မြန်မာ မင်းခန်းတော်နှင့်ပတ်သက်ပြီး ပြည်တွင်း၊ပြည်ပ ပညာရှင်အများစုက ဝိုင်းဝန်းပြုစုကြလို့ သိပ်ကောင်းတဲ့ မှတ်တမ်းမှတ်ရာတွေ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရှိနေပြီးဖြစ်တယ်။ မြန်မာထီးဆောင်းမင်းတွေရဲ့ အဆောင်ယောင်ဖြစ်တယ်ဆိုပေမယ့် မင်းခန်းတော်ပစ္စည်းတချို့ဟာ နိုင်ငံခြားဖြစ်၊ သို့မဟုတ် နိုင်ငံရပ်ခြားက ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေပါနေတာကိုပါသတိထားမိပါတယ်။ မူရင်းပုရပိုဒ်ပါ ပုံတွေကြောင့်လည်း ပစ္စည်းအမျိုးမည်နှင့်တကွ ပုံကိုပါ နှောင်းလူတို့ မှတ်သားရတယ်။
မင်းတွေရဲ့ အဆောင်ယောင်နဲ့ပတ်သက်ပြီး မဟာ မင်္ဂလာမင်းခန်းတော် ဆိုပြီး ပုရပိုဒ်တွေရှိခဲ့တဲ့အတွက် အဲဒီမင်းတွေ ဆုံးပါးတဲ့အခါ ပြင်ဆင်ရတဲ့ အမင်္ဂလာ အသုဘ အခန်းနားတော် ဆိုပြီး ပုရပိုဒ်တွေရှိမှာဘဲဆိုပြီး မှတ်ချက်ချမိတယ်။ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင် အမတ်၊ စော်ဘွား ၊ မင်းသားတွေ ကိုအသုဘချတဲ့အခါ ဘယ်လိုပြင်ဆင်ပါဆိုပြီး ဘုရင်ကအမိန့်တော်ထုတ်တဲ့အတွက် သူတို့တွေရဲ့ အသုဘအပြင်ဆင်ကိုသိရလို့ပါ။ ဘုရင်တွေ မိဘုရားတွေအတွက် အသုဘအပြင်ဆင်ရာမှာ လက်စွဲအဖြစ် မသာတော်အခန်းနား ပုရပိုဒ်ဆိုပြီး မတွေ့ဖူး သေးပါ။
ခုလိုမင်းတွေရဲ့ အဆောင်ယောင် မင်းခန်းနားတွေကို ဂရုတစိုက်ပြုစုကြသလို မှူးကြီး မတ်ရာ သေနာပတိ၊ အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီးရွာစားတွေရဲ့ အဆောင်ယောင်တွေကိုပါ မှတ်တမ်းပြုစုဖို့လိုအပ်ပါမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်း ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု ကိုဖော်ထုတ်ရာမှာ ထီးဆောင်းမင်းတစ်ဦးတည်းရဲ့ အကြောင်းရာကိုဖော်ပြရုံနဲ့မလုံလောက်ပါ။ ပြည်တွင်း ပညာရှင်တွေအနေနှင့် အမတ် ၊ မြို့စား ၊ စော်ဘွား ၊ သူကြီး ၊ ရွာစားတွေရဲ့ အဆောင်ယောင် တွေကိုပါစနစ်တကျဖော်ထုတ်ပြီး စာတမ်းပြုစုတာ မရှိသလောက် ရှားပါတယ်။ တိုင်းရင်းသားဆိုင်ရာ ယဉ်ကျေးမှုအချက်လက်တွေ ရှာတဲ့အခါ တဆင့်စကား၊ ပါးစပ်ရာဇဝင်တွေကသာ များနေတာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီအကြောင်းရာနဲ့ပတ်သက်ပြီး စာတမ်းပြုစုဖို့ရာ အချက်လက်တွေစုနေပါတယ်။
