10/16/10

ပျူစာပါ ပုဂံခေတ် မြေပုံဘုရား





အမျိုးအစား - မြေပုံဘုရား ( အများအခေါ် အုတ်ခွက်ဘုရား )
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်

တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ပုံစံခွက် သုံးပြီး မြေသားပုံဖော်
မူလနေရာ - မြန်မာ ( ပျူ )
အချိန်ကာလ - ၈ - ၁၀ ရာစု (this date according to Guy 2002; Luce suggests 10th-11thC)
မှတ်ချက် ။ ။ Guy က ၈ - ၁၀ ရာစုလို့ခန့်မှန်းပြီး ၊ လုစ် ကတော့ ၁၀-၁၁ ရာစုလို့ ခန့်မှန်းပါတယ်။ )
အရွယ်အစား

အမြင့် - ၈ စင်တီမီတာ

ဗျက် အကျယ် - ၆.၅ စင်တီမီတာ

ဒီမြေပုံဘုရား ကို လန်ဒန် ၊ဗြိတိလျှပြတိုက် မှာသုတေသနလုပ်နေဆဲအဆင့် ရှေးပစ္စည်းစာရင်းမှာ တွေ့ရပါတယ်။ သမိုင်း သုတေသန စိတ်ဝင်စားသူတွေကတော့ ဒီမြေပုံဘုရားကို မှတ်မိချင်မှတ်မိပါလိမ့်မယ်။ ကျောက်စာဝန်ဟောင်း ဦးမြရေးတဲ့ " အုတ်ခွက် ရုပ်ပွါးဆင်းတုတော်များအကြောင်း " စာအုပ် ၊ ပုံ ၁၀၅ ဖြစ်ပါတယ်။ မြင်းကပါ အရှေ့ ကျဆင်းဘုရား အတွင်းကရရှိတယ်လို့သိရပါတယ်။

မြင်နေရတဲ့အတိုင်း အနည်းငယ်ရှင်းပြလိုပါတယ်။ လန်ဒန် ၊ဗြိတိလျှပြတိုက်မှူးအဆိုအရ မဟာဗောဓိပင်အောက်မှာဖြစ်တယ်။ ဦးမြကတော့ ဗောဓိပင်အကြောင်းပြောမထားပါ။ တင်ပြင်ခွေ ရုပ်ပွါးတော် သုံးခုလုံးရဲ့အပေါ်မှာ ထီးအမိုးငယ်ရှိပါတယ်။ ရုပ်ပွါးတော် သုံးခုလုံးရဲ့ အောက်မှာတော့ ကြာပလ္လင် ခံထားတယ်။ အုတ်ခွက်အလယ်က ရုပ်ပွါးတော်ဟာ မြတ်စွာဘုရား တရားဟောနေဟန် " ဓမ္မစကြာ မုဒြာ " ဖြစ်ပြီး ၊ အာသနခေါ်တဲ့ ခြေဟန်ကို စစ်ဆေး ကြည့်တဲ့အခါ ဘယ်ခြေကို ညာခြေပေါ်ထပ် ခွေထားပြီးတည်ငြိမ်အေးဆေးတဲ့ ဟန် " ပဂျင်ကာသန " ဖြစ်တယ်။

ယာဘက် ရုပ်ပွါးဆင်းတုတော်ကတော့ အရိမေတ္တေယျ ကိုကိုယ်စားပြုတယ်။ လက်တော်မြေထိ ဘူမိဖဿမုဒြာ ဖြစ်ပြီးခြေဟန်ကတော့ " ပဂျင်ကာသန " ဖြစ်တယ်။ဝဲဘက် ရုပ်ပွါးတော်ဟာ ထူးခြားမှုရှိပါတယ်။ဦးခေါင်းမှာ မကိုဍ်ဆောင်းထားတဲ့ အပြင် ၊ မင်းဝတ်တန်ဆာဝတ်ဆင်ထားတယ်၊ စလွယ်လွယ်ထားတာဖြစ်လို့ ပိုပြီးထူးခြားတယ်။ ကြာပလ္လင်ပေါ် မင်းထိုင် ထိုင်နေဟန် " ရာဇလိလာသန" ဖြစ်ပြီး အဲဒိအချက်တွေအားလုံးအရ ပြောရရင် ဘုရားလောင်း ဗောဓိသတ္တဖြစ်တယ်။ မြေပုံဘုရားတစ်ခုလုံး ကိုခြုံပြီးပြောရရင်တော့ ဒါဟာ မဟာယာန ဟန်ဖြစ်ပါတယ်။ ဒီလို မြတ်စွာဘုရားကို ဘေးရံအရိမေတ္တေယျ နှင့် ဗောဓိသတ္တ ဘုရားလောင်း ယှဉ်တွဲ ပြုလုပ်ပူဇော်ကြခြင်းဟာ ပုဂံခေတ်ဦးပိုင်းမှာ လူကြိုက်များပုံပေါ်တယ်။အတွေ့ရများတယ်။ ဒါကြောင့် လုစ် က ပုဂံခေတ်ဖြစ်မယ်ဆိုပြီး ခန့်မှန်းပုံရတယ်။

