3/31/09

ရခိုင် ဒင်္ဂါးပြား














ဗြိတိလျှ ပြတိုက်၊ လန်ဒန် က အဓိကထားပြီးပြောချင်တာက မြန်မာ (ပျူ ) ဒင်္ဂါးတွေဟာ ရခိုင်တွေကတဆင့်နည်းယူတယ်။ ရခိုင်တွေက တစ်ခါ ဘင်္ဂလား ဒင်္ဂါး တွေ ကမှ နည်းယူတယ်။
ဘင်္ဂလားတွေက နိပေါ တွေဆီကနည်းယူတယ်။

အဲဒီတော့ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တွေရဲ့ အယူအဆ တွေနှင့် အတော်ကြီးကွဲလွဲသွားပါပြီ။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် တို့ရဲ့ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါတဲ့ ဒင်္ဂါး သွင်းလုပ်သုံးစွဲနေပါပြီ ။

ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူတွေရဲ့မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယအထိ ရောက်သွားတဲ့ ကုန်သွယ်လမ်းမကြီးဟာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနှင့်အပြိုင်ရှိခဲ့တာပါ။

ဒီလို လက္ခဏာတွေပါတဲ့ ဒင်္ဂါး တွေကိုလည်း ဒီလမ်းတောက်လျှောက် အရေအတွက် တော်တော်များများ တွေ့ရတယ်။
ရခိုင်မှာအစောဆုံး နေထိုင်တဲ့လူတွေက တိဘက်မြန်မာအနွယ်ဝင်တွေပါ။ အစကနဦးမှာ အန္ဒိယ မြောက်ပိုင်း ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုကို ခံယူတယ်။ အထူးသဖြင့် "သီဝ" (Shiva ) နတ်ကိုကိုးကွယ်တယ်။

မင်းတွေကိုယ်တိုင်က ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကိုနှစ်သက်ခံယူတယ်။ မင်းတစ်ပါး နန်းတက်တိုင်း အဲဒိမင်းဘွဲ့ အမည်ပါ ဒင်္ဂါး အသစ်သွင်းလုပ်ပြီး ငွေသားအဖြစ် အသုံးပြုစေပါတယ်။

အစောဆုံး ဒင်္ဂါး လို့ပြောနိုင်တာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။
နောက်ထပ်တွေ့ရတဲ့ မင်းဘွဲ့ အမည်ပါ ဒင်္ဂါး တွေက
နိတိစန္ဒြ ( ၅၂၀ - ၅၇၅ )
ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )

ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )
ပတွိစန္ဒြ ( ၅၉၀-၅၉၇ )
ဒတိစန္ဒြ ( ၅၉၇-၆၀၀ )
ဓမဝိဇယ (၆၆၅-၇၀၁ )
ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။
( ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးပေမယ့် စာဖတ် မရသေးလို့ မင်းဘွဲ့အမည်မသိ )

ရခိုင်တွေဟာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နေပြီ လို့ပညာရှင်အများစုက ခန့်မှန်းတယ်။ ဒါပေမယ့် ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ ဘယ်မင်းဆက်၊ ဘယ်ရာစုမှာ စပြီး မပါတော့တာလဲဆိုပြောဖို့ ရာ စောနေပါသေးတယ်။

ကျွန်တော်စုစောင်းထားတဲ့ အထဲက အစောဆုံး ဒင်္ဂါပြားတွေပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတွေ မပါတော့တဲ့ ဒင်္ဂါပြားစာရင်းကိုကြည့်ပါ။
မင်းဘွဲ့အမည်တွေကိုသာ ဒင်္ဂါပြားနှင့် အပြည့် ရေးထိုးသွင်းလုပ်စေတယ်လို့ ကောက်ချက်ချရပါမယ်။

စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွေ့ရ။

နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့တွေ့ရ။


စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့တွေ့ရ။

မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉ လို့တွေ့ရ။

၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေအများကြီးရှိနေပါတယ်။ ၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးရှိနေပါသေးတယ်။

စာတွေဖတ်လို့ရပြီမို့ပုံတွေကို နောက်ပိုင်းမှာ စာနှင့်တွဲပြီတင်ပါမယ်။ တချို့ပုံကောင်းတွေကို သက်ဆိုင်ရာ website / blog နှင့် ကိုယ်ပိုင်စုစောင်းထားသူတွေဆီက တောင်းပေမယ့် အများစုက အကြောင်းမပြန်ပါ။

တချို့ကတော့ အတုတွေဖြစ်နေလို့ စီစစ်ရပါအုံးမယ်။


ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နှင့် တွဲနေတဲ့ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားမို့ အင်မတန် တန်ဖိုးကြီးပါတယ်။ ကျောက်စာတွေ တွေ့ရပေမယ့် အရေအတွက်နည်းနေပါသေးတယ်။ ရခိုင် ဒင်္ဂါပြားတွေကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံတဲ့ သုတေသန အထောက်အထားမရသေးပါ။

ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားတာက ရခိုင်တွေဟာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာ နှင့်စာရေးတယ်။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ သက္ကတ ဂုပ္တ အက္ခရာ လို့ပါတယ်။ ဒီအချက်ကို သတိထားပြီး မမှန်ဘူးလို့ ပြောရပါမယ်။ ( နန္ဒီ ) " နွား" အပေါ်မှာရေးထားတဲ့စာဟာ ဗြဟ္မဏီစာ ဖြစ်ပါတယ်။

ဒီပိုစ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေရဲ့ အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါတယ်။ ရခိုင် ဒင်္ဂါပြားနှင့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ဟိုတစ်စ ၊ ဒီတစ်စ သာ ရှိပါသေးတယ်။ ကြိုက်သလိုဝေဖန်ပါ၊ကဲ့ရဲ့ပါ၊ထောက်ပြပါ။

နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား















နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား


အမျိုးအစား - နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြား ။
အလေးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) Add Imageပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ

အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းသက်တယ်။ မြန်မာတွေဟာ ငွေသတ္တုရင်းမြစ်ပေါကြွယ်သလို အနီး ပတ်ဝန်းကျင် ဒေသတွေနှင့် ခိုင်မာတဲ့ ကုန်သွယ်ရောင်းဝယ်မှုတွေရှိပါတယ်။ ဒါကြောင့် ငွေဒင်္ဂါးတွေ သွင်းလုပ်အသုံးပြုလာပါတယ်။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတော့ ဘင်္ဂလားနှင့် ကပ်နေတဲ့ ရခိုင်က ဒင်္ဂါးတွေကို မှီတယ်။ ဘင်္ဂလား ဒင်္ဂါးတွေက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတွေ ကို အတုယူတယ် ။

ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာတွေ့မယ်။ နွားရဲ့ အပေါ်မှာ ဗြမဏီ အက္ခရာနှင့်ရေးထားတဲ့ မင်း ဘွဲ့နာမည်ရှိမယ်။ ဒင်္ဂါးရဲ့အခြား တဘက်မှာတော့ သီရီဝစ္ဆ (အိမ်မွန် ) ရှိမယ်။ သီရီဝစ္ဆ (အိမ်မွန် )ရဲ့အပေါ်မှာ"နေ နှင့် လ " ကိုတွေ့ရမယ်။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နေတဲ့ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တဲ့ “ လင်္ဂ “။
အမှတ်လက္ခဏာတွေရဲ့ အဓိပ္ပါယ် တွေကို အနက်ဖွင့်ရာတွင် Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။

======================================================

Pashupati က သက္ကတ ဘာသာပါ။ Pashu ဆိုတာရဲ့ အနက်က Animal (သက်ရှိသတ္တ၀ါ ) တိရိစ္ဆာန်။ Pati က God (ဖန်ဆင်းရှင် ဘုရား)။ ဒီတော့ လူကလွဲပြီး သက်ရှိ သက်ရှိသတ္တ၀ါ အားလုံး၊ တစ်နည်း တိရိစ္ဆာန် တွေအားလုံး ရဲ့ ဖန်ဆင်းရှင်၊ အရှင်သခင် လို့အနက်ရတယ်။ အများအခေါ် နွားလား ဥဿဖ ။
သက္ကတလို பசுபதி முத்திரை


ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေကျန်နေပါသေးတယ်။ ဖွင့်ဆိုချက်မှားတာလည်း နှစ်ချက်ပါတယ်။ ခုနှစ် မသေချာတဲ့အချက်က တစ်ချက်ပါတယ်။

ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေက

( ၁ ) ရခိုင် ဒင်္ဂါးတွေမှာ အမြဲတွေ့နေရတဲ့ " ပုလဲစက်ဝန်း" ပါ။ ရခိုင် ဒင်္ဂါး ရဲ့ပြင်ဘက်ဆုံး အဝန်းဝိုင်းကို "
ပုလဲစက်ဝန်း " နှင့်ဝန်းရံထားလေ့ရှိပါတယ် ။ တချို့ပညာရှင်တွေက " ဗိန္ဓု " အစက်အပျောက်
ရယ်လို့အမည်ပေးတယ်။
( ၂ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အပေါ်မှာ ကပ်လျှက် နှစ်ဘက် စလုံးကို အုပ်မိုး နေတဲ့
" အရွက်ငါးရွက်ပါ သစ်ခက် " တစ်စုံ ။
( ၃ ) တိသုလ(သုံးခွ လှံဆူး) ရဲ့ အောက်က ပုလဲခုနှစ်လုံးတန်း ။
( ၄ ) ဒင်္ဂါးပြားအခြားတစ်ဘက်ရှိ " နန္ဒိ " (နွား) ရဲ့လည်ပင်းမှာ စွတ်ပေးထားတဲ့ အစက်ပျောက် ငါးခု နှင့်
ပုံဖော်ထားတဲ့ပန်းကုံး ။


ဖွင့်ဆိုချက်မှားတဲ့ နှစ်ချက်က

ဗြိတိလျှ ပြတိုက်၊ လန်ဒန် ရဲ့ဖော်ပြချက်တွေဟာ Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) စာအုပ်ကို ကိုးကားပြီးဖော်ပြတာပါ။

ဒီရခိုင် ဒင်္ဂါး ရဲ့ အမှတ်လက္ခဏာဖွင့်ဆိုချက်တွေ တချို့ မမှန်ပါ။ Crib,B Cook နှင့် I. Carrradice တို့ရဲ့အဆို ဒီရခိုင် ဒင်္ဂါးမှာ သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပါတယ်လို့ဆိုတယ် ။
သီရိဝစ္ဆ (အိမ်မွန်) ဟာ ဗိဿနိုး (Vishnu) ကိုးကွယ်မှုဆိုင်ရာ လက္ခဏာသာဖြစ်တယ်။

ဒင်္ဂါးကို သေသေချာချာကြည့်တော့ သီရိဝစ္ဆ (အိမ်မွန်) မဟုတ်ဘဲ သီဝ နတ်မင်းရဲ့ လက်နက်
တိသုလ(သုံးခွ လှံဆူး)ဖြစ်ဖို့များတယ်။


