1/31/10

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ

ဟိုတလောလေးတုန်းက ဆောင်းပါးကောင်း တစ်ပုဒ်ဖတ်ရတယ်။ လူအများ ဖတ်သင့် ၊ သိထားသင့် တဲ့ ရိုးရာဓလေ့ဖြစ်လို့ ဆောင်းပါးရှင် ရဲ့ မူလအာဘော်အတိုင်း " အစ ၊ အဆုံး " ကူးယူဖော်ပြလိုက်ပါတယ်။

ကိုကိုလတ် ( ဆည်မြောင်း ) ရဲ့ ဆောင်းပါး " ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ " ကို အပိုင်း ၃ ပိုင်းခွဲလိုက်ပါတယ်။ ခုအပိုင်း (၁)ကို အရင်ဖတ်ပြီး အသိ သစ်တွေပေးလိုရင်ဖြင့် ကွန်မန့်ရေးထားခဲ့စေချင်ပါတယ်။
===================================

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ
ကိုကိုလတ် ( ဆည်မြောင်း )
သူရဇ္ဇ မဂ္ဂဇင်း
အတွဲ(၁၀) အမှတ် (2)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ
စာမျက်နှာ ၂၂၀ ။



ပုဂံခေတ်ကပင်ရှိခဲ့သော ကြက်တိုက်ခြင်းဓလေ့သည် ယနေ့မြန်မာနိုင်ငံ ၏ လောင်းကစားဥပဒေနှင့် ငြိစွန်းသဖြင့် နိုင်ငံတော်မှ တားမြစ်ထားပါသည်။ သို့ရာတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးလက်ဒေသအများစုတွင် နှစ်စဉ် စပါးရိတ်သိမ်းပြီးအချိန်များ၌ မြန်မာ့ရိုးရာ ဓလေ့ စစ်စစ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပသော ကြက်ပွဲများမှာ လောင်းကြေးအရ မများသော်လည်း မြန်မာ့တိုက်ကြက်မျိုးရိုး စစ်စစ်များ မတိမ်ကောစေရေးအတွက် ထိန်းသိမ်းသည့် အနေဖြင့် ဝါသနာရှင်များမှ ပြုလုပ်သည့် ကြက်ပွဲများလည်းရှိကြောင်း လေ့လာသိရှိရပါသည်။


ကြက်ပွဲလာသူအများစုမှာ တောသူတောင်သားများဖြစ်ကြပါသည်။ မြို့သူမြို့သားများအနေဖြင့် ဝါသနာကြီးသူအနည်းငယ်သာ လာတတ်ပါသည်။ ကြက်ပွဲလာ တောသူတောင်သားအများစုသည် စကားကြွယ်သူများဖြစ်ကြသည်။ သူတို့ကြက်ဝိုင်းတွင် သုံးနှုန်းသည့် စကားအခေါ်အဝေါ်များသည် သူတို့ဝန်းကျင်ရှိ မြင်တွေ့မှုများကို အခြေခံ၍ ခိုင်းနှိုင်းခေါ်ဝေါ်ကြသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဥပမာ -

နားကပ်ပွင့်
ငရုတ်စေ့ကပ်
တမာ
တံခါးပိတ်
စင်ရော်
ကျီးခြေ
သံပတ်
လေးတိုင်စင်
တပင်တိုင်
သိမ်း
ကြန် စသည့် အခေါ်အဝေါ်များကို ကြည့်ပါ။

သာမန်လူတစ်ယောက်အနေဖြင့် သိရန်မလွယ်ကူသော ဝေါဟာရများဖြစ်ပါသည်။ ကြက်ပွဲများသို့ မကြာခဏရောက်ရှိသူများပင် တချို့အခေါ်အဝေါ်များကို ဂ ဃ န ဏ မသိကြပေ။ ၎င်း မြန်မာ့ရိုးရာ စစ်စစ်ဝေါဟာရ (သို့) အခေါ်အဝေါ်များ မှာ မှတ်တမ်းတင်ထားသင့်ပါသည်။ ထိုသို့ မှတ်တမ်းမတင်ပါက ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။

