Showing posts with label ၁၉ ရာစု၊ မန္တလေး။. Show all posts
Showing posts with label ၁၉ ရာစု၊ မန္တလေး။. Show all posts

10/2/11

မောင်းမ လက်သုံးပုံ

ဟိုတလောလေးက သတင်းကြီးနေတဲ့ " ဆောင်ကြာမြိုင် မှတ်တမ်း " ဖတ်ဖြစ်တယ်။ မင်းတုန်းမင်းနောက်ခံ မှတ်တမ်းလို့ ထင်နေခဲ့တာ။ ခေါင်းစဉ်မှာကိုက ' မှတ်တမ်း ' ဆိုတဲ့ အရေးသားနဲ့ဆိုတော့ တကယ်ပဲ မှတ်သားရတော့မယ်ထင်ခဲ့တာ။ ဖတ်ကြည့်တော့မှ မောင်မှိုင်း ဖြစ်နေတယ်။

ပေါက်ကရလေးဆယ်တော့ရေးရဲ့ တကယ်တန်ဖိုးရှိတဲ့မှတ်တမ်းမှတ်ရာမျိုးတော့ မဟုတ်ခဲ့။ စာရေးဆရာ လိုရာဇာတ်လမ်းဆင်တဲ့နောက် အဟုတ်ကြီးလိုက်ခဲ့ပြီး အဖျားရှူးပြန်တယ်။ ရှင်းရှင်းပြောတော့ ဝတ္ထုအနေနှင့်လည်း အံမဝင်၊ မှတ်တမ်းလည်းမဟုတ်တဲ့ တကယ့် အပ်ကြောင်းထပ် ကာမခန်းတွေချည်းရေးထားတဲ့ အပြာစာအုပ်လို့သာမှတ်တယ်။

မင်းတုန်းမင်း မိဘုရားများတာလူတိုင်းသိတယ်။ ရှင်းရှင်းပြောတော့ နန်းတော်ထဲက အမျိုးသမီးတွေအားလုံးသူ့မယားချည်းလို့ ပြောလို့ရတယ်။ ဒီတော့ နန်းတော်ထဲက အမျိုးသမီးတွေဟာ အရေးဟဲ့အကြောင်းဟဲ့ဆို သက်လုံးကောင်းဖို့ဆိုတာထက် အရှင့်အလိုကောင်းဖို့ လေ့ကျင့်သင်ကြားရဟန်တူပါတယ်။ ဒီတော့ လက်သုံးပုံကျမ်းအဖြစ် မှတ်တမ်းလုပ်ပြီးသင်ကြားပေးရပါတယ်။

အဲဒီ ကျမ်းကို " မောင်းမ လက်သုံးပုံ " လို့ ခေါ်ပါသတဲ့။ ဒေါက်သာသန်းထွန်း နယ်လှည့်ရာဇဝင် စာ၂၈၄ မယ်ပြောထားတာက မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ်တစ်ခုရှိတယ်။ လူယောက်ျား လူမိန်းမ နှစ်ယောက်တွဲသံ ဝါသပြုနေတဲ့ ပုံနှစ်ဆယ့်လေးပုံပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်း လို့ အခိုင်းခံရတဲ့လူက တိတ်တဆိတ် ဓာတ်ပုံရိုက်ယူထားလို့ ပုံမှတ်တမ်းကျန်ရစ်ပါတယ်တဲ့။ အဲဒီဓာတ်ပုံကိုတော့ မြင်ဖူးချင်ပါရဲ့။ ဘယ်မိဖုရားဖြစ်တယ်ဆိုတာ နာမည်တပ်ပြီးမပြောခဲ့ပေမယ့် ထားဝယ်မှာနေသွားတဲ့ နာမည်ကြီးမင်းတုန်းမင်းရဲ့ မိဘုရားကြီးများဖြစ်မလားလို့ ခန့်မှန်းပါရဲ့။

ရှေးကမြန်မာ အမျိုးသမီးတစ်ယောက်မှာ နန်းတွင်းဝင်ပြီဆိုတာနဲ့ သင်ကြားရတဲ့ နန်းမူနန်းရာတွေထဲမှာ " လိင်မှုဆိုင်ရာပညာရပ် ' ဟာလည်းဘဲ မသင်မဖြစ်သင်ကြားရတဲ့ ပညာရပ်တစ်ခု။ ရှေးတရုတ်မှတ်တမ်းတွေမှာတော့ အတိအလင်း မှတ်တမ်းတွေကျန်ရစ်တယ်။ အိန္ဒိယ မှတ်တမ်း ပုရပိုဒ်တွေ ဆေးရေးတွေမှာလည်း မှတ်မှတ်သားသားကျန်ရစ်တယ်။ တိဘက်ဘက်က ရှေးလက်ရာတွေမှာလည်းကျန်ရစ်တယ်။ အထူးချဖြင့် ပုရပိုဒ်တွေမှာကျမ်းတစ်ဆောင်အဖြစ်နဲ့ ကျန်ရစ်တယ်။ အမှန်တော့ ဒီလို နန်းဓလေ့ထဲ လိင်မှုဆိုင်ရာတွေကို တီးတိုးသဖန်းပိုး လို့တမျိုး အတိလင်းတစ်သွယ်သင်ကြားပေးရတာဟာ အရှေ့ အနောက် ကမ္ဘာ ဘယ်နေရာမှာဖြစ်ဖြစ် ရှေးသက်ဦးဆံပိုင် ဘုရင်စနစ်ရှိခဲ့တဲ့ တိုင်းနိုင်ငံတွေမှာ လုပ်မြဲထုံးစံသာဖြစ်တယ်။ ဘာသာတရားနဲ့မဆိုင်ပါ။

မင်းတုန်းမင်းပြီးတော့ သီပေါမင်းလက်ထက် လှမ်းကြည့်ရအောင်ပါ။ ညီအမတွေကို မယား/မိဖုရားလုပ်တာလူတိုင်းသိတယ်။ စုဖုရားလတ် ချုပ်ချယ်လို့ သိပ်မရှုပ်နိုင်ရှာဘူးရယ်လို့ လူတိုင်းသိထားကြတယ်။ ဒိုင်းခင်ခင်ကတော့ ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကျန်ကျစ်တယ်။ စုဖုရားလတ် ဝေဖန်ရေးတွေထဲမှာ ဆရာကြီးမြသန်းတင့်ရဲ့ ဝေဖန်ရေးမှာတော့ စုဖုရားလတ် သီပေါနဲ့ပေါင်းဖက်တော့ ဆယ်ကျော်သက်။ ပါတော်မူတော့ ၂၀ စွန်းစွန်းရယ်။

ဒီတော့ ဒီအသက်ရွယ် ဘုရင့်မိဘုရားတစ်ပါးဆီ ဒီလိုအပြုမူတွေရှိတယ်ဆိုသာ သာမန်မိန်းမသားတွေလို ပြုမူတာဘဲဆိုပြီး ဖေးဖေးမမပြောသွားခဲ့တယ်။ လူတချို့ကတော့ စုဖုရားလတ်ဟာ တစ်လင်တစ်မယား စနစ်ကိုတည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ နေဝင်ချိန်မိဖုရားတစ်ပါးအဖြစ် ခေါ်ဆိုတတ်ပါသေးတယ်။ ထားပါတော့။

သီပေါမင်းခေတ် ဝက်မစွတ်ဝန်ထောက် သိမ်းထားတဲ့ ပုရပိုဒ်တွေထဲမှာ ဘုရင်အလိုရှိတိုင်း ကာမဂုံဖြည့်ပေးရတဲ့ အမျိုးသမီးစာရင်း ကျန်ရစ်တယ်။ အဲဒီစာရင်းကို ပြုစုပေးရတဲ့သူက ရေနံသာစားဖြစ်တယ်။ ရှင်းရှင်းပြောတော့ ဘုရင်လုပ်သူက အဟမ်း အဟမ်း ဆိုရင် ရေနံသာစားက စားရင်းထဲကအတိုင်း နီးစပ်ရာ အမျိုးသမီးပြေးခေါ်ပေးရဟန်တူပါတယ်။ စာရင်းကို ကြည့်ရအောင်ပါ။

" ကာမဂုံ အခွင့်ရလျှင် အခါမရွေး ( x ) လိုကြောင်း ရေနံသာ ရေတွက်သည့်စာရင်း "

သမီးပျို စာရင်းဖြစ်ပြီး စုစုပေါင်း ၁၆ ယောက်။
၁။ အစ်မတော်ဘုရား ( ချွန်းတောင်း / မိုင်းခိုင်မင်းသမီး )
၂။ ပြင်စည်မင်းသမီး (မကွေး မိဖုရားသမီး )
၃။ မိုးမိတ်မင်းသမီး (စာပွဲတောင်းမိဖုရားသမီး )
၎။ လှိုင်ကျွန်းသမီးကြီး (တောင်တွင်း/မင်းကတော်သမီး)
၅။ ငန်စွန် (မိဖုရား)သမီး ထရန်ကာ (မင်းသမီး)
၆။ ကြေးမြှင့် မိဖုရား
၇။ ပင်းအတွင်းဝန် သမီး
၈။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအကြီး
၉။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအငယ်
၁၀။ ညောင်ဝန် သမီး
၁၁။ ဥယာဉ်အုပ် သမီး
၁၂။ တရားမ အရေးပိုင်သမီး
၁၃။ စာရေးကြီး ငအုံ သမီးအကြီး
၁၄။ ကုလားဝန် သမီးအကြီး
၁၅။ သီပေါဝန် သမီး
၁၆။ ပင်သာ သမီး

သူတပါး မယား တွေလည်းပါတယ်။ စာရင်းကြည့်ပါ
၁။ တောင်ခွင်မင်းကြီး ကတော်
၂။ ပင်သာ (မင်းသား) မယား
၃။ စာရေးကြီး ဦးဘိုးရှုတ် မယား
၎။ ရေနံချောင်းမင်းကြီး မယား သီလ
၅။ အမြောံဝန် မယား
၆။ ကွပ်ရွာဝန်ထောံ မယား
၇။ ခန်ပတ်ဝန်ကြီး မယား
၈။ ရှေ့ဝင်းမှူး မယား
စုစုပေါင်း သူတပါး မယား ၈ ယောက်ရှိတယ်။

သူတပါး တူမ နှင့် အခြား သမီးလား မယားလားမသိတဲ့ စာရင်းက
၁။ ပင်းကလဲဝန်ထောံ တူမ
၂။ ကုလားမ ဘီဘီ
၃။ ပြင်စည်
၎။ ကျောံပန်းတောင်း
စုစုပေါင်း ၄ ယောက်။ သီပေါမင်းခေတ်မှာ အဖြူမ ကိုယ်လုပ်တော်တွေလည်းရှိတယ်။ သူတို့တွေဟာ သက်ဆိုင်ရာနယ်ချဲ့လိုတဲ့အစိုးရကစေလွတ်တဲ့ လခစားကြေးစား မိန်မပျက် တစ်ဖြစ်လဲ သူလျှိုတွေပေါ့။ နာမည်ကြီးကိုယ်လုပ်တော်ကတော့ ယွန်းခင်ခင် (The Lacquer Lady)ပေါ့။

