11/5/09

ခရုသင်း ပုံပါ ရွှေဒင်္ဂါး။



ခရုသင်း နှင့် သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ရွှေဒင်္ဂါး။ ဂျပန်နိုင်ငံ၊ တိုကျို ( Japan, Tokyo ) အခြေစိုက် ပညာရှင်တစ်ဦးထံမှ ရရှိပါတယ်။

10/27/09

ပျူ ရွှေဒင်္ဂါး



ရှေးခေတ်ဟောင်း ဒင်္ဂါးတွေကိုလေ့လာရာမှာ အကြမ်းအားဖြင့် အုပ်စုခွဲကြည့်လို့ရပါတယ်။

ရခိုင် ဒင်္ဂါး
ပျူ ဒင်္ဂါး ( သရေခတ္တရာ ၊ ဟန်လင်း )
မွန် ဒင်္ဂါး
ရတနာပုံ ဒင်္ဂါး
အထက်ပါ ဒင်္ဂါးတွေကို ရွှေ ၊ ငွေ ၊ ကြေး ၊ သတ္တု ၊ သံ စသဖြင့် အမျိုးစားထပ်ခွဲလို့ရပါသေးတယ်။ ဒင်္ဂါးတွေအကြောင်းပြန်လည် ဖော်ထုတ်ရာမှာ ဒင်္ဂါးအစစ် ဓာတ်ပုံကိုအဓိကထားပါတယ်။ ပြတ်သားကြည်လင်ပြီး အသေးစိတ်ကြည့်လို့ရအောင် အရည်သွေးမြင့်ပုံကိုသာ သုံးပါတယ်။ ရှေးဟောင်း ဒင်္ဂါးတွေဖော်ပြထားတဲ့ မြန်မာ ဆိုဒ် အတော်များများတွေ့ပါတယ်။ တချို့က ထိုင်းနိုင်ငံလုပ် ဒင်္ဂါးအတုတွေကို တင်တယ်။ တချို့က ခုနှစ် တွေမမှန်။ တချို့က ဒင်္ဂါးဖြစ်ပြီးရော ဇောက်ထိုး ပြထားတယ်။
တချို့က တော့ ဒင်္ဂါးအစစ်တွေတင်ထားတာမျိုးပါ။

အခုမြင်နေရတာ ပျူ ရွှေဒင်္ဂါးဖြစ်တယ်။ အမှတ်လက္ခဏာ တစ်ခုခြင်းရဲ့ အဓိပ္ပါယ်ကို အရင် ပိုစ် ပျူ-မွန် ခေါင်းစဉ် အောက်မှာ ရှင်းခဲ့ပြီးမို့ ထပ်မရေးတော့ပါ။

10/24/09

ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ အဓိကလမ်းကြောင်း

၁၈၅၅ ခုနှစ် စစ်ကိုင်းမြို့ တစ်နေရာက ပျက်ဆီးနေတဲ့ တန်ဆောင်နှင့် ဆင်းတုများ
ဓာတ်ပုံပညာရှင် - Tripe, Linnaeus


ထိုင်းနိုင်ငံ ချင်းမိုင် နှင့် မဲဆောက် ဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ အဓိကလမ်းကြောင်းဖြစ်တယ်။ ရှေးဟောင်းဘုရားအများစု ဒီလမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲကို ဝင်တယ်။ ထိုင်းကမှတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးကို ဆင့်ကာ ဆင့်ကာ ပြန့်သွားပါတယ်။ ဒီလိုနှင့် မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်း တွေ ပျောက်ပျက်ရတယ်။

ရှေးဟောင်းပစ္စည်းလို့ဆိုရင် လူအများစု မျက်လုံးထဲပြေးမြင်မှာက ဘုရားဆင်းတု ကြီး၊ သေး ၊ငယ် ၊ ရွယ်။ ဒါပေသိ ဘုရားဆင်းတုတင် မကပါဘူး။ တခြား ရှေးဟောင်းပစ္စည်း တွေပါ မကျန်အကုန် ခိုးထုတ်ပါတယ်။ အသုံးပြုထားတဲ့ ပစ္စည်းတွေကို အခြေခံပြီး မှတ်မိသလောက် စာရင်းလုပ်ထားပါတယ်။
ရွှေ ၊ ငွေ ၊ ကျောက်သံ ပတ္တမြား ၊ ကျောက်စိမ်း စသဖြင့် တန်ဖိုးကြီးအရာ

၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု (ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မျောက် စသဖြင့် )
၃။ သာသနိက ဆိုင်ရာ အသုံးဆောင်ပစ္စည်းများ ( ဘုရားထီး ၊ စေတီ ပုံစံငယ် ၊ သပိတ် စသဖြင့် )
၎။ လူ့အသုံးဆောင် လက်ဝတ်တန်ဆာ ( ပုတီး ၊ လယ်ဆွဲ ၊ နားတောင်း စသဖြင့် )
၎။ ဒင်္ဂါး ၊ ပိုက်ဆံ
၅။ လက်နက်ပစ္စည်းမျိုးစုံ
၆။ ရွှေပြား ပုရပိုဒ်စာ
၇။ ရွှေပြား ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

ဆင်စွယ်
၁။ ဘုရားဆင်းတုငယ်
၂။ ဘုရားမဟုတ်တဲ့ ရုပ်တု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ သစ်ပင် စသဖြင့် အရုပ်စုံ )
၃။ လက်နက် မျိုးစုံ
၎။ လူ့အသုံးဆောင် ပစ္စည်းများ
ကျောက်သား
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု (ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မျောက် စသဖြင့် )
၃။ ကျောက်စာ
၎။ ကျောက်သား နံရံ
၅။ ကျောက်သား ဆုံ
၆။ ကျောက်အိုး ၊ ကျောက်ခွက် ၊ ကျောက်တံ ၊ ကျောက်လုံး
၇။ ကျောက်ဖြစ်ရုပ်ကြွင်း

ကြေး၊ သံ ၊ သတ္တု
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
၃။ ကြေးပြား ပုရပိုဒ်စာ
၎။ ကြေးပြား ပိုက်ဆံ
၅။ ကြေးသွင်း လူ့အသုံးဆောင်ပစ္စည်းအားလုံး ( အိုး၊ ခွက် အစ ဆေးတံ ၊ စုတ်တံ အပါဝင် ပစ္စည်းများ )
၆။ ကြေးသွင်း လက်နက်မျိုးစုံ ( ဓား ၊ လှံ ၊ လှေး၊ မြှား စသဖြင့် ပစ္စည်း အစုစု )
၇။ ခေါင်းလောင်း
၈။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ ပစ္စည်းအားလုံး
၉။ ကြေးပြား ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

သစ်သား
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
၃။ သာသနိက ဆိုင်ရာ အလှဆင်ပစ္စည်းများ
၎။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ ပစ္စည်းအားလုံး
၅။ အိမ်ထောင် ပရိဘောဂ ပစ္စည်းအားလုံး
၆။ လက်နက် ပစ္စည်းမျိုးစုံ
၇။ လူ့အသုံးဆောင် ပစ္စည်းအားလုံး
၈။ မနောတိုင် ၊ ကဗျည်းတိုင် ၊ အိမ်တိုင် ၊ ခြံတိုင် ၊ လှေကားတက် ၊ စပါးထောင်း ဆုံ ၊ လှည်းဘီး စသဖြင့် ပစ္စည်းအားလုံး

မြေထယ်
၁။ ဘုရား
၂။ မြေပုံဘုရား
၃။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ စသဖြင့် အရုပ်စုံ )
၎။ မြေသားပုံစံ ခွက်
၅။ အိုး ၊ ပုကံ ၊ ခွက် ၊ မြူတာ စသဖြင့် လူ့အသုံးအဆောင် ပစ္စည်းအားလုံး
၆။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ အုတ်

ယွန်းထယ် ၊ ကြိမ် ၊ ဝါး နှင့် အခြား
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
၃။ ဆွမ်းအုပ် ၊ ဒေါင်းလန်း ၊ လင်ပန်း၊ ပုကံ ၊ ခွက် ၊ ယောက် ၊ မြူတာ စသဖြင့် လူ့အသုံးဆောင်ပစ္စည်းအားလုံး
၎။ ပေစာ ၊ ပုရပိုဒ်စာ ၊ မင်စာ
၅။ ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေ ဒီလောက်များတယ် ဆိုတာ မြန်မာပြည်အပြင်ဘက်ရောက်မှ သိရ၊ မြင်ရတယ်။ ဒီလိုယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်း ၊ သာသနိက ဆိုင်ရာပစ္စည်းတွေကို ဖျက်စီးရာမှာ သဘာဝဘေးဒဏ် ထက်လူက ပိုပြီး ကြောက်စရာကောင်းပါတယ်။ သဘာဝဘေးဒဏ်က ဖျက်ရုံသာ ဖျက်၊ လူကတော့ ခိုးရင်းနှင့် ဖျက် ၊ ဖျက်ရင်းနှင့် ခိုး ဆိုတော့ ပိုပြီး ရက်စက်ပါတယ်။

ဒီလို ခိုးယူလာတဲ့ ရှေးဟောင်းပစ္စည်းတွေကို ယဉ်မျိုးစုံ ၊ နည်းမျိုးစုံ နှင့် နယ်စပ်တွေကို သယ်လာမယ်။ တဘက် နိုင်ငံဘက်ရောက်တဲ့အခါမှာ ထိုင်းရှေးဟောင်းပစ္စည်း ကုန်သည်တွေ ပေးတဲ့ ရသလောက်ဈေးနှင့် ရောင်းတယ်။ ထိုင်းကုန်သည်တွေက အဲဒိ စ္စည်းတွေကို ချင်းမိုင်နှင့် ဘန်ကောက်ဈေးကွက်မှာ ပြန်ရောင်းတဲ့ အခါ တန်းမြင့်ဈေးတွေဖြစ်သွားပါပြီ။

