၁၈၂၀ ဝန်းကျင်ကစပြီး ရှမ်းလက်မှူ့ပညာရှင်တွေဟာ နွေဒေါင်(ငွေတောင်)မြို့ မှာလာရောက်အခြေဆိုက်နေထိုင်ကာဖားစည်သွင်းလုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ တစ်မြို့လုံး မီးလောင်ပြာကျသွားတဲ့ ၁၈၈၉ ခုနှစ်အထိဖြစ်ပါတယ်။
၁၉၂၃ ခုနှစ် ကရင်ဖားစည်ပြုလုပ်ရာ ပန်းဘဲဖို။
ဖားစည်ပြုလုပ်သူ ရှမ်းတွေဟာ ထုတ်လုပ်ရာမှာ အဓိက ကုန်ကြမ်းအဖြစ်
( ကြေးနီ၊ သံဖြူ၊ သွပ်၊ ငွေ နှင့် ရွှေ )ငါးမျိုးကို အသုံးပြုပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြတဲ့ တောင်ပေါ်နေ ကရင်မျိုးနွယ်စု အချို့သာ အသုံးပြုတယ်ဆိုသော်လည်းဘဲ မြန်မာဘုရင်၊ ထိုင်းဘုရင်တွေရဲ့ နန်းတွင်း တူရိယာဖျော်ဖြေမှုတွေမှာပါ အသုံးပြုခဲ့ပါတယ်။
နော့သာန် အီလီနွိုက်(Northern Illinois University) တက္ကသိုလ် ကပရိုဖစ်ဆာ ဒေါက်တာ ရိစ်ချက် အမ် ကိုလာ ( Professor Dr. Richard M. Cooler)ရဲ့စာတမ်းမှာ " စည် " အသုံးနှုန်းကို မြန်မာ့သမိုင်းမှာ အစောဆုံးတွေ့ရတာက သက္ကရာဇ် ၁၀၅၆ ခုနေ့စွဲပါ မနုဟာ ကျောက်စာ နန်းတွင်းဖျော်ဖြေမှုဆိုင်ရာ တူရိယာစာရင်းလို့ ဖော်ပြထားပါတယ်။
Professor Dr. Richard M. Cooler ရဲ့အဆိုကို မဟုတ်ဘူးလို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရည်ညွန်းတဲ့ မနုဟာကျောက်စာဟာ ပုဂံခေတ်ပြိုင်မှတ်တမ်း ( Contemporary Record ) မဟုတ်ပါ။ မူလထိုးကျောက်စာမဟုတ်ပါ။
ဘိုးတော်ခေတ် လောက်မှာမှ ရေးထိုးထားတဲ့ ဆင့်ထိုးကျောက်စာဖြစ်ပါတယ်။ ၁၁ ရာစုပုဂံ ခေတ် စကားလုံး၊ အရေးသားမျိုး မဟုတ်ပါ။
ကုန်းဘောင်ခေတ်ရောက်ကာမှ ဟိုးအရင် အနှစ် ၈၀၀ကျော် လောက်က အဖြစ်ဖြစ်ကို မှန်းဆပြီး ရေးထိုးထားတဲ့ ကျောက်စာမို့ ဘယ်လိုမှစိတ်မချရပါ။
အဲဒိ မနုဟာ ကျောက်စာကို ကိုလိုနီခေတ် ကျောက်စာဝန်ဟောင်း ချားစ်ဒူရွိုင်ဆယ်က မူလထိုးကျောက်စာအဖြစ် စာရင်းသွင်းခဲ့ဖူးပါတယ်။
စိတ်ချ လက်ချပြောနိုင်တာက " ကျန်စစ်သား နန်းတည်ကျောက်စာ မွန်ဘာသာပါ
၎ နိုဝင်ဘာ ၁၁၀၁ မှာပုဏ္ဏား နဲ့ ဟူးရားတွေ " စည်တီးပြီး " ရေခပ်သွားတယ်လို့ဆိုပါတယ်။
ဒိထက်စောပြီး အသုံးပြုတာမျိုး ရှိနိုင်ပါသေးတယ်။
ဗီယတ်နမ် မှာတော့ အေဒီ ၂ - ၃ ရာစုကတည်းကသွင်းလုပ် အသုံးပြုနေပါပြီ။ ဒေါင်ဆောင်းလို့ လူသိများပါတယ်။ လာအို၊ ထိုင်း နှင့် ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာ လည်းဒီလိုစည်တီးပြီးမိုးခေါ်တဲ့ အလေ့အထမျိုးရှိခဲ့ပါတယ်။
============================================================
Bibliography - Animism and the Arts
F. Heger, Alte Metalltromeln aus Sudest-Asie (Leipzig, 1902).
H. I. Marshall, The Karen People of Burma: A Study in Anthropology and Ethnology (Columbus, 1922).
H. I. Marshall, "Karen Bronze Drums", Journal of the Burma Research Society, xix (1929), pp. 1-14.
Richard M. Cooler, "The Use of Karen Bronze Drums in the Royal Courts and Buddhist Temples of Burma and Thailand: A Continuing Mon Tradition?", Papers from a Conference on Thai Studies in Honor of William J. Gedney (Michigan Papers on South and Southeast Asia, No 25, Ann Arbor, 1986) pp. 107-20.
Richard M. Cooler, The Karen Bronze Drums of Burma: Types, Iconography, Manufacture, and Use (Leiden, 1994).
ကျန်စစ်သား နန်းတည်ကျောက်စာ၊ ဒေါက်တာသန်ထွန်း။
6/21/09
ကျန်းမာ ချမ်းသာပါစေ။
မပျင်းမရိ လာဖတ်လေ့ရှိတဲ့ ညီ အကို မောင် နှမ များ အားလုံးကို ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် အလှတရား နှင့် မသက်ဇင် တို့ကိုလည်းကျေးဇူးတင်ပါတယ်။
ကျွန်တော် မှားနေတာ၊ လွန်နေတာ ၊ လွဲနေတာ တွေရှိနေရင် ထောက်ပြဝေဖန် ပေးစေချင်ပါတယ်။ကျွန်တော်ဟာ မြန်မာစာရေးရာမှာ ပြေဖြစ်အောင် မရေးတတ်ပါ။
ကိုယ့်ကိုကိုယ် မညာတမ်း တည့်တည့်ပြော ရရင် မြန်မာစာ တတ်ရုံအဆင့်ကပိုမယ် မထင်ပါ။
အဲဒိအတွက် ခုတော့ အရှက်ရနေပါပြီ။ ခုတော့ဖြင့် ကြိုးစားပြီး ဖတ်ရအဆင်ပြေအောင်ရေးပါတယ်။ မြန်မာစာ ကောင်းကောင်းမလေ့လာခဲ့ပေမယ့် ကျောက်စာတွေတော့ဖြင့် ဖတ်ချင်ပါတယ်။
ရှေးဟောင်း ကျောက်စာ ၊ ရခိုင် စာ စတာတွေကို ကြိုးစားဖတ်ရာမှာ တစ်လုံးလောက်များ အဓိပ္ပါယ် ရသွားရင် သိပ်ပျော်ပါတယ်။ " ဂိမ်း" ကစားရသလိုပျော်စရာကောင်းပါတယ်။ ကိုယ်အားပေးတဲ့ ဘောလုံးအသင်း ဂိုးပြတ်နိုင်သလို ပျော်ပါတယ်။
ဒီလိုဘဲ ပုံတွေ၊ ရှေးပစ္စည်းတွေ ကို ထိုင်ကြည့်လေ့လာရင်း ကွင်းဆက်တခု ရှာတွေ့ရင် ၊ ရှေ့ကလူတွေ မတွေ့သေးတာ ရှာတွေ့မိရင် ဝမ်းသာပီတိဖြစ်ရတဲ့ စိတ်ခံစားမှုမျိုးကို ကျွန်တော့အနေနှင့် အတော်ကိုနှစ်သစ်နေပြီမို့ ဒီတစ်သက် ဒီအလုပ်ဘဲလုပ်သွားဖို့ စိတ်ကူးထားပါကြောင်း ညီ အကို မောင်နှမ များခင်ဗျာ။။။။။