ဒေါက်တာသန်းထွန်းရဲ့စာတမ်းတွေမှာတော့ ဒီမြေပုံဘုရားအကြောင်း ရေးထားတာမတွေ့ပါ။ ထုဆစ်ပုံဟန်ပန် မှာတော့ ဘုရားလောင်း ဗောဓိသတ္တ ကလွဲပြီး ကျန်တဲ့ ရုပ်ပွါးနှစ်ခုမှာ ပုဂံဟန်သိပ်မတွေ့ရပါ။ မျက်နှာတော် ဥခေါင်းတော်တို့က ပုဂံဟန် မပြ။ ဦးမြကတော့ ပျူ မှတ်တမ်းစာရေးထားတဲ့ ပုဂံ အနော်ရထာ ခေတ် မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာ အုတ်ခွက်ဘုရားလို့ ဆိုပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အဲဒီမြေပုံဘုရားရဲ့ အောက်ခြေ အလယ်မှာ ရေးထားတဲ့ ပျူစာ ၇ လုံးတွေ့တယ် ၊ ပထမ စာလုံး နှစ်လုံးက ပျူ အက္ခရာနှင့် " ဗုဓ ( ဗုဒ္ဓ ) " ဆိုပြီးရေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းရှင်းပြောတော့ ဦးမြရဲ့အယူဆကို ကြိုက်တယ်။ ကျန်တဲ့ စာလုံးတွေကတော့ ရာသီဥတုဒါဏ်ကြောင့် ဖတ်မရလောက်အောင် ဝါး (ပျက်) သွားပါပြီ။

ဒီနေရာမှာ သတိထားပြီးပြောလိုတာက အနိရုဒ္ဓ ( အနော်ရထာ ) ပုဂံခေတ်ဦး လက်ရာ မြေပုံဘုရားတွေမှာ " နာဂရီ " ဘာသာနှင့် မှတ်တမ်းတင်တယ်လို့ G.H Luce ကပြောခဲ့တယ်။ နောက်ပိုင်း မွန်စာ နှင့် မှတ်တမ်းတင်ထားတဲ့ မြေပုံဘုရားတွေ့တဲ့အခါ ဒေါက်တာသန်းထွန်းက " နာဂရီ ၊ မွန် " စာဆိုပြီး ဖြည့်စွတ်ပါတယ်။ အခု သုတေသန လုပ်ဆဲဖြစ်တဲ့ ဒီမြေပုံဘုရားကို ပုဂံခေတ် ဦးပိုင်း ပျူလက်ရေး ဖြစ်တယ်လို့အတည်ပြုနိုင်ရင်တော့ " နာဂရီ ၊ မွန် ၊ ပျူ " စာတွေနှင့် မှတ်တမ်းတင်တယ်လို့ ထပ်ပြီး ဖြည့်ချင်ဖြည့်ရနိုင်ပါတယ်။


ဒီဘလော့ကိုလာဖတ်မိတဲ့ လူတွေထဲမှာ ပျူစာဖတ်တတ်တဲ့လူရှိရင် ပြောခဲ့ပါ ၊ HR ဓာတ်ပုံ ပို့လိုက်ပါမယ်။

