Showing posts with label ပျူ-မွန်. Show all posts
Showing posts with label ပျူ-မွန်. Show all posts

12/20/11

ဒီလူတွေဘယ်ရောက်သွားလဲ

ပျူတွေဘယ်ရောက်သွားသလဲဆိုတဲ့ မေးခွန်းရှိထားပြီးသားဆိုတော့ နောက်ထပ်မေးရမယ့် မေးခွန်းတစ်ခုက ဒီလူတွေဘယ်ရောက်သွားလဲဆိုပြီးမေးလိုက်ချင်ပါတယ် ။ မှန်နန်း၊ ရာဇဝင်ကြီး၊ မောင်ကုလား စတဲ့စတဲ့ ရာဇဝင်ကျမ်းတွေမှာပြောနေကြတဲ့ သရေခေတ္တရာမင်းဆက်တွေကိုပြောချင်တာပါ။

ကျမ်းထဲမှာ ပါတဲ့ စာရင်းကိုကြည့်ပါ။

၁။ မဟာသမ္ဘာဝ
၂။ (ညီ) စူဠသမ္ဘာဝ
၃။ (သား) ဒွတ္တဘောင်
၎။ (သား) ဒွတ္တရန်
၅။(သား) ရန်ပေါင်
၆။ (သား) ရန်မန်
၇။ (သား) ရက္ခန်
၈။ (သား) ခန်လောင်း
၉။ (သား) လက်ခိုင်
၁၀။ (သား) သိရိခန်
၁၁။ (သား) သီရိရာဇ်
၁၂။ ငတပါး
၁၃။ (သား) ပါပိရန်
၁၄။ (သား) ရန်မုက္ခ
၁၅။ (သား) ရန်သိင်္ခ
၁၆။ (သား) ရန်မုဉ္ဇလိန္ဒ
၁၇။ (ညီ) ဘေရိန္ဒ
၁၈။ (သား) မုဉ္ဇလ
၁၉။ (သား) ပုဏ္ဏ
၂၀။ (ညီ) သာခ
၂၁။ (သား) သာသိ
၂၂။ (ညီ) ကန်နု
၂၃။ (နောင်တော်) ကန်တက်
၂၄။ (နောင်တော်) ဘိဇ္ဇ
၂၅။ (သား) သုမုန္ဒရီမင်း
၂၆။ (သား) အတိတျာ
၂၇။ (ညီ) သုပညာနဂရဆိန္ဒ


ဒီမင်းတွေဟာ ရှေးမြို့ဟောင်း သရေခေတ္တရာမှာ မင်းလုပ်စိုးစံခဲ့တယ်လို့ဆိုထားပါတယ်။ ရှေး/သု တူးဖော်ရေးက ရရှိတဲ့ သုတေသနဆိုင်ရာအထောက်ထားတွေကိုပြန်ကြည့်တဲ့အခါ အထက်ပါမင်းတွေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မတွေ့ရပါ။ ကျောက်စာဝန် တော်စိန်ခို ဦးဆောင်တဲ့ ၁၉၁၁ တူးဖော်မှုတွေကနေ ကျောက်အရိုးအိုး နှစ်လုံးတွေ့တယ်။ ၁၉၂၂ မှာ ချာစ် ဒူရာဇယ် ( Mr Chas Duriosell ) ဦးဆောင်တဲ့ တူးဖော်မှုကနေ နောက်ထပ် ကျောက်အရိုးအိုးတစ်လုံးထပ်တွေ့တယ်။


ကျောက်အရိုးအိုးတွေအပေါ်မှာ ရေးထားတဲ့ ပျူစာတွေကို ဒေါက်တာ စီ အို ဗလက်ဒန် ( Dr C. O Blagden ) ၊ ဦးသာမြတ် ၊ ဦးမြ နှင့်အခြား ရှေးစာပညာရှင်တွေ ဝိုင်းပြီး အက္ခရာဖလှယ်ပြီးတဲ့ နောက်မှာတော့ ရှေးမြို့ဟောင်း သရေခေတ္တရာမှာ အမှန်တကယ် စိုးစံခဲ့တဲ့ မင်းတွေရဲ့ နာမည်တွေ နှင့် သကနှစ်ကိုသုံးတယ်လို့ ယုံကြည်ရတဲ့ ခုနှစ်တွေထွက်လာတယ်။ ကျောက်အရိုးအိုး တွေပေါ်မှာပါတဲ့ အဓိက ကျတဲ့စာကျင်းကိုကြည့်ရအောင်ပါ။

၁။ ဒေဝ မိတြ ( နတ်ချစ်သူ )
Devamitra ( The Beloved of Gods )

၂။ ဟရိ ဝိကြမ ( ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး )
Harivikrama ( The Might of Visnu )

၃။ သီဟ ဝိကြမ ( ခြင်္သေ့ကဲ့သို့ ရဲရင့်သူ )
Sihavikrama ( The Courage of Lion )

၎။ သူရိယ ဝိကြမ ( နေကဲ့သို့ ထွန်းတောက်သူ )
Suriyavikrama ( The Power of Sun )

၅။ ဂြီထု ဝိကြမ ( အမိ နတ်မင်းက စောင်မသူ )
Crithuvikrama ( The Protection of Armour )

၆။ ဇတြတတ ဝိကြမ ( အမျိုးတကာ ထိတ်လန့်သူ )
Jatratatavikrama ( The Terror of Race )

၇။ အဒိတျ ဝိကြမ ( နေမျိုးအသရေ ရှိသူ )
[A] dityavikrama ( The Glory of Sun Race )


အထက်ပါ စာရင်းက မင်းတွေရဲ့ အမည်ကို ကျောက်အရိုးအိုးပေါ်က သက္ကတ အက္ခရာ တချို့ပါတဲ့ ပျူ စာလုံးပေါင်း ၁၁၂၇ လုံးကနေ ဖော်ထုတ်ရရှိတာပါ။ အထူးသဖြင့် မင်းနာမည်တွေကို သက္ကနာမည်နဲ့ ရေးထားလို့ ခုလို သိရတာဖြစ်ပါတယ်။ ဒီမင်းတွေ နဲ့ ပတ်သက်ပြီး ရှေးကရေးခဲ့တဲ့ ရာဇဝင်ကျမ်းတွေမှာ မတွေ့ရပါ။ ဒါကြောင့်ဘဲ ဒေါက်တာသန်းထွန်းက ပျူတွေဘယ်ရောက်သွားသလဲ ဆိုပြီးမေးခဲ့လေသလားလို့ ထင်တယ်။


မှန်နန်းထဲပြောထားတာက တကောင်းမင်း သတိုးမဟာရာဇာ နှင့် မိဖုရားတစ်ပါးကနေ မဟာသမ္ဘာ၀ နှင့် စူဠသမ္ဘာ၀ ဆိုတဲ့ မျက်မမြင်ညီနောင် နှစ်ဦးဖွားမြင်တယ်။ ဖောင်ပေါ်တင်ပြီး မြစ်ထဲမျှောတဲ့အခါ ဘီလူးမနဲ့တွေ့၊ မျက်စိမြင်အောင် ဘီလူးမကလုပ်ပေး။ မျက်မြင်ပြီးနောက် အကိုဖြစ်တဲ့ မဟာသမ္ဘာ၀ က ရသေ့တစ်ပါး စောင့်လျှောက်ကျွေးမွေးထားတဲ့ ဗေဒါရီ နဲ့ပေါင်းဖက်သလို ညီဖြစ်သူက ဘီလူးမနဲ့ ပေါင်းဖက်။ တိုတို ရှင်းရှင်းပြောတော့ ယခုသရေခေတ္တရာနေရာမှာ အကိုဖြစ်သူက မင်းဖြစ်၊ အကိုနတ်ရွာလားတော့ ညီ မင်းတက်။ ဒီလိုဘဲပြောထားတယ်။ စိတ်ဝင်စားစရာ အချက်တွေကိုကြည့်တဲ့အခါ ညီနောင် နှစ်ပါး ရသေ့နှင့်တွေ့ပြီး သရေခေတ္တရာ မြို့တည်ပြီး မင်းလုပ်တာဘဲတွေ့တယ်။


ဒီအချက် ဘာလို့ စိတ်ဝင်စားစရာကောင်းလဲဆိုတော့ မှော်ဇာဝက်ခေါင်း ကုန်းတူးဖော်မှုက ရရှိတဲ့ ဓျာနမုဒြာ ဗုဒ္ဓရုပ်ပွါးပုံပါ ပလ္လင်လေးဖက်ပေါ်က သက္ကတစာမှာ ပြောထားတာက ယင်းဆင်းထုကို ဇယစန္ဒြဝရ်မန် မင်းသားက ထုစေကြောင်း မှတ်တမ်းတင်ထားတာပါ ။


ပထမ စာပိုဒ်(ဂါထာ) မှာပြောထားတာက တစ်နေ့တည်းမှာပင် (တမြို့မှာ ယခုမော်ဇာဖြစ်ဟန်ရှိတဲ့) မြို့တော် နှစ်မြို့ကို အပြိုင်တည်စေဖို့ ရာ ဇယစန္ဒြဝရ်မန်ရဲ့ ဆရာရသေ့ ဂုဟ ခေါ် ဂုဟဒီပ က ပြောဆိုဆုံးမပြီး နည်းပေးလမ်းပြလုပ်တဲ့ဟန် ဖြစ်ပါတယ်။ ညီငယ်က ဟရိဝိကြမ ဖြစ်ပြီး သရေခေတ္တရာမြို့ကို အုပ်စိုးတဲ့ ဘုရင်ဖြစ်တယ်။ အခုလုပ်တဲ့ ကောင်းမှုမှာလည်း အတူတူပြုလုပ်ကြတာဖြစ်ပြီး ရသေ့ဆရာရဲ့ ကျေးဇူးကြောင့် ညီတော် နောင်တော် နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးပြီး နောင်လာနောက်သားတို့ သင့်တင့်ညီညွတ်ကြလိမ့်မယ်လို့ ပြောထားပါတယ်။ အဲဒီလို ချစ်ကြည်မှုဟာ ကမ္ဘာတည်သရွေ့ဖြစ်ပါစေဆိုတဲ့ ဆုတောင်းနဲ့ အဆုံးသတ်ပါတယ်။