စကားကြုံတုန်းပြောလိုပါတယ်။ တစ်ခါက ရှေးဟောင်းပစ္စည်းရောင်းတဲ့ ဆိုင်တစ်ခုမှာ အနောက်နိုင်ငံက ဂျာနယ်လစ် တစ်ဦးနှင့် ဆုံတုန်း သူပြောခဲ့တဲ့ စကားတစ်ခွန်းကို ဝေမျှလိုပါတယ်။
" စာရေးတယ် ဆိုတာ မျိုးဆက်သစ် အတွက်ရေးတာ"
" နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံနှင့် နိုင်ငံသားတွေအတွက် " တဲ့။
ကျွန်တော်ကဖြင့် ဉာဏ်နည်းသူမို့ သူပြောတာ သဘောပေါက်သလိုလိုရှိပေမယ့် နားမလည်ပါ။ အားလုံး ကျန်းမာ ချမ်းသာပါစေ။

6/20/09
ဘီလူးခေါင်း
အမျိုးအစား - ဘီလူးခေါင်း မျက်နှာဖုံး
အချိန်ကာလ - ၁၉ ရာစုနှစ်
တွေ့ရှိရာနေရာ - မန္တလေး။ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - စက္ကူသားကိုပျော့သွားအောင်ရေစိမ်၊ ရလာတဲ့မံစက္ကူသားကို လိုရာပုံသွင်း၊ ဆေးခြယ်၊ ရွှေချည်၊ငွေချည်ထိုး ။
အရွယ်အစား -
အမြင့် ၄၅ စင်တီမီတာ
ဘေးအကျယ် ၂၉ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM 45-1939
မူရင်း အိန္ဒိယဇာတ်တော် ရာမာယာန ဇာတ်ဟာ သိဟိုဠ်ရောက်တော့ သီဟိုဠ်ဟန်ဖြစ်သွားပါတယ်။
ထိုင်းရောက်တော့ ထိုင်းမူပိုင်ဟန် ဖြစ်သွားပါတယ်။
အခုမြင်နေရတဲ့ ဘီလူးခေါင်းမျက်နှာဖုံးကတော့ မြန်မာဟန်ပါ။
ထိုင်းလိုအခေါ် "ခွန်" ( khon ) ရာမာယာန ဇာတ်ဟာ အယုဒ္ဓယခေတ် (Ayutthaya ) ၁၃၅၀-၁၇၆၇ ခုနှစ်များဆီက ယိုးဒယားနန်းတွင်း ဖျော်ဖြေမှုတွေမှာ သိပ်ရေပန်းစားပါတယ်။
အခုမြင်နေရတဲ့ အနုစိတ် လက်ရာ မန္တလေးဟန် ဘီလူးခေါင်းကို ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြထားပါတယ်။
6/14/09
သုတေသနထုံး
စာတမ်းစာစောင်၊ တစ်ခုကို ကျမ်းညွန်းအဖြစ် ယူသုံးတော့မယ်ဆိုရင် သုတေသန ထုံးအတိုင်း
" ဘယ်သူရေးလဲ "
"ဘယ်တုန်းကရေးလဲ "
" ဘယ်လောက်ယုံကြည်နိုင်လဲ"
" သူကိုယ်တိုင် သုံးတဲ့ မူရင်း ရင်းမြစ် (Primary Source ) ကဘာလဲ "
" သူသုံးထားတွေ က ဒုတိယ ရင်းမြစ် (Secondary Source )ဖြစ်နေမလား"
စတာတွေကို အဓိကထားပြီး ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ကြည့်ပါတယ်။
ဥပမာပြောရရင် " သီရိခေတ္တရာ" ကို BC ကတည်းက တည်ခဲ့ပါတယ် ဘယ်လောက်ပြောပြော တူးဖော်ရရှိထားတဲ့ ရှေးပစ္စည်း သက်တမ်း တွက်ချက်မှု အဖြေအရ AD ၄ ရာစုထက်မစောဘူးဆိုရင် ပထမအဆိုကို လက်ခံလို့မရပါ။ တကောင်းမှာတူးဖော်တွေ့ရှိချက်အရ ၉ ရာစုထက်စောတဲ့ ရှေးပစ္စည်းတစ်ခုမှ မရရင် မြန်မာအစ တကောင်းကလို့ ပြောလို့မရပါ။
သုတေသနသမား တစ်ယောက်အနေနှင့် စိတ်ချလက်ချ အသုံးပြုနိုင်တာက မြေထဲကတူးဖော်ရရှိတဲ့ ရှေးပစ္စည်းတွေပါဘဲ။ အခြေနေ အကြောင်းကြောင်းအရ တူးဖော်မှုတွေ ကိုယ်တိုင် မလုပ်နိုင်သော်လည်း ကမ္ဘာအနှံ့မှာ မြန်မာ့ရှေးပစ္စည်းတွေ အမြောက်အများ ရှိနေပါသေးတယ်။ လေ့လာလို့ရနိုင်ပါသေးတယ်။
အပေါ်မှာ ကျွန်တော်စုစောင်းထားတဲ့ ကျောက်ပြားနှစ်ပြားကို လေ့လာလို့ရပါတယ်။
စင်္ကာပူ နာမည်ကြီး ရှေးဟောင်းပစ္စည်း ကုန်သည်တဦးဆီက ဝယ်ယူခဲ့တာပါ။
နှစ်ခုလုံးဟာ ဟိန္ဒူကိုးကွယ်ယုံကြည်မှုနှင့် ဆိုင်တဲ့ ရှေးပစ္စည်းလေးပါ။
6/13/09
ပုဂံ ကျောက်ပြား ရုပ်ပွါးတော်
အမျိုးအစား - ကျောက်ပြား ရုပ်ပွါးတော်
အချိန်ကာလ - ၁၂ - ၁၃ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - အနီရောင်သန်း စတီတိုက် ( steatite ) ကျောက်စစ် ။
အရွယ်အစား -
အမြင့် ၁၂.၇၅ စင်တီမီတာ
အကျယ် ၇.၆ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.378-1914
ဒီကျောက်စစ် ရုပ်ပြားပေါ်မှာ မြတ်စွာဘုရာ သက်တော်စဉ်တလျှောက် ကနေ ပရိနိဗ္ဗာန်ပြုတဲ့ အချိန်ကာလ အထိ ထင်ရှားတဲ့ အကြောင်းရာ (၈)ခုကို ပုံဖော်ထားပါတယ်။ အောင်ခြင်းရှစ်ပါးမဟုတ်။
အလယ်တည့်တည့်ရှိပုံတော်ကို သတိထားကြည့်မယ်ဆိုရင် မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရရှိခဲ့ရာ မဟာဗောဓိပင်အောက်မှာ စံနေလျက်၊ ကြာပလ္လင်ထက်မှာ ခြေနှစ်ဘက် ယှက်ဈာန်ဝင်စားဟန်ဖြစ်တယ်။ လက်တစ်ဘက် ပေါင်ပေါ်တင်ထားပြီး ကျန်လက်တစ်ဘက်ဟာ မြေထိထားတဲ့ အောင်တော်မူဟန်( ဘူမိသပ္ပမုဒြာ) ဖြစ်တယ်။
(ပါရမီဖြည့်စီးခဲ့တဲ့ ဘဝအဆက်ဆက်အတွက် " ဝသုဒ္ဓရေ" မြေနတ်သမီး ကို သက်သေပြုတယ်လို့ မြန်မာအများစု ဆိုလေ့ရှိပါတယ်။ )
ပခုံး တဘက်ကချထားတဲ့ ဝတ်ရုံတော်ဟာ ပြေပြစ်ရိုးရှင်းပါတယ်။ ပုတီးစေ့ အလုံးလေးတွေလို ပုံဖော်ထားတဲ့ ဆံကျစ်တော်အစု အစု နှင့် ဆံစပ်နေရာ( ဥဏှီသ)(usnisha) ပါမယ်။ ဆံကျစ်တော် ဟာအပေါ်ကို ထောင်တက်သွားပြီး ကြာဖူးတော်( lotus bud ) အဖြစ် အဆုံးသတ်ထားတာကို မြင်ရပါမယ်။
ဘေးပတ်ပတ်လယ်က သရုပ်ဖော်ပုံတွေကို အောက်ခြေက စရှင်းပြရရင်၊ လုမ္မနီတော အတွင်း အင်းကြင်းပင်အောက် မယ်တော် မာယာဒေဝီ(Maya-devi ) နှင့်အတူဘေးမှာယှဉ်ရပ်နေတဲ့ ဂေါတမီ(Prajapati) ပုံတွေပါတဲ့ ဖွားတော်မူခန်း။
