7/19/11

သမိုင်းထဲက လောကီပညာ ( ၃ )


ရှေ့မှာ အင်းဝ တည်ထောင်သူ တရဖျားပြီးနောက်မှာတော့ နောင်နှစ်ပေါင်း တစ်ရာကျော်ကို ကျော်ပြီးကြည့်ရအောင်။ အတော်အသင့်ပြည့်စုံတဲ့ လောကီပညာရပ်ဆိုင်ရာအမိန့်တော် တစ်ခုတွေ့ပါတယ်။

ညောင်ရမ်းမင်း သီဟသူလက်ထက် ၂၅ ဩဂုတ် ၁၅၉၈ ဘုရင့်အမိန့်တော်တစ်ခုမှာ " သက္ကရာဇ် ၉၆၀ ဝါခေါင်လပြည့်ကျော် ၅ရက် ၅ နေ့မြို့တည်နန်းတော်ဆောက်အခါ တော်ကြုံသည်။ ဘားမဲ့ဆရာတော်ကို လျှောက်ရမည်မှာ မြို့တော်နောက်မျက်နှာ ဓာတ်တံခါးဝယ် ချင်သေ့နှင့် ဟိုင်းထွက်ဟန် ၊ ရှေ့တံခါး တဆူတွင် ဂဠုံနဂါးထွက်ဟန်၊ မြောက်တံခါးတဆူမှာမြွေနှင့်ကျားထွက်ဟန်၊ တောင်တံခါးတဆူ၌ ကြောင်နှင့် ကြွက်ထွက်ဟန်များနှင့် တံခါး၎ရပ်မှာ နောက်ဆင်နှင့် ဂဠုန်၊ ရှေ့ကျားနှင့်ချင်သေ့၊ မြောက်မျက်နှာ ဩောင်း၊ တောင်မြေခွေးနှင့် နဂါးတို့သည် ဝင်သောအရာတို့သည်ကို ယတရာ ပယောဂ ဥပဒေသနှင့်တကွ စီရင်တော်မူပါလျှောက် " ဆိုပြီးတွေ့ရတဲ့အတွက် မြို့တံခါး နှင့် မြို့ရိုးတံခါးတွေမှာ လောကီအစီရင်တွေသေချာချမှတ်စီရင်တယ်ဆိုတာ စုံစုံစေ့စေ့သိရတယ်။

ဒီနေရာမှာ မထင်မှတ်ဘဲ တစ်ခုမှတ်သားရမှာက အချို့နံရံဆေးရေးတွေ သာမန်ရိုးရိုးအလှဆိုတာထက် တစ်ခုခုကို အလေးနက်ဦးတည်ထားတဲ့ လောကီပညာဆိုင်ရာ အစီရင်တချို့ဖြစ်တယ်ဆိုတာမှတ်သားရပါမယ်။ မြို့ဟောင်းအတော်များများက ကျုံးမြို့ရိုးတွေ မကျန်ရစ်ခဲ့အောင် ပျက်စီးသွားပြီးဖြစ်တာကြောင့် လက်ရာတွေဘယ်လိုရှိမယ်ဆိုတာ မမြင်ရနိုင်တော့ပါ။

မြို့တံခါးတွေဟာလည်းဘဲ ထို့အတူဖြစ်တာကြောင့် ပျောက်ပျက်ကုန်ပြီး ဖြစ်ပါတယ်။ ခုတော့ အဲဒီအမိန့်တော်ပါ ဆေးရေးအရုပ်တွေကို သာသနိကဆိုင်ရာ အဆောက်ဦးတွေမှာ လိုက်ရှာဖို့သာရှိတယ်။ ဒါတောင် ထုံးသုတ်ခံရလို့ ကုန်လုနီးပါးရှိနေပါပြီ။

မြို့တော်နောက်မျက်နှာ ဓာတ်တံခါးဝယ် ချင်သေ့နှင့် ဟိုင်းထွက်ဟန် ဆိုတာမှာ ခြသေ့င်္ဟာ ကေသရာဇာဖြစ်တယ်သလို ဘုရင်ဟာလည်းဘဲ ရေမြေ့ရှင်ဖြစ်တယ်၊ ဟိုင်း ဆိုတာမှာ အင်အားကြီးတဲ့ ခွန်အားကြီးတဲ့ ဟိုင်းဆင်ကိုရည်ရွယ်တယ်။ အင်အားကြီးတဲ့ သူရဲကောင်းအခြွေရံကိုရည်ညွန်းတယ်လို့ မှတ်ယူရပါတယ်။ ရှေ့တံခါး တဆူတွင် ဂဠုံနဂါးထွက်ဟန် ဆိုတာမှာ ဂဠုန်ဟာ နာဂါးကိုနိုင်သူဖြစ်တယ်၊ မိမိအစာကို အညှာတာမရှိ တရှိန်ထိုး ထိုးသုတ်ယူငင်ဖျက်စီးတတ်သလို ဤမြို့ရွာကို ဖျက်ဆီးရန်လာသော ရန်သူအပေါင်းတို့ကို တရှိန်ထိုးခြေဖျက်နှိမ်နှင်းမယ်လို့ မှတ်ယူရပါမယ်။

