8/8/13

မြန်မာ့ အိုး

ကျနော်တို့ အိုးတွေအကြောင်း နည်းနည်းလောက်ဖြစ်ဖြစ် ပြောကြည့်ရအောင်ပါ။

စာရေးဆရာ ချစ်စံဝင်းက တကောင်း ပျူ အိုးများဆိုပြီး စာအုပ်တစ်အုပ် ထုတ်ပါတယ်။ စာမျက်နှာ အစမှာတင် စာရေးသူက သူသည် မြန်မာ့အိုးသမိုင်းကို ရေးမှာမဟုတ်၊ အိုးအကြောင်းသာရေးတယ် ဆိုပြီး ကြိုတင်ပြောထားတာမို့ သမိုင်းနဲ့ သက်ပြီး အယူဆတွေ လွှဲချော်ခဲ့ရင် သူ့မှာတာဝန်ရှိမယ် မဟုတ်ပါ။

သို့ပေမယ့် စာတစ်အုပ်လုံးမှာပြောသွားတာက ' တကောင်း ' မှာသူတူးဖော်တွေ့ရှိတဲ့ အိုးတွေက ပုဂံထက် စောတဲ့ အထောက်အထားတွေ တွေ့ပါတယ်ဆိုပြီး အကြိမ်ကြိမ်ပြောပြန်ပါသေးတယ်။ တူးဖော်တွေ့ရှိတဲ့ အိုးတွေထဲမှာ လူ့အရိုးပြာ၊ လောင်ကျွမ်းထားတဲ့ လူ့အရိုး နှင့် လူ့အသုံးဆောင် ပစ္စည်းတွေတွေ့တယ် ဆိုတဲ့ အချက်ကို အဓိက အချက်အဖြစ် ' ကိုင် ' ပြီးပြောတာ ဖြစ်တဲ့အတွက် သိပ်ပြီး ခိုင်မှာလှတယ်တော့ မဟုတ်ပါ။ ရှင်းရှင်းပြောတော့ သူမို့ ပြောရဲတယ် ။ တပ်အပ်။

စဉ်းစားရမယ့် အချက်တွေက အိုးထဲမှာ လူ့အရိုးပြာတွေ့တိုင်း ၊ မီးကျွမ်း လူ့အရိုးတွေ့တိုင်း ပျူ အရိုးအိုးလို့ ပြောမရပါ။ အရိုးပြာထည့်တဲ့ ဓလေက ယနေ့အထိ ဟိန္ဒူဘာသာဝင်တွေမှာ ရှိနေဆဲဖြစ်လို့ပါ။ ပျူ တွေနေထိုင်ခဲ့ပါတယ်ဆိုတဲ့ ၊ ဗိဿဏိုး ၊ သရေခေတ္တာ ၊ ဟန်လင်း ၊ ပုဂံ စတဲ့ ဒေသတွေမှာ ပျူအထောက်အထားရှာတဲ့အခါ ' ပျူ စာ ' ပါ အရိုးအိုး၊ ရွှေပေလွှာ ၊ ငွေပေလွှာ ၊ ဘုရားစာ ၊ ကျောက်စစ် လက်ရာ စတဲ့ စတဲ့ အခြားခိုင်မာတဲ့ အထောက်အထား အများအပြားတွေ့တဲ့အတွက် ခိုင်မာတဲ့ သက်သေကိုရပါတယ်။

ရှေးဟောင်းသုတေ သနမှာ သက်သက် ညှာညှာ ပြောစရာအကြောင်းမရှိ လို့ ဆိုစကားရှိထားပေမင့် သက်သက်ညှာညှာပြောရ ရင် ' ရှေ့ဆက် ပြီး သုတေသန ' လုပ်ပါ ဦးဆိုတာပါဘဲ။ ထားပါတော့။

ကျနော် ပြောချင်တဲ့ အိုးတွေအကြောင်း ဆက်ကြရအောင်ပါ။ ရှေးက လုပ်တဲ့ မြန်မာ့အိုးတွေမှာ