ဒီစာရင်းဟာ သီပေါမင်းရဲ့ မယားစာရင်းဆိုသေချာစေတာက လူအမည်တွေနှင့် အမိန့်တော်ထုတ်တဲ့နေ့ ( မှတ်တမ်းတင်တဲ့နေ့ ) ဟာ မြန်မာလို ၁၂၄၆-၁၂၄၇ ခု ( ၁၈၈၄-၅ ) ဖြစ်တာကြောင့်ပါတဲ့။

အထူးမှတ်သားရမှာက ရှင်ဘုရင့်အလိုရှိတိုင်း လာရောက်ပြီး ကာမဂုံ ဆက်ရမယ့်စာရင်းထဲမှာ သူတပါးမယားတွေပါနေတာပါဘဲ။ ဘာသာတရားအဆုံးမနှင့် သီလတရား ကျင့်ဝတ်တွေရှိစေကာမူ ဘုရင်တွေအတွက် အကျုံးမဝင်တာ သတိထားမိပါတယ်။ ဘုရင်ဆိုတာ ကာမေသု သီလစောင့်စရာမလိုတဲ့သဘောပေါ့။ မင်းကျင့်တရားဆယ်ပါးတော့ မပြောတော့ပါဘူး။

5/17/11

၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ပုရပိုဒ်



အမေရိကန်နိုင်ငံ Northern Illinois University မှာရှိတဲ့ Southeast Asia Digital Library မှာသိမ်းထားတဲ့ အင်းကွက်တွေပါတဲ့ ပုရပိုဒ်စာဖြစ်ပါတယ်။ ခေါက်ချိုးပေါင်း ၁၃ ချိုးရှိပြီး ခုမြင်နေရတာကတော့ ခေါက်ချိုး နှစ်ခုရဲ့ မျက်နှာပြင်သာဖြစ်ပါတယ်။ ဒီပုရပိုဒ်ရဲ့ သက်တမ်းကိုတွက်ချက်ရာမှာ ၁၈၅၀ ဝန်းကျင်ဖြစ်တယ်လို့ အဖြေရတဲ့အတွက် နှစ်ပေါင်း ၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ရှေးပစ္စည်းဖြစ်နေပါတယ်။ ပုရပိုဒ်ပေါ်မှာရေးထားတဲ့ အင်းကွက်တွေနှင့် စမတွေကို လေ့လာဖို့လိုပါသေးတယ်။ ၁၈၅၀ ဝန်းကျင်လို့ပြောထားပေမယ့် ရေးထားတဲ့ စာလုံးအသုံးနှုန်း၊ အရစ်အဆွဲ နှင့် မင်နီရောင်သုံးထားတာက သတိထားချင်စရာဖြစ်နေတယ်။ ကျနော့အထင် ၁၉၅၀ ဆိုရင်တော့ ဖြစ်နိုင်ကောင်းတယ်။ ခုလောလောဆယ်တော့ ဘာမှမပြောလိုသေးပါ။


Subject - Parabaik
Materials - Paper
Place of Origin - Burma
Current Location - Northern Illinois University Libraries, Special Collections
Date - 1850
Measurements - 17 x 46 cm
Technique - Manuscript

11/22/10

မန္တလေး မဟာမြတ်မုနိဘုရားကြီးက နံရံဆေးရေးပန်းချီ


ရန်ကုန်ရောက်တဲ့ ညနေဘက်မှာဘဲ မန္တလေးကိုဆက်တက်ပါတယ်။ နောက်တစ်နေ့ နံနက် ၇ ရာရီလောက် မန္တလေး ရောက်တယ်။ ၄ နာရီလောက်အချိန်ယူပြီး လျှောက်ပတ်ကြည့်တယ်။ ရှော့ပင်းမောတွေ တိုးလာတယ်၊ ဆိုင်ကယ်တွေတိုးလာတယ် ၊ ဟန်းဖုန်း တွေတိုးလာတယ် ၊ အဝတ်စားဝတ်ဆင်မှု ပုံစံနည်းနည်းပြောင်းလာတယ်။ ကျွဲဆည်ကန်ကစပြီး ရောက်တဲ့ နေရာတိုင်းမှာ ယဉ်စည်းကမ်း လမ်းစည်းကမ်း ထုံးစံအတိုင်းဖြစ်နေတာ မြင်ရတယ်။

ကားမောင်းသူချပေးတဲ့ မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုတ်က ဝင်ဝင်ချင်းမှာဘဲ ဒီနံရံ ဆေးရေးပန်းချီကိုတွေ့ တယ်။ အမှန်တိုင်းဝန်ခံရရင် ဒီနေရာမှာ နံရံဆေးရေးပန်းချီတွေရှိမှန်း အရင်က မသိခဲ့ပါ။ သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။

ဝမ်းနည်းစရာကောင်းတာက ဆေးရေးပန်းချီတွေကို ဘယ်သူမှ အလေးမထားတာပါဘဲ။ အင်္ဂတေ ပေါ်မှာရေးထားတာဖြစ်တဲ့အတွက် အင်္ဂတေသားတွေ ကွာကျသွားတာနဲ့ ပန်းချီတွေပါ ပျက်စီးသွားပါတော့တယ်။ အဲဒိလို ပျက်သွားတဲ့ နံရံကို ထုံး ၊ ဒါမှမဟုတ် ဆေးဖြူ သုတ်ထားတာမြင်ရတယ်။ လူ့အညစ်ကျေး ၊ ကွမ်းတံတွေးကြောင့် ညစ်ပတ်နေပါတယ်။ ဘုရားဆောင်းတန်းမှာ ပန်းပုထုပြီး အသက်မွေးဝမ်းကြောင်းတဲ့ လူတွေရဲ့ သစ်တို သစ်စ ၊ ပျဉ်တို ပျဉ်စ တွေကို ဆေးရေးပန်းချီတွေရှိတဲ့ နံရံတွေပေါ် ထောင်ထားတာလည်းတွေ့ခဲ့ရတယ်။

ရှေ့မှာ ပြောခဲ့တဲ့အတိုင်း သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။ မန္တလေး ဆရာချုံ ရဲ့လက်ရာတွေကို အမှတ်ရစေပါတယ်။ ရေးဆွဲတဲ့ ခုနှစ် ၊ ရေးဆွဲသူ ၊ လှူဒါန်းသူ စတဲ့အချက်လက်တွေကို နောက်မှဘဲ စီစစ်ပြီးရေးပါမယ်။

12/12/09

ရတနာပုံ တိုး ဒင်္ဂါး

ဒေါင်းဒင်္ဂါး ကို " ရတနာပုံဒေါင်းဒင်္ဂါး " လို့ရေးရင် ၊ တိုးဒင်္ဂါး ကိုလည်း ရတနာပုံ တိုးဒင်္ဂါး လို့ ရှေ့မှာ
" ရတနာပုံ" ထည့်ပြီး ရေးသင့်တယ်။

ရတနာပုံ ဒေါင်းဒင်္ဂါး အကြောင်း သိပ်အသားပေးပြီးရေးတဲ့အခါ ရတနာပုံတစ်ခေတ် တည်းမှာထုတ်လုပ်တာ ဖြစ်ပါလျှက် အခြားအမှတ်တံဆိပ်ပါ ဒင်္ဂါးတွေကို မှေးမှိန်စေပါတယ်။

မြန်မာတို့ရဲ့ အစဉ်လာ အခေါ်အရ ဒင်္ဂါးဆိုတာ " အမှတ်တံဆိပ်" သို့မဟုတ် " စာ " ပါ ရွှေ သို့မဟုတ် ငွေ အပြားဝိုင်းငယ်တွေကိုသာ ခေါ်ခြင်းဖြစ်တယ်။ ကြေး၊ သံ ၊ ခဲ စတာတွေနှင့် လုပ်ထားတာမျိုးကိုတော့ ကြေးပိုက်ဆံ ၊ သံပိုက်ဆံ ၊ ခဲပိုက်ဆံ စသဖြင့်ခေါ်ကြတယ်။ ဒင်္ဂါး လို့မခေါ်ပါ။

မင်းတုန်းမင်း ခေတ် ရွှေ နှင့် ငွေ ဒင်္ဂါးတွေ ထုတ်လုပ်ခဲ့တယ်လို့ အများစုရေးကြတယ်။ သီပေါမင်း ခေတ်မှာ ဒေါင်းဒင်္ဂါးတွေကို ဆက်လက် ထုတ်လုပ်သုံးစွဲပါတယ်။ ၁၂၄၀ မှာ တိုးတံဆိပ် ကြေးဒင်္ဂါး ( ကြေးပိုက်ဆံ ) ထပ်ထုတ်ခဲ့ပါသေးတယ်။ ပုံကိုကြည့်ပါ။


" တိုး " သတ္တဝါ
" တိုးတံဆိပ်တော်" စာတမ်း
( တိုး ဆိုတာ မြင်း နှင့် သမင် သတ္တဝါ နှစ်ကောင်ကို ပေါင်းစပ်ထားတဲ့ လာဒ်ကောင်လို့ အယူရှိတယ်။
သီပေါမင်းရဲ့ " တိုး " ဟာ ရှမ်းတိုင်းရင်းသားတွေ ရဲ့ တိုး လို ကြည့်မကောင်းပါ ၊ ရုပ်ဆိုးလှတယ် )


အခြား တဘက်မှာတော့
" ၁ူး သုံး ဒင်္ဂါး "
" ၈ ပုံ တပုံ "
" ၁၂၄၀ "
" အခက် ၂ ခက် " ( အချို့က ဝိုက်ပန်းခက်လို့ပြောတယ် )
" အခက် ၂ ခက် ရဲ့ကြား မှာ ပန်းပွင့် "
(ဘာပန်းပွင့် မှန်းသေချာမသိပါ၊အခက်ကို ဝိုက်ပန်းခက်လို့ ဆိုရင် ဒီအပွင့်ကို ဝိုက်ပန်းပွင့်လို့ ဆိုနိုင်မလားမသိပါ )



ကြေးဒင်္ဂါး မှာပါတဲ့ ခုနှစ် " ၁၂၄၀ " ဟာ ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်ပါမယ်။
သီပေါမင်းဟာ စနေသား ဖြစ်လို့ စနေနံ( တ၊ ထ ၊ ဒ ၊ ဓ ၊ န ) ဖြစ်တဲ့အတွက် တိုးတံဆိပ်ကို သုံးတယ်လို့ အချို့က ဆိုတယ်။ မှန်ချင်မှ မှန်မယ်။

မင်းတုန်းမင်းဟာ အင်္ဂါ သားဖြစ်လို့ " ခြင်္သေ့ " တံဆိပ်ကို သုံးတယ်ဆိုရင် စနေသားဖြစ်တဲ့ သီပေါမင်းဟာ " နဂါး " သုံးဖွယ်ရာရှိတယ်။ " နဂါး " မကြိုက်လို့ " တိုး " သုံးသလားတော့မသိပါ။
ဘာအတွက် ဘာကြောင့်ရယ်လို့တော့ တပ်အပ် မပြောနိုင်သေးပါ။

12/5/09

ရတနာပုံ ခြင်္သေ့ ဒင်္ဂါး

ကျပ်သုံး ရွှေဒင်္ဂါး

မင်းတုန်းမင်း ခေတ်မှာ ဒေါင်းဒင်္ဂါး တွေကို ခပ်လုပ်သုံးစွဲခဲ့တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါ။
ဒေါင်းတံဆိပ်အပြင် တခြား အမှတ်တံဆိပ်တွေဖြစ်တဲ့ " ခြင်္သေ့ ၊ ယုန် ၊ တိုး (လာဒ်ကောင် လို့ အယူရှိတယ် ၊ သမင် နှင့် မြင်း သတ္တဝါ ပေါင်းစပ်ထားတဲ့ အကောင် )" တွေရှိသေးတယ်ဆိုတာ မှတ်ဖို့လိုသေးတယ်။

