5/26/12

ကျန်စစ်သားကို ဆက်ခံသူဘယ်သူလဲ

ကျန်စစ်သား ကိုဆက်ခံတဲ့ မင်းကိုဖော်ပြရာမှာ လုစ်ရဲ့ Old Burma early Bagan ကိုဘဲပြန်ညွှန်းပါဦးမယ်။ ကျန်စစ်သားရဲ့ သမီးတော် ရွှေအိမ်စည် ခေါ် ရွှေအိမ်သည် ကို မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ် ။ ဘာကြောင့် ပေးစားရလဲဆိုတော့ ကျန်စစ်သားအုပ်ချုပ်စဉ် အခါတစ်ပါး မွန်မင်းသား နာဂသမန်းဟာ မင်းခန်းမင်းနား ပစ္စည်းတချို့ယူပြီး ပုန်ကန်ဖို့ရာ ပြင်ဆင်တယ်။

အဲဒီအခါ ဘုရင်က သမီးတော် ရွှေအိမ်စည် နှင့်ပေးစားမယ်ဆိုပြီး အနုနည်းနှင့် သိမ်းသွင်းတယ်။ နောက်ပြီး ထပ်ပြောတာက မွေးလာတဲ့ သားယောင်္ကျားကို ထီးမွေပေးမယ်လို့ ကတိပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီတော့ သူတို့ နှစ်ဦးကမွေးတဲ့ အလောင်းစည်သူ ကို ထီးမွေပေးလိုက်တယ်လို့ဆိုပါတယ်။ မနုဟာ (မကုတ) ကျောက်စာကို ကိုးကားပြီးပြောသွားတာပါ။

လုစ် အဓိကထားပြီး ကိုးကားသွားတဲ့ မနုဟာကျောက်စာဟာ မူရင်း မဟုတ်တဲ့ " ဆင့်ထိုး " ကျောက်စာဖြစ်နေပါတယ်။ ဘိုးတော် ဗဒုံမင်းလက်ထက် မြန်မာပြည်အရပ်ရပ်က ကျောက်စာတွေကို တစ်နေရာတည်းစုစည်းဖို့ရာလုပ်တယ်။ အပြောလွယ်ပေမယ့် လုပ်ရတာမလွယ်ပါ။

အကြောင်းကြောင်းကြောင့် မူရင်းကျောက်စာကို ရွှေ့ပြောင်းယူသွားဖို့ မဖြစ်နိုင်တဲ့အခါ မူရင်းကျောက်စာထဲက စာတွေကို သင့်တော်ရာကျောက်ပြားတစ်ချပ်ပေါ်ကို တဆင့်ကူးယူတယ်။ အဲလိုကူးယူ ရေးထိုးထားတဲ့ ကျောက်စာကို ဆင့်ထိုး ကျောက်စာလို့ခေါ်ပါတယ်။ ရှင်းရှင်းပြောတော့ မူလထိုးမဟုတ်လို့ အချက်လက်တွေကို စိတ်ချလက်ချယူလို့ မရပါ။ ဒီတော့ မနုဟာ (မကုတ)ကျောက်စာဟာ စိတ်မချရဘူးပေါ့။

ကျောက်စာဝန်ဟောင်း ချားစ်ဒူရွိုင်ဆယ် ကတော့ ဒီကျောက်စာကို မူလထိုးကျောက်စာ စာရင်းထဲထည့်ခဲ့ဖူးပါတယ်။ ကျောက်စာအစပိုင်းမှာ ရေးထားတဲ့ အလောင်းစည်သူ (ပထမစည်သူ) မင်းနေရာမှာ ထီးလှိုင်မင်းလို့သာ ရေးခဲ့ရင် မူလထိုးကျောက်စာအဖြစ် တသဝေမတိမ်းမှတ်ယူသွားနိုင်တယ်။

ဘာဖြစ်လို့ဆိုတော့ မင်းနာမည်ကွဲနေတာကလွဲရင် ကျောက်စာပါအဖြစ်ပျက်တွေအကုန်လုံး ကျန်စစ်သား (ထီးလှိုင်မင်း) လက်ထက်ကအဖြစ်ပျက်တွေ ဖြစ်နေလို့ပါ။ သို့သော်အချို့ပညာရှင်တွေရဲ့အဆိုအရ ကျောက်စာပါ စကားလုံး နှင့် သတ်ပုံတွေအရ ပုဂံခေတ် ရေးမဟုတ်နိုင်ပါလို့ပြောတဲ့လူလည်းရှိခဲ့ပါတယ်။ ၁၇ ရာစုလောက်ကတည်းက အငြင်းပွါးခဲ့ရတဲ့ မကုတ ကျောက်စာဟာ ယနေ့အချိန်ထိဘဲဆိုပါတော့။

ဆင့်ထိုးကျောက်စာလို့ ဝိုင်းပြောနေကြတဲ့ မနုဟာ (မကုတ)ကျောက်စာ နှင့်ပတ်သက်ပြီး စဉ်းစားစရာ ထပ်တွေ့ပါတယ်။ မူလထိုးကို မှီပြီး ဆင့်ပွါးကူးယူထားတာမို့ ဆင့်ထိုး လို့ခေါ်ရိုးမှန်ရင်တော့ဖြင့် အရင်းမူလ ကျောက်စာဘယ်ရောက်သွားလဲဆိုတာ စဉ်းစားရပါမယ်။ ကျောက်စာတွေ စုခဲ့စဉ်အခါတုန်းကတော့ ဘိုးတော် ဗဒုံမင်းရဲ့အမိန့်တော်အရ ပျက်စီး ယိုယွင်းနေတဲ့ ကျောက်စာတွေကို အသစ်ပေါ်ကူးယူခဲ့ရမယ်လို့ ပါလေတော့ အရင်းမူလ မကုတ ကျောက်စာဟာ လုံးဝသုံးမရအောင် ပျက်စီးသွားလေရော့သလားလို့ တွေးမိတယ်။

 ဒီလိုမှ မဟုတ်ရင်တော့ နှစ်ပေါင်းသုံးရာလောက်ရှိနေပြီဖြစ်ပေမယ့်
 အရင်းမူလ ကျောက်စာကို ရှာမတွေ့သေးတာဟာ အခြားအဓိပ္ပါယ်သက်ရောက်စေပါတယ်။

