5/27/10

" စာ " နှင့် " ချိတ် "

ရှေးဟောင်း အနုပညာ ပစ္စည်းတွေအကြောင်းရေးနေမယ့် ကိုယ့်မှာ ရှေးဟောင်းဘုရားတစ်ဆူလောက်တောင်မရှိပါ။ စုထားတဲ့ ဒင်္ဂါးတချို့ ၊ ငွေထယ်တချို့ နှင့် လက်ဆောင်ရထားတဲ့ ကျောက်စစ်ပြား ၂ချပ်တော့ရှိတယ်။ ရှေးဟောင်းပစ္စည်းဆိုင်ရောက်တိုင်း ကြည့်ယုံဘဲကြည့်ဖြစ်တယ်။ ဈေးကြီးလို့ မဝယ်နိုင်ပါ။

ဟိုတလောက အဒေါ်တွေ ဒီကို အလည်လာမှာဖြစ်လို့ အိမ်မှာ ကိုးကွယ်ဖို့ ဘုရားဆင်းတု တစ်ဆူ ပင့်လာဖို့မှာ မိတယ်။ အဲဒိမှာဘဲ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန စတဲ့ စတဲ့ ဌာနတွေ သိပ်အလုပ်လုပ်တာ သိရတယ်။

ရွှေတိဂုံဘုရားဆောင်းတန်းက ဝယ်လာတဲ့ သစ်သားဆင်းတုတစ်ဆူကို ရှေးဟောင်းသုတေသန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ညွှန်ကြားရေးမှူး ဆိုသူရဲ့လက်မှတ်ပါမှ ပြည်ပကိုသယ်ခွင့်ရှိပါတယ်တဲ့။ ဒီတော့ အဒေါ်ဖြစ်သူက ပြည်လမ်း ၇ မိုင်က ရုံးမှာ " ရှေးဟောင်းသုတေသန တံဆိပ်တုံး " ပါတဲ့ သယ်ယူခွင့် " စာ " ယူရတယ်။ ဘုရားဆင်းတုရဲ့ နားရွက်တော်ကို ချည်ကြိုးကွင်းပြီး ကြိုးပေါ်မှာ ရှေးဟောင်းသုတေသန " ချိတ် " တံဆိပ်တုံး နှိပ်ရပါသေးတယ်။ အဲဒိ စာ နှင့် " ချိတ် " တံဆိပ်ပါမှ ပြည်ပကို စိတ်ချလက်ချ ယူသွားလို့ရတယ်။ လွယ်လွယ်ပြောရရင် မြန်မာ့သမိုင်းဝင်ရှေးဟောင်းပစ္စည်းတွေ တရာမဝင် ခိုးထုတ်မှုတွေကိုဟန့်တားဖို့ ဌာနလုပ်ရိုးလုပ်စဉ် ဖြစ်တယ်။


ခွင့်ပြုချက် ' စာ ' ပါ မှတ်ချက်တွေကစိတ်ဝင်စား မှတ်သားဖို့ကောင်းတဲ့အတွက် ပြန်ကူးရေးလိုက်တယ်။


( ဆ ) မှတ်ချက်

၁) ကိုယ်စားလှယ် ( Agent )၊ ကုမ္ပဏီ ( Company )၊ နယ်စပ် ( Border Trade ) အဖွဲ့တို့သယ်ဆောင်သော ပစ္စည်းများကို ဓာတ်ပုံနှင့်တကွ ခွင့်ပြုပြီး ဓာတ်ပုံရှေ့ နှင့် နောက်ကျောနှစ်ဘက်စလုံးတွင် ဤဌာနတံဆိပ်ရိုက်နှိပ်ပါသည်။ (INVOICE တွင်လည်း ဌာနတံဆိပ်ရိုက်နှိပ်ပါသည်။ သို့ပါ၍ ဓာတ်ပုံပါ ဆေးရောင်၊ အသွင်အပြင်တို့ နှင့် တိုက်ဆိုင်စစ်ဆေးရန်လိုအပ်ပါသည်။

