9/23/10

ံ နံရံဆေးရေးပန်းချီ ရှိသော ဂူဘုရား များ ( ပုဂံ )

ကိစ္စတစ်ခုအတွက် ခရီးသွားရင်း လမ်းကြုံတဲ့တွက် မထင်မှတ်ဘဲ ပထမဆုံးအကြိမ်အဖြစ် ပုဂံရောက်တယ်။ ဘယ်ကိုသွားလို့ ဘယ်က စလေ့လာရမှန်းမသိတဲ့အတွက် စက်ဘီးတစ်စီးနှင့် စိတ်ကူးတည့်ရာသွားခဲ့တယ်။

ဒုတိယအခေါက် ပုဂံရောက်တဲ့အခါမှာလည်း ထုံးစံအတိုင်း ကားဆရာလိုက်ပို့တဲ့ တစ်ရက်ခရီးစဉ် နှင့်ဘဲပုဂံတစ်ပတ်လှည့်တယ်။ ပုဂံပြတိုက်မှာတင် တစ်ရက်နီးပါးကုန်တယ်။ ကားဆရာလိုက်ပို့ တဲ့ ဘုရားတွေအပါဝင် နေရာအတော်များများမှာ ပုဂံခေတ် မူလ ဗုဒ္ဓရုပ်ပွါးတော်တွေမရှိပါ။ သိုက်သမားရန်ကြောက်ရတာက တစ်ကြောင်း ၊ အခြားအခြားသောအကြောင်းတွေကြောင့် ပြတိုက်ကိုပြောင်းရွှေ့ ပြီး အများလေ့လာဖို့ ပြထားတယ်။

ဒီတော့ ပုဂံကိုလေ့လာဖို့ သွားမယ်ဆိုရင် ဗိသုကာလက်ရာ ၊ စဥ့်ကွင်း ၊ အင်္ဂတေ ပန်းရံ ၊ ဆေးရေးပန်းချီ အပါဝင် အဆောက်ဦးနှင့် အတွင်း အပြင် အလှဆင်ထားတဲ့ ရှေးလက်ရာတွေကို ဘုရား ပုထိုးတွေမှာလေ့လာနိုင်မယ်။ ပြတိုက်ကိုသွားရင် ပုဂံခေတ် မူလ ဗုဒ္ဓရုပ်ပွါးတော် ၊ ကျောက်စာမူရင်း နှင့် အခြားရှေးပစ္စည်းတွေကို သီးခြားလေ့လာနိုင်မယ်။

အဓိကပြောချင်တာက သာမန် ဘုရားဖူးသွားတာမျိုးမဟုတ်ဘူးဆိုရင်တော့ ဘယ်ကိုသွားမယ်၊ ဘာကိုလေ့လာမယ် ဆိုပြီးအသေအချာကြိုတင် ပြင်ဆင်သွားတာအကောင်းဆုံးဖြစ်မယ်။ နှစ်ပေါင်း ထောင်ကျော်ပြီးဖြစ်တဲ့ ရှေးလက်ရာတွေကို အဓိကထားပြီးလေ့လာလို့ရတဲ့နေရာတွေကို အုပ်စုလိုက်ခွဲပြီး ရေးကြည့်ချင်ပါတယ်။

နံရံဆေးရေးပန်းချီ လက်ရာတွေရှိတဲ့ ဘုရား ဂူ ကျောင်းတွေက ( အက္ခစဉ်အလိုက် )
၁။ ကုန်းတော်ကြီး ၊ ၁၃ ရာစုနှစ်
၂။ ကျန်စစ်သား ဥမင် ၊ ၁၃ ရာစုနှစ်
၃။ စိုးမင်းကြီး ဂူ ၊ ၁၂ ရာစုနှစ် ၊ ဘုရားအမှတ် ၄၉၆
၎။ စူဋ္ဌာမုဏိ ( ဘုရားအမှတ် ၇၄၈/၃၆၄)

