6/13/10

" ပုဂံကို ထုံးသုတ်ကြသူများ "

' ပုဂံကိုဖျက် ဆီးကြသူများ ' ပိုစ် နောက်ဆက်တွဲ စာတိုလေးကို ဟို တလောလေးကဘဲ ပုံနှင့်တွဲတင်ခဲ့တယ်။ သဒ္ဒါမမှန်သလို စာလုံးပေါင်းသတ်ပုံပါ မှားနေတဲ့အတွက် အမည်မဖော်လိုသူက အမှန်ပြင်ဖို့ ကွန်မန့် ပေးသွားတယ်။ မှားလို့ ပြင်ပေးသွားတဲ့ စေတနာကို လေးစားပါတယ်။

ခုချိန်မှာ နောင်တအရဆုံးအရာကိုပြောပါဆိုရင် မြန်မာစာ နှင့် ပါဠိစာတွေ ကိုစိတ်ဝင်တစားမသင်ယူခဲ့တာဘဲပြောရမယ်။ သုံးကြောင်းလောက်သာပါတဲ့ စာတိုလေးဖြစ်လာဖို့ ၂ နာရီ ကြာတဲ့အခါလည်းရှိတယ်။ စာတစ်ပိုဒ်လောက်ရဖို့ ၂
ရက်ကနေ ၃ ရက်ထိကြာတာလည်းရှိတယ်။ ကိုယ်ရေးတဲ့စာက စာလုံး ပေါင်းသတ်ပုံမှားရုံမကဘူး သဒ္ဒါပါ မမှန်ဖြစ်နေတယ်။ စာကောင်းကောင်းမရေးတတ်ဘူးလို့ ကျွန်တော်က ပြန်ဖြေတဲ့အခါ ' ဘု ' တောတာမဟုတ်ပါ။

ဘုရားတွေကို ' ထုံး ' သုတ်တဲ့အလေ့ထ ဘယ်တုန်းကပေါ်လာတယ်ဆိုတာ မပြောတတ်ပါ။ ဂူဘုရားနံရံကို ထုံးသုတ်တာ ပုဂံခေတ်နှောင်းကပဲ စခဲ့မယ်ထင်ပါတယ်။ ဒါပေမယ့်ဒီအကျင့်ကို အင်အားအပြည့် နဲ့ ပြန် လည်ဖော်ထုတ်တာကတော့ ပဒုံမင်း ( ၁၇၈၂-၁၉၁၉ )ဖြစ်တယ်။ ( သန်းထွန်း၊ ပုဂံလက်သစ် ) ဘာကြောင့်သုတ်တယ် ဆိုတာ နှင့် ဘယ်သူတွေသုတ်လည်းဆိုရင်တော့ နည်းနည်းပြောလို့ ရမယ်။ ထုံးသုတ်တာကို ရှေးတုန်းကတော့ " ထုံး ပွတ် " ( ထုံးဖွပ် )တယ် လို့ ပြောတယ်။ ထုံးသင်္ဃန်း ကပ်တယ်လို့ ပြောတာလည်းရှိတယ်။

အလှူရှင်က ဘုရားတည်၊ ကျောင်းဆောက် ပြီးလှူဒါန်းတဲ့ အချိန်မှာ ရွှေတပြောင်ပြောင်ဖြစ်နေပါလိမ့်မယ်။ ဒါပေသိ အချိန်ကြာလာတာနှင့်အမျှ ရာသီဥတုဒါဏ်ခံရတဲ့အခါ ဟိုအရင်ကလို ပြောင်ပြောင်ရောင်ရောင်ရှိတော့မယ် မဟုတ်ပါ။ ရေညှိတွေတက်ချင် တက်နေမယ်၊ အကြောင်းအမျိုးမျိုးကြောင့် အစွန်ထင်းတွေပေကျန်နေတာမျိုးဖြစ်နေမယ်။ ရောင်တွေမှေးမှိန်နေမယ်။ ဒီလိုဖြစ်နေတာအမြင်မတင့်တယ်ဘူး စဉ်းစားမိမယ်။ ဟိုအရင်ကလို အသစ်အတိုင်း ပြန်လုပ်ဖို့ ရာ ငွေကုန်ကြေးကျများမယ်။ ဒီတော့ ဉာဏ်ကောင်းတဲ့ လူတချို့ က အလွယ်ဆုံးဖြေရှင်းတဲ့အနေနှင့် " ထုံးသုတ်" လိုက်တာဖြစ်မယ်။

အဲလို ထုံးသုတ်တဲ့လူတွေထဲမှာ ရှေးအခါကတော့ " မင်း " တွေလည်းပါတယ်။ ရဟန်းတွေလည်းပါတယ်။ လူတွေလည်းပါတယ်။ ထုံးသုတ်ထားတဲ့ ဘုရားစေတီဟာ ဖွေးဖွေးဖြူဖြစ်နေလို့ ကြည့်ကောင်းသလိုရှိမယ်။ ထင်သာမြင်သာရှိမယ်။ ဒီလိုနှင့် ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား ဟာ ထုံးဖွေးဖွေး တောင်ပေါ်ကဘုရား ဖြစ်လာတယ်။