မြတ်စွာဘုရားရဲ့ ပထမဦးဆုံး တပည့်သာဝက ငါးဦး ( ပဉ္စဝတ်ဂီ ) ကို ဓမ္မ စင်္ကြာ တရားဦးဟောခန်း။
မြတ်စွာဘုရား မေတ္တာတရား ဟော၍ နာရာဂီရိ (Nalagiri) ဆင်ကို ဆုံးမတော်မူခန်း။
မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခန်း ( Parinirvana or Mahaparinibbana)။
မြတ်စွာဘုရား သာဝတိံသာနတ်ပြည် (Tavatimsa heaven) ကနေ လူ့ပြည်ကိုကြွတော်မူခန်း။
လက်ဝဲ၊ လက်ယာ တော်ရံ ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလန် ကို မြတ်စွာဘုရား ပခုံးအထက် ခပ်မြင့်မြင့်အထက်နားဆီမှာ တွေ့ရမယ်။ ပခုံးအထက်နားဆီက ရောင်ခြည်တော်ဖြာထွက်နေမယ်၊
ခြေဖဝါးတော်ကနေ ရေကြည်တော်ပန်းထွက်နေမယ်၊ တချိန်တည်းမှာဘဲ ကောင်းကင်ထက် မြတ်စွာဘုရား ရုပ်ပွါးတော်တွေ ဖြစ်ပေါ်နေ ခန်း။ ( သီဟိုဠ် အယူ )
အောက်ခြေက နောက်ဆုံး သရုပ်ဖော် ဟာ ပါဠိရက္ခ ဇာတ်တော်ထဲက မျောက်တစ်ကောင် မြတ်စွာဘုရားအား ပျားအုံ ကပ်လှူခန်း။ ( သီဟိုဠ် အယူ )
( မြတ်စွာဘုရား ပရိလေယျကတောကို တစ်ပါးတည်း ကြွတော်မူစဉ် မျောက်တစ်ကောင်က ဆွမ်းအဖြစ် ပျားအုံကို ကပ်လှူပူဇော်တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ )
==========================================================================
၁၂ ရာစုနှောင်းပိုင်း ကနေ ၁၃ ရာစုဦးမှာ သီဟိုဠ်-မြန်မာ ဆက်ဆံရေးမှာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေပိုများလာပါတယ်။
ဒီ ကျောက်ပြား ရုပ်ပွါးတော် ပုံကို ဒေါက်တာသန်းထွန်းအပါဝင် စာရေးဆရာ အချို့ကပါ စာအုပ်မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့ဖူးလို့ မြန်မာအများစုကမြင်ဖူးနေပါလိမ့်မယ်။
ဒီ ကျောက်ပြား ရုပ်ပွါးတော် ပုံဟာသမိုင်းဆိုင်ရာလေ့လာမှုအချက်လက်၊ ယဉ်ကျေးမှုဆိုင်ရာ အချက်လက်၊ ဘာသာရေးဆိုင်ရာ အချက်လက်၊ အနုပညာဆိုင်ရာ လေ့လာရန် အချက်လက် အများကြီးပေးပါတယ်။
ဒီ ကျောက်ပြား ရုပ်ပွါးတော်နှင့်ပတ်သက် ပြီး သုတေသနဆိုင်ရာ အချက်လက်တွေ များလွန်းလို့ နောက်မှသတ်သတ်ရေးရပါလိမ့်မယ်။
ပုဂံ ၁၂ ရာစုနှစ် ရုပ်ပွါးတော်
အမျိုးအစား - ရုပ်ပွါးတော်
အချိန်ကာလ - ၁၂ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် ။
အရွယ်အစား -
အမြင့် ၁၄.၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.35-1988
အခုမြင်နေရတဲ့ " ထိုင်တော်မူ ရုပ်ပွါးတော်" ဟာ ၁၂ ရာစု ပုဂံ ဟန်ဖြစ်တယ်။ မျက်နှာအသွင်ပြင် ကိုထုစစ်ပုံဖော်ရာမှာ ထေရဝါရ ဗုဒ္ဓဘာသာဟန်ကို အပြည့်အဝတွေ့မြင်နေရပါပြီ။
၁၂ ရာစု ပုဂံခေတ်မှာ လူကြိုက်များတဲ့ ခြေနှစ်ဘက် ယှက်လျက် တရာထိုင်ဟန်(ဓျာနာသန)(vajrasana) တွေကို အတွင်းပိုင်း ဗိသုကာနောက်ခံ နံရံနှင့် ယှဉ်ပြီးတွေ့ရလေ့ရှိပါတယ်။
တခါတရံ အရွက်ပါသစ်ခက်ကို ကိုက်လျက် ဒါမှမဟုတ် ရတနာတမျိုးမျိုးကို ကိုက်လျက် ရှေ့ကိုမျက်နှာမူထားတဲ့ ငှက်( ဟင်္သာ ) နှင့်ယှဉ်လျက်တွေ့ရတတ်ပါတယ်။
ပုဂံ ကို ကမ္ဘာတဝှမ်း အထင်ကရ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ နေရာတစ်ခုအပြစ် သတ်မှတ်ထားပါတယ်။ သထုံ သိမ်းပိုက်ချိန် ၁၀၅၇ ခု ကနေစပြီး မွန်ဂိုဘုရင် ကုဗလိုင်ခန့် လာရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ ၁၂၈၇ ခုနှစ်အထိ တစ်သောင်းသုံးထောင်ခန့် အရေတွက်ရှိတဲ့ ဘုရား၊ ဂူ ၊ ကျောင်း နှင့် တခြား ဘာသာရေးဆိုင်ရာ အဆောက်ဦးတွေကို ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
6/12/09
တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ
Hello,
I got one small question contained with Burma Art, I,m intrested in funeral poles, but I couldnt find any informations about this.
Could you help me?
Tomasz Madej
Tue, Jun 9, 2009 at 6:08 AM နေ့က စာတစ်စောင်ဝင်လာပါတယ်။ တိုင်းရင်းသားရိုးရာဆိုင်ရာ လက်လုပ်အနုပညာအကြောင်းမေးထားပါတယ်။
တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ ( လက်ရာခပ် ကြမ်းကြမ်း ပန်ပု၊ အနုလက်ရာ )( Tribal Art )နှင့် ပတ်သက်ပြီး တိုင်းရင်းသားတွေ အသုဘ အခန်းနားတွေမှာ သုံးတဲ့ ဝါးလုံးတွေအကြောင်းမေးလာတာပါ။ ငယ်ငယ်တုန်းက ကိုယ်တိုင်မြင်ဖူးခဲ့ပေမယ့် ခုချိန်မှာ သူ့ကိုပေးစရာ ဓာတ်ပုံ၊ စာအုပ်၊ စာတမ်း မရှိပါ။ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေရှိပေမယ့် သမိုင်းဆိုင်ရာတွေကများတယ်။ အနုပညာဆိုင်ရာအကြောင်း ရှိတော့ရှိပေမယ့် ရှားတယ်။