ရှေးဟောင်းပစ္စည်းတွေ ခုလိုခိုးထုတ်မှုတွေက ကာကွယ်ဖို့ဆိုပြီး ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ အတော်များများနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အိမ်နီးချင်းနိုင်ငံ အချင်းချင်း ခုလို သမိုင်းဝင် ရှေးဟောင်းပစ္စည်းတွေခိုးထုတ်တင်သွင်းလာတာမျိုး ဖမ်းဆီး နှိမ်နှင်းပြီး ရှေးဟောင်းပစ္စည်းတွေကို နေရင်း နိုင်ငံတွေဆီ ပြန်ပို့ပေးဖို့ပါ။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ အာရှရဲ့ အရေးပါအရာရောက်ဆုံး ရှေးဟောင်းပစ္စည်း ဈေးကွက်တစ်ခုဖြစ်နေပါပြီ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊ ကမ္ဘောဒီယား၊ လာအို သာမက အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရတ် ၊ နီပေါ ၊ တရုတ် နိုင်ငံတွေက ရှေးဟောင်းပစ္စည်းတွေ ခိုးယူရောင်းချရာ နေရာဖြစ်နေပါပြီ။ အဲဒိ ရှေးဟောင်းပစ္စည်းဟာ စာရွက် စာတမ်းအတုတွေအပါဝင် နည်းမျိုးစုံ၊ လမ်းကြောင်းမျိုးစုံ ယဉ်မျိုးစုံ နှင့် ကမ္ဘာအနှံ့ ခရီးဆက်တယ်။

ထိုင်းနိုင်ငံပြီး နောက်ထပ် သတိထားထားရမယ့် နှစ်နိုင်ငံ အနီးအနားမှာတင် ရှိပါသေးတယ်။ ဟောင်ကောင် နှင့် စင်္ကာပူ။ ဟောင်ကောင်အကြောင်း သိပ်မသိပါ။ စင်္ကာပူ ရှေးဟောင်းပစ္စည်းဈေးကွက်ဟာ ဘန်ကောက်ထက် ဈေးပိုပေးရသော်လည်း ကမ္ဘာ့ရေပေါ်ဆီ လူ့ချမ်းသာတွေရဲ့ ယုံကြည်မှုပိုရပါတယ်။ စင်္ကာပူ ရှေးဟောင်းပစ္စည်းရောင်းကုန်သည်တွေက " Buy Back Guarantee " ( ရှေးဟောင်းပစ္စည်း စစ်တယ်၊ မစစ်ရင် ပြန်လှဲ ) ပေးပြီးရောင်းပါတယ်။ ဒီနေရာမှာ ပြောချင်တာက စင်္ကာပူ အစိုးရရဲ့ တာဝန်မဲ့တဲ့ ရပ်တည်ချက်ပါ။ ဘယ်နိုင်ငံက သမိုင်းဝင် ရှေးဟောင်းပစ္စည်းမဆို GST 7 % ပေးပြီး စင်္ကာပူနိုင်ငံကို/ကနေ လွတ်လွတ်လပ်လပ် တင်သွင်း/ပို့ လို့ရပါတယ်။

ရှေးဟောင်းပစ္စည်း အပြည့်ထည့်ထားတဲ့ ပေ ၄၀ ကွန်တိန်နာ ( 40 Foot Container ) တစ်လုံး ရန်ကုန် ဆိပ်ကမ်းကနေ စင်္ကာပူ နိုင်ငံ Dempsey Road ကိုအတားဆီမရှိ ရောက်လာတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါကြောင်း။

10/23/09

ကိုယ်လုပ်ထားတာ သုတေသန အဆင့်မမှီ

ဟိုတလောလေးက အမေးဖြေ တစ်ခုလုပ်ဖြစ်ခဲ့တယ်။ ဒီဘလော့ပေါ်မှာရေးထားတဲ့ အချက်လက်တွေဟာ ဘယ်လောက်ထိ ယုံကြည်စိတ်ချလို့ရပါသလဲတဲ့။

အမေးခံရစဉ်တုန်းကတော့ ရုတ်တရက်မို့တကြောင်း ၊ ဒီလိုမေးခွန်းမျိုးမေးလာလိမ့်လို့လည်း ထင်မထားခဲ့တာကြောင့်တကြောင်း ဘာပြန်ဖြေရမှန်းမသိခဲ့ပါ။ ဆိုလိုရင်းကတော့ ဒီဘလော့ထဲက အချက်လက်တွေမှန်ကန်ကြောင်း ဘယ်လိုသက်သေပြမလဲ ၊ ဒါမှမဟုတ် ဘယ်လို " ပေတံ " နှင့်တိုင်းတာနိုင်မလဲ ဆိုတာပါဘဲ။

ယနေ့ခေတ်အခါမှာ လူအများ အသိမှတ်ပြုတဲ့ PhD ( ဒေါက်တာ ) ဘွဲ့မပါဘဲ သမိုင်းဆိုင်ရာ အချက်လက် တွေ့ရှိချက်အသစ်တွကို ရေးပြီးဆိုရင် လူအများစုရဲ့ အသိမှတ်ပြုခံရဖို့ မလွယ်ပါ။ ပညာရှင် ၊ ဝါသနာရှင် တချို့ဖော်ထုတ်ခဲ့တဲ့ သမိုင်းဆိုင်ရာ အချက်လက် တွေ့ရှိချက် စာအုပ် စာတမ်းတချို့ သိပ်ကောင်း ၊ သိပ်အဖိုးတန် သော်လည်း ဒေါက်တာဘွဲ့ မပါလို့ လူမသိ၊ သူမသိဖြစ်သွားခဲ့တဲ့ အရေတွက်မနည်းပါ။

သမိုင်း ဆိုတာ တစ်ဦးတစ်ယောက်တည်းရေးလို့ ရတဲ့အရာမဟုတ်ပါ ။ အပို ၊ အလို မရှိတဲ့ သမိုင်းအချက်လက်တွေဟာလည်းဘဲ ပညာရှင် တစ်ဦး တစ်ယောက်တည်းပေါ်မှာ မူတည်တာမျိုးမဟုတ်ပါ။

ကျွန်တော် ရှေးဟောင်းအနုပညာဆိုင်ရာလက်ရာ(Historical Art Objects ) တွေကို စိတ်ဝင်စားရာကနေ သမိုင်းဘက်ကို စိတ်ပါခဲ့တယ်။ ဒီလိုနှင့် ကျောင်းသားဘဝ သင်ခဲ့ရတဲ့ သမိုင်းစာ တချို့ အမှန်တရားနှင့် မနီစပ်တာကို တွေ့လာတယ်။

ဥပမာ တစ်ခု ပြောမယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ခန်းစာပါ။ ကျန်စစ်သား ( ထီးလှိုင်မင်း )၊ ငထွေရူး ၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး။

ကျွန်တော် သူတို့ လေးယောက်ကို သမိုင်းထဲမှာ ရှာတယ်။ ကျန်စစ်သား ( ထီးလှိုင်မင်း ) ကိုဘဲတွေ့တယ်။ ကျန်တဲ့ သုံးယောက်ကို ခုထိမတွေ့သေးပါ။ ပုဂံခေတ် ကျောက်စာတွေ၊ မှတ်တမ်းတွေထဲမှာ ရှာတယ်၊ မတွေ့သေးဘူး။ အနော်ရထာ ( အနိ ရုဒ္ဓ ) နှင့် သူ့ရဲ့ အားအကိုးရဆုံးဆိုနိုင်တဲ့ အမတ်စာရင်းမှာ ငထွေရူး ၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး မပါ။ ကျန်စစ်သား ( ထီးလှိုင်မင်း ) နန်းတည်ကျောက်စာ မွန်ဘာသာမှာ သူကိုယ်တိုင် အရေးပေး ပွဲထုတ်တဲ့ ခဲ့တဲ့ အမတ်စာရင်းမှာ လည်း ငထွေရူး ၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့ နာမည်တွေ မပါ။ ခုထိရှာနေတုန်းပါ။ PhD ဘွဲ့ရ မြန်မာ သမိုင်း ပညာရှင်တချို့တော့ ရှာတွေ့တယ်ထင်ပါတယ်။ ဒေါက်တာပညာရှင်တွေထဲက အမျိုးသမီးပညာရှင်တဦးကတော့ အဲဒိ ပုဂံခေတ် သူရဲကောင်း လေးယောက် အကြောင်း ရေးတာ သိပ်လူကြိုက်များတယ်။

အဲဒါမျိုးတော့ ဒီဘလော့မှာ မပါ ပါ။
ဒီဘလော့မှာပါတဲ့ ပုံ နှင့် အချက်လက်အများစုကို ပြတိုက်တွေကနေတောင်းယူပါတယ်။ တက္ကသိုလ် စာကြည့်တိုက်တွေက တောင်းယူတယ်။ စာအုပ်ထုတ်ဝေသူ ၊ စာရေးသူ တွေဆီက လည်းတောင်းပါတယ်။ တချို့က ကိုယ်ပိုင်စု စောင်းသူတွေ။ တချို့က ရှေးပစ္စည်း ရောင်းဝယ်သူတွေ။ တချို့ပုံဆိုရင် ပိုစ်တခုဖြစ်လာဖို့ အချိန် ၄-၅ လလောက်ကြာတယ်။ အသေချာ မရှင်းလင်းတဲ့ တချို့ပုံတွေအတွက် အသေးစိတ်ရိုက်ထားတဲ့ အရည်သွေးမြင့်ပုံတွေတောင်းရပါတယ်။ ခွင့်ပြုချက်ရဖို့လည်း စောင့်ရတယ်။

တချို့ပုံတွေဆို သိပ်အဖိုးတန်ပေမယ့် ခွင့်ပြုချက်မရလို့ မတင်ရတာတွေလည်းရှိပါတယ်။ စာတမ်းတွေအတွက် အများဆုံး ကြည့်ဖြစ်တာက ပြည်ပတက္ကသိုလ်တွေမှာရှိတဲ့ သုတေသန စာတမ်းတွေများပါတယ်။ အများလေ့လာဖို့ အဲဒိစာတမ်းတွေ အားလုံးစုစည်းပြီး ဘလော့မှာ တင်ပေးသွားပါမယ်။

၂၀ဝ၅-၆ နှစ်က စာတမ်းတစ်ခု လုပ်ခဲ့တယ်။ History of Meditation in Myanmar ( Burma ) အမည်။ University of Queensland, Australia ကို စာတမ်းမူကြမ်းတင်ရာမှာ Master ဘွဲ့အတွက် Scholarship ရတယ်။ မတက်ဖြစ်ခဲ့ပါ။ နောက်တစ်နှစ်အကြာ ပြည်ပတက္ကသိုလ်က စာတမ်းတွေ နှင့် ကိုယ်လုပ်ထားတဲ့ စာတမ်းကို ယှဉ်ကြည့်တော့ ကိုယ်လုပ်ထားတာ သုတေသန အဆင့်မမှီမှန်းသိတယ်။