မြောက်တံခါးတဆူမှာမြွေနှင့်ကျားထွက်ဟန် ဆိုတာမှာ မြွေဟာအဆိပ်ပြင်းပြီး အင်မတန်ကြောက်စရာကောင်းတယ်။ ကျားကတော့ဖြင့် ခွန်အားကြီးပြီး ရက်စက်ကြမ်းကျုတ်တယ်။ တောင်တံခါးတဆူ၌ ကြောင်နှင့် ကြွက်ထွက်ဟန်များမှာ ကြောင်ဟာ ပါးနပ်လိမ္မာစွာနဲ့ မိမိအစာကို ဖမ်းယူစားသောက်နိုင်တယ်၊ ကြွက်ကတော့ဖြင့် လျှင်မြန်ပေါ့ပါးပြီး ဉာဏ်ပညာကြီးတယ်လို့ ဆိုလိုချင်သလားမသိပါ။

" ဩောင်း၊ တောင်မြေခွေးနှင့် နဂါးတို့ " တို့ဆိုရာမှာတော့ ဩောင်းဟာ ခန်မာပြီးခွန်အားကြီတယ်၊ တောင်မြေခွေးကတော့ အကြံပိုင်ပြီး ရက်စက်ကြမ်းကျုတ်တယ်၊ နဂါးကတော့ ရှေးအစဉ်လာအရ ယူပြီးပြောတာဖြစ်ပေမယ့် တကယ်မြင်ဖူးဟန်မတူပါ။ အောင်ခြင်းရှစ်ပါးမှာ မြတ်ဘုရားရှင် နာဂါးကိုအောင်မြင်ခန်းပါအတိုင်းပြောရရင် ဒေါသအမျက်ထွက်တဲ့အခါ အာခံတွင်းက မီးတောက်မီးလျှံတွေထွက်ပြီး ရန်မူတတ်တာကြောင့် ကြောက်မက်ဖွယ် သတ္တဝါတစ်မျိုးထပ်တိုးတာပါဘဲ။

ခုလိုအရုပ်ရေးပြီး စီရင်ရာမှာ ဘယ်အရပ်မှာ ဘာရုပ်၊ အရုပ်တွေကို ဘယ်လိုတွဲ ပြီးဆွဲ ဆိုပြီး သေချာတွက်ချက်ယူပြီးမှ အဆောင်အရွက်စေတာမျိုးပါ။ အဲလို စီရင်ရာမှာ လောကီပညာရပ်ဆိုင်ရာ ဥပဒေသတွေဖြစ်တဲ့ ဘယ်အချိန်မှာ ဘာနေ့သားက ဘာနဲ့လုပ်ထားတဲ့ အရာနှင့် ဆွဲရမည် စသဖြင့် အသေချာစီရင်ရပါမယ်။ ထို့အတူ ရဟန်းသံဃာအချို့ ပရိတ်ရွတ်ပေးတာတို့ ၊ ဂါထာ ၊ မန်တန်စုတ်တာတို့ဆိုတာဟာ မဖြစ်မနေလုပ်ပေးရလေ့ရှိတယ်။

ဒီနေရာမှာ တစ်ခုသတိထားရမှာက ဒီလို လောကီအစီရင်တွေလုပ်ဖို့ရာ ဘားမဲ့ဆရာတော်ကို လျှောက်ထားတယ်လို့ အတိအလင်း ဆိုပါတယ်။ ဒီတော့ ဒီလိုလောကီအစီရင်တွေ လုပ်ရာမှာ တောကျောင်းရဟန်းချည်းမဟုတ် မင်းဆရာ ရဟန်းတွေပါ ပါတယ်ဆိုတာကို သတိထားပြီး မှတ်ဖို့လိုပါမယ်။