အသစ်ဆောက်လုပ်တည်ထားကိုးကွယ်တဲ့ ဘုရားစေတီတွေရဲ့ အပြင်ပိုင်းကို ထုံးသုတ်တာကို ဘာမှမပြောလိုတော့ပါ။ ဒါပေသိ ရှေးဟောင်းဘုရား ၊ သမိုင်းဝင်ဘုရား ၊ ပုထိုး စတာတွေကို အပြင်ပိုင်းကိုရော အတွင်းပိုင်းကိုပါ ' ထုံးသုတ် ' တာနည်းနည်းလေးမှမကောင်းပါ။ အဲလို ဘုရား ပုထိုးတွေကို ထုံးမသုတ်ဖို့ လူကြီးတွေစပြောလာတာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းကဖြစ်တယ်။ ဒကာတွေရယ် ၊ ဂေါပက နှင့် ရဟန်း တချို့ ကတော့ ခုချိန်ထိ လုပ်နေတုန်းပါ။

အဝခေတ်က ဥရောပတိုက်သားပုံကို တံတားဦးကဂူနံရံတစ်ခုမှာလည်း အရင် ၁၉၅၇ ခုနှစ်လောက်ကတွေ့ဖူးပါတယ်။ ခုတော့ ဒကာတစ်ယောက်က ပြုပြင်မွမ်းမံချင်တယ်ဆိုပြီး နံရံကို ထုံးသုတ်လိုက်လို့ ရုပ်ပုံတွေမရှိတော့ပါ။ ( သန်းထွန်း၊ သမိုင်းထဲက ဒီဇိုင်း၊ စာ ၆၂ ကြည့်) ။ အခြား မြန်မာပြည်အရပ်ရပ်ကဘုရားပုထိုးတွေကိုမပြောတတ်ပါ။ ပုဂံက ဘုရားပုထိုးတွေကို ထုံးသုတ်တာကိုတော့ ပုံအထောက်ထားနှင့်ပြောနိုင်တယ်။

ပုဂံကို ပထမဆုံးအခေါက်ရောက်တဲ့ ၂၀၀၄ ကတည်းက သဗ္ဗညုဘုရားအတွင်းပိုင်းက နံရံဆေးရေးပန်းချီတွေပေါ် ထုံးသုတ်တာ ကိုယ်တိုင်မြင်ခဲ့ရတယ်။ ဘယ်သူတွေက ထုံးသုတ်ခိုင်းလဲမေးတော့ ဘုရားလူကြီးတွေ လို့ပြန်ဖြေတယ်။ ၂၀၀၅ နှင့် ၂၀၀၈ မှာထပ်ရောက်တော့လည်း ထုံးသုတ်ခံရတဲ့ ဘုရားတွေမနည်းမနောမြင်ခဲ့ရတယ်။ ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ ပုဂံမှာ တာဝန်ကျတဲ့ ရှေးဟောင်းသုတေသန ဌာနခွဲ တာဝင်ရှိ ပုဂ္ဂိုလ်တွေကလည်း ရှေးလက်ရာတွေကို ထုံးသုတ်တဲ့ ကိစ္စဟာအရေးမကြီးလေဟန် ကြပ်မတ်မှုမရှိပါ။ ဂေါပကတွေ လုပ်ချင်ရာလုပ်ကြဆိုပြီး ပစ်ထားသလားမသိပါ။ ဂျာနယ်လစ်တွေဝိုင်းရေးကြရင်ကောင်းမယ်လို့ တော့စဉ်းစားမိတယ်။

လူတချို့ က ထုံးမသုတ်သော်လည်းဘဲ စာတွေရေးထားခဲ့တယ်။ ဘယ်သူ က ဘယ်တုန်းက ဒီကိုရောက်တယ်ဆိုပြီးမှတ်တမ်းတင်ပါတယ်။ ဘယ်သူက ဘယ်သူ့ ကို ချစ်တယ် ၊ လွမ်းတယ်ဆိုတာမျိုးတွေလည်းရေးလို့ ရေးရဲ့ ။ တချို့ က အလကားသက်သက် ပေါက်ကရလေးဆယ် ရေးတယ်။ အဲလိုရေးတဲ့လူတွေထဲမှာ နိုင်ငံခြားသားတွေလည်းပါတယ်။ အများစုကမြန်မာတွေသာဖြစ်တယ်။