ကျမ်းကိုး။ ။
ဒေါက်တာသန်းထွန်း၊မြန်မာ့ မီးဖုတ်မြေထယ် ပစ္စည်း ၊ မုံရွေး စာအုပ်တိုက်၊ ၂၀၀၂။
သီရိပျံချီ ဦးမြ ၊ အုတ်ခွတ် ရုပ်ပွါးဆင်းတုတော်များအကြောင်း ၊ ပ-ဒု ၊ Department of Archaeology၊ 1961။
THE ART AND CULTURE OF BURMA
Chapter II The Pre-Pagan Period: The Urban Age of the Mon and the Pyu
Dr. Richard M. Cooler , Art History of Southeast Asia, Northern Illinois University
Original Link http://www.seasite.niu.edu/burmese/cooler/Chapter_2/Chapter_2.htm

10/9/10

ပြည်စိုး

ငယ်ငယ်က အမေဆိုပြတဲ့ သီချင်းတွေထဲမှာ ' ရွှေပြည်စိုး ' ဆိုတာပါတယ်။ ရွှေပြည်ကို စိုးရတဲ့သူလား ဒါမှမဟုတ် အခြားအဓိပ္ပာယ်ရှိလား ၊ ဒါမှမဟုတ် " ပြည်စိုး " နဲ့ အတူတူဘဲလား ဆိုတာသေခြာမသိလို့ မပြောတတ်ပါ။ သို့သော် ကျောက်စာ ၊ ပြန်တမ်း ၊ စစ်တမ်း တွေမှာ တွေ့ရတဲ့ ' ပြည်စိုး ' အကြောင်းတော့ အထောက်အထားနှင့် အသေခြာပြောလို့ရတယ်။

ပုံအထောက်အထားရမလားဆိုပြီး နံရံဆေးရေးပန်းချီတွေ နှင့် ပုရပိုဒ်တွေမှာရှာပေမယ့် သူကြီးသာသာ ရာထူးအဆင့်လောက်သာရှိတဲ့လူဆိုတော့ တရေးတယူ ဦးစားပေးမှတ်တမ်းတင်တာမျိုးတော့ ခုချိန်ထိတော့မတွေ့သေးပါ။ ဦးမောင်မောင်တင် က " ရွှေနန်းသုံး ဝေါဟာရအဘိဓာန် " ရေးထားခဲ့လို့ နှောင်းလူတွေ လေ့လာခွင့်ရတယ်။ တောင်ကြီးက ပါမောက္ခဒေါ်တင်အုန်း နှင့် တောင်ကြီးတက္ကသိုလ် မြန်မာစာဌာန ပြုစုခဲ့တဲ့ " ပုဂံခေတ် မြန်မာကျောက်စာများလာ ဝေါဟာရများ လေ့လာချက် " အဘိဓာန်စာအုပ်ငယ်ဟာ သမိုင်း သုတေသ လေ့လာသူတွေအတွက် သိပ်အသုံးဝင်တယ်။

တင်နိုင်တိုး က " မြန်မာဝန်တစ်ရာ " စာအုပ်ထုတ်တယ်။ ရှေ့ကလူတွေရေးပြီးသားတွေထဲက ဟိုတစ်စ ဒီတစ်စ ကူးချပြီး ပြုစုထားတဲ့ စာတမ်း၊ စာဆောင် မျိုးကို ဒေါက်တာသန်းထွန်းကတော့ " စပ်ထမီ " ဆိုပြီး အမည်ပေးတယ်။ ရှေးမြန်မာဘလော့ရေးသူကတော့ ရောင်းမစွန်တဲ့ စပ်ထမီတွေအတော်များများ လုပ်ခဲ့ပြီးပြီ။ အေဒီ ၂ ရာစုလောက်ကနေပြီး ပျူ ၊ ပုဂံ အပါဝင် ၁၉ ရာစုလောက်အထိ ကျောက်စာ၊မြေပုံဘုရားစာ ၊ မင်စာ၊ ပုရပိုဒ်စာ ၊ ပေစာ တွေထဲက အချက်လက် ဝေါဟာရတွေကိုစုပြီး " စပ်စောင် " တစ်ထည်လုပ်ဖို့ ရည်ရွယ်စုစည်းထားပါကြောင်း။။။။