နောက်ထပ် ထပ်ပြီးတွေ့ရတာက " နံရံကို နရပတေမန်၍ နွားနောက်ရုပ် ကျားရုပ် ပြိုင်းရုပ် ကျွဲရုပ်၊ ပိဿနိုပ်ရုပ် ဘုမ္မစိုဝ်ရုပ် ပရောဟိလေးယောက်တို့ဝ် အရုပ်တို့ကို ဆေးစုံရေးစေ။ ရပ်သစ်တော်ပျားခံ ရွှေတိုင်ထိပ်မှာလည်း ရွှေပျား ငွေပျား အင်းစီရင်ရန်များသည် မဇ္ဈိမထိုက်သော ဠသရ ၆ပြည်ထောင်ပြည်ကြီး တဆယ်ကိုဝ်ပြည်ထောင်မှာ စီရင်သည်က ဥပဒေသက်သေရှိသည်။ ထိုတိုင်းကြီးပြည်ကြီးများတွင် စီရင်သည့် နည်း စီရင်တော်မူရန် မြို့တော် ပတ်လည် ကြေးသွန်းသံလျက် စွဲလျက် ဓါးပြအိန္ဒနတ်ရုပ် ၁၀၀၀။ နန္ဒီနတ်ရုပ်မှာ ဝေသာမိတ္တတောင် ကပ္ပီလ၀တ်မြို့စောင့် ၁၀၀၀။ နတ်ရုပ်များနှင့် ကြေးနီပြား အင်းကျောက်သစ်တာကျောက်အိုဝ်ထားရန် ရွှေပြားငွေပြား ကြေးနီပြား အင်းတော်များကို နှံထားစီရင်ရန် " လို့ပါတယ်။

အဓိကတွေ့ရတဲ့ အစီရင်တွေက
၁။ နွားနောက်ရုပ်
၂။ ကျားရုပ်
၃။ ကျွဲရုပ်
၎။ ပိဿနိုပ်ရုပ် ( Vishnu )
၅။ ဘုမ္မစိုဝ်ရုပ်
၆။ ပရောဟိလေးယောက်တို့ဝ် အရုပ်
၇။ ကြေးသွန်းသံလျက် စွဲလျက် ဓါးပြအိန္ဒနတ်ရုပ် ၁၀၀၀။
၈။ နန္ဒီနတ်ရုပ်မှာ ဝေသာမိတ္တတောင် ကပ္ပီလ၀တ်မြို့စောင့် ၁၀၀၀။ ( နွားလားဥဿဘ ရုပ်)
ဟိန္ဒူ နှင့် ဗြဟ္မဏ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါတဲ့ လောကီအစီရင်ပါတဲ့ ဒီအစီရင်တွေကိုကြည့်ပြီးသေချာပြောနိုင်တာက ဒါဟာ အိန္ဒယဘက်က တင်သွင်းလာတယ်လို့ဆိုနိုင်ပါတယ်။

အမိန့်တော်မှာ ထပ်ပြီးတွေ့ရတာက " နတ်ရုပ်များနှင့် ကြေးနီပြားအင်း ကျောက်သစ်တာကျောက်အိုဝ်ထားရန် ရွှေပြား ငွေပြား ကြေးနီပြား အင်းတော်များကိုနှံထားစီရင်ရန် " ဆိုပြီးတွေ့ရတဲ့အတွက် ' အင်း ' ချတဲ့ လောကီအစီရင် မဖြစ်မနေပါတယ်။ ဒီလိုလုပ်တာဟာ လွန်ခဲ့တဲ့အနှစ် ၄၀၀ ပုဂံခေတ်ကတည်းက အားကိုးတကြီးသုံးလာတဲ့ ကောကီအစီရင်တွေပါပဲပြောတယ်။ အင်းတော်များကို စီရင်ရန် သာပြောပြီး စီရင်တဲ့ အင်းအမျိုးစားမပါလေတော့ သေချာအတိကျမပြောနိုင်ပါ။

ဖြစ်နိုင်ခြေရှိတဲ့ အင်းတချို့ရဲ့ နာမည်တွေကိုပြောရရင်
၁။ စမ္ပာနဝနော ကိုးသွယ် အင်း ( စမ္ပာနဝရတ် ကိုးသွယ် အင်းဖြစ်မယ်ထင်ပါတယ်)
၂။ ဥလ္လလိရိအဋ္ဌမုက် အင်း
၃။ သီရိဇေယျ သက်တော်ရှစ်ဆယ် အင်း
၎။ သီရိဇေယျ မဏိလသက်တော်ရှည် အင်း
၅။ သာသနာ ၅၀၀၀ အင်း
၆။ သိရသိံ္မ မေဂါထာ အင်း
၇။ သမ္မုဒ္ဓေအင်း
၈။ သတ္တ ရတနာအင်း
၉။ အဋ္ဌဇေယျမင်္ဂလာအင်း
၁၀။ သုဝဏ္ဏ ဘုမ္မိအင်း စာလုံး ၃၂ လုံး
၁၁။ ပဋာဌာရဏာအင်း
၁၂။ ရှင်ဥပုတ်ပရိတ်အင်း
၁၃။ ဩောင်းနမောနရာနိ အဌာနိအင်း
၁၄။ ဥဒံ္ဓယာဝအင်း
၁၅။ သရနဂုဏ်အင်းအကျယ် ၃