၅။ နဂါးရုံ ၊ ၁၁ ရာစုနှစ်
၆။ နဘဲတောဘုရား ( ၃၅၉/၂၁၈)
၇။ နွားပြဂူ
၈။ နန္နမညာ ၊ ၁၃ ရာစုနှစ်
၉။ ပထိုးသမျှ ၊ ၁၁ ရာစုနှစ် ( ယနေ့အခေါ် ပုထိုးသားများ )
၁၀။ ပဲနံ့သာ ဂူ ၊ ၁၃ ရာစုနှစ်
၁၁။ ဖြတ်စရွှေ ဂူ ၊ ၁၂ ရာစုနှစ်

၁၂။ ဘုရားသုံးဆူ ၊ ၁၃ ရာစုနှစ်
၁၃။ မြင်းဂဗာ ဂူပြောက်ကြီး ၊ ၁၃ ရာစုနှစ် ( ယနေ့အခေါ် မြင်းကမ်းဘား ဂူပြောက်ကြီး )
၁၄။ မင်းဂဗာ ဂူပြောက်ငယ် ၊ ၁၃ ရာစုနှစ်
၁၅။ မြင်းပြ ဂူ ၊ ၁၂ ရာစုနှစ်
၁၆။ မင်းနန်သူ
၁၇။ လောကထိပ်ပန် ၊ ၁၃ ရာစုနှစ်
၁၈။ လောကအုပ်ဆောင်း ၊ ၁၂ ရာစုနှစ်
၁၉။ လေးမျက်နှာ

၂၀။ လှိုင်ရှေ ၊ ၁၂ ရာစုနှစ်
၂၁။ သမ္ဘူလ ၊ ၁၃ ရာစုနှစ်
၂၂။ သယံဘူ ၊ ၁၂ ရာစုနှစ်
၂၃။ သကျမုနိ ၊ ၁၃ ရာစုနှစ်
၂၄။ သရိ ၊ ၁၂ ရာစုနှစ် ( ဘုရားအမှတ် ၄၁၈ )

၂၅။ သာယာဝတေး ၊ ၁၃ ရာစုနှစ်

၂၆။ သိမ်းမဇီး ၊ ၁၃ ရာစုနှစ်
၂၇။ သက်တော်ရဘုရား ( ဘုရားအမှတ် ၆၀/၄၆ )
၂၈။ သဗ္ဗညုဘုရား ၊ ၁၁ ရာစုနှစ် ( ၁၅၉၇/၉၀၆)

၂၉။ ဝက်ကြီးအင်း ဂူပြောက်ကြီး ၊ ၁၃ ရာစုနှစ်

၃၀။ ဝိနည်းဓိုရ် ၊ ၁၃ ရာစုနှစ်
၃၁။ အဘယ်ရတနာ ၊ ၁၁ ရာစုနှစ်
၃၂။ အာနန္ဒ ဘုရား ၊ ၁၁ ရာစုနှစ် ( နံရံတစ်ခုလုံး နှစ်စဉ်နှစ်တိုင်း ထုံးသုတ်ပစ်လို့ ဆေးရေးပန်းချီတွေ ကျန်သေးလားဆိုတာမသေချာ )

၃၃။ အာနန္ဒ အုတ်ကျောင်း ၊ ၁၈ ရာစုနှစ်
၃၄။ ဥပါလိ သိမ် ၊ ၁၁ ရာစုနှစ်


( ကြိုးစားပြီး စာရင်းလုပ်ထားတာပါ ၊ ကျန်ခဲ့တာရှိရင် ထောက်ပြပါ။ ပုဂံတစ်ဘက်ကမ်း တန့် ကြည်တောင် ကတချို့ ဂူဘုရားတွေမှာလည်း နံရံဆေးရေးတွေရှိတယ်လို့ သိရပါတယ်။ သိရင်ပြောပါ။ )