" ပြည်စိုး "

စစ်တမ်းများ၌ မြို့ရွာကို အုပ်ချုပ်သူအကြောင်းအမြဲတစေပါရှိ၏။ မြို့ရွာကို အုပ်ချုပ်သည့်အရာထမ်းများမှာ မြို့ကို မြို့သူကြီး၊ တိုက်နယ်ကို တိုက်သူကြီး၊ ရွာကို ရွာသူကြီးစသည်ဖြင့် အများအပြားပင်ရှိပေသည်။ သူကြီးရာထူးကား ပုဂံခေတ်ကပင်ရှိခဲ့၏။

သူကြီးများအစား အချို့မြို့ရွာများတွင် ပြည်စိုးဆိုသူက ကြီးစိုးသည်။ ကုန်းဘောင် ခေတ်ဦးတွင် ပြည်စိုးကြီးစိုးသည့် မြို့အနည်းငယ်သာရှိဟန်တူသည်။ ပုဂံမြို့တွင် ပြည်စိုး ၄ ယောက်ရှိကြောင်း ၁၁၂၇ ခု စစ်တမ်းတွင်ပါသည်။ သို့ရာတွင် ပုဂံမြို့ ၁၁၄၅ ခုစစ်တန်း၌ ပြည်စိုးနေရာတွင် မြို့သူကြီးဟူ၍ ၄င်း တွေ့ရှိရသဖြင့် ပြည်စိုးနှင့် မြို့သူကြီးမှာ ထပ်တူထပ်မျှ ဖြစ်မည်ဟု ယူဆရပေသည်။ တောင်ဆင်းမြို့တွင်လည်း မြို့သူကြီးအစား ပြည်စိုးကြီးစိုးသည်။ မြို့သူကြီးအောက် အဆင့်နိမ့် ၍ ရွာသူကြီးထက် အရာမြင့်သည့် ရွာများကို အုပ်ချုပ်ရသော ပြည်စိုးတမျိုးလည်းရှိသေးသည်။ ဥပမာ တူရွင်းတိုင်မြို့ ကျေး၌ တောင်ရှေ့ ပြည်စိုးသည် ၂၁ ရွာကို ၄င်း၊ တောင်နောက်ပြည်စိုးသည် ၂၃ ရွာကို၎င်း ကြီးစိုးစီရင်ကြသည်။

ပုဂံခေတ်တွင် ပြည်စိုး ရှိ မရှိကို မပြောနိုင်သော်လည်း အဝခေတ်တွင်ကား ရှိနေပေပြီ။ အဝခေတ် ပြည်စိုးသည်ကား ရွာသူကြီးထက် အရာမြင့်၏။ အဝခေတ် ကျောက်စာများ၌တွေ့ရသည်ကား

" ရွာသူကြီးစသော အသည်တိုင်သည် ပြည်စိုဝ်ကိုဝ်ဆိုဝ်လေ၏ " ။ ( ကျောက်ရစ်ရွာ ရွှေပေါင်းလောင်းဘုရားကျောင်း ကျောက်စာ မျက်နှာဖက် ကြောင်းရေ ၇ ။ သက္ကရာဇ် ၇၅၇ )

" ရွှေပြည်စိုဝ် မ္လစ်သာသူကြီး " ( စကိုင်း စေတီလှ ကျောဖက် - ကျောက်စာကြောင်းရေ ၁၃ ။ သက္ကရာဇ် ၇၈၅ )။ " စကိုင်ပြည်စိုဝ် မဟာကမန် ဆင်မတစီ ရွှေထာတစင် " ( စကိုင်း အောင်းချမ်းသာချောင်ကျောက်စာ ကြောင်းရေ ၁၁ ။ သက္ကရာဇ် ၇၉၃ ) စသဖြင့်တွေ့ရပါသည်။

" ပြည်စိုဝ်စစ်သာ က္လောင်ကိုဝ်လှူတဝ်မူသည်" ( အမြင့်မြို့နယ် တောကျောင်းရွာ တောင်ဖက် တမျက်နှာကျောက်စာ ကြောင်းရေ ၂၀။ သက္ကရာဇ် ၇၂၆ )