၁၇ ရာစုက မြန်မာတွေဟာ လွန်ခဲ့တဲ့ အနှစ် ၆၀၀ ကျော်လောက်ကအဖြစ်ပျက်ကို ပါးစပ်ရာဇဝင် အခြေခံပြီးရေးခဲ့လေသလားလို့ ပေါ့။ ဒီလိုသာဖြစ်နေရင်တော့ မကုတကျောက်စာဟာ ရှေးကအဖြစ်ပျက်ကို နောက်မှလိုက်ပြီးရေးထိုးတဲ့ ' နောက်ထိုးကျောက်စာ ' ဖြစ်လေမလား ဆိုပြီး Study Guess လုပ်ရပါမယ်။

ဒါဆို အရင်းမူလ ဖြစ်သော်လည်းဘဲ နောက်ထိုးကျောက်စာသာဖြစ်မယ်။ ဒီအချက်ကြောင့်များ ဒူရွိုင်ဆယ်က မူလထိုး အုပ်စုထဲထည့်ခဲ့လေသလားမသိပါ။ ထားပါတော့ ကျောက်စာအကြောင်းပြောတာနဲ့တင် အတော်ရှည်သွားပြီ။

စောစောက စကားကိုပြန်ဆက်ကြပါစို့။ ကျောက်စာအရ ကျန်စစ်သားရဲ့ သမီးတော် ရွှေအိမ်စည် ခေါ် ရွှေအိမ်သည် ကို မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ် ။ မှန်နန်းမှာပြောတာက ရွှေအိမ်စည် ခေါ် ရွှေအိမ်သည်ကို အနော်ရထာရဲ့ သားတော် ဂြီဝဇြာဘရံဏ ဘွဲ့ခံ စောလူး ( ၁၀၇၇-၁၀၈၄ ) ရဲ့ သား စောယွန်း နှင့်လက်ဆက်ပေးတယ်။

မှန်နန်းအရပြောရင် ကျန်စစ်သားပြီးတာနဲ့ အနော်ရထာရဲ့ မျိုးဆက် မင်းရိုး ပြန်စတဲ့သဘောဖြစ်နေတယ်။ ဒီတော့ ရွှေအိမ်စည် နှင့် လက်ဆက်သူဟာ မနုဟာ ရဲ့မြစ် နာဂသမန်းဖြစ်တယ် ဒါမှဟုတ် အနော်ရထာရဲ့ မြေး စောယွန်းဖြစ်တယ် ဆိုပြီး သမိုင်းဆရာတွေ သဘောထားကွဲရပြီ။

ဒီနေရာမှာ လုစ် ရဲ့သဘောထားက နုဟာ ရဲ့မြစ် နာဂသမန်းဖြစ်တယ်။ ဒေါက်တာသန်းထွန်းရဲ့အပြောမှာ ဘယ်ဟာမှမသေချာဘူးလို့ပြောပေမယ့် ဒုတိယစည်သူ (၁၁၆၅-၁၂၁၁) မင်းအဖြစ်နန်းတက်တာကို အနိရုဒ္ဓမင်းဆက်ပြန်စတယ်လို့ ပြောတဲ့အတွက် သူ့သဘောကလည်း ရွှေအိမ်သည် ကို မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ်ဆိုတဲ့ သဘောသက်ရောက်ပြီး ဖြစ်တယ်လို့ မှတ်ယူရပါမယ်။ ပေါ်ပေါ် ထင်ထင်တော့ မပြောတာက သတိကြီးကြီးထားပြီး ပြောနေရဟန်တူပါတယ်။

ဒီတော့ မှန်နန်းရဲ့အဆို အနော်ရထာရဲ့ မြေး စောယွန်း ကိုလက်ခံမလား ဒါမှမဟုတ် မနုဟာကျောက်စာထဲကအတိုင်း မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ် ဆိုတာလက်ခံမလားဆိုပြီး မေးချင်စရာဖြစ်နေပါမယ်။ ရွှေအိမ်စည်ရဲ့ လင်ယောင်္ကျား ဖြစ်နိုင်ခြေရှိသူ နှစ်ဦး ဖြစ်နေပါတယ်။  ရွှေအိမ်စည် နှင့် မွန်မင်းသား နာဂသမန်း အကြောင်းပါတယ် ဆိုတဲ့ အချက်ကိုပိုနှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုရှင်းပြပါမယ်။

ကျန်စစ်သား ဟာ ကျောက်ဆည်တဝိုက်ကျန်နေရစ်ခဲ့တဲ့ မွန်တွေထဲက တစ်ယောက်ဖြစ်နိုင်တယ်လို့ ရှေ့မှာပြောခဲ့ဖူးပါတယ်။ နောက်ပြီး ကျန်စစ်သား လက်ထက်ရေးထိုးတဲ့ ကျောက်စာအားလုံး လိုလိုကို မွန် ဘာသာနဲ့ရေးတယ်။ ပါဠိလိုရေးတာ အတော်လေးကိုနည်းပါတယ်။ မွန်ယဉ်ကျေးမှုကို သိပ်အလေးပေးတယ်။ ဒီတော့ သူ့သမီးကို မွန် မင်းသား နှင့် ပေးစားဖို့ရာ ဝန်လေးနေမယ် မဟုတ်ဘူးဆိုတာ သိသာစေတယ်။

ကျန်စစ်သားပြောစကားအရ အနိရုဒ္ဓတိုက်ခိုက်လို့ တကွဲတပြားဖြစ်နေတဲ့ လူတွေကို နေရပ်မှာ အေးချမ်းသာယာစွာ နေစေတယ်လို့ဆိုထားတဲ့အတွက် သထုံမင်း မနုဟာရဲ့ အမျိုးတွေကိုလည်း ဂရုတစိုက်နေရာပေးပါမယ်။ ရှင်းရှင်းပြောတော့ မွန်မင်းဆက်ပြန်လည်ထူထောင်ဖို့ရာ ဆန္ဒရှိခဲ့မယ်ထင်ပါတယ်။ ဒါကြောင့်လည်း သားအရင်းဖြစ်သူကိုတောင် ထီးမွေမပေးခဲ့တာဖြစ်ပါမယ်။ သို့ပေမယ့် သူရေးသမျှကျောက်စာတွေအကုန်လုံး လိုက်ဖတ်တဲ့အခါ သူ နှင့် အနိရုဒ္ဓ ဘာမှသွေးသား တော်စပ်မှုမရှိဘူးဆိုတာကို ခဏ ခဏ ထုတ်ပြောပါတယ်။ ဒီတော့ သမက်တော်မယ့်တော် စောယွန်းထက် နာဂသမန်းကိုသာ တော်မယ်ဆိုတာ သိသာထင်ရှားစေပါတယ်။

ကျစ်စစ်သား (ထီးလှိုင်မင်း) အကြောင်းပြောတော့ သူ့ပယ်မယား နှင့် ပယ်မယားရဲ့ အကြောင်းချန်ခဲ့လို့မဖြစ်သေးပါ။ သူတို့ကတော့ အားလုံးသိပြီးဖြစ်တဲ့ ရာဇကုမာရ နှင့် သူ့မိခင် သမ္ဘူလ ။