တချို့ အိုးတွေက ကြီးတယ် ။ တုတ်တယ် ။ ခိုင်တယ်။ မဲတယ်။ စိမ်းပြာပြာနိုင်တယ်။ အရွယ်စားကြီးလို့ ကိုင်ရတွယ်ရ သိပ်မလွယ်။
တချို့ အိုးတွေက ငယ်တယ်။ သွယ်တယ်။ အချိုး ဆ သေးတယ်။ ကိုင်ရတွယ်ရ လွယ်တယ်။
တချို့ အိုးတွေက ကြီးပေမယ့် အကိုင်တွယ်မခံ ၊ ခတ်ဆတ်ဆတ်မို့ ကွဲကြေလွယ်တယ်။
တချို့ အိုးတွေက ငယ်ပေမယ့် မာတယ်၊ သွယ်ပေမယ့် ခံနိုင်ရည်ရှိတယ်။

အိုးအကြောင်းပြောမယ်ဆိုတော့ ကနဦး ရှေးကလူတွေသုံးတဲ့ အိုးက ' ဝါး အိုး ' ပါ။
ခပ်ရွယ်ရွယ် ဝါးပင်ကို ခုတ်ဖြတ်ပြီး အတွင်းက ဝါးဆစ်တွေကို ထွင်းထုတ်ပြီး သယ်စရာ ၊ သိမ်းစရာ (container) အဖြစ်သုံးတဲ့ ဝါးအိုးကို ပြောပါတယ်။ ဝါးကျဉ်တောက်ပေါ့။

လွန်ခဲ့တဲ့ ၅ နှစ်လောက်အထိတော့ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ဘက်မှာ အဲလိုဝါးဝါးကျဉ်တောက်တွေကိုသုံးနေတုန်းပါ။ ကိုယ်စားချင်တဲ့ ဆန်၊ ပဲ ၊ ပြောင်း စတာတွေကို ဝါးကျဉ်တောက်ထဲ ထည့်၊ ရေထည့်ပြီး မီးတိုက်တဲ့အခါ အသင့်ချက်ပြီးဖြစ်သွားတယ်။ မြေအိုး
တွေမလုပ်တတ်သေးခင်က ဝါးကို ဒီလိုဘဲ ချက်ပြုပ်ရာမှာ သုံးခဲ့ရတယ်။

မြန်မာ့မြေပေါ်မှာ အိုးလုပ်တဲ့ အလေ့ထ ဘယ်အချိန် ဘယ်ရာစုမှာ စပြီး တတ်မြောက်ဖြစ်ထွန်းလာတယ်ဆိုတာ တပ်အပ်ပြောဖို့မလွယ်ပါ။ မြေအိုးကို ဘယ်လိုဘယ်ပုံလုပ်ကြတယ် ဆိုတာကိုတော့ မှန်းဆပြီး ပြောနိုင်ပါတယ်။

တိုတိုတုတ်တုတ်ပြောရရင် ရွှံ့စေးမြေကို လက်ကောက်ဝတ်လုံးလောက်တုတ်ပြီး လက်တစ်လံလောက်ရအောင် လုပ်ယူမယ်။ ပြီးတော့မှ အောက်ကနေ အပေါ် ရစ်ခွေပြီး ထပ်မယ်။ ပြီးတော့မှ ညီညာတဲ့ မျက်နှာပြင်ရအောင် ရေသုံးပြီး ပွတ်သပ် ပုံသွင်းမယ်။ လူ့လက် တစ်တောင်လောက် အမြင့်ရပြီးနောက် နေလှန်းအခြောက်ခံတဲ့အခါ သီးနှံထည့်စရာ ' အိုး ' ကို ရပါတယ်။

မြေအိုးတွေကို သောက်သုံးရေ သိုလှောင်တဲ့နေရာမှာ သုံးနိုင်တဲ့အဆင့်ရောက်အောင် တိုးတက်မှုအဆင့်ဆင့်အတွက် ရှေးလူတို့အနေနဲ့ အနှစ် ၃၀၀ ကျော် ကြာခဲ့ပါတယ်။
မြန်မာ့ မြေပေါ်မှာ ပုံသွင်းထားတဲ့ မြေအိုး မြေသားတွေကို မီးတိုက် အပူပေးပြီး သုံးတဲ့ ဓလေ့ ဘယ်ရာစုမှာ စတယ်ဆိုတာ ပြောဖို့မလွယ်ပါ။ ဒါက အိုးသမိုင်း ကို လူတိုင်းနာလည်အောင် ပြောတာပါ။