" မင်ပြည်စိုဝ်စစ်သာခွန်တံ" ( ဆားလင်းကြီးမြို့နယ် ခွန်သာရွာ မြတ်လေးဆူဘုရား ကျောက်စာ ကြောင်းရေ ၁၃ ။ သက္ကရာဇ် ၇၄၅ )


ပြည်စိုး ၄ ယောက်တို့၏ တာဝန်ဝတ္တရားများမှာ

၁။ တိုင်းသူရင်းမင်းမှုကို စီရင်ရခြင်း
၂။ တိုင်ထောင် တိုင်ဆော် ရောက်လျှင် ရုံးတော်မှာ စု၍ တန်းခေါင်းတို့နှင့် အမိန့်တော်ကို ထောက်ခါ
ပြည်စိုးမင်းလျင်က ပြည်စိုး၊ စချီတန်းခေါင်းတို့ကို အစုကျ ခွဲခန့်စီရင်ရခြင်း။
၃။ ပြည်စိုးမင်းလျင်သည် ပြည်စိုး၊ စချီ၊ တန်းခေါင်းများမှ အစုသင့်ကျသည်ကို တဝတည်း စုရုံး၍ ပေးရခြင်း။
၎။ တန်းခေါင်း၊ သူကြီး ငယ်သားတို့ ရိုးရာတရားစကားရှိလျှင် မင်းလျင်ကစီရင်၍ တဝက်ကို
အရာတော်ဆက်သွင်းခြင်း။
၅။ ချောသံတမန် ရောက်လျင် ပြည်စိုးတို့နှင့် စချီတို့က ချောထမင်း အလှည့်သင့် ပို့ရခြင်း။
၆။ ကျွဲဝင် နွားဝင် မြင်းဝင်များမှ ၁၂ လစေ့၍ အရှင်မပေါ်လျှင် မင်းလျင် သိမ်းလျက် တဝက်ကို
အရာတော်ဆက်သွင်းရခြင်း။
၇။ ဆင်သေလျှင် အစွယ်ကို အရာတော် အပို့ဆက်သွင်းရခြင်း။
ဥကင်တော်ကြီးဖွင့်သောအခါ ပြည်စိုး ၁ လျှင် ငွေဖလား ၅ိ ခုတ်စီ ပေးဆောင်ကြရ၏။ ၄င်းတို့၏ အခွင့်အရေးကာ

၁။ စီရင်သည့် ရိုးရာမှုများမှ ကွမ်းဖိုးတဝက်ကို စားပိုင်ခြင်း။
၂။ ကျွဲဝင် နွားဝင် များမှ တဝက်ကိုစားပိုင်ခြင်း။
၃။ ကျွဲ နွားသေလျင် ပြည်စိုးတို့က ဆင်ကုန်း၊ တင်သား စားပိုင်ခြင်း။

မြို့သူကြီးသေသော် အရာကိုဆက်ခံလျှင် ကြေး ၂၀ိ၊ ပြည်စိုး တို့ အရာဆက်ခံလျှင် လက်ဆောင်ကြေး ၁၀ိ ဆက်ရိုး။ သူကြီးငယ်တို့ အရာဆက်ခံလျှင် ဖျင်တစုံ မြို့သူကြီးကို တိုင်ရိုးရှိပါသည်။ တူရွင်းတိုင်စစ်တမ်း ၁၁၆၄ ။

သားအရာခံလျှင် ငွေဖလား ၅ိလုပ်၊ လက်ဖက်ချောင်း ခါသာနှင့် ရွှေလက်တော်မှာ ဆက်သ၍ အရာခံရပါသည်။ သူကြီးတို့သေ၍ သားဆက်ခံလျှင် ဖျင်တစုံနှင့် ကျွန်တော်ပြည်စိုးမှာ တိုင်ကြားရသည်။ တောင်ဆင်း စစ်တမ်း ၁၁၄၅။


" ပြည်စိုး " အမှုထမ်းတွေအကြောင်း စုစည်းဖော်ပြလိုက်ပါတယ်။ ဦးမောင်မောင်တင်ပြုစုတဲ့ ရွှေနန်းသုံးဝေါဟာရအဘိဓာန် ပဌမတွဲ မှာတော့ " ပြည်စိုး " မပါ။

