3/29/11

လူငယ်တွေတာဝန်ပါ။

မြန်မာတစ်နိုင်ငံလုံးရှိ ဒီလိုပျက်ဆီးဆုံးရှုံးနေတဲ့ သမိုင်းဝင်ရှေးလက်ရာတွေကို ဂရုတစိုက် မှတ်တမ်းလုပ်လာတာ လွန်ခဲ့တဲ့ ၃ နှစ် လောက်ကတည်းကပါ။ လူအများ သတိထားမိအောင် ဒါတွေကို ပြောတဲ့အခါ တရားလွတ်ပြောတာမျိုးမဖြစ်ရလေအောင် မှတ်တမ်းဓာတ်ပုံအထောက်ထားနဲ့ ပြောပါတယ်။ ဒီစိတ်ကူးဘယ်လိုစပြီး ဖြစ်တည်လာလဲဆိုတာ နည်းနည်းပြောပရစေ။

ဒေါက်တာသန်းထွန်း ဆိုတာနဲ့ သမိုင်းပညာရှင် ရှေးဟောင်းသုတေသန ပညာရှင်အဖြစ် လူအများသိပြီးသားပါ။ အထူးသဖြင့် ပုဂံသမိုင်း ပုဂံခေတ်နဲ့ ပတ်သက်ပြီး ပိုင်ပိုင်နိုင်နိုင်ပြောနိုင်တဲ့ ပညာရှင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ၊ ရှေးဟောင်းသုတေသန နဲ့ပတ်သက်ပြီး သိပ်အလုပ်လုပ်ခဲ့တာ အများသိပြီးဖြစ်ပါတယ်။

သမိုင်းပညာရှင် အတော်များများဟာ သမိုင်းအကြောင်း ၊ မှတ်တမ်းအကြောင်း ၊ ရာဇဝင်အကြောင်းတွေကို ဖောင်လောင်အောင်ပြောနေ ၊ ရေးနေကြပေမယ့် လူတွေဖျက် လို့ပျက်စီးတာ၊ သဘာဝအလျှောက် ပျက်စီးယိုယွင်းတာ ၊ ရှေးလက်ရာမပျက် ဆိုပြီး ပြုပြင်မှုတွေလုပ်ရာကနေ ကွယ်ပျောက်သွားတဲ့ သမိုင်းဝင် ယဉ်ကျေးမှု မှတ်တိုင် ဆိုင်ရာလက်ရာတွေကိုတော့ ဘာမှမပြောဘဲ နှုတ်ဆိပ်နေတာများပါတယ်။

ရှင်းရှင်းပြောတော့ ပညာရပ်ပိုင်းဆိုင်ရာမှာ ပညာရှင် အဖြစ်လူသိများတာမျိုး နှစ်သက်လိုလားပေမယ့် ဒီလိုကိစ္စမျိုးတွေမှာတော့ လူမုန်းမခံချင်၊ သက်ဆိုင်အစိုးရ ငြိုငြင်မှုကို မခံချင်တဲ့ ပညာရှင်ကြီးတွေများပါတယ်။ သမိုင်း ၊ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ဟိုတုန်းကအကြောင်းရာကို ပြောနေယုံနဲ့ တာဝန်မကျေနိုင်ပါ ။ ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ တလွဲဆံပင်ကောင်း ကိစ္စတွေကို ရဟန်းရှင်လူ နှင့် သက်ဆိုင်ရာအစိုး ကိုအမှန်တိုင်းပြောပြီး ထိမ်းသိမ်းမှုပညာပေးတာမျိုးလုပ်နိုင်ပါမှ ပညာရှင်စစ်စစ်ပီသပါတယ်။ ကိုယ်တိုင်မပြောရဲ ရင်တောင် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတဲ့လူကို ဝိုင်းဝန်းပန့်ပိုးပေးတာမျိုးလောက်တော့ လုပ်သင့်ပါတယ်။ ခုတော့ ဝိုင်းကျင် ထားကြတာများပါတယ်။

ဒေါက်တာသန်းထွန်းက ပုဂံ ကို ရဟန်းရှင်လူ အစိုးရ ဝိုင်းပြီး ဖျက်ဆီးတာ ၊ သဘာဝအလျှောက် ပျက်ဆီးတာတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက မှတ်တမ်းမှတ်ရာအထောက်ထားနဲ့ ပြောလာခဲ့တာ ဆုံးပါးသွားတဲ့အချိန်ထိပါဘဲ။ ဒါကို လူတချို့က ဝင်ပြီးသံယောင်လိုက်တာလဲရှိပါတယ်။ ဒါပေသိ အတိကျ မှတ်တမ်းနဲ့ပြောတာမျိုးတော့မဟုတ်ပါ။ မြင်ဖူး ကြားဖူးတာမှန်သော်လည်းဘဲ အထောက်ထားမပြဘဲပြောတာဟာ ပေါက်ကရလေးဆယ်ပြောတာနဲ့အတူတူနီးပါးပါဘဲ။

ဒေါက်တာသန်းထွန်းက ပျက်ဆီးလာပြီဖြစ်တဲ့ ပုဂံနဲ့ပတ်သက်ပြီးပြောသွားတာမှန်ပေမယ့် ဒါဟာ သူအပိုင်နိုင်ဆုံး အကြောင်းရာကို ခိုင်ခိုင်မာမာပြောသွားတာပါ။ အခြားနိုင်ငံအဝန်းက ရှေးလက်ရာတွေကို ဖြစ်ချင်ရာဖြစ် ချန်ထားခဲ့တာမျိုးမဟုတ်ပါ။ သို့သော် ကျန်ခဲ့တာတွေကို မင်းတို့လူငယ်တွေဆက်လုပ်ကြပါ ဆိုတဲ့သဘောပါဘဲ။ ရခိုင်၊ ရှမ်း ၊ မွန် အပါဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ ခုလို ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သမိုင်းဝင် ယဉ်ကျေးမှုအမွေ ရှေးလက်ရာတွေ အများကြီးရှိပါသေးတယ်။ အဲတာတွေကို ဆက်လုပ်ရမှ လူငယ်တွေတာဝန်ပါ။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။