' အိုး ' အကြောင်းပြောတော့ ' စဥ့် ' အကြောင်းချန်ထားလို့ မရ။ ပုံသွင်းထားတဲ့ မြေအိုး မြေသားတွေကိုတွေ စဥ့်သုတ်ပြီး မီးဖုတ်အပူပေးတဲ့ အလေ့အထ ၁၁ ရာစုနှောင်းပိုင်း ပုဂံမှာ ကောင်းကောင်းတတ်ကြွမ်းနေပါပြီ။ အရှေ့ဖက်လိပ် အနောက်ဖက်လိပ် ဘုရားနှစ်ဆူမှာ စဥ့်သုတ်မြေသား (စဥ့်ထယ်) တွေကို 

 ဖောဖောသီသီ စပြီး သုံးတာတွေ့ရပါတယ်။

စဥ့်ထယ်အကြောင်းပြောတဲ့အခါ စဥ့်ရည်ရအောင် ရှေးကမြန်မာတို့ ဘယ်လိုဘယ်ပုံလုပ်ယူတယ်ဆိုတာ ရှင်းပြပါဆိုပြီး မေးတတ်ကြတယ်။ တိုတိုတုတ်တုတ် ဖြေရရင် ' သေခြာ မပြောတတ်ပါ ' ။

စဥ့်ရည်ကို ဘယ်လိုသုတ်တယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ မြေသားကို လိုချင်တဲ့ ပုံစံရအောင် ထွင်းယူ ပုံသွင်းတယ်၊ အခြောက်ခံမယ်၊ ပြီးတော့မှာ စဥ့်ရည်ကို သုပ်လိမ်းတာဖြစ်ပါတယ်။ အသွင့်လုပ်ပြီးသား မြေခွက် ၊ မြေပုကန်ထဲကို စဥ့်ရည်ထည့်ပြီး ဘောင်ဘင်ခတ်အောင်လုပ်ပြီး စဥ့်ရည်လူးတဲ့ နည်းက စုပ်တံသုံးပြီး သုတ်တာထက် ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရပါတယ်။

အသင့်လုပ်ပြီးသား မြေသားမီးဖုတ်ကိုမှ စဥ့်ရေ သုပ်လိမ်းတယ်၊ အခြောက်ခံတယ်။ ပြီးတော့မှ စဥ့်ထယ်ပြားကို ဘုရားပစ္စယံမှာ သရိုးကိုင်၊ ပန်းရံကိုင်ပြီး ကပ်တယ်လို့ သိထားတဲ့ အသိမှာ နောက်တစ်ခုတိုးဖို့လိုပါမယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ကျောက်ဆည်မှာတွေ့တဲ့ ဆပ်သွားဘုရား အထက် ပစ္စယံမှာ ကပ်ထားတဲ့ စဥ့်ထယ်တွေမှာ စဥ့်ရည်မသုတ်လိမ်းဘဲ မြေပြား ရုပ်ကြွ အဖြစ်ကျန်နေသေးတဲ့ အချပ်အတော်များများ ကိုတွေ့ရပါတယ်။

မြေသားကို ပစ္စယံမှာ အရင်ကပ်၊ ပြီးတော့မှ စဥ့်ရည်သုတ်တာမျိုးလည်းရှိသေးတယ်ဆိုတာ နားလည်ရပြန်တယ်။ အဲဒီ ဆပ်သွား ဘုရားတည်ဆောက်တဲ့ လုပ်သားတွေအနေနဲ့ ဘုရင်(မင်း) ရဲ့ တိုင်းခန်းလှည့်လည်မယ့် နေ့ရက်အမှီ ဘုရားကို ပြီးအောင် အပူတပြင်းတည်ဆောက်ခဲ့ရပေမယ့် အပြီးမသတ်ခဲ့တဲ့ စဥ့်ထယ်လက်ရာ တချို့ကျန်ခဲ့တာပါ။ အစောတလျှင် အပူတပြင်းတည်ဆောက်ခဲ့ရတဲ့ အတွက် အရည်သွေးညံ့ပြီး ခိုင်ခံ့မှုအားနည်းသွားတာကိုတော့ ကျနော်တို့ လက်တွေ့ တွေ့မြင်ပြီးဖြစ်လို့ ထပ်ပြောစရာလိုမယ်မထင်ပါ။

ဘုရား ပစ္စယံတွေမှာ စဥ့်ထယ်တွေ ကပ်ပြီးအလှဆင် လှူဒါန်းတဲ့ ဓလေ့ ၁၁ ရာစု ပုဂံမှာ ရှိနှင့်ပြီး ဖြစ်တယ်လို့ ရှေ့မှာပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီလိုစဥ့်ထယ်တွေ လုပ်တဲ့ အတတ်ပညာကို ရှေးက မြန်မာတွေ ဘယ်လိုဘယ်ပုံတတ်မြောက်လာတယ်ဆိုတာ ထပ်ပြီး မေးစရာဖြစ်လာပြန်ပါတယ်။ သိပ် ငြင်းခုန်လို့ ကောင်းတဲ့အကြောင်းရာပါ။