ရွှေ ၊ ငွေ ၊ ကြေး ၊ သံ ၊ ခဲ စတဲ့ သတ္ထုပစ္စည်းတွေ ကို အသုံးပြုတယ်။ တန်ဖိုးတွေက ( တကျပ် ၊ ငါးမူး ၊ တမတ် ၊ တမူး ၊ တပဲ )တို့ဖြစ်တယ်။ သို့သော် ဘယ်အမှတ်တံဆိပ် ကို ဘယ်သတ္ထုပစ္စည်းသုံးပြီး ဘယ်လောက် တန်ဖိုးတွေနှင့် ထုတ်တယ်ဆိုတာ သိဖို့လိုမယ်။ ရတနာပုံ ရွှေ ခြင်္သေ့ ဒင်္ဂါး အကြောင်း အကျဉ်း ဖော်ပြချင်ပါတယ်။ ပုံကို ကြည့်ပါ။

မူးသုံး ရွှေဒင်္ဂါး
ယခင်
" ဒေါင်း" ရုပ်နေရာမှာ " ခြင်္သေ့ " ရုပ်
"
ဒေါင်းတံဆိပ်တော်
" နေရာမှာ "ခြင်သေ့ တံဆိပ်တော် "
" ၁၂၁၄ " ခုနှစ် နေရာမှာ " ၁၂၂၈ " ဖြစ်လာတယ်။ ဒင်္ဂါး ရဲ့ ခြားတဘက်မှာ ရတနာပုံနေပြည်တော် စာတမ်း နှင့် စုံပန်းခက် ၂ ခက် ကတော့ အပြောင်းလဲမရှိ။

မင်းတုန်းမင်း ဟာ အင်္ဂါးသားဖြစ်လို့ ခြင်္သေ့ ရုပ်ကို သုံးတယ်။
၁၂၂၈ ကတော့ ခြင်္သေ့တံဆိပ်ပါ ရွှေဒင်္ဂါး တွေ အမှန်တကယ် စတင်ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်မယ်။
( မှားနေရင် ပြောခဲ့ပါ။)



" သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ ထို့နောက် ငွေ ငါးမူးစေ့ ၊ မတ်စေ့ ၊ မူးစေ့ ၊ ပဲစေ့ များနှင့် သံပိုက်ဆံ ၊ ကြေးနီပိုက်ဆံ ၊ ခဲပိုက်ဆံများကိုလည်း ခတ်လုပ်စေ၍ နိုင်ငံတော်အတွင်း သုံးစွဲ ကြရသည်။ ထို့အပြင် ရွှေဒင်္ဂါး ၊ ရွှေမတ်စေ့ ၊ ရွှေမူးစေ့ များကိုလည်း ခတ်လုပ်စေသည် " လို့ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် မှာ ဖော်ပြထားတယ်။ ( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် ကို ဘယ်သူရေးတယ်၊ ဘယ်နှစ်ခုနှစ် ၊ ဘယ်လို ရေးတယ်၊ ဘယ်လောက်ထိ စိတ်ချရလဲဆိုတာ သိဖို့ လိုအပ်သေးတယ် )

11/28/09

မကြန် ရဲ့ ရတနာပုံ ဒေါင်းဒင်္ဂါး

မြန်မာ ဒင်္ဂါးတွေအကြောင်း လေ့လာနေတာကြာပါပြီ။ ပြည်တွင်း ပြည်ပ ကျမ်းကိုး စာအုပ်၊ စာတမ်း များများစားစားမရှိပါ။ ခုနောက်ဆုံး အင်္ဂလိပ်ဘာသာနှင့်ထွက် သန်းထွန်း (ဒေးဒရဲ ) ပြုစုတဲ့ Auspicious Symbols and Ancient Coins of Myanmar စာအုပ်ကိုတော့ မဖတ်ရသေးပါ။ ရခိုင်သမိုင်း ပညာရှင်တွေရေးသားပြုစုထားတဲ့ ရခိုင် ဒင်္ဂါး စာအုပ်တွေကို ရှာရတာ ပိုပြီးခက်ခဲတယ် ။

မြန်မာ ဒင်္ဂါးတွေအကြောင်း ဆာ အာသာ ဖယ်ရာ ( Sir Authur P. Phayre ) ရေးတဲ့ COINS OF ARAKAN, OF PEGU, AND OF BURMA စာအုပ်TRUBNER & CO., 57 AND 59, LUDGATE, LONDON စာအုပ်တိုက်ကနေ ၁၈၈၂ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ အဲဒိစာအုပ် လန်ဒန် မှာစတင်ထုတ်ဝေတဲ့ အချိန်ဟာ အထက်မြန်မာပြည်မှာ မြန်မာဘုရင် သီပေါမင်း အုပ်ချူပ်နေဆဲ အချိန် ဖြစ်တယ်။

ထုတ်ဝေခဲ့တာ နှစ်ပေါင်းရာကျော်ကြာနေပြီဖြစ်သော်လည်းဘဲ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဖယ်ရာပြတိုက်မှာ စုစောင်းထားတဲ့ ဒင်္ဂါးတွေကို အခြေခံပြီးရေးတာဖြစ်တဲ့ အတွက် အခိုင်မာဆုံး သက်သေခံစာအုပ်ဖြစ်သလို ဖယ်ရာရဲ့စာအုပ်ဟာ မြန်မာ ဒင်္ဂါးတွေအကြောင်း ကမ္ဘာကသိအောင် ချပြတဲ့ ပထမဆုံးစာအုပ်ဖြစ်မယ်။

မြန်မာ ဒင်္ဂါးတွေလို့ ဆိုရာမှာ ပျူဒင်္ဂါး ၊ ရခိုင် ဒင်္ဂါး ၊ မွန် ဒင်္ဂါး တွေကို လူသိများတယ်။ သို့သော် တနင်္သာရီ ဒင်္ဂါးလို့လူသိများတဲ့ မြန်မာနိုင်ငံအောက်ပိုင်း ကမ်းရိုးတန်း ဒေသသုံးဒင်္ဂါး တွေကိုတော့ဖြင့် လူသိနည်းနေပါသေးတယ်။

ဘုရင့်နောင် ( ၁၅၅၁ - ၁၅၈၁ ) လက်ထက် မှာလည်းဘဲ ဒင်္ဂါးတွေ သုံးခဲ့သေးတယ်လို့ သမိုင်းမှတ်တမ်းတွေရှိတယ်။ အဲဒိ ဒင်္ဂါးတွေကို လည်းပုံနှင့်တကွ ဒီလို ပုံရယ်လို့ ရဲရဲပြောဖို့ရာလိုသေးတယ်။ ဗဒုံမင်း လက်ထက် (၁၇၈၂-၁၈၁၉) မှာ ဒင်္ဂါး အသုံးပြုခဲ့သေးတယ်လို့ သမိုင်းပညာရှင်တွေရေးထားတာ ဖတ်ရတယ်။ ဘယ်လိုပုံစံရယ်လို့ အတိကျ ပုံပြပြီးပြောဖို့ လိုသေးတယ်။

ကုန်းဘောင်နောက်ဆုံး မင်းတုန်းမင်း နှင့် သီပေါမင်း ခေတ်တွေမှာ ထုတ်လုပ်ခဲ့တဲ့ ဒေါင်း ဒင်္ဂါးဆိုလူတိုင်း သိကြ ၊ မြင်ဖူးကြမယ်ထင်ပါတယ်။

ဒေါင်းတံဆိပ်အပြင် တခြား အသုံးပြုတဲ့ အမှတ်တံဆိပ်တွေကတော့
၁။ ဒေါင်း
၂။ ခြင်္သေ့
၃။ ယုန်
၎။ တိုး တို့ဖြစ်တယ်။

အသုံးပြုတဲ့ သတ္ထုပစ္စည်းတွေက
၁။ ရွှေ
၂။ ငွေ
၃။ ကြေး
၎။ သံ
၅။ ခဲ စတာဖြစ်ပြီး တန်ဖိုးတွေကတော့ ( တကျပ် ၊ ငါးမူး ၊ တမတ် ၊ တမူး ၊ တပဲ )တို့ဖြစ်တယ်။


မြန်မာသမိုင်းပညာရှင် မကြန် ( ဒေါ်ကြန် ) ရဲ့ ရတနာပုံ ဒေါင်းဒင်္ဂါး စာတမ်းကို အောက်မှာပေးထားတဲ့ လင့်မှာသွားဖတ်နိုင်ပါတယ်။

https://www.myanmarisp.com/History/Kon_Baung_Period/kbp0001/

9/24/09

စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။


အမျိုးအစား - စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.256 to B-1960


ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကိုအသေအချာမသိရပါ။ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။
သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။

သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ် ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။ ဘယ်သူ့ဝတ်စုံရယ်လို့တော့ အသေအချာမပြောနိုင်သေးပါ။

9/21/09

အတွင်းဝန်မင်း ဝတ်ရုံ


























အမျိုးအစား - အတွင်းဝန်မင်း ဝတ်ရုံ
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသောအတွင်းဝန်မင်း ဝတ်ရုံ။

လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက်ပစ္စည်း အမှတ် - IM.44 to E, G, H-1912








ခုမြင်နေရတဲ့ ဝတ်ရုံဟာ မင်းတုန်းမင်း( ၁၈၅၂-၁၈၇၈ )၊ သီပေါမင်း(၁၈၇၈-၁၈၈၅) လက်ထက် အတွင်းဝန်မင်း ဝတ်ရုံဖြစ်တယ်။ ညီလာခံ နဲ့ အခန်းနားပွဲတွေမှာဝတ်ဆင်လေ့ရှိပါတယ်။ ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယဉ်မှု ဟာ ယိုးဒယား နန်းတွင်းဆင်ယဉ်မှုကို အတုယူတယ်လို့ အနောက်တိုင်းပညာရှင်တချို့ကဆိုပါတယ်။

9/16/09

ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ




















































































































အမျိုးအစား - ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်

တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။

အတိုင်းအတာ
အပေါ်ဖုံးဝတ်ရုံ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၁၂ စင်တီမီတတာ
လက်အရှည် - ၅၀ စင်တီမီတာ

ဘေးအကျယ် - ၅၁ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )


ပုဆိုး
/
ပုဆိုး အနံ - ၂၃၉ စင်တီမီတာ
ပုဆိုး ကွင်းအကျယ် - ၄၄ စင်တီမီတာ

အတွင်းခံ အင်္ကျီဖြူ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၀၉ စင်တီမီတာ

လက်အရှည် - ၈၇ စင်တီမီတာ
ဘေးအကျယ် - ၄၆ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )

ခေါင်းစီး
/ ခေါင်းပေါင်း
ခေါင်းစီးကြိုး အလျား - ၅၀ စင်တီမီတာ

ခေါင်းပေါင်း အတွင်းကျယ် - ၁၆.၅ စင်တီမီတာ

ခေါင်းပေါင်း အမြင့် - ၂၆.၅ စင်တီမီတာ


လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်

ပြတိုက်ပစ္စည်း အမှတ် - IM.43 to D-1912

အခုမြင်နေရတဲ့ မြန်မာဘုရင် ဝန်ကြီးဝတ်စုံဟာ မင်းတုန်းမင်း(၁၈၅၂-၁၈၇၈) နှင့် သီပေါဘုရင် (၁၈၇၈-၁၈၈၅) လက်ထက်အထိ အမှူ့ထမ်းခဲ့တဲ့ ' ကင်းဝန်မင်းကြီး ဦးကောင်း"ရဲ့ နန်းတွင်းဝတ်စုံဖြစ်တယ်။

ကင်းဝန်မင်းကြီး သက်ရှိထင်ရှားရှိစဉ်က အမှန်တကယ်ဝတ်ခဲ့တဲ့ ဝတ်စုံအစစ်ဖြစ်ပါတယ်။ မြန်မာ့ ယဉ်ကျေးမှူ့ဆိုင်ရာ ရှေးပစ္စည်းတွေထမ်းသိမ်းရာမှာ အကောင်းဆုံး ဖြစ်တဲ့ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် မှာပြသထားပါတယ်။ ဒီဝတ်စုံကို ဘယ်လိုကနေဘယ်လို ရတယ်လို့ ပြတိုက်က အရိပ်အမွတ်တောင် မပြောပါ။

ပြတိုက်က ဒီဝတ်စုံကို ဘယ်လိုရတယ်ဆိုတာစိတ်ဝင်စားစရာပါ။ အင်္ဂလိပ်တွေဟာ မန္တလေးဘုရင့်နန်းတော်ကို မသိမ်းမှီကနေ သိမ်းယူပြီးနောက်အတော်ကြာတဲ့အထိ
ကင်းဝန်မင်းကြီးဦးကောင်းရဲ့အကူညီတွေအများကြီး ယူခဲ့၊ ရခဲ့ပါတယ်။ တည့်တည့်ပြောရရင် ကောင်းကောင်းအသုံးချတာပါဘဲ။

ကင်းဝန်မင်းကြီးအကြောင်း ရေးထားပြီးသား စာတမ်းတွေ အမြောက်အများ ရှိပြီးဖြစ်လို့ ထပ်မရေးတော့ပါ။
ရုရှား လူမျိုး ပါဠိ နဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ မြန်မာဘုရင်ပါတော်မူပြီးဖြစ်နေပါလျှက် မြန်မာဝန်ကြီးအချို့ ဟာ ယခင်နန်းတွင်း အခစားဝင်စဉ်ကအချိန်အတိုင်း နန်းတော်ထဲ အခစားဝင်မြဲဝင်နေသေးတာကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ နာမည်အတိကျ မပါ။

7/11/09

ဟင်္သာခံ ကွမ်းခွက်

အမျိုးအစား - ဟင်္သာခံ ကွမ်းခွက်
အချိန်ကာလ - ၁၉ ရာစုနှစ်ရဲ့ နောက်ဆုံးနှစ် အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - မျက်လုံးအဖြစ် အရည်သန့် မိုးကုတ် ပတ္တမြား၊ မြ (အတုဖြစ်ဟန်ရှိ)
စသဖြင့် အလှဆင်ပြီး ရွှေသားကိုယ်ထယ်ကို လက်ဖြစ် ရွှေချည် နဂထာခတ် လုပ်ပုံဖော်။

အရွယ်အစား -
အမြင့် ၄၁.၅ စင်တီမီတာ
ဘေးအကျယ် ၃၅.၅ စင်တီမီတာ
အနံ အကျယ် ၁၅ စင်တီမီတာ

လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.246&A-1964

ဒီ ဟင်္သာခံ ကွမ်းခွက်ဟာ သီပေါဘုရင်( ၁၈၇၈ -၁၈၈၅ ) မင်းခမ်းတော် (King Regalia)တွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ရဲ့အဆို ဒီကရဝိတ် (ဟင်္သာ) ငှက် ဆိုတာ သက်တော်ရှည်ခြင်း အနက်လို့ ယူပါတယ်။ မန္တလေး ရွှေနန်းတော်အတွင်း မှာတော့ ဒီဟင်္သာခံ ကွမ်းခွက်ကို ကွမ်းနှင့် ဆေး၊ ထုံး စသဖြင့် ပစ္စည်းပစ္စယ တွေထည့်ရာမှာ သုံးပါတယ်။

ဒီလို ဆေး၊ကွမ်း၊ ထုံး စတာတွေဟာ ရိုးရာမြန်မာ လူ့အဖွဲ့စည်းမှာတော့ဖြင့် ဓလေ့တစ်ခုဖြစ်နေပါပြီ။

ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် အား မြန်မာ အစိုးရနှင့် ပြည်သူတွေက မြန်မာမင်းခမ်းတော်များ မပျောက်မပျက် ထိမ်းသိမ်းနိုင်ရန်ရည်ရွယ်လျှက် လက်ဆောင်အဖြစ် ဒီဟင်္သာခံ ကွမ်းခွက် ကို ပေးအပ်ခဲ့တယ် ပြတိုက်ကဆိုပါတယ်။
=========================================================================================

ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ရဲ့အဆို ဒီကရဝိတ် (ဟင်္သာ) ဆိုတာ သက်တော်ရှည်ခြင်း အနက်လို့ ယူထားပေမယ့် (Chevelliot ၃၄၇၃ (၆) ကုကျော ၁-၂ ) မှာတော့ အစိုးရခြင်းနဲ့ ကြွယ်ဝချမ်းသာခြင်းကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။

ထီးလှိုင်မင်(ကျန်စစ်သား) နန်းတည်ကျောက်စာ မွန်ဘာသာအရ နန်းတော်လည်းဆောက်၊ သီဟာသန ပလ္လင်လည်းလုပ်ပါတယ်။ ပလ္လင်ပြုလုပ်ရာ အလှဆင် သတ္တဝါစာရင်းမှာ ပုလဲကုံး ချည်ကိုက်ထားတဲ့ ဟင်္သာ နှစ်ကောင် ဘယ်ညာလို့ တွေ့ရပါတယ်။

လောလောဆယ် ကျွန်တော်လေ့လာတွေ့ရှိမှုအရ မြန်မာ့သမိုင်းဆိုင်ရာ ကျောက်စာတွေမှာ ပထမဆုံး တွေ့ရတဲ့ မှတ်တမ်းပါ။ ဒီထက်စောတဲ့ မှတ်တမ်းတွေ ရှိချင်ရှိနိုင်ပါသေးတယ်။
ရခိုင် ၊ မွန် ကျောက်စာတွေမှာ ပါနိုင်ပါသေးတယ်။

6/20/09

ဘီလူးခေါင်း


အမျိုးအစား - ဘီလူးခေါင်း မျက်နှာဖုံး
အချိန်ကာလ - ၁၉ ရာစုနှစ်
တွေ့ရှိရာနေရာ - မန္တလေး။ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - စက္ကူသားကိုပျော့သွားအောင်ရေစိမ်၊ ရလာတဲ့မံစက္ကူသားကို လိုရာပုံသွင်း၊ ဆေးခြယ်၊ ရွှေချည်၊ငွေချည်ထိုး ။
အရွယ်အစား -
အမြင့် ၄၅ စင်တီမီတာ
ဘေးအကျယ် ၂၉ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM 45-1939

မူရင်း အိန္ဒိယဇာတ်တော် ရာမာယာန ဇာတ်ဟာ သိဟိုဠ်ရောက်တော့ သီဟိုဠ်ဟန်ဖြစ်သွားပါတယ်။
ထိုင်းရောက်တော့ ထိုင်းမူပိုင်ဟန် ဖြစ်သွားပါတယ်။

အခုမြင်နေရတဲ့ ဘီလူးခေါင်းမျက်နှာဖုံးကတော့ မြန်မာဟန်ပါ။

ထိုင်းလိုအခေါ် "ခွန်" ( khon ) ရာမာယာန ဇာတ်ဟာ အယုဒ္ဓယခေတ် (Ayutthaya ) ၁၃၅၀-၁၇၆၇ ခုနှစ်များဆီက ယိုးဒယားနန်းတွင်း ဖျော်ဖြေမှုတွေမှာ သိပ်ရေပန်းစားပါတယ်။

အခုမြင်နေရတဲ့ အနုစိတ် လက်ရာ မန္တလေးဟန် ဘီလူးခေါင်းကို ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြထားပါတယ်။

3/19/09

ရတနာပုံ ငွေဒင်္ဂါး












































ဒီ ရတနာပုံ ငွေဒင်္ဂါး ဓာတ်ပုံကို ( Private Collector )တစ်ဦးမှ ကျေးဇူးပြုသည်။

၁၈၈၆ မြန်မာ ကျမ်းအမည်များ

ရုရှား နိုင်ငံသား တစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းပါ မြန်မာ ကျမ်းအမည်များ
အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev,1940- 1890 )ရဲ့ နေ့စဉ်မှတ်တမ်းပါ ကျမ်းတွေကို စာရင်းလုပ်ကြည့်ပါတယ်။

၂၅ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ သဗန္ဓစိန္တာ ဋီကာ
၂။ ဘေဒ စိန္တာဒီပနီ
၃။ ကာရိကာ ဋီကာ
၎။ ဧကက္ကရ ဋီကာ
၅။ ဂန္ဓာဘရဏ ဋီကာ
၆။ ဝစ္စဝါစက ဋီကာ
၇။ သဒ္ဒ ဝုတ္တိဋီကာ
၈။ ဝိစိတ္တာလုံကာရ ( သဓမ္မကိတ္တိထေရ ပြု )
၉။ ဃာဂဂန္ဓသစ္စာသံခေပ ( မြန်မာဘာသာ ၊ ဘဒ္ဒန္တ ဓမ္မပါလပြု) ( ထိုကျမ်း ပါကျမ်းဦးစကားမှာ ကျမ်းပြုဆရာဟာ အာနန္ဒထေရ ဖြစ်တယ်လို့ပဲတွေ့ရ )
၁၀။ ဒသဝတ္ထု ကထာ (ခေါ်) ဒသဝတ္ထုပကရဏ
၁၁။ ရုန္ဒြယာမလ ဓန္တြ (ခေါ်) ဓာတုပြဂံသ နေတ္တိ အတ္ထကထာယ ဋီကာ ( မြန်မာ အက္ခရာဖြင့်ရေး )

၂၆ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဏိဒီပ ဋီကာ
၂။ ဝိသုဒ္ဓိ မဂ္ဂဋ္ဌကထာ
၃။ ဓာတုမာလာ
၎။ ဝဇိရသာရ
၅။ အာပဒါ နဋ္ဌကထာ
၆။ ပါတိမောက္ခ နဲ့အလားတူကျမ်း ( ကျမ်းအမည်အတိအကျမဖော်ပြ )

၂၇ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဏိသာရ ဒီပနီ
၂။ ရာဇာဓိ ရာဇဓမ္မစာရဒီပနီ ( ဒီကျမ်းကို မိဖ်နယယ့်က အမည်ဆန်း၊ နားမလည်လို့ မှတ်ချက်ပေးထားတယ် )