တချို့ ဟိန္ဒူဘုရာကြောင်းတွေမှာ ( နန္ဒီ ) " နွား" နှင့်အမြဲလို ယှဉ်တွဲပြီးတွေ့ရတတ်တဲ့ " လင်္ဂ" (Linga) ခေါ် ဂိဂ္န ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ် ရှိတဲ့ " သိဝ" နတ်မင်းကိုးကွယ်မှုဆိုင်ရာ လက္ခဏာပါ။

ဒါကိုဆက်စပ်ပြီးတော့ ဒင်္ဂါး အတွင်းပိုင်း တိသုလ(သုံးခွ လှံဆူး) ရဲ့အလယ် တည့်တည့်က အပေါ်ကိုထောင်နေတဲ့ လှံဆူး ကို " လင်္ဂ" (Linga)၊ သက္ကတ အခေါ် ဂိဂ္န လို့ဆိုတာကတော့ မှားနေတယ် ၊ မဟုတ်ပါလို့ဘဲပြောရမယ် ။

ခုနှစ် မသေချာတဲ့အချက် တစ်ချက်က
မသေချာတဲ့အချက်က သမိုင်းမှတ်တမ်းအတွက် အရေးအကြီးဆုံးပြစ်နေပါတယ်။

နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြားလို့ဆိုပြီး ခန့်မှန်း ခရစ်နှစ် ၈ ရာစုလို့ဖော်ပြထားတယ်။
ရခိုင်ရာဇဝင်ကို လေ့လာကြည့်တော့ နိတိ စန္ဒြ ( ၅၂၀-၅၇၅)လို့တွေ့ရတယ် ။
ဒီတစ်ချက် ပြတိုက်က မှားပြန်တယ်။

3/22/09

ပျူ ဒင်္ဂါးပြား


အမျိုးအစား - သရေခတ္တရာ၊ ပျူ ဒင်္ဂါးပြား အလေးချိန် - ၁၀.၈၀၀ ဂရမ် ပြတိုက်ပစ္စည်း အမှတ် - CM 1981-12-14-2 ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ


၈ ရာစု နှစ် မြန်မာနိုင်ငံ အရှေ့ပိုင်းကို ပျူတွေ အုပ်စိုးတယ်။ ဒဂါင်္း သွင်းလုပ် အသုံးပြု တဲ့ပညာရပ်တွေကို မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင် တွေကတဆင့် သင်ယူတတ်မြောက်တယ်။ ဒီ ဒဂါင်္း မှာ အိန္ဒိယ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ် လက္ခဏာ တွေကိုတွေ့ရပါတယ်။ ဒဂါင်္း ရဲ့အလယ် မှာ " ပလ္လင် " ရှိမယ်။ ပလ္လင်ရဲ့ ထက်၊ အောက် အလယ် ဗဟိုလ်ဖြတ်ပြီး " သရဖူ " နှင့် ချည်နှောင်ထားပါမယ်။ ပလ္လင် ရဲ့အပေါ် နားဆီမှာတော့ " မီးလျှံ " ငယ်တွေ ကိုတွေ့ရမယ်။
ဒဂါင်္း ရဲ့ တစ်ခြားတစ်ဘက်မှာတော့ " သီရီ နတ်ဘုရား " ရဲ့အမှတ်လက္ခတွေဖြစ်တဲ့ " ချမ်းသာခြင်း နှင့် ကံကောင်းခြင်း " ဆိုတဲ့ " သီရီဝစ္ဆ " (အိမ်မွန် ) ကိုတွေ့ရမယ်။ အိမ်မွန် ရဲ့အတွင်းထဲမှာ " သီဝနတ်မင်း " ကို ကိုယ်စားပြု " တောင် " လက္ခဏာ ကိုတွေ့ရပါမယ်။ ဒီတောင် အမှတ်လက္ခဏာဟာ " ကမ္ဘာ မြေ " ကို ကိုယ်စား ပြုတယ်လို့လည်း ဆိုနိုင်တယ်။ တောင်ရဲ့ အောက်ခြေမှာတော့ " သမုဒ္ဒရာ " ကိုယ်စားပြု " ရေလှိုင်း " လက္ခဏာကို တွေ့ရမယ်။ အိမ်မွန် ရဲ့ ဘယ်ဘက်ဘေး မှာ သိကြားမင်း ကိုင်စွဲတဲ့ " ဝရဇိန် " လက်နက် ၊ ညာဘက်မှာတော့ " ဗိသဏိုး နတ်မင်း " ကိုယ်စားပြု " ခရုသင်း " ကိုတွေ့ရပါမယ်။ ဒါတွေအားလုံးရဲ့ အပေါ်မှာ စက်ဝိုင်းပုံ အမှတ် လက္ခဏာဟာ " လ " ကို ကိုယ်စားပြုပြီး ၊ " ကြယ် " ပုံစံလိုဖြစ်နေတဲ့ အမှတ်လက္ခဏာကတော့ " နေ "ကိုကိုယ်စားပြုတယ်။ အမှတ် လက္ခဏာ အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အောက်ပါစာ အုပ်များအား ကိုးကား၍ ဖော်ပြသည်။ J. Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) J. Williams (ed.), Money: a history (London, The British Museum Press, 1997)

====================================================
ပျူ ဒဂါင်္းတွေကို တချို့ site/ blog တွေမှာတွေ့နေရပါတယ်။ ပျူဒဂါင်္း လို့ဆိုကြပေမယ့် ကမ္ဘောဒီးယား " ဖူနန် " သရေသရေခတ္တရာ ကိုဖြတ်ပြီး ရခိုင်ထိရောက်တဲ့ ကုန်သွယ်လမ်းမကြီး တလျှောက် တွေ့ရပါတယ်။ တချို့ ပညာရှင်တွေက ဖူနန်မှာ ဒီလို ဒဂါင်္း မျိုးကို ၃ ရာစုကတည်းက အသုံးပြုနေပြီ လို့ဆိုတယ်။ ဒေါက်တာ သန်းထွန်းက လည်း ဒီအဆိုကို မငြင်းတာမို့ ထောက်ခံချင်ပုံရတယ်။ ရှေးဟောင်းသုတေသန တူးဖော်ရေး ကတော့ ဒဂါင်္း တွေ ထုတ်ရာမှာ အသုံးပြုတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် တူးဖော်ရရှိတယ်လို့ဆိုထားတယ်။ ကျွန်တော် မမြင်ဘူးသေးပါ။ အပေါ်က အဆို ၂ ခုလုံး ထောက်ခံဖို့ရော ၊ ငြင်း ဖို့ရော အထောက်ထား မရသေးပါ။ ရှေးဟောင်းသုတေသန တူးဖော်ရေး က ရရှိထားတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် ကိုလေ့လာခွင့်ရရင် အဖြေ ရနိုင်မယ်ထင်ပါတယ်။ သေသေ ချာချာ ပြောနိုင်တာက ပျူတွေဟာ ကျောက်စစ်တဲ့ ပညာမှာ ရော ၊ သတ္တု ပုံသွင်း အသုံးပြုတဲ့ ပညာမှာပါ ပုဂံမြန်မာတွေထက် အများကြီးသာလွန်တယ်ဆိုတာပါဘဲ။

ပျူ ဘုရင်သုံး ဒင်္ဂါးပြား

3/21/09

ရှေးပစ္စည်း

ရှေးဟောင်းသုတေသန တူးဖော်ရေး Archaeological Excavation ဆိုတာတွေမှာ ရှေးပစ္စည်း ကိုကြည့်ပြီး ဒီပစ္စည်း ကိုဘယ်သူလုပ်သလဲ ဘယ်တုန်းကလုပ်သလဲ ဘာအတွက်လုပ်သလဲ လို့အဖြေရှာတယ် ။ သိရင် ရှေးကလူတွေ ဘာစားသလဲ ၊ ဘာဝတ်သလဲ ၊ ဘယ်လိုနေထိုင်ကြသလဲ ၊ ဘာတွေ ကိုးကွယ်ယုံ ကြည် သလဲဆိုတာ ဖော်ထုတ်တယ် ။
( ဒေါက်တာ သန်းထွန်း ၊ငါ ပြောချင်သမျှ ငါ့အကြောင်း )

3/19/09

ရတနာပုံ ငွေဒင်္ဂါး












































ဒီ ရတနာပုံ ငွေဒင်္ဂါး ဓာတ်ပုံကို ( Private Collector )တစ်ဦးမှ ကျေးဇူးပြုသည်။

၁၈၈၆ မြန်မာ ကျမ်းအမည်များ

ရုရှား နိုင်ငံသား တစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းပါ မြန်မာ ကျမ်းအမည်များ
အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev,1940- 1890 )ရဲ့ နေ့စဉ်မှတ်တမ်းပါ ကျမ်းတွေကို စာရင်းလုပ်ကြည့်ပါတယ်။

၂၅ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ သဗန္ဓစိန္တာ ဋီကာ
၂။ ဘေဒ စိန္တာဒီပနီ
၃။ ကာရိကာ ဋီကာ
၎။ ဧကက္ကရ ဋီကာ
၅။ ဂန္ဓာဘရဏ ဋီကာ
၆။ ဝစ္စဝါစက ဋီကာ
၇။ သဒ္ဒ ဝုတ္တိဋီကာ
၈။ ဝိစိတ္တာလုံကာရ ( သဓမ္မကိတ္တိထေရ ပြု )
၉။ ဃာဂဂန္ဓသစ္စာသံခေပ ( မြန်မာဘာသာ ၊ ဘဒ္ဒန္တ ဓမ္မပါလပြု) ( ထိုကျမ်း ပါကျမ်းဦးစကားမှာ ကျမ်းပြုဆရာဟာ အာနန္ဒထေရ ဖြစ်တယ်လို့ပဲတွေ့ရ )
၁၀။ ဒသဝတ္ထု ကထာ (ခေါ်) ဒသဝတ္ထုပကရဏ
၁၁။ ရုန္ဒြယာမလ ဓန္တြ (ခေါ်) ဓာတုပြဂံသ နေတ္တိ အတ္ထကထာယ ဋီကာ ( မြန်မာ အက္ခရာဖြင့်ရေး )

၂၆ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဏိဒီပ ဋီကာ
၂။ ဝိသုဒ္ဓိ မဂ္ဂဋ္ဌကထာ
၃။ ဓာတုမာလာ
၎။ ဝဇိရသာရ
၅။ အာပဒါ နဋ္ဌကထာ
၆။ ပါတိမောက္ခ နဲ့အလားတူကျမ်း ( ကျမ်းအမည်အတိအကျမဖော်ပြ )

၂၇ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဏိသာရ ဒီပနီ
၂။ ရာဇာဓိ ရာဇဓမ္မစာရဒီပနီ ( ဒီကျမ်းကို မိဖ်နယယ့်က အမည်ဆန်း၊ နားမလည်လို့ မှတ်ချက်ပေးထားတယ် )