၁၇ ရာစုအစောပိုင်း ဘုရင့်အမိန့်တော်တွေ နှင့် ကုန်းဘောင်ခေတ်စစ်တမ်းတွေကို အခြေခံပြီး ဝန်းသို (ဝန်သို) စော်ဘွားနဲ့သတ်ဆိုင်တဲ့အချက်လက်တွေ ဖော်ပြလိုက်ပါတယ်။ စော်ဘွားအရာဆက်ခံတဲ့ခါ မျိုးရိုးစဉ်ဆက် ဆက်ခံတာတွေရှိသလို မျိုးရိုးပြတ်တဲ့အခါ သင့်တော်ရာကို စော်ဘွားအရာဆက်ခံစေတာမျိုးလည်းတွေ့ရပါတယ်။ စော်ဘွားအပြောင်းလဲဖြစ်စေတဲ့ နောက်ထပ်အကြောင်းရာရှိပါသေးတယ်။ မင်းပြောင်းမင်းလွဲဖြစ်တဲ့ခါ နှင့် ဒေသခံမျိုးကြီးရိုးကြီးအချင်းချင်း စော်ဘွားအရာလုတဲ့အခါဖြစ်ပါတယ်။ဒီဘုရင်လက်ထက်မှာ ဒီလူကို ဒီစော်ဘွားအရာမြှောက်ပေမယ့် နောက်တစ်မင်းတက်တဲ့အခါ အခြားလူကို စော်ဘွားအရာပေးတဲ့အလေ့လည်းရှိပါတယ်။ ဒီတော့ တစ်နေရာတည်းမှာ စော်ဘွားလုပ်ဖူးတဲ့ မျိုးရိုးဟာ ၂ ခုထက်မနည်းဘဲရှိနေတတ်တယ်။ တစ်ခါတစ်ရံ စော်ဘွားမလုပ်လိုတဲ့အတွက် စော်ဘွားအရာပြန်အပ်တဲ့အတွက် အသစ်ခန့်ထားရတာမျိုးလည်းရှိပါသေးတယ်။
ဝန်းသိုစော်ဘွားများ အရာဆက်ခံကြသောအခါ အရာခံလက်ဆောင် အများအစားပေးကြရ၏။
ဝန်းသိုစော်ဘွားများသည် အရာဆက်ခံသောအခါ
၁။ ဘုရင်ကို ငွေ ၅၀၀ိ၊
၂။ ဝန်ကြီးကို ၂၅၀ိ၊
၃။ ဝန်ထောက် ၄ ယောက်ကို ၂၀၀ိ၊
၎။ အတွင်းဝန် ၂ ယောက်ကို ငွေ ၁၀၀ိ၊
၅။ နားခံ ၂ ယောက်ကို ငွေ ၇၅ိ၊
၆။ အဝေးရောက် ၄ ယောက်ကို ငွေ ၁၂၀ိ၊
၇။ သံတော်ခံ ၄ ယောက်ကို ငွေ ၆၀ိ၊
၈။ ပြင်သံတော်ဆင့် ၁ ယောက်ကို ငွေ ၃၀ိ၊
၉။ တံခါးနီကြေး ၃ိ ပေးဆောင်ရလေသည်။ ( ဝန်သိုမြို့ ၁၁၂၅ ခုစစ်တန်း)