၂) လူပုဂ္ဂိုလ်ကိုယ်တိုင် ( Personal ) တစ်ပါတည်း သယ်ဆောင်သော ပစ္စည်းများပေါ်တွင် ဤဦးစီးဌာန၏ တံဆိပ်ရိုက်နှိပ်ပေးပါသည်။

၃) ဗုဒ္ဓဆင်းတု ရုပ်ထုနှင့် ဘာသာရေးဆိုင်ရာ ရုပ်ထုများကိုမူ ရုပ်ထုများပေါ်တွင် ကြိုးထိုး ချိပ်ထိုးပြီး အဆိုပါချိပ်ပေါ်တွင် ဌာနတံဆိပ်ရိုက်နှိပ်ပါသည်။ ( INVOICE ) တွင်လည်း ဌာနတံဆိပ် ရိုက်နှိပ်ပါသည်။

၎) ဤထောက်ခံချက်ကို ( တစ် ) လအတွင်းသာခွင့်ပြုပါသည်။

၂။ အထက်ပါ အပိုဒ် ( ဆ ) ပါ အချက်အလက်များအတိုင်းသာ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောက်ခံအပ်ပါသည်။


ဒုတိယညွှန်ကြားရေးမှူးချုပ် ( ကိုယ်စား )
? - ညွှန်ကြားရေးမှူး




ရန်ကုန် ဆိပ်ကမ်းကနေ စင်္ကာပူ နိုင်ငံ Dempsey Road ကိုအတားဆီမရှိ ရောက်လာတဲ့ ရှေးဟောင်းပစ္စည်း အပြည့်ထည့်ထားတဲ့ ပေ ၄၀ ကွန်တိန်နာ ( 40 Foot Container ) မှာ အဲလို " စာ " နှင့် " ချိတ် " တံဆိပ် မပါ။ ထိုင်းနိုင်ငံ ချင်းမိုင် နှင့် မဲဆောက် ကိုဝင်လာတဲ့ ရှေးဟောင်းပစ္စည်းတွေမှာလည်း ဒီလို " စာ " နှင့် " ချိတ် " မပါ။ လွယ်ဂျယ် ၊ မူဆယ် ကနေ ထွက်သွားတဲ့ ရှေးဟောင်း ဘုရားတွေမှာလည်း မပါ။

ရန်ကုန် ရွှေတောင်ကြားကနေ လေကြောင်းနှင့်ထွက်သွားတဲ့ ရှေးဟောင်းဘုရားတွေမှာလည်း အဲလို " စာ " နှင့် " ချိတ် " တံဆိပ် မပါ။ ဒီလိုနှင့် မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်း တွေ ပျောက်ပျက်ရတယ်။ " ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ အဓိကလမ်းကြောင်း" ဆိုပြီး အရင်ကပိုစ်တစ်ခုရေးဖူးတယ်။ " ရှေးဟောင်းပစ္စည်းခိုးထုတ်ကြသူများဆိုပြီး " နာမည်တွေဖော်ပြီး ဆက်ရေးရင် " အိမ်ပြန်လို့ရတော့မယ်မထင်။


ဌာန အမှတ်တံဆိပ်
ဌာန အမှတ်တံဆိပ်
ဌာန အမှတ်တံဆိပ်

ခွင့်ပြုချက်စာ ( ၁ )

ခွင့်ပြုချက်စာ ( ၂ )

5/15/10

ပုဂံခေတ်ကျောက်စာပါ နှစ်အမည်များ

မူလနေရာမှ ရွှေ့ပြောင်းယူထားသော ကျောက်စာချပ်များ


" ၆၄ ခုတွင် သူရိယဝိကြမ မင်းကြီး နတ်ရွာစံသည်။ သက်တော် ၅၀ နှစ် ၅ လ " လို့ရေးထားတဲ့ ပျူ ကျောက် အရိုးအိုးစာ ကိုကြည့်ပြီး ဘယ် ခုနှစ် ၊ ဘယ် လ ဖြစ်တယ်ဆိုပြီး ပိုင်ပိုင်နိုင်နိုင်မပြောနိုင်ပါ။ ပျူ တွေသုံးတဲ့ ခုနှစ်ဟာ " သက" နှစ်ကို ယူသလား ၊ ဒါမှမဟုတ်" ဂုပ္တ " နှစ်ကို ယူသုံးသလားဆိုတာ သေချာမသိရသေးလို့ ဖြစ်တယ်။ ခုနောက်ပိုင်းမှာတော့ " သက " နှစ်ဖြစ်မယ်လို့ ပြောတဲ့လူတွေ ပိုများလာတယ် ။ ဂုပ္တ နှစ်ဟာ သက နှစ်ထက် ၂၄၁ နှစ် နောက်ကျပါတယ်။

သကနှစ် အကြောင်းရှာကြည့်တော့ " သာသနာနှစ် ၆၂၂ ခုတွင် အိန္ဒိယပြည် အနောက်မြောက်ပိုင်း၌ စိုးစံလျက်ရှိသော သက ( SAKA ) လူမျိုး သာလိဝါဟန မင်းသည် သကနှဇ် ( ဝါ ) သကရာဇ် နှစ်ကိုတည်ထောင်ခဲ့သည် ဟုဆိုသည် " ဆိုပြီး မြန်မာကျောက်စာပို့ချချက် စာ ၄၄ မှာတွေ့တယ် ။ ပျူ သုတေသန လုပ်နေသူတွေများနေပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာတော့ အတိကျဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


ပုဂံခေတ်ကျောက်စာတွေကိုကြည့်ပြီး မြန်မာ ပြက္ခဒိန် နှင့်အတူ နှစ် ၊ လ ၊ ရက် အခေါ်ဝေါ်တွေကို အသေချာပြောနိုင်ပါတယ်။ မြန်မာ ပြက္ခဒိန်ဟာ စိုက်ပျိုးရေး နှင့် ကိုးကွယ်ယုံကြည်မှု စတဲ့နေ့စဉ်ကြုံတွေ့ရတဲ့ ကိစ္စတွေကို သဟဇာတဖြစ်အောင် ၁၂ လ တာအချိန်ကာလနှင့်ပိုင်းခြား စီရင်ထားတာဖြစ်တယ်။

တစ်ခုပိုပြီးမှတ်ရမှာက တရုတ် ပြက္ခဒိန် လိုဘဲ တစ်နှစ်ချင်းစီတိုင်းအတွက် သီးခြား အမည်ရှိတယ်။ ဘယ်လိုတွက်ယူလဲဆိုတော့ ရောက်ဆဲသက္ကရာဇ်ကိုတည် ၂ နှုတ် ၊ ၁၂ နှင့်စား ၊ ရလာတဲ့ အကြွင်း ဂဏန်းအပေါ်မူတည်ပြီး အမည်ပေးတာဖြစ်တယ်။

ဥပမာ - သင်ကြီးအဘိနန္တသူကျောက်စာ မှာ ၅၄၁၊ မာဃသဝစ္ဆိုနှစ် လို့ရေးထားပါတယ်၊ ရောက်ဆဲ ခုနှစ်ဖြစ်တဲ့ ၅၄၁ ထဲက ၂ ကို နှုတ်တော့ ၅၃၉ ရတယ်၊ အဲဒိ ၅၃၉ ကို ၁၂ နှင့်စားလိုက်တဲ့အခါ အကြွင်း ၁၁ ရတယ်။ ၁၁ ရဲ့နှစ်အမည်ဟာ မာဃ နှစ်ဖြစ်ပါတယ်။ အခြား နှစ်အမည် အခေါ်ဝေါ်တွေကို မြင်သာအောင် ယှဉ်ပြီး ရေးပြလိုက်ပါတယ်။