ဓာတ်ပုံရိုက်တာကို ဘယ်သူကစပြီး တားမျက်လိုက်လဲမသိပါ။ ဘာကြောင့် မရိုက်ခိုင်းလဲ ဆိုတာနားမလည်။ ဒါပေမယ့် ဓာတ်ပုံရိုက်ပြီးမှတ်တမ်းယူမှ အဖိုးတန်မှတ်တမ်းကျန်မှာပါ။ မလွဲသာလို့ ပြင်ဆင်ရတယ်ဆိုရင် ရိုက်ယူထားတဲ့ ဓာတ်ပုံဟာအခိုင်မာဆုံး အထောက်ထားဖြစ်တယ်။ အင်တာနက်မှာတင်လိုက်တဲ့အခါ ပုံကြည့်ပြီး ပြည်တွင်း ပြည်ပက ပညာရှင်တွေပါလေ့လာလို့ ရနိုင်တဲ့ သင်ထောက်ကူပစ္စည်းပါ။ ဓာတ်ပုံမှတ်တမ်း မယူလိုက်ရသေးခင် ပျက်ဆီးသွားတဲ့ ရှေးလက်ရာတွေ ပုဂံမှာတင် တော်တော်များနေပါပြီ။ ဘာနှင့်မှအစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ပုဂံပြတိုက်မှာလည်း ရိုက်လို့မရပါ...
Photo by Marc Aurel at flickr.com


ဒီနေရာမှာထပ်ပြီးပြောချင်တာက ပုဂံသွားတဲ့အခါ နံရံဆေးရေးပန်းချီတွေလေ့လာဖို့စိတ်ကူးရှိတယ်ဆိုရင် ဒါတွေပါအောင်ယူသွားပါ။

၁။ ကင်မရာ
၂။ မှတ်စရာ စာအုပ် နှင့် ခဲတံ ( ဘောပင် )
၃။ အားကောင်းကောင်း မီအိမ် ( ဓာတ်မီး ) ၊ တချို့ဂူတွေကမှောင်လို့ နံရံဆေးရေးတွေကို ကောင်းကောင်း မမြင်ရ )

၎။ တစ်ခါသုံး မျက်နှာအုပ်အဝတ်စ ( Mask ) ၊ ဂူထဲမှာ လင်းနို့ ချေး ၊ ကလေးချေး အနံပြင်းတယ် )
၅။ အရောင်မပါတဲ့ မျက်မှန် ၊ မျက်စိထဲ အမှုံအမွှားတွေမဝင်အောင် ကာကွယ်ဖို့
၆။ ၂၀၀ တန် ၊ ၅၀၀ တန်ငွေ ( သော့ကိုင်ထားတဲ့ အစောင့်ကို ကြည်ကြည်သာသာ ဖွင့်ပေးစေလိုရင် လူကြည့်ပြီးပေး )
၇။ စားစရာနှင့် ရေသန့် ဘူး


နှစ်ပေါင်းထောင်ချီ တဲ့အဖိုးတန် ဆေးရေးပန်းချီပေါ်မှာ ဒီလိုရေးသွားတယ် ဖိနပ်ကိစ္စမရေးခင်ကတည်းက မီးသွေးခဲ အပါဝင် ဒုတ်ခြောင်းစတဲ့ ရရာနှင့် လျှောက်ရေးချက်ခဲ့လို့ မူလ ဆေးရေးပန်းချီ ကိုမမြင်ရသလောက်ဖြစ်နေပါပြီ။
Photo by Marc Aurel at flickr.com


ဒါတွေမလုပ်မိဖို့ သတိထားပါ
၁။ နံရံဆေးရေးတွေကို လက်နှင့်မကိုင်ပါနဲ့
၂ ။ ချွေးတွေထွက်နေမှာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးနှင့် နံရံကိုမမှီပါနဲ့

၃။ ဂူထဲမှာ အစာမစားပါနဲ့
၎။ ဂူထဲမှာ ဘာအရည်မှမသောက်ပါနဲ့
၅။ နှပ်အညစ်ပါနဲ့
၆။ တံတွေးမထွေးပါနဲ့
၇။ ကွမ်းစားပြီး မဝင်ပါနဲ့ ( ကွမ်းထွေး ခံရတဲ့ နံရံဆေးရေးပန်းချီတွေများလှပြီ )
၈။ နံရံက အင်္ဂတေစတွေကို ဆွဲနှုတ်တာမျိုး မလုပ်ပါနဲ့