ဒီလိုတွေ့ရတဲ့အတွက် စော်ဘွားဖြစ်ဖို့ရာ ငွေကုန်ကြေးကျများမယ်ဆိုတာသိသာစေပါတယ်။ ဒီလို ကုန်ကြမယ့် ငွေ ၁၃၃၈ ကျပ်မတတ်နိုင်လို့ စော်ဘွားမလုပ်လိုက်ရတဲ့သူတွေလည်း ရှိနိုင်ကောင်းတယ်လို့ ထည့်တွက်ရပါမယ်။ စော်ဘွားဖြစ်ဖို့ရာ ဒီမှာတင်ပြီးသလားဆိုတော့ မပြီးသေးပါ။ နှစ်စဉ်ကန်တော့ရတဲ့ ပစ္စည်းတွေရှိပါသေးတယ်။ ဘုရင်ကိုရော အိမ်ရှေ့မင်းကိုပါ ကန်တော့ဆက်သရပါတယ်။ ဘုရင်မင်းမြတ် နှစ်စဉ် သတင်းကျွတ် လတွင် ဦးကင်တော်ဖွင့်ဝါကျွတ်ကန်တော့ခံသောအခါ ဝန်းသိုမြို့ သူကြီး၏ နှစ်စဉ် ကန်တော့ဆက်မှာ
ဘုရင်ကို ဆက်သတဲ့ ပစ္စည်းတွေကတော့
၁။ ရွှေဖလား ၅ိ ခုတ်
၂။ ဖျင် ၂
၃။ ခါသာ ၂
အိမ်ရှေ့မင်း ကို
၁။ ငွေဖလား ၂ိ ၂ံ
၂။ ဖျင် ၁
စော်ဘွားဆိုတာ ဘုရင်ငယ်တစ်ပါးလို တန်ခိုးကြီးတာမို့ အဆောင်ယောင်နဲ့နေရပါတယ်။ အကြောင်းရာပေါ်လို့ ဘုရင်ရှိရာ နန်းတော်ကိုသွားရတဲ့အခါ အဆောင်ယောင်အပြည့်ဝ ဝတ်ဆင်ပြီးမှ အခစားဝင်ရပါတယ်။ အဆောင်ယောင်ပျောက်ဆုံးလို့ မဝတ်ဆင်နိုင်တဲ့အခါဖြစ်စေ၊ ပေါ့ပေါ့လျော့လျော့ဝတ်စားဆင်ယင်မိတဲ့အခါဖြစ်စေ မင်းပြစ်မင်းဒါဏ်ခံရလေ့ရှိပါတယ်။ မြန်မာသက္ကရာဇ် ၁၁၄၅ ခုနှစ် ဝန်သိုစစ်တမ်းပါ ဝန်သိုမြို့ သူကြီးအဆောင်ယောင် နှင့် မြန်မာသက္ကရာဇ် ၁၁၂၅ ခုစစ်တမ်းပါ ဝန်သိုစော်ဘွားတို့ ရဲ့အဆောင်ယောင်တွေကို ဖော်ပြလိုက်ပါတယ်။
၁၁၄၅ခု စစ်တန်းအရ ဝန်သိုမြို့ သူကြီးတို့၏ အဆောင်အရွက်မှာ -
၁။ မြင်းကတိုင် ၇ ပွင့်
၂။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက် အနားသံ ၄ံ ရွှေပိန်း
၃။ နှင်း နှင်းသိပ်
၎။ အိမြောင်ရင်ပတ်ကွင်း
၅။ ရွှေဇဝါ အုပ်ခက်ထိပ်အုပ်
၆။ မြီးဖြမ်းရင်ဘတ် သက္ကလပ်ကြိုး ရွှေကြယ်တပ် မိုးကြိုးကြုတ်
၇။ လက်ဖက်အိုး
၈။ တကောင်းပိတ်
၉။ ထားအိမ်အဆောက် ရွှေအမွှန် ထားအိမ်ရင်းဖျား ရွှေငါးပတ်ခံတွင်း ရွှေသံပတ်စွဲ ငါးတန့်
၁၀။ ဒိုင်းဝန် ရွှေဇဝါပိန်း။
ဝန်သိုမြို့ ၁၁၂၅ စစ်တန်းတွင် စော်ဘွားတို့ အဆောင်အရွက်တို့မှာ
၁။ ဆင်ပေါက် ၊ ဆင်မ
၂။ ရဲကအနီ ၂ စု ရွှေတစု
၃။ အလံကျည်ရွှေရေး
၎။ အလံနီ ၂
၅။ ပေါင်ဝန်းအနီ ၂ စု
၆။ အထွတ်ရွှေ
၇။ သက္ကလပ်ကြိုး အနားဖဲကွပ်
၈။ ချွန်း ၎
၉။ ထီးဝါ ၂
၁၀။ ကျိုင်း ၂
၁၁။ အထွတ်ရွှေ ၄ံ ခန့်