ရာဇကုမာရ် ပါဠိလိုဖြစ်ပြီး မြန်မာလိုဆိုရင်တော့ ရာဇကုမာရ ။
ရာဇ = မင်း
ကုမာရ = မင်းသားပျို

ဒီတော့ မြန်မာမှုပြုရင် ပျိုရွယ်သော မင်းသား လို့ခေါ်ရမယ်ထင်တယ်။  ဒီတော့ အများအခေါ် ရာဇကုမာရ် ကျောက်စာအရ ဆိုရင်တော့ အဖ က ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇာဘွဲ့ခံ ထီးလှိုင်မင်းခေါ် ကျန်စစ်သား။ အမိကတော့ ထီးလှိုင်မင်းရဲ့ ပါယ်မယား ခေါ် တြိတိလောကဝဋံသကာဒေဝီ ခေါ် သုံးလူလှ ။ သုံးလူလှကို မှန်နန်းရေးတဲ့လူတွေ အဖတ်မှားရာက သမ္ဘူလ ဖြစ်လာတယ်။ ပါယ်မယားရဲ့ အဓိပ္ပါယ်ကို ထပ်ရှင်းဖို့လိုမယ်။

ပါယ်မယားဆိုတာ မှာ ပါယ်ဆိုတာ ပါဠိစာဖြစ်တယ်။ ပါယ် = ပါဠိ ပီယ ကနေ ပယ်၊ ပါယ် လို့ဖြစ်လာပြီး ချစ်မြတ်နိုးသောအပ်သောသူ ။ ဒီတော့ ချစ်မြတ်နိုးအပ်သော မယား။ ပယ်ထားတဲ့ မယားမဟုတ်။
ကျောက်စာအရဆိုရင် တော့ ထီးလှိုင်မင်းရဲ့ အနှစ်သက်ဆုံးမိဘုရားဖြစ်ပြီး ရာဇကုမာရ်မင်းသားကတော့ သူ့အချစ်ဆုံးမယားရဲ့ သားပေါ့။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ သုံးလူလှ ရဲ့မိဘုရားဘွဲ့ တြိတိလောကဝဋံသကာဒေဝီ ကြောင့်ပါ။ ဦးဆောက်ပန်း လို့အဓိပ္ပါယ် ရတယ်။ မြန်မာမှုပြုတော့ မိဘုရားခေါင်။

တြိတိလောကဝဋံသကာဒေဝီ
တြိ = သက္က လို သုံး (ဂဏန်း သင်္ချာ)
လောက= သက္ကတ ပါဠိ ဖြစ်ပြီး လောက၊ ဘုံ
ဝဋံသက = ပါဠိ ဖြစ်ပြီး မြန်မာလိုဆိုတော့ ဦးဆောက်ပန်း
ဒေဝီ = ပါဠိ ဖြစ်ပြီး မိဘုရား

အခုတောက်လျှောက်ပြောလာတာတွေကို ခဏမေ့ထားလိုက်ရအောင်။ မှန်နန်းကိုကိုလည်း ခဏမေ့ထားလိုက်ရအောင်။ မနူဟာကျောက်စာကိုလည်း ခဏမေ့ထားလိုက်ပါ။ လုစ် နှင့် ဒေါက်တာသန်းထွန်းကိုရော ခဏအနားပေးလိုက်ပါဦး။

ဦးမြရဲ့ အုတ်ခွက်ရုပ်ပွါးဆင်းတုတော်များ ပ၊ ဒု စာအုပ်က ၁၉၆၁ မှာထုတ်တယ်။ ၁၉၈၃ ခုနှစ် ရှေးဟောင်းသုတေသနဌာနက အဖိုးတန် မြေပုံဘုရား (အုတ်ခွက်ဘုရား) နှစ်ခုရတယ်။ နောက်ကျောမှာ ပါဠိလိုရေးထားတဲ့ စာက

ဂြိတြိ ဘုဝ
နာဒိတျ ဓမ္မရာဇော
ပိယ ဓိတ ယတြေ
လောက ဓုလမနိ
ဒေဝိယ ကတာယံ
ဗုဒ္ဓ ပတိမာ ဝိမုတ္တ
ထ ယာတိ

အဲဒီ ပါဠိစာရဲ့ အဓိပ္ပါယ်က " ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာ၏ ချစ်စွာသော သမီးတော် တြေလောက ဓုလမနိဒေဝီ သည် ဤဗုဒ္ဓရုပ်ပွါးတော်ကို သံသရာက လွတ်မြောက်လို၍ ပြုလုပ်လှူဒါန်းပါသည်" ။ ဒီမြေပုံဘုရားစာပါ ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာဟာ ကျန်စစ်သားရဲ့ ဘွဲ့နာမည်ဖြစ်တယ်။ ကျန်စစ်သားရဲ့ ချစ်လှစွာသော သမီးတော်က တြေလောက ဓုလမနိဒေဝီ     ဖြစ်တယ်။ အဲဒါ ရွှေအိမ်စည် ခေါ် ရွှေအိမ်သည် ဘဲဖြစ်ပါတယ်။

နောက်ထပ်မြေပုံဘုရား နောက်ကျောမှာ ရေးထားတဲ့ ပါဠိစာက

ဂြိတြိ ဘုဝနာ
ဒိတ်ဓမၼရေဏာပိ
ယ ဇာမာတရေ န တြေ္တ
လောက သိင်္ဃဝိဇယ
နာမကေန ကတာယံ
ဗုဒ္ဓ ပတိမာ ဝိမုတ္တ
ထာ ယာတိ

အဲဒီ ပါဠိစာရဲ့ အဓိပ္ပါယ်က " ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာ၏ ချစ်စွာသော သမက် တြေလောကသိင်္ဃဝိဇယ မင်းသားသည် ဤဗုဒ္ဓရုပ်ပွါးတော်ကို သံသရာက လွတ်မြောက်လို၍ ပြုလုပ်လှူဒါန်းပါသည်" ။ စောစောကပြောခဲ့ပြီးသလိုဘဲ ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာဟာ ကျန်စစ်သားရဲ့ ဘွဲ့နာမည်ဖြစ်တယ်။ ကျန်စစ်သားရဲ့ ချစ်လှစွာသော သမက်က တြေလောကသိင်္ဃဝိဇယဘွဲ့ ခံ မင်းသားဖြစ်တယ်။
အဲဒီတော့ တြေလောကသိင်္ဃဝိဇယဘွဲ့ ခံ မင်းသားဘယ်သူဖြစ်တယ်ဆိုတာ ထပ်ပြီးရှာရပါမယ်။

