3/16/09

နန်းစဉ်ရတနာ နှင့် စလေဒင် (၃)


နန်းတွင်းပစ္စည်းတွေ နှင့် စလေဒင် မရိုးမသား လူလည် လုပ်တာကို သက်သေအဖြစ် ဇန်နဝါရီ ၂၁ မှာ မန္တလေးနန်းတော် ရောက် ဥရောပ သာတစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းကို ဆွဲထုတ်ပြချင်ပါတယ်။ ရုရှားလူမျိုး ပါဠိ ၊ သက္ကတ နှင့် အရှေ့တိုင်းဘာသာစကား ပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev,1940- 1890 )ပါ။
၂၁ ဇန်နဝါရီ ၁၈၈၆ မှာ ကျမ်းတွေ ရှာဖို့ရာ မန္တလေးကို ရောက်တယ်။ မိဖ်နယယ့်ရဲ့ နေ့စဉ်မှတ်တမ်းအရ " ဘုရင့်မိဘုရားပိုင် နန်းတွင်းပစ္စည်း" ကိုလေလံပစ် ရောင်းချ ရာမှာ စလေဒင်ဟာ အဓိက တာဝန်ရှိသူ အဖြစ် ပိုပြီး ပြောလို့ရနေပါပြီ။ သူ့မှတ်တမ်းမှာ ပါတဲ့ မန္တလေး ကျမ်းစာရင်းဟာ သိပ်တန်ဖိုး ရှိပါတယ်။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး တမ်းမှာ ပါတဲ့ လေလံ ပစ္စည်းတွေကို ရသလောက် စာရင်းလုပ်ကြည့်တော့

၁ ။ ဘုရင့်မိဘုရား ဆုတောင်းစာအုပ်
၂ ။ စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်
၃ ။ အနုစိတ် ပန်းပုလက်ရာ ဆင်စွယ် ကုလားထိုင်
၎ ။ ဗုဒ္ဓရုပ်ပွားတော်အချို့

၂၅ ဇန်နဝါရီ ၁၈၈၆ မှာဘဲ သူကိုယ်တိုင် လေလံပွဲကိုရောက်တယ်။
ဒါပေမယ့် သူလိုချင်တဲ့ ကျမ်းတွေ " မတွေ့" လို့သာရေးထားတယ်။
ဘာပစ္စည်းတွေ လေလံပစ်တယ်လို့ မရေးတော့ သိပ်အရေးကြီးတဲ့ အဖိုးတန်သက်သေခံ ပစ္စည်းစာရင်း မရလိုက်ပါ။

လေလံပစ္စည်းစာရင်း မရှိပေမယ့် ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ ဆိုကတည်းက အဖိုးတန်ရတနာ ပစ္စည်းတွေပါနိုင်တယ်၊ အနုပညာလက်ရာ ပစ္စည်းတွေသာဖြစ်မှာပါ။

"ဘုရင့်မိဘုရားပိုင် ဆုတောင်းစာအုပ် နှင့် စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်" ကိုတော့ ဂျာမန်အမျိုးသား တစ်ဦးက ဝယ်ယူသွားပါတယ်။

အဲဒီအချိန် မန္တလေးမှာ ရာထူးအမြင့်ဆုံးဟာ ပရင်ဒါဂါတ် နှင့် စလေဒင်ပါ ။ ပရင်ဒါဂါတ် ဟာစစ်ရေး စစ်ရာတွေကိုသာ အဓိကတာဝန်ယူသူပါ။ စလေဒင်ဟာ မြို့ပြ အုပ်ချုပ်ရေး ကိုတာဝန်ယူရသူပါ။ လေလံပွဲ စီစဉ်သူ နှင့် တာဝန်ရှိသူ က စလေဒင်ဘဲဖြစ်နိုင်ပါတယ်။
မိဖ်နယယ့် ရဲ့နေ့စဉ် မှတ်တမ်းမှာ ဘုရင်ပိုင် ပစ္စည်း နှင့် ပစ္စည်းထားရာ အခန်းတွေကို အဓိက စိမန်ခန့်ခွဲသူဟာလည်း စလေဒင်ဖြစ်ပါတယ်။ ပစ္စည်းထိမ်းကော်မတီ ရဲ့လက်အောက်မှာ ရှိတာဘုရင့် ပိဋကတ် တိုက်လို့တွေ့ရပါသေးတယ်။

၆ ဖေဖော်ဝါရီ ၁၈၈၆၊ ရက်စွဲပါ မှတ်တမ်းမှာ စလေဒင်က ကြေးကြီးကြီး ဈေးခေါ်ထားတဲ့ ကျမ်း ၂ စောင်ကို မိဖ်နယယ့် ဆီလူလွတ်ပြီးရောင်းတယ်။ မဝယ်ပါ။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် ရဲ့မှတ်တမ်းကိုကြည့်ပြီး မန္တလေးနန်းတော်ထဲမှာ " ၂၅ ဇန်နဝါရီ မှာ ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ လေလံပွဲ " လုပ်တယ်ဆိုကတည်းက အများစုဟာ ဘုရင် နှင့် ဘုရင့်မိဖုရား ၊ ဆင်ဖြူမရှင် တို့ တိုင်ချက်ဖွင့် ထားတဲ့ ရတနာ ပစ္စည်းတွေ ဖြစ်နိုင်တယ်ပါတယ်။ ရောင်းလို့မကုန် ဘဲကျန်ခဲ့တာဆိုလို့ ပိဋကတ် တိုက် ထဲက ကျမ်းတွေပါဘဲ။ ဒါလဲ မိဖ်နယယ့် အပါဝင် နိုင်ငံခြားသားရော၊ မြန်မာတွေကပါ မွှေနှောက်ထားပါသေးတယ်။