၉။ နံရံကို အပူချိန်သိပ်ပြင်းတဲ့ မီးလုံး ၊ မီးအိမ်နှင့် အချိန်ကြာကြာ ကပ်ပြီးထားတာမျိုးမလုပ်ပါနဲ့ ( တချို့ တိုးဂိုက်တွေကလုပ်တတ်တယ် )

၁၁။ ဆေးရေးတွေရှိနေတဲ့ နံရံပေါ်မှာ ပေါက်ကရလေးဆယ် လျှောက်မရေးပါနဲ့ ( ဘယ်သူ ဘယ်ဝါ ဘယ်ရက် ဘယ်လ ရောက်၏ စသဖြင့် )



ကွမ်းတံတွေး အထွေးခံရတဲ့ နံရံဆေးရေးပန်းချီ (ဧပရယ် ၁၆ ၊ ၂၀၁၀ )
Photo by ArnisD @ flicker.com


၂၁ ဖေဖော်ဝါရီ ၂၀၀၉ မှာရိုက်ထားတဲ့ပုံပါ။
ဒီလိုစာရေးတတ်တဲ့အကျင့်လည်း ဘယ်သူကစတယ် မပြောတတ်ပါ။
သို့သော် မြန်မာတစ်ပြည်လုံးက ဘုရားပုထိုးတွေ နှင့် သာသနိက အဆောက်ဦးတွေမှာ ကြောက်စရာကောင်းလောက်အောင်မှတ်တမ်းတင်ကြပါတယ်။



နောက်ဆုံးပြောချင်တာက ပုဂံဘုရားတွေမှာရှိတဲ့ နံရံဆေးရေးပန်းချီ ဆိုပေမယ့် ပုဂံခေတ်လက်ရာတွေချည်း မမှတ်ပါနဲ့ ။ အင်းဝခေတ်ဟန်တွေလည်းရှိတယ် ဥပမာ ဥပါလိသိမ်။ ခေတ်သစ်လက်ရာတွေလည်းရှိတယ်။ နောက်မှအသေးစိတ်ပြန်လုပ်ကြည့်ပါဦးမယ်။

9/11/10

ရွှေဒင်္ဂါး ရွှေတို ရွှေစ


ရှေးပစ္စည်းကြည့်တယ်ဆိုတာမျိုးက တစ်ယောက်တည်းကြည့်တာထက် လူအများကြည့်တာပိုပြီးအကျိုးရှိပါတယ်။ တချို့က အနုပညာမျက်စိနှင့်ကြည့်တယ်၊ တချို့ က သမိုင်းမျက်စိနှင့်ကြည့်တယ်။ တချို့ က နည်းပညာပိုင်းဆိုင်ရာ မျက်စိနှင့်ကြည့်တယ်။ ဒီလိုအမြင်သုံးမျိုးလုံး တစ်ဦးတည်းဆီမှာရှိချင်မှရှိမယ်။ လူအများဝိုင်းကြည့်တော့ ရှူ့ ထောင့်မျိုးစုံကကြည့်တာဖြစ်တဲ့အတွက် အချက်လက်မျိုးစုံရတယ်။ ဒီတော့ ဒီပစ္စည်းကို ဘယ်တုန်းကလုပ်တယ် ၊ ဘယ်နေရာမှာ သုံးတယ်၊ ဘယ်သူတွေက ဘယ်လိုနည်းပညာနှင့်လုပ်တယ် စသဖြင့်ခန့် မှန်းလို့ ရ နိုင်တဲ့အတွက် ရှေးပစ္စည်းအားလုံးဟာ ယဉ်ကျေးမှု ၊ နည်းပညာ ၊ သမိုင်း စတာတွေကို အထောက်ကူဖြစ်စေတဲ့ ပစ္စည်းတွေပါဘဲ။