ဒီဘလော့ဟာ ကိုယ်လိုဘဲ စာတမ်းလုပ်နေသူ ကျောင်းသား နှင့် ဝါသနာရှင် တွေအတွက်အထောက်ကူအဖြစ် မျှသာရည်ရွယ်ပါကြောင်း။

10/17/09

၉၆၃ ဆင်ပြသျှင် နာရဓိပတိ ဆောလိမ်သျှာ



၉၆၃
ဆင်ပြသျှင် နာရဓိပတိ ဆောလိမ်သျှာ

အပေါ်ဆုံးစာက ခုနှစ် ၉၆၃ ဖြစ်မယ်။ ၆လို့ထင်ရတဲ့ အလယ်ကစာလုံး က ဖတ်မရ။
ဒင်္ဂါးတစ်ဘက်ခြမ်းကစာတွေက အပေါ်တစ်ခြမ်းက အာရဘီစာ ၊ အောက်တစ်ခြမ်းက သက္ကတစာ ဖြစ်မယ်ထင်ပါတယ်။ မဖတ်တတ်တော့ သိပ်တော့ မသေချာ။

၉၆၃
ဆင်ပြသျှင် နာရဓိပတိ ဆောလိမ်သျှာ

( ဆင်ဖြူရှင် နာရဓိပတိ ဆောလှိုင်ရှင် လို့လောလောဆယ် မြန်မာပြန်ချင်ပါတယ် )။
ရခိုင်ပညာရှင်ကြီးတွေဖြစ်တဲ့ ဦးစံသာအောင်၊ ဦးရွှေဇံ တို့ရေးသားပြုစုထားတဲ့စာတွေနှင့် တိုက်ဆိုင်စစ်ဆေးမှု မလုပ်ရသေးပါ။ သေချာတာ တစ်ခုခုတွေ့ရင်ပြောခဲ့ပါ။

10/10/09

ဆင်ဖြူသခင် ဆင်နီသခင် နာရပတိကြီး ၁၀၀၀ ( ၁၆၃၈ အေဒီ )




ဆင်ဖြူသခင် ဆင်နီသခင် နာရပတိကြီး ၁၀၀၀ ( ၁၆၃၈ အေဒီ )


ရခိုင် ဒင်္ဂါးတွေအကြောင်း စုံစေ့အောင်ပြောဖို့ရာ အဆင်သင့်မဖြစ်သေးပါ။ စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းရာတစ်ခုလို့ထင်ပါတယ်။
ဟိန္ဒူ ကိုးကွယ်မှုဆိုင်ရာ လက္ခဏာ ပါနေတဲ့ ဒင်္ဂါး နှင့် မပါတော့တဲ့ ဒင်္ဂါးဆိုပြီး အပိုင်းနှစ်ပိုင်းခွဲရပါလိမ့်မယ်။

ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်မှုးတွေအပါဝင် အနောက်တိုင်းပညာရှင်တချို့ရဲ့ အဆိုက မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တွေဟာ ဘင်္ဂလား ဒင်္ဂါးတွေကို အတုယူတယ်၊ ဘင်္ဂလား ဒင်္ဂါးတွေက နီပေါ ဒင်္ဂါး တွေကို အတုယူတယ် ၊ မူရင်းဇစ်မြစ် အိန္ဒိယ။

ဒေါက်တာသန်းထွန်း အပါဝင် မြန်မာ သမိုင်းပညာရှင်တို့ရဲ့ အယူဆကတော့ မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တွေဟာ ကမ္ဘောဒီးယား ဖူနန် ဒင်္ဂါးတွေကို တုယူတယ်လို့ ဆိုတယ်။ ပထမ အယူအဆကို ပိုကြိုက်တယ်။

10/8/09

ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၁၀၀၇ ( ၁၆၄၅ အေဒီ)


ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရား ၁၀၀၇ ( ၁၆၄၅ အေဒီ)

အရင်ပိုစ်တွေမှာ ၁၀၀၄ ( ၁၆၄၂ အေဒီ ) လို့မှားရေးခဲ့တာကို ပြင်မယ်။ အမှန်က ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရား ၁၀၀၇ ( ၁၆၄၅ အေဒီ)ဖြစ်ပါတယ်။ တချို့ရာဇဝင်စာအုပ်တွေမှာ ဒီမင်းကို ၁၀၀၄ လို့ရေးထားတာတွေ့ရတယ်။

ရခိုင်မင်းတွေဟာ မိမိတို့နန်းတက်တဲ့ ခုနှစ်ကိုသာ ဒင်္ဂါးပြားတွေပေါ်မှာ ခပ်နှိပ်စေပါတယ်။ ဒါကြောင့် ဒင်္ဂါးပေါ်မှာတွေ့ရတဲ့ ခုနှစ်ကို အမှန်လို့ယူချင်ပါတယ်။ နောက်ထပ်ပိုပြီး ခိုင်မာစေတာက မင်းဘွဲ့ပါ ရခိုင်ဒင်္ဂါးတွေမှာ မင်းတစ်ပါးတည်းက ခုနှစ် နှစ်မျိုးပါ မူကွဲ ဒင်္ဂါးမတွေ့ရသေးပါ။ နောက်ထပ်မှတ်သားစရာ တစ်ခုက ရခိုင်မင်းတွေရဲ့ ဆင်နီသခင် ဆင်ဖြူသခင် ဘွဲ့အမည်။ မြန်မာမင်းတွေရဲ့ ဘွဲ့အမည်တွေမှာဖြင့် ဆင်ဖြူရှင်သာရှိပြီး၊ ဆင်နီသခင်လို့မပါ။

10/6/09

ရွှေနန်းသခင် စန္ဒသုမနရာဇာ ၁၁၃၅



ရွှေနန်းသခင် စန္ဒသုမနရာဇာ (စန္ဒြသုမနရာဇာ) ၁၁၃၅ ( ၁၇၇၃ အေဒီ )

နောက်ထပ် ထပ်တွေ့ရတဲ့ ရခိုင် ဒင်္ဂါးပါ။
ရခိုင်ဘုရင်တွေဟာ နန်းတက်တိုင်း သူတို့ရဲ့ ဘွဲ့အမည်ပါ ဒဂါင်္းတွေ ခပ်နှိပ် ထုတ်လုပ်လေ့ရှိတဲ့အတွက် ရခိုင် ဒင်္ဂါးတစ်ပြားတွေ့တိုင်း ကျောက်စာတစ်ချပ်တွေ့ရသလိုအဖိုးတန်လှတယ်။ ရခိုင်သမိုင်းကို လေ့လာဆဲပါ။ သိပ်မသိပါ။

ရခိုင် ဒင်္ဂါးပြားတွေမှာ တွေ့ရတဲ့ ခုနှစ်တွေဟာ တချို့ရခိုင်ရာဇဝင် စာအုပ်တွေမှာ ရေးထားတွေနှင့် ကွဲလွဲနေတာမျိုး စတွေ့နေပါပြီ။ ကျွန်တော်ကိုယ်တိုင် အရင်ပိုစ်တွေမှာ မှားခဲ့တဲ့ ခုနှစ်တွကို ပြင်လိုက်ပါပြီ။ နောက်လည်း ထပ်ပြင်ရင် ပြင်ရပါလိမ့်မယ်။


ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အမှတ်လက္ခဏာ မပါတော့တဲ့ ရခိုင် ဒင်္ဂါးစာရင်း။
???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။
ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သေးပါ။

?????
နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )
???
ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )
?????
ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် နာရပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )
အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)
အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )
ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
??????
ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )
ရွှေနန်းသခင် စန္ဒသုမနရာဇာ (စန္ဒြသုမနရာဇာ) ၁၁၃၅ ( ၁၇၇၃ အေဒီ )
ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)
ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )

????
ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)

ကုန်းဘောင်ခေတ်အမျိုးသမီးဝတ်စုံ


၁၈၆၀-၆၅ ဝန်းကျင်နှစ်များဆီက မြန်မာအမျိုးကောင်းသမီး တွေဝတ်ဆင်လေ့ရှိတဲ့ ဝတ်စုံပါ။ ခုမြင်နေရတဲ့ အမျိုးသမီးဝတ်စုံကို ၁၉၆၇ခုနှစ်၊ ပြည်မြို့ ကရခဲ့တယ်လို့ဆိုပါတယ်။ ခုတော့ ဗစ်တိုးရီယားနှင့် အယ်လဘာတ် ပြတိုက်မှာ ပြထားပါတယ်။ ကုန်းဘောင်ခေတ်အမျိုးသမီးဝတ်စားဆင်ယဉ်မှုလို့ ဆိုသော်လည်း ၁၉၅၁ ဝန်းကျင် မန္တလေး အရပ်သူတွေကတော့ အခန်းနားပွဲတွေမှာ ဝတ်ဆင်လေ့ရှိနေပါသေးတယ်။

ဇာတ်ပွဲတွေ ကပြတဲ့အခါမှာ ဘယ်ခေတ်ကဇာတ်တော်ကို ပုံဖော်တာဘဲဖြစ်ဖြစ် ကုန်းဘောင်ခေတ်အဝတ်စားနှင့်သာ တွေ့နေရပါသေးတယ်။



10/3/09

၁၈၆၀ ခုနှစ်များဆီက အမျိုးသားဝတ်စုံ






၁၈၆၀ ခုနှစ်ဝန်းကျင်လောက်က အမျိုးကောင်းသားတွေဝတ်တဲ့ ဝတ်စုံပါ။ လွန်းတစ်ရာကြိုးကြီးချိတ် တောင်ရှည်ပုဆိုး၊ ချည်ထည်ကိုယ်ကျပ်အင်္ကျီ ဝတ်ဆင်ထားတဲ့ အမျိုးသားဟာ ၁၈၆၀ ခုနှစ်လို အချိန်ခါမျိုးမှာတော့ ခေတ်ရှေ့ပြေးဝတ်စားဆင်ယဉ်မှုပါဘဲ။ အတည်ပြုလို့မရနိုင်တဲ့ ပါးစပ်ရာဇဝင်တွေအရ အပေါ်အောက်တခါတည်းဆက်ထားတဲ့ အဝတ်ပေါ်ခဲ့ဖူးတယ်လို့ဆိုတယ်။ သို့သော်လည်းဘဲ ဘယ်လိုပုံစံရယ်လို့တော့ ပြည်တွင်း၊ ပြည်ပ စာအုပ်တွေမှာ ဖော်ပြတာ မတွေ့ဖူးသေးပါ။
အဆင်သွေး၊ ဒီဇိုင်း ၊ လက်ရာ တွေကို အသေးစိတ်ရေးစရာမလိုတော့ပါ။ ပုံပေါ်မှာ ကလစ်နှိပ်ကြည့်ရင် အသေးစိတ်မြင်ရပါလိမ့်မယ်။