ဥပမာ - ပုဂံခေတ်က စတင်သုံးစွဲခဲ့သော " ပယ် " ဆိုသည် လယ်မြေအကျယ် အဝန်းကို ခေါ်ဆိုသော ဝေါဟာရမှ ယခုအခါ လုံးဝ ပျောက်ကွယ်လုပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးနီးပါးသည် လယ်မြေအကျယ်အဝန်းကို ဧကအဖြင့်သာ ခေါ်ဝေါ်သုံးစွဲနေကြပါသည်။ ဧကသည် မြန်မာဝေါဟာရ မဟုတ်ပါ။ အင်္ဂလိပ်ဝေါဟာရ Acre ကို အသံဖလှယ်၍ သုံးထားခြင်းဖြစ်ပါသည်။

" ပယ် " ဆိုသော စကားဖြင့် လယ်မြေအကျယ်အဝန်းအား ပြောဆိုသည်ကို ၁၉၉၂ ခုနှစ်ခန့်က မန္တလေးမြောက်ဘက် တောင်ပြုံးကျေးရွာတွင် ဦးအောင်လှ ဆိုသူ လယ်သမားအဘိုးကြီးတစ်ဦးက သူ့တွင်လယ် (၂) ပယ် ရှိသည်ဟု ရှားရှားပါးပါး ပြောဆိုသုံးစွဲခဲ့သည်ကို တွေ့ကြုံဖူးပါသည်။ ' ပယ် ' ဝေါဟာရကဲ့သို့ အခြားပျောက်ကွယ်သွား သည့် ဝေါဟာရများ ရှိနိုင်ပါသည်။ ထို့ကြောင့်မိမိတို့ လက်လှမ်းမီသမျှ နယ်ပယ်အသီးသီးမှ ဝေါဟာရအမျိုးမျိုးအား မှတ်တမ်းတင်ထားသင့်ပါသည်။


ယခင်က မဂ္ဂဇင်းများတွင် တိုက်ကြက် နှင့် ပတ်သက်၍ ဖော်ပြခဲ့မှုများမှာ ဇာတ်လမ်းဇာတ်ကွက်များ အသားပေး ဖော်ပြမှုများသာ ဖြစ်ကြပါသည်။ ကြက်ဝိုင်းသုံး အခေါ် အဝေါ်များအား သီးသန့်ရေးသားခဲ့သော ဆောင်းပါးများအလွန်ပင် ရှားပါးပါသည်။ ထို့ပြင် ယခုအခါ တိုက်ကြက် နှင့်ပတ်သက်သည့်အကြောင်းအရာများ ရေးသားလေ့ရှိသော ဆရာကြီး ( ဦး ) သော်တာဆွေ နှင့် ဆရာကြီး (ဦး) မြတ်လေးတို့ မရှိကြတော့ သဖြင့်တိုက်ကြက်အကြောင်းရေးသူ နည်းပါးလာပါသည်။

နောင်တွင် မြန်မာ့ရိုးရာ တိုက်ကြက် ဆောင်းပါးနှင့် ဇာတ်လမ်းများ မဂ္ဂဇင်းစာမျက်နှာများတွင် ပျောက်ကွယ်သွားနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအရပ်ရပ်သို့ တာဝန်အရ သွားလာရင်း ကျွန်တော် လေ့လာလိုက်စား မှတ်သားထားသည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များကို သုတေသီများလေ့လာနိုင်ရန် ဗဟုသုတ အဖြစ် ဖော်ပြအပ်ပါသည်။


တိုက်ကြက် နှင့် လောင်းကစားခြင်းကိစ္စကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားခြင်းဖြစ်သည် တစ်ပိုင်းဖြစ်၍ မြန်မာ့ဝေါဟာရ စစ်စစ်များကို လေ့လာနေသည့် သုတေသီများအတွက် ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်အား လေ့လာမှတ်တမ်းတင်ထားခြင်းသည် နောင်တစ်ချိန်တွင် သမိုင်းမှတ်တိုင် ကျန်ရစ်နေမည် ဖြစ်ပါသည်။