၂၈ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ ဝိစိတ္တာလံကာရ ( သဒ္ဓမ္မကိတ္တိ ရေး ၊ အလင်္ကာရ နှင့်ဆိုင် )
၂။ သုစိတ္တာ လံကာရ ( ဗုဒ္ဓဟောကြားတဲ့ တရားတော် ကိုသုံးသပ်ချက် )
၃။ ဆဂတိ ဒီပနီ
၎။ ဝဇိသာရ
၅။ ဝါစီသာရတ္ထသံဂဟဏ္ဏ
၆။ ဝိသုဒ္ဓိ မဂ္ဂ ကဋ္ဌကထာ
၇။ မနုကျယ်
၈။ ဒီပစံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
၉။ ဒလဒါ ဓာတုဝံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
၁၀။ ရာဇဝံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
ပိဋကတ်သုံးပုံ အစုံရှိတယ်၊ ဗုဒ္ဓဃောသ ပြုစုတယ်ဆိုတဲ့ ဋီကာ တစ်ဆယ့်သုံးကျမ်း


၂၉ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

ကုသိုလ်တော်ကျောင်းဝင်းအတွင်းရှိ ပိဋကတ် ကျောက်ပြားများမှ
၁။ ဝိနယ ပိဋက ကျောက်ပြား
၂။ ဘိက္ခုနီပါ စိတ္တိယ (ကျောက်ပြား ရှစ်ပြားမှ )
၃။ ဘိက္ခု ပါ စိတ္တိယ( ကျောက်ပြား တစ်ဆယ့်သုံးပြားမှ )
၎။ ဘိက္ခုနီပါ တိမောက္ခ ကျောက်ပြား
၅။ ဘိက္ခု ပါတိမောက္ခ ( ကျောက်ပြား တစ်ဆယ့်ကိုးပြားမှ)
၆။ ပါရာဇိက (ပါဠိ ) ( ကျောက်ပြား တစ်ဆယ့်ကိုးပြားမှ)
၇။ မဇ္ဈိမနီကာယ ( ကုသိုလ်တော်ကျောင်းဝင်းအပြင်တန်း )
၈။ ရာဇစံသ
၉။ ကေသဓာတုပကာသိနီ
၁၀။ စတုတ္ထသင်္ဂါယနာ
၁၁။ သူရိယ သိဒ္ဓန္တ ဋီကာ
၁၂။ သက္ကတာဘိဓာနပါဒ
၁၃။ လီလာဝတီ
၁၄။ သက္ကတာဘိဓာနပါဒ
၁၅။ သာသနာလင်္ကာရ
၁၆။ ယောဟယာတြကလာပ
၁၇။ မဟာဝံသ
၁၈။ သာသနာဒီပက ( ရှိတယ်လို့သိ၊ လိုက်မရှာ )

၁ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဟာဝင်
၂။ ဒလဒါ ဓာတုစံသ ဋီကာ

၂ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ သုတ္တန္တ ပိဋက ( ကုသိုလ်တော်၊ အပြင်ဆုံးဝင်း)
၂။ အဘိဓမ္မ ပိဋက ( ကုသိုလ်တော်၊ အလယ် )
၃။ ဝိနယ ပိဋက ( ကုသိုလ်တော်၊ အတွင်းဆုံး )
၎။ ဘိက္ခုနီပါစိတ္တယ ( ကုသိုလ်တော် ၊ ဒုတိယဝင်း )
၅။ ဝိနယမဟာ ဝဂ္ဂ ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၆။ စုလ္လဝဂ္ဂ ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၇။ က္ကုန္ဒြီယဇာတက ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၈။ ပဋ္ဌာန ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၁၁။ ဓာတုကေသပကာသနီ

၎ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ မိလိန္ဒပဥှာ ( ကုသိုလ်တော်အပြင်ဝင်း )
၂။ ပေဋကော ပဒေသ ( ကုသိုလ်တော်အပြင်ဝင်း )
၃။ နေတ္တိ ( ကုသိုလ်တော်အပြင်ဝင်း )
၎။ သုမင်္ဂလဝိလာသိနီ ဋီကာ ( ငွေ ၁၁ ကျပ်နှင့်ဝယ် )
၅။ သုတ္တပဋ္ဌေ့ယျ ဋီကာ ( ငွေ ၁၂ ကျပ်နှင့်ဝယ် )
၆။ ပါစိတ္တိယ

၆ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ သာသနဝံသဒီပ ( သီဟိုဠ်ကျမ်း)

၇ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ နသ
၂။ အဘိ ဓမ္မသင်္ဂဟ

မိဖ်နယယ့်ရဲ့ နေ့စဉ်ရေး မှတ်တမ်းထဲက ကျမ်းအမည် နှင့် နေ့စွဲကိုသာ အဓိက ထားပြီး စာရင်းလုပ်တာပါ။ သုတေသန ပုံစံ စာရင်းမဟုတ်သေးပါ။
မိဖ်နယယ့်ဟာ သူ့ရဲ့ နေ့စဉ်ရေး မှတ်တမ်းကို ရုရှားလိုရေးတယ်။ ဟီရမ်ဒရာနသ် စန်ယယ် (Hirendranath Sanyal ) က အင်္ဂလိပ်လိုဘာသာပြန်တယ်။ ပါဠိ ဘာသာပြန်အတွက် ချန်ဒရာ စန် ဂုပတား (Chandra Sen Gupta) ကူညီတည်းဖြတ်တယ်။
မြန်မာ ဘာသာပြန်သူ ဒေါက်တာသန်းထွန်း။ ကျွန်တော်က ဒေါက်တာသန်းထွန်း ဘာသာပြန်ကို မှီငြမ်းတယ်။ မူရင်းစာကို မဖတ်ဖူးပါ ၊ ရှာနေဆဲပါ။

မူရင်း စာအုပ် အမေရိကန်နိုင်ငံ ကော်နယ်လ် တက္ကသိုလ် စာကြည့်တိုက် (Cornell University Library ) မှာရှိပါတယ်။ လှမ်းတောင်းတော့ ပုံနှိပ် စာအုပ်သာရှိတယ် ၊ Electronic Book မဟုတ်လို့အကြောင်းပြန်တယ်။


စာအုပ် နှင့်ပတ်သက်ပြီး သိသမျှက ဒါတွေပါ။
Database: Cornell University Library
Uniform Title: Dnevniki puteshestviĭ v Indii︠u︡ i Birmu, 1880 i 1885-1886. English
Title: Travels in and diaries of India & Burma / [translated by Hirendranath Sanyal ; compared with the Russian text by Sunil Bhattacharya, language edited by Sailesh Chandra Sen Gupta].
Published: [Calcutta : Debi Prasad Mukhopadhyaya, Eastern Trading Co., 1958?]
Description: 284 p. : ill. ; 23 cm.
Location: Kroch Library Asia
Call Number: DS413 .M66 1958
Status: Not Charged

3/16/09

နန်းစဉ်ရတနာ နှင့် စလေဒင် (၃)


နန်းတွင်းပစ္စည်းတွေ နှင့် စလေဒင် မရိုးမသား လူလည် လုပ်တာကို သက်သေအဖြစ် ဇန်နဝါရီ ၂၁ မှာ မန္တလေးနန်းတော် ရောက် ဥရောပ သာတစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းကို ဆွဲထုတ်ပြချင်ပါတယ်။ ရုရှားလူမျိုး ပါဠိ ၊ သက္ကတ နှင့် အရှေ့တိုင်းဘာသာစကား ပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev,1940- 1890 )ပါ။
၂၁ ဇန်နဝါရီ ၁၈၈၆ မှာ ကျမ်းတွေ ရှာဖို့ရာ မန္တလေးကို ရောက်တယ်။ မိဖ်နယယ့်ရဲ့ နေ့စဉ်မှတ်တမ်းအရ " ဘုရင့်မိဘုရားပိုင် နန်းတွင်းပစ္စည်း" ကိုလေလံပစ် ရောင်းချ ရာမှာ စလေဒင်ဟာ အဓိက တာဝန်ရှိသူ အဖြစ် ပိုပြီး ပြောလို့ရနေပါပြီ။ သူ့မှတ်တမ်းမှာ ပါတဲ့ မန္တလေး ကျမ်းစာရင်းဟာ သိပ်တန်ဖိုး ရှိပါတယ်။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး တမ်းမှာ ပါတဲ့ လေလံ ပစ္စည်းတွေကို ရသလောက် စာရင်းလုပ်ကြည့်တော့

၁ ။ ဘုရင့်မိဘုရား ဆုတောင်းစာအုပ်
၂ ။ စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်
၃ ။ အနုစိတ် ပန်းပုလက်ရာ ဆင်စွယ် ကုလားထိုင်
၎ ။ ဗုဒ္ဓရုပ်ပွားတော်အချို့

၂၅ ဇန်နဝါရီ ၁၈၈၆ မှာဘဲ သူကိုယ်တိုင် လေလံပွဲကိုရောက်တယ်။
ဒါပေမယ့် သူလိုချင်တဲ့ ကျမ်းတွေ " မတွေ့" လို့သာရေးထားတယ်။
ဘာပစ္စည်းတွေ လေလံပစ်တယ်လို့ မရေးတော့ သိပ်အရေးကြီးတဲ့ အဖိုးတန်သက်သေခံ ပစ္စည်းစာရင်း မရလိုက်ပါ။

လေလံပစ္စည်းစာရင်း မရှိပေမယ့် ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ ဆိုကတည်းက အဖိုးတန်ရတနာ ပစ္စည်းတွေပါနိုင်တယ်၊ အနုပညာလက်ရာ ပစ္စည်းတွေသာဖြစ်မှာပါ။

"ဘုရင့်မိဘုရားပိုင် ဆုတောင်းစာအုပ် နှင့် စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်" ကိုတော့ ဂျာမန်အမျိုးသား တစ်ဦးက ဝယ်ယူသွားပါတယ်။

အဲဒီအချိန် မန္တလေးမှာ ရာထူးအမြင့်ဆုံးဟာ ပရင်ဒါဂါတ် နှင့် စလေဒင်ပါ ။ ပရင်ဒါဂါတ် ဟာစစ်ရေး စစ်ရာတွေကိုသာ အဓိကတာဝန်ယူသူပါ။ စလေဒင်ဟာ မြို့ပြ အုပ်ချုပ်ရေး ကိုတာဝန်ယူရသူပါ။ လေလံပွဲ စီစဉ်သူ နှင့် တာဝန်ရှိသူ က စလေဒင်ဘဲဖြစ်နိုင်ပါတယ်။
မိဖ်နယယ့် ရဲ့နေ့စဉ် မှတ်တမ်းမှာ ဘုရင်ပိုင် ပစ္စည်း နှင့် ပစ္စည်းထားရာ အခန်းတွေကို အဓိက စိမန်ခန့်ခွဲသူဟာလည်း စလေဒင်ဖြစ်ပါတယ်။ ပစ္စည်းထိမ်းကော်မတီ ရဲ့လက်အောက်မှာ ရှိတာဘုရင့် ပိဋကတ် တိုက်လို့တွေ့ရပါသေးတယ်။