ရည်ညွန်း ။ ။ ကုန်းဘောင်ခေတ်စစ်တမ်းများ ၊ ဒေါက်တာ ရီရီ။
တူရွင်းတိုင်စစ်တမ်း ၁၁၆၄ ။
တောင်ဆင်း စစ်တမ်း ၁၁၄၅။
ပုဂံမြို့ စီရင်စု ၁၁၂၇ ခုစစ်တမ်း။
မြတ်လေးဆူဘုရား ကျောက်စာ။
ရွှေပေါင်းလောင်းဘုရားကျောင်း ကျောက်စာ ။
မြတ်လေးဆူဘုရား ကျောက်စာ ။
စကိုင်း စေတီလှ ကျောက်စာ။
စကိုင်း အောင်းချမ်းသာချောင်ကျောက်စာ။
ဆားလင်းကြီးမြို့နယ် ခွန်သာရွာ မြတ်လေးဆူဘုရား ကျောက်စာ ။

10/3/10

မိဘုရားနှင့် မိဖုရား အဆုံးအဖြတ်

မိဘုရားနှင့် မိဖုရား အဆုံးအဖြတ် ။ ။ မိဘုရားသည် ပြည်သူတို့၏ အမိဖြစ် သောကြောင့် သဒိသူပစာအားဖြင့် " အမိဘုရား " ခေါ်ဝေါ်သည်။ အ- ကြေ၍ " မိဘုရား " ခေါ်ဝေါ်သည်။ အာလုပ်ပုဒ်ဖြစ်သတည်း။

သက္ကရာဇ် ၅၈၅ ခုနှစ် ရေးထိုးသည့် လေးထောင့်ကန် လေးမျက်နှာဘုရားကျောက်စာတွင် " အမိဖုရှား စသော မောင်းမတော်ခပ်သိမ်း " ဟူ၍ ထိုပုဂံခေတ်က အ, မကြေပဲ " အမိဘုရား " ခေါ်ဝေါ်ရေးသားကြောင်း ထင်ရှားသည်။

သက္ကရာဇ် ၁၂၂၂ ခုနှစ် ရေးထိုးသည့် မန္တလေး ရတနာပုံ ရွှေမြို့တော် တောင်ပြင် မဟာနွယ်စင်ရပ်ရှိ မဟာဗောဓိကျောက်စာတွင် " စတုသဋ္ဌိလက္ခဏာ၊ အင်္ဂါအနဂ္ဃီ ၊ အစုံရှိသော နှမတော်မြတ် သိရီနတ်အား ကိုးပါးသော ကျောက်မျိုးတို့ဖြင့် ပြည်သူ့မိမြတ် သတ်မှတ်တင့်ကဲ ချီးဝှဲးပြဋ္ဌာန်းတော်မူပြီးနောက် " ဟူ၍ မိဖုရားကြီးတင်တော်မူသည်ကို " ပြည်သူ့မိမြတ် သတ်မှတ်သည် " ဟူသော ဝေါဟာရဖြင့် ဆိုလေသည်။

သက္ကရာဇ် ၆၆၀ ခုနှစ် ရေးထိုးသည့် မိဘုရားစော ကျောက်စာတွင် " ရန်ခပ်သိမ်းကို နှိမ်နင်းနိုင်သော သီရိရာဇာမည်သော မင်းကြီးများဖြစ်သော မိဘုရားစော သည် " ဟူ၍၎င်း။