9/24/09

စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။


အမျိုးအစား - စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.256 to B-1960


ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကိုအသေအချာမသိရပါ။ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။
သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။

သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ် ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။ ဘယ်သူ့ဝတ်စုံရယ်လို့တော့ အသေအချာမပြောနိုင်သေးပါ။

9/21/09

အတွင်းဝန်မင်း ဝတ်ရုံ


























အမျိုးအစား - အတွင်းဝန်မင်း ဝတ်ရုံ
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသောအတွင်းဝန်မင်း ဝတ်ရုံ။

လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက်ပစ္စည်း အမှတ် - IM.44 to E, G, H-1912








ခုမြင်နေရတဲ့ ဝတ်ရုံဟာ မင်းတုန်းမင်း( ၁၈၅၂-၁၈၇၈ )၊ သီပေါမင်း(၁၈၇၈-၁၈၈၅) လက်ထက် အတွင်းဝန်မင်း ဝတ်ရုံဖြစ်တယ်။ ညီလာခံ နဲ့ အခန်းနားပွဲတွေမှာဝတ်ဆင်လေ့ရှိပါတယ်။ ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယဉ်မှု ဟာ ယိုးဒယား နန်းတွင်းဆင်ယဉ်မှုကို အတုယူတယ်လို့ အနောက်တိုင်းပညာရှင်တချို့ကဆိုပါတယ်။

9/16/09

ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ




















































































































အမျိုးအစား - ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်

တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။

အတိုင်းအတာ
အပေါ်ဖုံးဝတ်ရုံ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၁၂ စင်တီမီတတာ
လက်အရှည် - ၅၀ စင်တီမီတာ

ဘေးအကျယ် - ၅၁ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )


ပုဆိုး
/
ပုဆိုး အနံ - ၂၃၉ စင်တီမီတာ
ပုဆိုး ကွင်းအကျယ် - ၄၄ စင်တီမီတာ

အတွင်းခံ အင်္ကျီဖြူ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၀၉ စင်တီမီတာ

လက်အရှည် - ၈၇ စင်တီမီတာ
ဘေးအကျယ် - ၄၆ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )

ခေါင်းစီး
/ ခေါင်းပေါင်း
ခေါင်းစီးကြိုး အလျား - ၅၀ စင်တီမီတာ

ခေါင်းပေါင်း အတွင်းကျယ် - ၁၆.၅ စင်တီမီတာ

ခေါင်းပေါင်း အမြင့် - ၂၆.၅ စင်တီမီတာ


လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်

ပြတိုက်ပစ္စည်း အမှတ် - IM.43 to D-1912

အခုမြင်နေရတဲ့ မြန်မာဘုရင် ဝန်ကြီးဝတ်စုံဟာ မင်းတုန်းမင်း(၁၈၅၂-၁၈၇၈) နှင့် သီပေါဘုရင် (၁၈၇၈-၁၈၈၅) လက်ထက်အထိ အမှူ့ထမ်းခဲ့တဲ့ ' ကင်းဝန်မင်းကြီး ဦးကောင်း"ရဲ့ နန်းတွင်းဝတ်စုံဖြစ်တယ်။

ကင်းဝန်မင်းကြီး သက်ရှိထင်ရှားရှိစဉ်က အမှန်တကယ်ဝတ်ခဲ့တဲ့ ဝတ်စုံအစစ်ဖြစ်ပါတယ်။ မြန်မာ့ ယဉ်ကျေးမှူ့ဆိုင်ရာ ရှေးပစ္စည်းတွေထမ်းသိမ်းရာမှာ အကောင်းဆုံး ဖြစ်တဲ့ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် မှာပြသထားပါတယ်။ ဒီဝတ်စုံကို ဘယ်လိုကနေဘယ်လို ရတယ်လို့ ပြတိုက်က အရိပ်အမွတ်တောင် မပြောပါ။

ပြတိုက်က ဒီဝတ်စုံကို ဘယ်လိုရတယ်ဆိုတာစိတ်ဝင်စားစရာပါ။ အင်္ဂလိပ်တွေဟာ မန္တလေးဘုရင့်နန်းတော်ကို မသိမ်းမှီကနေ သိမ်းယူပြီးနောက်အတော်ကြာတဲ့အထိ
ကင်းဝန်မင်းကြီးဦးကောင်းရဲ့အကူညီတွေအများကြီး ယူခဲ့၊ ရခဲ့ပါတယ်။ တည့်တည့်ပြောရရင် ကောင်းကောင်းအသုံးချတာပါဘဲ။

ကင်းဝန်မင်းကြီးအကြောင်း ရေးထားပြီးသား စာတမ်းတွေ အမြောက်အများ ရှိပြီးဖြစ်လို့ ထပ်မရေးတော့ပါ။
ရုရှား လူမျိုး ပါဠိ နဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ မြန်မာဘုရင်ပါတော်မူပြီးဖြစ်နေပါလျှက် မြန်မာဝန်ကြီးအချို့ ဟာ ယခင်နန်းတွင်း အခစားဝင်စဉ်ကအချိန်အတိုင်း နန်းတော်ထဲ အခစားဝင်မြဲဝင်နေသေးတာကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ နာမည်အတိကျ မပါ။

9/13/09

မိဖုရားဝတ်ရုံ




အမျိုးအစား - မိဖုရားဝတ်ရုံ
အချိန်ကာလ - ၁၈၆၀ ဝန်းကျင်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ

ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပုဇွန်ဆီရောင်၊ အစိမ်းရောင် ၊ ရွှေ ၊ ငွေ ၊ စီးကွင့်၊ ဘော်ကြယ်၊ နန်းကြိုး စတာတွေကို အသုံးပြု၍ စီရင်ချုပ်ထားသော ရွှေချည်၊ ငွေချည်ထိုး ဝတ်ရုံ။

လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.45 to C, E, F-1912

ပြတိုက်မှူးတွေရဲ့အဆိုအရ မင်းတုန်းမင်း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ့ရဲ့မိဖုရားတွေထဲက တစ်ပါးအတွက် ရည်ရွယ်ပြီး ဒီ ဝတ်ရုံတော်ကို ချုပ်လုပ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒီတော့ ပြောစရာပေါ်လာပြန်တယ်။ ဘယ်မိဖုရားလဲ။ ရွှေတိုက်တော်စာရင်း ( Official Records ) အရ မင်းတုန်းမင်းမှာ တရားဝင်အမည်ပေါက် မိဖုရား ၆၀ ရှိပါတယ်။ အမည်မပေါက်တဲ့ သာမန် ဆောင်ရမိဖုရား ၊ ကိုယ်လုပ်တော်ဆိုတာတွေလည်းရှိပါသေးတယ်။


တင်းကျပ်တဲ့ သက်ဦးဆံပိုင် စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတဲ့ ကုန်းဘောင် နန်းတွင်းမှာ ခစားသူတွေရော၊ ဝတ်စားဆင်ယင်ထားတဲ့ ဝတ်ရုံ ကွဲပါတယ်။

ဝတ်ရုံမှာ အလှဆင်ထားတဲ့ အရာ တစ်ခုခြင်းဆီမှာ သီးခြားအဓိပ္ပါယ်ဖော်ဆောင်တာရှိသလို ရာထူးအဆင့်တန်းကိုပါ ဖော်ပြတယ်။
( သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မထင်ရင် မထင်သလို ဝတ်ထားတဲ့ ဝတ်ရုံ၊ ရာထူး နဲ့ နောက်ဆုံး အသက်ပါ အချိန်မရွေးဆုံးပါးရလေ့ရှိတယ်)

ကိုလိုနီခေတ်ဦးပိုင်း မြန်မာနိုင်ငံမှာ အမူ့ထမ်းခဲ့တဲ့ အရာရှိတစ်ဦးမှ ဒီမိဖုရားဝတ်စုံကို ဝယ်ယူခဲ့တာပါ။ သမိုင်းဆရာ ၊ ရာဇဝင်ဆရာ အတော်များများက ကုန်းဘောင်ရာဇဝင်အကြောင်းရေးထားတာတွေ အများကြီးရှိနေပြီမို့ အကျယ်မရေးတော့ပါ။

မြန်မာဘုရင်ရဲ့ နန်းတွင်း ပစ္စည်းနဲ့ ရတနာတွေဘယ်လိုပျောက်ကုန်တယ်ဆိုတာကိုတော့ သမိုင်းဆရာ ၊ ရာဇဝင်ဆရာတွေ သတိမထားမိဘူးထင်ပါတယ်။


ဒါပေသိ ရုရှား လူမျိုး ပါဠိ နဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ သီပေါမင်း မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ ဘုရင့်နဲ့ မိဖုရားအသုံးဆောင်အပါဝင် "နန်းတွင်းပစ္စည်း" လေလံပွဲတစ်ခုကို စလေဒင် ဦးဆောင်ပြီးလုပ်ခဲ့ပါကြောင်း။

8/30/09

ပေထက် အက္ခရာ ရေးကူးတင်ကျ ဟန် စဥ့်ကွင်း

လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် မှာရှိနေတဲ့ နောက်ထပ် မင်းကွန်း စဥ့်ကွင်း တစ်ခုပါ။
တတိယ သံဃာရတာတင်ဟန် စဥ့်ထယ်ကို အရင်ပိုစ်မှာ တင်ခဲ့ပြီးပါပြီ။
အစိမ်းရောင် စဥ့်ရည်သုတ်လိမ်းထားပြီးလက်ရာ အတော်တန်သေသပ်ပါတယ်။