၆ ဖေဖော်ဝါရီ ၁၈၈၆၊ ရက်စွဲပါ မှတ်တမ်းမှာ စလေဒင်က ကြေးကြီးကြီး ဈေးခေါ်ထားတဲ့ ကျမ်း ၂ စောင်ကို မိဖ်နယယ့် ဆီလူလွတ်ပြီးရောင်းတယ်။ မဝယ်ပါ။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် ရဲ့မှတ်တမ်းကိုကြည့်ပြီး မန္တလေးနန်းတော်ထဲမှာ " ၂၅ ဇန်နဝါရီ မှာ ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ လေလံပွဲ " လုပ်တယ်ဆိုကတည်းက အများစုဟာ ဘုရင် နှင့် ဘုရင့်မိဖုရား ၊ ဆင်ဖြူမရှင် တို့ တိုင်ချက်ဖွင့် ထားတဲ့ ရတနာ ပစ္စည်းတွေ ဖြစ်နိုင်တယ်ပါတယ်။ ရောင်းလို့မကုန် ဘဲကျန်ခဲ့တာဆိုလို့ ပိဋကတ် တိုက် ထဲက ကျမ်းတွေပါဘဲ။ ဒါလဲ မိဖ်နယယ့် အပါဝင် နိုင်ငံခြားသားရော၊ မြန်မာတွေကပါ မွှေနှောက်ထားပါသေးတယ်။

သမိုင်း ဆရာ W . S Desai က စလေဒင် ရဲ့ ထွတ်ဆိုချက်ဟာ ရိုးသားပြီး ပွင့်လင်းတယ်လို့ပြောတယ်။ သူပြောသလို မထင်ပါ။ သီပေါရဲ့ တိုင်ချက်မှာ သူပိုင် ရတနာပစ္စည်းတွေ စာရင်း ခိုင်ခိုင်မာမာ မပြနိုင်ပေမယ့် သက်သေ ခိုင်မာ အောင်ပြနိုင်ပါတယ်။ တိုင်းတာမင်းကြီး ၊ ရွှေတိုက်အတွင်းဝန် နှင့် စလေဒင်ရဲ့ စာရေး နီကလပ် လို့ပါတယ်။
စလေဒင်ရဲ့ ပြန်ကြားချက်ထဲမှာ ရွှေတိုက်အတွင်းဝန် ပြောတာမှန်နိုင်ကြောင်းသာ ပြောပါတယ်။ အရေးကြီးတဲ့ ပစ္စည်း စာရင်း ပုရပိုက်ကို မမှတ်မိ၊ သူ့တပ်သား ကိုလည်းမမှတ်မိ။ ရတနာပစ္စည်းတွေ နန်းတော်ကျန်းပြင်မှာ ပြန့်ကြဲ နေတယ်။ နန်းတော်ထဲမှာ လဲအပြင်လူ အရပ်သားတွေနှင့် ရှုပ်ထွေးနေတယ်လို့ အခြေအနေတွေကို ရှုပ် ထွေးပြီးမသေချာ မရေရာအောင် ဖြေခဲ့တာပါ။ အရေးကြီးတဲ့ သက်သေတွေကို ဖျောက်ပစ်တာပါဘဲ။

နန်းတော်ဝင်တဲ့ နန်းသိမ်းတပ်ဟာ ဗြိတိလျှ စစ်သားတွေချည်းပါ။ သူ့တပ်သားကို မမှတ်မိဘူဆိုရင်တောင် ဗြိတိလျှ စစ်တပ်ဟာ အဲဒီအချိန်က သိပ်စည်းကမ်းကောင်းတာမို့ တပ်သားစာရင်းပြန်စစ်ပြီး တာဝန်ကျစစ်သားကို ပြန်ဖော်လို့ရပါတယ်။ ပါတော်မူပြီးနောက်ပိုင်းမှာလည်း နန်းတွင်းတပ်ဟာ ဟာဗြိတိလျှ စစ်သားတွေချည်းပါ။ စလေဒင်ထွက်ဆိုသလို နန်းတော်ထဲမှာ သာမန်အရပ်သားတွေ နှင့် ရှုပ်ထွေးနေတယ်ဆိုတာလည်း စဉ်းစားစရာပါ။ တိုင်းပြည် မင်းပြောင်းမင်းလွှဲ ဖြစ်ပြီး အသက် အန္တရာယ်
စိုးရိမ် နေရတဲ့ အချိန်မျိုးမှာ နန်းတော်ထဲ ဝင်လုဖို့ဆိုတာ စိတ်ကူးရဲမယ်မထင်ပါ။ ဗြိတိလျှ စစ်သားတွေကလည်း ဒီလို အမှားမခံနိုင်လောက်အောင် အင်မတန် အရေးကြီးတဲ့ အချိန်မျိုးမှာ အခြေနေတွေ ရှုပ်ထွေးအောင် သာမန်အရပ်သားတွေ ကိုနန်းတော်ထဲ ဝင်ခွင့်ပေးမယ် မထင်ပါ။


တိုင်ချက် ၂ ခုမှာဆင်ဖြူမရှင်ရဲ့ တိုင်ချက်က ပိုတိကျ ခိုင်မာပါတယ်။ သူပိုင် ရတနာပစ္စည်းတွေကို ခိုင်ခိုင်မာမာ စာရင်းလုပ်ပြီး ပြနိုင်ပါတယ်။ ဒါပေမယ့် သီပေါလိုပါဘဲ၊ တိုင်ချက်ထဲမှာ မလိုအပ်ပါဘဲ မမှန်ကန်တဲ့ တခြားအချက်လက်တွေပါနေတဲ့ အတွက် တိုင်ချက်ရဲ့ မူလ အရေးကြီးတဲ့ အကြောင်းအရာဟာ မှေးမှိန်သွားတာပါ။
သီပေါရော ဆင်ဖြူမရှင် ပါ မသိတဲ့အချက်တစ်ချက်က မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ လုပ်ခဲ့တဲ့ နန်းတော်ထဲက "နန်းတွင်းပစ္စည်း" လေလံပွဲပါ။

သမိုင်း ဆရာ W . S Desai ဟာ နန်းတွင်းရတနာ ပစ္စည်းတွေ ပျောက်ဆုံးရာမှာ အဓိကတာဝန်ရှိသူ စလေဒင်ကို ကာကွယ်ထားတာပါ ။ သူက ရိုးသာတယ်လို့ ပြောတဲ့ စလေဒင်ဟာ လူလည်တစ်ယောက်ပါဘဲ။


Ref: Deposed King Thibaw of Burma In India by W.S Desai

3/14/09

"လည်တုန်"




အမျိုးအစား - လည်ဆွဲဘယက်

အချိန်ကာလ - ၁၉ ရာစုနှစ် နှစ်လယ်

တွေ့ရှိရာနေရာ - တနင်္သာရီ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - ရွှေချည် နဂထာ ကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့် ပြုပ်တယ်၊ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။


အရွယ်အစား - အရှည် ၂၈ စင်တီမီတာ ၊ အကျယ် ၈ စင်တီမီတာ


လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်


ပြတိုက်ပစ္စည်း အမှတ် - 123-1852

၁၉ ရာစုအလယ်ပိုင်း မှာ မြန်မာအမျိုးသမီးတွေ သိပ်ဝတ်တဲ့ လည်ဆွဲ ပါ ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ "လည်တုန်" လို့ခေါ်တယ်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားတာမို့ ဝတ်ဆင်သူဟာ အင်မတန် အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကဖြစ်မှာပါ။
=====================================================
ထားဝယ်မှာ ဆင်ဖြူမရှင် နေစဉ်တုန်းက ထုတ်ရောင်းတဲ့ ပစ္စည်းတွေ ထဲက တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။
အသေးစိတ်ကြည့်ချင်ရင်ဖြင့် ပုံပေါ်မှာ ကလက် နှိပ်လိုက်ပါ။

3/12/09

ထူးအိမ်သင် ကို လှူမယ်တဲ့ လား


တစ်ရက် မက ၊ တစ်နေရာ မက ၊ တစ်ခါမက တွေ့နေရတဲ့ စာတမ်းလေးတစ်ခုပါ။
ထူးအိမ်သင် အတွက် လှူရအောင်ဆိုတဲ့ စာတမ်း လေးက ဘာအတွက်ရေးတယ်လို့ ကျွန်တော်နားလည် မလိုလိုနှင့် နားမလည်နိုင်ပါ။ လှူရအောင်လို့ ဆိုတဲ့အတွက် သူ့အတွက်ရည်ဇူးပြီး ကောင်းမှု ကုသိုလ် လုပ်မှာကို ပြောတာလား ။ ဒါဆိုရင်တော့ ကောင်းပါတယ် ။ ဒါပေမယ့် ထူးအိမ်သင် ဟာငွေနှင့် အမြဲ မပတ်သတ်တဲ့ လူပါ ။
သူဖန်တီးထားတဲ့ အနုပညာ လက်ရာတွေ သီချင်း၊ ကဗျာ ၊ ဂီတ တွေမှာ ငွေရဲ့ အငွေ့အသက် လုံးဝ လုံးဝ မတွေ့ရတာ အသေအချာပါ ။
ကျန်ရစ်ခဲ့တဲ့ မိသာစုဟာလည် ထူးအိမ်သင် သဘော နှင့် ထပ်တူထပ်မျှ ပါ ။ ထူးအိမ်သင် နေမကောင်းလို့ ဆေးရုံမှာ ကုသဆဲ ဆိုရင်ဖြင့် မပြောလိုပါ။

ထူးအိမ်သင် ဆိုတဲ့လူဟာ သူ့ကိုစာအုပ်ပေးရင် "ဘယ်သူကျေးဇူးပြုသည်" လို့စာအုပ်မှာ ရေးထားမယ်။ ဝိုင်း မှာတွေ့လို့ပြုစုရင် "ရတယ်လို့" ပြောမယ်။ ကျန်တာသွားမပေး လေနှင့် အဆဲခံရမယ်။ သူ့အတွက် လှုတယ်လို့သာ သူသိရင်ဖြင့် ...............။ ဒီလိုအလှုမျိုးကို သူလုံးဝမ ကြိုက်ပါ ။

သူ့ကိုကြည်ညိုတာ ၊ လေးစားတာကို နားလည်ပါတယ်။

ဒါပေမယ့်ဗျာ ဒီ " လှုရအောင် ဆိုတဲ့ဟာ ကြီး" က
သူ့ရဲ့ စိတ်သဘောထား ၊ သူ့ရဲ့ ရိုးသားမှု ၊ သူ့ရဲ့ ဖန်တီးမှု ၊ သူ့ရဲ့ပညာရပ် ၊ သူ့ရဲ့ အလှတရား ၊
သူ့ရဲ့ ချစ်ခြင်းဂရုဏာ .......... ဒါတွေအားလုံးကို လုံးလုံး မသိသလို ဖြစ်မနေဘူးလား။



အိပ်မက်သည် သူ
သူသည် အိပ်မက်
အိပ်မက်သည် အသက်ဖြစ်စေ
ဆောင်းဦးလျှင် နှင်းကြွင်း၏
အချစ်ကြွင်းစေ
မြတ်နိုးချင်း ကြွင်းစေ
မေတ္တာ ကြွင်းစေ
===============================================