ဒီကျောက်စာအရ ဆရာရသေ့ ရှိတယ်။ မြို့နှစ်မြို့ကို အုပ်စိုးမင်းလုပ်တဲ့ ညီနောင် နှစ်ပါး နှင့် ဆရာရသေ့ ရှိတယ် ဆိုတဲ့အချက်လက်တွေဟာ မှန်နန်းမှာ ပြောထားတဲ့ ညီနောင် နှစ်ပါး နှင့် ရသေ့ ဇာတ်လမ်းကို သွားသတိရစေပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ညီတော် နောင်တော်ဆိုပေမယ့် ဇယစန္ဒြဝရ်မန် နှင့် ဝိကြမမင်းဆက်ရဲ့ ဦးဆုံးမင်းဖြစ်ဟန်ရှိတဲ့ ဟရိဝိကြမ တို့ဟာ မင်းပြိုင်သာဖြစ်ပြီး သွေးသားတော်စပ်မှု မရှိနိုင်လို့ဆိုပါတယ်။ ချစ်ကြည်ဖို့ရာ ဖြန်ဖြေစေ့စပ်ပေးသူ ရသေ့ဆရာ ဂုဟဒီပကြောင့် ခုလို ကောင်းမှုကုသိုလ်လုပ်တယ်လို့ ဆိုထားတဲ့အတွက် ဒီနှစ်မြို့ ရှေးကမတည့် လို့ယူဆနိုင်ပါတယ်တဲ့။ နောက်ပြီး ဇယစန္ဒြဝရ်မန် မင်းဟာ ကမ္ဘောဒီယားက ဇယစန္ဒြဝရ်မန် မင်းဆက်တွေ နှင့် ပတ်သက်မှုရှိသလား ဆိုတာကတော့ နောက်မှပြောရမယ့် မတူညီတဲ့ အကြောင်းရာဖြစ်သွားပါပြီ။


ဒီစာရဲ့ အစပထမ မေးခွန်းကိုပြန်ဆက်ရအောင်ပါ။ မြန်မာရှေးရာဇဝင်မှာပြောထားတဲ့ သရေခေတ္တရာမင်းဆက်တွေ ဘယ်ရောက်သွားလဲဆိုပြီး မေးဖို့လိုလာပါပြီ။ ရှေး/သု ကရထားတဲ့ ကျောက်အရိုးအိုးတွေပေါ်က စာနှင့် မှော်ဇာဝက်ခေါင်း ကုန်းတူးဖော်မှုက ရရှိတဲ့ ဓျာနမုဒြာ ဗုဒ္ဓရုပ်ပွါးပုံပါ ပလ္လင်လေးဖက်ပေါ်ကစာအရ သရေခေတ္တရာမင်းဆက်တွေရဲ့ မှန်ကန်ခိုင်မှာတဲ့ သုတေသနတွေ့ရှိချက်တွေ အောက် မှေးမှိန်ပျောက်ကွယ်သွားတယ်လို့ ဖြေလိုက်ချင်ပါတယ်။ ရှေ့လျှောက် ဆက်ပြီးသုတေသနလုပ်ဖို့တော့ လိုပါသေးတယ်ဆိုတာ ဝန်ခံရင်းပေါ့။

2/3/11

ပျက်စီးနေပြီဖြစ်တဲ့ ပဲခူး ပါဠိဘာသာ ကလျာဏီကျောက်စာ

ကလျာဏီသိမ်၊ ကလျာဏီသိမ်ကျောက်စာ အကြောင်း ရဟန်းရှင်လူ ပညာရှိ၊ သမိုင်းပညာရှင် ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေအတော်များများကရေးပြီးပြီမို့ လူတိုင်းနားယဉ်ပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ပြည်တွင်း ပြည်ပ ပါဠိဘာသာသင်ကြားရေးဆိုင်ရာကျောင်းတွေမှာ ကလျာဏီကျောက်စာ ပါဠိဘာသာဟာ လက်စွဲကျမ်းတွေထဲကတစ်ခုအပါဝင်ဖြစ်ပါတယ်။ ကလျာဏီ ကျောက်စာ အင်္ဂလိပ်ဘာသာပြန်ဟာ မြန်မာမှုရေးရာ၊မြန်မာ့သမိုင်းအထူးပြုသင်ကြားပြသတဲ့ ပြည်တွင်းပြည်ပ တက္ကသိုလ်တွေမှာမဖြစ်မနေကိုးကားကြတဲ့ အထောက်ထားတစ်ခုဖြစ်နေပါပြီ။

ကလျာဏီကျောက်စာ ပါဠိဘာသာကို မြန်မာဘာသာ ပြန်ဆိုကြရာမှာ လက်လှမ်းမှီသလောက်ပြောရရင်
၁။ တောင်တွင်းကြီးဆရာတော် ခင်ကြီးပျော်
၂။ တန့်ကြည်တောင် အနောက်တောင်မြင့်ရွာ သုံးထပ်ကျောင်း ဆရာတော် အသျှင်ဓမ္မစာရီ မထေရ်
၃။ ရန်ကုန်မြို့ ဘုရားဖြူတိုက် ဆရာတော် အသျှင်ရာဇိန္ဒသည် သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်တွင် မြန်မာဘာသာနိသျှ ပြန်ဆို
၎။။ ပဲခူး ဘုရားဖြူ ဆရာတော် ( စာအုပ်အမည်- ဘုရားဖြူ ဆရာတော် ပြင်သော သာသနာပြု ပဲခူး ကလျာဏီသိမ်ကျောက်စာ ပါဠိ-နိဿယ ၊ ၁၉၃၈ ခုနှစ်၊ သုဓမ္မဝတီစာပုံနှိပ်တိုက်၊ တိုက်နံပါတ် ၅၅-၅၆ခ စစ်ကဲမောင်ခိုင်လမ်း၊ ရန်ကုန်မြို့။ )
၅။ ဆရာကြီး ပါရဂူ ကလည်း အတွေးမြင်စာဆောင် မှာ အခန်းဆက်အဖြစ် မြန်မာဘာသာပြန်ရေးဖူးပါတယ်။
( ခုနှစ်အတိအကျနဲ့ ကျမ်းပြု ဆရာတော်၊ လူပညာရှိတို့ကို အပြည့်စုံမဖော်ပြနိုင်သေးလို့တောင်းပန်ပါတယ်။ ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ဖို့ရာ ဆက်ပြီးလေ့လာရပါဦးမယ်။ )

၆။ ၁၈ ဖေဖော်ဝါရီ ၁၈၉၂ ရက်စွဲပါ ကျောက်စာဝန် တော်စိန်ခို ( Taw Sein Ko ) က Kalyarni Sima Inscription ဆိုပြီး ကလျာဏီကျောက်စာ ပါဠိဘာသာကို အင်္ဂလိပ်လိုပြန်ဆိုရေးသားခဲ့တယ်။ အဲဒိစာအုပ် Cornell University Library မှာရှိတယ်။ ဒေါင်းယူချင်ရင်တော့ http://www.archive.org/details/cu31924011724808

သမိုင်းဆိုတာသုတေသနနဲ့တွဲမှခိုင်မာ ပါတယ်။ သုတေသနဆိုတာမှာ မြေထဲကတူးဖော်ရရှိတဲ့ရှေးပစ္စည်းအပါဝင် ကျောက်စာ၊မင်စာ၊ ပုရပိုဒ်စာ၊ ပေစာ ၊ ခရီးသွားမှတ်တမ်းစာ ၊ကဗျာ၊လေးချိုး၊ရတု စသဖြင့် ဂီတဆိုင်ရာမှတ်တမ်းများ ပါအချက်လက်တွေကို ပြည်တွင်းပြည်ပ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးကာမှ ကောက်ချက်ချ လေ့လာမှုဖြစ်တယ်။ ခေတ်ပြိုင်မှတ်တမ်းတွေဆိုရာမှာ ကျောက်စာ ဟာခိုင်မာမှုအရှိဆုံးအုပ်စုထဲမှာ ပါပါတယ်။ သို့သော် ကျောက်စာတိုင်းမှန်တယ်ဆိုပြီး အတည်ယူလို့တော့မရပါ။ မူရင်းမဟုတ်တဲ့ ဆင့်ထိုး၊ စပ်ထိုး ဆိုတဲ့ကျောက်စာတွေရှိတတ်တယ်။ မူလထိုးကျောက်စာဖြစ်စေကာမူ ယခင်အနှစ်တစ်ထောင်ကျော်က အဖြစ်ပျက်ကို မှန်းဆရေးသားတာမျိုးဖြစ်နေပါက အတည်ယူရန် ခက်ခဲပါတယ်။ သုရှင်ရာဇာဓိပတိ ခေါ် ဓမ္မစေတီမင်း ( ၁၄၇၂-၉၂) ရေးထိုးခဲ့တဲ့ ကလျာဏီကျောက်စာပါဠိဘာသာဟာ မူလထိုးကျောက်စာဖြစ်စေကာမူ ကျောက်စာပါ အချို့အကြောင်းရာတွေဟာ ကမ္ဘာ့သမိုင်းလာခေတ်ပြိုင်မှတ်တမ်းတွေနဲ့ ကိုက်ညီမှုမရှိလို့ အတည်ယူလို့မရနိုင်ပါ။

ဆရာကြီးဒေါက်တာသန်းထွန်းကတော့ဖြင့်
" သာသနာပြုပြင်ရေး ဆောင်ရွက်ချက်များကို ၂၉ ဖေဖော်ဝါရီ ၁၄၈၀ ရက်စွဲဖြင့် ပဲခူး ကလျာဏီသိမ် ကျောက်စာကို မွန်ဘာသာဖြင့် ကျောက်စာခုနှစ်တိုင် ( တစ်ဆယ့်လေးမျက်နှာ ) ရေးထိုးခဲ့၏။ ပါဠိဘာသာဖြင့်လည်း အကြောင်းအရာတူကို ကျောက်စာသုံးတိုင် ( ခြောက်မျက်နှာ ) ရေးခဲ့သေးသည်။ အဆိုပါ မှတ်တမ်းတွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာဝင်ကို စ၍ရေးပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းဖြစ်သော ရာမညဒေသသို့ အသောကမင်းလက်ထက် သာသနာပြုရောက်ပုံကို ပြောပြသည်။ တစ်ဆယ့်ငါးရာစု ကုန်လောက် ရောက်သည့်အခါမှာ ၃၀၀ ဘီစီဖြစ်သော ယခင်က အနှစ်တစ်ထောင်ရှစ်ရာကကိစ္စကို ပြန်ပြောင်းပြောနေသဖြင့် ခြွင်းချက်မရှိ လက်ခံနိုင်ဖို့ခက်သည်။ ထို့အတူ သထုံမှ သာသနာ သည် အေဒီ ၁၀၅၇ တွင် ပုဂံသို့ရောက်ပုံကိုလည်း အပြည့်အစုံ လက်ခံနိုင်ဖို့ခက်သည်။ " လို့ဆိုတယ်။

သို့သော် အချို့သောအကြောင်းရာ နဲ့ရက်စွဲတွေကဖြင့် သီရီလင်္ကာအပါဝင် နိုင်ငံခြားမှတ်တမ်းများ ပြည်တွင်းခေတ်ပြိုင်မှတမ်းများနှင့် တိုက်ဆိုင်တူညီမှုရှိလို့ သမိုင်းမှတ်တမ်း အဖြစ် သတိကြီးကြီးထားပြီး သုံးကြပါတယ်။