တချို့ ပန်ချီပညာရှင်တွေက အရုပ်တွေရေးခဲ့တာလည်းရှိတယ်။ ပုံတူတွေဆွဲခဲ့တာလည်းရှိတယ်။ နံရံဆေးရေးပန်းချီ ပုံဟောင်းကိုဖျက်ပြီး ပုံသစ်ဆွဲခဲ့တာလည်းရှိတယ်။ ပုံဟောင်းပေါ်ထပ်ပြီး အပိုထည့်ပြီးဆွဲခဲ့တာလည်းရှိတယ်။ အဟောင်းကို ထုံးသုတ်ပြီး အသစ်ဆွဲတာလည်းရှိတယ်။ အဲလိုလုပ်တဲ့သူတွေကို ကြည့်ရင် အံ့ဩစရာကောင်းတာက သဒ္ဒါတရားသိပ်ကောင်းတဲ့ ဒကာတွေပါသလို ရဟန်းတွေလည်းပါတယ်။ဘုရားဖူးတွေပါသလို ဘုရားနားနေပြီး အသက်မွေးကြောင်းပြုနေတဲ့လူတွေလည်းပါတယ်။ ဘာကြောင့်ရေးရေး ၊ ဘာအတွက်ရေးရေး ဒါဟာ သူတပါးအလှူ ၊ ဘုရားပစ္စည်း ၊ ရှေးပစ္စည်း ၊ သမိုင်းဝင်သက်သေအထောက်ထား စတာတွေကို ဖျက်ဆီးတာဖြစ်လို့ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်။

အာနန္ဒာ (၂၁၇၁/၁၄၆၅)ဘုရားကို ကျန်စစ်သားတည်တယ်၊ ခရစ်နှစ် ၁၁၀၅ခုနှစ်လောက်ကဖြစ်မယ်(လု့စ် ၁၉၇၀၊ ၁၃၆၊၃၅၇)။ ပစ္စယံအားလုံး (မြေပေါ်အောက်ဆုံးအရစ်) ကစပြီး ထိပ် ကွမ်းတောင် ပန်းတောင်အထိ စဥ့်ရောင်စုံအချပ်တွေ စီပြီးကပ်ထားတယ်။ အခုတော့ ထုံးဖွပ်ထားလို့ ကောင်းကောင်းမမြင်သာတော့ပါ။ ( သန်းထွန်း၊ သမိုင်းထဲက ဒီဇိုင်း၊ စာ ၁၀၀ ကြည့်) ။
စေတီပုထိုး အတွင်း၊အပြင်ကို ထုံးသုတ်ရုံတင်မကတော့ပါ။ ထိပ်ပိုင်းအထိတက်ပြီး သုတ်တယ်။ စဥ့်ထည်ပစ္စည်းမကလို့ ဘာဖြစ်ဖြစ် ဂရုစိုက်မယ့်ပုံမပေါ်။


ထုံးသုတ်ခံပြီး ရှေးဟောင်း နံရံဆေးရေးပန်းချီတွေ အပါဝင် အနုပညာပစ္စည်းတွေ ဖျက်ဆီးခံရတဲ့ ဘုရားပုထိုးတွေထဲမှာ အထင်ကရတွေလည်းအများကြီးပါတာတွေ့ ရတယ်။ စာရင်းလုပ်ထားတာကြည့်ပါ။

၁။ အာနန္ဒာ (၂၁၇၁/၁၄၆၅)
၂။ သဗ္ဗညုဘုရား ( ၁၅၉၇/၉၀၆)
၃။ အပယ်ရတနာ
၎။ ဥပါလိသိမ်
၅။ စူဋ္ဌာမုဏိ ( ၇၄၈/၃၆၄)
၆။ နဘဲတောဘုရား ( ၃၅၉/၂၁၈)
၇။ နွားပြဂူ
၈။ သက်တော်ရဘုရား ( ၆၀/၄၆ )
၉။ မင်းနန်သူ
၁၀။ လေးမျက်နှာ

တခြားနေရာတွေ ၊ ဘုရားပုထိုးတွေကိုလည်း ထုံးသုတ်ကြမှာပါဘဲ။ မထင်မှတ်ဘဲ သိရတာက အထင်ကရဘုရားတွေဖြစ်တဲ့ အာနန္ဒာ နှင့် သဗ္ဗညုဘုရား ဟာအကြိမ်အများဆုံး ' ထုံးသုတ်ခံရတဲ့ ဘုရားတွေဖြစ်နေပါတယ်။

မြတ်စွာဘုရား ဗောဓိပင် နှင့် ရွှေပလ္လင် အောင်ပြီး သဗ္ဗေညုတဉာဏ် မရအောင် မာန်နတ်မင်းက အင်မတန်ကြောက်စရာကောင်းတဲ့ ဘီလူး စစ်သည်တော်တွေလွတ်ပြီး ခြိမ်းခြောက်နှောင့်ယှက်ပါတယ်။ ဒေါက်တာသန်းထွန်းကတော့ ခုလို တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးလက်ရာတွေကို ပျက်ဆီးစေတဲ့ ဒကာတွေဟာလည်း မာန်နတ်မင်းရဲ့အပေါင်းပါ မကောင်းဆိုးဝါး ဘီလူးတွေပါဘဲလို့ ပြောတယ်။