အောက်ပိုင်းမှာ " ပေထက် အက္ခရာ ရေးကူးတင်ကျ ( ကြ ) ဟန်" လို့မြန်မာလို ရေးထားပါတယ်။

အမျိုးအစား - ပေထက် အက္ခရာ ရေးကူးတင်ကျ ဟန် စဥ့်ကွင်း
ပြုလုပ်ပုံနည်းပညာ - မြေထည်မီးဖုတ် စဥ့်ရည်သုတ် ခပ်နှိပ် ပုံဖော်
အချိန်ကာလ - ခန့်မှန်း ၁၈ ရာစုနှစ်နှောင်းပိုင်း ( ၁၇၉၁ ဝန်းကျင်)
တွေ့ရှိရာနေရာ - မြန်မာ၊ မင်းကွန်း
အရွယ်အစား- (၂၃.၅ x ၂၃.၁၈ x ၅.၄) စင်တီမီတာ
လက်ရှိတည်နေရာ - လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက်
ပြတိုက်အမှတ်- Gift of Marilyn Walter Grounds (AC1994.234.6.2)

8/29/09

တတိယ သံဃာရတနာတင်ဟန် စဥ့်ကွင်း





အမျိုးအစား - တတိယ သံဃာရတနာတင်ဟန် စဥ့်ကွင်း
ပြုလုပ်ပုံနည်းပညာ - ခပ်နှိပ် ပုံဖော် မြေထည်မီးဖုတ် စဥ့်ရည်သုတ်
အချိန်ကာလ - ခန့်မှန်း ၁၈ ရာစုနှစ် ( ၁၇၉၁ ဝန်းကျင် )
တွေ့ရှိရာနေရာ - မြန်မာ၊ မင်းကွန်း
အရွယ်အစား- (၂၃.၅ x ၂၃.၅ x ၄.၄၅) စင်တီမီတာ
လက်ရှိတည်နေရာ - ဒီလော့စန်းဂျလိစ် အရပ် အနုပညာပြတိုက်
ပြတိုက်အမှတ်- Gift of Marilyn Walter Grounds (AC1994.234.6.1)

================================================

မြန်မာပြည်က " မင်းကွန်း" ဆိုတဲ့ ရွာလေးတစ်ရွာမှာ ကမ္ဘာကျော်တာတွေက

မင်းကွန်း ဆရာတော်ဘုရားကြီး
မင်းကွန်း ခေါင်းလောင်းကြီး
မင်းကွန်း ပုထိုးတော်ကြီး

မင်းကွန်း ပုထိုးတော်ကြီးက စဥ့်ကွက်တွေ အတော်များများ အကြောင်းကြောင်းကြောင့် ပျောက်ပျက်ကုန်ပါပြီ။
ခေတ်အဆက်ဆက်မင်းတွေလည်း မင်းကွန်းပုထိုးတော်ကြီးဆိုရင် (တဘောင်) ကြောက်လို့ မပြင်ပါဘူး။

တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာလိုက်တာ အုတ်ပုံကြီးဖြစ်တဲ့အထိ ပြစ်ထားကြမယ်ထင်ပါတယ်။
အများသိပြီးသားဖြစ်တဲ့အတိုင်း မင်းကွန်းခေါင်းလောင်းကြီးတောင်မှ ကိုလိုနီခေတ်ဦးရောက်မှ အင်္ဂလိပ်လူမျိုးတစ်ဦးက ဦးဆောင်ပြီးလုပ်ခဲ့လို့ ဒီလိုမြင်ရတာပါ။

စဥ့်ကွင်းတွေကတော့ ကုန်သလောက်ရှိနေပါပြီ။ တချို့လည်းအခိုးခံရ ၊ တချို့ ရေထဲပါ။ တချို့ ဥရောပအထိ ရောက်တယ်။ ပေါ်ဦး ပြောတဲ့ ခြသေ့င်္ကြီး နှစ်ကောင်လည်း ယခုအချိန် ခြေလေးချောင်းတောင် ကောင်းကောင်းကျန်ပါဦးမလားမသိ။

မင်းတွေကလည်း မပြင်
လူတွေကလည်း မပြင်
သံဃာတော်တွေကလည်း မပြင်
ပညာရှင်တွေကလည်း မပြင်
ယူနစ်စကိုကလည်း မပြင်။ ဘာလို့များ မပြင်။

8/26/09

မမှားဘူးတဲ့ သမိုင်း သုတေသနသမား

မမှားဘူးတဲ့ သမိုင်း သုတေသနသမား ဆိုတာ မရှိပါ။

ဥရောပ၊ အမေရိကား ၊ အာဖရိက၊ အာရှ အစပြုလို့ ဘယ်သမိုင်းသုတေသနသမားမှ မမှားဘူးတဲ့လူမရှိပါ။

ဘာဖြစ်လို့မှားလဲဆိုတော့ " သမိုင်းသုတေသန" ဖြစ်နေလို့ဘဲ လို့ဖြေရပါလိမ့်မယ်။

အရေးကြီးဆုံးက အဆက်မပြတ်လေ့လာဖို့ နဲ့ အချက်လက်ပြည့်စုံသွားလို့ အဖြေမှန်ရလာတဲ့အခါ ရှေ့က မှားခဲ့တာကို " အမှားပြင်ဆင်ချက် " အနေနှင့် ပြင်ဖို့ပါ။

8/24/09

ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ


၁၀၇၂ (၁၇၁၀ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ

ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှူ့ဆိုင်ရာ အမှတ်လက္ခဏာ မပါတော့တဲ့ ရခိုင် ဒင်္ဂါးစာရင်း။
???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။
ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သေးပါ။

?????
နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )
???
ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )
?????
ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် နာရဓိပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )
အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)
အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )
ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
??????
ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )
ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)
ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )
????
ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)


ဒီ ဒင်္ဂါးပုံကို ရထားတာကြာပါပြီ။ စာလုံးတချို့ ပျက်နေတဲ့အတွက် ဖတ်ရတာ မသေချာသေးတာရယ် ၊ အတုများဖြစ်နေမလားလို့ သံသယရှိလို့ စစ်ဆေးနေရသေးတာရယ်ကြောင့် မတင်ဖြစ်ဘဲကြာနေတာပါ။

စကားလုံးသတ်ပုံ အယူအဆ၊ အဆွဲ ၊ ကောက်ကြောင်း အရ အစစ်လို့ရဲရဲပြောနိုင်ပါပြီ။
စိတ်ဝင်စားတဲ့လူများ ပုံရော စာပါ ယူသုံးနိုင်ပါပြီ။


8/23/09

တူရွင်းတောင် ဘုရားကျောက်စာ




တူရွင်းတောင် ဘုရားကျောက်စာ
ပုဂံအရှေ့တောင် ၊ တူရွင်းတောင်ထိပ်။ ပုံ ၄၅ ။ စာရင်း ၄၆၅ ။

၁။ သဂရစ် ၅၈၆ မြက္ကသိုလနှစ် တပို့တွဲ
၂။ လဆန်း ၂ ရက် ကြာသာပတေင့ အား အရည်း
၃။ ငစိုက်သင် နှင့် ၊ ငစင်သင်လုံ မိန့်ကြားကာ ငစ
၎။ င်သင် မအောင် ငစိုက်သင်အောင်၏။ တရားသူ
၅။ ကြီးကားအကျိုးရှိ ၁၊ စတ္တ(ရုယ်) ၁၊ ကစ္စကာပတိ
၆။ ယ် ၁၊ ကစ္စပကြုံ ။ ဤသူ ၄ ယောက်သောကား
၇။ တရား(ကွ)န်း သာယာတွင် မေး ပေသတေး၊
၈။ တူရင်တောင်ထက် ငစိုက်သင် ပုထိုး ၂ လုံး
၉။ ဂူတလုံးလှူသော ယာ ၄ ပယ် ကျွန်
၁၀။ (ကား) ငစွယ်ဘုရား ကျွေးစေသတေး (။) သားမြေး
၁၁။ (တွ)င်လည်းကောင်း သူလည်းကောင်း လူစားမူကား
၁၂။ အဝစိယ်ကား အထက်လူစားမူသောကား
၁၃။ အောက်ဖြစ်စေ သတေး။ အဆွေ အဝ(ာ:)
၁၄။ အတိုင်းမသိရပါစေ သတေး။



အကျဉ်းချုပ်မြန်မာပြန်

သက္ကရာဇ် ၅၈၆ ခု ( ၁၂၂၅ ) တောကျောင်းရဟန်း နှစ်ပါးဖြစ်တဲ့ အရည်း " ငစိုက်သင်" နှင့် " ငစင်သင်လုံ" တို့ မြေပိုင်ဆိုင်မှုအတွက် အမှု ဖြစ်တယ်။ အမှုကို တရားသူကြီး ၄ ဦးပါ တရားကွန်သာယာ ( တရားရုံး ) မှာစစ်ဆေး ဆုံးဖြတ်တယ်။ ငစိုက်သင် တရားအောင် ( တရားနိုင် ) တယ်။ တရားနိုင်သူ ငစိုက်သင် က တူရွင်းတောင်ထက် မှာ ပုထိုး ၂ လုံး၊ ဂူ ၁ လုံး နဲ့ ဘုရားကျွန် အဖြစ် " ကျွန်ငစွယ်" ကိုလှူတယ်။

သူ့ကောင်းမှုကို လု့ယက်ဖျက်စီးသူမှန်သမျှသည် အဝီသို့ ကျပါစေ သတည်း။ သူ့ကောင်းမှုကုသိုလ် အကျိုးကို အဆွေပါးအားလုံး ရပါစေသတည်း၊ လို့ တိုတိုဘဲရေးခဲ့တယ်။
ကျောက်စာက တိုသလောက် လေ့လာစရာ များပါတယ်။ပညာရှင်အများစု အဆိုအရ " ရဟန်းနှစ်ပါး အမှုဖြစ်တာ" ၊ ဒီအမှုကို " လူ တရားသူကြီး " က ဆုံးဖြတ်တာ၊ တရားသူကြီး ၄ ဦးထား ဆုံးဖြတ်တာ စသဖြင့် အထူးအဆန်းဖြစ်စေတယ်လို့ ဆိုတယ်။