၂၈ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

၁။ ဝိစိတ္တာလံကာရ ( သဒ္ဓမ္မကိတ္တိ ရေး ၊ အလင်္ကာရ နှင့်ဆိုင် )
၂။ သုစိတ္တာ လံကာရ ( ဗုဒ္ဓဟောကြားတဲ့ တရားတော် ကိုသုံးသပ်ချက် )
၃။ ဆဂတိ ဒီပနီ
၎။ ဝဇိသာရ
၅။ ဝါစီသာရတ္ထသံဂဟဏ္ဏ
၆။ ဝိသုဒ္ဓိ မဂ္ဂ ကဋ္ဌကထာ
၇။ မနုကျယ်
၈။ ဒီပစံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
၉။ ဒလဒါ ဓာတုဝံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
၁၀။ ရာဇဝံသ ( ရာဇဝင်နှင့် ဆိုင်၊ မြန်မာဘာသာ ရေး )
ပိဋကတ်သုံးပုံ အစုံရှိတယ်၊ ဗုဒ္ဓဃောသ ပြုစုတယ်ဆိုတဲ့ ဋီကာ တစ်ဆယ့်သုံးကျမ်း


၂၉ ဇန်နဝါရီ ၁၈၈၆ နေ့စွဲ

ကုသိုလ်တော်ကျောင်းဝင်းအတွင်းရှိ ပိဋကတ် ကျောက်ပြားများမှ
၁။ ဝိနယ ပိဋက ကျောက်ပြား
၂။ ဘိက္ခုနီပါ စိတ္တိယ (ကျောက်ပြား ရှစ်ပြားမှ )
၃။ ဘိက္ခု ပါ စိတ္တိယ( ကျောက်ပြား တစ်ဆယ့်သုံးပြားမှ )
၎။ ဘိက္ခုနီပါ တိမောက္ခ ကျောက်ပြား
၅။ ဘိက္ခု ပါတိမောက္ခ ( ကျောက်ပြား တစ်ဆယ့်ကိုးပြားမှ)
၆။ ပါရာဇိက (ပါဠိ ) ( ကျောက်ပြား တစ်ဆယ့်ကိုးပြားမှ)
၇။ မဇ္ဈိမနီကာယ ( ကုသိုလ်တော်ကျောင်းဝင်းအပြင်တန်း )
၈။ ရာဇစံသ
၉။ ကေသဓာတုပကာသိနီ
၁၀။ စတုတ္ထသင်္ဂါယနာ
၁၁။ သူရိယ သိဒ္ဓန္တ ဋီကာ
၁၂။ သက္ကတာဘိဓာနပါဒ
၁၃။ လီလာဝတီ
၁၄။ သက္ကတာဘိဓာနပါဒ
၁၅။ သာသနာလင်္ကာရ
၁၆။ ယောဟယာတြကလာပ
၁၇။ မဟာဝံသ
၁၈။ သာသနာဒီပက ( ရှိတယ်လို့သိ၊ လိုက်မရှာ )

၁ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ မဟာဝင်
၂။ ဒလဒါ ဓာတုစံသ ဋီကာ

၂ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ သုတ္တန္တ ပိဋက ( ကုသိုလ်တော်၊ အပြင်ဆုံးဝင်း)
၂။ အဘိဓမ္မ ပိဋက ( ကုသိုလ်တော်၊ အလယ် )
၃။ ဝိနယ ပိဋက ( ကုသိုလ်တော်၊ အတွင်းဆုံး )
၎။ ဘိက္ခုနီပါစိတ္တယ ( ကုသိုလ်တော် ၊ ဒုတိယဝင်း )
၅။ ဝိနယမဟာ ဝဂ္ဂ ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၆။ စုလ္လဝဂ္ဂ ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၇။ က္ကုန္ဒြီယဇာတက ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၈။ ပဋ္ဌာန ( ကုသိုလ်တော် ၊ ပထမ ဝင်း )
၁၁။ ဓာတုကေသပကာသနီ

၎ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ မိလိန္ဒပဥှာ ( ကုသိုလ်တော်အပြင်ဝင်း )
၂။ ပေဋကော ပဒေသ ( ကုသိုလ်တော်အပြင်ဝင်း )
၃။ နေတ္တိ ( ကုသိုလ်တော်အပြင်ဝင်း )
၎။ သုမင်္ဂလဝိလာသိနီ ဋီကာ ( ငွေ ၁၁ ကျပ်နှင့်ဝယ် )
၅။ သုတ္တပဋ္ဌေ့ယျ ဋီကာ ( ငွေ ၁၂ ကျပ်နှင့်ဝယ် )
၆။ ပါစိတ္တိယ

၆ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ သာသနဝံသဒီပ ( သီဟိုဠ်ကျမ်း)

၇ ဖေဖော်ဝါရီ ၁၈၈၆ နေ့စွဲ

၁။ နသ
၂။ အဘိ ဓမ္မသင်္ဂဟ

မိဖ်နယယ့်ရဲ့ နေ့စဉ်ရေး မှတ်တမ်းထဲက ကျမ်းအမည် နှင့် နေ့စွဲကိုသာ အဓိက ထားပြီး စာရင်းလုပ်တာပါ။ သုတေသန ပုံစံ စာရင်းမဟုတ်သေးပါ။
မိဖ်နယယ့်ဟာ သူ့ရဲ့ နေ့စဉ်ရေး မှတ်တမ်းကို ရုရှားလိုရေးတယ်။ ဟီရမ်ဒရာနသ် စန်ယယ် (Hirendranath Sanyal ) က အင်္ဂလိပ်လိုဘာသာပြန်တယ်။ ပါဠိ ဘာသာပြန်အတွက် ချန်ဒရာ စန် ဂုပတား (Chandra Sen Gupta) ကူညီတည်းဖြတ်တယ်။
မြန်မာ ဘာသာပြန်သူ ဒေါက်တာသန်းထွန်း။ ကျွန်တော်က ဒေါက်တာသန်းထွန်း ဘာသာပြန်ကို မှီငြမ်းတယ်။ မူရင်းစာကို မဖတ်ဖူးပါ ၊ ရှာနေဆဲပါ။

မူရင်း စာအုပ် အမေရိကန်နိုင်ငံ ကော်နယ်လ် တက္ကသိုလ် စာကြည့်တိုက် (Cornell University Library ) မှာရှိပါတယ်။ လှမ်းတောင်းတော့ ပုံနှိပ် စာအုပ်သာရှိတယ် ၊ Electronic Book မဟုတ်လို့အကြောင်းပြန်တယ်။


စာအုပ် နှင့်ပတ်သက်ပြီး သိသမျှက ဒါတွေပါ။
Database: Cornell University Library
Uniform Title: Dnevniki puteshestviĭ v Indii︠u︡ i Birmu, 1880 i 1885-1886. English
Title: Travels in and diaries of India & Burma / [translated by Hirendranath Sanyal ; compared with the Russian text by Sunil Bhattacharya, language edited by Sailesh Chandra Sen Gupta].
Published: [Calcutta : Debi Prasad Mukhopadhyaya, Eastern Trading Co., 1958?]
Description: 284 p. : ill. ; 23 cm.
Location: Kroch Library Asia
Call Number: DS413 .M66 1958
Status: Not Charged

3/16/09

နန်းစဉ်ရတနာ နှင့် စလေဒင် (၃)


နန်းတွင်းပစ္စည်းတွေ နှင့် စလေဒင် မရိုးမသား လူလည် လုပ်တာကို သက်သေအဖြစ် ဇန်နဝါရီ ၂၁ မှာ မန္တလေးနန်းတော် ရောက် ဥရောပ သာတစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းကို ဆွဲထုတ်ပြချင်ပါတယ်။ ရုရှားလူမျိုး ပါဠိ ၊ သက္ကတ နှင့် အရှေ့တိုင်းဘာသာစကား ပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev,1940- 1890 )ပါ။
၂၁ ဇန်နဝါရီ ၁၈၈၆ မှာ ကျမ်းတွေ ရှာဖို့ရာ မန္တလေးကို ရောက်တယ်။ မိဖ်နယယ့်ရဲ့ နေ့စဉ်မှတ်တမ်းအရ " ဘုရင့်မိဘုရားပိုင် နန်းတွင်းပစ္စည်း" ကိုလေလံပစ် ရောင်းချ ရာမှာ စလေဒင်ဟာ အဓိက တာဝန်ရှိသူ အဖြစ် ပိုပြီး ပြောလို့ရနေပါပြီ။ သူ့မှတ်တမ်းမှာ ပါတဲ့ မန္တလေး ကျမ်းစာရင်းဟာ သိပ်တန်ဖိုး ရှိပါတယ်။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး တမ်းမှာ ပါတဲ့ လေလံ ပစ္စည်းတွေကို ရသလောက် စာရင်းလုပ်ကြည့်တော့

၁ ။ ဘုရင့်မိဘုရား ဆုတောင်းစာအုပ်
၂ ။ စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်
၃ ။ အနုစိတ် ပန်းပုလက်ရာ ဆင်စွယ် ကုလားထိုင်
၎ ။ ဗုဒ္ဓရုပ်ပွားတော်အချို့

၂၅ ဇန်နဝါရီ ၁၈၈၆ မှာဘဲ သူကိုယ်တိုင် လေလံပွဲကိုရောက်တယ်။
ဒါပေမယ့် သူလိုချင်တဲ့ ကျမ်းတွေ " မတွေ့" လို့သာရေးထားတယ်။
ဘာပစ္စည်းတွေ လေလံပစ်တယ်လို့ မရေးတော့ သိပ်အရေးကြီးတဲ့ အဖိုးတန်သက်သေခံ ပစ္စည်းစာရင်း မရလိုက်ပါ။

လေလံပစ္စည်းစာရင်း မရှိပေမယ့် ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ ဆိုကတည်းက အဖိုးတန်ရတနာ ပစ္စည်းတွေပါနိုင်တယ်၊ အနုပညာလက်ရာ ပစ္စည်းတွေသာဖြစ်မှာပါ။

"ဘုရင့်မိဘုရားပိုင် ဆုတောင်းစာအုပ် နှင့် စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်" ကိုတော့ ဂျာမန်အမျိုးသား တစ်ဦးက ဝယ်ယူသွားပါတယ်။

အဲဒီအချိန် မန္တလေးမှာ ရာထူးအမြင့်ဆုံးဟာ ပရင်ဒါဂါတ် နှင့် စလေဒင်ပါ ။ ပရင်ဒါဂါတ် ဟာစစ်ရေး စစ်ရာတွေကိုသာ အဓိကတာဝန်ယူသူပါ။ စလေဒင်ဟာ မြို့ပြ အုပ်ချုပ်ရေး ကိုတာဝန်ယူရသူပါ။ လေလံပွဲ စီစဉ်သူ နှင့် တာဝန်ရှိသူ က စလေဒင်ဘဲဖြစ်နိုင်ပါတယ်။
မိဖ်နယယ့် ရဲ့နေ့စဉ် မှတ်တမ်းမှာ ဘုရင်ပိုင် ပစ္စည်း နှင့် ပစ္စည်းထားရာ အခန်းတွေကို အဓိက စိမန်ခန့်ခွဲသူဟာလည်း စလေဒင်ဖြစ်ပါတယ်။ ပစ္စည်းထိမ်းကော်မတီ ရဲ့လက်အောက်မှာ ရှိတာဘုရင့် ပိဋကတ် တိုက်လို့တွေ့ရပါသေးတယ်။