ပုဂံခေတ်က တချို့ ဘုရားပုထိုးအလှူရှင်တွေဟာ မိမိတို့ ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ဖျက်ဆီးမခံရအောင်ရည်ရွယ်ပြီး ' ကျိန်စာ ' တွေထားခဲ့ပါတယ်။ အလွယ်ပြောရရင် ကျိန်စာတိုက်ထားခဲ့တာပါဘဲ။ မိမိပြုထားတဲ့ ကောင်းမှူ့ ကို ဖျက်ဆီးတဲ့လူတွေဟာ ဘေးဒုက္ခအမျိုးမျိုးကြုံရပါစေ ၊ ငရဲ ကျပါစေ ၊ လူဖြစ်သော်ညားလည်းဘဲ ဆင်းရဲဒုက္ခပေါင်းစုံတွေ့ ပါစေဆိုပြီး ကျိန်လေ့ရှိတယ်။ အလှူရှင်ရဲ့စိတ်ထားနှင့် ကျောက်စာမှတ်တမ်းတင်သူတွေအပေါ်မှာ မူတည်ပြီး ကျိန်စာတိုက်ပုံမတူပါ။ တူတာတစ်ခုကတော့ မိမိပြုထားတဲ့ ကောင်းမှူ့ ကို ဖျက်ဆီးတဲ့လူ ( မထင်မှတ်ဘဲ ဖြစ်ဖြစ် ၊ မသိလို့ ဘဲဖြစ်ဖြစ် ပျက်ဆီးစေတဲ့သူတွေလည်း ပါမယ်လို့ ထင်တယ် ) တွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောက်ဆုံးဖြစ်တဲ့ နောင်ပွင့်မယ့် ' အရိမေတ္တေိယျ ဘုရား မဖူးရပါစေ' တဲ့ ။


ထုံးသုတ်ပြီးဖြစ်တဲ့ ပုဂံတစ်နေရာ။
Photo by Netdance, www.flickr.com


ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com





ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com


ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပလ္လင် နှင့် နံရံခြေရင်း။
Photo by Marc Aurel, www.flickr.com



ဖွေးဖွေးဖြူအောင် ထုံးသုတ်ပြီးဖြစ်တဲ့ ပုဂံကတစ်နေရာ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်မခံရခင်က နံရံ နှင့် မျက်နှာကျက်ပေါ်မှာ ဒီလို နှစ်ပေါင်းထောင်ချီကြာပြီးဖြစ်တဲ့ အဖိုး
တန် ဆေးရေးပန်းချီ အနုပညာလက်ရာ တွေရှိခဲ့မှာပါ။
Photo by Marc Aurel, www.flickr.com


အပြင်ဘက်ပြီးရင် အတွင်းပိုင်းကို ဆက်သုတ်ကြမလားမသိပါ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်မခံရခင်က နံရံ နှင့် မျက်နှာကျက်ပေါ်မှာ ဒီလို နှစ်ပေါင်းထောင်ချီကြာပြီးဖြစ်တဲ့ အဖိုး
တန် ဆေးရေးပန်းချီ အနုပညာလက်ရာ တွေရှိခဲ့မှာပါ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com