သက္ကရာဇ် ၁၁၈၃ ခုနှစ် ၊ မဇ္စျိမဒေသ ဗုဒ္ဓဂယာ အရပ်ရှိ မဟာဗောဓိ ကျောက်စာတွင် " မြတ်သော မိဘုရားခေါင်းကြီးနှင့် တကွ " ဟူ၍၎င်း၊ " သီရိပဝရ မဟာရာဇိန္ဒာ ရတနာဒေဝီ အမည်တော်ရှိသော တောင်မိဘုရားခေါင်ကြီး နှင့်တကွ " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၀၅ ခုနှစ် ၊ လောကမဏိစူဋ္ဌာ ဘုရားကျောက်စာတွင် " တိုင်းနေ ပြည်သူ လူအများတို့အား သနားကရုဏာ မေတ္တာပင်စည် ခက်မတည်လျက် သက်ကြည်တော်မူသဖြင့် တောင် မိဘုရားခေါင်းကြီး " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၀၉ ခုနှစ်၊ ဆိတ်ပေါက်ဘုရား ကျောက်စာတွင် " မင်းညီ မင်းသား ၊ မင်းမိဘုရား ၊ မွှန်ကြားပေါက်ပြ " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၁၁ ခုနှစ် ၊ စက်တော်ရာဘုရား ကျောက်စာတွင် " အဘိရူပ ၊ ဒဿနက ၊ စသည့်ကျေးဇူး ၊ ထူးကဲလွန်မြတ်တော်မူသော ရှစ်သောင်းထွတ်ဖျား မိဘုရားခေါင်ကြီး ဘုရားနှင့် " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၂၁ ခုနှစ် ၊ မန္တလေးတောင်ခြေ သုဓမ္မာ ကျောက်စာတွင် " မြောက်နန်းတော် မိဘုရားသည် " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၃၆ ခုနှစ် ၊ ဗုဒ္ဓဂယာအရပ် မဟာဗောဓိကျောက်စာတွင် " အခေါင်ညာထား ၊ မိဘုရားမြတ် " ဟူ၍၎င်း အသီးသီး ကျောက်ထက်အက္ခရာဖြင့် ထင်ထင်ရှားရှား ရှိလေသည်။

သို့ပါလျက် အချို့က စက္ကူ စာအုပ်ပြုလုပ်ရန် ကျောက်စာကို စက်တင်ပုံနှိပ်သည့်အခါ ကျောက်စာမူတွင် စတုတ္ထက္ခရာ ဘကုန်းနှင့် ရှိသည်ကို ဒုတိယက္ခရာ ဖဦးထုပ် သို့ လဲပြောင်းစက်တင်ပုံနှိပ်ကြသည့် အရာများစွာ တွေ့ရလေသည်။ ဤသို့ ရှေးပညာရှိတို့၏ ကျောက်စာအက္ခရာမူကို ပြင်ဆင်ခြင်းမှာ အလျှင်းပင်မသင့်ချေ။

အချို့သူတို့ကလည်း မန္တလေးရတနာပုံ ဒုတိယနန်းစံ မာရ်အောင်ရတနာ စေတီတော် ဒါယကာမင်းတရား လက်ထက်တော်ရောက်မှ မိဖုရားကြီး ဓားထက်သည်ကို ကြောက်ရွံ့ရသဖြင့် ဖဦးထုပ် နှင့် ဘကုန်း လဲပြောင်းပြီးကာလ " မိဖုရား " ဟုရေးရလေဟန် မဟုတ်မမှန် လုပ်ကြံပြောဆိုကြလေသည်။

မိဘုရား ဟူသော ပုဒ်အက္ခရာကို ပုဂံခေတ်ကောင်းစားစဉ် လွန်ခဲ့သော အနှစ် ၉၀၀ လောက်ကပင် စတုတ္ထက္ခရာ ဘကုန်းတချောင်းငင် ဥသရနှင့် " ဘု " ဟူ၍၎င်း၊ ရကြီးအချတွင် ဝိသဇ္ဇနီနှင့် " ရား " ဟူ၍၎င်း အရေးအသားရှိခဲ့သည့်ပြင် ကုန်းဘောင် ပဌမအလောင်းမင်းတရားကြီးမှစ၍ တဆဲ့တဆက်သော မင်းတို့လက်ထက် နန်းတော် ၊ အိမ်တော်နှင့်တကွ လွှတ်ရုံးငါးရပ်တို့၌လည်း စတုတ္ထက္ခရာ ဘကုန်း နှင့် ချည်း ရေးသား သုံးနှုန်းခြင်း ဖြစ်လေသည်။ ထို့ကြောင့် မိဘုရားဟူသော ပုဒ်အက္ခရာကို ရှေးကာလက ရှိဟောင်းဖြစ်သော ကျောက်စာမူ ၊ ပေမူ ၊ ပုရပိုက်မူတို့တွင် ပါသည့်အတိုင်း ရေးသားသင့်လေသည်။

====================================
(ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)