၆ ဖေဖော်ဝါရီ ၁၈၈၆၊ ရက်စွဲပါ မှတ်တမ်းမှာ စလေဒင်က ကြေးကြီးကြီး ဈေးခေါ်ထားတဲ့ ကျမ်း ၂ စောင်ကို မိဖ်နယယ့် ဆီလူလွတ်ပြီးရောင်းတယ်။ မဝယ်ပါ။

အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် ရဲ့မှတ်တမ်းကိုကြည့်ပြီး မန္တလေးနန်းတော်ထဲမှာ " ၂၅ ဇန်နဝါရီ မှာ ဘုရင့်မိဘုရား ရဲ့နန်းတွင်းပစ္စည်းတွေ လေလံပွဲ " လုပ်တယ်ဆိုကတည်းက အများစုဟာ ဘုရင် နှင့် ဘုရင့်မိဖုရား ၊ ဆင်ဖြူမရှင် တို့ တိုင်ချက်ဖွင့် ထားတဲ့ ရတနာ ပစ္စည်းတွေ ဖြစ်နိုင်တယ်ပါတယ်။ ရောင်းလို့မကုန် ဘဲကျန်ခဲ့တာဆိုလို့ ပိဋကတ် တိုက် ထဲက ကျမ်းတွေပါဘဲ။ ဒါလဲ မိဖ်နယယ့် အပါဝင် နိုင်ငံခြားသားရော၊ မြန်မာတွေကပါ မွှေနှောက်ထားပါသေးတယ်။

သမိုင်း ဆရာ W . S Desai က စလေဒင် ရဲ့ ထွတ်ဆိုချက်ဟာ ရိုးသားပြီး ပွင့်လင်းတယ်လို့ပြောတယ်။ သူပြောသလို မထင်ပါ။ သီပေါရဲ့ တိုင်ချက်မှာ သူပိုင် ရတနာပစ္စည်းတွေ စာရင်း ခိုင်ခိုင်မာမာ မပြနိုင်ပေမယ့် သက်သေ ခိုင်မာ အောင်ပြနိုင်ပါတယ်။ တိုင်းတာမင်းကြီး ၊ ရွှေတိုက်အတွင်းဝန် နှင့် စလေဒင်ရဲ့ စာရေး နီကလပ် လို့ပါတယ်။
စလေဒင်ရဲ့ ပြန်ကြားချက်ထဲမှာ ရွှေတိုက်အတွင်းဝန် ပြောတာမှန်နိုင်ကြောင်းသာ ပြောပါတယ်။ အရေးကြီးတဲ့ ပစ္စည်း စာရင်း ပုရပိုက်ကို မမှတ်မိ၊ သူ့တပ်သား ကိုလည်းမမှတ်မိ။ ရတနာပစ္စည်းတွေ နန်းတော်ကျန်းပြင်မှာ ပြန့်ကြဲ နေတယ်။ နန်းတော်ထဲမှာ လဲအပြင်လူ အရပ်သားတွေနှင့် ရှုပ်ထွေးနေတယ်လို့ အခြေအနေတွေကို ရှုပ် ထွေးပြီးမသေချာ မရေရာအောင် ဖြေခဲ့တာပါ။ အရေးကြီးတဲ့ သက်သေတွေကို ဖျောက်ပစ်တာပါဘဲ။

နန်းတော်ဝင်တဲ့ နန်းသိမ်းတပ်ဟာ ဗြိတိလျှ စစ်သားတွေချည်းပါ။ သူ့တပ်သားကို မမှတ်မိဘူဆိုရင်တောင် ဗြိတိလျှ စစ်တပ်ဟာ အဲဒီအချိန်က သိပ်စည်းကမ်းကောင်းတာမို့ တပ်သားစာရင်းပြန်စစ်ပြီး တာဝန်ကျစစ်သားကို ပြန်ဖော်လို့ရပါတယ်။ ပါတော်မူပြီးနောက်ပိုင်းမှာလည်း နန်းတွင်းတပ်ဟာ ဟာဗြိတိလျှ စစ်သားတွေချည်းပါ။ စလေဒင်ထွက်ဆိုသလို နန်းတော်ထဲမှာ သာမန်အရပ်သားတွေ နှင့် ရှုပ်ထွေးနေတယ်ဆိုတာလည်း စဉ်းစားစရာပါ။ တိုင်းပြည် မင်းပြောင်းမင်းလွှဲ ဖြစ်ပြီး အသက် အန္တရာယ်
စိုးရိမ် နေရတဲ့ အချိန်မျိုးမှာ နန်းတော်ထဲ ဝင်လုဖို့ဆိုတာ စိတ်ကူးရဲမယ်မထင်ပါ။ ဗြိတိလျှ စစ်သားတွေကလည်း ဒီလို အမှားမခံနိုင်လောက်အောင် အင်မတန် အရေးကြီးတဲ့ အချိန်မျိုးမှာ အခြေနေတွေ ရှုပ်ထွေးအောင် သာမန်အရပ်သားတွေ ကိုနန်းတော်ထဲ ဝင်ခွင့်ပေးမယ် မထင်ပါ။


တိုင်ချက် ၂ ခုမှာဆင်ဖြူမရှင်ရဲ့ တိုင်ချက်က ပိုတိကျ ခိုင်မာပါတယ်။ သူပိုင် ရတနာပစ္စည်းတွေကို ခိုင်ခိုင်မာမာ စာရင်းလုပ်ပြီး ပြနိုင်ပါတယ်။ ဒါပေမယ့် သီပေါလိုပါဘဲ၊ တိုင်ချက်ထဲမှာ မလိုအပ်ပါဘဲ မမှန်ကန်တဲ့ တခြားအချက်လက်တွေပါနေတဲ့ အတွက် တိုင်ချက်ရဲ့ မူလ အရေးကြီးတဲ့ အကြောင်းအရာဟာ မှေးမှိန်သွားတာပါ။
သီပေါရော ဆင်ဖြူမရှင် ပါ မသိတဲ့အချက်တစ်ချက်က မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ လုပ်ခဲ့တဲ့ နန်းတော်ထဲက "နန်းတွင်းပစ္စည်း" လေလံပွဲပါ။

သမိုင်း ဆရာ W . S Desai ဟာ နန်းတွင်းရတနာ ပစ္စည်းတွေ ပျောက်ဆုံးရာမှာ အဓိကတာဝန်ရှိသူ စလေဒင်ကို ကာကွယ်ထားတာပါ ။ သူက ရိုးသာတယ်လို့ ပြောတဲ့ စလေဒင်ဟာ လူလည်တစ်ယောက်ပါဘဲ။


Ref: Deposed King Thibaw of Burma In India by W.S Desai

3/14/09

"လည်တုန်"




အမျိုးအစား - လည်ဆွဲဘယက်

အချိန်ကာလ - ၁၉ ရာစုနှစ် နှစ်လယ်

တွေ့ရှိရာနေရာ - တနင်္သာရီ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - ရွှေချည် နဂထာ ကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့် ပြုပ်တယ်၊ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။


အရွယ်အစား - အရှည် ၂၈ စင်တီမီတာ ၊ အကျယ် ၈ စင်တီမီတာ


လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်


ပြတိုက်ပစ္စည်း အမှတ် - 123-1852

၁၉ ရာစုအလယ်ပိုင်း မှာ မြန်မာအမျိုးသမီးတွေ သိပ်ဝတ်တဲ့ လည်ဆွဲ ပါ ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ "လည်တုန်" လို့ခေါ်တယ်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားတာမို့ ဝတ်ဆင်သူဟာ အင်မတန် အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကဖြစ်မှာပါ။
=====================================================
ထားဝယ်မှာ ဆင်ဖြူမရှင် နေစဉ်တုန်းက ထုတ်ရောင်းတဲ့ ပစ္စည်းတွေ ထဲက တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။
အသေးစိတ်ကြည့်ချင်ရင်ဖြင့် ပုံပေါ်မှာ ကလက် နှိပ်လိုက်ပါ။

3/8/09

နဂါးလက်ကောက်




အမျိုးအစား - လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ ။
အချိန်ကာလ - ၁၉ ရာစု (၁၈၅၀)
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျစ်ဆံမြှိးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။
အရွယ်အစား - အရှည်(အလျား) ၇ လက်မ၊ အနံ ၀.၂၅ လက်မ ။
အရှည် (အလျား) ၆ စင်တီမီတာ ( ပုံပါအတိုင်း)
အနံ ၆.၂ စင်တီမီတာ( ပုံပါအတိုင်း)
အထူ (ထူ) ၁.၁ စင်တီမီတာ( ပုံပါအတိုင်း)
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - M.39-1939


၁၈၆၀ ခုနှစ် လောက်မှာ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်စတီ ( Dante Gabriel Rossetti ) ဟာ ပန်းချီ ရေးဖို့ရာအတွက် အရောင်းသွေးစုံပြီး အသွင်စန်းတဲ့ နိုင်ငံရပ်ခြားဖြစ် ကျောက်မျက် ရတနာ နှင့် အခြား လိုတဲ့အပ်ပစ္စည်း တွေကို လစ်စစ်စတာ စကွဲရား (Leicester Square) ၊ ဟမ်းမားစမစ် (Hammersmith) တဝိုက်ရှိ ထူးစန်းပစ္စည်း အရောင်းဆိုင် မှာ ဝယ်ယူခဲ့ပါတယ်။ ၁၈၆၅-၁၈၆၆ ခုနှစ် ပတ်ဝန်းကျင် လောက်က ရိုဆက်စတီ ရေးခဲ့တဲ့ ပန်းချီကားမှာ သူ့ချစ်သူ သတို့ သမီးကို ဒီ နဂါးလက်ကောက် ဆင်မြန်းစေကာ ပုံတူကိုရေးခဲ့ပါတယ်။ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်တီ (Dante Gabriel Rossetti) ဟာဂျိန်းမောရစ်(Jane Morris) ကိုလည်း မကြာခဏ အမျိုးသမီး ပုံတူ ရေးလေ့ရှိတယ်။ နောက်ပိုင်းမှာ ရိုစစ်စတီ က ဒီလက်ကောက်အပါဝင် ပစ္စည်း အချို့ ဂျိန်းမောရစ် ကိုပေးခဲ့တယ်။
ဂျိန်းမောရစ်(Jane Morris)အဖြစ် လူသိများတဲ့ ဂျင်နီ (Janey) ဟာ ဆိုရှယ်လစ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဝီလျန် မောရစ် (William Morris) ရဲ့ ဇနီးပါ။ ၁၉၃၈ မေ၊ မှာ ဂျိန်းမောရစ် ရဲ့ သမီးဖြစ်သူဟာ ရတနာ ပစ္စည်း အချို့ကို ဗစ်တိုးရီးယား နှင့် အယ်ဘာတ်ပြတိုက် ကို သေတမ်းစာ နှင့်လှူဒါန်းခဲ့ပါတယ်။

=====================================
သီပေါမင်းပါတော်မူ ပြီးနောက် ၅ နှစ်အကြာမှာ ဒီလို မြန်မာပြည်က နန်းတွင်းသုံးရတနာ ပစ္စည်းဟာ အင်္ဂလန်နိုင်ငံ လစ်စစ်စတာ ကိုရောက်နေပါပြီ။ ဒီပစ္စည်းမူလ လာရာလမ်းကြောင်း ၂ ခုရှိတယ်။ မန္တလေး နှင့် ရတနာဂီရိ ။ ပါတော်မူတဲ့ နေ့မှာ ရတနာပစ္စည်း တွေပျောက်တယ်လို့ ဘုရင်က ရော၊ ဆင်ဖြူမရှင် ကပါ အင်္ဂလိပ်အစိုးရကို တိုင်းတန်းထားတာရှိပါတယ်။