၁ ကြွင်းသော် - စယ် ၊ စေယ်နှစ်
၂ ကြွင်းသော် - ပိသျှက် ၊ ဗိသျှက်နှစ် ( ဝိသာခါ )
၃ ကြွင်းသော် - စိတ်သ ၊ စိဿနှစ် ( ဇေဋ )
၎ ကြွင်းသော် - ?
၅ ကြွင်းသော် - သရဝန် ၊ ဩဝန်နှစ် ( သရဝဏ် )
၆ ကြွင်းသော် - ဖတ်သနှစ် ၊ ဘတ်နှစ် ၊ ဘဿနှစ် ( ဘဒြ )

၇ ကြွင်းသော် - အာသိန်၊ အာသိတ်၊ အာသုတ် ၊ အသုစ်နှစ် ( အဿယုဇ္ဇ )
၈ ကြွင်းသော် - ကြတိုက်၊ ကြာတိုက်နှစ် ( ကြတ္ထိက္ကာ )
၉ ကြွင်းသော် - မြက်ကသိုဝ် ၊ မြိက္ကသိုဝ် ၊ မြကသိုရ်နှစ် ( မိဂသီ )
၁၀ ကြွင်းသော် - ပုဿ၊ ပုဿနှစ် ( ဖုသျှ )
၁၁ ကြွင်းသော် - မာခ၊ မာဃနှစ် ( မာဃ )
ဝ ကြွင်းသော် - ဖ္လကိုရ်၊ ဘလကိုန်နှစ် ( ဘရဂုဏ္ဏီ )

စကားလုံး နှင့် သတ်ပုံ မတည်ငြိမ်သေးတဲ့အတွက် ကျောက်စာတစ်ချပ်နှင့် အခြားတစ်ချပ် အနည်းငယ်ကွဲလွဲမှုရှိပါတယ်။

အကြွင်း ၄ ရဲ့နှစ်အမည်ကို ကျွန်တော်မသိပါ။ သိတဲ့လူများရှိရင် ပြောပြခဲ့ပါ။ ရောက်ဆဲသက္ကရာဇ်ကိုတည် ၂ နှုတ် ၊ ၁၂ နှင့်စား ၊ ရလာတဲ့ အကြွင်း ဂဏန်းအပေါ်မူတည်ပြီး နှစ်အမည်းပေးတယ်ဆိုသော်လည်းဘဲ ပုဂံခေတ် ကျောက်စာတွေမှာ နှစ်အမည်မှားရေးထားတာ မျိုးမကြာခဏတွေ့ရပါတယ်။ ဥပမာ တူရွင်းတောင် ဘုရားကျောက်စာ မှာ ၅၈၆ ခုနှစ်ဖြစ်တဲ့အတွက် နှစ်အမည်ဟာ ကြတိုက်နှစ် ဖြစ်ရမှာပါ။ သို့သော် မြက္ကသိုလ်နှစ် ဆိုပြီးမှားရေးထားတယ်။

5/7/10

ကဆုန် ( ကုဆုန် )


မြန်မာ ပြက္ခဒိန် ရဲ့ ဒုတိယမြောက်လ ဟာ ကဆုန် လဖြစ်တယ်။ ပြိဿ ရာသီ အချိန်ခါဖြစ်တယ်။ ပုဂံခေတ် ကျောက်စာတွေထဲမှာ " ကုဆုန် " ရေးလေ့ရှိပြီး " တိဘက် " ဘာသာစကား မှဆင်းသက်လာဟန်ရှိတယ်လို့ ဆိုပါတယ်။ " ကု " ရဲ့ အနက်က ရေ ပြစ်ပြီး " ဆုန် " ဆိုတာ သွန်းလောင်းတယ်လို့ အနက်ရတယ်။ အလွယ်ပြောရရင် " ရေသွင်းလောင်းတဲ့ လ " လို့ ဆိုနိုင်တယ်။

ဒီတော့ ဘာကြောင့် ရေသွန်းလောင်းတယ် ၊ ဘယ်အရာကို ရေလောင်းတယ်ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ သဘာဝ ပထဝီဝင်အနေအထားအရ ဒီလိုအချိန်ဟာ သိပ်ကိုပူပြင်းခြောက်သွေ့ တဲ့ နွေရာသီ ကာလမျိုးဖြစ်တယ်။