ကလျာဏီ ကျောက်စာပေါင်းချုပ်ပါ အရေးပါသော ရက်စွဲတွေကတော့

၁၄၅၈။ ရာဇာဓိပတိသည် ရာမညဒေသတွင် သာသနာသန့်စင်ရေးဆောင်ရွက်ရန် ကြံရွယ် ( ကလျာ ၅၉ )
၁၄၇၅။ ရာဇာဓိပတိသည် သာသနာကို ပြုပြင်လိုက သိမ်သမုတ်ခြင်းက စတင်ဆောင်ရွက်ရမည်ဟုသဘောပေါက်လျက် မောဂ္ဂလန်မဟာထေရ်အမှူးရှိသော သံဃာနှစ်ဆယ့်နှစ်ပါးတို့နှင့် တိုင်ပင် (ကလျာ ၆၆၊၆၉)
၂၁ ဇန်နဝါရီ ၁၄၇၆။ သာသနာပြုပြင်ရေးအတွက် မောဂ္ဂလန်မဟာထေရ် နှင့် ရဟန်းဆယ်ပါးသည် ရာမဒူတသင်္ဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့စထွက် ( ကလျာ ၇၂ )
၂၂ ဇန်နဝါရီ ၁၄၇၆။ သာသနာပြုပြင်ရေးအတွက် သီဝလိနှင့် ရဟန်းဆယ်ငါးပါးသည် စီတြဒူတသင်္ဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့စထွက် ( ကလျာ ၇၂)
၁၆ ဖေဖော်ဝါရီ ၁၄၇၆။ သီဝလိမဟာထေရ်တို့ ကလမ္ဗုဆိပ်ရောက်၊ ဘုဝနေကဗာဟုမင်းကို အကြောင်းကြား ( ကလျာ ၇၂)
၂၃ ဖေဖော်ဝါရီ ၁၄၇၆။ သီလဝိမထေရ်တို့ကို ဘုဝနေကဗာဟုမင်းကကြိုယူ။ မထေရ်တို့ အနုရာဓမြို့သို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွါ ( ကလျာ ၇၂)
၃ မတ် ၁၄၇၆ ။ မောဂ္ဂလန် မထေရ်နှင့် ရဟန်းဆယ်ပါးတို့စီးသော သင်္ဘောသည်လေလှိုင်းမိ၍ ဆင်းရဲငြိုငြင်စွာဖြင့် သလ္လိရာဆိပ်တွင်ဆိုက်၊ ဂေါရုစီခေါင်းဆောင်သည့် သူပုန်တို့သောင်းကျန်းသောဒေသဖြစ်ခြင်းကြောင့် ခရီးမဆက်ဝံ့သဖြင့် ခေတ္တဆိုင်းငံ့နေရ ( ကလျာ ၇၃)
၇ ဧပြီ ၁၄၇၆။ မောဂ္ဂလန်အဖွဲ့ ခရီးဆက် ( ကလျာ ၇၃)
၁၃ ဧပြီ ၁၄၇၆။ မောဂ္ဂလန်အဖွဲ့ ဇယဝဋမြို့သို့ရောက်။ ဘုဝနေကဗာဟုက ကြိုယူ ( ကလျာ ၇၃)
၆ ဇူလိုင် ၁၄၇၆။ သီဝလိအဖွဲ့နှင့် မောဂ္ဂလန်အဖွဲ့ ပူးပေါင်းမိပြီဖြစ်သောကြောင့် စွယ်တော်ကို ဖူးမျှော်ရန်တိုက်ဖွင့်ပေး ( ကလျာ ၇၃)
၁၆ ဇူလိုင် ၁၄၇၆။ ရာမညလာရဟန်းတို့ကို လူဝတ်လဲ၍ သာမဏေဝတ်စေပြီးမှ မထေရ်ငါးပါးကို ဦးစွာရဟန်းခံ၍ပေး ( ကလျာ ၇၄)
၁၇ ဇူလိုင် ၁၄၇၆။ နောက်ထပ်ဆယ်ပါး ရဟန်းခံ ( ကလျာ ၇၅)
၁၈ ဇူလိုင် ၁၄၇၆။ နောက်ထပ် ခုနှစ်ပါး ရဟန်းခံ ( ကလျာ ၇၅)
၁၉ ဇူလိုင် ၁၄၇၆။ မူလဆရာတော်နှစ်ဆယ့်နှစ်ပါးတို့၏ တပည့်နှစ်ဆယ့်နှစ်ဦးတို့ ရဟန်းခံ ( ကလျာ ၇၅ )
၃ စက်တင်ဘာ ၁၄၇၆။ သီဟိုဠ်မှပြန်ခဲ့သည့် မောဂ္ဂလန်အဖွဲ့ ယောဂမြစ်ဝသို့ဝင်၊ တဂုံမှာ ခေတ္တနားရန် ရာဇာဓိပတိကစီမံ ( ကလျာ ၇၇)
၂၅ စက်တင်ဘာ ၁၄၇၆။ ရွှေတိဂုံမှာ ခေါင်းလောင်းကြီးလှူရန် ရာဇာဓိပတိ ပဲခူးကထွက် ( ကလျာ ၈၀)
၃၀ စက်တင်ဘာ ၁၄၇၆။ တဂုံသို့ရောက်နှင့်ပြီးသော သီဟိုဠ်ပြန်မောဂ္ဂလန်အဖွဲ့ကို ရာဇာဓိပတိက ရွှေတိဂုံကုန်းသို့ပင့် ၍ဆွမ်းကပ် (ကလျာ ၈၀)
၂အောက်တိုဘာ ၁၄၇၆။ အချိန်သုံးထောင်ရှိ ခေါင်းလောင်းကြီးကို ရွှေတိဂုံမှာ ရာဇာဓိပတိကဆွဲလှူ ( ကလျာ ၇၇၊၈၀)
၃ အောက်တိုဘာ ၁၄၇၆။ တဂုံရှိ သံဃာကုန်ကို ရာဇာဓိပတိက ဆွမ်းကပ် ( ကလျာ ၈၀)
၆ အောက်တိုဘာ ၁၄၇၆။ ရာဇာဓိပတိ ပဲခူးသို့ပြန် ( ကလျာ ၈၀)
၁၀ အောက်တိုဘာ ၁၄၇၆။ ရာဇာဓိပတိ ပဲခူးသို့ရောက် ( ကလျာ ၈၀)
၁၂ အောက်တိုဘာ ၁၄၇၆။ သီဟိုဠ်ပြန်မထေရ်တို့နှင့် တိုင်ပင်လျက် သိမ်သစ်သမုတ်ရမည့်နေရာကို ရွေးချယ်ရာ နရသူရအမတ်၏ ကကွမ်းသီးခြံ၏အနီးရှိ မြေကွက်ကိုတွေ့ရှိ၍ အကြိုက်ညီသဖြင့် ထိုနေရာ၌ သိမ်သမုတ်ရန် ပြင်ဆင် ( ကလျာ ၈၄)
၂၃ နိုဝင်ဘာ ၁၄၇၆။ သိမ်သစ်သမုတ်၍ ကလျာဏီသိမ်ဟု အမည်ပေး ( ကလျာ ၈၄၊၉၄၊ ၉၈ )
၂၄ နိုဝင်ဘာ ၁၄၇၆။ သိမ်သစ်မှာ ရဟန်းခံမည့်သူများကို သုဝဏ္ဏသောဘဏမထေရ်က ဥပဇ္ဇျာယ်ပြု၍ အကြိမ်ကြိမ် ရဟန်းခံပွဲများစလုပ် ၊ ရဟန်းခံပွဲများမှာ အစုစုသုံးနှစ်ကြာ၊ ရဟန်းကြီးအပါ ၈၀၀၊ ရဟန်းငယ် ၁၄၂၆၅ ပါး ရဟန်းခံပြီး ( ကလျာ ၈၈၊၉၂)
၂၇ နိုဝင်ဘာ ၁၄၇၆။ ရာမညဒေသ တစ်ဝန်းနေရာများစွာ၌ သိမ်သစ်များ သမုတ်ရန် လုပ်ငန်းစ (ကလျာ ၉၅)
၃၀ နိုဝင်ဘာ ၁၄၇၆။ ရဟန်းသစ် ၂၄၅ ပါးကို ရာဇာဓိပတိက ဆွမ်းကျွေး။ နောင်အခါ ရဟန်းသစ်ကို လက်ခံသောအခါ မည်သို့သောသဘောများ ပြည့်စုံပါစေဟု မင်းက သံဃာအပေါင်းအား ပန်ကြား (ကလျာ ၈၉)
၁၅ ဧပြီ ၁၄၇၇ ။ သီဟိုဠ်မင်းဘုဝနေကဗာဟု၏ အပြန်လက်ဆောင်ကို စောင့်ကြိုယူနေရသော စိတြဒူတ သင်္ဘောစီး သီဝလိမထေရ်ခေါင်းဆောင်သောအဖွဲ့သည် သင်္ဘောထွက်စ မုန်တိုင်းမိ၍ သင်္ဘောပျက်၍ ဖောင်ဖြင့် တောင်အိန္ဒိယရှိ နာဂပဋဆိပ်သို့ရောက်။ ထိုဆိပ်မှ ပြန်လည်ထွက်ခွါလာသော အခါ တစ်ပေါင်းတည်းသင်္ဘောနေရာမရသဖြင့် အကွဲကွဲစီးရ ( ကလျာ ၇၉)
၂၄ ဧပြီ ၁၄၇၇။ တစ်ပါးတည်းထွက်လာသော စူဋ္ဌဘယတိဿမထေရ် နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၈ မေ ၁၄၇၇။ သီဟိုဠ်ပြန်မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၂ မေ ၁၄၇၇ ။ အဆိုပါ မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၅ မေ ၁၄၇၇။ စူဋ္ဌဘယတိဿ ကုသိမ်ရောက် (ကလျာ ၇၉)
၂၂ ဇွန် ၁၄၇၇။ မထေရ်လေးပါးပေါင်းလျက် ပဲခူးရောက် (ကလျာ ၇၉)
၂၃ ဩဂုတ် ၁၄၇၇။ ကလျာဏီစေတီဌာပနာ၍ ကလျာဏီဗောဓိပင်စိုက် (ကလျာ ၉၉)
၁၅ စက်တင်ဘာ ၁၄၇၉။ သီဟိုဠ်မှပြန်လာသော ရဟန်းအချို့ သင်္ဘောပျက်၍ တောင်အိန္ဒိယသို့ရောက်ရှိနေကြပြီးမှ မင်္ဂလမထေရ်နှင့် ရဟန်းငါးပါးတို့ ကောမလဆိပ်မှ ရာမညသို့ ပြန်ရန်ထွက် ( ကလျာ ၇၉)
၁၅ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ်တို့စီးသော သင်္ဘော နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၂၅ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ်တစ်ပါးသာ ကုသိမ်ရောက်၊ ကျန်ငါးပါး လမ်းမှာလွန် (ကလျာ ၈၀)
၂၈ အောက်တိုဘာ ၁၄၇၉။ မင်္ဂလမထေရ် ပဲခူးရောက် (ကလျာ ၈၀)
၂၄ ဖေဖော်ဝါရီ ၁၄၈၀။ ရာဇာဓိပတိ ရဟန်းတကာခံသည့် ကလျာဏီသိမ်၌ ရဟန်း၆၀၀ ရဟန်းခံပွဲစ ( ကလျာ ၁၀၂၊ ၁၀၄)
၂၈ ဖေဖော်ဝါရီ ၁၄၈၀။ ရဟန်း ၆၀၀ ရဟန်းခံပွဲစ (ကလျာ ၁၀၄)
၂၉ ဖေဖော်ဝါရီ ၁၄၈၀ ။ ရဟန်းသစ်တို့ကို ဆွမ်းကျွေး၊ အထူးထူးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ (ကလျာ ၁၀၄)