ငယ်ငယ်တုန်းကကိုယ်တိုင် မြင်ခဲ့ရတာကိုဘဲရေးပြီး အကြောင်းပြန်ခဲ့ပေမယ့် စိတ်ထဲမှာအားမရပါ။ ယုံကြည်အားကိုးလောက်တဲ့ စာတမ်း၊ သုတေသန အချက်လက်တွေ ကျွန်တော့မှာ မရှိပါ။ မြန်မာတိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ အကြောင်းတွေကို အနှစ် ၃၀လောက်လေ့လာခဲ့တဲ့၊ လေ့လာနေဆဲဖြစ်နေသေးတဲ့ စင်င်္ကာပူရောက် နယ်သာလန်နိုင်ငံသူ Jeans Alam နှင့် စတွေ့ချိန်က စပြီး လူမျိုးစုဆိုင်ရာ အနုပညာတွေကို ရှေ့ဆက်ပြီး လေ့လာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော့ ဘလော့မှာ တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ တွေအကြောင်းခုထိမစရသေးပါ။ စိတ်ဝင်စားတဲ့လူတွေလည်း နည်းမယ်လို့ထင်ပါတယ်။
ကရင် ၊ နာဂ နှင့် ချင်း တို့လောက်သာ လူသိများပြီး ကျန်မျိုးနွယ်စုတွေ လူသိသိပ်မများပါ။
နိုင်ငံရပ်ခြားရောက်နေလို့ အခက်ခဲအများကြီးရှိပါတယ်။ လိုအပ်တဲ့ ပုံတွေ၊ အကြောင်းရာတွေကို မူလ အရင်းမြစ်ဖြစ်တဲ့ မြန်မာပြည်ချင်းတောင်ဘက်သွားမှဘဲ တိတိပပ ရနိုင်တော့မယ်ထင်ပါတယ်။ ငယ်စဉ်ကတွေ့ခဲ့ရတဲ့ ရိုးရာဓလေ့ တွေ၊ အနုပညာပစ္စည်းတွေလဲ အတော်များများ ပျောက်ပျက်ကုန်ပါပြီ။
အားကိုးစရာဆိုလို့ ဓာတ်ပုံအဟောင်းတွေဘဲရှိပါတယ်။ စာလာဖတ်သူတွေမှာ ရှိရင် အများလေ့လာဖို့ ပို့ပေးကြပါ။

6/9/09
" ဂန္ဓာရ" ဗုဒ္ဓရုပ်ပွါးတော် (2-3 AD)
ဆိုနီ ၇.၂ ပစ်ဆယ် ဘဲရှိတဲ့ ကင်မရာနှင့် ကိုယ်တိုင်ရိုက်ထားတာပါ။
၂-၃ ရာစုလောက်က ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာ သိပ်ကို ထွန်းကားစည်ပင်ခဲ့ပါတယ်။ ရှေးဟောင်းသုတေသနသမား၊ ရှေးပစ္စည်းလေ့လာသူ အများစုက" ဂန္ဓာရ" ဟန်လို့ခေါ်တယ်။
ဥရောပ ရောမ ဟန် " ဂန္ဓာရ" ဗုဒ္ဓရုပ်ပွါးတော်တွေဟာ ကမ္ဘာ့ရှေးဟောင်း အနုပညာဈေးကွက်မှာ ဈေးအမြင့်ဆုံးမှာနေရာယူထားပါတယ်။
ဒီကျောက်စစ် ဗုဒ္ဓရုပ်ပွါးတော်ဟာ အင်မတန်တွေ့ရခဲပါတယ်။ ကမ္ဘာ့နာမည်ကြီးပြတိုက်တွေမှာတောင် ဒီလောက်ကောင်းတဲ့ လက်ရာမရှိပါ။ ရှားရှားပါးပါး အခွင့်ရေးပါ။ ပါကစ္စတန်နိုင်ငံ ဗုဒ္ဓဘာသာဆိုင်ရာ စာတွေကို နောက်ပိုင်းမှာ အကျယ်ရေးပါမယ်။
6/7/09
ပုဂံ ၁၀ ရာစုနှစ် ရုပ်ပွါးတော်
အမျိုးအစား - ရုပ်ပွါးတော်
အချိန်ကာလ - ၁၀ ရာစုနှစ်
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် ပန်းပု ။
အရွယ်အစား -
အမြင့် ၃၃ စင်တီမီတာ
အကျယ် ၁၉ စင်တီမီတာ
ထုအထူ ၇.၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.13-1983
ဒီကျောက်စစ် ရုပ်ပွါးတော်ဟာ အများသိ အောင်ခြင်းရှစ်ပါးထဲက " နာရာဂီရိ "(Nalagiri) ဆင်ကို အောင်တော်မူခန်းဖြစ်ပါတယ်။ မြတ်စွာဘုရာကို ဆင်နှင့် တိုက်သတ်ဖို့ ဘုရင် အဇာတသတ် (Ajatasattu) ရဲ့ဆင်ဆိုးကြီး နာရာဂီရိကို အရက်တိုက်ပြီးလွတ်ပေမယ့် ဘုရားရှေ့မှာ ဒူးထောက်ပြီး တရားနာသွားတဲ့ဆင် သရုပ်ဖော်ပုံပါ။ီဒီကျောက်စစ် ရုပ်ပွါးတော်ကို ၁၉၃၈-၉ မော်ဇာ ရွှေညောင်ပင်ရိုး ဘုန်းကြီးကျောင်း တူးဖော်မှုမှာ တခြား အောင်ခြင်းရှစ်ပါး သရုပ်ဖော်ပုံတွေအတူ တွေ့ရတာပါ။
ဟန်ပန်ကိုပြောရရင် သီရိခတ္တရာ (Sri Ksetra) ပျူလက်ရာ နှင့် မွန် မြန်မာ ဟန်တွေရောနေတဲ့ စပ်ကူမတ်ကူးကာလ ဟန်ပန်လို့ပြောရပါမယ်။
====================================================
ပြတိုက်က ဘယ်အမျိုးစားကျောက် အသေချာမပြောပေမယ့် "ထုံးကျောက်" ( Lime Stone )ဖြစ်မယ်။ အောင်ခြင်းရှစ်ပါးထဲက " နာရာဂီရိ "(Nalagiri) ဆင်ကို အောင်တော်မူခန်းဆိုတာကို ငြင်းစရာမရှိပါ။ ကျောက်စစ်ရုပ်ပြားတစ်ခုလုံးကို အသေချာကြည့်တဲ့အခါ ဆင်ကြီးဦးကျိုးသွားပုံကို သရုပ်ဖော်ရာမှာ ကျောက်စစ်ဆရာဟာ ဆင်ဦးခေါင်း နှစ်ခုထုထားပါတယ်။ တစ်ခေါင်းက ရန်မူဖို့ ထောင်နေတယ်။ နောက်တစ်ခေါင်းက မာန်ချပြီးဦးကျိုးသွားဟန်ပါ။
ရပ်တော်မူဘုရာ ဘေးနှစ်ဘက်မှာတော့ ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလန်ဖြစ်မယ်လို့ အောင်ခြင်းရှစ်ပါးအရ ယူဆပါတယ်။
တကယ်လို့များ ဆင်သာမပါခဲ့ရင် ဒီပင်ကရာ ( Dipankara ) နှင့် ဘယ်ဘက်က ဘုရားက အရိမ္မတိရ (Maitreya )လို့ဆိုနိုင်ပါတယ်။
" ပုဂံကို ဖျက်ဆီးကြသူများ "
" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်)
ဒေါက်တာသန်းထွန်း ပြုစုတဲ့ ပုဂံကိုပျက်ဆီးကြတဲ့ လူ/စာရင်း က ၂၅ မတ်လ ၁၂၁၂ ကနေစပြီး ၅ ဇူလိုင် ၁၉၇၉ အထိပါ။ ၁၉၇၉ နောက်ပိုင်း စာရင်းကိုလည်း ပြုစုခဲ့မယ်လို့ ယုံကြည်ပါတယ်။
အကြောင်းကြောင်း ကြောင့်မထုတ်ဖြစ်တာဘဲဖြစ်ပါလိမ့်မယ်။ ၁၉၈၀ နောက်ပိုင်းကနေ ကနေ့အထိ စာရင်းကို လုပ်ဖို့ကျွန်တော်တို့ မျိုးဆက်သစ်တွေ တာဝန်ရှိပါတယ်။
ဒေါက်တာသန်းထွန်းဟာ ပညာရှင် စစ်စစ်ဖြစ်လို့ ဘယ်သူတွေက အဓိကတာဝန်ရှိသူ ရယ်လို့ အဆင့်သတ်မှတ်ချက်(Ranking) မလုပ်ပါဘူး။
ကျွန်တော် (Ranking) လုပ်ထားတာရှိပါတယ်။ မှန်ချင်မှမှန်ပါလိမ့်မယ်။ ပုဂံတင် မဟုတ်ပါဘူး မြန်မာနိုင်ငံအနှံ့အပြားက ဘုရား၊ ပုထိုး သာသနိက အဆောက်ဦး၊ ရှေးဟောင်းအဆောက်ဦးအားလုံးပါပါတယ်။
၁။ မင်း (အုပ်ချုပ်သူ)
၂။ သဘာဝဘေးဒဏ်
၃။ ဘုရား ဂေါပက
၎။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ
၅။ သိုက်သမား
၆။ ရှေးဟောင်းသုတေသနသမား