ကျွန်တော်သတိထားမိတာက အလှူရှင်ဟာ ရဟန်းဖြစ်နေပါရက် ဘာလို့များ သူ့ကောင်းမှုအတွက် " ကျိန်စာ " တိုက်ခဲ့သလဲဆိုတာပါ။


ဒေါက်တာ သန်းထွန်းရဲ့ စာတမ်းမှာ " အရည်း ငစိုက်သင် " ဟာ တောကျောင်း ရဟန်းဖြစ်တယ်လို့ အခိုင်အမာ ဆိုထားတယ်။

ဒင်္ဂါးရှာပုံတော်

ရခိုင် ဒင်္ဂါးကိုလာကြည့်တဲ့လူတွေများတာသိရတယ်။

ဒီပုံကို ဘလော့တော်တော်များများမှာ မြင်ဖူးကြပါလိမ့်မယ်။မူရင်းက နေး ဆိုယ်ဝါဒ် ဒီဒီ ( Neil Sowards, D.D.) ရဲ့ မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) ဆောင်းပါးပါ။ မူရင်းစာရေးသူမှာ ခရစ်ယာန် သင်းအုပ်ဆရာဖြစ်ဟန်တူပါတယ်။ ရှေးဟောင်းရှားပါး ဒင်္ဂါး( ငွေအကြွေစေ့ ) စုစောင်းသူလည်းဖြစ်တဲ့အလျှောက် မြန်မာပြည်ရောက် တဲ့အခါတိုင်း ဒင်္ဂါးရှာပုံတော်ဖွင့်ပါတယ်။ မြန်မာပြည်ကို အသင်းတော်ကိစ္စနဲ့ ၁၃ ခေါက်ရောက်ဖြစ်တာရယ် ၊ သင်းအုပ်ဆရာဖြစ်တာရယ်ကြောင့် မြန်မာအကြောင်း အတော်အတန် သိပုံရမယ်ထင်ပါတယ်။

သူပြောပြလို့ အဲဒိခေတ်အခါက ရှေးဟောင်းပစ္စည်ရောင်းဝယ်ပုံကို စိတ်ဝင်စားဖွယ်ဖတ်ရပါတယ်။ စာရေးသူအဆိုအရ သူရောက်ခဲ့တဲ့အချိန်တုန်းက ခန့်မှန်းလူဦးရေ ၄၅ သန်းလောက်ရှိတဲ့ မြန်မာပြည်မှာ ဒီလို ရှေးဟောင်းရှားပါး ဒင်္ဂါး အကြောင်းနှံ့နှံ့စပ်စပ်သိတဲ့လူ( လေ့လာစုစောင်းသူ) ၅ ဦးထက်မပိုဘူးလို့ဆိုပါတယ်။ ခုချိန် မျိုးဆစ်သစ် လူငယ်တွေထဲမှာရော ဘယ်နှစ်ယောက်ရှိနိုင်မလဲ မေးလာခဲ့ရင် ဖြေရခက်ပါတယ်။

The people are wonderful and friendly နဲ့အဆုံးသတ်ထားတဲ့ သူ့ဆောင်းပါး၊ အကြောင်းရာနဲ့ အရေးသားကို ကြိုက်ပါတယ်။ ဒါပေမယ့် သူရေးခဲ့တာကိုပြင်စရာရှိပါတယ်။



Photo caption:
Top left: Kingdom of Pyu lead coin 500-800 AD, bird left.
Top right Kingdom of Funan, silver 190-550 AD, rising sun.
Center: Srekshetra silver 1/100 unit 750-832 AD unknown symbol
Bottom Right: Sanda Thudhamma Silver 1652 AD Burmese writing.
U. S. Dime is reference as to size.

ငှက်ပုံပါ သတ္တု ပုံစံခွက်ကို အေဒီ ၅၀၀-၈၀၀ ပျူ ဒင်္ဂါးလို့ပြောထားပါတယ်။ မဟုတ်ပါ။ အိုးလုပ်စဉ် ပန်းပုံနဲ့ အစက်ပျောက်တွေ ပုံဖော်ရာမှာသုံးတဲ့ တံဆိပ်တုံး ဖြစ်နိုင်ပါတယ်။


တက်သစ်စ (နေ) ပုံပါ ဒင်္ဂါးကိုတော့ ကမ္ဘောဒီးယား ရှေးဟောင်း မြို့တော် ဖူနန် လို့ပြောထားပါတယ်။ သီရိခေတ္တရာ မြို့ဟောင်း တူးဖော်စဉ် သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပုံပါ ဒင်္ဂါးအရွယ် ရွံ့ပြားပုံစံခွက် တွေ့ထားလို့ သီရိခေတ္တရာ မှာလည်း ထုတ်လုပ်နိုင်ဖွယ်ရာရှိပါတယ်။ ဖူနန် ဒင်္ဂါး လို့တော့ အတိကျပြောလို့မရနိုင်သေးပါ။

အလယ်မှာရှိနေတဲ့ ရွှေ အပိုင်းစ ကလဲ ဒင်္ဂါးမဟုတ်ပါ။ သီရိခေတ္တရာ မြို့ဟောင်း ကရတဲ့ ရွှေထယ်အတော်များများကို မြန်မာပြည်မှာထက် ထိုင်း နဲ့ စင်္ကာပူမှာ အတွေ့ရပိုများပါတယ်။ လူကြိုက်များပါတယ်။

၁၀၁၄ ( အေဒီ ၁၆၅၂ ) ခုနှစ် ရွှေနန်းသခင် စန္ဒသုဓမ္မာ အမှတ်တံဆိပ်ပါ ဒင်္ဂါးကတော့ ရခိုင်ဒင်္ဂါး ဖြစ်ပါတယ်။

မူရင်း ဆောင်းပါးကို အောက်မှာပေးထားတဲ့ လင့်မှာသွားဖတ်နိုင်ပါတယ်။
http://www.michigancoinclub.org/burma.html

8/10/09

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်


ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်

တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)

တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။

အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားက အကြီးဆုံးရုပ်ပွါးတော်တွေထက် ၁၈မီတာ ပိုရှည်လို့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်အဖြစ်မှတ်တမ်းဝင်တယ်။


ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ ဆံကျစ်တော် ပေါင်း ၁၀၂၁ ရှိကာ
အမြင့် ၇၁ မီတာ။
ပခုံးအကျယ် ၂၈ မီတာ။
မျက်နှာတော် အရှည် ၁၄.၇ မီတာ နဲ့ မျက်နှာပြင်အကျယ် ၁၀ မီတာ။
နားရွက်တော် ၈.၅ မီတာအရှည်။
မျက်လုံးတော် ဘေးအကျယ်၃.၃ မီတာ။
လက်ခလယ် တစ်ချောင်းတည်းရဲ့ အရှည်ဟာ ၈.၃ မီတာ။
ခြေဖဝါးတော် ၁၁ မီတာ ရှည်ပြီး ဘေးအကျယ် ၈.၅ မီတာ။

တရုတ်နိုင်ငံ " တန် " မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာစတင် ထွင်းထုပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်တယ်။ ခေတ်အဆက်ဆက် မင်း နဲ့လူတွေ ထိမ်းသိမ်းလာခဲ့ တာ နှစ်ပေါင်း ၁၂၀၀ ကျော်လာပါပြီ။

လီရှန်မြစ်ဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေ ဟာလည်းဘဲ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ အပင်တွေ ဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်မှာ ယူနစ်စကို အဖွဲ့ကြီးရဲ့ " ကမ္ဘာ့ ယဉ်ကျေးမှု နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ " ဆိုက်တစ်ခုအဖြစ် စာရင်းသွင်းခဲ့တယ်။

အောက်မှာ ပေးထားတဲ့ ယူနစ်စကို ဆိုက်မှာ ပုံတွေသွားကြည့်နိုင်ပါတယ်။
http://whc.unesco.org/en/list/779
==============================================================
စကားချပ် > ပြီးခဲ့တဲ့ စီချွမ် ငလျင်ကြီးမှာ လီရှန် ဗုဒ္ဓရုပ်ပွါးတော်ကြီး အထိအခိုက်မရှိလို့ သိရပါတယ်။

8/1/09

" ပြလမ္ဗနာသန"




ယေဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာ ဂတော
အာဟ တေသဉ္စ ယောနိ ရောဓေါ
ဧဝံ ဝါဒီ မဟာ သမဏော

ခန္ဓာရဲ့ဖြစ်ခြင်း အစဟာ သမုဒယဖြစ်တယ်။ သမုဒယရဲ့ ဖြစ်တည်ရာကို ပြောပြတယ်။ ချုပ်ငြိမ်းစေရာ ဖြစ်တဲ့ နိရောဓတရားကို ပြောပြ ခြင်းသည် ဘုရား၏အဆုံးမ ဝါဒဖြစ်သည်။

ကျွန်တော်ဒီလိုဘဲနားလည်တယ်။ ဒိထက်ရှင်းမပြတတ်ပါ။
လာဖတ်တဲ့ သူများရှင်းပြခဲ့ရင် ကောင်းမယ်။

ခရစ် (Chris ) ပြောသလို ထူးခြားတဲ့ ဟန်ဆိုသော်လည်း အရေတွက်မနည်းဘူလို့ ပညာရှင်တွေ ယူဆထားပါတယ်။ ဗုဒ္ဓ ရုပ်ပွါးတော်တွေရဲ့ ဟန်ပန်ကို ခွဲခြားရာမှာ.