တိုက်ကြက်တစ်ကောင်အား ၎င်း၏ အင်္ဂါအစိတ်ပိုင်းများအလိုက်-

၁။ အမောက်ဆိုင်ရာ အခေါ်ဝေါ်များ
၂။ မျက်လုံးဆိုင်ရာ အခေါ်ဝေါ်များ
၃။ နှုတ်သီးဆိုင်ရာ အခေါ်ဝေါ်များ
၎။ အမွေးအရောင်ဆိုင်ရာ အခေါ်ဝေါ်များ
၅။ ခြေဖတ်ဆိုင်ရာ အခေါ်ဝေါ်များ
၆။ ခြေထောက်ဆိုင်ရာ အခေါ်ဝေါ်များ
၇။ အတက်ဆိုင်ရာ အခေါ်ဝေါ်များ
၈။ အမြီးဆိုင်ရာ အခေါ်ဝေါ်များ
၉။ ကိုယ် ခန္ဓာဆိုင်ရာ အခေါ်ဝေါ်များ
၁၀။ ကြက်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်ဝေါ်များ ဟူ၍မှတ်တမ်းတင်အပ်ပါသည်။

1/23/10

" မင်းဘဲ ကျင့် ၊ ငါတော့ ကျင့်ဘူး "

မင်းကျင့်တရား ဆယ်ပါး ကို ဘယ်ကျမ်း မှာ စရေးထားတယ် ၊ ဘယ်ခေတ် မှာ စရေးတယ် ၊ ဘယ်သူ ပြုစုရေးသား တယ်ဆိုတာ သေချာ မပြောတတ်ပါ။ သေချာပြောနိုင်တာက မင်းကျင့်တရား ဆယ်ပါး ကို " ပျူ " ကျောက်စာ၊ အရိုးအိုးစာ စတဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားတာမတွေ့ရပါ။

ပုဂံ ခေတ်ကျောက်စာတွေမှာလည်း မတွေ့ရပါ။ မွန်ကျောက်စာတွေမှာလည်းမတွေ့ရ ။ ကျန်စစ်သား ( ထီးလိုင် မင်း ) ထားခဲ့တဲ့ ကျောက်စာ( မွန်ဘာသာ ) ကိုလေ့လာကြည့်တဲ့အခါ မင်း ဖြစ်တဲ့သူဟာ ပြည်သူတွေကို တရားသဖြင့် ဘယ်လိုအုပ်ချုပ်တယ် ၊ တိုင်းပြည် စည်ပင်သာယာတယ် ဆိုပြီး သူ့ကိုယ်သူ သာသာထိုးထိုး မှတ်တမ်းတင်ခဲ့တာတော့ရှိတယ်။

မင်းကျင့်တရား ဆယ်ပါး ကို စပြီးဖော်ပြတာ အင်းဝခေတ်ကျောက်စာတွေဖြစ်တယ်။
( ဒေါက်တာသန်းထွန်း ၊ " အဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ ” ကြည့် )
မျိုးရိုးစဉ်အဆက် မင်းတွေဘဲဖြစ်ဖြစ် ၊ ငတပါး မင်းတွေဘဲ ဖြစ်ဖြစ် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေဟာ အနည်းဆုံးတော့ ဒီအချက်တွေကို လိုက်နာရမယ်လို့ မှတ်ယူနိုင်ပါတယ်။

မင်းကျင့်တရား ဆယ်ပါး အချုပ်
၁။ အလှူပေးခြင်း၊
၂။ သီလစောင့်ခြင်း၊
၃။ ပေးကမ်း ချီးမြှင့်ခြင်း၊
၎။ သိမ်မွေ့ခြင်း၊
၅။ ခြိုးခြံခြင်း၊
၆။ အမျက်မထွက်ခြင်း၊
၇။ သည်းခံခြင်း၊
၈။ ဖြောင့်မှန်ခြင်း၊
၉။ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း၊
၁ဝ။ ပြည်သူကို အခွန်အတုတ်ဖြင့် မညှဉ်းဆဲခြင်း၊