ဒီနေရာမှာအဓိကပြောချင်တာက လက်ရှိကလျာဏီကျောက်စာရဲ့လက်ရှိအခြေနေဖြစ်ပြီး ကျောက်စာပါအကြောင်းရာနဲ့ သမိုင်းကြောင်းကိုတော့ နောက်မှသီးသန့်ပြောတာကောင်းပါမယ်။

ကလျာဏီသိမ် ပါဠိကျောက်စာပါ ရက်စွဲများသည် စီအို ဗလက်ဒန် ဖတ်သော မွန်ကျောက်စာပါ ရက်စွဲများနှင့် မတိုက်ဆိုင်ပါ။ သို့ပါ၍ ဆက်လက်သုတေသနပြုဖို့လိုပါသေးသည်။ သုတေသနပြုရာမှာ အဓိကအရေးအပါဆုံးမှာ မူရင်းဇစ်မြစ် အထောက်ထား ( Primary Source )ဖြစ်ပါတယ်။ ပေထက်အက္ခရာ ၊ ပုံနှိပ်စာအုပ် စသဖြင့် မှတ်တမ်းတင်ပြီးဖြစ်စေကာမူ အဓိကသမိုင်းဝင် ရှေးကျောက်စာတိုင်မူရင်းကိုတော့ဖြင့် မပစ်ပယ်စကောင်းပါ။ ဒါဟာ ယဉ်ကျေးမှုအမွေ ၊ သမိုင်းဝင် ရှေးပစ္စည်း ၊ ရှေးဟောင်းသုတေသနအတွက် အရင်းမူလလေ့လာဖွယ်ရာ အထောက်ထားဖြစ်ပါတယ်။

ကျောက်စာရုံကိုရောက်သွားချိန်မှာတော့ ထုံးစံအတိုင်း သော့ခတ်ထားတာကိုတွေ့ရပါတယ်။ အတွင်းပိုင်းကိုလှမ်းကြည့်တဲ့အခါ အကျိုးပဲ့တွေကိုဆက်ပြီးထောင်ထားတဲ့ အရွယ်စားခပ်ကြီးကြီးကျောက်စာတိုင် တစ်တိုင်ကိုတွေ့ရပါတယ်။ အဲဒိနောက်မှာတော့ အပိုင်းပိုင်းကျိုးပဲ့နေတဲ့ ကျောက်တုံးတွေအဖြစ်တွေ့ရတယ်။ ဘာနဲ့တူသလဲဆိုတော့ လူမြင်ကောင်းအောင် အပေါက်ဝနဲ့နီးတဲ့နေရာက ကျောက်စာတိုင်ထောင်ထားကလွဲပြီး ကျန်တာတွေကအကျိုးအပဲ့တွေဖြစ်နေပါပြီ။ အရွယ်စားကြီးငယ်အလိုက် မြေပြင်ပေါ်ပြန့်ကျဲနေတဲ့ ကျောက်စာအပိုင်းစတွေကိုတွေ့ရတယ်။ နံရံနားကပ်ပြီးပုံထားတဲ့ အကျိုးပဲ့တွေပေါ်မှာတော့ ရှေးလက်ရေးမူနဲ့ ရေးထားတဲ့ ပါဠိစာတွေကိုမြင်ရတယ်။

မြန်မာ့စွယ်စုံကျမ်းမှာတော့

" ထိုကျောက်စာကို ပါဠိဘာသာ၊​ မွန်ဘာသာတို့ဖြင့် ရေးထိုးထားသည်။ ​ကျောက်စာတိုင်အမြင့် ၇ ပေ၊ အကျယ် ၄ ပေ ၂ လက်မ၊​ထု ၁ ပေ ၃ လက်မ၊ ၂ မျက်နှာစီရေး။ တစ်မျက်နှာလျှင် စာကြောင်းရေ ၇၀ ရှိ၍ တစ်လက်မအလျားတွင် စာလုံး ၃ လုံးစီဝင်အောင် ရေးထိုးထားသည်။ မြောက်ဘက် ကျောက်စာတိုင် ၃ ချပ်တွင် ပါဠိဘာသာကို မြန်မာအက္ခရာဖြင့် ရေးထိုးသည်။ တောင်ဘက် ကျောက်စာတိုင် ၇ ချပ်တွင် ပါဠိဘာသာ ​ကျောက်စာ ၃ ချပ်၏ အဓိပ္ပာယ်ကို မွန်ဘာသာဖြင့် ရေးထိုးထားသည်။ ထိုကျောက်စာများကို ကမ္ဗည်း​ကျောက်စာဌာနမှ ကျောက်စာရုံ ဆောက်လုပ်ကာ စောင့်ရှောက်သိမ်းဆည်းထားသည်။ " လို့ဖတ်ရတယ် ဘယ်တုန်းကအခြေနေကိုပြောလဲဆိုတာ သေချာမသိပါ။ သို့သော် ၂၀၁၀ ကအခြေနေကတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်းမြင်ရတယ်။ ခုလို လုံးပါးပါးပြီးပျောက်ပျက်သွားမယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဌာနရဲ့ ကြီးမားတဲ့တာဝန်မဲ့မှုတစ်ရပ်သာဖြစ်ပါမယ်လို့ ပြောချင်ပါရဲ့။

===================
ဒီနှစ်ထဲ နောက်တစ်ခေါက် ပဲခူး ပြန်ဖြစ်မယ်ထင်ပါတယ်။ သထုံမြို့ ရွှေစာရံစေတီတော်ကြီး အရှေ့တောင်ဘက် ကလျာဏီသိမ်စနေထောင့် မှာ သထုံကလျာဏီကျောက်စာ မွန်ဘာသာ ရှိတယ်လို့သိရပါတယ်။ မရောက်ဖူး မမြင်ဖူးသေးလို့အခြေနေမသိရသေးပါ။ လမ်းကြုံရင် ဓာတ်ပုံရိုက်ပြီးတင်ပေးကြပါလားခင်ဗျာ။


ပဲခူးကလျာဏီသိမ် နောက်ဘက်ကိုသွားတဲ့အခါလှမ်းမြင်နေရတဲ့ ကျောက်စာရုံ

အဝင် တံခါးမကြီးနဲ့အနီးဆုံးအနေထားမှာ လူထောင်ထားတဲ့ ကလျာဏီကျောက်စာ ပါဠိဘာသာ


ကျိုးပဲ့နေတဲ့ ကျောက်စာအပိုင်းစပေါ်က ပါဠိဘာသာစာ


ကျိုးပဲ့နေတဲ့ ကျောက်စာအပိုင်းစများ

ကျိုးပဲ့နေတဲ့ ကျောက်စာအပိုင်းစများ ဘေးမြင်

ပါဠိဘာသာ ပဲခူးကလျာဏီကျောက်စာရုံ ဘေးမြင်

10/16/10

ပျူစာပါ ပုဂံခေတ် မြေပုံဘုရား





အမျိုးအစား - မြေပုံဘုရား ( အများအခေါ် အုတ်ခွက်ဘုရား )
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်

တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ပုံစံခွက် သုံးပြီး မြေသားပုံဖော်
မူလနေရာ - မြန်မာ ( ပျူ )
အချိန်ကာလ - ၈ - ၁၀ ရာစု (this date according to Guy 2002; Luce suggests 10th-11thC)
မှတ်ချက် ။ ။ Guy က ၈ - ၁၀ ရာစုလို့ခန့်မှန်းပြီး ၊ လုစ် ကတော့ ၁၀-၁၁ ရာစုလို့ ခန့်မှန်းပါတယ်။ )
အရွယ်အစား

အမြင့် - ၈ စင်တီမီတာ

ဗျက် အကျယ် - ၆.၅ စင်တီမီတာ

ဒီမြေပုံဘုရား ကို လန်ဒန် ၊ဗြိတိလျှပြတိုက် မှာသုတေသနလုပ်နေဆဲအဆင့် ရှေးပစ္စည်းစာရင်းမှာ တွေ့ရပါတယ်။ သမိုင်း သုတေသန စိတ်ဝင်စားသူတွေကတော့ ဒီမြေပုံဘုရားကို မှတ်မိချင်မှတ်မိပါလိမ့်မယ်။ ကျောက်စာဝန်ဟောင်း ဦးမြရေးတဲ့ " အုတ်ခွက် ရုပ်ပွါးဆင်းတုတော်များအကြောင်း " စာအုပ် ၊ ပုံ ၁၀၅ ဖြစ်ပါတယ်။ မြင်းကပါ အရှေ့ ကျဆင်းဘုရား အတွင်းကရရှိတယ်လို့သိရပါတယ်။

မြင်နေရတဲ့အတိုင်း အနည်းငယ်ရှင်းပြလိုပါတယ်။ လန်ဒန် ၊ဗြိတိလျှပြတိုက်မှူးအဆိုအရ မဟာဗောဓိပင်အောက်မှာဖြစ်တယ်။ ဦးမြကတော့ ဗောဓိပင်အကြောင်းပြောမထားပါ။ တင်ပြင်ခွေ ရုပ်ပွါးတော် သုံးခုလုံးရဲ့အပေါ်မှာ ထီးအမိုးငယ်ရှိပါတယ်။ ရုပ်ပွါးတော် သုံးခုလုံးရဲ့ အောက်မှာတော့ ကြာပလ္လင် ခံထားတယ်။ အုတ်ခွက်အလယ်က ရုပ်ပွါးတော်ဟာ မြတ်စွာဘုရား တရားဟောနေဟန် " ဓမ္မစကြာ မုဒြာ " ဖြစ်ပြီး ၊ အာသနခေါ်တဲ့ ခြေဟန်ကို စစ်ဆေး ကြည့်တဲ့အခါ ဘယ်ခြေကို ညာခြေပေါ်ထပ် ခွေထားပြီးတည်ငြိမ်အေးဆေးတဲ့ ဟန် " ပဂျင်ကာသန " ဖြစ်တယ်။

ယာဘက် ရုပ်ပွါးဆင်းတုတော်ကတော့ အရိမေတ္တေယျ ကိုကိုယ်စားပြုတယ်။ လက်တော်မြေထိ ဘူမိဖဿမုဒြာ ဖြစ်ပြီးခြေဟန်ကတော့ " ပဂျင်ကာသန " ဖြစ်တယ်။ဝဲဘက် ရုပ်ပွါးတော်ဟာ ထူးခြားမှုရှိပါတယ်။ဦးခေါင်းမှာ မကိုဍ်ဆောင်းထားတဲ့ အပြင် ၊ မင်းဝတ်တန်ဆာဝတ်ဆင်ထားတယ်၊ စလွယ်လွယ်ထားတာဖြစ်လို့ ပိုပြီးထူးခြားတယ်။ ကြာပလ္လင်ပေါ် မင်းထိုင် ထိုင်နေဟန် " ရာဇလိလာသန" ဖြစ်ပြီး အဲဒိအချက်တွေအားလုံးအရ ပြောရရင် ဘုရားလောင်း ဗောဓိသတ္တဖြစ်တယ်။ မြေပုံဘုရားတစ်ခုလုံး ကိုခြုံပြီးပြောရရင်တော့ ဒါဟာ မဟာယာန ဟန်ဖြစ်ပါတယ်။ ဒီလို မြတ်စွာဘုရားကို ဘေးရံအရိမေတ္တေယျ နှင့် ဗောဓိသတ္တ ဘုရားလောင်း ယှဉ်တွဲ ပြုလုပ်ပူဇော်ကြခြင်းဟာ ပုဂံခေတ်ဦးပိုင်းမှာ လူကြိုက်များပုံပေါ်တယ်။အတွေ့ရများတယ်။ ဒါကြောင့် လုစ် က ပုဂံခေတ်ဖြစ်မယ်ဆိုပြီး ခန့်မှန်းပုံရတယ်။