သမိုင်း ဆရာ W . S Desai က စလေဒင် ရဲ့ ထွတ်ဆိုချက်ဟာ ရိုးသားပြီး ပွင့်လင်းတယ်လို့ပြောတယ်။ သူပြောသလို မထင်ပါ။ သီပေါရဲ့ တိုင်ချက်မှာ သူပိုင် ရတနာပစ္စည်းတွေ စာရင်း ခိုင်ခိုင်မာမာ မပြနိုင်ပေမယ့် သက်သေ ခိုင်မာ အောင်ပြနိုင်ပါတယ်။ တိုင်းတာမင်းကြီး ၊ ရွှေတိုက်အတွင်းဝန် နှင့် စလေဒင်ရဲ့ စာရေး နီကလပ် လို့ပါတယ်။
စလေဒင်ရဲ့ ပြန်ကြားချက်ထဲမှာ ရွှေတိုက်အတွင်းဝန် ပြောတာမှန်နိုင်ကြောင်းသာ ပြောပါတယ်။ အရေးကြီးတဲ့ ပစ္စည်း စာရင်း ပုရပိုက်ကို မမှတ်မိ၊ သူ့တပ်သား ကိုလည်းမမှတ်မိ။ ရတနာပစ္စည်းတွေ နန်းတော်ကျန်းပြင်မှာ ပြန့်ကြဲ နေတယ်။ နန်းတော်ထဲမှာ လဲအပြင်လူ အရပ်သားတွေနှင့် ရှုပ်ထွေးနေတယ်လို့ အခြေအနေတွေကို ရှုပ် ထွေးပြီးမသေချာ မရေရာအောင် ဖြေခဲ့တာပါ။ အရေးကြီးတဲ့ သက်သေတွေကို ဖျောက်ပစ်တာပါဘဲ။

နန်းတော်ဝင်တဲ့ နန်းသိမ်းတပ်ဟာ ဗြိတိလျှ စစ်သားတွေချည်းပါ။ သူ့တပ်သားကို မမှတ်မိဘူဆိုရင်တောင် ဗြိတိလျှ စစ်တပ်ဟာ အဲဒီအချိန်က သိပ်စည်းကမ်းကောင်းတာမို့ တပ်သားစာရင်းပြန်စစ်ပြီး တာဝန်ကျစစ်သားကို ပြန်ဖော်လို့ရပါတယ်။ ပါတော်မူပြီးနောက်ပိုင်းမှာလည်း နန်းတွင်းတပ်ဟာ ဟာဗြိတိလျှ စစ်သားတွေချည်းပါ။ စလေဒင်ထွက်ဆိုသလို နန်းတော်ထဲမှာ သာမန်အရပ်သားတွေ နှင့် ရှုပ်ထွေးနေတယ်ဆိုတာလည်း စဉ်းစားစရာပါ။ တိုင်းပြည် မင်းပြောင်းမင်းလွှဲ ဖြစ်ပြီး အသက် အန္တရာယ်
စိုးရိမ် နေရတဲ့ အချိန်မျိုးမှာ နန်းတော်ထဲ ဝင်လုဖို့ဆိုတာ စိတ်ကူးရဲမယ်မထင်ပါ။ ဗြိတိလျှ စစ်သားတွေကလည်း ဒီလို အမှားမခံနိုင်လောက်အောင် အင်မတန် အရေးကြီးတဲ့ အချိန်မျိုးမှာ အခြေနေတွေ ရှုပ်ထွေးအောင် သာမန်အရပ်သားတွေ ကိုနန်းတော်ထဲ ဝင်ခွင့်ပေးမယ် မထင်ပါ။


တိုင်ချက် ၂ ခုမှာဆင်ဖြူမရှင်ရဲ့ တိုင်ချက်က ပိုတိကျ ခိုင်မာပါတယ်။ သူပိုင် ရတနာပစ္စည်းတွေကို ခိုင်ခိုင်မာမာ စာရင်းလုပ်ပြီး ပြနိုင်ပါတယ်။ ဒါပေမယ့် သီပေါလိုပါဘဲ၊ တိုင်ချက်ထဲမှာ မလိုအပ်ပါဘဲ မမှန်ကန်တဲ့ တခြားအချက်လက်တွေပါနေတဲ့ အတွက် တိုင်ချက်ရဲ့ မူလ အရေးကြီးတဲ့ အကြောင်းအရာဟာ မှေးမှိန်သွားတာပါ။
သီပေါရော ဆင်ဖြူမရှင် ပါ မသိတဲ့အချက်တစ်ချက်က မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ လုပ်ခဲ့တဲ့ နန်းတော်ထဲက "နန်းတွင်းပစ္စည်း" လေလံပွဲပါ။

သမိုင်း ဆရာ W . S Desai ဟာ နန်းတွင်းရတနာ ပစ္စည်းတွေ ပျောက်ဆုံးရာမှာ အဓိကတာဝန်ရှိသူ စလေဒင်ကို ကာကွယ်ထားတာပါ ။ သူက ရိုးသာတယ်လို့ ပြောတဲ့ စလေဒင်ဟာ လူလည်တစ်ယောက်ပါဘဲ။


Ref: Deposed King Thibaw of Burma In India by W.S Desai

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။