၁၂။ မြင်းကကိုင်း ရွှေညောင်ရွက် ၂ ဆင့် တညောက်ရွှေရွက် ၃ ပွင့်
၁၃။ ကတောင်ရွှေရေး
၁၄။ စာမရီပန်းခက် ကိုက်
၁၅။ အနားသံ ၄ံ ရွှေးပိန်း
၁၆။ နှင်း နှင်းသိပ်
၁၇။ အိမ်မြောင် လကွင်း
၁၈။ ရင်ပတ်ကွင်း
၁၉။ မြီးပျမ်းရင်ပတ်
၂၀။ သက္ကလပ်ကြိုးကြယ်စီ
၂၁။ သက္ကလပ် တင်ရမ်း
၂၂။ မုဒရက်ပေါင်ဆွဲ
၂၃။ ရှေ့တက် နောက်တက် ဇက်ရွှန်း ၃ ဆင့်
၂၄။ ကွမ်းခွက် ၈ မြှောင့်
၂၅။ မိုးကြိုးထွေးအင်
၂၆။ တကောင်းပိတ်
၂၇။ လက်ဖက်အိုး
၂၈။ ကျပ်မြင့်မိုရ်
၂၉။ ထားလိုက် လက်ဝဲ လက်ျာ ၂ စဉ်
၃၀။ စည်နီ ၇
၃၁။ ပုံသာ ၁
၃၂။ ခရာ
၃၃။ နှဲကြီး ၁
၃၄။ နှဲငယ် ဆိုပြီး အဆောင်အယောင် အတော်များတာကိုသတိထားမိပါတယ်။
ဝန်းသိုစော်ဘွားရဲ့အဆောင်ယောင်ဟာ အရေတွက်အတော်များတာကိုတွေ့ရပါတယ်။ သို့သော်လည်း တချို့ပစ္စည်းအမျိုးအမည်တွေဟာ ဘာကိုဆိုလိုမှန်းမသိပါ။ ဘယ်ပစ္စည်း ဘယ်လိုပုံစံရှိတယ်ဆိုတဲ့ မှတ်တမ်းပုံတွေကို ပုရပိုဒ်ပေါ်မှာသာရေးဆွဲဖော်ပြလေ့ရှိပါတယ်။ စစ်တန်းနှင့် အမိန့်တော်တွေမှာတော့ အမျိုးအမည်နှင့် အရည်အတွက်ကိုသာဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် ခိုင်ခိုင်မာမာပြောဖို့ရာ မှတ်တမ်းမှတ်ရာများလိုအပ်နေသေးတာမို့ ဆက်ပြီး သုတေသနပြုရပါဦးမယ်။
ဝန်သို စော်ဘွားတို့ အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ
အိမ် ၃ ဆင့် ဟော်ချိုးတက် အမိုးအင်္ဂတေပွတ် မာရဘင် အနီသုတ်၊ ပြတင်းအနီ ၂ စု ရွှေ ၁ စု၊ ဝင်မြင်းကြမ်းလွှတ် ၊ ပြတင်းတံခါး လေးပေါက် ဆောက်လုပ်နေထိုင်ခွင့်ရှိသည်။ (ဝန်သိုမြို့ ၁၁၄၅ စစ်တန်း)
ဝန်သို စော်ဘွား အိမ်( ဟော်နန်း ) ဆောက်တဲ့အခါ ဘယ်လိုဘယ်ပုံစံအတိုင်းဆောက်ပါ၊ ထိထက်ပိုမလုပ်ပါနဲ့ဆိုပြီး တားမျက်တဲ့သဘောပါတဲ့ စစ်တန်းမျိုးလည်းတွေ့ရပါသေးတယ်။ ရှင်းရှင်းပြောတော့ မင်းတို့စော်ဘွားတွေ ငွေတတ်နိုင်တိုင်း ကြီးကြီးမားမားဆောက်လို့ ရတယ် သို့သော် နန်းတော်တမျှ ခန်းနားအောင် ဆိုပြီးဆောက်တာမျိုးမလုပ်နဲ့လို့ပြောသလိုပါ။