ဒေါက်တာသန်းထွန်းရဲ့စာတမ်းတွေမှာတော့ ဒီမြေပုံဘုရားအကြောင်း ရေးထားတာမတွေ့ပါ။ ထုဆစ်ပုံဟန်ပန် မှာတော့ ဘုရားလောင်း ဗောဓိသတ္တ ကလွဲပြီး ကျန်တဲ့ ရုပ်ပွါးနှစ်ခုမှာ ပုဂံဟန်သိပ်မတွေ့ရပါ။ မျက်နှာတော် ဥခေါင်းတော်တို့က ပုဂံဟန် မပြ။ ဦးမြကတော့ ပျူ မှတ်တမ်းစာရေးထားတဲ့ ပုဂံ အနော်ရထာ ခေတ် မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာ အုတ်ခွက်ဘုရားလို့ ဆိုပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အဲဒီမြေပုံဘုရားရဲ့ အောက်ခြေ အလယ်မှာ ရေးထားတဲ့ ပျူစာ ၇ လုံးတွေ့တယ် ၊ ပထမ စာလုံး နှစ်လုံးက ပျူ အက္ခရာနှင့် " ဗုဓ ( ဗုဒ္ဓ ) " ဆိုပြီးရေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းရှင်းပြောတော့ ဦးမြရဲ့အယူဆကို ကြိုက်တယ်။ ကျန်တဲ့ စာလုံးတွေကတော့ ရာသီဥတုဒါဏ်ကြောင့် ဖတ်မရလောက်အောင် ဝါး (ပျက်) သွားပါပြီ။

ဒီနေရာမှာ သတိထားပြီးပြောလိုတာက အနိရုဒ္ဓ ( အနော်ရထာ ) ပုဂံခေတ်ဦး လက်ရာ မြေပုံဘုရားတွေမှာ " နာဂရီ " ဘာသာနှင့် မှတ်တမ်းတင်တယ်လို့ G.H Luce ကပြောခဲ့တယ်။ နောက်ပိုင်း မွန်စာ နှင့် မှတ်တမ်းတင်ထားတဲ့ မြေပုံဘုရားတွေ့တဲ့အခါ ဒေါက်တာသန်းထွန်းက " နာဂရီ ၊ မွန် " စာဆိုပြီး ဖြည့်စွတ်ပါတယ်။ အခု သုတေသန လုပ်ဆဲဖြစ်တဲ့ ဒီမြေပုံဘုရားကို ပုဂံခေတ် ဦးပိုင်း ပျူလက်ရေး ဖြစ်တယ်လို့အတည်ပြုနိုင်ရင်တော့ " နာဂရီ ၊ မွန် ၊ ပျူ " စာတွေနှင့် မှတ်တမ်းတင်တယ်လို့ ထပ်ပြီး ဖြည့်ချင်ဖြည့်ရနိုင်ပါတယ်။


ဒီဘလော့ကိုလာဖတ်မိတဲ့ လူတွေထဲမှာ ပျူစာဖတ်တတ်တဲ့လူရှိရင် ပြောခဲ့ပါ ၊ HR ဓာတ်ပုံ ပို့လိုက်ပါမယ်။

ကျမ်းကိုး။ ။
ဒေါက်တာသန်းထွန်း၊မြန်မာ့ မီးဖုတ်မြေထယ် ပစ္စည်း ၊ မုံရွေး စာအုပ်တိုက်၊ ၂၀၀၂။
သီရိပျံချီ ဦးမြ ၊ အုတ်ခွတ် ရုပ်ပွါးဆင်းတုတော်များအကြောင်း ၊ ပ-ဒု ၊ Department of Archaeology၊ 1961။
THE ART AND CULTURE OF BURMA
Chapter II The Pre-Pagan Period: The Urban Age of the Mon and the Pyu
Dr. Richard M. Cooler , Art History of Southeast Asia, Northern Illinois University
Original Link http://www.seasite.niu.edu/burmese/cooler/Chapter_2/Chapter_2.htm

3/21/10

" ပျူ " မင်းဘွဲ့ အမည်များ

ပြည်တွင်း ၊ ပြည်ပ ပညာရှင်တွေ ပြုစုထားခဲ့တဲ့ " ပျူ " ` စာတမ်းတွေ အတော်များများ ရှိပြီးသားပါ။ အဲဒိ စာတမ်းတွေထဲက သက္ကတ လိုရေးထားတဲ့ " ပျူ " နာမည်တွေကို စာရင်း လုပ်ကြည့်တော့ ထင်သလောက်မလွယ်ပါ။ အဓိက အရေးကြီးဆုံး မူရင်း ( Primary Sources ) ဖြစ်တဲ့ အရိုးအိုးစာ ၊ ကျောက် ပလ္လင်စာ ၊ ငွေပလ္လင်စာ တွေမှာ ရေးထားတဲ့ သက္ကတရော " ပျူ " မူရင်းစာ တွေကို ဖတ်ဖို့၊ စိစစ်ဖို့လိုပါမယ်။


ဒေါက်တာသန်းထွန်း ရေး ပျူစာမှတ်တမ်းတွေမှာ တစ်လုံးစ နှစ်လုံးစ သိတဲ့ နာမည်တွေက
၁။ ဂုဟဒီပ ( မင်း ဆရာ )
၂။ စရ်ကေ
၃။ ဆော
၎။ ဇတြဒေဝိ
၅။ ဇယ စန္ဒြဝရ်မန် ( မင်းဘွဲ့ )
၆။ တြဥ
၇။ ဒဝိ
၈။ ဒံး
၉။ ဗာဒေဟိ
၁၀။ ဂုး
၁၁။ ရုဗ
၁၂။ သွး
၁၃။ သီဟ ဝိကြမ ( မင်းဘွဲ့ )
၁၄။ သူရိယ ဝိကြမ ( မင်းဘွဲ့ )
၁၅။ သြိဓတြ ( မင်းဘွဲ့ )
၁၆။ သြိတြိ ဝိဂြမ ( မင်းဘွဲ့ )
၁၇။ ဂြိဂုပ္တ ( မင်းဘွဲ့ )
၁၈။ ဂြိစန္ဒြ မဟာဒေဝီ ( မင်းမိဖုရား )
၁၉။ ဂြီနလန္ဒာ ယ ( မင်းဘွဲ့ )
၂၀။ ဂြီပြ ဘုဒေဝီ ( မင်းမိဖုရား )
၂၁။ ဂြီ ပြသုဝရ်မန် ( မင်းဘွဲ့ )
၂၂။ ဟရိ ဝိကြမ ( မင်းဘွဲ့ )

ဒေါက်တာတိုးလှ ပြုစုထားတဲ့ စာရင်းမှာ " သရေခေတ္တရာ မင်း " ၁၅ ပါးရှိတယ်။ အရိုးအိုးစာ ၊ ကျောက် ပလ္လင်စာ ၊ ငွေပလ္လင်စာ တွေမှာ တွေ့ရသမျှ မင်းဘွဲ့ နာမည်တွေဖြစ်တယ်လို့ ပြောထားပါတယ်။

၁။ ဂုပ္တ / ဂြီ ( ဒေါက်တာ သန်းထွန်း ၊ ခေတ်ဟောင်း၊ ၁၉၆၉ ၊ မျက် ၅၂ )
၂။ ဇတြတတ ( ဝိကြမ ) ( ဘုရားထောင် )
၃။ ဇ္နတြဝရ်မန် ( ကျောက်ဆင်းတု ပလ္လင်စာ )
၎။ ဇယ စန္ဒြဝရ်မန် ( ကျောက်ဆင်းတု ပလ္လင်စာ )
၅။ ဒေဝ မိတြ ( ဘုရားထောင် )
၆။ ဓမ္မဒိတျ ဝိကြမ ၊ ဩိ ( ဘုရားထောင် )
၇။ ပြန ပန ဝိကြမ ( ကျောက်ဆင်းတု ပလ္လင်စာ )
၈။ ပြဘုဝရ်မန် ( ငွေဆင်းတုစာ )
၉။ ရောရိစိန္ဒြ ( ကျောက်ဆင်းတု ပလ္လင်စာ )
၁၀။ ဗြိံ ထု ဝိကြမ ( ဘုရားထောင် )
၁၁။ ဝါရိ ဝိကြမ ( ( ကျောက်ဆင်းတု ပလ္လင်စာ )
၁၂။ သီဟ ဝိကြမ ( အရိုးအိုး ၊ ဘုရားထောင် )
၁၃။ သူရိယ ဝိကြမ ( အရိုးအိုး ၊ ဘုရားထောင် )
၁၄။ ဟရိ ဝိကြမ ( အရိုးအိုး ၊ ဘုရားထောင် )
၁၅။ အာဒိတြ ဝိကြမ ( ဘုရားထောင် )

မင်းဘွဲ့ နာမယ်တွေကို ရေးရာမှာ သက္ကတ နှင့်ရေးလို့ ဒီလိုနာမည်တွေသိရတယ်။ ။

သက္ကတ လိုရေးထားတဲ့ ဝက်ခေါင်းကုန်း ကျောက်စာအရ ဂြီကွေတြ ( သရေခေတ္တရာ) နှင့် ဝိကြမ မင်းဆက်ကို တည်ထောင်သူဟာ ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး အနက်ရ ဟရိဝိကြမ မင်းဖြစ်တယ်။ နောက်ဆုံး အုပ်ချုပ်သွားတဲ့ မင်းဟာ ၇၁၈ မှာ နတ်ရွာစံတဲ့ ခြင်္သေ့ကဲ့သို့ ရဲရင့်သူ အနက်ရ သီဟ ဝိကြမ လို့ဆိုကြပြန်တယ်။

ဒီတော့ ဝိကြမ ဘွဲ့ခံ မင်းဆက်တွေရဲ့ " အစ နှင့် အဆုံး " အဖြေ ထွတ်လာတယ်လို့ နားလည်လာတယ်။ အပေါ်က စာရင်းနှစ်ခုထဲက မင်းဘွဲ့နာမည်တွေဟာ ဦးကုလား ၊ မှန်နန်း စတဲ့ ရာဇဝင် ကျမ်းတွေမှာထဲမှာ မပါ။