၇။ အလုပ်လုပ်သူ လုပ်သား
၁။ မင်း (အုပ်ချုပ်သူ)
ကျန်စစ်သားဟာ မွန်ဒေသမှာရှိတဲ့ ဘုရားပုထိုး တချို့ကို ပြင်ဆင်မွမ်းမံပြီးနောက် ရှေးကထက်ပိုကောင်းတယ် လို့ကျောက်စာရေးထားခဲ့တာရှိပါတယ်။
ပုဂံနောင်းပိုင်းက တရုတ်ပြေးမင်း ဟာ ဘုရားပုထိုးတွေကို ဖျက်ပြီး မြို့ရိုးတည်ဆောက်ပါတယ်။ အဲဒီကစ လာလိုက်တာ ကုန်းဘောင် ခေတ်မှာ ပိုဆိုးပါတယ်။ ပုဂံပြည်မှာရှိသမျှဘုရား၊ ဆင်းတု၊ နံရံဆေးရေး ၊ အလှဆင် ကြွေပြား အပါဝင် ရှိရှိသမျှ အကုန်ပြင်ပါတယ်။ ပြင်ပြီးတိုင်းလည်းဘဲ ရှေးကထက်သာလွန်တယ်လို့ပြောပါတယ်။
ဘိုးတော်ဘုရားလက်ထက်မှာ ပုဂံအပါဝင် မြန်မာတပြည်လုံးမှာရှိတဲ့ ကျောက်စာတွေကို အမရပူရ ရွှေ့စေတဲ့အခါ အဆိုးဝါးဆုံး အမှားတခုကို ကျုးလွန်လိုက်တာပါဘဲ။
မူရင်းဒေသမသိတဲ့ ကျောက်စာတွေပေါ်လာတယ်၊၊ ဆင့်ထိုး၊ စပ်ထိုးကျောက်စာ တွေရေးစေပြီး သမိုင်းမှတ်တမ်းတွေကို လွန်လွန်ကျုးကျုး ဖျက်စီးတယ်။
ထီးတင်၊ ထီးပြင် ရင်း ဘုရားဌာပနာတိုက် ဖောက်တာမျိုးကို ကုန်းဘောင်မင်းဆက်တွေကစပြီး လုပ်လာတာကြာနေပါပြီ။
၁၉၈၈ နောက်ပိုင်း ပုဂံအဝင်အပါ မြန်မာနိုင်ငံအနှံ့အပြားက ဘုရား၊ ပုထိုး သာသနိက အဆောက်ဦးတွေကို ထိပါးတဲ့အခါမှာတော့ အပြောဆိုတစ်မျိုးပြောင်းလာပါပြီ။
ရှေးမူမပျက်၊ရှေးလက်ရာမပျက်လို့ ပြောပါတယ်။ ဒါပေမယ့် အပြောနှင့် အလုပ်မညီပါ။ ပုဂံက ဘုရားပုထိုးတွေကို မပြင်မနေရ စီမံကိန်းနှင့် ပြင်စေတဲ့အခါမှာ ဘာမှနားမလည်နိုင်အောင်ဖြစ်ရပါတယ်။
၂၀၀၈ မှာသတင်းတပုဒ်ဖတ်လိုက်ရပါတယ်။ ကျောက်စာတွေကို နေရာထပ်ပြောင်းမယ်တဲ့။
ရှေးဟောင်းဘုရာတွေကို မပြင်ဘဲပစ်ထားပါလို့ဆိုလိုတာမဟုတ်ပါ။
မပျောက်ဆုံးအောင် ထိန်းသိမ်း ( Conservation ) တာရယ်၊ ဆက်ပြီး မပြိုမပျက်အောင် ကာကွယ်
( Preservation )တာရယ်၊ မူရင်းပုံစံမပျက် ပြန်တည်ဆောက် ( Restoration) လုပ်ရမှာပါ။
တချို့ကစေတနာ တကယ်ကောင်းတယ်၊ ကြိုးစားတယ်။ ဒါပေသိ ဘုရား၊ ပုထိုး သာသနိက အဆောက်ဦးတွေကို ပြင်ဆင်တဲ့ အခါ ရှေးဟောင်းသုတေသနသမား စစ်စစ်၊ သမိုင်းပညာရှင်စစ်စစ် တွေရဲ့အကြံပေးမှုတွေကို ယူဖို့လိုပါတယ်။
ဒါတင်မကပါ။ ဗိသုကာ ( Architectural) ၊ ကိုယ်ထယ် ( Structural ) အပါဝင် တကယ်ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ အင်ဂျင်နီယာတွေရဲ့ တွက်ချက်စီစစ် ကြီးကျပ်မှုတွေ လိုတယ်။
ဒါတွေမပါဘဲ သာမန် ပန်းရံဆရား ၊ ပန်းချီဆရာတွေ နှင့်သာ ပြင်ပြီး ရှေးလက်ရာမပျက်လို့ ပြောတဲ့အခါ စိတ်မကောင်းယုံက လွဲပြီးဘာမှမတတ်နိုင်ပါ။
၂။ သဘာဝဘေးဒဏ်
သဘာဝဘေးဒဏ်လို့ ပြောတဲ့အခါမှာ မီး၊ ရေ၊ လေ ၊ငလျင် လို့အဆင့်ခွဲလို့ရတယ်။ မီးကြီးလောင်တာမျိုးကတော့ ကျန်စစ်သားလက်ထက်ကတည်းက။
ယနေ့အထိ မီးလောင်ရင်ဘာတွေ လုပ်မလဲ( Fire Safety ) ဘယ်လိုပြင်ဆင်ထားရလဲဆိုတာ လုံးဝမရှိပါ။
ခေတ်အဆက်ဆက် ရေတိုက်စားလို့ ပါသွားတဲ့ ဘုရား ပုထိုးတွေ ထောင်ချီနေပါပြီ။ ပုဂံပြည်ရဲ့ သုံးပုံ တစ်ပုံ ရေထဲပါသွားပါပြီ။ ရေတိုက်စားမှုဒဏ်ကာကွယ်ဖို့ ယနေ့အထိဘာမှမလုပ်ထားပါ။ ကမ်းပြိုကျတာကို ကိုယ်တိုင် ကြည့်ဖူးပါတယ်။
ခေတ်အဆက်ဆက် ရေတိုက်စားလို့ ဘုရားပြိုတော့မယ်ဆိုရင် ရွာသားတွေက ဌာပနာတိုက်ဖောက်ဖို့သာ အားသန်နေကြပါတယ်။ ဘုရားဘေးနားတင် ကပ်နေတဲ့ ကျောက်စာကိုတော့ သတိမရပါ။
ခေတ်အဆက်ဆက် ရေထဲပါသွားတဲ့ ဘုရားဆင်းတု၊ ကျောက်စာ အပါဝင် ပစ္စည်းအတော်များများ ဧရာဝတီ မြစ်ထဲမှာ ရှိနေနိုင်ပါတယ်။ ခေတ်မှီနည်းပညာ၊ စစ်ပစ္စည်းတွေနှင့် မြစ်ကြောင်းတလျှောက်လိုက်ရှာရင် တွေ့ရမှာမလွဲပါ။
လေ ၊ငလျင် ကတော့ အများသိတဲ့အတိုင်း ဘာဆိုဘာမှပြင်ဆင်ထားတာမရှိ။
၃။ ဘုရား ဂေါပက
အလုပ် မလုပ်တာမဟုတ်။ မဟုတ်တာကိုသာလုပ်တယ်။
အလှူခံကောင်းလို့ ရတဲ့ဟာကို ဘုရားပြင်၊ စေတီ နှင့် ရုပ်ပွါးတော်ကို ရွှေချ၊ အာရုံခံတန်ဆောင်းအသစ်ဆောက် ၊ စောင်းတန်းအသစ်သွယ်၊ ရင်ပြင်တော်ကို ကျောက်ပြားခင်း။
သူတို့ တစ်ချက် လှူပ်လိုက်တိုင်း လက်ရာဟောင်းတွေပျက်စီးရတယ်။ ရှေးဟောင်းသုတေသီတွေက လက်ရာမပျက်ပြင်ပါလို့ ဆိုပေမယ့် နားမထောင်။ သူတို့အမြင် ခိုင်ခိုင် ခန့်ခန့်ရှိအောင်ဆိုပြီး အလှအပတွေနှင့်အစားထိုးတယ်။
နှစ်စဉ်ဘုရား ပွဲတွေကျင်းပဖြစ်အောင် အားစိုက်တယ်။ ပိုဆိုးတာက ဗုဒ္ဓဘာသာစစ်စစ် နှင့်မဆိုင်တဲ့ တချို့ အရုပ် အသစ်တွေကို အခိုင်အခန့်နေရာပေးဆောက်လုပ်လာတယ်။
ဘာအလုပ်မှမရှိတဲ့ အခါ ဘုရားနံရံက ရှေးဟောင်းဆေး ပန်းချီတွေကို နေ့စားအလုပ်သမားခေါ်ပြီး " ထုံး ပွတ်" ခိုင်းပါတယ်။ ကျွန်တော် ပုဂံသွားတဲ့ အခေါက်တိုင်း တွေ့ရပါတယ်။
သဗ္ဗညု ဘုရား အတွင်းက နံရံကို " ထုံး ပွတ်" တဲ့ အလုပ်သမားတစ်ယောက်နှင့် လူတွေ့မေးမြန်းခဲ့ပါတယ်။
" ဂေါပက" ရဲ့အနက်က စောင့်ရှောက်သူ။ သူတို့စောင့်ရှောက်တဲ့အထဲမှာ ရှေးပန်းချီ၊ ပန်းပု၊ ရုပ်ပွါးတော်၊ အဆောက်ဦးမပါ " သရီရဓာတု" ဓာတ်တော်သာဖြစ်တယ်။
