ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
တင်မိုး
`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်´လို့ စာရေးပြီး မှာသွားရှာတဲ့ လွမ်းစရာ ပုဂ္ဂိုလ်တဦးကတော့ အင်္ဂလိပ်လူမျိုး ကဗျာဆရာကြီး၊ သမိုင်းပါမောက္ခကြီး ဂျီအိပ်ခ်ျလု(စ်) ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက လူထုရွေးကောက်တင်မြှောက်တဲ့ ဦးနုအစိုးရကို စစ်တပ်နဲ့အာဏာသိမ်းခဲ့တယ်။ နိုင်ငံခြားသား တွေကို နှင်ထုတ်ခဲ့တယ်။ အဲဒီ အနှင်ခံနိုင်ငံခြားသားတွေထဲမှာ သတိုးသီရိသုဓမ္မာ ဂျီအက်စ် ဖာနီဗယ် ဆိုတဲ့ ဘောဂဗေဒ ပညာရှင်၊ စာပေပညာရှင်၊ အိုင်စီအက်စ်ဘွဲ့ရ ကြေးတိုင်မင်းကြီးဟောင်းနဲ့ ဂျီအိပ်ခ်ျလု(စ်) တို့လဲ ပါသွားပါတယ်။
ဖာနီဗယ်နဲ့ လု(စ်) တို့နှစ်ယောက်ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ဂီတနဲ့ မြန်မာ့ယဉ်ကျေး မှုကို ချစ်ပြီး မြန်မာ့အကျိုးကို ရာသက်ပန်ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
အင်္ဂလိပ်ဆိုတိုင်း ကိုလိုနီနယ်ချဲ့သမားမဟုတ်သလို ထိုပုဂ္ဂိုလ်တွေကလဲ နယ်ချဲ့သမားတွေနဲ့မပေါင်း၊ သူတို့ မျက်နှာဖြူတွေ ချည်းသာ ၀င်ခွင့်ရတဲ့ ပဲခူးကလပ်ကိုမသွား၊ မြန်မာတွေနဲ့ပဲ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံပြီး မြန်မာနိုင်ငံရဲ့ အရေးကိုသာ နှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆရာကြီး လု(စ်) ကတော့ မြန်မာနိုင်ငံ ပုဂံမြေမှာပဲ ခေါင်းချ၊ ပုဂံရဲ့ ထာဝရချစ်သူအဖြစ်နေတော့မယ်လို့ ဆုံးဖြတ်ထားသူပါ။ အခုလို ဆရာကြီးနှစ်ဆူဟာ သူတို့ချစ်တဲ့မြေနဲ့ မျက်ရည် တ၀ဲဝဲ ခွဲခွာသွားရတဲ့အတွက် အသဲနှလုံး ကြိမ်မီးအုံး ခံစားခဲ့ရရှာ ပါတယ်။
ဆရာလု(စ်)ဟာ တကယ့် သမိုင်းပါရဂူကြီးပါ။ နှစ်ပေါင်း ၄၀ ကျော် ပုဂံဘုရားကြို ဘုရားကြား ကျောက်စာချပ်တွေအကြားမှာ တိုးဝင်ပြီး ပျူစာ၊ မွန်စာ၊ ပါဠိစာတွေဖတ်ပြီး သမိုင်းသုတေသန လုပ်ခဲ့တဲ့ပညာရှင်ပါ။ တရုတ်ရှေးဟောင်းစာတွေဖတ်ပြီး မြန်မာတို့လာရာလမ်းကို စူးစမ်းရှာဖွေခဲ့သူလဲဖြစ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံအနှံ့ ခြေဆန့်ပြီး ကွင်းဆင်း သုတေသနပြုခဲ့တဲ့ အံဖွယ်သူရဲပညာရှင်သုတေသီကြီးပါ။
သူရေးခဲ့တဲ့ Old Burma Early Bagan ဆိုတဲ့ စာမျက်နှာထောင်ကျော်ရှိ သုတေသနစာအုပ်ကြီးအပြင် မှန်နန်းရာဇ၀င် အင်္ဂလိပ်လိုပြန် (ဖေမောင်တင်နဲ့တွဲဖက်)၊ မြန်ဘာသာလေ့လာချက် (ရွှေဇံအောင်သို့ပေးစာ)၊ ပုဂံစေတီပုထိုးများအကြောင်း၊ မြန်မာနိုင်ငံအရည်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတဲ့ ပါမောက္ခဒူရွိုင်ဆယ်ရဲ့ ဆောင်းပါးဝေဖန်ချက်၊ ပုဂံဂူငယ်များအကြောင်း၊ ပုဂံရွှေဂူကြီးကျောက်စာ (အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်)၊ ကဗျာစရိယ၀ိဝံသစာတမ်းခေါ် မြန်မာစာဆိုတို့အကြောင်း (အင်္ဂလိပ်ဘာသာပြန်)၊ တကောင်းရာဇ၀င်ဘာသာပြန် (ဖေမောင်တင်နှင့် တွဲလျက်)၊ ဒူရွိုင်ဆယ်၏ ဖိုးဝန်းကျောက်ဂူများ အကြောင်း စာတမ်းဝေဖန်ချက်၊ တော်စိန်ခို၏ အမရပူရစကားကျောင်းများအကြောင်း စာတမ်းဝေဖန်ချက်၊ ၁၆ ရာစုမှ ၁၉ ရာစုအထိ မြန်မာနှင့် ယိုးဒယား စစ်ပွဲများ (မှန်နန်းမှ ကောက်နှုတ်၍ အင်္ဂလိပ်ဘာသာပြန်)၊ မြန်မာတလိုင်းရာဇ၀င်တို့ နှိုင်းယှဉ်လေ့လာချက်၊ (ဟာလီဒေး၏ အချက်အလက်တို့ကို စိစစ်ချက်)၊ မြန်မာ့အိမ်နီးနားချင်းနိုင်ငံများ (တရုတ်မှတ်တမ်း ဘာသာပြန်များ)၊ ၁၈ ရာစုက မြန်မာနိုင်ငံသို့ တရုတ်များ ကျူးကျော်လာပုံ၊ ရှမ်းပြည်တောင်ပိုင်းလက်အောက်ရှိ ဘုရားတဆူ၊ ပျူတို့အမည်၊ ပုဂံကျေးဇူး၊ မြန်မာတို့ဆုတောင်းခန်း၊ ခေတ်ဟောင်း ပျူတို့အကြောင်း၊ ခေတ်ဦးမြန်မာ့စီးပွားရေး၊ ပုဂံခေတ် မွန်များအကြောင်း စတဲ့ အဖိုးတန် သုတေသနစာတမ်းတွေကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (JBRS) များမှာ အဆက်မပြတ်ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံသမိုင်းကို ကျောက်တိုင်လို ခိုင်ခံ့တည်တံ့အောင် နှစ်ပါင်းများစွာ ကိုယ်မအားစိတ်မအား ကြိုးစားခဲ့တဲ့ အားထုတ်မှု များစွာဟာ အံ့ဘနန်းပါ။
သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲမီးလောင်တိုက်သွင်းဖို့ ကြံစည်နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေးမေတ္တာရပ်ခံခဲ့တဲ့အတွက် ပုဂံစေတီ ယဉ်ကျေးမှုအမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကို ဆရာမင်းသုဝဏ်က `ပုဂံနှင့်ဝေဠု´ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။
ပုဂံနှင့် ဝေဠု
ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။
ဒီရွေ့ဒီမျှ မြန်မာ့ကျေးဇူးကို အားနဲ့မာန်နဲ့ ဆောင်ရွက်ခဲ့တဲ့ သုခမိန်ကြီးကို ကျွန်တော်တို့က ကျေးဇူးသိသိနဲ့ အလေးပြုရုံ မျှမက သူချစ်တဲ့ ပုဂံမြေမှာ ကျောက်ရုပ်စိုက်ထူပြီး ဂုဏ်မပြုအပ်ပါလားလို့ မေးလိုက်ချင်လှပါတော့တယ်။ ။လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။
ဒီ ပိုစ်ကို ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ တိုက်ရိုက် ကူးယူဖော်ပြလိုက်ပါတယ်။
မူရင်းလင့်ခ် က http://www.irrawaddy.org/bur_Joomla_1.5.8/bawa2007/February/feb_09_2007.html
ဘာပဲဖြစ်ဖြစ် ပြန်လည်ဖော်ပြပေးတာ ကျေးဇူးပါ။
ReplyDelete`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်"
အဲဒီ စာသားလေးနဲ့..
"
ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။"
အဲဒီကဗျာလေးအတွက်ရောပေါ့။