ပြင်းထန်လွန်းတဲ့ အပူဒါဏ်ကြောင့် သဘာဝအလျှောက်ပေါက်တဲ့ အပင်ကြီးငယ်အပါဝင် စီးပွါးရေးအရ ဒါမှမဟုတ် ဘာသာရေးအရ လူတွေစိုက်ထားတဲ့ အပင်တွေပါ ရေငတ်ပြီး အရွက်မရှိသလောက်ဖြစ်နေမယ်။ အဲဒီလို လူတွေစိုက်ပျိုးထားတဲ့အပင်တွေထဲမှာ ဗောဓိညောင်ပင်ဟာ အရေးအပါဆုံး အပင်ဖြစ်တယ်။ ဗုဒ္ဓဘုရားရှင်ဟာ မဟာဗောဓိပင်အောက်မှာ ပွင့်တော်မူတာဖြစ်လို့ အထွတ်မြတ်ထားရာ အပင်အဖြစ် မှတ်ယူထားကြပြီးသားဖြစ်တယ်။

ဘာကြောင့် ဒီလိုပြောနိုင်လဲဆိုတော့ အနိရုဒ္ဓ (? ၁၀၄၄ - ? ၁၀၇၇ ) ကောင်းမှု သစ္စာထား အုတ်ခွက်ဘုရား
( အများခေါ် မြေပုံဘုရား ) တွေမှာ အိန္ဒိယ ဗုဒ္ဓဂါယာက မဟာဗောဓိဘုရား နှင့် ဗောဓိပင် အမှတ်သား တို့ ရိုက်နှိပ်ထားတာတွေ့ ရလို့ ပါ။ ဒီတော့ ဘုရားပွင့်တော်မူရာဒေသ ဗုဒ္ဓဂါယာမှာရှိတဲ့ ဗောဓိညောင်ပင်ကို အပွားအဖြစ်ယူလာပြီး ဘုရားကျောင်းကန်တွေမှာ အထွတ်အမြတ်အဖြစ် စိုက်ပျိုးထားလေ့ရှိမယ်။


ဒါကြောင့် ဒီလိုအပူချိန်ပြင်းထန်လွန်းတဲ့ နွေရာသီမျိုးမှာ မိမိတို့အထွတ်မြတ်ထားရာ ဗောဓိညောင်ပင်ကို ခြောက်သွေ့ မှု နှင့် အပူဒါဏ်တွေက ကာကွယ်ပေးဖို့ ရာ ရေသွင်းလောင်းပေးကြရင်း အလေ့ထဖြစ်လာပြီး ဒီလိုအချိန်ကာလမျိုးကို ကုဆုန် လ အဖြစ် သတ်မှတ်ခေါ်ဆိုလာတယ်လို့ ထင်ပါတယ်။

ပုဂံထက်အရင် " ပျူ " တွေဟာ မြန်မာပြက္ခဒိန် ကိုမသုံးတဲ့အတွက် " ကုဆုန် " လလိုအခါသမယမျိုးရှိခဲ့မယ်မထင်ပါ။ သို့ သော် မှော်ဇာ ၊ မထောရွာ ငရှင့်ကန်ကုန်း မှရရှိသော အုတ်ခွက်ဘုရားတွင် မဟာဗောဓိပင်အောက်မှာ ပွင့်တော်မူဟန် အမှတ်သားပါနေပြီးဖြစ်တာတွေ့ ရတဲ့အတွက် ၈ ရာစုနှစ်လောက်ကတည်းက ဗောဓိပင်ကို အထွတ်အမြတ် ထားနေပြီးဖြစ်မယ်လို့ မှန်းရပါတယ်။




ဗောဓိညောင်ပင် နှင့် ညောင်ရွက်ပုံပါ ပျူ မြေပုံဘုရား ( အများခေါ် အုတ်ခွက်ဘုရား )


မဟာဗောဓိဘုရား နှင့် ဗောဓိညောင်ခက်/ရွက်ပုံပါ မြေပုံဘုရား ( အများခေါ် အုတ်ခွက်ဘုရား )