" လက်တော်ဟန်ထား" " မုဒြာ " ( Mudra ) လို့ခေါ်တယ်။

" ခြေတော်ဟန်ထား" " အာသန " ( Asanas ) လို့ခေါ်ပါတယ်။

ခုမြင်နေရတဲ့ မြေပုံဘုရား မှာ ဗုဒ္ဓ ရုပ်ပွါးတော်ရဲ့ လက်တော်ဟန်ထား" တရားဟော( တရားပြ ) ဟန်
" ဓမ္မစကြာမုဒြာ " ( Dharmacakranmudra ) ဖြစ်တယ်။

" ခြေတော်ဟန်ထား" က ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ( Pralambana`sana) ဖြစ်ပါတယ်။

ဒီလိုခြေတော် စုံချထားတဲ့ ဟန်ဟာ ပျူခေတ်ကတည်းက ရှိခဲ့တဲ့ ဟန်လို့ ပညာရှင်တွေ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ " ဂန္ဓာ
" မှာတော့ အေဒီ ၂-၃ ရာစုမှာကတည်းကရှိခဲ့တယ်။

အာဖဂန်နစ်စတန် ဘာမိယံ ( Bamiyan) မှာတော့
အေဒီ ၃-၄ ရာစုကတည်းကရှိခဲ့တယ်။ တာလီဘန်တွေ ဖျက်စီးပစ်လို့ အတော်များများ ပျက်စီးကုန်ပါပြီ။

ယေဓမ္မာ ဟေတုပ္ပ ဘဝါ



yes, feel free to use anything you like from my photographs. I took that one because the Buddha's legs were down in front of him. Most unusual. all the best, Chris



လေးကြောင်းစာပါ မြေပုံဘုရာ တစ်ဆူကို ခရစ် (Chris ) စုဆောင်းထားတဲ့ Flicker Site မှာအမှတ်မထင်တွေ့ပါတယ်။ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ကို အလည်ပတ်ရောက်စဉ် ထူးထူးခြားခြား (ခြေနှစ်ဘက်ချဟန် )ဖြစ်လို့ ရိုက်ယူခဲ့တယ်လို့ဆိုပါတယ်။

အများလေ့လာဖို့ရာ ယူသုံးခွင့်ပြုပါလို့ ခွင့်တောင်းတဲ့အခါ အထက်ပါစာအတိုင်း နှစ်သက်ဖွယ် အကြောင်းပြန် ခွင့်ပြုပါတယ်။ အရွယ်အစား နဲ့ အချက်လက်အပြည့်အစုံရဖို့ ပြတိုက်ကို လှမ်းမေးရပါဦးမယ်။

ပုဂံခေတ်မြေပုံဘုရားသမိုင်းရေးထားတဲ့ စာများများမရှိသေးပါ။ သိသလောက်ပြောရရင် ကျောက်စာဝန်ဟောင်း ဦးမြကနှစ်အုပ်တွဲရေးပါတယ်။ ဒီစာအုပ် ရှာမရသေးပါ။

ဒေါက်တာသန်းထွန်းက မြန်မာ့မြေထယ်ပစ္စည်းများစာတမ်းမှာ တခြားမြေထည်နှင့်အတူ ရေးထားတာဖတ်၊မှတ်လေ့လာရပါတယ်။ ပုံမပါဘဲ စာတွေချည်း မှတ်ရတဲ့အခါ စိတ်ထဲအားရကျေနပ်မှု မရှိဘူးလို့ စိတ်ထဲရှိတဲ့အတိုင်းဆိုချင်ပါတယ်။

မြန်မာဘာသာရေး သမိုင်းသုတေသန ဆိုင်ရာ စာတမ်း၊ စာအုပ်တွေရဲ့ အားနည်းချက်က ပုံမပါတာပါဘဲ။ ဘယ်နှစ်ခုနှစ်၊ ဘယ်နားမှာ တူးဖော်ရရှိတဲ့ ရှေးပစ္စည်းမှာ
ဘယ်လို လေ့လာတွေ့ ရှိပါတယ် ဆိုပြီး စာတွေအများကြီးရေးထားသော်လည်းဘဲ ပုံမပါ။

စာပြသမိုင်း ဆိုတာထက် ပုံပြသမိုင်းကသာ လူတွေကို ပိုစိတ်ဝင်စားစေနိုင်လိမ့်မယ်၊ လေ့လာလိုသူတွေ အတွက် အကျိုးများမယ်လို့ ယုံကြည်မိပါရဲ့။

ခုတော့ ဒေါက်တာသန်းထွန်းရေးထားတဲ့ စာကို ဖြည့်စွတ်ရေးသားဖို့ ဆိုတာအသာထားလို့ သူရေးထားတဲ့ စာတမ်းထဲက စာတွေကို အမှန်တကယ် ပစ္စည်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ရာ အချိန်အများကြီးပေးပြီး စုဆောင်း ရှာဖွေရပါဦးမယ်။

မြေပုံဘုရားတွေကို ပျူခေတ် ခန့်မှန်း ၅ ရာစု လို့ပညာရှင်အများစုက ဆိုပါတယ်။
မြေပုံဘုရားတွေမှာ ဘယ်အချိန်မှာစပြီး စာရေးလဲဆိုရင် အနိရုဒ္ဓ ( အနော်ရထာ ) မင်းဘွဲ့ပါစာ မြေပုံဘုရားအများအပြားတွေ့ရပြီမို့ ၁၁ ရာစုဦးပိုင်း ပုဂံ၊ လို့အသေအချာပြောနိုင်ပါတယ်။

မြေပုံဘုရား အတော်များများမှာ " စာ " ပါတဲ့အတွက် ခေတ်ပြိုင်အထောက်အထားအဖြစ် လေ့လာလို့ရပါတယ်။ ပုဂံခေတ်မြေပုံ ဘုရားလို့ဆိုတဲ့အခါ အလှူရှင်တွေဟာ အုပ်ချုပ်သူ မင်း၊ မိဘုရား၊ အမတ်၊ ရဟန်း ၊ ရသေ့ ၊ အမှု့ထမ်း ကနေ သာမန်အရပ်သူ၊ အရပ်သားတွေအထိပါတယ်။

အလှူရှင်နာမည်၊ အလှူပစ္စည်း ဒါမှမဟုတ် ဆုတောင်းစာတွေကို ၊ မြေပုံဘုရား နောက်ကျောဘက် ဒါမှမဟုတ် အောက်ခြေဘက်ပိုင်းမှာ ရေးထိုးထားလေ့ရှိပါတယ်။

ဆေးဘက်ဝင် သစ်သီး၊ သစ်ပင်၊ နာမည်တွေရေးထာတဲ့ မြေပုံဘုရားတွေလည်းရှိပါတယ်။
စာတွေကို နာဂရီ ၊ သက္ကတ၊ မွန်၊ ပါဠိ ဘာသာနဲ့ ရေးတယ်။

အခုမြင်နေရတဲ့ မြေပုံဘုရား အောက်ခြေမှာ စာလေးကြောင်းရေးထားတာတွေ့ရပါတယ်။ စာတော်များများက ဖတ်မရအောင် ပျက် နေပါပြီ။

မြေပုံဘုရားအောက်ခြေမှာ ရေးထားတာရယ်၊ လေးကြောင်းစာဖြစ်နေတာရယ် ကြောင့် " ယေဓမ္မာ" ဂါထာဖြစ်မယ်လို့ ကောက်ချက်ချလိုပါတယ်။
အသေအခြာပြောနိုင်ဖို့ စာအဟောင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးဖတ်ကြည့်ရပါဦးမယ်။


ယေဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာ ဂတော
အာဟ တေသဉ္စ ယောနိ ရောဓေါ
ဧဝံ ဝါဒီ မဟာ သမဏော

ယေဓမ္မာ = အကြောင်းခန္ဓာငါးပါး တေဘူမကဝဋ်တရားတို့သည်
ဟေတုပ္ပ ဘဝါ = အကြောင်းဖြစ်သော သမုဒယ သစ္စာသာလျှင် အမွန်အစရှိ ကုန်၏
တေသံ = တေသံ ဓမ္မာနံ ထိုခန္ဓာငါးပါး အစရှိသော တရားတို့၏
ဟေတုံ = အကြောင်းဖြစ်သော သမုဒယတရားကိုလည်း
တထာ ဂတော = မြတ်စွာဘုရားသည်
အာဟ = ဟောတော်မူ၏
တေ(တေသံ) = တေသံ ဓမ္မာနံ ထိုအကြောင်းဖြစ်သော သမုဒယသစ္စာတရားတို့၏ ယောနိရောဓေါ အပြင်ချုပ်ငြိမ်းရာ ဖြစ်သော နိရောဓသစ္စာသည် အတ္ထိ ရှိ၏
သဉ္စ (တဉ္စ) = ထိုနိရောဓသစ္စာကိုလည်း တထာဂတော မြတ်စွာဘုရားသည် အာဟ ဟောတော်မူ၏
မဟာသမဏော = ရဟန်းကြီးဖြစ်သော ဘုရားရှင်သည်။
ဧဝံဝါဒီ = ဤသို့သော အယူရှိတော်မူ၏။

သက္ကတ-အင်္ဂလိပ် အဘိဓာန်

သက္ကတ-အင်္ဂလိပ် အဘိဓာန် စာအုပ်ပါ။
ရထားတာကြာပါပြီ။ ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။

မူရင်း သက္ကတ- အသံထွက် - အင်္ဂလိပ် ။
အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်။
http://www.mediafire.com/file/mwdwhdmyvuo/Sanskrit - English Dictionery.pdf
( New link, updated on 04.10.09)

လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။။

အင်္ဂလိပ်- ပါဠိ သဒ္ဒါ

ဟားဗာဟ်ကောလိပ် စာကြည့်တိုက်မှာရှိတဲ့ Francis Manson D.D ပြုစုထားတဲ့ အင်္ဂလိပ်- ပါဠိ သဒ္ဒါစာအုပ် ။
၁၈၆၈ ခုနှစ်မှာထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပေမယ့် မြန်မာစာတကွရှင်းပြထားလို့ သိပ်အသုံးဝင်ပါတယ်။
Google ကရထားတာပါ။
ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။

အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်။

http://www.zshare.net/download/63458055b198a633/






လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။။

ပြင်သစ်-ပါဠိ သဒ္ဒါ

ပြင်သစ်-ပါဠိ သဒ္ဒါစာအုပ် ။
Google ကရထားတာပါ။
ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။


အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်။

http://www.zshare.net/download/63457703a18bb025/


လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။။

ပြင်သစ်-ပါဠိ

ပြင်သစ်-ပါဠိ အဘိဓာန်။ Google ကရထားတာပါ။
ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။



အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်

http://www.zshare.net/download/63457320ad26663b/

လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။

7/26/09

မတ်ရပ် မင်းဝတ်ဘုရား


မြန်မာ့ အနုပညာလက်ရာနဲ့ ရှေးပစ္စည်းတွေကို အကောင်းဆုံး ထိမ်းသိမ်းပြသတဲ့နေရာ၊ ယုံကြည်အားကိုးလောက်တဲ့ အချက်လက်တွေအပေးနိုင်ဆုံး ပြတိုက် ကိုပြပါဆိုရင်