5/12/12

ကျန်စစ်သား အတွက် မေးခွန်း ၇ ချက်

ကျန်စစ်သားအကြောင်းနည်းနည်းပြောချင်လာတယ်။ ငယ်ငယ်က သမိုင်းဖတ်စာတွေမှာ ကျန်စစ်သား ( ထီးလှိုင်မင်း ) အကြောင်းလေ့လာရာမှာ အကောင်းတွေချည်းတွေ့ရတယ်။ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့အကြောင်းပြောတော့ ရေကူး၊ လယ်ထွန် ၊ ထန်းတက် သိပ်တော်တယ်လို့ပြောတယ်။ ကျန်စစ်သားရဲ့ စွမ်းရည်ကတော့ ဒီလိုမဟုတ်ဖူး ကြံရည် ဖန်ရည်ကောင်းတယ်၊ စစ်ရေး ကြွမ်းကျင်တယ်ဆိုပြီး ပြောတယ်။ အဲဒါတော့ ဖြစ်နိုင်ခြေရှိတယ်။ ရှင်းရှင်းပြောတော့ ခေါင်းဆောင်မှုစွမ်းရည်ရှိတယ်လို့ နားလည်ပါတယ်။

ကျန်စစ်သားဟာ သမိုင်းဖတ်စာထဲဝင်လာကတည်းက နာမည်ကောင်းလက်မှတ်ကိုင်ပြီးလာတယ်။
 ပြန်ထွက်သွားတော့လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ရှေးရှူပြီး သားအရင်းကိုတောင် နန်းမွေမပေးဘဲ မြေးကိုထီးမွေ နန်းမွေပေးရစ်ခဲ့တာဆိုတော့ သိပ်အမျှော်မြင်ကြီးတဲ့မင်းပေါ့။ သူ့စကားအတိုင်း ပြောရရင်တော့ ကောင်းလျောင်တေး ကောင်းလျောင်တေးပေါ့။
ဒီတော့ မကောင်းတာတွေ ဘာရှိလဲလို့ ကတ်သီးကတ်ဖဲ့ စဉ်းစားကြည့်ရအောင်။

အနော်ရထာ ခေါ် အနိရုန္ဓပြီးနောက် စောလူး ခေါ် မင်းလုလင် နန်းတက်တယ်။ ဘွဲ့အမည် ဂြီဝဇြာဘရံဏ တြိဘုပတိ (၁၀၇၇-၁၀၈၄) ဖြစ်ပြီး ကျက်သရေရှိသော မိုးကြိုးအရှင် သုံးလူ့သခင်ဆိုတဲ့အနက်ဖြစ်တယ်။ ကျမ်းထဲကတိုင်းဆိုရင်တော့ သောက်စားမူးရစ် ၊ အပေါင်းသင်းမှားတော့ မင်းဖြစ်လျှက်နဲ့ အဖမ်းချုပ်ခံရတယ်။ အမတ်တွေက ကျန်စစ်သားကို မင်းအဖြစ်တင်။

ကျန်စစ်သားက မင်းမဖြစ်လိုလို့ သွားပြီးကယ်။ စောလူးက မယုံလို့ မလိုက်။ မလိုက်တော့ ခွေးသေသလိုသေနေရစ်တော့ ဆိုပြီးပြန်လာခဲ့တယ်။ ပြီးတော့ အားလုံးသဘောတူညီချက်အရ မင်းအဖြစ်ခံယူ။ ရှင်းရှင်းပြောတော့ ကျန်စစ်သားဟာ ခေါင်းဆောင်ကောင်းပီသတယ်။ သဘောထားကြီးတယ်။ လက်ရုံးရည် နှလုံးရည်ကောင်းတယ်။ ကျန်စစ်သားအကြောင်း စ ကတည်းက ရာဇဝင်ကျမ်းကဒီလိုလာတယ်။

ကျန်စစ်သား ခေါ်ထီးလှိုင်မင်း နန်းတက်တော့ ငတပါးမင်းတို့ ထုံးစံအတိုင်း ဗျာဒိတ်ရမင်းဖြစ်ဆိုပြီးပြောတယ်။ ရွာသူကြီးအဆင့်ကနေ အရည်ချင်းရှိလို့ မင်းဖြစ်လာတာထက် ဗျာဒိတ်အရ မင်းဖြစ်ရတာကို ပိုပြီးနှစ်သက်ပုံရတယ်။ ရှေ့ကမင်းတွေထက်ကြီးကျယ် မြင့်မြတ်ချင်တော့ သုံးလောကရဲ့ နေတရာမင်းလို့ အဓိပ္ပါယ်ရတဲ့ ဂြီတြိဘုဝနာဒိတြ ဓမ္မရာဇ ဆိုတဲ့ဘွဲ့အမည်ခံယူတယ်။ ဘွဲ့နာမည်နှင့် ညီအောင်ဆိုပြီး ၅ ဩဂုတ် ၁၁၉၁ ရက်စွဲပါ ပြည်ရွှေဆံတော်ကျောက်စာမှာ ပြောထားတာက အဖေနေမျိုး အမေ ဝါးမျိုး ဆိုပြီးမှတ်တမ်းရေးစေတယ်။ ပိဋက သုံးပုံ အလှူရှင်ဖြစ်ပါလျှက် ရှင်အရဟံလို ဆရာကောင်း အနားမှာရှိနေပါလျှက် ဒီလိုပြောတာတော့ သိပ်မကောင်းပါ။ ရှင်းရှင်းပြောတော့ မိရင်း ဖရင်းကို လူရာမသွင်းတဲ့သဘောပေါ့။ ဤကား မကောင်းကြောင်း နံပါတ် တစ်။

ရှေးကရေးတယ်ဆိုတဲ့ ရာဇဝင်ကျမ်းကြီးတစ်စောင်မှာ နဂါး နှင့် နတ် ညားတဲ့အခါ လူဖြစ်တာကို နောက်ရေး ကျမ်းကလိုက်ပြင်သယ်။ ဒါကိုနောက်ရေး ရာဇဝင်ကျမ်းက နဂါး နှင့် နတ် ညားတဲ့အခါ နာဂါးသော်လည်းကောင်း နတ်သော်လည်းကောင်းဖြစ်ရမယ် လူတော့မဖြစ်နိုင်၊ ဒါဟာ ရုပ်တိမရှိဘူးဆိုပြီး ငြင်းချက်ထုတ်တယ်။ ဒီလိုပြောတော့ ဟုတ်တာဘဲဆိုပြီး နောက်ထပ်ရေးတဲ့ ရာဇဝင်ကျမ်းကြီးတစ်စောင်က ထောက်ခံပြန်တယ်။ ဒီနေရာမှာ ကျန်စစ်သား ( ထီးလှိုင်မင်း ) က အဖေနေမျိုး အမေ ဝါးမျိုးလို့ ပြောတဲ့အခါ ဘယ်ရာဇဝင်ကျမ်းကမှ ဒါကိုထောက်မပြဘဲ ရေငုံနှုပ်ပိတ်နေခဲ့တာတွေ့တယ်။