ဒီလို မင်းကျင့်တရား ဆယ်ပါး အကြောင်းစပြောတဲ့ အဝ ၊ ကုန်းဘောင် မင်းတွေကို လေ့လာကြည့်ရာမှာ ပြောကား ပြော၏ ၊ တကယ်လိုက်နာ ကျင့်သုံးမှူမရှိ လို့တွေ့ရတယ်။

ဒီတော့ သူတို့ပြောတဲ့ မင်း ကျင့်တရား ဆယ်ပါး ဆိုတာ " မင်းဘဲ ကျင့် ၊ ငါတော့ ကျင့်ဘူး " လို့ဆိုချင်တာလားမသိပါ။


အဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ။ (ပုံမှာ - ပုဂံ ဘုရား ပထိုးတွေမှနေ စုဆောင်း သိမ်းဆည်းထားတဲ့ ကျောက်စာ အမျိုးမျိုးကို တစုတစည်းတည်း တွေ့မြင်ရပုံ)

မှတ်ချက်။ ပုံကို ရဲရင့်ငယ် ကနေဒါ http://www.yeyintnge.com မှကူးယူဖော်ပြသည်။

1/17/10

၁၁၄၆ အမရပူရ ဆင်ဖြူများရှင် နိုင်ငံ ဒင်္ဂါး



ဒင်္ဂါးတွေအကြောင်း ရှာလက်စ ဖြစ်နေတော့ ရပ်လို့မရသေးပါ။ မူရင်း ကြည်လင်ပြတ်သားတဲ့ ပုံကောင်းရအောင် အချိန်အများကြီးယူရတာမို့ ပိုစ်တစ်ခုအဖြစ် တင်ဖို့ အချိန်တွေကြာလာတယ်။ မူရင်းပုံကောင်းကောင်း တစ်ပုံရဖို့ အခက်ခဲတွေရှိပါတယ်။

ဒီအလုပ်ကို အချိန်ပြည့်မလုပ်နိုင်တဲ့အပြင် မြန်မာစကားပြေအရေးသားညံ့တဲ့သူမို့ အရေးပါဆုံးလို့ယုံကြည်ရတဲ့ အချက်လက်တွေကို ပုံနှင့်တွဲတင်ပါတယ်။ အသေးစိတ်ပြည့်စုံမှုမရှိပါ။

ဒင်္ဂါးတွေအကြောင်း ဆက်မပြောခင် တစ်ခုပြောချင်တယ်။ ရှေးဟောင်းသုတေသနသမား တွေထက် သိုက်သမားတွေက နှာတဖျားအမြဲသာနေတဲ့ အကြောင်းပါ။ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေကို သိုက်သမားတွေနှင့် တစ်ဂိုဏ်းထဲထားလိုက်ကြပါစို့။

ဘာကြောင့်လဲဆိုတော့ သိုက်သမားတွေက တူးယူဖျက်ဆီးပြီးတဲ့နောက် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေဆီကို သွားရောင်းမယ်၊ ရှားပါးတဲ့ ပစ္စည်းတွေဆိုရင် ပိုပြီးဈေးကောင်းရလေ့ရှိတယ်။ ရှင်းရှင်းပြောရရင် ဒီနှစ်ဦးပေါင်းမှ အကျိုးမြတ်ရတယ်။ အချို့ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေက ကြိုငွေသဘောထုတ်ပေးပြီး သိုက်ရှာ/တူး လုပ်တာတွေရှိတယ်။