ပြည်တွင်း ပြည်ပ ပညာရှင် အများစုက မြန်မာတွေရဲ့ စဥ့်ထယ်ပညာဟာ တရုတ်တွေဆီက ရတယ်လို့ ဆိုပါတယ်။ တရုတ်မှတ်တမ်းအချို့ အရ မြန်မာတို့ရဲ့ တကောင်းဒေသကနေ တရုတ်ပြည်ကို စဥ့်ထယ်တွေ ရောင်းတယ်လို့လည်း တွေ့ရပြန်ပါသေးတယ်။ ရခိုင်ပြည်ဘက်က ဘုရားတွေမှာ အလှဆင်တဲ့ စဥ့်ထယ် တချို့ မြန်မာပုဂံ ၁၁ ရာစုထက် ပိုစောတာကိုတော့ ပြည်တွင်း ပြည်ပပညာရှင်အများစု မမြင်သေးတဲ့ အချက်ဖြစ်နေပါတယ်။ ဆိုပြီးခဲ့သလိုပါဘဲ သိပ် ငြင်းခုန်လို့ ကောင်းတဲ့အကြောင်းရာပါ။

မြန်မာတွေရဲ့ စဥ့်ထယ်ဓလေ့ဟာ ပုဂံ ၁၁ ရာစုလောက်မှာ တိုးတက်ကောင်းမွန်ခဲ့ပေမယ့် ၁၂ ရာစုမတိုင်ခင်မှာဘဲ ကွယ်ပျောက်သွားတယ်။ ၁၅ ရာစု ပဲခူးဓမ္မစေတီမင်း လက်ထက်လောက်မှာစဥ့်ထယ်ပညာ ပြန်ပြီး တိုးတက်လာပြန်ပါတယ်။ ဒီမင်းလက်ထက် ကောင်းမှု ဘုရားစေတီတွေမှာ စဥ့်ထယ်တွေ ဖောဖောသီသီသုံးပြီး အလှဆင်လှူဒါန်းခဲ့ပါတယ်။

ဘုရင့်နောင် ခေတ်ရောက်တဲ့အခါ မြန်မာတို့ရဲ့ အိုးလုပ်ပညာ ၊ စဥ့်ထယ်ပညာဟာ ပိုပြီး အနုစိတ်လာသလို ၊ အရွယ်စားသေးငယ်တဲ့ အိုးတွေကိုပါ ကြွမ်းကြွမ်းကျင်ကျင် ထုတ်လုပ်လာနိုင်ခဲ့တယ်။ အရောင်သွေးထက် ဟန်ပန်ဒီဇိုင်း (shape) တွေပါ စုံလာတယ်။ မီးဖိုချောင်သုံး ဟင်းခတ်အမွှေးကြိုင်တွေထည့်တဲ့နေရာ ၊ အမျိုးသမီး အလှပြင် ပစ္စည်းအသုံးဆောင်တွေထည့်တဲ့နေရာ မှာ သုံးနေတဲ့ ယွန်းထယ်တွေနေရာမှာ အတန်အသင့် နေရာ ဝင်ယူပြောင်းလဲ လာခဲ့ပါသေးတယ်။

အဲဒီနောက် ဗဒုံမင်း ၁၈ ရာစုနှစ်လောက်အထိ စဥ့်ထယ်လုပ်သားတွေ အကျိုးစီးပွါးဖြစ်ထွန်းခဲ့ပါတယ်။ အဲဒီနောက် ရတနာပုံ ခေတ်၊ ကိုလိုနီခေတ် အထိ မြန်မာ့အိုးလုပ်ငန်းတွေ အရှိန်ကောင်းနေဆဲပါ။ ၂၀ ရာစုရောက်တဲ့အခါ အစားထိုးစရာတွေ များပြားလာတဲ့အတွက် တဖြေးဖြေး မှေးမှိန်သွားပါတော့တယ်။