(ကျုပ် ကထပ်ပြောလိုက်ချင်သေး ခင်ဗျားလုပ် လို့ ဘာမှ မကြွင်း ဘဲနေဦးမယ်။ )

အုတ်ခွတ်ဘုရား နှစ် ခု



ပျူ ဟန်လက်ရာ၊ ခုနှစ် အတိအကျမဖော်ပြတဲ့
အုတ်ခွတ်ဘုရား နှစ် ခု လေ့လာလို့ရအောင်တင်ထားပါတယ်။
ဒီဓာတ်ပုံကို
Dr. Richard M. Cooler
Professor Emeritus
Art History of Southeast Asia
Northern Illinois University

Former Director
Center for Burma Studies
Northern Illinois University ရဲ့ web page က ရပါတယ်။
မူ ရင်း က http://www.seasite.niu.edu/Burmese/Cooler/Chapter_2/Chapter_2.htm

ဒီဓာတ်ပုံ ဘယ်ကရတယ်မဖော်ပြပါ။ ဒီပစ္စည်းဘယ်မှာ ရှိတယ်ဆိုတာမ ဖော်ပြပါ။
အုတ်ခွတ်ဘုရား၊ ထိုင်တော်မူ ဘုရား ဘေးနှစ်ဘက်မှာ ရှိနေတဲ့ ပျူ စေတီ နှစ်ဆူ ပုံတော့ Dr. Richard M. Coolerက ကြာဖူး စေတီလို့ အမည်ပေးထားပါတယ်။

3/10/09

ပတ္တမြား ခေါင်းဘီး


အမျိုးအစား - ပတ္တမြား ခေါင်းဘီး
အချိန်ကာလ - ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ်
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။
အရွယ်အစား - အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.2-1902

မြင်နေကျ မြန်မာဟန်ပန်အတိုင်းပါဘဲ၊ ဒီ ၂ ဘက်လှ သစ်သားဘီးလေးမှာ ရွှေကို အပေါ်က ကပ်ထားတယ်၊ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားတယ်။
ဘီး၊ ဆီ ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲက တစ်ခုအပါဝင်ပါ။
အဖိုးတန် ရတနာ ပစ္စည်းတွေ နှင့် အလှဆင်ထားတဲ့ ဒီခေါင်းဘီးဟာ ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့တော်ဝင် ပစ္စည်း တစ်ခုပါ။
================================
ဘယ်သူပိုင် ပစ္စည်း ရယ်လို့ တိုက်ရိုက်မပြောပေမယ့် မှန်းကြည့်လို့ရအောင် တော့ ပြတိုက်က လမ်းစပေးထားပါတယ်။

3/9/09

မွန်ခေါင်းလောင်းစာ




တစ်ရက်။ ကျွန်တော့် အရင် အလုပ်ရှင် စင်ကာပူနိုင်ငံသား ရှေးဟောင်းပစ္စည်း ကုန်သည် က ဒီဓာတ်ပုံပို့ပြီး စာကိုဘာသာပြန်ဖို့ အကူညီတောင်းပါတယ်။
တစ်ပတ်လောက် ခေါင်းစားနေရတယ်။
စာက မွန်စာ ဖြစ်နေတယ်။
ခုနှစ် ဖတ်လို့ရတယ်။
အလေးချိန် ဖတ်လို့ရတယ်။
ကုန်ကျငွေ ဖတ်လို့ရတယ်။

အလှူရှင် ဒါယကာတွေ ရဲ့နာမည် ၊ ဘယ်အရပ်လို့ သေချာမသိရပါ။ ပုဂံစာကျောက်စာ ၊ အဝ ကျောက်စာ တွေကို အချိန်ယူကြိုးစားဖတ်ရင် အဖြေရပါတယ်။ ဒါပေသိ ရခိုင်၊ ရှမ်း၊ မွန် စာတွေတော့ မဖတ်နိုင်ပါ။ နောက်ဆုံး ကြံရာမရလို့ ထိုင်းနိုင်ငံအခြေစိုက် သီတင်းမီဒိယာ တစ်ခုက မွန်စာ တာဝန်ခံ ဆရာ ဗညားအောင်ကို ကူညီလှမ်းတောင်းပါတယ်။ သူကူညီလိုက်လို့ နာရီပိုင်းအတွင်း မြန်မာဘာသာပြန်ရပါတယ်။




သူ့ပြန်စာမူရင်း က
သို့
ဇေမျိုးလင်း
ခေါင်းလောင်းပါစာ၏အဓိပ္ပါယ်ကအောက်ပါအတိုင်းဖြစ်ပါတယ်
၁၂၈၆- တပို့တွဲလပြည့်ကျော် ၈ ရက်၊ တနင်္ဂနွေနေ့ "တဒုႝပြင် (ဝါ)တံဒုႝပြင် (ဝါ) သောင်ပြင်ရွာ-ရွာနာမည် အပေါ်ညာစွန်း၊ဖတ်ရတာမသဲကွဲ" အလှူဒါယကာ၊ ဒါယိကာမ နှစ်ဦးဖြစ်ကြသည့် "ယောက်ျားနာမည် မသဲကွဲပါ" - မိဝင် နှင့်သားသမီး အပေါင်းအပါတို့က အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။
ယုံကြည်လျှက်
ဗညားအောင်


အဲဒီလိုမြန်မာဘာသာပြန်ရတော့မှ ကျွန်တော်က ဆက်ပြီး ကြိုးစားတယ်။ ဒီလိုပြန်လိုက်တယ်။ မှားနေရင် ထောက်ပြပါ။ ပြင်ပေးပါ။

၁၉၂၅ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက် ၊ တနင်္ဂနွေနေ့ တဒုပြင်ခေါ် သောင်ပြင်ရွာ နေ
အလှူဒါယကာ တြုံဗြဲညု ( မသေချာ )+ ဒါယိကာမ မိဝင် နှင့် သားသမီး အပေါင်းပါတို့က
အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။

ကိုဗညားအောင် ကိုကျေးဇူး အထူးတင်ကြောင်း ဒီနေရာမှာ ထပ်ဖော်ပြလိုက်ပါတယ်။
================================================
ဒီခေါင်းလောင်းကို ဘယ်သူက ဘယ်နေရာက ခိုးလာမှန်း မသိရပေမယ့် ဒီလိုမြန်မာ့ အနုပညာဆိုင်ရာနှင့် ရှေးဟောင်း ပစ္စည်းတွေ မြန်မာမြေပေါ်က ကွယ်ပျောက်ရတာမှာ သဘာဝဘေးရန် ထက် လူဟာ အဆိုးဝါးဆုံး ၊ အမိုက်ရိုင်းဆုံး ၊ အရက်စက်ဆုံး တရားခံပါ။

3/8/09

နဂါးလက်ကောက်




အမျိုးအစား - လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ ။
အချိန်ကာလ - ၁၉ ရာစု (၁၈၅၀)
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျစ်ဆံမြှိးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။
အရွယ်အစား - အရှည်(အလျား) ၇ လက်မ၊ အနံ ၀.၂၅ လက်မ ။
အရှည် (အလျား) ၆ စင်တီမီတာ ( ပုံပါအတိုင်း)
အနံ ၆.၂ စင်တီမီတာ( ပုံပါအတိုင်း)
အထူ (ထူ) ၁.၁ စင်တီမီတာ( ပုံပါအတိုင်း)
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - M.39-1939


၁၈၆၀ ခုနှစ် လောက်မှာ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်စတီ ( Dante Gabriel Rossetti ) ဟာ ပန်းချီ ရေးဖို့ရာအတွက် အရောင်းသွေးစုံပြီး အသွင်စန်းတဲ့ နိုင်ငံရပ်ခြားဖြစ် ကျောက်မျက် ရတနာ နှင့် အခြား လိုတဲ့အပ်ပစ္စည်း တွေကို လစ်စစ်စတာ စကွဲရား (Leicester Square) ၊ ဟမ်းမားစမစ် (Hammersmith) တဝိုက်ရှိ ထူးစန်းပစ္စည်း အရောင်းဆိုင် မှာ ဝယ်ယူခဲ့ပါတယ်။ ၁၈၆၅-၁၈၆၆ ခုနှစ် ပတ်ဝန်းကျင် လောက်က ရိုဆက်စတီ ရေးခဲ့တဲ့ ပန်းချီကားမှာ သူ့ချစ်သူ သတို့ သမီးကို ဒီ နဂါးလက်ကောက် ဆင်မြန်းစေကာ ပုံတူကိုရေးခဲ့ပါတယ်။ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်တီ (Dante Gabriel Rossetti) ဟာဂျိန်းမောရစ်(Jane Morris) ကိုလည်း မကြာခဏ အမျိုးသမီး ပုံတူ ရေးလေ့ရှိတယ်။ နောက်ပိုင်းမှာ ရိုစစ်စတီ က ဒီလက်ကောက်အပါဝင် ပစ္စည်း အချို့ ဂျိန်းမောရစ် ကိုပေးခဲ့တယ်။
ဂျိန်းမောရစ်(Jane Morris)အဖြစ် လူသိများတဲ့ ဂျင်နီ (Janey) ဟာ ဆိုရှယ်လစ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဝီလျန် မောရစ် (William Morris) ရဲ့ ဇနီးပါ။ ၁၉၃၈ မေ၊ မှာ ဂျိန်းမောရစ် ရဲ့ သမီးဖြစ်သူဟာ ရတနာ ပစ္စည်း အချို့ကို ဗစ်တိုးရီးယား နှင့် အယ်ဘာတ်ပြတိုက် ကို သေတမ်းစာ နှင့်လှူဒါန်းခဲ့ပါတယ်။

=====================================
သီပေါမင်းပါတော်မူ ပြီးနောက် ၅ နှစ်အကြာမှာ ဒီလို မြန်မာပြည်က နန်းတွင်းသုံးရတနာ ပစ္စည်းဟာ အင်္ဂလန်နိုင်ငံ လစ်စစ်စတာ ကိုရောက်နေပါပြီ။ ဒီပစ္စည်းမူလ လာရာလမ်းကြောင်း ၂ ခုရှိတယ်။ မန္တလေး နှင့် ရတနာဂီရိ ။ ပါတော်မူတဲ့ နေ့မှာ ရတနာပစ္စည်း တွေပျောက်တယ်လို့ ဘုရင်က ရော၊ ဆင်ဖြူမရှင် ကပါ အင်္ဂလိပ်အစိုးရကို တိုင်းတန်းထားတာရှိပါတယ်။