ရှေးဟောင်းသုတေသန သမားတွေဟာ သိုက်သမားတွေလို ကျောထောက်နောက်ခံ ( Financial Support )မကောင်း။ တစ်ခါ တူးဖို့ စီမံကိန်းဆွဲရင် နှစ်ချီကြာတယ်။ ဘာကြောင့်ကြာ ၊ ဘယ်လောက်ကြာလဲဆိုတာ မခန့်မှန်းနိုင်လောက်အောင်ပါဘဲ။ ဒါကြောင့် ရှေးဟောင်းသုတေသနကတူးလိုက်တိုင်း ရှေ့က သိုက်သမားတွေ စွန့်ပစ်ထားခဲ့အပိုင်းစတွေ ၊ မလိုချင်လို့ချန်ထားခဲ့ထားတွေကို လိုက်ကောက်နေသလိုပါ။

ပြီးခဲ့တဲ့ ၂၀၀၉ ခုတုန်းက ရခိုင်၊ ဝေသာလီရွာရဲ့ အနောက်တောင်ထောင့် ဂေါင်းရင့်တောကို ရှေးဟောင်းသုတေသနဌာန နှင့် သမိုင်းသုတေသန ဌာနတို့ ပူးပေါင်းပြီး ဝေသာလီမြို့ဟောင်းကုန်းအမှတ် ( ၁၁ ) ဆိုပြီး တူးဖော်ကြတယ်လို့ သတင်းကြားတယ်။ အစီရင်ခံစာ ထွက်၊ မထွက် မသိပါ။ ပန်းချီထူးလှ ( ရှေးဟောင်းသုတေသန ) ရဲ့ ဆောင်းပါးတွေရှာဖတ်ကြည့်ရင်း သိလိုက်ပါတယ်။ ထုံးစံအတိုင်း သိုက်သမားတွေ စွန့်ပစ်ထားခဲ့တဲ့ အိုးကွဲတွေ ၊ သူတို့ခိုးတူးစဉ်က မတော်တဆ ပဲ့ကျန်ခဲ့ဟန်ရှိ တဲ့ ကျောက်စစ်ရုပ် အပိုင်းစတွေသာများတယ်။

ရှေးဟောင်းသုတေသန သမားတွေက အဲလို ကောက်သင်းကောက်နေတဲ့အချိန်မှာ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေက အိမ်မှာနေရင်း ရှေးပစ္စည်းမျိုးစုံကို ပြတိုက်တစ်ခုလို စုဆောင်းရရှိနေပါတယ်။ အဲဒိ ပစ္စည်းတွေဘယ်လို ခိုးထုတ်တယ်ဆိုတာ အရင်ပိုစ်မှာ ရေးပြီးပြီ။

ဒီနေရာမှာ အဓိကပြောချင်တာက မြန်မာရှေးဟောင်း ဒင်္ဂါးတွေအကြောင်း ရှေးဟောင်းသုတေသန ကပေးနိုင်တဲ့ အချက်လက်တွေဟာ ပါချီပါချဲ့။ သိပ်နည်းတယ်။ သို့သော် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေကပေးတဲ့ အချက်လက် တွေက မယှဉ်သာအောင်များတယ်။ ။ ဘာကြောင့်လဲ ဆိုပြီးထပ်မရှင်းလိုတော့ပါ။ ဆရာတော် ဦးသုမင်္ဂလ ရဲ့ စကား " သဘောပါသလား " ကို ယူသုံးပြီးသာ မေးလိုက်ချင်ပါရဲ့ဗျာ။

========================

အများသိပြီးပြစ်တဲ့အတိုင်း ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း( ၁၇၈၂ - ၁၈၁၉ ) လက်ထက်၊ ၁၇၈၄ မှာ ရခိုင်ကို သိမ်းယူရရှိတယ်။ ရခိုင်ဘုရင် အဆက်ဆက်က မင်းတွေဟာ ရှေးအစဉ်အဆက်ကတည်းက ဒင်္ဂါးခပ်လုပ်သုံးစွဲလေ့ရှိတယ်။ ဒီတော့ ရခိုင်ကို သိမ်းယူပြီးတဲ့နောက် ဗဒုံမင်းဟာ " ၁၁၄၆ အမရပူရ ဆင်ဖြူများရှင် နိုင်ငံ " ဆိုတဲ့ စာတမ်းတံဆိပ်ပါ ဒင်္ဂါးတွေ ကို ရခိုင်မှာ ခပ်လုပ်သုံးစွဲစေတယ်။