ပုဂံတစ်နေရာ။
Photo by Marc Aurel, www.flickr.com

6/8/10

ပဲခူး ရွှေဂူကြီးဘုရားက စဥ့်ကွင်း ရုပ်ပြား


အမျိုးအစား - စဥ့်ကွင်း ရုပ်ပြား
အချိန်ကာလ - ၁၅ ရာစုနှောင်းပိုင်း
တွေ့ရှိရာနေရာ - ပဲခူး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှင့်စေးကိုအုတ်ရအောင်အရင်ဖုတ်၊ ရုပ်ပုံဖော် ၊ စဥ့်ရည်သုတ် လို့အလွယ်ရှင်းပါရစေ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။
ပြတိုက်ပစ္စည်း အမှတ် - IS. 2-1966
Cyril Newman ဆိုသူက ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ကိုလှူဒါန်းခဲ့တာဖြစ်တယ်။
အရွယ်အစား
အမြင့် - ၄၈ စင်တီမီတာ
အကျယ် - ၃၅ စင်တီမီတာ
ထုအထူ - ၁၄ စင်တီမီတာ။
ပဲခူး ရွှေဂူကြီး စေတီဟာ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ စေတီတွေထဲက တစ်ဆူအပါဝင်ဖြစ်တယ်။ ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရာသိပ်ကောင်းတဲ့ ဇာတ်နိပါတ်တော်ပုံပါ စဥ့်ကွင်းတွေနှင့် စေတီပတ်လည်ကိုအလှဆင်ထားပါတယ်။ ဒီစဥ့်ကွင်းမှာမြင်နေရတဲ့ အရုပ်နှစ်ခုဟာ သဗ္ဗေညုတညဏ် မရအောင် ဘုရားရှင်ကိုခြိမ်းခြောက်နှောင့်ယှက်ရာမှာပါတဲ့ လူ့ခန္ဓာကိုယ် နှင့် ဇီးကွက်ခေါင်းပါ မာန်နတ်မင်းရဲ့စစ်သည်တော်တွေထဲက နှစ်ဦးကိုရည်ရွယ်ပါတယ်။ဓားရှည်ကိုင်ထားတဲ့ လူ့ခန္ဓာကိုယ်မှာ ဇီးကွက်ခေါင်းတပ်ပေးထားပြီး ကြောက်စရာကောင်းတဲ့ သတ္တဝါအဖြစ်ပုံဖော်ထားတယ်။
အခုမြင်နေရတဲ့ စဥ့်ကွင်းနှင့် လက်ရာတူ စဥ့်ကွင်းတွေ ရန်ကုန် " ဖယ်ရာ " ပြတိုက်မှာ တွေ့မြင်ခဲ့ရကြောင်း Oertel ဆိုသူ နိုင်ငံခြားသားတစ်ဦးရဲ့ ၁၈၉၃ ထုတ်ခရီးသွားမှတ်တမ်း ( "Note of a tour in Burma in March and April 1892" by Oertel, ) မှာဖော်ပြထားတယ်။
အလားတူ စဥ့်ကွင်းလက်ရာ တစ်ခုကို ဗြိတိန် ပြတိုက် ( British Musem )မှာပြသထားပါသေးတယ်။ အဲဒိ စဥ့်ကွင်းလက်ရာအကြောင်း အသေးစိတ်ကို "Notes on Antiquities in Ramamadesa" by Sir Richard Camac Temple (in Indian Antiquary, 1893 Dec. Vol XII) မှတ်တမ်းတင်ထားတယ်။
Richard Temple ဆိုသူ " Pitt Rivers Museum, Oxford "ကို လှူဒါန်းခဲ့တဲ့ စဥ့်ကွင်းတွေနှင့်လည်းလက်ရာတူဖြစ်တယ်။ ခုလက်ရှိ Pitt Rivers Museum, Oxford မှာဘဲပြထားတယ်။
အားလုံးချုံပြီးပြောရရင် အဲဒိ စဥ့်ကွင်း အားလုံးဟာ ၁၅ ရာစုလက်ရာ ဓမ္မစေတီမင်း ( ၁၄၇၂ - ၁၄၉၂ ) ကောင်းမှု့ ပဲခူး ရွှေဂူကြီးဘုရားက အကြောင်းကြောင်းကြောင့် ပျောက်ပျက် သွားတဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်တယ်။

6/6/10

နစ်မြုပ်နေသာ ဓမ္မစေတီမင်း ခေါင်းလောင်း

ရန်ကုန်မြစ် သုံးဆိုင် အတွင်း နစ်မြုပ်နေသာ ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီး၏ တည်နေရာနှင့် ပုံရိပ်ကို ဖမ်းယူ နိုင်ပြီ
by ခင်နွယ်ဝင်း ၊ မြန်မာပို့စ် သတင်းဂျာနယ် ၊ မေ ၂၆ ၂၀၁၀ ။
http://www.themyanmarpost.com/2010/05/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%BB%E1%80%99%E1%80%85%E1%80%B9-%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%86%E1%80%AF%E1%80%AD%E1%80%84%E1%80%B9-%E1%80%A1%E1%80%90/




ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း မြစ်သုံးဆိုင် အတွင်း နစ်မြုပ် နေသော ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးကို အဖွဲ့အသီးသီး က နှစ်ရှည်လများ အကြိမ် ပေါင်းများစွာ ရှာဖွေ သော်လည်း ရလဒ် ပီပီ ပြင်ပြင် မရရှိ ခဲ့ကြောင်းသိရသည်။ သြစတြေး လျနိုင်ငံ အခြေစိုက် ANIMAX Films က History Maker များအနေဖြင့် Documentary Film ထုတ်လုပ်ရေး အတွက် ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ် နေသည့် ခေါင်းလောင်း တော်ကြီး၏ ပုံရိပ်ဟု ယူဆ ရသော နေရာ နှစ် နေရာကို ဖမ်းယူ ရရှိ ခဲ့ကြောင်း၊ သို့သော် သေချာစွာ အတည်ပြု ပေးနိုင်ရေး အတွက် ကိုယ်တိုင် ကိုယ်ကျ ရေငုပ် စမ်းသပ် အတည် ပြုရန် လိုအပ်ကြောင်း သိရသည်။