လူတချို့ကပြောတယ်။ နေမျိုးဆိုသည်မှာ စစ်သား ၊ ဝါးမျိုးဆိုသည်မှာ ယွန်းသည်တဲ့။ ဟုတ်မယ် မထင်ပါ။ ဒီလိုပြောရင် ပုဂံသူ ပုဂံသားတွေအကုန်လုံး နေမျိုး ၊ ဝါးမျိုးလို့ ဝိုင်းပြောကြမှာပေါ့။ ဒါပေမယ့် မင်းတွေဟာကိုယ့်ကိုကိုယ် နေမျိုး ကဆင်းသက်တယ်ဆိုတဲ့ အယူဆဟာ အာရှ နှင့် အရှေ့အလယ်ပိုင်း မင်းတွေပါပြောလေ့ရှိတာတော့ သတိမူရပါမယ်။ ဂျပန်ဆိုရင် ဒီအယူဆကို ၂၀ ရာစုအစောပိုင်းကာလအထိ ဖက်တွယ်ထားတုန်းရယ်ပါ။

နောက်ပြီး ရာဇဝင်ထဲကအတိုင်းဆိုရင် ပဲခူးကို စစ်ကူသွားပြီး ပြန်တော့ အနိ ရုန္ဓ ကိုဆက်တဲ့ မဏိစန္ဒာ မင်းသမီးလေး ပါလာတယ်။ ဒါကို ကျန်စစ်သားက လမ်းမှာ ဖြတ်ခုတ်တယ်။ ဒါပေမယ့် ရာဇဝင်တွေထဲမှာဒီအကြောင်းပြောတော့ ဒါဟာ လူ့သဘာဝမို့ အပြစ်မဆိုသာ ဘာညာပေါ့။ အပြစ်မပြော။ တချို့ ရုပ်ရှင်တွေထဲမှာဆိုရင်တော့ မဏိစန္ဒာကဘဲ ရေလာမြောင်းပေးလုပ်သလိုလို၊ အကြည့်နက်နက်တွေနှင့် ဟိုဒင်းပစ်သလိုလိုတောင် ပါသေး။ ထားပါတော့။ ကျန်စစ်သား - မဏိစန္ဒာ အဖြစ်ပျက်ကို ရှင်းရှင်းပြောတော့ ကိုယ့်အရှင်သခင်အတွက် ရည်ရွယ်ထားတဲ့ မင်းသမီးကို အပိုင်ကြံတာပေါ့။ ဤကား နံပါတ် နှစ်။ ( အဲဒီအကြောင်း သီချင်းရေးပြီး စပ်ဆိုတဲ့အခါမှာတော့ သိပ်လူကြိုက်များပါတယ်၊ သနားစရာ ဇာတ်လမ်းတစ်ပုဒ်ပေဘဲပေါ့)

အနိရုဒ္ဓဟာ သာသနာကို မြှောက်စားတယ်၊ သူရဲကောင်းတွေကို ချီးမြှောက်တယ်၊ နိုင်ငံရဲ့ စီးပွါးရေး စစ်ရေးကို တိုးတက်အောင်လုပ်တယ်။ သထုံအပါဝင် နယ်ပယ်အတော်များများကို တိုက်ခိုက်သိမ်းယူပြီး နိုင်ငံတော် တိုးတက်ကျယ်ပြန့်ပြီး အင်အားကြီးတဲ့ နိုင်ငံအဖြစ်ထူထောင်တယ်။ ကျန်စစ်သား ဘာလုပ်လဲကြည့်ရအောင်။ မင်းဖြစ်ပြီးကတည်းက မင်းစည်းစိမ်ခံစားတယ်။ အနိရုဒ္ဓခေတ်မှာ အရှိန်ကောင်းခဲ့တဲ့ စစ်အင်အား နှင့် နယ်မြေသစ်ပိုင်ဆိုင်မှုတွေအကုန်လုံး ကျန်စစ်သားလက်ထက်မှာ ရုတ်ချည်း ရပ်တန့်သွားတယ်။ မဟာအင်အားကြီးနိုင်ငံအဖြစ် ဦးတည်ပြီးလုပ်ခဲ့တဲ့ အရှိန်ပျက်ပြီး ရှိတဲ့နယ်မြေ ကိုပါထိပါးခံရတဲ့အဖြစ်ပါ။ ဤကား နံပါတ် ၃။

ဒီလိုပြောတော့ မတရားရာကျသွားလား။ သမိုင်းဖတ်စာမှာ သင်ရတယ်။ ဘယ်လက်က စားစရာ၊ ညာလက်က အဝတ်ထည်ဆိုလား သိပ်မမှတ်မိပါ။ ကျောက်စာထဲမှာ ပါတာကိုဘဲပြောမယ်။ ကျန်စစ်သားပြောတာက ငါ့လက်ထက်မှာ အချိန်ခါမလပ် ပန်းများပွင့်၍ ကျေးငှက်သာရကာတို့ တူမတူထူးခြား ပျော်မြှူးကျက်စားကြတယ်။.

စစ်ဒါဏ်ကြောင့် ရပ်ဝေမြေခြားရောက်နေကြရတဲ့လူတွေကို နေရပ်ပြန်ရောက်အောင် ဆောင်ယူတယ်။
 ဟောင်းနွမ်းပျက်စီးနေတဲ့ ဘုရား ကန်ကျောင်းတို့ကို သထုံ ၊ ကျောက်ဆည် နှင့် ဗုဒ္ဓဂါယာပါမကျန် လူလွတ်ပြီး ပြုပြင်တယ်။ ပိဋကတ်သုံးပုံကို ပြုစုတယ်။ တမီးကျေး ကုလားဆီ ဗုဒ္ဓစာပေ အချို့ပေးပို့ပြီး သာသနာပြုတယ်။

