4/3/11

အိမ်ရှေ့မင်းနန်းတော်ဝင်ပုံ။ ။

အိမ်ရှေ့မင်းနန်းတော်ဝင်ပုံ။ ။ အိမ်ရှေ့မင်းသည် ညီလာခံဝင်သည်မှတပါး ဧကရာဇ်မင်းမြတ် ရှေ့တော်သို့ ဝင်လို၍ ရွှေနန်းတော် ဝင်လာသည့်အခါတိုင်း တောင်စမုတ်အနောက် တတာခန့်အကွာတွင် အရှေ့အနောက် ၂၁- တောင် ၂- မိုက်၊ တောင် မြောက် ၉-တောင် ၂-မိုက်ရှိ ကွန်းထောက်နန်းတော်မှာ ခေတ္တစံတော်မူရသည်။ အိမ်ရှေ့ဘုရား ဝင်တော်မူလာသောအကြောင်းကို မိန်းမစိုးက ဧကရာဇ်မင်းမြတ် ရွှေနားတော်ကြားတင်လျှောက်ရသည်။ ထိုအခါ ရှေ့တော်သို့ ဝင်ရန် အမိန့်တော်ရှိသဖြင့် အိမ်ရှေ့မင်းလည်း ဧကရာဇ်မင်းမြတ် စံတော်မူရာ အဆောင်တော်သို့ ဝင်ရောက်ခစားရသည်။

နောင်တော် ပုဂံရွှေနန်းရှင်ဘုရား ရွှေနန်းတော်သို့ ဝင်တော်မူလာလျှင်လည်း ယင်းသည့် ကွန်းထောက်နန်းတော်တွင် ခေတ္တစံတော်မူပြီးမှ မိန်းမစိုးတို့က ဧကရာဇ်မင်းမြတ် ရွှေနားတော်ကြား လျှောက်ထားရသည်။ ထို့နောက် ပုဂံရွှေနန်းရှင်ဘုရား ညီတော်ရှိရာသို့ ထွက်တော်မူလာရာ ညီတော်မင်းတရားသည် အဆောင်တော်ဦးမှ ဒူးပဆစ်တုပ်ပျပ်လျက် ရှိခိုးလက်ယှက်ခါ ကြိုတော်မူသည်။ (ယခု ကွန်းထောက်နန်းတော်ကို အင်္ဂလိပ်မင်းလက်ထက်မှာ နံ့သာနန်းတော်ဟူ၍ မှားယွင်းစွာ ကမ္ပည်းရေးထိုးထားသည်။ နံ့သာနန်းတော်ကား မြောက်စမုတ် တောင်ဘက်မှာ ဖြစ်သည်။ ယခုအခါ ဖျက်သိမ်းရာပါသောကြောင့်မရှိချေ။ သို့ရာတွင် နန်းတော်ကြီးပုံစံ ပြုလုပ်ထားရာ၌ ၎င်းနံ့သာနန်းတော်ကလေး ထင်ရှားရှိသည်)။


(ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။