ဗောဓိညောင်ပင် အောက်တွင် ဗုဒ္ဓ စံပယ်နေဟန် ပုဂံနံရံ ဆေးရေးပန်းချီ

5/4/10

" ပုဂံကို ဖျက်ဆီးကြသူများ "

ဓာတ်ပုံပညာရှင် Kram Cam ၂၀၀၉ ဖေဖော်ဝါရီ လောက်က ပုဂံမှာ ရိုက်ခဲ့တဲ့ပုံပါ။
သူလည်း ရေးထားတဲ့စာကိုကြည့်ပြီး ဒေါသထွက်သွားပုံရတယ်။ သူ့ရဲ့ မှတ်ချက်က


Stupid tourists! Who graffiti's 1000 year old buildings!
The building were all covered in graffiti - mostly in Burmese language. The locals maybe don't appreciate what they have...

Photo by Kram Cam, Flickr.com

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ဆိုပြီး ပိုစ်တစ်ခုရေးခဲ့ဖူးတယ်။ အခက်ခဲတချို့ကြောင့် အဲဒိတုန်းက ပုံတွေ မထည့်ဖြစ်ခဲ့ပါ။ ဘယ်နှစ် နှစ်အတွင်းမှာ ပုဂံ အပါဝင် ဘုရား နှင့် ရှေးဟောင်းအဆောက်အုံ ဘယ်လောက်တွေပျက်စီးသွားပြီဆိုတာသိရအောင် သူများတွေရိုက်ထားတဲ့ ဓာတ်ပုံမှန်သမျှ ခုနှစ်မှတ်ထားပြီး စုပါတယ်။
၂၀၀၆ ခုနှစ်မှာ ရိုက်ထားတဲ့ မင်းကွန်း ပုထိုးတော်ကြီး နှင့် ၂၀၁၀ ဧပရယ် မှာရိုက်ထားတဲ့ ပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပုထိုးတော်ကြီး ဘယ်လောက်ပျက်ဆီးသွားတယ်ဆိုတာ သိရတယ်။ ဒါကြောင့် အချိန်ပေးပြီး ပုံတွေစုပါတယ်။ အတော်များများက နိုင်ငံခြားသား ဓာတ်ပုံပညာရှင်တွေဆီကဖြစ်တယ်။

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ကိုရေးခဲ့တုန်းက အဓိကတာဝန်ရှိသူ ရယ်လို့ အဆင့်သတ်မှတ်ချက်(Ranking) လုပ်ရာမှာ

၁။ မင်း (အုပ်ချုပ်သူ)
၂။ သဘာဝဘေးဒဏ်
၃။ ဘုရား ဂေါပက
၎။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ
၅။ သိုက်သမား
၆။ ရှေးဟောင်းသုတေသနသမား
၇။ အလုပ်လုပ်သူ လုပ်သား ဆိုပြီးရေးခဲ့တယ်။

ခု အဲဒါကို ပြင်ဖို့လိုလာပါပြီ။ ဘုရားဖူးသူ မြန်မာ နှင့် နိုင်ငံခြားသား တွေကိုလည်း " ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) စာရင်းမှာ ထည့်ရပါမယ်။ ရောက်လေရာဘုရား ပုထိုး နှင့် အဆောက်အုံ တွေ ရဲ့နံရံ ဒါမှမဟုတ် အဓိကအရေးပါတဲ့ နေရာတွေမှာ နာမည်နှင့် ရက်စွဲရေးထားခဲ့တဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် နှစ်ပေါင်းထောင်ချီကြာနေပြီဖြစ်တဲ့ ရှေးလက်ရာတွေ ပျက်စီးရတယ်။ အဲလို စာရေးတက်တဲ့ ဘုရားဖူးတွေထဲမှာ နိုင်ငံခြားသားတွေပါတယ် ဆိုပေမယ့် အများစုက မြန်မာတွေဖြစ်တယ်။ ဒါကြောင့် မိမိနှင့် နီးစပ်ရာကို တတ်နိုင်သလောက် အခြေခံအသိ ပညာပေး ကြပါဗျာ။