ခေါင်းလောင်းတော်ရှာဖွေသည့် ANIMAX Films

ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေ နေသည့် ANIMAX Films အဖွဲ့တွင် ဒါရိုက်တာ မစ္စတာ ဒမ်မီယန်လေး၊ Sonar Technician မစ္စတာဂျရမီရိုက်စ်၊ Commercial Diver မစ္စတာ မာ့ခ်အိဗ်တို့ ပါဝင် သည်။ အဆိုပါ အဖွဲ့သည် ၁၉၃၅ခုနှစ်က မွန်ပြည်နယ်၊ ရေးမြို့နယ် အေးကျွန်း အနီး ပျက်ကျ ခဲ့သည့် နှစ်ယောက်စီး လေယာဉ်ကို ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံ သို့ အဓိက ရောက်ရှိ လာခြင်း ဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်း တော်ကြီး ရှာဖွေမှုတွင် ကူညီ ဆောင်ရွက်ခြင်း ဖြစ်သည်။

ခေါင်းလောင်းတော်ကြီး၏ သမိုင်းအကျဉ်း

ဓမ္မစေတီမင်း၏ ကောင်းမှု ဖြစ်သော ဓမ္မစေတီမင်း ခေါင်းလောင်းကြီးကို မြန်မာ သက္ကရာဇ် ၈၃၇ ခုနှစ်က သွန်းလုပ် ခဲ့ကာ ၈၃၈ ခုနှစ်တွင် ရွှေတိဂုံ စေတီတော်ကြီးတွင် တင်လှူ ပူဇော်ခဲ့ပြီး ၉၇၄ ခုနှစ်၌ မြစ်ထဲတွင် နစ်မြုပ် သွားခြင်းဖြစ်သည်။ ခေါင်းလောင်း တော်ကြီး၏ အမြင့်မှာ ၁၈ ပေ ရှိပြီး အ၀ အကျယ်မှာ ၁၂ ပေရှိသည်။ အလေးချိန် အားဖြင့် တန်ချိန် ၃၀၀ ခန့် (ပိဿာချိန် အားဖြင့် ၁,၈၀,၀၀၀) ခန့် ရှိသည်။

ခေတ်မီနည်းပညာများသုံး၍ ရှာဖွေခဲ့

ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ကို ယခု ရှာဖွေ ရာတွင် Sonar System နှစ် မျိုးဖြစ်သည့် Lowrance HDS 7 Structrue Scan နှင့် Starfish Side Scan စနစ်တို့ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရထံ တင်ပြကာ ခွင့်ပြုချက် ရယူပြီးမှ လုပ်ငန်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်း ဆောင်ရွက်မှု ပထမအကြိမ် အဖြစ် ဧပြီ ၂ ရက်မှ ၅ ရက်အထိ လေးရက် ကြာဆောင် ရွက်ခဲ့ပြီး ဧပြီ ၁၃ရက်တွင် ရှာဖွေရေး လုပ်ငန်း ကို ထပ်မံ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။

ရှာဖွေရေးလုပ်ငန်းစဉ်

0001ရှာဖွေရေး လုပ်ငန်း၏ ပထမအဆင့် အဖြစ် လျာထားနေရာ ဖြစ်သည့် ပဲခူးမြစ်မှ စတင်ပြီး ဖောင်တော် လှုပ်ရှား သွားလာ နိုင် သည့် မြစ်သုံးဆိုင် နေရာ တစ်ဝိုက်ကို ဂြိုဟ်တု ပုံရိပ် အရ ရေကြောင်း ရွေ့လျား မှုနှင့် သဲနုန်း အနည်ထိုင်မှု အပေါ် အခြေခံလျက် ရှာဖွေ ရေး နယ်နိမိတ် သတ်မှတ် ဆောင်ရွက်ခဲ့သည်။ စိတ်ဝင်စားဖွယ်ရာ ပစ်မှတ်များ လည်း တွေ့ရှိ ခဲ့ သည်ဟု သိရသည်။ ခေါင်းလောင်းတော် ကြီး အနီးတွင် ရေယာဉ်ပျက်များ၊ သစ်ဖောင် ပျက်များ ဟု ယူဆ ရသော အစိတ်အပိုင်း များ၊ သစ်တုံးများ၊ အခြား စိတ်ဝင်စားဖွယ် ရာ ပစ္စည်းများ ကိုလည်း တွေ့ရှိခဲ့သည်။ ရှာဖွေမှု မှ တွေ့ရှိချက် များကို လည်း စနစ်တကျ စီမံ ဆောင်ရွက် ထားရှိ ခဲ့သည်။

ယခင်က အဆိုပါ ခေါင်းလောင်းတော် ကြီး ရှာဖွေရေး ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြပ်မတ် ခဲ့သည်ဟု သိရသည်။ အဖွဲ့ အစည်း အသီးသီးမှ ၀င်ရောက်ရှာဖွေ ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြ သော်လည်း နည်းပညာပိုင်း အားနည်း မှုကြောင့် ရလဒ် တိတိကျကျ မပေါ် ပေါက်ခဲ့ပေ။