ရတနာဂီရိ ကိုပါတော်မူတဲ့ သီပေါဘုရင် ကလည်း ပါလာတဲ့ ရတနာ ပစ္စည်းတွေကို မကြာခဏဆိုသလို ထုတ်ရောင်းလေ့ရှိပါတယ်။ ဒီပစ္စည်းတွေဟာ နန်းတွင်းသုံးပစ္စည်း ရယ်လို့ ကံသေကံမ ပြောလို့မရပါ။ မန္တလေးမှာ သိပ်ချမ်းသာ တဲ့ ကုလား၊ တရုတ် နှင့် မြန်မာ သူဋ္ဌေးတွေ ဆီကလည်းဖြစ်နိုင်ပါသေးတယ်။ အင်္ဂလန်နိုင်ငံ ကို ပညာတော်သင် နှင့် သံအမတ်တွေအဖြစ်လာတဲ့ မြန်မာတွေက စရိတ်ပြတ်လို့ ရောင်းခဲ့တာမျိုး ရောမဖြစ်နိုင် ဘူးလား လို့ လူကပ် တွေက မေးလာရင် လည်းမဖြစ်နိုင်ပါလို့ဘဲဖြေရပါမယ်။

ရတနာ ပစ္စည်းတွေက အမျိုးသမီးသုံး တွေဖြစ်ပြီး ပညာတော်သင် နှင့် သံအမတ်တွေ အားလုံး အမျိုးသားတွေကြီးပါ။ မြန်မာသံ အဖွဲ့တစ်ဖွဲ့ ကတော့ စရိတ်ပြတ်ပြီး ရက်အတော်ကြာသောင်တင်နေဖူးပါတယ်။

ဒီလက်ကောက်ကို ပြတိုက်က နဂါးလက်ကောက်လို့ ပြောပါတယ်။ ကျွန်တော့်အမြင်က တော့ ပုံသိပ်မရှင်းပါ။ ဘေးတိုက်ပုံဖြစ်နေပါတယ်။ ရွှေသိပ်မကြိုက်ပေမယ့် လက်ရာ ဟာ သိပ်အနုစိတ်ပြီး အဆင့်မြင့်တယ်လို့ထင်တယ်။

နန်းစဉ်ရတနာ နှင့် စလေဒင် ( ၂ )

နန်းစဉ် ရတနာ ပစ္စည်းတွေ ဆုံးရှုံးမှု အတွက် စလေဒင်ကို တာဝန်ရှိသူအဖြစ်တိုင်းတန်းတဲ့ နောက်တစ်ဦး ရှိပါသေးတယ်။ မင်းတုန်းမင်းရဲ့ မိဘုရားခေါင်ကြီး၊ စုဘုရားလတ်ရဲ့မိခင်၊ ဆင်ဖြူမရှင်ပါ။ မူရင်း ဆရာမြသန်းတင့် ရေးတဲ့ " တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး " ထဲက စလေဒင်၊ ဆင်ဖြူမရှင် နှင့် ထားဝယ်အရေးခင်း ဆောင်းပါ မှ တချို့ကို ကူးယူ ဖော်ပြ လိုက်ပါတယ်။

" ၁၈၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ထဲတွင် မယ်တော် ဆင်ဖြူမရှင်က ရန်ကုန် ဝန်ရှင်တော်မင်းကြီး ဘားနဒ် ထံသို့ စာတစ်စောင် ပေးပို့ကာ မန္တလေးတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် တောင်းဆိုသည်။ ဘားနဒ် က ပစ္စည်းများကို အတည်ပြု၍မ ရနိုင်ကြောင်း ၊ ထို ပစ္စည်းများသည် ပါတော်မူညက နန်းတော်ထဲ သို့ဝင်ရောက်ယူငင်ကြသော မြန်မာအမျိုးသမီးတို့ လက်သို့ပါသွားသလော။ သို့တည်းမဟုတ် အစိုးရ၏ ပစ္စည်းသိမ်းကော်မတီ (Prize Committee ) ထံတွင် ရှိသလောဆိုသည်ကို မပြောနိုင်ကြောင်းဖြင့် အကြောင်း ပြန်သည်။ ဤတွင် ဆင်ဖြူမရှင်က အိန္ဒိယဘုရင်ခံ ချူပ်ထံ စာရေးကာ မန္တလေးတွင် ကျန်ရစ်ခဲ့ သည့်ပစ္စည်းများ စာရင်းကိုလည်း ပူးတွဲပေပို့သည်။ "

ဆင်ဖြူမရှင်၏စာမှာ အောက်ပါအတိုင်းဖြစ်ပြီး ၁၈၈၇ ခု၊ ဩဂုတ်လ ၂၀ ရက်စွဲ ထိုးထားသည်။

" ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ (၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်) မနက်၌ ကာနယ် ( ယခု ဆာအက်ဒွပ် ) စလေဒင်နှင့် အဖွဲ့သည် နန်းတော်ထဲသို့ ရောက်လာကာ ကျွန်ုပ်တို့အား တောင်ဥယာဉ်တော်ထဲ သို့ ဆင်းသက်နေမည်ဟု ပြောပါသည်။ ကာနယ်စလေဒင်၏ တောင်းဆိုချက် မှာရုတ်တရက်ဖြစ်သဖြင့် ကျွန်ုပ်၏ ကိုယ်ပိုင် ပစ္စည်း များဖြစ်သော အဖိုးတန် ပစ္စည်းများကို မည်သို့ခန့်ခွဲရမည်ကိုမသိဘဲ ဖြစ်နေပါသည်။


ကျွန်ုပ်အနေဖြင့်ရော ကျွန်ုပ်၏ သားသမီးများ အနေဖြင့်ရော မည်သို့သော အခြေနေမျိုး ရှိမည်ကို မသိသည့်အတွက် ကာနယ်စလေဒင်ကိုခေါ်ကာ ကျွန်ုပ်တွင်ရှိသည့် အဖိုးတန်ပစ္စည်းများစွာတို့အနက် အချို့ကိုသာ သယ်ယူသွားနိုင် မည်ဖြစ်ကြောင်း ပြောပါသည်။ "

ထို့နောက် အခြားသော အဖိုးတန်ပစ္စည်းများကို ပြပါသည်။ အချို့မှာ ငွေသားဖြင့် ပြုလုပ်ထားပြီး အချို့မှာလည်း စိန်များ ဖြင့် စီထားကာ မြောက်ပန်းခုံတော်ထဲရှိ အခန်းခြောက်ခန်းပါ မီးခံတိုက်တွင် ထားပါသည်။ ထိုအခါ တွင် ကာနယ်စလေဒင် က " အစိုးရသည် ဘုရင့်မိသားစုပိုင် ပစ္စည်းများကို ယူမည်မဟုတ်ကြောင်း၊ မိမိတို့လိုချင်သည် မှာ ဘုရင်နှင့် ဘုရင့်နိုင်ငံသာ ဖြစ်ပါသည်။

ထိုအဖိုးတန်ရတနာများ မပျောက်စေရပါ။ ကျွန်ုပ်ကို ယုံကြည်ပါ။ လိုချင်သည့်အချိန်တွင် ထိုပစ္စည်းများ ကိုပြန်ယူနိုင်သည်" ဟုပြောခဲ့ပါသည်။ မီးခံတိုက်တခါးကို ပိတ်၍ သူကိုယ်တိုင် သော့ခတ်ပါသည်။ ထို့နောက် ကျွန်ုပ်၏ရှေ့မှာပင် ဘဏ္ဍာထိန်း(?) အား မီးခံတိုကကို ကြီးကျပ်ထိန်းသိမ်း ရန်အပ်နှံပါသည်။ ထိုသော့များမှာ ယခု ကျွန်ုပ်ထံတွင်ရှိပါသည်။

ထို့နောက် ကျွန်ုပ်က ကြွေပန်းကန်များ၊ ဖန်ထည်များ၊ အထည်လိပ်ကြီးများကိုလည်း ပြသပါသည်။ ထိုအခါ ကာနယ်စလေဒင်က အခန်းများမှာ သော့ပိတ်ထားပြီး ကျွန်ုပ်မည်သည့်နေရာတွင်နေသည်ဖြစ်စေ သော့များကို ကျွန်ုပ်လက်တွင် ထိန်းသိမ်းထားပါက ထိုပစ္စည်းများကို အချိန်မရွေး ယူသွားနိုင်ကြောင်း ပြောပါသည်။ ထိုအခန်းများကိုလည်း သော့ခတ် ပိတ်ထားလိုက်ပါသည်။

ထို့နောက်တွင် ဖော်ပြခဲ့သည့် ရွှေထည်များ၊ ကျောက်မျက်ရတနာတို့ စီချယ်ထား သည့် ပစ္စည်းများကို တောင် နန်းတော်ဆောင် ဘက်သို့ ပြောင်း ရွှေ့ခဲ့ပါသည်။ ထိုနေရာတွင် ကာနယ်စလေဒင် က သူ့စာရေးဆိုသူနှင့် အိန္ဒိယ တိုင်းရင်းသား နှစ်ဦးကို ခေါ်ပြီး ကျွန်ုပ်၏ ပစ္စည်းများကို မည်သူ့ ပစ္စည်းနှင့်မျှ ရောနှောခြင်းမပြုရဟု ကျွန်ုပ်ရှေ့တွင်ပြောပါသည်။ ထို့နောက် ကျွန်ုပ်တို့မှာ တောင်ဥယာဉ်တော်သို့ ဆင်းသက်လာခဲ့ကြရပါသည်။

ထို့နောက် ကျွန်ုပ်တို့အား ညနေ ၃ နာရီတွင် သင်္ဘော ပေါ်သို့ ပြောင်းရွှေ့ရန်စီစဉ်ပါသည်။ ကျွန်ုပ်က နေရစ်လိုကြောင်း ပြောသည့်အခါတွင် ကာနယ်စလေဒင် က ကျွန်ုပ်သာမက သမီးတော်ဖြစ်သော မိဖုရားခေါင်ကြီးသည်လည်း နေရစ်နိုင်ကြောင်း၊ ကြိုက် သည့်နေရာတွင် နေနိုင်ကြောင်း ပြောပါသည်။ ကျွန်ုပ်က နေရစ်ရန် ဆုံးဖြတ်သည့်အခါတွင် ကျွန်ုပ်၏သမီး တော်များက ရန်ကုန်အထိ လိုက်ခဲ့ရန် ခေါ်ကြပါသည်။ ကျွန်ုပ်က သူတို့နှင့် အတူလိုက်သွားလျှင် ကျွန်ုပ်အား မန္တလေးသို့ ပြန်ခွင့်ပေးမည်လောဟု နိုင်ငံရေး အရာရှိ ကိုမေးပါသည်။ သူက ရန်ကုန် ရောက်လျှင် ကျွန်ုပ်အား ဝန်ရှင်တော်မင်းကြီးက ချက်ချင်း ပြန်ပို့မည်ဖြစ်ကြောင်းဖြင့် ပြောပါသည်။