နန်ချောင်မင်း ပထမ မိုယွှန် ( I - Mou - Hsun , AD 779- 808 ) က ပျူတွေရဲ့ ဧရာဝတီ မြစ်ညှာပိုင်းကို ခရစ်နှစ် ၇၆၄ မှာ သိမ်းယူတယ်။ ခရစ် နှစ် ၈၀၂ ခုနှစ်မှာ တရုတ် ထန် ( Tang ) မင်းဆက်မြို့တော် ချန်အန်း (Ch'ang-An ) ကို သံအဖွဲ့ စေလွတ်တဲ့အခါ သူ့လက်အောက်ခံ အဖွဲ့ငယ် အနေနှင့် " ပျူ " တီးဝိုင်း ကိုပါထည့်သွင်း စေလွတ်ခဲ့ပါတယ်။

မှတ်တမ်းတွေအရ ပျူ မင်းအမည်ဟာ ကုမရ စန္ဒြ ဖြစ်ပြီး ၊ တီးဝိုင်းခေါင်းဆောင် အဖြစ်လိုက်ပါလာတဲ့ သီပေါမြို့စား သုနန္ဒက ပျူမင်းရဲ့သားတော်ဖြစ်တယ်လို့ ဆိုတယ်။ အဲဒိ နာမည်တွေ အပေါ်က စာရင်း နှစ်ခုမှာ မပါတာကိုလည်း သတိထားမိပါတယ်။



မင်းဘွဲ့ အမည်ပါ ပျူ ကျောက်အရိုးအိုးများ





2/28/10

သူရိယ ဝိကြမ ကျောက် အရိုးအိုး


ပစ္စည်း အမျိုးအစား - ပျူ ကျောက် အရိုးအိုး

အချိန်ကာလ - ၂ - ၇ ရာစုနှစ် ( ခန့်မှန်း )
တွေ့ရှိရာနေရာ - ပြည် ၊ ဘုရားကြီး အနီး ( သရေခေတ္တရာ မြို့ဟောင်း )
တွေ့ရှိသည့် ခုနှစ် - ၁၉၁၂
စတင်တွေ့ရှိသူ - မစ္စတာ ချာစ် ဒူရာဇယ် ( Mr Chas Duriosell )
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် / ကျောက်ထွင်း / ကျောက်စာ ။
အရွယ်အစား - အမြင့် - ( သေချာမသိသေးပါ )

လက်ရှိတည်နေရာ - မှော်ဇာ ပြတိုက်၊ ပြည်။

ပြတိုက်ပစ္စည်း အမှတ် - ( သေချာမသိသေးပါ )


၁၉၁၂ ခုနှစ် ၊ ယခင် အရိုးအိုးတွေရရှိခဲ့တဲ့ နေရာ ဘုရားကြီးတောင်ဘက် မှာဘဲ ထပ်တွေ့တယ်။ မိုးရေတိုက်စားသွားလို့ လည်ပင်ပေါ်နေတဲ့ ကျောက်အရိုးအိုး တစ်လုံး ၊ ကြေးအရိုးအိုးတစ်လုံး ကို မစ္စတာ ချာစ် ဒူရာဇယ် က အမှတ်မထင်တွေ့ရှိခဲ့တာပါ။ မင်းဘွဲ့ တွေကို ရေးရာမှာ သက္ကတ နှင့်ရေးထားလို့သာ ဒီလိုနာမည်တွေသိရတယ်။ ဒီအရိုးအိုး ပေါ်ကစာတွေကို အက္ခရာ ဖလှယ် ပြီး ဖတ်ပေးခဲ့သူက ဒေါက်တာ စီ အို ဗလက်ဒန် ( Dr C. O Blagden ) ဖြစ်ပါတယ်။ နောက်ပိုင်း မြန်မာပညာရှင်တွေကလည်း အက္ခရာ ဖလှယ်ကြပါသေးတယ်။


အရိုးအိုး ပေါ်မှာရေးထားတဲ့ စာတွေက
တ္ဒးဗံး ဥဟိ သူရိယဝိကြမ ဗံးသ္နိး ( င )သူ ( ဒေ ) ( ပိံ ) ငတ ( ကိံ ) ( ခ )
ဥသ္နိး သ္နိး တြုသော်ပံ္တတိး တ္ဒးဗံး ဥရုက္လေးယံ

၆၄ ခုတွင် သူရိယဝိကြမ မင်းကြီး နတ်ရွာစံသည်။ သက်တော် ၅၀ နှစ် ၅ လ ( မြန်မာပြန် )

၆၄ ခု ဆိုတာ သက နှစ်ကို ယူသလား ၊ ဒါမှမဟုတ် ဂုပ္တ နှစ်ကို ယူသုံးသလားဆိုတာ သေချာမသိရသေးပါ။ ဒါကြောင့် ခရစ်နှစ် တွက်ယူလိုတယ်ဆိုရင် အရင်က ပြောခဲ့တဲ့ အတိုင်း သူရိယ ဝိကြမ နတ်ရွာစံနှစ် ပျူ နှစ် ၆၄

သက ၆၄+၇၈ = ၁၄၂ ( ခရစ်နှစ် )

ဂုပ္တ ၆၄ + ၃၁၉ = ၃၈၃ ( ခရစ်နှစ် )

2/21/10

သီဟ ဝိကြမ အရိုးအိုး


ပစ္စည်း အမျိုးအစား - ပျူ ကျောက် အရိုးအိုး

အချိန်ကာလ - ၂ - ၇ ရာစုနှစ် ( ခန့်မှန်း )
တွေ့ရှိရာနေရာ - ပြည် ၊ ဘုရားကြီး အနီး ( သရေခေတ္တရာ မြို့ဟောင်း )
တွေ့ရှိသည့် ခုနှစ် - ၁၉၁၁
စတင်တွေ့ရှိသူ - ကျောက်စာဝန် မစ္စတာ တော်စိန်ခို ( Mr Taw Sein Ko )
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် / ကျောက်ထွင်း / ကျောက်စာ ။
အရွယ်အစား - အမြင့် - ( သေချာမသိသေးပါ )
လက်ရှိတည်နေရာ - မှော်ဇာ ပြတိုက်၊ ပြည်။
ပြတိုက်ပစ္စည်း အမှတ် - ( သေချာမသိသေးပါ )



၁၉၁၁ ခုနှစ် ၊ ပြည်မြို့အဝင် ဘုရားကြီး ဘုရား တောင်ဘက် ကိုက် ၇၀ အကွာမှာ ကျောက်အရိုးအိုး နှစ်လုံး ကို အမှတ်မထင်တွေ့တယ်။ စတွေ့တဲ့လူကတော့ ကျောက်စာဝန် မစ္စတာ တော်စိန်ခို ( Mr Taw Sein Ko ) ဖြစ်တယ်။ အရိုးအိုးပိုင်ရှင်တွေက သီဟ ဝိကြမ (Sihavikrama ) ခြင်္သေ့ကဲ့သို့ ရဲရင့်သူ နှင့် ဟရိ ဝိကြမ
( Harivikrama ) ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး တို့ဖြစ်တယ်။ အရိုးအိုးပေါ်မှာ ရေးထားတဲ့ စာကို ပြည်တွင်း/ ပြည်ပ ပညာရှင်တွေ အက္ခရာ ဖလှယ် ထားတာတွေ အတော်များများရှိပြီးသားပါ။
အဲဒိနှစ်လုံး ထဲက
သီဟ ဝိကြမ အရိုးအိုး ကို စာနှင့်တွဲပြီး ဖော်ပြလိုက်ပါတယ်။


ကျောက်အရိုးအိုးပေါ်မှာ ရေးထားတဲ့စာတွေက


တ္ဒး ဗံး ဥ ( ဘူ ) (သ္န)ူး ( သိ ) ဟဝိကြမ ဗံးသ္နိး ဟြံသူ ( ဒေ ) ဟိံ္န တိံ ဖွု ပ္လံတကိံ(ခ)
ဥသ္နိး သ္နိး ပံ္လ သူ ပံ္လ ( ဒေ ) တ္ကော တိံဖွု နူတိံ တ္ဒးဗံး ဥရုက္လေးယံ


( မြန်မာပြန် )

၄၄ ခု ၉ လ ၂၀ ရက် တွင် မင်းကြီး သီဟဝိကြမ နတ်ရွာစံသည်။ သက်တော် ၈၀ နှစ် ၂ လ ၄ ရက်

အဲဒိကျောက်အရိုးအိုးစာမှာ ရေးထားတဲ့ " ၄၄ ခု " ဆိုတဲ့ ခုနှစ် ဟာ ပျူတွေသုံးတဲ့ ကိုယ်ပိုင် ခုနှစ် ( Calendar ) ဖြစ်တယ်။ ပျူတွေဟာ " သက " နှစ် ကိုယူသုံး သလား ၊ " ဂုပ္တ " ကိုဘဲ သုံးသလား ဆိုတာ ပြည်တွင်း/ပြည်ပ ပညာရှင်တွေ အမျိုးမျိုးပြောနေကြတယ်။ ခုနောက်ပိုင်း " သက " နှစ် ဖြစ်တယ်လို့ ပြောတဲ့သူတွေ ပိုများလာတယ်။ သေချာတပ်အပ်ပြောဖို့ မလွယ်သေးပါ။ " သက " နှစ်ကို ခရစ်နှစ်ပြောင်းလိုရင် ၇၈ ပေါင်းထည့်ရတယ်။ ဒီလိုဘဲ " ဂုပ္တ " နှစ်ကို ခရစ်နှစ်ပြောင်းမယ်ဆိုရင် ၃၁၉ ပေါင်းထည့်ရတယ်။
မြင်သာအောင် ခရစ်နှစ် တွက်ယူထားတာကြည့်ပါ.......