၎။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ
ဒေါက်တာသန်းထွန်း ပြုစုတဲ့ စာတမ်းအရ ခေတ်အဆက်ဆက် ရှေးပန်းချီ၊ ပန်းပု၊ ရုပ်ပွါးတော်၊ အဆောက်ဦးတွေကို မွမ်းမံတယ်ဆိုပြီး ပြင်ဆင်ရင်း ဖျက်မိရက်သား ဖြစ်တဲ့အထဲမှာ ရဟန်တွေအများကြီးပါတာတွေ့ရပါတယ်။
ဥပမာပြောရရင် ပုဂံခေတ် ဘုရားဆင်းတုတွေဟာ ခါးသိမ်ပါတယ်။ ဒါကို ကုန်းဘောင်းခေတ်ရဟန်းက အမြင်မသာ၊ အမျိုးသမီး ခါးနှင့်တူတယ် ဆိုပြီး အဲဒိခါး နေရာကို ရွှေချ ဒါမှမဟုတ် မံ ပြီးပြင်ပါတယ်။ ပျက်ရော။
ဟိုတချိန် နိုင်ငံခြားသား ရှေးဟောင်းသုတေသန အရာရှိတစ်ယောက်ရဲ့ မှတ်ချက် မှာ " ထိုကိုယ်တော် ဆန္ဒရှိသလောက်ပြင်ပြီးရင် ရှေးလက်ရာ တစ်ကွက်မှ ကျန်တော့မှာ မဟုတ်" တဲ့။
ဘုရားပြင်တဲ့ ရဟန်းနှင့် လူ လက်ရာတူပါတယ်။
နောက်တစ်ခု လူက ဘာသာသွားလဲဆိုတော့ ရေတိုက်စားလို့ ဘုရားပြိုတော့မယ်ဆိုရင် ဌာပနာတိုက်ဖောက်တယ်။ ရေတိုက်မစားဘဲလည်း ဖောက်တယ်။ ဘုရားဝင်းထဲ၊ ဒါမှမဟုတ် စေတီနားကပ်လျက်ရှိနေတဲ့ အလှူရှင်ရဲ့ ကျောက်စာတွေကို လူတချို့က ဘာရေးထားတယ်ဆိုတာသိတယ်။
အလှူစာရင်းထဲက အဖိုးတန် ရွှေ၊ ရတနာတွေနှင့် လုပ်ထားတဲ့ ဆင်းတု၊ ပစ္စည်းစာရင်းကို သိပြီး လောဘဇောနှင့် ဖောက်ယူပါတယ်။ ကျောက်စာအဆုံးမှာ ရေးထားတဲ့ "ကျိန်စာ" ကိုမဖတ်ပါ။ ဖတ်လဲ မကြောက်ပါ။
နောက်တစ်ခု ထပ်ပြောချင်တာက ' ပုဂံ' ဟာ အန်ကောဝတ် ကျောင်းတော်လို နှစ်ရာပေါင်းများစွာ လူမနေ၊ လူမသိ ပျောက်နေပြီး ပြန်ပေါ်လာတာမျိုးမဟုတ်။ သမိုင်း အကြိုကာလ ကတည်းက ယနေ့အထိ လူသားမျိုးဆက်ပေါင်းများစွာ နေလာခဲ့တဲ့နေရာပါ။ အဲဒိလူတွေရဲ့ စားဝတ်နေရေးကြောင့်လည်း ပုဂံဟာ ပျက်ရတယ်။
၅။ သိုက်သမား
အမှတ်မထင် တွေ့ရတာက သိုက်သမားတွေဟာ တချို့ ရှေးဟောင်းသုတေသနသမားတွေထက် ပိုကြိုးစားပြီး အလုပ်လုပ်တယ်။ ရှေးဟောင်း မြို့တော်၊ နေရာ၊ ဘုရားတွေ မှာ ရှေးဟောင်းသုတေသနသမားတွေ တူးတိုင်းထင်သလောက် ဘာမှမတွေ့။
ရှေ့က သိုက်သမားတွေမလိုချင်လို့ ပစ်ထားတာတွေကို လိုက်ကောက်ရသလိုပါ။ အဲဒိသိုက်သမားတွေထဲမှာ ပညာတတ်တွေလည်းပါတယ်။
တချို့ လူတွေ...... လူတွေ.....ပါတယ်။ သူတို့ရောင်းလိုက်တဲ့ အတွက်ကြောင့် ရှေးပစ္စည်းတွေ မြန်မာနိုင်ငံတွင်းမှာထက် နိုင်ငံရပ်ခြားမှာ ပိုများလာတယ်။
၆။ ရှေးဟောင်းသုတေသနသမား
ပုဂံအနုပညာတန်ဖိုး ထိန်းသိမ်းရန် စာတမ်းမှာ ဒေါက်တာသန်းထွန်းပြောထားတာရှိတယ်။ " တချို့ ရှေးဟောင်းသုတေသနသမား (Archaeologist)ဟာ ရှေးပစ္စည်း (အဆောက်အအုံ) ကိုမူလအတိုင်းရှိအောင် (Preservation) လုပ်ဖို့ သူ့မှာတာဝန်ရှိပေမယ့် ဘာကြောင့်ရယ်လို့ မပြောဘဲ အဲဒီတာဝန်ကို လေးလေးနက်နက် မဆောင်ရွက်ရင် ကျွန်တော်တို့မှာ အံ့ဩတာက လွဲလို့ ဘာမျှမလုပ်နိုင်တော့ပါ" တဲ့။
ထိန်းသိမ်းရန် အပါဝင်၊ တူးဖော်ရန်ဆို တာလည်းပါပါသေးတယ်။ တူးပြီးတိုင်းလည်း အများသိအောင် အစီရင်ခံစာထုတ်ဖို့လိုပါတယ်။
ဦးအောင်သော်ပြီးနောက် လူသိများထင်ရှားတဲ့ တူးဖော်မှုမျိုး နောက်ထပ်လုပ်ရပါမယ်။ အစီရင်ခံစာတင်တဲ့အခါမှာလည်း အရှိကို အရှိ၊ အမှန်ကို အမှန်အတိုင်း ဖြစ်ဖို့လိုပါတယ်။ တူးဖော်တဲ့အခါမှာ ပါဝင်ကြတဲ့ အလုပ်သမားတွေကိုလည်း မပြတ်ကြီးကြပ်ဖို့လိုပါတယ်။
သူတို့ပေါ့ဆမှုကြောင့် တူးဖော်ရင်းဖျက်ဆီးမိရက်သားဖြစ်တတ်တဲ့ သာတကတွေ အများကြီးရှိပါတယ်။
အသုံးပြုတဲ့ ပစ္စည်း၊ ဓာတုဗေဒ ပစ္စည်းတွေရဲ့ အချိန်အဆ၊ အတိုင်းအဆ ကိုသေသေချာချာသိထားဖို့လိုပါတယ်။ ယူနစ်စကို ရဲ့လမ်းညွန်မှုကို ယူရပါမယ်။
ယူနစ်စကိုစာရင်းဝင် ကမ္ဘောဒီးယားတို့ ၊ ထိုင်း အယုန္ဒယ တို့ကိုလေ့လာဖို့လိုပါတယ်။ ဟိုအရင် ကိုလိုနီခေတ်တုန်းကလောက် အလုပ်လုပ်ဖို့လိုပါတယ်။
၇။ အလုပ်လုပ်သူ လုပ်သား
သူတို့ပေါ့ဆမှုကြောင့် တူးဖော်ရင်းဖျက်စီးမိရက်သားဖြစ်တတ်တဲ့ သာတကတွေ အများကြီးရှိပါတယ်။ အခြေခံအသိ ပညာပေးဖို့လိုပါတယ်။
ဒီပိုစ်မှာ ရေးထားတဲ့အကြောင်းရာတွေ ပြည့်စုံမှုမရှိသေးပါ။ အမှား၊မှန်ကို တာဝန်ယူပါတယ်။

ပုဂံလက်သစ် နှင့် ပုဂံလက်သစ်
ဒေါက်တာသန်းထွန်းရေး စာတမ်း ၂ စောင်ရှိပါတယ်။ ပုဂံလက်သစ် နှင့် ပုဂံတန်ဖိုး။
အဲဒိစာ တမ်း၂စောင်လုံးဖတ်ပြီးတဲ့နောက် ပုဂံ ဘာကြောင့် ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ နေရာ တစ်နေရာအဖြစ် စာရင်းမဝင်လဲဆိုတာ နားလည်လာတယ်။ တခြားအကြောင်းရာတွေ ရှိချင်ရှိနိုင်ပါသေးတယ်။
ပုဂံလက်သစ်၊ဒေါက်တာသန်းထွန်း စာတမ်းမှာ ၂၅ မတ်လ ၁၂၁၂ ကနေစပြီး ၅ ဇူလိုင် ၁၉၇၉ အထိ မွမ်းမံ၊ ခိုးယူခြင်း၊ စစ်ဒဏ်၊ ရေဒဏ်၊ မီးဒဏ်၊ ငလျင်ဒဏ် ခံရလို့ပျက်စီးသွားတဲ့ ပုဂံခေတ် အနုပညာလက်ရာတွေရဲ့ စာရင်းပြုစုထားတာရှိပါတယ်။
ပုဂံလက်သစ် စာတမ်းထဲက စာတချို့ကို အောက်မှာဖတ်ကြည့်ပါ။