အချက်အလက်များ စုဆောင်း

သို့သော် ယနေ့ အထိ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေခဲ့ သောအဖွဲ့မှ ရေငုပ် ခေါင်းဆောင် ဦးကြိုင် ဆိုသူမှာ ခေါင်း လောင်းတော်ကြီးအား စမ်းမိ ထိတွေ့ ခဲ့သည် ဟု ရေးသား ဖော်ပြဆဲ ဖြစ်ပါသည်။ ANIMAX အဖွဲ့ ခေါင်းလောင်းတော် ရှာဖွေရေး လုပ်ငန်း အတွက် သတင်း အချက်အလက် စုဆောင်း ပြင်ဆင်ရာ၌ အထက် ဖော်ပြပါ ဦးကြိုင်အား အစည်းအဝေး တွင် ဖိတ်ကြား ဆွေးနွေး ဖူးပါ သည်။ ဦးကြိုင်က သူ့အနေဖြင့် ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ရှာဖွေရေး လုပ်ငန်း တွင် ရေငုပ်ခဲ့ပါကြောင်း၊ တစ်ကြိမ် တစ်ခါမျှ ခေါင်းလောင်း တော်အား ထိတွေ့ စမ်းသပ် နိုင်ခဲ့ခြင်း မရှိဖူးကြောင်း သိရသည်။

Applied Geology Department မှ ကထိက ဦးစိုးသိန်း နှင့်အဖွဲ့ တင်သွင်း ခဲ့သော သမိုင်းဝင် မြေမြုပ် နေသော ကြေးခေါင်း လောင်းတော်ကြီး (၂၉-၅-၁၉၉၇၊ ၉-၆-၁၉၉၇) မှာ Geophysical Method , Geochemical Method အရ ခွဲခြမ်းစိတ် ဖြာ၍ Sampling Areas တည်နေရာပါ GPS စနစ် အသုံးပြု ဖော်ပြ ထားသဖြင့် ရှာ ဖွေရေး အတွက် အထူး အထောက်အကူ ပြု သော စာတမ်းတစ်စောင် အဖြစ် မှီငြမ်း အသုံးပြု ခဲ့ကြောင်း ခေါင်းလောင်းတော်ကြီး ရှာဖွေရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ ယခု လုပ်ငန်းသည် ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ရှာဖွေမှု အတွက် ပထမအဆင့် လုပ်ငန်း ဖြစ်ကြောင်း၊ ရှေ့ ဆက် လုပ်မည့် အစီအစဉ်များကို လတ်တ လောတွင် ညှိနှိုင်း ဆောင်ရွက် နေဆဲ ဖြစ် ကြောင်း၊ တည်နေရာ အမှန် ရရှိပြီး အထောက် အထား ခိုင်လုံမှု ရရှိသည့် အထိ ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

မြစ်ကြမ်းပြင်တွင် နစ်မြုပ်နေသော ခေါင်းလောင်းတော်ကြီး အား ဖမ်းယူ  ရရှိသော ပုံရိပ်

ခေါင်းလောင်းတော်ကြီး ယခင်ရှာဖွေရေးလုပ်ငန်းများ

၁၉၈၇ ခုနှစ်၊ ဇန်န၀ါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၉ရက်အထိ ဦးကြိုင် ခေါင်း ဆောင်၍ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ သုံးဦး သည် ခေါင်းလောင်းတော်ကြီးကို ရေငုပ် ရှာဖွေမှု ပြုလုပ်ခဲ့ကြသည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်မှ ၂၇ ရက်အထိ ထပ်မံ ရှာဖွေ ခဲ့ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် ပုဂ္ဂလိက အဖွဲ့များက ခေါင်းလောင်းတော် ကြီးကို လာရောက် ရှာဖွေမှု ပြုလုပ် ခဲ့သေး သည်။ အမေ ရိကန် ရေငုပ်သမား ဂျင်ဘရန့် ဆိုသူကလည်း ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာတွင် တစ်ကြိမ်၊ ၁၉၉၇ ခုနှစ် မတ် ၂၉ရက်မှ ဇွန်လအထိ တစ်ကြိမ် စုစု ပေါင်း နှစ်ကြိမ် တိုင်တိုင် ရေငုပ် ရှာဖွေမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ၁၉၉၇ ခုနှစ်အတွင်း ခေါင်း လောင်းတော် ရှာဖွေရေး ကော်မတီမှ တာဝန် ပေးခဲ့သည့် ကထိက ဦးစိုးသိန်းမှ တိုင်းတာ မှုများ ပြုလုပ်စဉ် ရေငုပ်သမား ဂျင်ဘရန်က နှစ်ကြိမ်တိုင် ရေငုပ်ရှာဖွေ ကူညီ ခဲ့ရာတွင် ခေါင်းလောင်းတော်ကြီးမှာ မြေကြီး အောက် ၁၂ ပေခန့် မြုပ်နေသောကြောင့် သံပိုက်လုံး ဖြင့်ထိုးပြီး စမ်းသပ် ရှာဖွေ ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဦးစံလင်း ဆိုသူကလည်း ၁၉၉၇ ခုနှစ် ဇူလိုင်မှစတင်၍ ခေါင်းလောင်းတော် ကြီးကို အကြိမ်ကြိမ် ရှာဖွေမှု များ ဆောင် ရွက် နေကြောင်း သိရသည်။