ရွာတစ်ရွာက လယ်စာရင်းငှါးလူတစ်ယောက်က လယ်ထွန်ရင်း မြေထဲကနေ ကြေးအိုးတစ်လုံးကောက်ရတယ်။ ဝမ်းသာအားရနှင့် လယ်ရှင်ကိုအပ်တယ်။ လယ်ရှင်ကလည်း ရွှေအိုး ဟုတ်မဟုတ်စစ်ကြည့် ပြီး ကြေးဖြစ်နေတဲ့အတွက် သာမန်ဘဲသဘောထားတယ်။ အိုးနပန်းမှာ စာရေးထားတဲ့ စာကိုဖတ်လည်းမဖတ်တတ် စိတ်လည်းမဝင်စား။ ထမင်း၊ ဟင်းချက်ဖို့ အိုးတစ်လုံးရတယ်လို့ သာသဘောထားတယ်။ ဒီလိုနှင့် အဲဒိကြေးအိုးနှင့်ချက်စားလိုက် ထင်းမီးတွေကြောင့် မဲသွားတဲ့အခါ ဖွဲပြာ ၊ စတီးဖတ် တွေနှင့် တိုက်ချွတ်ဆေးကြောလိုက်နှင့် ကြာလာတဲ့အခါ အိုးနပန်းကစာ ဖတ်မရအောင်ပျက်သွားပါပြီ။ တဆင့်စကား တဆင့်ကြားပြီး သတင်းရလို့ သွားကြည့်တဲ့အခါ ရေးထားတဲ့စာ တစ်လုံး ၊ နှစ်လုံးသာကျန်ပါတော့တယ်။


ဒီလိုဘဲ ပျူ ခေတ်လက်ရာ အရုပ်တွေထွင်းထုပုံဖော်ထားတဲ့ ကျောက်စစ်ရုပ်ပြားတစ်ခု လယ်ထွန်းရင်းကောက်ရတယ်။ ဒါးသွေးကျောက်လုပ်လိုက်တဲ့အတွက် သတင်းရလို့ သွားကြည့်တဲ့အခါ ကျောက်ပြားတစ်ဝက်သာ ကျန်ပါတော့တယ်။ ရွှေဒင်္ဂါး ၊ ရွှေဒင်္ဂါး ၊ ရွှေတိုရွှေစ ၊ ငွေတိုငွေစ စတာတွေကောက်ရတဲ့အခါ ရှေးဒီဇိုင်းအတုံးကြီးဆိုပြီး အရည်ကျိုပစ်တယ်။ ဒီလိုနှင့် အဖိုးတန် သမိုင်းဝင်ရှေးပစ္စည်းတွေပျောက်ပျက်ရတယ်။


ခုနောက်ပိုင်းမှာတော့ ပိုပြီးအမြင်ကျယ်လာပါပြီ။ ဒါကြောင့် ရှေးပစ္စည်းတွေ ရတဲ့အခါ ရောင်းစားရင်ဈေးကောင်းရမှန်းသိနေပါပြီ။ ရှေးဟောင်းပစ္စည်းရောင်း/ဝယ်တဲ့ လူကိုရှာပြီးရောင်းတယ်။ ဒီလိုနှင့် မြန်မာနိုင်ငံပြင်ပကို ရောက်သွားပါတယ်။ ဒါဟာလည်းပျက်ဆီးခြင်းတစ်မျိုးပါဘဲ။ ခုမြင်နေရတဲ့ ရွှေဒင်္ဂါး ရွှေတို ရွှေစ တွေကို ဗြိတိလျှ ပြတိုက်မှာ သိမ်းထားတယ်။ သုတေသန လုပ်ဆဲဖြစ်လို့ အများပြည်သူလေ့လာဖို့ ပြမထားပါ။ တစ်ခုခုတွေ့ ရင်ပြောခဲ့ပါဦး။