အခု အခါမှာ " ဘုရား ဂေါပက" ဆိုသူတွေဟာ အလှူခံကောင်းတယ်။ အလှူများများရရင် ဘုရားကို အသစ်ဖြစ်အောင် " မွမ်းမံ " မယ်။ မူလလက်ရာမပျက် လုပ်ရကောင်းတယ်လို့ နည်းနည်းမှ ဂရုမစိုက်ပါ။ သူတို့အဖို့ လက်ရာမပျက်လုပ်ဖို့ မလိုပါဘူး။ ရှေးက ခုလောက်ကောင်းအောင် လုပ်တတ်တာမှမဟုတ်ဘဲလို့ ပြောမှာ သေချာတယ်။
(ဘုရားတွေကို) ပြင်ဆင်လိုက်တော့ သာသနာ အနှစ်ငါးထောင်တိုင်အောင် ရွှေရောင်တဝင်းဝင်းနဲ့ ကြည်ညိုဖွယ်ရှိလိမ့်မယ်လို့ မင်စာရေးခဲ့ပေမယ့် သိကြတဲ့အတိုင်း ကြာလှအဆုံး လူတစ်သက် အနှစ်နှစ်ဆယ်အစိတ်ပဲခံမှာဖြစ်ပါတယ်။
မသိလို့ဖြစ်ဖြစ် သိရဲ့သားနဲ့ဖြစ်ဖြစ် ပုဂံကျောင်းဘုရား ဆင်းတု နံရံဆေးရေးပန်းချီတွေ ကိုဖျက်ဆီးခဲ့ကြသူ ရာထောင်မက ရှိခဲ့ပြီးပါပြီ။ သူတို့ဖျက်လို့ပျက်ရတဲ့ ပစ္စည်းဟာ ဘယ်လောက်အဖိုးတန်တယ်လို့ သူတို့ ဂရုမစိုက်ပါ။ အများစုက အဟောင်းကိုဖယ်ပြီး အသစ်နဲ့လဲတာဟာ ဘုရား ကြည်ညိုသပ္ပာယ်စရာပိုဖြစ်ထည်းလို့ ယုံကြည်ပြီး ဒီလိုလုပ်တာကို " ရဟန်းရှင်လူအများ သိပ်ပြီးဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဓနာ ပြုကြပါတယ်။ သူတို့အဖို့ သာသနာ ငါးထောင်အဓွန့်ရှည်အောင်ပါဝင်ကူညီဆောင်ရွက်ခွင့်ရလို့ ကုသိုလ်အများကြီးဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
မည်သူ့ကိုမျှ အပြစ်တင်ရန်မရှိပါ။ ကျွန်တော်တို့တာဝန်မှာ အလုပ်ကြိုးစားကာ မပျောက်ဆုံးအောင် ထိန်းသိမ်း( Conservation ) တာရယ်၊ ဆက်ပြီး မပြိုမပျက်အောင် ကာကွယ် ( Preservation )တာရယ်၊ မူရင်းပုံစံမပျက် ပြန်တည်ဆောက် ( Restoration) တာရယ် ရှေးပုဂံအတွက် ဒီသုံးခုကို ဖြစ်အောင် ဆောင်ရွက်ကြဖို့ပဲ ရှိပါတယ်။
Ref: ဒေါက်တာသန်ထွန်း စုစည်းတည်းဖြတ်၊ လူထုဒေါ်အမာ ၈၀ ပြည့် မွေးနေ့၊ လူထုစာအုပ်တိုက် ၁၉၉၆၊ နိုဝင်ဘာ။
6/6/09
အဲဒါ မြန်မာ ( ပုဂံ )
အမှန်တိုင်းဝန်ခံပြောစတမ်းဆိုရင် မြန်မာဖြစ်ရတာ သိပ်ဂုဏ်ယူဖို့ကောင်းပါလားလို့ စိတ်ထဲမှာ စွဲစွဲမြဲပေါ်လာတာ " ပုဂံ " ကိုပထမဆုံး ရောက်တဲ့အချိန်မှာပါ။ ပုဂံအကြောင်း ငယ်ကတည်းက ကြားဖူပေမယ့် သူများတွေပြောတိုင်း အပိုတွေ ပြောတယ်လို့ဘဲ ထင်ခဲ့တယ်။ ကိုယ်တွေ့ မဟုတ်ရင် မယုံတတ်တဲ့အကျင့် ကြောင့်လားမသိပါ။
၂၀၀၅ မိုးရာသီမှာ အလုပ်ကိစ္စတစ်ခုအတွက် သွားရင်း " ပုဂံ " ကိုဝင်ပါတယ်။ နံနက် ၅ နာရီလောက် " ပုဂံ " အဝင်ဂိတ်တစ်ခုမှာ ဘာအရာရှိမှန်းသေချာ မသိတဲ့ အရာရှိတစ်ယောက်က ကား လေအေးပေးစက်ကျေးဇူးနှင့် အိပ်မောကျနေတဲ့ ကျွန်တော့ကို အတင်းလှူပ်နှိုးပြီး
" မြန်မာ့ဗိသုကာနှင့်ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာဇုံ" ဝင်ကြေးဆိုပြီး ဒေါ်လာ တစ်ဆယ်အတင်းတောင်းပါတယ်။
အတော်စိတ်တိုသွားတယ်။ " ပေးမယ် ငါ့ကို ရေအိမ်အရင် လိုက်ပြ " လို့ပြောပြီး ကားအောက်ဆင်းတယ်။ ရေအိမ်သုံးပြီး ကားပေါ်ပြန်မတက်ခင် ဘာမှမပြောဘဲ မှတ်ပုံတင်ပြပြီး တက်လာခဲ့တယ်။ အဲဒီ ငနဲကလည်းဘာမှ ပြန်မပြောပါဘူး။ ရပ်ရင်းကျန်ခဲ့တယ်။ အဲဒါမြန်မာ။
ပုဂံမှာ လေ့လာစရာတွေ အများကြီးရှိနေပေမယ့် ရတဲ့အချိန်နှင့် မလောက်ပါ။ စက်ဘီစီးပြီး အကြိုကြားတွေသွားတယ်။ ရွာတွေလျှောက်သွားတယ်။ ဆူးထိုးပြီး ဘီးပေါက်။ လမ်းလျှောက်ပြီး ရွာထဲဝင်။ လျှာထွက်အောင် နေကပူ။ ရွာသားတွေက လက်ရပ်ခေါ်ပြီးရေတိုက်တယ်။ အဲဒါမြန်မာ။
ရွာထဲမှာ ဘီးဖာပြီး အပြန် စိမ်းညက် ညီမ/အမ ဘုရားနားအရောက်မှာ ရှေ့ကစက်ဘီးစီးလာတဲ့ ပုဂံသားတွေက ဘုရားဘက်လက်ညိုးထိုးပြီး လှမ်းအော်ပြောတယ်" Sun Set "" Sun Set " တဲ့။
ချွေးတွေပေနေတဲ့ သူတို့ မျက်နှာတွေက ပြုံးလို့ရယ်။ အဲဒါ မြန်မာ။
မဆိုစလောက်သာရှိတဲ့ လေ့လာမှုလေးတွေလုပ်ပြီးပြန်လာခဲ့ရတယ်။ အပိုတွေ သိပ်မပြောချင်ဘူး။ အသားမဖြူ ဆံရှည် နှင့် ဂျင်းဘောင်းဘီတိုဝတ်တဲ့ ကျွန်တော်မြန်မာ။
ပုဂံသွားတဲ့ တတိယ အကြိမ်မှာ ပဲခူးသူ အသစ်စက်စက် ကျွန်တော့ဇနီး ကို ပထမဆုံး " ပုဂံ " ခေါ်သွားပြီး လိုက်ပြတယ်။ အဲဒါ မြန်မာလို့။
6/4/09
ဓမ္မပါလ နှင့် သီရိ အနိရုဒ္ဓ ဒေဝ
ဆွန်မပူရ မဟာဝိဟာရ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးကို ၁၉၈၅ ခုနှစ်မှာ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေနှစ် အဖြစ် ယူနစ်စကို အဖွဲ့စည်းက စာရင်းသွင်း
အသိမှတ်ပြုခဲ့ပါတယ်။
ဘင်္ဂလားဒေစ် နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေနှစ် ၂ ထဲက ၁ ခုဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာရော ၊ မူလ ဘင်္ဂလားဒေစ် နိုင်ငံအတွက်ပါ အရေးပါ အရာရောက်ဆုံး သာသနိက အဆောက်ဦးလို့ ပညာရှင်အများစုက သတ်မှတ်ထားပါတယ်။
အိန္ဒိယ နိုင်ငံ ကမ္ဘာ့ပထမဆုံး ဗုဒ္ဓဘာသာ တက္ကသိုလ် " နာလန္ဒာ" ကမှတ်တမ်းတွေ အရ ဆွန်မပူရ မဟာဝိဟာရ ပုထိုးတော်ကြီး ဟာ အရွယ်အစား၊ ပုံစံ မတူဘဲ ကွဲပြားခြားနား တဲ့ အခန်းငယ်ပေါင်း ၁၇၇ ခန်း ပါတဲ့ ပင်မထုထည်ကို စေတီငယ် ( အရေအတွက်မသေခြာ )တွေနှင့် ရံထားပါတယ်။