(၁) အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာရှိတဲ့ ဗစ်တိုးရီးယား(မြန်မာအခေါ် ဝိတိုရိယ) နှင့် အယ်ဘာတ် ပြ
တိုက်
(၂) ဗြိတိလျှ ပြတိုက်


ကျန်တဲ့ပြတိုက်တွေရှိပေမယ့် မြန်မာ ပစ္စည်းတွေကို ပြချင်တဲ့အခါမှာ ပြတယ်။
မပြချင်တဲ့အခါ ချောင်ထိုးထားတတ်ပါတယ်။

အခုမြင်နေရတဲ့ မတ်ရပ် မင်းဝတ်ဘုရားဟာ အမေရိကန် နိုင်ငံ လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် ( Los Angeles County Museum of Art )မှာပြသထားတဲ့ ရုပ်ပွါးတော်ဖြစ်ပါတယ်။

အမျိုးအစား - မတ်ရပ် မင်းဝတ်ဘုရား
အချိန်ကာလ - ၁၃ ရာစုနှောင်းပိုင်း
တွေ့ရှိရာနေရာ - ပုဂံ ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - သစ်သားပန်ပုထုပုံသွင်း ထုယူပါတယ်၊ကိုယ်ထယ်ပေါ်သစ်စေးသုပ်လိမ်းပြီဆေးချယ်အလှဆင်။


အရွယ်အစား -
အမြင့် ၆၀ လက်မ
ဘေးအကျယ် ၁၂ လက်မ
ထုအထူ ၅ လက်မခွဲ

လက်ရှိတည်နေရာ - လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် ဟယ်ရီ လင်းနာဒ်( Harry Lenart ) အောင့်မေ့ဖွယ်ရာ ရန်ပုံငွေ နဲ့ ဝယ်ယူတယ်လို့ဆိုပါတယ်။ ဘယ်သူဆီက၊ ဒါမှမဟုတ် ဘယ်ကဝယ်တယ်လို့ မပြောပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က Victoria & Albert Museum မှာပြသထားတဲ့ ရှေးပစ္စည်းတချို့ ကို ဒီလော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် မှာတွေ့ရပါတယ်။ ပြတိုက်အချင်းချင်း လှူတယ်ဖြစ်မယ်ထင်ပါတယ်။
မြန်မာပစ္စည်းမဟုတ်ပါဘဲ " ဘာမား " ဆိုပြီးပြထားတဲ့ ပစ္စည်းတချို့ ကိုလည်းတွေ့ရပါတယ်။

7/25/09

ကိုယ်ပိုင်အခွင့်ရေး


ဒီဘလော့ဟာ မြန်မာယဉ်ကျေးမှု နဲ့ သမိုင်းသုတေသန ဆိုင်ရာစာတွေကို ဦးစားပေးတင်တယ် ဆိုပေမယ့် မြန်မာမှ မြန်မာ သာသာထိုးထိုး မရေးပါ။ မြန်မာအကြောင်းအကောင်းကြီးဘဲပါမယ်လို့ မထင်ပါနဲ့လို့ ဆိုပါရစေ။ တွေ့၊ မြင်၊ သိ တာကိုဘဲရေးတယ်။

စာဖတ်ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးဝေဖန် တယ်ဆိုတာ စာဖတ်သူတိုင်းရဲ့ ကိုယ်ပိုင်အခွင့်ရေးပါ။ ယူကြပါ။

ကျွန်တော် ဒီပညာကို လေ့လာလိုက်စားတာ ၂ နှစ်တောင် မပြည့်သေးဘူးလို့ ပြောလို့ရပါတယ်။
တော်လို့၊ တတ်လို့ ရေးတာ မဟုတ်ပါ။ အသက်ကြီးမှ စာသင်ချင်တဲ့ ဂွတိဂွကျ ကျောင်းသား တစ်ယောက်အဖြစ်သာ ကိုယ့်ကိုကိုယ်မှတ် ယူထားပါတယ်။

သမိုင်းနှင့် သုတေသန ဆိုင်ရာ ပညာလေ့လာလိုက်စားတယ်လို့ ဆိုရာမှာ သာမန်လူသားတစ်ယောက်လိုဘဲ ဆရာရှိပါတယ်။ ဆရာဆိုရာမှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ ဆရာတွေက အမှားတွေသင်တတ်ပါတယ်။ သူတို့ကိုယ်တိုင်ကတော့ မှန်တယ်လို့ ခံယူထားတဲ့ အရာမျိုးပါ။


တချို့က အမှားကို အမှားမှန်းမသိဘဲ သင်ပေးတယ်။ တချို့ကတော့ မှားမှန်းသိသိကြီးနှင့် သင်တယ်။ တချို့အမှားမျိုးဆိုတာကတော့ အချက်အလက်မပြည့်စုံသေးပါဘဲ အနီးစပ်ဆုံး ဖြစ်နိုင်ခြေကို ကောက်ချက်ချတဲ့အမှားမျိုးပါ။ အပြစ်မဆိုသာ။


တချို့ဆရာတွေက မှားမှန်းသိတဲ့အခါ " အရင်တုန်းက ဒီလိုပြောတာမှားတယ်၊
ဒီလိုပြင်ချင်တယ် " ဆိုပြီးပြင်ပါတယ်။ တချို့တချို့က မှားမှန်းသိသော်လည်း သေတဲ့အထိဝန်မခံ၊ တနည်းပြောရရင် အမှားကို ဝန်မခံပါ။

ကျွန်တော့ ဆရာက ဒေါက်တာသန်းထွန်းပါ။ သို့ပေမယ့် ကျွန်တော်က သမိုင်း မေဂျာကျောင်းသား မဟုတ်သလို၊ ဒေါက်တာသန်းထွန်း နဲ့လည်း တစ်ခါမှ မျက်နှာချင်းဆိုင် မဆုံဖူးပါ။ နာမည်ကြီးပညာရှင်ကိုမှ ရွေးပြီး ကျွန်တော့ဆရာပါလို့ ဆိုလိုတာမဟုတ်ပါ ။ နာမည်မရှိ လူမသိတဲ့ ပြည်တွင်းပြည်ပ တခြားဆရာတွေလည်း အများကြီးရှိပါသေးတယ်။

ဘယ်တုန်းကရေးလဲ။ ဘာတွေကို အခြေခံထားလဲ။ သုံးထားတဲ့ ဇစ်မြစ်က မူလဇစ်မြစ်လား (Primary Sources ) ၊ တဆင့်ခံလား ( Secondary Sources ) ကြည့်ပါတယ်။
ဘယ်သူ့မျက်နှာမထောက်ဘဲ အမှန်တရားကို စစ်ထုတ်ယူပါတယ်။

စာသင်ခန်းထဲမှာ၊ အပြင်မှာ မသင်ခဲ့ရပေမယ့် သူတို့ ရေးခဲ့တဲ့ စာတမ်းတွေ၊ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ သုတေသန လုပ်ထားတာတွေကို ဝေဖန်ပိုင်းခြားပြီးလေ့လာခွင့်ရပါတယ်။ မမြင်ရပေမယ့် သင်ပြတဲ့ ဆရာတွေပါ။

သမိုင်းနဲ့ သုတေသနဆိုင်ရာတွေကို လေ့လာလိုက်စားတဲ့သူ ၊ သမိုင်းပညာရှင်တိုင်း ဟာ မမှားဖူးတဲ့လူမရှိပါ။ ဘယ်လို ပုဂ္ဂိုလ်မျိုးမဆို မှားဖူးပါတယ်။ ဒါဟာ ဘယ်ဘာသာရပ်နဲ့မှမတူတဲ့ " သမိုင်း " ပညာရဲ့ ထူးခြားချက်ပါ။

ကျောက်ထက် အက္ခရာတင် ပြီး ကျောက်စာအဖြစ် ရေးထားတိုင်း တထစ်ချ မှန်တယ်လို့မဆိုနိုင်ပါ။ ဘိုးတော်ဗဒုံမင်း ခေတ်ရေးခဲ့တဲ့ ဆင့်ထိုး၊ စပ်ထိုး တွေဖြစ်နိုင်ပါတယ်။ အဝခေတ်ရောက်မှ ပုဂံခေတ်ဦးပိုင်း အခြေနေကို မှန်းပြီးရေးထားတဲ့ ကျောက်စာဆိုရင်လည်း အမှန်လို့မမှတ်ယူနိုင်ပါ။
တချို့ သမိုင်းဆရာ၊ ရာဇဝင် ဆရာတွေက ကျောက်စာဆိုပြီးရော မှန်တယ်ဆိုပြီး ယူသုံးတတ်ကြပါတယ်။

လူတစ်ယောက်ချင်းစီတိုင်းမှာ အမြင်တစ်မျိုးစီ ရှိတတ်ပါတယ်။ ကျွန်တော့အမြင် ဥပမာ တစ်ခုပြောပါရစေ။

သမိုင်းဆရာ၊ ရာဇဝင်ဆရာ တွေက " ထီးလှိုင်မင်း(အများအခေါ် ကျန်စစ်သား ) အကြောင်းအကောင်းကြီးဘဲ ပြောကြ၊ ရေးကြပါတယ်။ နန်းတည်ကျောက်စာ မွန်ဘာသာကို လေ့လာကြည့်တဲ့အခါ အဖ " နေ " မျိုး ၊ အမိ " ဝါး " မျိုးလို့ အယုံသွင်းပါတယ်။ " ရှင် အရဟံ " လိုဆရာကောင်းမျိုးရှိနေပါလျှက်" ပိဋကတ် " သုံးပုံကို စုစည်းသူဖြစ်ပါလျှက်၊ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားချိန်ဖြစ်နေပါလျှက် မွေးမိ၊ မွေးဖ ကိုအများသိအောင် အသိမှတ်မပြုတဲ့သူပါလားလို့ မြင်ပါကြောင်း ခင်ဗျာ။


မြန်မာပြန်

ပုံပေါ်မှာ ကလစ် နှိပ်ပြီး အကြီးချဲ့ကြည့်နိုင်ပါတယ်။ Save as နဲ့သိမ်းပြီးမှ ပြန်ဖွင့်၊ ဒါမှသာ ကြည့်ရ၊ဖတ်ရ အဆင်ပြေမှာပါ။