9/4/10

၂- မိဘုရားအကြောင်း

" မဟေသီ သာဘိသေကာ " ဟူ၍ မာဂဓအဘိဓာန်စာကိုယ် ( နှာ-၁၆၈ )။ " သာဘိသေကာ လဒ္ဓါဘိသေကာ ရာဇိတ္ထီ မဟေသီ နာမ " ဟူ၍ ၎င်းဋီကာ ( နှာ- ၁၆၉ ) တို့ ၌ လာရကား သွန်းလောင်းအပ်သော အဘိသိက်ရှိသော မိဘုရားကြီးသည် မဟေသီ မည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ ---

မဟ ပူဇာယံ ၊ ကမ္မနိ ဣသော၊ ဣေဿ၊ တတောဤ ---

ဟူ၍မိန့်အပ်၏။ မဟ၊ မဟသဒ္ဒါသည်။ ပူဇာယံ ၊ ပူဇော်ခြင်း၌ ဖြစ်၏။ ကမ္မနိ ၊ ကံအနက်၌။ ဣသော ၊ ဣသ ပစ္စည်းသက်ရာ၏။ ဣဿ ၊ ဣအက္ခရာကို ။ ဧ၊ ဧပြု ။ တတော ၊ ထို့ နောင်မှ။ ဤ၊ ဤ ပစ္စည်း သက်ရာ၏။

တနည်းကား -- များစွာကုန်သော မင်းမိန်းမတို့ ကို စိုးမိုးတတ်သောကြောင့် မဟေသီမည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ပင်လျှင်---

မဟတိယော ရာဇိတ္ထိယော ဤသတိ အဘိဘဝတီတိ ဝါ မဟေသီ၊ ဤသ ဣဿရိယေ ဤ---

ဟူ၍ မိန့် အပ်၏။ ဝါ ၊ တနည်းကား ။ မဟတိယော ၊ များစွာကုန်သော ။ ရာဇိတ္ထိယော ၊ မင်းမိန်းမတို့ ကို ။ ဤသတိ အဘိဘဝတိ ၊ စိုးမိုးတတ်၏ ။ ဣတိတသ္မာ၊ ထို့ ကြောင့် ။ မဟေသီ ၊ မဟေသီမည်၏။ ဤသ ၊ ဤသ သဒ္ဒါသည်။ ဣဿရိယေ ၊ စိုးမိုးခြင်း၌ ဖြစ်၏။ ဤ ၊ ဤ ပစ္စည်းသက်။ ဤကား ဋီကာပါဌ်၏ အနက်။

မိဖုရားခေါင်ကြီးမှတပါး အခြား မင်းမိန်းမများသည် ဘောဂိနီ မည်၏။ အဘယ်ကြောင့် မိဘုရားခေါင်ကြီးမှတပါး အခြား မိန်းမများသည် ဘောဂိနီမည်သနည်း ဟူမူကား- စည်းစိမ်ရှိသောကြောင့် ဘောဂိနီ မည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ " ဘောဂ ယောဂါ ဣနီ " ဟူ၍ မိန့် အပ်၏ ။ ဘောဂယောဂါ ၊ စည်းစိမ်နှင့် ယှဉ်ရကား။ ဘောဂိနီ ၊ ဘောဂိနီ မည်၏။ ဣနီ ၊ ဣနီပစ္စည်း သက်ရာ၏။

မိဖုရားခေါင်ကြီးလည်း မင်းကဲ့သို့ အဘိသိက် ခံသင့်ကြောင်းကိုကား ယခင် ဆိုအပ်ခဲ့ကုန်ပြီးသော အဘိဓာန်စာကိုယ်ဋီကာနှင့် အဘိသိက်ခံသောမင်း ၊ အဘိသိက်ခံသော မိဖုရားတို့ ၏ သားသည် ရာဇပုတ္တ မည်၏ ဟူ၍ လာသော သမ္မောဟဝိနောဒနီ အဋ္ဌကထာ ( နှာ--၅၀၁ ) များကို ထောက်၍ သိရာ၏ ။ မဟေသီ ၊ အဘိသိက်ရှိသော မိဖုရားကြီးသည် ပူဇော်အပ်သောကြောင့်တည်း ။
(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )
...................................................................................................

၁၉ ရာစုနှစ် မိဘုရားဝတ်ရုံ