သီဟဝိကြမ နတ်ရွာစံနှစ် ပျူ နှစ် ၄၄

သက ၄၄+၇၈ = ၁၁၉
( ခရစ်နှစ် )
ဂုပ္တ ၄၄ + ၃၁၉ = ၃၆၀ ( ခရစ်နှစ် )

2/18/10

ဘုရားထောင် ပျူ အရိုးအိုးစာ

၁၈ မတ် ၁၉၉၃ ခုနှစ် ၊ ဘုရားထောင် မှာ ကျောက်အရိုးအိုးကြီး တူးဖော်ရရှိတယ်။


အမြင့် - ၁.၀၇ မီတာ
စာကြောင်း ၅ ကြောင်း
စာလုံးရေ ပေါင်း ၁၁၂၇ လုံး


ကျောက်အရိုးအိုးပေါ်မှ စာသည် သက္ကတ အက္ခရာ တချို့ပါသော ပျူ စာလုံးပေါင်း ၁၁၂၇ လုံး ပါရှိသည်။ အဲဒိ စာလုံးတွေထဲမှာ သက္ကတ အက္ခရာ ရေး လူပုဂ္ဂိုလ် ခုနှစ်ဦး ရဲ့ အမည်တွေ့ရတယ်။ အဲ့ဒီနာမည်တွေက


၁။ ဒေဝ မိတြ ( နတ်ချစ်သူ )
Devamitra ( The Beloved of Gods )

၂။ ဟရိ ဝိကြမ ( ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး )
Harivikrama ( The Might of Visnu )

၃။ သီဟ ဝိကြမ ( ခြင်္သေ့ကဲ့သို့ ရဲရင့်သူ )
Sihavikrama ( The Courage of Lion )

၎။ သူရိယ ဝိကြမ ( နေကဲ့သို့ ထွန်းတောက်သူ )
Suriyavikrama ( The Power of Sun )

၅။ ဂြီထု ဝိကြမ ( အမိ နတ်မင်းက စောင်မသူ )
Crithuvikrama ( The Protection of Armour )

၆။ ဇတြတတ ဝိကြမ ( အမျိုးတကာ ထိတ်လန့်သူ )
Jatratatavikrama ( The Terror of Race )

၇။ အဒိတျ ဝိကြမ ( နေမျိုးအသရေ ရှိသူ )
[A] dityavikrama ( The Glory of Sun Race )


ကျန်နေသေးတဲ့ ပျူ စာလုံးတွေတော့ ဖတ်လို့မရသေးပါ။ ပျူစာ ပညာရှင် " ဘုန်းတင့်ကျော် " အပါဝင် အခြားပညာရှင်တွေ ဘယ်လို အက္ခရာ ဖလှယ် မယ်ဆိုတာ စောင့် မျှော် နေပါတယ်။





စကားကြုံတုန်း ပြောချင်တယ်။ မြန်မာ ရာဇဝင်ဆရာတွေပြောလေ့ရှိတဲ့ " ဒွတ္တပေါင်" သည် ပျူ ဘာသာ " တ္ဒး ဗံး " ကို မြန်မာမှုပြုခြင်းဖြစ်သည်။ ရှေးမြန်မာ ရာဇဝင်ဆရာတို့ " တ္ဒး ဗံး " ကို အဖတ်လွဲ ၊ အသံထွတ်လွဲရာမှ
" ဒွတ္တပေါင်" ဖြစ်သွားခြင်း ဖြစ်သည်။ " တ္ဒး ဗံး " ၏ အနက်ဓိပ္ပာယ် မှာ " မင်းကြီး " ဖြစ်သည်။




ရည်ညွန်း
ရည်စိန် ၊ လင် ( န် ) ယန် ( င် ) နှင့် ဆက်စပ်သော ရှေးဟောင်း မြန်မာနိုင်ငံ သမိုင်းတရပ်။
ဒေါက်တာ တိုးလှ ၊ ပျူသင်္ချိုင်း စာများ။
ဒေါက်တာ သန်းထွန်း ၊ လူတွေရဲ့အကျိုးကို ရှေးရှုပြီးရေးတဲ့ မြန်မာ့သမိုင်း ၊ ဩဂုတ် ၂၀၀၃။( မြန်မာ ထွေထွေရာရာ သမိုင်း ၊ စာမျက်နှာ ၂ - ၂၂ )
ဒေါက်တာ တိုးလှ ၊ သရေခေတ္တရာ သို့မဟုတ် မြန်မာနိုင်ငံတော် ၊ အေဒီ ၂-၉ ရာစု။
ဗိုလ်မှူး ဘရှင် ၊ ဝိလာရမ သင်းချိုင်းတော်။

2/17/10

ဟန်လင်း ပျူသင်္ချိုင်း စာ

ဒေါက်တာတိုးလှ ရဲ့ " ပျူသင်္ချိုင်း စာများ " စာတမ်း မှာ ဒီပုံကို တွေ့တယ်။ ဘာတွေရေးထားတယ်ဆိုတာ သူ့စာတမ်း မှာ ရှင်းလင်းချက် မပါ။ မြန်မာ ရှေးမြို့တော်ဟောင်း " ဟန်လင်း " မှာ တူးဖော်ရရှိတဲ့ သင်္ချိုင်းကျောက်စာဖြစ်တယ်။ ခရစ်နှစ် ၄ ရာစုနှစ် ပျူအက္ခရာ ဖြစ်တယ်။ ဒေါက်တာသန်းထွန်း ရဲ့ မြန်မာသမိုင်း ပုံ စာအုပ် ၊ စာမျက်နှာ ၉၈ မှာ အဓိပ္ပာယ် ရှင်းလင်းချက်တွေ့လို့ အများလေ့လာဖို့ အတွက် ပုံနှင့်စာကို ပူးတွဲ ဖော်ပြလိုက်တယ်။



ဗံးဒိ့ဝံတိံမ္လိံဥသးန္ဂုက္နောဥပ္လိ
ဗံးတုဗဟိ ဥတုယံ

မြတ် ( သခင် ) ဒိ့ဝံတိ ၏ သား ၊ န္ဂုက္နော၏ မြေး
မြတ် ( သခင် ) တုဗဟိ ၏ ဗိမာန်တော်




11/22/09

ခရုသင်း နှင့် သီရိဝစ္ဆ ရွှေဒင်္ဂါး




ခရုသင်း ပုံပါ ဒင်္ဂါး တွေကို ပျူ ၊ ရခိုင် ၊ မွန် ဒင်္ဂါး စသဖြင့်ပြောကြတယ်။ ကန့်ကွက်စရာမရှိပါ။ သို့သော် အပြည့်ဝ မှန်ပါ၏ လို့ မထောက်ခံ ။ ဒီလို ခရုသင်း၊ အခြားတဘက်တွင် သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ဒင်္ဂါးတွေကို မြန်မာနိုင်ငံတွင်းမှာသာ တွေ့ရှိတာမျိုးမဟုတ်ပါ။

စစ်တကောင်း (ဘင်္ဂလား) ၊ ရခိုင် ဝေသာလီ ၊ သီရိခေတ္တရာ ( မှော်ဇာ ) ၊ ဟန်လင်း ၊ ပဲခူး ၊ တွံတေး ကွမ်းခြံကုန်း ၊ ထားဝယ် ၊ဒွါရာဝတီ ( ထိုင်း ) ၊ အောတ် အီအို ( Oc - Eo )ကမ္ဘောဒီးယား ကနေ ဗီယက်နမ် နိုင်ငံ ဆိုင်ဂုံ (Saigon ) မြို့အထိ အရေတွက် အတော်များများ တွေ့ရတယ်။ အေဒီ ၂ရာစု ကနေ ၈ ရာစုနှောင်းပိုင်း အရှေ့တောင် အာရှ ကုန်သွယ် လမ်းမတလျှောက် ရောင်း/ဝယ် ရာမှာ ကြားခံပစ္စည်းအဖြစ် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့တယ် ။

ခန့်မှန်း အေဒီ ၃ ရာစုမတိုင်မှီအထိ ဒီလို ခရုသင်း၊ သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ဒင်္ဂါးတွေဟာ အရှေ့တောင်အာရှ ဝန်းကျင်နိုင်ငံများ၏ ရောင်း/ဝယ် ရာမှာ ကြားခံပစ္စည်း ( ငွေကြေး ) အဖြစ် အစောဆုံး အသုံးပြုခဲ့ တဲ့ ဘုံငွေကြေး လို့ဆိုနိုင်တယ်။

၃ ရာစုနောက်ပိုင်းမှာတော့ နေရာ ဒေသ ၊ ကိုးကွယ် ယုံကြည်မှု ၊အုပ်ချုပ်တဲ့ မင်း တွေအပေါ်မှာမူတည်ပြီး အမှတ်တံဆိပ် အသုံးပြုမှု ကွဲပြားသွားတယ်။
ဒင်္ဂါး ခပ်နှိပ် ရာမှာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ အမှတ်တံဆိပ်တွေ ပိုမို ထည့်သွင်းလာသော်လည်းဘဲ ခရုသင်း၊ သီရိဝစ္ဆ (အိမ်မွန်) အမှတ်တံဆိပ်ကိုတော့ ၁၉ ရာစုနှစ်လယ်အထိ ထည့်သွင်းအသုံးပြုဆဲဖြစ်တာကို တွေ့ရတယ်။

ခရုသင်း ( သင်္ခ ) ဆိုတာ ကောင်းမြတ်တဲ့အချိန်ကို ကြေညာရန် ၊ သီရိဝစ္ဆ ဆိုတာ မွန်မြတ် သောအိမ် ကိုရည်ရွယ်တယ် ။ ဗိဿနိုး နတ်မင်းရဲ့ တံဆိပ်လက္ခဏာ ဖြစ်လို့ ဟိန္ဒူ ကိုးကွယ်မှု နှင့်ဆိုင်တယ်။

6/28/09

ပျူ အရိုးအိုး ပေါ်က စာ



ခုမြင်နေရတဲ့ အရိုးအိုး ပုံတွေကိုတော့ အမေရိကန် နိုင်ငံ နော့သာန် အီလီနွိုက်(Northern Illinois University) တက္ကသိုလ် က ပရိုဖစ်ဆာ ဒေါက်တာ ရိစ်ချက် အမ် ကိုလာ ( Professor Dr. Richard M. Cooler) ရဲ့ အများလေ့လာရန် အင်တာနက် စာမျက်နှာမှရရှိပါတယ်။
http://www.seasite.niu.edu/burmese/Cooler/BurmaArt_TOC.htm

ပျူ အရိုးအိုး ပေါ်က စာ






ခုမြင်နေရတဲ့ အရိုးအိုး ပုံတွေကိုတော့ အမေရိကန် နိုင်ငံ နော့သာန် အီလီနွိုက်(Northern Illinois University) တက္ကသိုလ် က ပရိုဖစ်ဆာ ဒေါက်တာ ရိစ်ချက် အမ် ကိုလာ ( Professor Dr. Richard M. Cooler) ရဲ့ အများလေ့လာရန် အင်တာနက် စာမျက်နှာမှရရှိပါတယ်။
http://www.seasite.niu.edu/burmese/Cooler/BurmaArt_TOC.htm

ပျူ အရိုးအိုး ၄ လုံးပေါ်က စာ

စာရေးသူ " ဘုန်းတင့်ကျော် " ရဲ့ ပျူ အရိုးအိုး ၄ လုံးပေါ်က စာ ရှင်းလင်းချက်ပါ။
ဘယ်စာမျက်နှာသည် ဘယ်ကျောက်အရိုးအိုး ပေါ်မှစာ ဖြစ်တယ်ဆိုတာကိုတော့ စာရေးဆရာ ကိုယ်တိုင် အတိအကျ ပြောမထားပါ။

ပညာရှင် စာရေးဆရာ ရဲ့ ပျူစာ အဓိပ္ပါယ်ရှင်းလင်းချက် ကို ဖော်ပြရာမှာ စကားလုံး အစစ်အပေါက် မလွဲစေဖို့ရာ" ပျူစစ်လျှင် မြန်မာ" မူရင်းစာအုပ်ထဲက စာမျက်နှာအတိုင်း ဖော်ပြလိုက်ပါတယ်။