အချုပ်အားဖြင့် သုံးသပ်သော် ခေါင်း လောင်းတော်ကြီး ကို ရှေးယခင် ခေတ်အ ဆက်ဆက် က ပါရမီရှင် များမှ ကြိုးပမ်းရှာ ဖွေ ခဲ့သော်လည်း လက်တွေ့အထောက် အထားဖြင့် တင်ပြနိုင်မှု အတိအကျ မရှိခဲ့ သေးဟု ဆိုရပါမည်။ သို့သော် ယခု ANIMAX အဖွဲ့၏ ကြိုးပမ်းမှုတွင် တိကျသော ပုံရိပ်နှင့် တည်နေရာ များ ဖော်ပြ နိုင်ခဲ့သဖြင့် နောက်အဆင့်ဆင့် ဆက်လက်ဆောင်ရွက် မည့်သူများ အတွက် များစွာ အထောက်အကူ ပြုစေမည် ဖြစ်ကြောင်း သိရသည်။

ခင်နွယ်ဝင်း

6/3/10

" နံယုန် "


နယုန်လဟာ တတိယလဖြစ်ပြီး ပုဂံခေတ်ကျောက်စာတွေမှာ "နံယုန်" လို့ အရေးများတာတွေ့ ရတယ်။
မေလ နဲ့ဇွန်လ မှာ ကျရောက်ပါတယ်။ ဝေါဟာရ လိနတ္ထဒီပနီကျမ်း မှာ " နရယုဂ " မှ နယုန် ဖြစ်လာတယ် လို့ ဆိုတယ်။ အဲဒိကျမ်း အဆိုကို မြန်မာ ပညာရှိ ဦးဖိုးလတ်က သဘောမတူပါ။ " နရယုဂ " ရဲ့အနက်က " အဖို နှင့် အမ တစ်စုံ (ယောင်္ကျား ၊ မိန်းမ စုံတွဲ ) လို့ အနက်ရတယ်။ ဒါကြောင့် " နရယုဂ " မှ နယုန် ဖြစ်လာတယ်ဆိုတဲ့ အယူဆဟာ ယုတ္ထိမတန် လို့ ပြောတဲ့ ဦးဖိုလတ် ရဲ့အယူဆကို ကြိုက်တယ်။


စိုက်ပျိုးရေးနှင့်သာသက်ဆိုင်တဲ့ လ အမည်ဖြစ်ဖို့ များပါမယ်။ ' နံ ' ရဲ့အဓိပ္ပာယ်မှာ ' အချိန်ကာလ ' ကို ရည်ညွန်းပြီး ' ယုန် ' ကတော့ " မိုး " ဒါမှမဟုတ် ' အရည်ယိုစီးခြင်း ' ကို အဓိပ္ပာယ်ဆောင်တယ်။ မိုးရွာတဲ့လတိုင်းကို နံယုန်လို့ မခေါ်ပါ။ ဒါကြောင့် မိုးစတင်ရွာတဲ့ အချိန်ကာလကိုသာ' နံယုန်' လို့ ခေါ်ဆိုကြမယ်လို့ ခန့် မှန်းရတယ်။ သိပ်ပူပြင်းတဲ့ နွေကာလ ကုန်ပြီ။ မိုးစတင်ရွာပြီ။ စိုက်ပျိုးဖို့ ပြင်ဆင်ကြဟေ့ လို့ သတိပေးတဲ့ သဘောသက်ရောက်တယ်။ စာပြန်ပွဲလုပ်တယ်ဆိုတဲ့ အထောက်ထား ပုဂံခေတ်ကျောက်စာတွေမှာ မတွေ့ ရ။ နယုန်လမှာ စာပြန်ပွဲလုပ်တဲ့ အလေ့ထဟာ အင်းဝခေတ် သာလွန်မင်း(၁၆၃၂-၁၆၄၈) လက်ထက်မှာ စတယ်လို့ ဆိုတယ်။



ပုဂံ
Photo by Algoddong @ Flickr.com


မြန်မာ ၁၂ လရာသီ အခေါ်ဝေါ်နှင့် ဖြစ်ပေါ်လာပုံကို အတိအကျပြောဖို့ မလွယ်ပါ။ ပုဂံ ခေတ်ကျောက်စာတွေမှာ ဒီလို ' လ ' အမည် စကားလုံးအရေးသားတွေ တွေ့ နေရပြီ ဆိုသော်လည်း ဘာကြောင့် ဒီလိုခေါ်တယ်ဆိုပြီး ရေးလေ့မရှိပါ။ ဒါကြောင့်ခန့် မှန်းပြီးရေးနေကြတာများတယ်။


ပုဂံ
Photo by Algoddong @ Flickr.com