စသဖြင့် စသဖြင့် ကျောက်စာပါ အချက်လက်တွေဟာ ' ဘယ်လက်က ဘာပေး၊ ညာလက်က ဘာပေး ' ဆိုတာတွေထက် ပိုပြီး အရေးကြီးအသုံးဝင်တယ်။ ဒါတွေချည်းလုပ်နေတော့ ရန်သူဟောင်း နန်ကျောက်(နန်းစော)တွေ မြန်မာပြည်ထဲပြန်ဝင်လာတာ မန္တလေးအရပ်ထိရောက်မှ ကျန်စစ်သားသိပြီး မြေးဖြစ်သူနဲ့ အလူးလဲ ခုခံကာကွယ်တိုက်ခိုက်လိုက်ရတယ်။
 စောစောက ပြောတဲ့အလုပ်တွေ နှင့် ရှုပ်နေလို့လားမသိပါ ။ အင်အားအင်မတန် ကျဆင်းနေပြီး ဖြစ်တဲ့ နန်ကျောက်လက်ကျန်တွေရဲ့ သွေးတိုးစမ်းတာ ခံရလောက်အောင် တိုင်းပြည်ကာကွယ်ရေးမှာ လက်ဟင်းလာတာတွေ့တယ်။ ဤကား နံပါတ် ၄ ။

ကျန်စစ်သား နန်းတက်ပြီး တစ်ဆယ့်ခုနှစ်အကြာမှာ နန်းတော်သစ် တည်ဆောက်တယ်။ မင်းနေပြည် ပုဂံမှာ မီးလောင်တော့ ဘုရင့်နန်းတော်ပါ မီးထဲပါသွားလို့ အသစ်ဆောက်တယ်လို့ ပညာရှင်တချို့ကပြောတယ်။ အဲဒီအဆို မှန်/မမှန် သေချာမပြောနိုင်ပေမယ့် ဘုရင်ကိုယ်တိုင် မီးထဲပါသွားလို့ကတော့ သမိုင်းတဆစ်ချိုးပြောင်းသွားနိုင်တယ်။ နန်းတော်သစ်ဆောက်တော့ လောကီပညာရှင် အခါပေး ပုဏ္ဏားတွေ ရဲ့တွက်ချက်မှုတွေကို အင်မတန်အလေးထားတယ်။ အခါတော်မပေးတဲ့ နေ့တွေကို နန်းတော်ဆောက်အလုပ်သမားတွေ အမိန့်မရလို့ အလုပ်မဆင်းရဘူး။

အနိ ရုဒ္ဓခေတ်မှာ အားကောင်းနေပြီဖြစ်တဲ့ ဗုဒ္ဓသာသနာဟာ နောက် အနှစ် ၂၀ လောက်ကြာတဲ့အခါ တိုးတက်တည်ငြိမ်လာရမှာ ဖြစ်ပေမယ့် ဘုရင် ကိုယ်တိုင် လောကီအစီရင်တွေကို သိပ်အလေးပေးလုပ်ဆောင်တာတွေ့ရတယ်။ ပိဋကတ်သုံးပုံအလှူရှင်ဖြစ်ပါလျှက် ရှင်အရဟံလို ဆရာကောင်းမျိုး အနားမှာရှိပါလျှက်နှင့် နန်းတော်ဆောက်ရာမှာ ဗိဿနိုးနတ်ကို နေ့စဉ်ရက်ဆက်ပူဇော်တယ်။ ဗလိနတ်စာကျွေးတယ်။ နန်းတော်ရာ တိုင်ခြေတွေမှာ အင်း ချတယ်။ နဂါးကို ပူဇော်တယ်။ ဒါတွေဟာ ဗုဒ္ဓသာသနာဟာ နဲ့မဆိုင်တာတွေကို လုပ်နေဆဲဖြစ်တာတွေ့ရတယ်။ ဤကား နံပါတ် ၅။

ပုဂံ မင်းတွေထဲမယ် ပုပ္ပါးစောရဟန် (စဝ်ရဟန်) ဆိုတဲ့မင်း တူရွင်းတောင်မှာကောင်းမှု လုပ်တဲ့အကြောင်း မှတ်တမ်းအဖြစ် ကျောက်စာပိုင်းကျိုး တစ်ခုရတယ်တဲ့။ ကျနော်မမြင်ဖူးပါ။ ဖတ်ဖူးတာပါ။ အဲဒီမင်းကိုကျပြန်တော့ နဂါးကိုရှစ်ခိုးတဲ့ မင်းဆိုပြီး ရာဇဝင်ဆရာတွေက တခုတ်တရပြောပေမယ့် ကျန်စစ်သားကျပြန်တော့ ဘာမှမပြောပါ။

အနိရုဒ္ဓ လက်ထက် နိုင်ငံခြားဆက်ဆံရေးမှာ သီဟိုဠ်နှင့် ဆက်ဆံရေးကောင်းခဲ့တယ်။ ကျန်စစ်သား လက်ထက်ရောက်တော့ အနိရုဒ္ဓနှင့် ဆန့်ကျင်ဘက်သဘောဆောင်တဲ့ တမီးကျေးကုလား တို့နဲ့ဆက်ဆံရေးတည်ထောင်တယ်။ နောက်တော့ သီဟိုဠ်နှင့်ဆက်ဆံရေး ပျက်ယွင်းလာတယ်။ အဲဒါဟာ ကျန်စစ်သားလက်ထက်အကြီးမားဆုံး အမှားတစ်ခုလို့ဆိုနိုင်တယ်။ ကျန်စစ်သားကို ဆက်ခံတဲ့မင်းဆက်တွေမှာလည်း ရှေ့က ဖအေမင်းတွေရဲ့ လမ်းစဉ်ကိုလိုက်ပြီး သီဟိုဠ်နှင့်ပြေလည်အောင် ဆက်ဆံရေးပြန်လည်ထူထောင်ဖို့မစဉ်းစားတဲ့အတွက် ပုဂံမင်းဆက်မှာ ကုလားကျမင်း ဆိုတာပေါ်လာရတယ်။ ဒီလိုပြောတော့ ကျန်စစ်သားကိုချည်း အပြစ်တင်တာ မတရားဘူးဆိုပေမယ့် သူစခဲ့တဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒ အမှားကြောင့် ဒီလိုဖြစ်ရတယ်လို့ထင်တယ်။ ဤကား နံပါတ် ၆။

 ကျန်စစ်သား တော်ကောက်တဲ့ မိဖုရားတွေက  မဏိစန္ဒာအစ တမီးကျေးကုလား အဆုံမိဘုရား လေးယောက် တရားဝင် စာရင်းထွက်တယ်။ ဒါကိုလည်းသမိုင်းဖတ်စာတွေက မကောင်းမပြောရဲပါ။ မင်းတွေ ဘုရင်တွေ မယားများတာ ဘာဆန်းတယ်မှတ်လို့ ဆိုပြီးနေလိုက်ကြတယ်။ မယားများတာမဆန်းပေမယ့် ရာဇဝင်ထဲမှာ တရားဝင် စာရင်းထွက်တော့ မယားလေးယောက်မှာမှ သမီးတော် နှင့် သားတော် နှစ်ဦးသာ ပြတယ်။