စော်ဘွားအရာဆက်ခံတဲ့အခါ ဘယ်လိုဆက်ခံရတယ်၊ နှစ်စဉ်ဝါကျွတ်တဲ့အခါ ဘာတွေနှင့် ကန်တော့ရတယ်၊ စော်ဘွားတွေရဲ့ အခန်းနားတွေကဘာတွေ ဖြစ်တယ်ဆိုတာကို စုဆောင်းရရှိတဲ့အချက်လက်တွေကို အခြေခံပြီးပြောခဲ့ပြီးပါပြီ။ နောက်ထပ်ပြောစရာကျန်တာက စော်ဘွားတွေဆုံးပါးတဲ့အခါ မသာတော်အခန်းနားအတွက်ဘယ်လိုပြင်ဆင်ရသလဲဆိုတာပါ။
ဝန်သိုမြို့ ၁၁၂၅ ခု စစ်တန်း အရ စော်ဘွားတို့သေလွန်တဲ့အခါ စီရင်ရတဲ့အဆောင်ယောင်တွေက---
စော်ဘွားတို့သေလွန်လျှင် ပျဉ်အဖုံးကမ္ပတ် ရွှေအနီခံသတ် ပျဉ်ခုံ ချင်ပု ဗီတာန်ခြေ ၆ ချောင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပချုပ် ၊ ငွေပချုပ်၊ စန္ဒယမား မီးလောင်တိုက် ငှက်ချေးခံရာဇမတ်ကာ နှင့် သင်္ဂြိုဟ်ပို့ရသည်။ အကူတော်ဖျင် သာလူ ပေထုပ်ပေးရသည်။
အဲဒီလို အသုဘချရာမှာ သုံးတဲ့ပစ္စည်းတွေမှာလည်း ဘယ်ပစ္စည်းက ဘယ်လိုပုံစံရှိတယ်ဆိုတာအတိကျပြောဖို့မတတ်နိုင်ေ သးပါ။ အဓိက အားနည်းချက်ကတော့ ဘယ်မှတ်တမ်းကိုအားကိုးပြီးပြောရမှန်းမသိ ဖြစ်နေတာပါ။ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေဟာမှန်သင့်သလောက်မှန်တာတွေလည်းရှိပါတယ်။ သို့သော် ကမ္ဘာအဆင့်မှီ တက္ကသိုလ်တစ်ခုခုမှာ စာတမ်းဖတ်ကြားဖို့ကြုံလာတဲ့အခါ ပါးစပ်ပြော အရပ်ပြော ဓလေ့တွေက ထင်သလောက်ကိုးကားမရဖြစ်နေပါတယ်။
အခု ရသလောက်မှတ်တမ်းတွေကို အခြေခံပြီး ဝန်သိုစော်ဘွား အရာဆက်ခံရာကနေ သေဆုံးတဲ့အချိန်အထိ သုံးဆောင်ရတဲ့အဆောင်ယောင်တွေကို ကြိုးစားပြီးဖော်ပြကြည့်ပါတယ်။ ဒီစာထဲက အချက်လက်ကိုအခြေခံပြီး အခြားစော်ဘွားတွေရဲ့ အဆောင်ယောင်ကို မှန်းဆကြည့်လို့ရနိုင်ပါတယ်။ ဒီစာရဲ့ အားနည်းချက်က ဘယ်ပစ္စည်းက ဘယ်ပုံဖြစ်တယ်ဆိုတာမဖော်ပြနိုင်တာပါဘဲ။ ရှေ့က ပညာရှင်တွေရေးထား ပြုစုထားတဲ့အထဲက ဟိုတစ်စ ဒီတစ်စဆွဲနှုတ်ကာ လူတွင်ကျယ်လုပ်ပြီး ရေးထားတဲ့စာကို ဒေါက်တာသန်းထွန်းက " စပ်ထမီ " လို့နာမည်ပေးပါတယ်။ အခြေနေပေးရင် ကျနော်က " စပ်စောင် " တစ်ထည်လောက်လုပ်ချင်ပါတယ်။