ရတနာဂီရိ ကိုပါတော်မူတဲ့ သီပေါဘုရင် ကလည်း ပါလာတဲ့ ရတနာ ပစ္စည်းတွေကို မကြာခဏဆိုသလို ထုတ်ရောင်းလေ့ရှိပါတယ်။ ဒီပစ္စည်းတွေဟာ နန်းတွင်းသုံးပစ္စည်း ရယ်လို့ ကံသေကံမ ပြောလို့မရပါ။ မန္တလေးမှာ သိပ်ချမ်းသာ တဲ့ ကုလား၊ တရုတ် နှင့် မြန်မာ သူဋ္ဌေးတွေ ဆီကလည်းဖြစ်နိုင်ပါသေးတယ်။ အင်္ဂလန်နိုင်ငံ ကို ပညာတော်သင် နှင့် သံအမတ်တွေအဖြစ်လာတဲ့ မြန်မာတွေက စရိတ်ပြတ်လို့ ရောင်းခဲ့တာမျိုး ရောမဖြစ်နိုင် ဘူးလား လို့ လူကပ် တွေက မေးလာရင် လည်းမဖြစ်နိုင်ပါလို့ဘဲဖြေရပါမယ်။

ရတနာ ပစ္စည်းတွေက အမျိုးသမီးသုံး တွေဖြစ်ပြီး ပညာတော်သင် နှင့် သံအမတ်တွေ အားလုံး အမျိုးသားတွေကြီးပါ။ မြန်မာသံ အဖွဲ့တစ်ဖွဲ့ ကတော့ စရိတ်ပြတ်ပြီး ရက်အတော်ကြာသောင်တင်နေဖူးပါတယ်။

ဒီလက်ကောက်ကို ပြတိုက်က နဂါးလက်ကောက်လို့ ပြောပါတယ်။ ကျွန်တော့်အမြင်က တော့ ပုံသိပ်မရှင်းပါ။ ဘေးတိုက်ပုံဖြစ်နေပါတယ်။ ရွှေသိပ်မကြိုက်ပေမယ့် လက်ရာ ဟာ သိပ်အနုစိတ်ပြီး အဆင့်မြင့်တယ်လို့ထင်တယ်။

နန်းစဉ်ရတနာ နှင့် စလေဒင် ( ၂ )

နန်းစဉ် ရတနာ ပစ္စည်းတွေ ဆုံးရှုံးမှု အတွက် စလေဒင်ကို တာဝန်ရှိသူအဖြစ်တိုင်းတန်းတဲ့ နောက်တစ်ဦး ရှိပါသေးတယ်။ မင်းတုန်းမင်းရဲ့ မိဘုရားခေါင်ကြီး၊ စုဘုရားလတ်ရဲ့မိခင်၊ ဆင်ဖြူမရှင်ပါ။ မူရင်း ဆရာမြသန်းတင့် ရေးတဲ့ " တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး " ထဲက စလေဒင်၊ ဆင်ဖြူမရှင် နှင့် ထားဝယ်အရေးခင်း ဆောင်းပါ မှ တချို့ကို ကူးယူ ဖော်ပြ လိုက်ပါတယ်။

" ၁၈၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ထဲတွင် မယ်တော် ဆင်ဖြူမရှင်က ရန်ကုန် ဝန်ရှင်တော်မင်းကြီး ဘားနဒ် ထံသို့ စာတစ်စောင် ပေးပို့ကာ မန္တလေးတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် တောင်းဆိုသည်။ ဘားနဒ် က ပစ္စည်းများကို အတည်ပြု၍မ ရနိုင်ကြောင်း ၊ ထို ပစ္စည်းများသည် ပါတော်မူညက နန်းတော်ထဲ သို့ဝင်ရောက်ယူငင်ကြသော မြန်မာအမျိုးသမီးတို့ လက်သို့ပါသွားသလော။ သို့တည်းမဟုတ် အစိုးရ၏ ပစ္စည်းသိမ်းကော်မတီ (Prize Committee ) ထံတွင် ရှိသလောဆိုသည်ကို မပြောနိုင်ကြောင်းဖြင့် အကြောင်း ပြန်သည်။ ဤတွင် ဆင်ဖြူမရှင်က အိန္ဒိယဘုရင်ခံ ချူပ်ထံ စာရေးကာ မန္တလေးတွင် ကျန်ရစ်ခဲ့ သည့်ပစ္စည်းများ စာရင်းကိုလည်း ပူးတွဲပေပို့သည်။ "

ဆင်ဖြူမရှင်၏စာမှာ အောက်ပါအတိုင်းဖြစ်ပြီး ၁၈၈၇ ခု၊ ဩဂုတ်လ ၂၀ ရက်စွဲ ထိုးထားသည်။

" ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ (၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်) မနက်၌ ကာနယ် ( ယခု ဆာအက်ဒွပ် ) စလေဒင်နှင့် အဖွဲ့သည် နန်းတော်ထဲသို့ ရောက်လာကာ ကျွန်ုပ်တို့အား တောင်ဥယာဉ်တော်ထဲ သို့ ဆင်းသက်နေမည်ဟု ပြောပါသည်။ ကာနယ်စလေဒင်၏ တောင်းဆိုချက် မှာရုတ်တရက်ဖြစ်သဖြင့် ကျွန်ုပ်၏ ကိုယ်ပိုင် ပစ္စည်း များဖြစ်သော အဖိုးတန် ပစ္စည်းများကို မည်သို့ခန့်ခွဲရမည်ကိုမသိဘဲ ဖြစ်နေပါသည်။


ကျွန်ုပ်အနေဖြင့်ရော ကျွန်ုပ်၏ သားသမီးများ အနေဖြင့်ရော မည်သို့သော အခြေနေမျိုး ရှိမည်ကို မသိသည့်အတွက် ကာနယ်စလေဒင်ကိုခေါ်ကာ ကျွန်ုပ်တွင်ရှိသည့် အဖိုးတန်ပစ္စည်းများစွာတို့အနက် အချို့ကိုသာ သယ်ယူသွားနိုင် မည်ဖြစ်ကြောင်း ပြောပါသည်။ "

ထို့နောက် အခြားသော အဖိုးတန်ပစ္စည်းများကို ပြပါသည်။ အချို့မှာ ငွေသားဖြင့် ပြုလုပ်ထားပြီး အချို့မှာလည်း စိန်များ ဖြင့် စီထားကာ မြောက်ပန်းခုံတော်ထဲရှိ အခန်းခြောက်ခန်းပါ မီးခံတိုက်တွင် ထားပါသည်။ ထိုအခါ တွင် ကာနယ်စလေဒင် က " အစိုးရသည် ဘုရင့်မိသားစုပိုင် ပစ္စည်းများကို ယူမည်မဟုတ်ကြောင်း၊ မိမိတို့လိုချင်သည် မှာ ဘုရင်နှင့် ဘုရင့်နိုင်ငံသာ ဖြစ်ပါသည်။

ထိုအဖိုးတန်ရတနာများ မပျောက်စေရပါ။ ကျွန်ုပ်ကို ယုံကြည်ပါ။ လိုချင်သည့်အချိန်တွင် ထိုပစ္စည်းများ ကိုပြန်ယူနိုင်သည်" ဟုပြောခဲ့ပါသည်။ မီးခံတိုက်တခါးကို ပိတ်၍ သူကိုယ်တိုင် သော့ခတ်ပါသည်။ ထို့နောက် ကျွန်ုပ်၏ရှေ့မှာပင် ဘဏ္ဍာထိန်း(?) အား မီးခံတိုကကို ကြီးကျပ်ထိန်းသိမ်း ရန်အပ်နှံပါသည်။ ထိုသော့များမှာ ယခု ကျွန်ုပ်ထံတွင်ရှိပါသည်။

ထို့နောက် ကျွန်ုပ်က ကြွေပန်းကန်များ၊ ဖန်ထည်များ၊ အထည်လိပ်ကြီးများကိုလည်း ပြသပါသည်။ ထိုအခါ ကာနယ်စလေဒင်က အခန်းများမှာ သော့ပိတ်ထားပြီး ကျွန်ုပ်မည်သည့်နေရာတွင်နေသည်ဖြစ်စေ သော့များကို ကျွန်ုပ်လက်တွင် ထိန်းသိမ်းထားပါက ထိုပစ္စည်းများကို အချိန်မရွေး ယူသွားနိုင်ကြောင်း ပြောပါသည်။ ထိုအခန်းများကိုလည်း သော့ခတ် ပိတ်ထားလိုက်ပါသည်။

ထို့နောက်တွင် ဖော်ပြခဲ့သည့် ရွှေထည်များ၊ ကျောက်မျက်ရတနာတို့ စီချယ်ထား သည့် ပစ္စည်းများကို တောင် နန်းတော်ဆောင် ဘက်သို့ ပြောင်း ရွှေ့ခဲ့ပါသည်။ ထိုနေရာတွင် ကာနယ်စလေဒင် က သူ့စာရေးဆိုသူနှင့် အိန္ဒိယ တိုင်းရင်းသား နှစ်ဦးကို ခေါ်ပြီး ကျွန်ုပ်၏ ပစ္စည်းများကို မည်သူ့ ပစ္စည်းနှင့်မျှ ရောနှောခြင်းမပြုရဟု ကျွန်ုပ်ရှေ့တွင်ပြောပါသည်။ ထို့နောက် ကျွန်ုပ်တို့မှာ တောင်ဥယာဉ်တော်သို့ ဆင်းသက်လာခဲ့ကြရပါသည်။

ထို့နောက် ကျွန်ုပ်တို့အား ညနေ ၃ နာရီတွင် သင်္ဘော ပေါ်သို့ ပြောင်းရွှေ့ရန်စီစဉ်ပါသည်။ ကျွန်ုပ်က နေရစ်လိုကြောင်း ပြောသည့်အခါတွင် ကာနယ်စလေဒင် က ကျွန်ုပ်သာမက သမီးတော်ဖြစ်သော မိဖုရားခေါင်ကြီးသည်လည်း နေရစ်နိုင်ကြောင်း၊ ကြိုက် သည့်နေရာတွင် နေနိုင်ကြောင်း ပြောပါသည်။ ကျွန်ုပ်က နေရစ်ရန် ဆုံးဖြတ်သည့်အခါတွင် ကျွန်ုပ်၏သမီး တော်များက ရန်ကုန်အထိ လိုက်ခဲ့ရန် ခေါ်ကြပါသည်။ ကျွန်ုပ်က သူတို့နှင့် အတူလိုက်သွားလျှင် ကျွန်ုပ်အား မန္တလေးသို့ ပြန်ခွင့်ပေးမည်လောဟု နိုင်ငံရေး အရာရှိ ကိုမေးပါသည်။ သူက ရန်ကုန် ရောက်လျှင် ကျွန်ုပ်အား ဝန်ရှင်တော်မင်းကြီးက ချက်ချင်း ပြန်ပို့မည်ဖြစ်ကြောင်းဖြင့် ပြောပါသည်။