မြန်မာ့အိုးသမိုင်း ဆိုတာထက် အိုးနဲ့ပတ်သက်တဲ့ တိုးတက်ဖြစ်ထွန်းမှုကို ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ယှဉ် ကြည့်တဲ့အခါ အနုပညာလက်ရာ အညံ့ဆုံးအဆင့်မှာ ရှိနေတာကိုတော့ အားမနာတမ်း ပြောချင်ပါတယ်။

အိုးတွေတင်မကပါ။ မြေသား စဥ့်ထယ် ပုကန်၊ ခွက်တွေဟာ ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေနဲ့ ယှဉ်တဲ့အခါ အနုစိတ်လက်ရာ ၊ ကောက်ကြောင်းအလှ နှင့် ဟန်ပန်ဒီဇိုင်း (shape) တွေမှာပါ ဆန်းသစ်မှုအားနည်းတာ တွေ့ရပါတယ်။

သို့ပေမယ့် မြန်မာ့အိုးဟာ ကြီးတယ်၊ ခိုင်တယ် ၊ ခန့်တယ် ဆိုတဲ့နေရာမှာ ဒေသတွင်း အိုးတွေထက် သာတယ်။ အိုးရောင်းတဲ့ အခါ ' အိုးကို တံပိုး (လက်ကောက်ဝက်နီးပါးရှိတဲ့ တုတ်ချောင်း) နဲ့ ဒေါင်ဒေါင်မြည်အောင် ခေါက်ပြ ရိုက်ပြပြီးမှ ရောင်းပါတတဲ့။ အဲလို မြန်မာ့အိုးကြီးတွေဟာ ဘိလပ် အိုးပြပွဲမှာ တခုတ်တရ ထည့်ပြရလောက်အောင် နာမည်ရခဲ့ပါကြောင်း ပြောပါရစိဗျာ။

၀၈၊ ၀၈ ၊ ၂၀၁၃
ပဲခူး ဂယ်လာရီ ပြခန်းဖွင့်ပွဲ အမှတ်တရ။

7 comments:

  1. Thanks for this article.
    One thing that we are confused is အရှေ့ဖက်လိပ် အနောက်ဖက်လိပ် ဘုရားနှစ်ဆူမှာ စဥ့်သုတ်မြေသား (စဥ့်ထယ်) တွေကို
    ဖောဖောသီသီ စပြီး သုံးတာတွေ့ရပါတယ်။ .
    As much as we know those two places are the only places in Bagan which were decorated with unglazed terracotta Jataka.
    Probably someone found a new thing which can change early archeological records.
    Thanks

    ReplyDelete
  2. East/West Phetlate Pagoda are not the only site in Bagan decorated with glazed, there are many other Pagoda as well, one of them is Ananda Pagoda. Anyway, thanks for your comments.

    ReplyDelete
    Replies
    1. Thanks for more information.
      I found one article which is written by Min Bu U Aung Kyaing about Glaze terracotta in Bagan.
      In his article, Bagan started using glaze since 7 Century and there are 27 monuments in Bagan which are decorated with glaze. Among them only 4 places are decorated with Glaze terracotta ( Jataka ).
      1. Ananda
      2. Shwe Zi Gon
      3. Minganlar Zedi
      4. Dhamayazika
      East/ West Petlate compound is the only place in Bagan which is decorated with Unglazed Terracotta Jataka plaques.

      Delete
  3. စာတွေရေးရတာသေချာလေ့လာပြီးမှရေးရတာမို့စာတွေကိုတန်ဖိုးထားပါတယ်ရေးတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်

    ReplyDelete
  4. AnonymousMay 04, 2015

    ကျွန်​​တော်​ဥာဏ်​မှီသ​လောက်​ မြန်​မာ​တွေ​ရေးတဲ့ဘ​လော့​တွေကအ​ပျော်​တမ်း​တွေပဲများတယ်​ ထူးထူးခြားခြားဒီဘ​လော့​လေးက​တော့ အချက်​အလက်​​တွေကမှတ်​သားစရာ​ကောင်းလွန်းပါတယ်​ ပိုစ်​အသစ်​​တွေတက်​မလာပဲ offline ဖြစ်​​နေတာ​တော့စိတ်​မ​ကောင်းဘူးဗျာ

    ReplyDelete
  5. ဟုတ်တယ်ဗျာ..ဘာများဖြစ်ကြလဲမသိဘူးနော်..စိတ်မကောင်းဘူး

    ReplyDelete
  6. ဟုတ်တယ်ဗျာ..ဘာများဖြစ်ကြလဲမသိဘူးနော်..စိတ်မကောင်းဘူး

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။