မွန်မင်းသမီး ထွက်လာသလို ကုလားမင်းသမီး ကုလားမင်းသားတွေ ထွက်နိုင်သေးတာကိုတော့ မသိချင်ယောင်ဆောင်နေလို့ မရပါ။ ဒီနေရာမှာ ကျန်စစ်သား တစ်ခုခုကိုဖြောက်ဖျက်ခဲ့လေသလား ရာဇဝင်ဆရာတွေကဘဲ ဖြောက်ဖျက်ခဲ့လေသလားလို့တွေးမိတယ်။ ဒီတစ်ချက် ထောက်ပြစရာရှိတယ်။ အနည်းဆုံး သား/သမီး ၄ ဦး၊ ပုံမှန် ၈ ဦး၊ သိပ်မျိုးကောင်းရင် ဒိထက်သားသမီး ထွန်းကားခဲ့နိုင်ကောင်းတယ်လို့ ထင်တယ်။ ရာဇဝင်ထဲကအတိုင်းဆို ကုလားသမက် ပါရနိုင်သေးပေမယ့် တေ့လွဲလွဲသွားတယ်။

ရာဇဝင်ဆရာတွေ ကျန်စစ်သားအကြောင်းပြောတဲ့အခါ ဒိုင်ယာလော့ ခေါ် စကားလုံးတွေ သိပ်ထည့်တာကိုလည်းသတိထားမိပါရဲ့။ ဒီတော့ သိပ်စကားပြောတဲ့ မင်းဘဲပေါ့။ သမိုင်းဖတ်စာထဲ သင်ရတဲ့အတိုင်းဆိုရင် ' သားကား အရင်း ၊ မြေးကား အဖျား ဖြစ်ချေပြီ ' ဆိုပြီး မိန့်တော်မူတယ်တဲ့။ ဒီစကား ကျန်စစ်သားပြောတဲ့စကားလား ရာဇဝင်ဆရာတွေဝင်ပြောတဲ့ စကားလား ဆိုတာ ကျနော်တော့ ဝိရောဓိဖြစ်တယ်။ မွန်သွေးပါသူ မြေးကို ထီးမွေပေးတာကို မွန်-မြန်မာ ချစ်ကြည်ရေး လို့ပြောလို့ပြော ၊ သားအရင်း မြေးအဖျားလို့ ပြောလို့ပြော ဇာတ်လမ်းဆုံးတော့ သဘောထားကြီးတဲ့ ရာဇကုမာရ မင်းသားရော  ဖအေလုပ်သူ ကျန်စစ်သားပါ ဂရုနာသက်စရာ ၊ သနားစရာပေါ့။
ရှေ့ကပြောခဲ့တာတွေကို ခပ်ရှင်းရှင်းပြန်ပြောရရင် ကျန်စစ်သားရဲ့ မျိုးဆက်ဟာ မရှင်းမလင်းနဲ့ ကျန်ခဲ့တယ်။ ဒီတော့ ရာဇဝင်ဆရာတွေ သမိုင်းဆရာတွေက ဇာတ်လမ်းတွေဆင်တယ်။ ဤကား နံပါတ် ၇။

5/9/12

သမိုင်း ၊ ယဉ်ကျေးမှု နှင့် ရခိုင်သား

ရခိုင်သမိုင်းကိုလေ့လာတဲ့အခါပြည် တွင်းပညာရှင်တွေရဲ့ စာအုပ်၊စာတမ်းတွေ နည်းနေတာကို အထူးသတိထားမိတယ်။ ကျနော်တစ်ဦးတည်းရဲ့ အမြင်ကိုပြောရမယ်ဆိုရင် အရင်စစ်အစိုးရလက်ထက်မှာ ရခိုင်လူမျိုးတွေကို သိပ်အလေးပေးလေ့မရှိဘူးလို့ ထင်တယ်။ ရခိုင်ထက်စာရင် ရှမ်းတွေကို ပိုပြီးဦးစားပေးလေ့ရှိတယ်လို့ ထင်မိတယ်။ အမှန်တကယ်တော့ ရခိုင်သမိုင်းဟာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။

ယဉ်ကျေးမှု အစဉ်လာကြီးတယ်။ နောက်ပြီး မြန်မာ့မြေပေါ်က မင်းဆက်တွေမှာ ရခိုင်တွေသာလျှင် အစဉ်အဆက် ဒင်္ဂါးထုတ်လုပ်သုံးစွဲတာကိုတွေ့ရတဲ့အတွက် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ မှာပိုပြီးထွန်းကားတယ်လို့ပြောလို့ ရနိုင်တယ်။ မြန်မာတွေဟာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောတဲ့အချိန်မှာ လက်သီးလက်မောင်းတန်းပြီး နှစ်ထောင်းအားရ ဖြစ်တယ်ဆိုရင် ရခိုင်တွေလည်း ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း နဲ့ ယဉ်ကျေးမှုအစဉ်လာကြီးခဲ့တယ်ဆိုတာကိုတော့ မသိချင်ယောင်ဆောင်နေလို့မရဘူး။

ဒီလိုပြောတော့ တချို့က ကျနော့ကို ရခိုင်လူမျိုးလို့ ထင်ချင် ထင်မယ်။  ရခိုင်လူမျိုးမဟုတ်ပါ။  ရခိုင်ဘက်ကိုလည်း    နှံ့နှံ့စပ်စပ်မရောက်ဖူးပါ။ ဒါပေမယ့် ရခိုင်သမိုင်းကို အလေးထားတယ်။ ရခိုင် ယဉ်ကျေးမှုကိုချစ်တယ်။ ရှေးလက်ရာတွေကိုလည်းမြတ်နိုးတယ်။

 ရခိုင် ဒင်္ဂါးတွေကို စုပြီး ရခိုင်မင်းဆက်တွေအကြောင်းအနည်းပါးရေးဖူးတယ်။ စာရေးတဲ့အခါ ဒင်္ဂါးအစစ်တွေရဲ့ ပုံတွေကို အတတ်နိုင်ဆုံးစုစည်းပြီးရေးခဲ့တယ်။ ဒင်္ဂါးတွေပေါ်မှာပါတဲ့ဗြမဏီစာတွေကိုလည်း ကြိုးစားပြီးလေ့လာကြည့်တယ်။ ဒီတော့ ရခိုင်သမိုင်းပညာရှင်တွေပြုစုရေးသားခဲ့တဲ့ စာအုပ် စာတမ်းတွေကိုရှာရပြီပေါ့။ ထင်သလောက်မလွယ်ပါ။ အတော်လေးခက်ခဲတာတွေ့တယ်။