ကာလကတ္တားအထိ လိုက်သွားလျှင်လည်း အိန္ဒိယဘုရင်ခံ ချုပ်က ကျွန်ုပ်အားကောင်းကောင်းမွန်မွန်ဖြင့် ပြန်ပို့မည်ဖြစ်ကြောင်း၊ သူပြောသည့်စကားကို စိတ်ချယုံကြည်စေလိုကြောင်း၊ အင်္ဂလိပ်လူ မျိုးတို့သည် ကတိမဖျက်ကြောင်း ပြောပါသည်။ ထိုစကားကြောင့် ကျွန်ုပ်ရန်ကုန်သို့ လိုက်လာခဲ့ပါသည်။ ရန်ကုန်ရောက်သည့် အခါတွင် အာဏာပိုင်တို့က ကျွန်ုပ်အား ထားဝယ်သို့ လိုက်သွားပြီး တိုင်းပြည်ငြိမ်သက်သည့်အထိ ထိုနေရာတွင်နေထိုင်ရန် ပြောပါသည်။

ကျွန်ုပ်လည်း မငြင်းတော့ဘဲ ထားဝယ်သို့လိုက်လာကာ အရေးပိုင်မင်း ပေးသည့် အိမ်တွင် နေထိုင်ခဲ့ပါသည်။ ကျွန်ုပ်ရရှိသော လစာထောက်ပံ့ငွေ ၄၅၀ မှာ ကျွန်ုပ်နှင့်တကွ ဆွေမျိုးများ၊ အစေတော်များအတွက် လောက်ငခြင်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တွင်ပါလာသည့် ပစ္စည်းအချို့တို့ကို ထုခွဲရောင်းချရပါသည်။ သို့ရာတွင် ထိုအကြောင်းများကို ကျွန်ုပ်တစ်ခါမျှ တိုင်တန်းခြင်း မပြုခဲ့ဖူးပါ။

ထို့ကြောင့် ကျွန်ုပ်နှင့်တကွ ဆွေတော်မျိုးတော်များ၊ အစေတော်များ ချောင်ချောင် လည်လည် နေထိုင်နိုင်ရေးအတွက် မန္တလေးတွင် ကျန်ရစ်ခဲ့သော ကျွန်ုပ်ပိုင် ပစ္စည်းများကို ရယူလိုပါသည်" ဟု ရေးထားကာ မြောက်တံခါးအနောက်ဘက် ပန်းခုံတော်တွင်းရှိ မီးခံတိုက်တွင် သားရေသေတ္တာဖြင့် ထည့်ထားခဲ့သည့် ပစ္စည်း စာရင်းကိုဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကာနယ်စလေဒင် ကို ဆိုင်ရာတို့က မေးမြန်းသည့်အခါတွင် ကာနယ်စလေဒင်က အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်။

" မယ်တော် ဆင်ဖြူမရှင်က သူ့ခန်းဆောင်တွင်းသို့ခေါ်ကာ အခိုင်အမာ သော့ခတ်ထားသည့် သေတ္တာကြီး သုံးလုံးကို ကျွန်ုပ်အားပြပြီးနောက် ထိုအထဲတွင် ငွေသား ၃၀,၀၀၀ ရှိသည်ဟု ပြောသည်ကို မှတ်မိပါသည်။ ကျွန်ုပ်ကသေတ္တာများမှာ စိတ်ချရကြောင်း၊ သို့ရာတွင် သေတ္တာထဲမှ ပိုက်ဆံများ နှင့်ပတ်သက် ၍ ကျွန်ုပ်ကတိမပေး နိုင်ကြောင်း ပြောပါသည်။ ကျွန်ုပ်အား မည့်သည့်သော့ကိုမျှ မအပ်ပါ။ ထိုအချိန်က ဆင်ဖြူမရှင်၏ အခန်းဆောင်ထဲတွင် အမျိုးသမီး အခြွေအရံများသာမက သာမန်အမျိုးသမီးများလည်း ပြည့်နှက်နေပါသည်။

ယင်းတို့မှာ အထုပ်အပိုးတို့ကို ထုပ်ပိုးပြီး တခြားသို့ပြောင်းရန် ခေါ်ထားခြင်း ဖြစ်ပါသည်။ သီပေါဘုရင် နန်းကျပြီးနောက် ချ၍ထားပစ်ခဲ့သည့် ဆင်ဖြူမရှင်၏ ကိုယ်ပိုင်ပစ္စည်းများမှာ နန်းတော်မှ အခြားသော အခြားသောပစ္စည်းများနှင့် ရောထွေးသွားပြီး ပစ္စည်းသိမ်း ကော်မတီ လက်ထဲသို့ ရောက်သွားနိုင်ပါသည်။ အကယ်၍ ထိုပစ္စည်းများထဲမှ သူပိုင်ပစ္စည်းဟု ရွေးထုတ်ပြနိုင်မည်ဆိုလျှင် သူ့ပိုင်ဆိုင်မှုကို ခွင့်ပြုသင့်ပါသည်"

" အိန္ဒိယ ဘုရင်ခံချုပ်က ဆင်ဖြူမရှင်၏ ပစ္စည်းများ ပျောက်ဆုံးသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အောက်မြန်မာနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကရော့စဝိတ်က ဆုံး ဖြတ်ပြီးသည့်အလျောက် လိုက်လာခြင်းဖြစ်ကြောင်း၊ သူနှစ်သက်ရာသို့ သွားနိုင်သည်ဟု စလေဒင်က အာမခံ ပြီးဖြင့်ဖော်ပြခဲ့ရာ ထိုစာပါ အချက်အလက်တို့ကို ဗြိတိလျှအစိုးရက ယုံကြည်ခြင်းမရှိ။ "

3/6/09

၁၉ ရာစု လည်ဆွဲဘယက်


အမျိုးအစား - လည်ဆွဲဘယက်
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေ ချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။
အရွယ်အစား - မသိ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03165(IS)

ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။
===================
ပြတိုက်ကတော့ မင်းတုန်းမင်း ခေတ်လို့ အရိပ်အမွတ်ပြောနေပါတယ်။

၁၉ ရာစု ခြေချင်းတစ်စုံ



အမျိုးအစား - ခြေချင်းတစ်စုံ
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေသားစစ်စစ် တွင် ပတ္တမြား အရိုင်းတုံးများဖြင့်အလှဆင်။
အရွယ်အစား - အပြင်ဘက် ကွင်းအကျယ် ၈.၉ စင်တီမီတာ ၊ အတွင်းဘက် ကွင်း အကျယ် ၈.၂ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03159:1, 2/(IS)

ဒီ ရွှေသားစစ်စစ် မှာ မသွေးရသေးတဲ့ ပတ္တမြား အရိုင်းတုံးကလေး တွေနှင့် အလှဆင်ထားတဲ့ ဒီ မိန်းမဝတ် ခြေချင်းတစ်စုံ ဟာ ၁၉ ရာစုအစော ပိုင်းနှစ်များ ဆီကပါ။
ဒီလို တန်ဖိုးကြီးပြီး လှပနှစ်လိုဖွယ်ရာ ရတနာကို ဝတ်ဆင်သူဟာ ဘုရင့် မိသားစုဝင်၊ ဆွေတော်မျိုးတော် ဒါမှမဟုတ် ဝန်ကြီးကတော် တွေထဲက ဘဲဖြစ်နိုင်ပါတယ်။
===================
ဘယ်သူပိုင် ပစ္စည်းဆိုတာ ပြတိုက်က တာဝန်ရှိသူတွေ သိမှာ အသေအချာပါဘဲ။

နန်းစဉ်ရတနာ နှင့် စလေဒင် (၁)

ပတ္တမြားငမောက် နှင့် နန်းစဉ်ရတနာ

မန္တလေး ၊ မင်းတုန်းမင်း ၊ သီပေါမင်း အကြောင်းရေးသားပြုစုထား တဲ့ အင်္ဂလိပ်၊ မြန်မာ စာတွေအများကြီး ရှိသလို လူတိုင်းကလဲနားရင် ပြီးသားပါ။ ပတ္တမြားငမောက် ဆိုလဲ လူတိုင်း ကြားဖူးပြီး သားပါ။



မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desal ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ
" ငမောက်ပတ္တမြားကိစ္စ" ဆောင်းပါး ထဲက စာပိုဒ် တချို့ကို မူရင်း ဘာသာပြန်အ တိုင်း ဖော်ပြချင်ပါ တယ်။


" သီပေါက တိုင်တန်းသည့် ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့် ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာ တို့ကစုံစမ်းပြီး အထက်သို့တင်ပြသည်။ တင်ပြချက်မှာ ယခင်ကအတိုင်းပင် ဖြစ်သည်။

စလေဒင်သည် သီပေါထံမှ အဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊ သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်း များမှအပ အခြား မည်သည့် ရတနာပစ္စည်းကိုမျှ ပြန်ရမည်ဆိုသည် ကတိစကား လည်း မရှိခဲ့ကြောင်းဖြင့် အကြောင်းပြန်သည်။ စလေဒင်သည် ပစ္စည်းသိမ်း ကော်မတီက သိမ်းယူခဲ့သော ရတနာပစ္စည်း များကို ပစ္စည်းသိမ်း ကော်မတီ၏ ကိုယ်စားတာဝန်ကျသည့် အစောင့်ကို လွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင် လက်နက်ချသည့်အခါ တွင် မိမိနှင့် တာဝန်ရှိသူများသည် သီပေါနှင့် မိသားစုတို့ ယူဆောင်သွားခြင်းမပြုသော ပစ္စည်း များကို ဗိုလ်ချူပ် ပရင်ဒါဂတ်စ်၏ အမိန့်အရ ပစ္စည်းသိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏ သရဖူထဲတွင်ရှိကြောင်း၊ ထိုပတ္တမြား ကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင်သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီး ဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင် ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏ စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်း ရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏ စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများ အားလုံးကို စလေဒင်က အင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့် တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်က ထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင် မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊ မိမိ သည် ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကို နန်းတော်ထဲတွင် တွေ့ခဲ့ရကြောင်း၊ သို့ရာတွင် ပုရပိုဒ်တစ်ဆူပေးသည် မပေးသည်ကိုမူ မိမိ မမှတ်မိတော့ကြောင်း၊ ထိုသို့ ရုတ်ရုတ်သဲသဲ အချိန်မျိုးတွင် အဖိုးတန်ကျောက်မျက်ရတနာများ၊ စီခြယ်ထားသည့်ရွှေထည် ပစ္စည်း အသေး၊ အကြီး အမျိုးမျိုးတို့ပါသည် နန်းစဉ်ရတနာ ပစ္စည်းအားလုံးကို ရေးမှတ်ဖို့ ဆိုသည်မှာ ခက်ခဲလှကြောင်းဖြင့် စလေဒင်က အကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည် နန်းတော်ဝရန်တာကြမ်းပြင် နှင့် ကျယ်ဝန်းလှသော ညီလာခံသဘင်ခန်းမကြမ်းပြင်တွင် စုပုံပြန့်ုကြဲလျက် ရှိပါသည်..........။
ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကို ဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန် ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။ ...............။

============

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာ ပစ္စည်းတွေ အတွက် တာဝန်ရှိသူ စလေဒင်ကို တိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြေရှင်းချက်တွေပါ။

မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ " ငမောက်ပတ္တမြားကိစ္စ" ။

3/4/09

ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)