ကာလကတ္တားအထိ လိုက်သွားလျှင်လည်း အိန္ဒိယဘုရင်ခံ ချုပ်က ကျွန်ုပ်အားကောင်းကောင်းမွန်မွန်ဖြင့် ပြန်ပို့မည်ဖြစ်ကြောင်း၊ သူပြောသည့်စကားကို စိတ်ချယုံကြည်စေလိုကြောင်း၊ အင်္ဂလိပ်လူ မျိုးတို့သည် ကတိမဖျက်ကြောင်း ပြောပါသည်။ ထိုစကားကြောင့် ကျွန်ုပ်ရန်ကုန်သို့ လိုက်လာခဲ့ပါသည်။ ရန်ကုန်ရောက်သည့် အခါတွင် အာဏာပိုင်တို့က ကျွန်ုပ်အား ထားဝယ်သို့ လိုက်သွားပြီး တိုင်းပြည်ငြိမ်သက်သည့်အထိ ထိုနေရာတွင်နေထိုင်ရန် ပြောပါသည်။

ကျွန်ုပ်လည်း မငြင်းတော့ဘဲ ထားဝယ်သို့လိုက်လာကာ အရေးပိုင်မင်း ပေးသည့် အိမ်တွင် နေထိုင်ခဲ့ပါသည်။ ကျွန်ုပ်ရရှိသော လစာထောက်ပံ့ငွေ ၄၅၀ မှာ ကျွန်ုပ်နှင့်တကွ ဆွေမျိုးများ၊ အစေတော်များအတွက် လောက်ငခြင်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တွင်ပါလာသည့် ပစ္စည်းအချို့တို့ကို ထုခွဲရောင်းချရပါသည်။ သို့ရာတွင် ထိုအကြောင်းများကို ကျွန်ုပ်တစ်ခါမျှ တိုင်တန်းခြင်း မပြုခဲ့ဖူးပါ။

ထို့ကြောင့် ကျွန်ုပ်နှင့်တကွ ဆွေတော်မျိုးတော်များ၊ အစေတော်များ ချောင်ချောင် လည်လည် နေထိုင်နိုင်ရေးအတွက် မန္တလေးတွင် ကျန်ရစ်ခဲ့သော ကျွန်ုပ်ပိုင် ပစ္စည်းများကို ရယူလိုပါသည်" ဟု ရေးထားကာ မြောက်တံခါးအနောက်ဘက် ပန်းခုံတော်တွင်းရှိ မီးခံတိုက်တွင် သားရေသေတ္တာဖြင့် ထည့်ထားခဲ့သည့် ပစ္စည်း စာရင်းကိုဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကာနယ်စလေဒင် ကို ဆိုင်ရာတို့က မေးမြန်းသည့်အခါတွင် ကာနယ်စလေဒင်က အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်။

" မယ်တော် ဆင်ဖြူမရှင်က သူ့ခန်းဆောင်တွင်းသို့ခေါ်ကာ အခိုင်အမာ သော့ခတ်ထားသည့် သေတ္တာကြီး သုံးလုံးကို ကျွန်ုပ်အားပြပြီးနောက် ထိုအထဲတွင် ငွေသား ၃၀,၀၀၀ ရှိသည်ဟု ပြောသည်ကို မှတ်မိပါသည်။ ကျွန်ုပ်ကသေတ္တာများမှာ စိတ်ချရကြောင်း၊ သို့ရာတွင် သေတ္တာထဲမှ ပိုက်ဆံများ နှင့်ပတ်သက် ၍ ကျွန်ုပ်ကတိမပေး နိုင်ကြောင်း ပြောပါသည်။ ကျွန်ုပ်အား မည့်သည့်သော့ကိုမျှ မအပ်ပါ။ ထိုအချိန်က ဆင်ဖြူမရှင်၏ အခန်းဆောင်ထဲတွင် အမျိုးသမီး အခြွေအရံများသာမက သာမန်အမျိုးသမီးများလည်း ပြည့်နှက်နေပါသည်။

ယင်းတို့မှာ အထုပ်အပိုးတို့ကို ထုပ်ပိုးပြီး တခြားသို့ပြောင်းရန် ခေါ်ထားခြင်း ဖြစ်ပါသည်။ သီပေါဘုရင် နန်းကျပြီးနောက် ချ၍ထားပစ်ခဲ့သည့် ဆင်ဖြူမရှင်၏ ကိုယ်ပိုင်ပစ္စည်းများမှာ နန်းတော်မှ အခြားသော အခြားသောပစ္စည်းများနှင့် ရောထွေးသွားပြီး ပစ္စည်းသိမ်း ကော်မတီ လက်ထဲသို့ ရောက်သွားနိုင်ပါသည်။ အကယ်၍ ထိုပစ္စည်းများထဲမှ သူပိုင်ပစ္စည်းဟု ရွေးထုတ်ပြနိုင်မည်ဆိုလျှင် သူ့ပိုင်ဆိုင်မှုကို ခွင့်ပြုသင့်ပါသည်"

" အိန္ဒိယ ဘုရင်ခံချုပ်က ဆင်ဖြူမရှင်၏ ပစ္စည်းများ ပျောက်ဆုံးသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အောက်မြန်မာနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကရော့စဝိတ်က ဆုံး ဖြတ်ပြီးသည့်အလျောက် လိုက်လာခြင်းဖြစ်ကြောင်း၊ သူနှစ်သက်ရာသို့ သွားနိုင်သည်ဟု စလေဒင်က အာမခံ ပြီးဖြင့်ဖော်ပြခဲ့ရာ ထိုစာပါ အချက်အလက်တို့ကို ဗြိတိလျှအစိုးရက ယုံကြည်ခြင်းမရှိ။ "

3/6/09

၁၉ ရာစု လည်ဆွဲဘယက်


အမျိုးအစား - လည်ဆွဲဘယက်
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေ ချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။
အရွယ်အစား - မသိ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03165(IS)

ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။
===================
ပြတိုက်ကတော့ မင်းတုန်းမင်း ခေတ်လို့ အရိပ်အမွတ်ပြောနေပါတယ်။

၁၉ ရာစု ခြေချင်းတစ်စုံ



အမျိုးအစား - ခြေချင်းတစ်စုံ
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေသားစစ်စစ် တွင် ပတ္တမြား အရိုင်းတုံးများဖြင့်အလှဆင်။
အရွယ်အစား - အပြင်ဘက် ကွင်းအကျယ် ၈.၉ စင်တီမီတာ ၊ အတွင်းဘက် ကွင်း အကျယ် ၈.၂ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03159:1, 2/(IS)

ဒီ ရွှေသားစစ်စစ် မှာ မသွေးရသေးတဲ့ ပတ္တမြား အရိုင်းတုံးကလေး တွေနှင့် အလှဆင်ထားတဲ့ ဒီ မိန်းမဝတ် ခြေချင်းတစ်စုံ ဟာ ၁၉ ရာစုအစော ပိုင်းနှစ်များ ဆီကပါ။
ဒီလို တန်ဖိုးကြီးပြီး လှပနှစ်လိုဖွယ်ရာ ရတနာကို ဝတ်ဆင်သူဟာ ဘုရင့် မိသားစုဝင်၊ ဆွေတော်မျိုးတော် ဒါမှမဟုတ် ဝန်ကြီးကတော် တွေထဲက ဘဲဖြစ်နိုင်ပါတယ်။
===================
ဘယ်သူပိုင် ပစ္စည်းဆိုတာ ပြတိုက်က တာဝန်ရှိသူတွေ သိမှာ အသေအချာပါဘဲ။

နန်းစဉ်ရတနာ နှင့် စလေဒင် (၁)

ပတ္တမြားငမောက် နှင့် နန်းစဉ်ရတနာ

မန္တလေး ၊ မင်းတုန်းမင်း ၊ သီပေါမင်း အကြောင်းရေးသားပြုစုထား တဲ့ အင်္ဂလိပ်၊ မြန်မာ စာတွေအများကြီး ရှိသလို လူတိုင်းကလဲနားရင် ပြီးသားပါ။ ပတ္တမြားငမောက် ဆိုလဲ လူတိုင်း ကြားဖူးပြီး သားပါ။



မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desal ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ
" ငမောက်ပတ္တမြားကိစ္စ" ဆောင်းပါး ထဲက စာပိုဒ် တချို့ကို မူရင်း ဘာသာပြန်အ တိုင်း ဖော်ပြချင်ပါ တယ်။


" သီပေါက တိုင်တန်းသည့် ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့် ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာ တို့ကစုံစမ်းပြီး အထက်သို့တင်ပြသည်။ တင်ပြချက်မှာ ယခင်ကအတိုင်းပင် ဖြစ်သည်။

စလေဒင်သည် သီပေါထံမှ အဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊ သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်း များမှအပ အခြား မည်သည့် ရတနာပစ္စည်းကိုမျှ ပြန်ရမည်ဆိုသည် ကတိစကား လည်း မရှိခဲ့ကြောင်းဖြင့် အကြောင်းပြန်သည်။ စလေဒင်သည် ပစ္စည်းသိမ်း ကော်မတီက သိမ်းယူခဲ့သော ရတနာပစ္စည်း များကို ပစ္စည်းသိမ်း ကော်မတီ၏ ကိုယ်စားတာဝန်ကျသည့် အစောင့်ကို လွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင် လက်နက်ချသည့်အခါ တွင် မိမိနှင့် တာဝန်ရှိသူများသည် သီပေါနှင့် မိသားစုတို့ ယူဆောင်သွားခြင်းမပြုသော ပစ္စည်း များကို ဗိုလ်ချူပ် ပရင်ဒါဂတ်စ်၏ အမိန့်အရ ပစ္စည်းသိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏ သရဖူထဲတွင်ရှိကြောင်း၊ ထိုပတ္တမြား ကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင်သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီး ဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင် ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏ စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်း ရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏ စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများ အားလုံးကို စလေဒင်က အင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့် တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်က ထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင် မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊ မိမိ သည် ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကို နန်းတော်ထဲတွင် တွေ့ခဲ့ရကြောင်း၊ သို့ရာတွင် ပုရပိုဒ်တစ်ဆူပေးသည် မပေးသည်ကိုမူ မိမိ မမှတ်မိတော့ကြောင်း၊ ထိုသို့ ရုတ်ရုတ်သဲသဲ အချိန်မျိုးတွင် အဖိုးတန်ကျောက်မျက်ရတနာများ၊ စီခြယ်ထားသည့်ရွှေထည် ပစ္စည်း အသေး၊ အကြီး အမျိုးမျိုးတို့ပါသည် နန်းစဉ်ရတနာ ပစ္စည်းအားလုံးကို ရေးမှတ်ဖို့ ဆိုသည်မှာ ခက်ခဲလှကြောင်းဖြင့် စလေဒင်က အကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည် နန်းတော်ဝရန်တာကြမ်းပြင် နှင့် ကျယ်ဝန်းလှသော ညီလာခံသဘင်ခန်းမကြမ်းပြင်တွင် စုပုံပြန့်ုကြဲလျက် ရှိပါသည်..........။
ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကို ဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန် ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။ ...............။

============

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာ ပစ္စည်းတွေ အတွက် တာဝန်ရှိသူ စလေဒင်ကို တိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြေရှင်းချက်တွေပါ။

မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး များမှ " ငမောက်ပတ္တမြားကိစ္စ" ။