3/5/11

လောကီပညာရပ်ဆိုင်ရာ အမိန့်တော်

ဒေါက်တာသန်းထွန်းရဲ့ အမိန့်တော်ပေါင်ချုပ် ပထမတွဲ မှာတွေ့ရတဲ့ " လောကီပညာရပ်ဆိုင်ရာ အမိန့်တော်တွေထဲကတစ်ခု" ကိုပြန်ဝေမျှလိုက်ပါတယ်။ မူရင်းစာလုံးပေါင်းသတ်ပုံအတိုင်း ပြန်ကူးယူပါတယ်။ အရေးသား ရိုးရှင်းပြီးဖြစ်တဲ့အတွက် စကားပြေပြန်ရေးဖို့လိုအပ်မယ်မထင်ပါ။

သုဝဏ္ဏ ဘုမ္မိအင်း စာလုံး ၃၂ လုံး
ပဋာဌာရဏာအင်း
ရှင်ဥပုတ်ပရိတ်အင်း
ဩောင်းနမောနရာနိ အဌာနိအင်း
ဥဒံ္ဓယာဝအင်း
သရနဂုဏ်အင်းအကျယ် ၃
အင်းပေါင်းကို ဟင်းသပတားဖြင့် သားသည် ၊ ပန်းပေါင်းနှင့် အက္ခရာဂဏန်းတို့ကို ရေးရမည်။ လေးထောင့်ပတ်လည်စက် ၃ ချက်လာသည်။ အတွင်းစက်နေမင်းပရိတ် ၊ အလယ်စက်တွင် လမင်းပရိတ် ၊ ပြင်စက်မှာ အရှောင်အာနန္ဒာ စက္ကဓမ္မပရိတ်ကို ပတ်မိအောင် စာကြောင်းရေးရမည်။

အင်းဆိုသည်အရာသည် ကန်းခြင်းစွေခြင်းထောင့်ယွန်းခြင်းမရှိရ၊ သံကညစ်ဖြစ်စေ၊ နွားမွေးစုတ်ဖြစ်စေ၊ ကညစ်သွားစုတ်ဖျားချ၍ ရေးပြီးမှ မသင့်မကာသည်ဟူ၍ မြေဖြူနှင့် မပွတ်ချေစေနှင့် ၊ အင်းပြားဖြစ်စေ ၊ ပန်းပေါင်းအင်းဖြစ်စေ ၊ အင်းရေး ၁၊ ပညာရှိပုဏ္ဏား ၁၊ ပညာရှိအမတ် ၁၊ အင်းရေးသောအခါဘတ်၍ ဆိုမည့် အရိယာသံဃာ ၁၊ ကညစ်စုတ်သွားချမည်(ရှိ) သောအခါ အကြည့်အရှု ရဟန်းတော် ၁၊ ရေးသားပြီးလျှင် အက္ခရာသင်္ချာစစ်၍ တည်တိုက်ရမည် တပည့်ရဟန်းတော် ၁၊ အင်းတပြားလျှင် ခြောက်ယောက်၊ အင်းတကွတ်စေ့အောင်၊ ကြည့်ရှုကြပ်မပြင်ဆင်၍ ရေးစေရမည်။ ဆရာတော်တို့ကိုလည်း ပြန်လျှောက်ရမည်။

ဗဟိုစည်တော်၊ အိမ်ရှင်စည်တော် ၊ ဓာတ်တံခါး ၊ ၄ ရပ်စည်တော်၊ မင်္ဂလာစည်တော်၊ ထွက်စည်တော် ၊ ဝင်စည်တော် ၊ အောင်စည်တော်၊ ဓာတ် ၄ရပ်ကြငှန်း ၆ရပ်၊ ကြာငုံအင်း အတွင်းပြင်၊ နာရီအင်း ၉ ရပ်၊ တံတားကြီး၊ တံခါးတော်အဝင်တွင် လက်ယာ လက်ဝဲထား အင်းအတိုင်း ကြာငုံပေါ်စိုက်၍ နတ်ခရိုင်စီး တံခါးရွက် အရုပ်ရွှေရေး၊ နန်းတော်မျက်နှာကြက် စသော အလုံးစုံသော စီရင်ရန်တို့ကို စေ့စပ်သေချာအောင်စီရင်ရမည်။

သက္ကရာဇ် ၉၉၇ခု နယုံလဆန်း ၄ ရက်နေ့ ( ၉ မေ ၁၆၃၅ ) အင်ကြင်းကန်စားရွာသာယာစားတို့ ပြန်သည့်အမိန့်တော်။ ( မျိုးကြည့် ၁၉၄၄၊ တက်ဗဟို ၄၅၂၃၅၊ ဂန့်ဂေါ အံ့ ပေ )

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။