အပေါ်က Pyu 1A နှင့် Pyu1B ဟာ အကြောင်းရာတစ်ခုတည်း စာနှစ်မျက်နှာ ဖြစ်ပါတယ်။




ယခုတင်ထားသော စာရေးဆရာ ဘုန်းတင့်ကျော် ၏ ပျူစစ်လျှင်မြန်မာ စာအုပ်ပါ စာမျက်နှာ (၅) မျက်နှာကို ကူးယူတင်ထားရာတွင် ပုံအဖြစ် မယူဆသည်က တစ်ကြောင်း၊ မူပိုင်ဖြစ်သူ စာရေးဆရာ အားဆက်သွယ်၍မရသည်က တစ်ကြောင်း၊ အများအတွက်ရည်ရွယ် ထုတ်ဝေသော စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်သည်က တစ်ကြောင်း စသဖြင့် ယူဆပါသောကြောင့် မူပိုင်ခွင့် မချိုးဖောက်မိဟု ယုံကြည်ပါသည်။

အကယ်၍ ချိုးဖောက်မိပါက သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် ပိုင်ဆိုင်သူ အား တောင်းပန်လျက်။
=================================================================
ရှေးမြန်မာ ဘလော့တွင်ဖော်ပြထားသော ပုံအားလုံးမှ အချို့သည် ကျွန်တော့ကိုယ်ပိုင်ဖြစ်ကာ၊ ကျန်ပုံများမှာ သက်ဆိုင်ရာ ပိုင်ဆိုင်သူ အဖွဲ့အစည်း၊ ပုဂ္ဂိုလ် အစရှိသူထံတွင် ဖော်ပြခွင့် တောင်းခံကာ တရားဝင်ခွင့်ပြု ခွင့်ရသော ပုံများကိုသာ အများလေ့လာရန်တင်ပြထားခြင်းဖြစ်သည်။

3/22/09

ပျူ ဒင်္ဂါးပြား


အမျိုးအစား - သရေခတ္တရာ၊ ပျူ ဒင်္ဂါးပြား အလေးချိန် - ၁၀.၈၀၀ ဂရမ် ပြတိုက်ပစ္စည်း အမှတ် - CM 1981-12-14-2 ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ


၈ ရာစု နှစ် မြန်မာနိုင်ငံ အရှေ့ပိုင်းကို ပျူတွေ အုပ်စိုးတယ်။ ဒဂါင်္း သွင်းလုပ် အသုံးပြု တဲ့ပညာရပ်တွေကို မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင် တွေကတဆင့် သင်ယူတတ်မြောက်တယ်။ ဒီ ဒဂါင်္း မှာ အိန္ဒိယ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ် လက္ခဏာ တွေကိုတွေ့ရပါတယ်။ ဒဂါင်္း ရဲ့အလယ် မှာ " ပလ္လင် " ရှိမယ်။ ပလ္လင်ရဲ့ ထက်၊ အောက် အလယ် ဗဟိုလ်ဖြတ်ပြီး " သရဖူ " နှင့် ချည်နှောင်ထားပါမယ်။ ပလ္လင် ရဲ့အပေါ် နားဆီမှာတော့ " မီးလျှံ " ငယ်တွေ ကိုတွေ့ရမယ်။
ဒဂါင်္း ရဲ့ တစ်ခြားတစ်ဘက်မှာတော့ " သီရီ နတ်ဘုရား " ရဲ့အမှတ်လက္ခတွေဖြစ်တဲ့ " ချမ်းသာခြင်း နှင့် ကံကောင်းခြင်း " ဆိုတဲ့ " သီရီဝစ္ဆ " (အိမ်မွန် ) ကိုတွေ့ရမယ်။ အိမ်မွန် ရဲ့အတွင်းထဲမှာ " သီဝနတ်မင်း " ကို ကိုယ်စားပြု " တောင် " လက္ခဏာ ကိုတွေ့ရပါမယ်။ ဒီတောင် အမှတ်လက္ခဏာဟာ " ကမ္ဘာ မြေ " ကို ကိုယ်စား ပြုတယ်လို့လည်း ဆိုနိုင်တယ်။ တောင်ရဲ့ အောက်ခြေမှာတော့ " သမုဒ္ဒရာ " ကိုယ်စားပြု " ရေလှိုင်း " လက္ခဏာကို တွေ့ရမယ်။ အိမ်မွန် ရဲ့ ဘယ်ဘက်ဘေး မှာ သိကြားမင်း ကိုင်စွဲတဲ့ " ဝရဇိန် " လက်နက် ၊ ညာဘက်မှာတော့ " ဗိသဏိုး နတ်မင်း " ကိုယ်စားပြု " ခရုသင်း " ကိုတွေ့ရပါမယ်။ ဒါတွေအားလုံးရဲ့ အပေါ်မှာ စက်ဝိုင်းပုံ အမှတ် လက္ခဏာဟာ " လ " ကို ကိုယ်စားပြုပြီး ၊ " ကြယ် " ပုံစံလိုဖြစ်နေတဲ့ အမှတ်လက္ခဏာကတော့ " နေ "ကိုကိုယ်စားပြုတယ်။ အမှတ် လက္ခဏာ အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အောက်ပါစာ အုပ်များအား ကိုးကား၍ ဖော်ပြသည်။ J. Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) J. Williams (ed.), Money: a history (London, The British Museum Press, 1997)

====================================================
ပျူ ဒဂါင်္းတွေကို တချို့ site/ blog တွေမှာတွေ့နေရပါတယ်။ ပျူဒဂါင်္း လို့ဆိုကြပေမယ့် ကမ္ဘောဒီးယား " ဖူနန် " သရေသရေခတ္တရာ ကိုဖြတ်ပြီး ရခိုင်ထိရောက်တဲ့ ကုန်သွယ်လမ်းမကြီး တလျှောက် တွေ့ရပါတယ်။ တချို့ ပညာရှင်တွေက ဖူနန်မှာ ဒီလို ဒဂါင်္း မျိုးကို ၃ ရာစုကတည်းက အသုံးပြုနေပြီ လို့ဆိုတယ်။ ဒေါက်တာ သန်းထွန်းက လည်း ဒီအဆိုကို မငြင်းတာမို့ ထောက်ခံချင်ပုံရတယ်။ ရှေးဟောင်းသုတေသန တူးဖော်ရေး ကတော့ ဒဂါင်္း တွေ ထုတ်ရာမှာ အသုံးပြုတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် တူးဖော်ရရှိတယ်လို့ဆိုထားတယ်။ ကျွန်တော် မမြင်ဘူးသေးပါ။ အပေါ်က အဆို ၂ ခုလုံး ထောက်ခံဖို့ရော ၊ ငြင်း ဖို့ရော အထောက်ထား မရသေးပါ။ ရှေးဟောင်းသုတေသန တူးဖော်ရေး က ရရှိထားတဲ့ ရွှင့်စေး(ရွှံ့စေး) ပုံစံခွက် ကိုလေ့လာခွင့်ရရင် အဖြေ ရနိုင်မယ်ထင်ပါတယ်။ သေသေ ချာချာ ပြောနိုင်တာက ပျူတွေဟာ ကျောက်စစ်တဲ့ ပညာမှာ ရော ၊ သတ္တု ပုံသွင်း အသုံးပြုတဲ့ ပညာမှာပါ ပုဂံမြန်မာတွေထက် အများကြီးသာလွန်တယ်ဆိုတာပါဘဲ။

ပျူ ဘုရင်သုံး ဒင်္ဂါးပြား

3/12/09

အုတ်ခွတ်ဘုရား နှစ် ခု



ပျူ ဟန်လက်ရာ၊ ခုနှစ် အတိအကျမဖော်ပြတဲ့
အုတ်ခွတ်ဘုရား နှစ် ခု လေ့လာလို့ရအောင်တင်ထားပါတယ်။
ဒီဓာတ်ပုံကို
Dr. Richard M. Cooler
Professor Emeritus
Art History of Southeast Asia
Northern Illinois University

Former Director
Center for Burma Studies
Northern Illinois University ရဲ့ web page က ရပါတယ်။
မူ ရင်း က http://www.seasite.niu.edu/Burmese/Cooler/Chapter_2/Chapter_2.htm

ဒီဓာတ်ပုံ ဘယ်ကရတယ်မဖော်ပြပါ။ ဒီပစ္စည်းဘယ်မှာ ရှိတယ်ဆိုတာမ ဖော်ပြပါ။
အုတ်ခွတ်ဘုရား၊ ထိုင်တော်မူ ဘုရား ဘေးနှစ်ဘက်မှာ ရှိနေတဲ့ ပျူ စေတီ နှစ်ဆူ ပုံတော့ Dr. Richard M. Coolerက ကြာဖူး စေတီလို့ အမည်ပေးထားပါတယ်။

3/1/09

၉- ၁၀ ရာစုအုတ်ခွက်ဘုရား




အမျိုးအစား - အုတ်ခွက်ဘုရား
အချိန်ကာလ - ၉- ၁၀ ရာစု
တွေ့ရှိရာနေရာ - ပြည်၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - မူလ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား )
အရွယ်အစား - အမြင့် ၉ စင်တီမီတာ ၊ အကျယ် ၇.၈ စင်တီမီတာ၊ အဝိုင်းအကျယ်( ဒိုင်ယာမီတာ ) ၂.၅ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.130-1999

ဒီ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား ) ဟာ အသေးစိတ် ပုံဖော်ထား တဲ့ ထိုင်တော်မူဘုရားပါ။ အရင်းမူလနေရာဟာ " ပြည်" ဖြစ်ပြီး
ပျူခေတ် ၉-၁၀ ရာစုနှစ် ကဖြစ်ပါတယ်။
=======================================================================

ဒီ အုတ်ခွက်ဘုရား ( မြေပုံ ဘုရား ) ကို ပျူလက်ရာလို့ ပြတိုက်ကပြောတာကို ကျွန်တော် ပိုင်ပိုင်နိုင်နိုင် မထောက်ခံ ဝံသေးပါ။ ထိုင်တော်မူဘုရားရဲ့ ဘေး တစ်ဘက်တစ်ချက် ဆီမှာတော့ ပျူခေတ် လက်ရာဟန် ဖြစ်တဲ့ စေတီ ၂ ခု ဝန်းရံထားတာကို တွေ့ရပါတယ်။ ပြတိုက်ကပြောသလို ပြည် မှာတွေ့တိုင်း ပျူခေတ် လက်ရာလို့ပြောလို့မရပါ။ ခါး နည်းနည်းသိမ်နေပါတယ်။ မျက် နှာတော်ဟာအသေးစိတ် မမြင်ရတော့ပေမယ့် အနည်းငယ်ရှည်နေပါတယ်။ အရင် တွေ့ဖူး ပြီးသား ပျူခေတ် လက်ရာတွေမှာ မျက် နှာတော်ဝိုင်းပြီး နှာခေါင်း အတန်ငယ် ပွ ပါတယ်။ ဓမ္မစကြာ မြုဒာ (လက်နေဟန်ထား) က ပျူခေတ်မှာ မတွေ့ရသေးပေမယ့် ၉-၁၀ ရာစုမှာ တွေ့ရပြီဆိုတာ စဉ်းစား ပြီး နောက်ထပ် အထောက်ထား ရှာရပါမယ်။ တကယ်လို့များ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထား တာမျိုးဆို ရင်ဖြင့် လက်ခံ ရမှာပါ။ စမ်းသပ်ထား တာမျိုး ရှိ၊ မရှိ ပြတိုက်ကို မေးကြည့်ပါမယ်။
(