ခုပြောခဲ့တဲ့ အင်းတွေဟာ ၁၆ ရာစုနှစ်လောက်ကနေစပြီး နောက်ပိုင်းတစ်လျှောက်လုံးမြန်မာမင်းတွေ မြို့တည်၊ နန်းတည်ရာမှာ အသုံးများတဲ့ အင်းတွေဖြစ်လို့ နီးစပ်ရာဖော်ပြလိုက်တာပါ။ သာသနာ ၅၀၀၀ အင်း နှင့် သမ္မုဒ္ဓေအင်း တို့ကတော့ လောကီဆိုင်ရာထက် လောကုတ္တရာဆိုင်ရာ အင်းတွေဖြစ်မယ်လို့ မှန်းပါတယ်။


" ထိုမှတပါး အရပ်ရပ်မှ လာလတံ္တ့သော ရန်သူရန်ဘက်တို့ နှောက်ယှက်သော်လည်းကောင်း၊ နီးနီးစပ်စပ်ရောက်သော်လည်းကောင်း ၊ မရောက်မလာဝမ့်စေကြောင်း၊ သတ္တဝါတို့ ခေါင်းကိုချစေ၍ အင်းမျိုဝ်တို့ကို ရေမြေရှင်နှင့် သာသနာတော်အရောင်ဝါတိုးတက်၍ " ဆိုပြီးထပ်တွေ့ရပြန်ပါတယ်။" သတ္တဝါတို့ခေါင်းကိုချစေ၍ အင်းမျိုဝ် " လို့ပြောတာဟာ လူသတ်ပြီးစတေးတာကိုပြောတာလို့ သေချာတပ်အပ်မပြောနိုင်သော်လည်းဘဲ သတ္တဝါတစ်မျိုးမျိုးကို ခေါင်းဖြတ်သတ်ပြီး စတေးတာပါပဲ။

ဒီအချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အနောက်တိုင်း ပညာရှင်တွေအမြဲစွတ်စွဲလေ့ရှိတဲ့ မြန်မာဘုရင်တွေနန်းတော်သစ် ၊ မြို့သစ်တည်ဆောက်ရာမှာ လူသတ်ပြီးစတေးတယ်ဆိုတဲ့ အဆိုကိုသတိရစေပါတယ်။ အကယ်၍ ဒီဓလေ့ရှိခဲ့တယ်ဆိုပါရင်တောင်မှာ ဒါဟာ မြန်မာတစ်နိုင်တည်းရှိတာမဟုတ်ဘဲ အာရှတိုက်တစ်ခွင်တော်များများ ၊ လက်တင်အမေရိက နှင့် တချို့ အနောက်နိုင်ငံတွေမှာရှိတတ်တဲ့ အလေ့ထဖြစ်တာကြောင့် သိပ်ပြီးဆန်းလှတယ်မဟုတ်ပါ။

အမိန့်တော်ထဲမှာ အသေချာထည့်ပြောထားတဲ့ " သာသနာတော်အရောင်ဝါတိုးတက်၍ " ဆိုတဲ့ အသုံးက ဒီလိုရက်စက်တဲ့လောကီအစီရင်တွေလုပ်တာဟာ သာသနာတော်အကျိုးတွက်လည်းပါတယ် ဆိုပြီး ရဟန်းသံဃာတွေရဲ့ ကန့်ကွက်မှုကရှောင်ရှား ဖို့အကြောင်းပြခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါ အရပ်လေးမျက်နှာ သာယာစည်ပင် ဝပြောလို့ လူအများချမ်းသာမယ်ဆိုပြီး ထပ်ပြောပါသေးတယ်။

ဒီလိုလောကီအစီရင်တွေလုပ်တာဟာ ဘိုးဘေး ဘီဘင် ရှေးဘုရင်တွေလက်ထက် " မဇ္ဈိမထိုက်သော ဠသရ ၆ ပြည်ထောင်ပြည်ကြီး တဆယ်ကိုဝ်ပြည်ထောင်မှာ စီရင်သည်က ဥပဒေသက်သေ ရှိသည်။ ထိုတိုင်းကြီးပြည်ကြီးများတွင် စီရင်သည့် နည်း စီရင်တော်မူရန် " ဆိုပြီး ဘုရင်ကပြောလိုက်တဲ့အခါမှာ ရဟန်းရှင်လူ ပြည်သူအများက ဘာမှတတ်နိုင်တော့မည်မဟုတ်ပါ။

အမှန်တကယ်တော့ ရဟန်းရှင်လူ ပြည်သူတွေအတွက် ဆိုတာထက် မင်းဖြစ်သူနှင့် သားတော်အစည် မြေးတော်အဆက် မြစ်တော် အညွန့် အနွယ်တော် တို့ မင်းလုပ် အုပ်ချုပ်ဖို့ရာသာ အဓိကဖြစ်ပါတယ်။

ဆက်ရန်..............