ပုထိုးတော်ကြီး တစ်ခုလုံးရဲ့ ပတ်ပတ်လယ် နန်ရံတွေမှာ ဂျိန်း ( ဂျိန )၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဆိုင်ရာ အလှဆင် ရုပ်ကြွတွေနှင့် အလှဆင်ထားပါတယ်။
( အခုတော့ မရှိတော့ပါ၊ ရှိတဲ့ရွှံ့စေး ရုပ်ကြွတွေကလည်း အစားထိုး ထားတဲ့ လက်ရာ ခပ်ညံ့ညံ့အရုပ်တွေပါ )
ပုထိုးတော်ကြီးရဲ့ နန်ရံလေးဘက် လေးတန်ကို တိုင်းတာမယ်ဆိုရင် ၉၂၂ ပေတိတိ ရှိတယ်လို့ဆိုပါတယ်။ ထုထည်ကြီးမားတယ်။ ဟိမဝန်တာ တောင်တန်း မြောက်ပိုင်းတ ဝိုက်မှာ ဒုတိယ အကြီးဆုံး ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။ အရွယ်စား အားဖြင့် ပတ်လည် "ပေ" အကျယ် ၈၅၀၀၀ ( ၂၀ ဧက ) လောက်ကျယ်တဲ့ ကျောင်းတော်ရာ ဖြစ်တယ်။
ဆွန်မပူရ မဟာဝိဟာရ ကျောင်းတော်ရာတောင်ကုန်းမှာ တူးဖော်တွေ့ရှိထားတဲ့ ကျောက်စာအရ " ဓမ္မပါလ"( ၇၈၁ - ၈၂၁ ) ပြီးနောက် ၂၉ နှစ်အကြာမှာ နန်းတက်တဲ့ " မဟိန္ဒြာ ပါလ" (Mahendrapala)( ၈၅၀-၈၅၄ ) လက်ထက်မှာ ကျောင်းတော်ကြီးကို မွန်းမံပြင်ဆင်ခဲ့တယ်။
တိဘက်ပြီဘုန်းတော်ကြီး " တာရာနသ"(Taranatha) ရဲ့မှတ်တမ်း " ပဂ် စမ် ဂြွန် ဇန်း"( Pag Sam Jon Zang)အရ ၉၉၅ ခုနှစ်မှာ နန်းတက်တဲ့ " မဟိပါလ" (Mahipala)(၉၉၅-၁၀၄၃) မင်းဆက်မှာ နောက်တစ်ကြိမ် ထပ်ပြီးမွန်းမံပြင်ဆင်ပါသေးတယ်။
( ဒီမှတ်တမ်းကို ထောက်ခံဖို့၊ ငြင်းဆန်ဖို့ ခေတ်ပြိုင် အထောက်အထား မရှိသေးပါ)
ဒီလို ကြီးကျယ်လှတဲ့ ဓမ္မပါလမင်း (အေဒီ ၇၈၁-၈၂၁ ) ကောင်းမှူ့ ပုထိုးတော်ကြီးဟာ ပါလမင်းဆက်တွေ ဩဇာဏာ ကျဆင်းလာမှုနှင့်အတူ ၁၁ ရာစုအစောပိုင်းမှာဘဲ အတူ အရှိန်ဝါ မှေးမှိန်လာပါတယ်။
၁၁ ရာစု မှာဘဲ မူစလင် ဘုရင် " ဝင်္ဂလ " နှင့် သူ့ရဲ့စစ်တပ် တွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပါတယ်။ ပင်မ ပုထိုးတော်ကြီး အပါဝင် ဆွန်မပူရ မဟာဝိဟာရ ဗုဒ္ဓဘာသာ ကျောင်းတော် တဝိုက်မှာ ရှိတဲ့ ဘာသာရေးဆိုင်ရာ နေရာ၊ အဆောက်ဦး တွေအားလုံးကို မြေပေါ် ပြားပြားဝတ် ကျသွားအောင် မီးလောင်တိုက် သွင်းခဲ့ပါတယ်။
မီးမရှို့ခင် ကျောင်းတော်ထဲမှာ ရှိတဲ့ ရဟန်းသံဃာတော်တွေကို မောင်းထုတ်ရာမှာ ကျောင်းအုပ်သံဃာတော်ကြီး " ဂရုဏသီရိမေတ္တ " က ငြင်းဆန်ပြီး မီးလောင်တိုက်ထဲမှာဘဲ အသက်အသေခံသွားတယ်လို့ " နာလန္ဒာ" ကမှတ်တမ်းကဆိုတယ်။
" ဝင်္ဂလ" မင်းဟာ ဗုဒ္ဓဘာသာ ကို အင်မတန် နှိပ်ကွက်ပါတယ်။
နောက်ပိုင်းဆက်ခံတဲ့ မူစလင် မင်းတွေအားလုံး ကလည်း ကျောင်းတော်ကြီးကို မပြုပြင်စေဘဲ တောင်ဘို့ကြီးဖြစ်နေတဲ့အထိ ပစ်ပယ်ထားခဲ့ပါတယ်။
၁၉၂၀ ခုနှစ်မှာ ရှေးဟောင်းသုတေသန ဆိုင်ရာတူးဖော်မှု စတင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမြင်နေရတဲ့ ရုပ်လုံးပေါ်အဆင့်ထိ ရောက်လာခဲ့တာက ၁၉၉၀ ခုနှစ်ရောက်မှပါ။
ရှေးဟောင်းသုတေသန ဆိုင်ရာတူးဖော်မှု မှာတွေ့ရှိတဲ့ ပစ္စည်းတွေဟာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။
===========================================================
ဒေါက်တာ သန်ထွန်းရေး ၁၉၉၇ ဩဂုတ်၊ စစ်တင်ဘာ၊ အောက်တိုဘာ အမှတ် ၁၅၀၊ ၁၅၁၊ ၁၅၂ ကလျာမဂ္ဂဇင်းပါ
ထိလိုင်မင်( ၁၀၈၄-၁၁၁၃ ) စာတမ်းမှာ ပုဂံခေတ်ဦး အဆောက်ဦး ပုံစံတွေဟာ အရှေ့ဘင်္ဂလားပုံစံကိုယူတယ်လို့ဖော်ပြဖူးပါတယ်။ ပုဂံခေတ်ဦး စေတီပုံစံတွေထဲမှာ မြေမှာဝပ်နေတဲ့ တည်ငြိမ်ဟန် ပုထိုးတော်တွေရှိပါတယ်။ ပုထိုးသမျ၊ ဓမ္မရံကြီး ၊ အပယ်ရတနာ ပုံစံတွေဟာ ဆွန်မပူရ မဟာဝိဟာရ နှင့်အတော်လေးဆင်ပါတယ်။ ဘင်္ဂလား နှင့် ဆက်စပ်ပြီး ဒေါက်တာ သန်ထွန်းရေး စာတမ်းတွေ သိပ်မရှိပါ။
ကမ္ဘာ တစ်ဝှမ်း နာမည်ကြီး ပြတိုက်တွေမှာ ပုဂံ ခေတ်လက်ရာ နှင့် ပါလ လက်ရာတွေ ဟာခွဲမရအောင်တူလို့ ( Pagan or Pala ) လို့ရေးလေ့ရှိပါတယ်။
ဓမ္မပါလမင်းကြီးရဲ့ ဘွဲ့အမည် အစ " သီရိ " နှင့် အဆုံး " ဒေဝ" လိုခပ်ဆင်ဆင် " သီရိ အနိရုဒ္ဓ ဒေဝ " လို့ တွေ့ရပါသေးတယ်။
ဘင်္ဂလား နှင့် ဆက်စပ်ပြီး ဒေါက်တာ သန်ထွန်းရေး စာတမ်းတွေ သိပ်မရှိပါ။
ရှေ့ဆက်ပြီး သုတေသနလုပ်ဖို့ သိပ်ကောင်းပါတယ်။
Subscribe to:
Posts (Atom)
ဒေါက်တာသန်းထွန်း
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)
Archives
-
▼
2009
(122)
-
▼
June
(21)
- ပျူ အရိုးအိုး ပေါ်က စာ
- ပျူ အရိုးအိုး ပေါ်က စာ
- ပျူ အရိုးအိုး ၄ လုံးပေါ်က စာ
- ငါသေခဲ့ရင်
- ငါချစ်တဲ့ ပုဂံမြေ
- လုစ်၁၈၈၉- ၁၉၇၉
- ဂျီ အိစ်လုစ် ( G.H.Luce )
- ၁၉ ရာစု ကရင် ဖားစည်
- ကရင် ဖားစည်
- ကျန်းမာ ချမ်းသာပါစေ။
- ဘီလူးခေါင်း
- သုတေသနထုံး
- ပုဂံ ကျောက်ပြား ရုပ်ပွါးတော်
- ပုဂံ ၁၂ ရာစုနှစ် ရုပ်ပွါးတော်
- တိုင်းရင်းသားလူမျိုးစုဆိုင်ရာ အနုပညာ
- " ဂန္ဓာရ" ဗုဒ္ဓရုပ်ပွါးတော် (2-3 AD)
- ပုဂံ ၁၀ ရာစုနှစ် ရုပ်ပွါးတော်
- " ပုဂံကို ဖျက်ဆီးကြသူများ "
- ပုဂံလက်သစ် နှင့် ပုဂံလက်သစ်
- အဲဒါ မြန်မာ ( ပုဂံ )
- ဓမ္မပါလ နှင့် သီရိ အနိရုဒ္ဓ ဒေဝ
-
▼
June
(21)