တကယ်တမ်းရှာတော့ နိုင်ငံခြားသားတွေပြုစုထားတဲ့ ရခိုင် သမိုင်းစာတမ်းတွေကပိုများနေတာတွေ့ရတယ်။ အမှန်တရားနှင့် ပိုပြီးနီးစပ်တယ်။ အဂတိကင်းတယ်။ ဘာလို့ဒီလိုပြောလည်းဆိုတော့ အကြောင်းရှိတယ်။ 

ရခိုင်သမိုင်းရေးတဲ့အခါ ခရစ်တော်မပေါ်မှီ အနှစ် ၂၀၀၀ လောက်ကတည်းက မြို့ပြနိုင်ငံတည်ထောင်ပြီးဖြစ်ကာ သာသနာလည်းထွန်းကား၏ လို့ရေးထားတဲ့ သမိုင်းကို ဘယ်လိုမှ ယုံစားလို့ ရမယ်မဟုတ်ပါ။ ဘယ်မင်း ကပင့်ဖိတ်လို့ မြတ် စွာဘုရား ရခိုင်ပြည်ကို ကြွလာပြီး မဟာမြတ်မုနိရုပ်ပွါးတော်ကြီးကို ရင်ငွေ့ ၇ ချက်သပ်ပြီး ထားခဲ့တယ်ဆိုရင်လည်း ဒါဟာ အမှန်တရားနဲ့ဘယ်လိုမှ မနီးစပ်ပါ။ ဒါတွေကို ပယ်တတ်ဖို့လိုမယ်။ အမှန်ကိုရှာဖို့လိုမယ်။ ဒီလိုမှမဟုတ်ဘဲ စိတ်ကူးယဉ်ဆန်တဲ့ သမိုင်းတွေကိုသာဖက်တွယ်နေမယ်ဆိုရင် ဒါဟာ ကိုယ့်သမိုင်းကိုယ်ဖျက်တာနဲ့ အတူတူပါဘဲ။ မြန်မာ့ သမိုင်းကိုစိတ်ဝင်စားပါတယ်ဆိုတဲ့ လူတွေလည်းဒါကို သတိမူရမယ်။

တစ်ခါက ဒဂုံတက္ကသိုလ်က သမိုင်းပါမောက္ခတစ်ယောက်ရေးတဲ့ စာတမ်းတိုလေးတစ်စောင်ဖတ်ရတယ်။ ရခိုင်လူမျိုးတွေကို ပင်လယ်ဓားမြသာသာရေးထားတယ်။ ပြီးတော့ ပြောသေးတယ် သူတို့ချည်းဘဲအုပ်ချုပ်လည်းသွေးကွဲမှာဘဲ။ ဘယ်သူတွေ ဘဲအုပ်ချုပ်သည်ဖြစ်စေသွေးကွဲမှာဘဲလို့ရေးထားတယ် ။ ပညာရှင်တစ်ယောက်အနေနှင့် ဒီလိုမရေးသင့်ဘူး။ ဒါဟာ ပုတ်ချတဲ့သဘောပါတယ်။

ဗဒုံမင်း ရခိုင်ကို သိမ်းပြီးနောက် ရခိုင်မှာ ရုံးစိုက်တဲ့ မြန်မာကိုယ်စားလှယ်အရာရှိဟာ အခွန်ကောက်ရာမှာ ရှေးကရှိရင်းစွဲထက်ပိုပြီးကောက်ခံတယ်။ ဒါကိုမြန်မာဘုရင်ကလည်း သဘောတူတယ်။ ခတ်အဆက်ဆက်တက်လာတဲ့ မြန်မာဘုရင်တွေအကုန်လုံး အခွန်ကိုတိုးလို့သာကောက်ခံတယ်။ မယုံမရှိနဲ့။ ကုန်းဘောင်ခေတ်စစ်တမ်းတွေကို လေ့လာတဲ့ခါ ထင်းထင်းကြီးတွေ့လိမ့်မယ်။


ကျားကြောက်လို့ ရှင်ကြီးကိုးကာမှ အခွန်ပိနေတဲ့ ရခိုင်တွေဟာ အဲဒီကတည်းက မြန်မာဘုရင်တွေအပေါ် ယုံကြည်ကိုးစားမှုမရှိတော့တာ။ အင်္ဂလိပ်တွေ ရခိုင်ကိုသိမ်းတော့ သိပ်အခက်ခဲမရှိတာ အဲဒါတွေပါတယ်။ ဒီတော့ အခွန်တွေတိုးကောက်ပြီး ဘာမှပြန်မလုပ်ပေးတဲ့ အတွက်ရခိုင်ပြည်သူ/သား တွေဒုက္ခရောက်နေတာကို မကြည့်ရက်လို့ ဝင်ကယ်ပါတယ်ဖြစ်ရော။ဒါကိုကြည့်ပြီး ခတ်သစ်နိုင်ငံရေးမှာ သင်ခန်းစာယူသင့်တယ်။

သမိုင်းမှာ ဘုရင့်နောင် ဆုံးပါးပြီးနောက် နန္ဒဘုရင် နန်းတက်တယ်။ အဲဒီကနေစပြီး မြန်မာဘုရင်တွေ အင်အားလျော့လာတယ်။ ဒီတော့ ယိုးဒယားတွေအားကောင်းလာပြန်တယ်။ ဟံသာဝတီအထိ ယိုးဒယားတွေ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်။ အင်အားသိပ်မကောင်းတဲ့ တောင်ငူကို ဆက်တိုက်ရာမှာ ရခိုင်တပ်ကူတွေရောက်လာလို့သာ မြန်မာတွေ ယိုးဒယားလက်အောက်ခံ ဖြစ်ဖို့ရာ သီသီကလေးလွတ်တာ။ အဓိကပြောချင်တာက ကျေးဇူးတရားသိတတ်ဖို့ရယ်ပါ။ အလေးထားတတ်ဖို့ရယ်ပါ။ တကယ်တော့ သမိုင်းလေ့လာတယ်ဆိုတာ နိုင်ငံရေး တစ်မျိုးပါဘဲဗျာ။ ဒါပေမယ့် လူမျိုးရေးမဟုတ်တာတော့ သေချာတယ်။

စာတမ်းတစ်စောင်ဖတ်မိရာက ဆက်စပ်တွေးတောရင်း ရေးမိတာပါ။