ဘ၀ရုပ်ပုံလွှာ (၁၁)
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
တင်မိုး
`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်´လို့ စာရေးပြီး မှာသွားရှာတဲ့ လွမ်းစရာ ပုဂ္ဂိုလ်တဦးကတော့ အင်္ဂလိပ်လူမျိုး ကဗျာဆရာကြီး၊ သမိုင်းပါမောက္ခကြီး ဂျီအိပ်ခ်ျလု(စ်) ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက လူထုရွေးကောက်တင်မြှောက်တဲ့ ဦးနုအစိုးရကို စစ်တပ်နဲ့အာဏာသိမ်းခဲ့တယ်။ နိုင်ငံခြားသား တွေကို နှင်ထုတ်ခဲ့တယ်။ အဲဒီ အနှင်ခံနိုင်ငံခြားသားတွေထဲမှာ သတိုးသီရိသုဓမ္မာ ဂျီအက်စ် ဖာနီဗယ် ဆိုတဲ့ ဘောဂဗေဒ ပညာရှင်၊ စာပေပညာရှင်၊ အိုင်စီအက်စ်ဘွဲ့ရ ကြေးတိုင်မင်းကြီးဟောင်းနဲ့ ဂျီအိပ်ခ်ျလု(စ်) တို့လဲ ပါသွားပါတယ်။
ဖာနီဗယ်နဲ့ လု(စ်) တို့နှစ်ယောက်ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ဂီတနဲ့ မြန်မာ့ယဉ်ကျေး မှုကို ချစ်ပြီး မြန်မာ့အကျိုးကို ရာသက်ပန်ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
အင်္ဂလိပ်ဆိုတိုင်း ကိုလိုနီနယ်ချဲ့သမားမဟုတ်သလို ထိုပုဂ္ဂိုလ်တွေကလဲ နယ်ချဲ့သမားတွေနဲ့မပေါင်း၊ သူတို့ မျက်နှာဖြူတွေ ချည်းသာ ၀င်ခွင့်ရတဲ့ ပဲခူးကလပ်ကိုမသွား၊ မြန်မာတွေနဲ့ပဲ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံပြီး မြန်မာနိုင်ငံရဲ့ အရေးကိုသာ နှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆရာကြီး လု(စ်) ကတော့ မြန်မာနိုင်ငံ ပုဂံမြေမှာပဲ ခေါင်းချ၊ ပုဂံရဲ့ ထာဝရချစ်သူအဖြစ်နေတော့မယ်လို့ ဆုံးဖြတ်ထားသူပါ။ အခုလို ဆရာကြီးနှစ်ဆူဟာ သူတို့ချစ်တဲ့မြေနဲ့ မျက်ရည် တ၀ဲဝဲ ခွဲခွာသွားရတဲ့အတွက် အသဲနှလုံး ကြိမ်မီးအုံး ခံစားခဲ့ရရှာ ပါတယ်။
ဆရာလု(စ်)ဟာ တကယ့် သမိုင်းပါရဂူကြီးပါ။ နှစ်ပေါင်း ၄၀ ကျော် ပုဂံဘုရားကြို ဘုရားကြား ကျောက်စာချပ်တွေအကြားမှာ တိုးဝင်ပြီး ပျူစာ၊ မွန်စာ၊ ပါဠိစာတွေဖတ်ပြီး သမိုင်းသုတေသန လုပ်ခဲ့တဲ့ပညာရှင်ပါ။ တရုတ်ရှေးဟောင်းစာတွေဖတ်ပြီး မြန်မာတို့လာရာလမ်းကို စူးစမ်းရှာဖွေခဲ့သူလဲဖြစ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံအနှံ့ ခြေဆန့်ပြီး ကွင်းဆင်း သုတေသနပြုခဲ့တဲ့ အံဖွယ်သူရဲပညာရှင်သုတေသီကြီးပါ။
သူရေးခဲ့တဲ့ Old Burma Early Bagan ဆိုတဲ့ စာမျက်နှာထောင်ကျော်ရှိ သုတေသနစာအုပ်ကြီးအပြင် မှန်နန်းရာဇ၀င် အင်္ဂလိပ်လိုပြန် (ဖေမောင်တင်နဲ့တွဲဖက်)၊ မြန်ဘာသာလေ့လာချက် (ရွှေဇံအောင်သို့ပေးစာ)၊ ပုဂံစေတီပုထိုးများအကြောင်း၊ မြန်မာနိုင်ငံအရည်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတဲ့ ပါမောက္ခဒူရွိုင်ဆယ်ရဲ့ ဆောင်းပါးဝေဖန်ချက်၊ ပုဂံဂူငယ်များအကြောင်း၊ ပုဂံရွှေဂူကြီးကျောက်စာ (အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်)၊ ကဗျာစရိယ၀ိဝံသစာတမ်းခေါ် မြန်မာစာဆိုတို့အကြောင်း (အင်္ဂလိပ်ဘာသာပြန်)၊ တကောင်းရာဇ၀င်ဘာသာပြန် (ဖေမောင်တင်နှင့် တွဲလျက်)၊ ဒူရွိုင်ဆယ်၏ ဖိုးဝန်းကျောက်ဂူများ အကြောင်း စာတမ်းဝေဖန်ချက်၊ တော်စိန်ခို၏ အမရပူရစကားကျောင်းများအကြောင်း စာတမ်းဝေဖန်ချက်၊ ၁၆ ရာစုမှ ၁၉ ရာစုအထိ မြန်မာနှင့် ယိုးဒယား စစ်ပွဲများ (မှန်နန်းမှ ကောက်နှုတ်၍ အင်္ဂလိပ်ဘာသာပြန်)၊ မြန်မာတလိုင်းရာဇ၀င်တို့ နှိုင်းယှဉ်လေ့လာချက်၊ (ဟာလီဒေး၏ အချက်အလက်တို့ကို စိစစ်ချက်)၊ မြန်မာ့အိမ်နီးနားချင်းနိုင်ငံများ (တရုတ်မှတ်တမ်း ဘာသာပြန်များ)၊ ၁၈ ရာစုက မြန်မာနိုင်ငံသို့ တရုတ်များ ကျူးကျော်လာပုံ၊ ရှမ်းပြည်တောင်ပိုင်းလက်အောက်ရှိ ဘုရားတဆူ၊ ပျူတို့အမည်၊ ပုဂံကျေးဇူး၊ မြန်မာတို့ဆုတောင်းခန်း၊ ခေတ်ဟောင်း ပျူတို့အကြောင်း၊ ခေတ်ဦးမြန်မာ့စီးပွားရေး၊ ပုဂံခေတ် မွန်များအကြောင်း စတဲ့ အဖိုးတန် သုတေသနစာတမ်းတွေကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (JBRS) များမှာ အဆက်မပြတ်ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံသမိုင်းကို ကျောက်တိုင်လို ခိုင်ခံ့တည်တံ့အောင် နှစ်ပါင်းများစွာ ကိုယ်မအားစိတ်မအား ကြိုးစားခဲ့တဲ့ အားထုတ်မှု များစွာဟာ အံ့ဘနန်းပါ။
သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲမီးလောင်တိုက်သွင်းဖို့ ကြံစည်နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေးမေတ္တာရပ်ခံခဲ့တဲ့အတွက် ပုဂံစေတီ ယဉ်ကျေးမှုအမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကို ဆရာမင်းသုဝဏ်က `ပုဂံနှင့်ဝေဠု´ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။
ပုဂံနှင့် ဝေဠု

ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။

ဒီရွေ့ဒီမျှ မြန်မာ့ကျေးဇူးကို အားနဲ့မာန်နဲ့ ဆောင်ရွက်ခဲ့တဲ့ သုခမိန်ကြီးကို ကျွန်တော်တို့က ကျေးဇူးသိသိနဲ့ အလေးပြုရုံ မျှမက သူချစ်တဲ့ ပုဂံမြေမှာ ကျောက်ရုပ်စိုက်ထူပြီး ဂုဏ်မပြုအပ်ပါလားလို့ မေးလိုက်ချင်လှပါတော့တယ်။ ။


ဒီ ပိုစ်ကို ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ တိုက်ရိုက် ကူးယူဖော်ပြလိုက်ပါတယ်။
မူရင်းလင့်ခ် က http://www.irrawaddy.org/bur_Joomla_1.5.8/bawa2007/February/feb_09_2007.html

သမိုင်းစစ်စစ်

သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။
ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။
ကြောက်လို့ ဖုံးကွယ်ပြောတယ်။
မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။
ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။
သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။
( ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ )

3/1/09

၉- ၁၀ ရာစုအုတ်ခွက်ဘုရား




အမျိုးအစား - အုတ်ခွက်ဘုရား
အချိန်ကာလ - ၉- ၁၀ ရာစု
တွေ့ရှိရာနေရာ - ပြည်၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - မူလ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား )
အရွယ်အစား - အမြင့် ၉ စင်တီမီတာ ၊ အကျယ် ၇.၈ စင်တီမီတာ၊ အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၂.၅ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.130-1999

ဒီ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား ) ဟာ အသေးစိတ် ပုံဖော်ထား တဲ့ ထိုင်တော်မူဘုရားပါ။ အရင်းမူလနေရာဟာ " ပြည်" ဖြစ်ပြီး
ပျူခေတ် ၉-၁၀ ရာစုနှစ် ကဖြစ်ပါတယ်။
=======================================================================

ဒီ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား ) ကို ပျူလက်ရာလို့ ပြတိုက်ကပြောတာကို ကျွန်တော် ပိုင်ပိုင်နိုင်နိုင် မထောက်ခံ ဝံသေးပါ။ ထိုင်တော်မူဘုရားရဲ့ ဘေး တစ်ဘက်တစ်ချက် ဆီမှာတော့ ပျူခေတ် လက်ရာဟန် ဖြစ်တဲ့ စေတီ ၂ ခု ဝန်းရံထားတာကို တွေ့ရပါတယ်။ ပြတိုက်ကပြောသလို ပြည် မှာတွေ့တိုင်း ပျူခေတ် လက်ရာလို့ပြောလို့မရပါ။ ခါး နည်းနည်းသိမ်နေပါတယ်။ မျက် နှာတော်ဟာအသေးစိတ် မမြင်ရတော့ပေမယ့် အနည်းငယ်ရှည်နေပါတယ်။ အရင် တွေ့ဖူး ပြီးသား ပျူခေတ် လက်ရာတွေမှာ မျက် နှာတော်ဝိုင်းပြီး နှာခေါင်း အတန်ငယ် ပွ ပါတယ်။ ဓမ္မစကြာ မြုဒာ (လက်နေဟန်ထား) က ပျူခေတ်မှာ မတွေ့ရသေးပေမယ့် ၉-၁၀ ရာစုမှာ တွေ့ရပြီဆိုတာ စဉ်းစား ပြီး နောက်ထပ် အထောက်ထား ရှာရပါမယ်။ တကယ်လို့များ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထား တာမျိုးဆို ရင်ဖြင့် လက်ခံ ရမှာပါ။ စမ်းသပ်ထား တာမျိုး ရှိ၊ မရှိ ပြတိုက်ကို မေးကြည့်ပါမယ်။
(