မြန်မာဘုရင်က အမိန့်ပေးပြီးထုတ်လုပ်ခိုင်းတဲ့ ခေတ်ပြိုင်မှတ်တမ်းတော့ မရှိပါ။ မြန်မာဘုရင်က ခန့်ထားတဲ့ စစ်တကောင်းအခြေစိုက် ရခိုင် " အကြီးကဲ ဘုရင်ခံ " က ကြီးကြပ် ထုတ်လုပ်စေတယ်လို့ လို့ဆိုတယ်။
္မ( Coin of Arakan, of Pegu, and of Burma, Volume III, Part I by Sir Arthur P. Phayre , စာ ၁၁ ၊ ပလိတ်ပြား အမှတ် I , ဒင်္ဂါးအမှတ် ၂၃ ။ ပုံကို ကြည့်ပါ။




သန်းထွန်း ( ဒေးဒရဲ ) ရဲ့ စာအုပ်မှာ ဒီ ဒင်္ဂါးပုံ မပါ၊ ပုံကောင်းလဲ ရှာလို့ မရသေးတာကြောင့် ရှိတဲ့ ပုံဘဲတင်လိုက်တယ်။

1/10/10

ငါးနှစ်ကောင် အမှတ်တံဆိပ်အယူအဆ

( AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာမျက်နှာ ၁၇၄ မှ ငါးနှစ်ကောင်ဒင်္ဂါး )



( AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာမျက်နှာ ၁၃၀ မှ ငါးတစ်ကောင်ပါ မွန်၊ခမာ ဒင်္ဂါး )



ငါးနှစ်ကောင် အမှတ်တံဆိပ် ကိုအနက်အဓိပ္ပါယ် ကောက်ယူရာမှာ အယူဆအမျိုးမျိုးပြောနေကြတယ်။ ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း လက်ထက် ( ၁၇၈၂ - ၁၈၁၉ ) ခေတ်ပြိုင် မှတ်တမ်းတွေများသော်လည်းဘဲ ငါးနှစ်ကောင်ရဲ့ အနက် အဓိပ္ပါယ်ဘယ်အယူဆကို ဖော်ပြထားတာမျိုး ခုထိရှာမရသေးပါ။ ဒါကြောင့် ဘယ်သူမှန်တယ်လို့ တပ်အပ်မပြောနိုင်။ အကုန်လုံးက မှန်းဆပြောနေခြင်းသာဖြစ်တယ်။


" ဗိဿဏိုး " တူးဖော်ရေးကရတဲ့ အိုး ၊အိုးချမ်းပဲ့ တွေပေါ်မှာ ငါးနှစ်ကောင် အမှတ်တံဆိပ် တွေ့ရတယ်။ ငါးဆိုတာ ဥချတဲ့အခါ အသိန်းအသန်းချတာမို့ တိုးပွါးခြင်း မင်္ဂလာအတိတ်ယူတယ်လို့ ဆိုရလေမလား ဆိုပြီး ဒေါက်တာသန်းထွန်း မှန်းဆထားပါတယ်။ ( ဒေါက်တာ သန်းထွန်း ၊ မြန်မာမီးဖုတ်မြေထည်ပစ္စည်း စာတမ်း )

ကြေးဒင်္ဂါးတွင် ငါးရုပ် ဖိုမ နှစ်ကောင် ထည့်သွင်းခပ်နှိပ်ခြင်းမှာ ဘိုးတော်ဘုရား၏ နံတော်သင့် တနင်းလာနံ (က) ဝဂ်အဆုံးရှိ (င) ကိုယူ၍ထည့်သွင်းခပ်နှိပ်ရကြောင်း မှတ်သားရဖူး၏။
( သပြေညို မောင်ကိုဦး၊ မြန်မာ ဒင်္ဂါးများ ၊ စာမျက်နှာ ၇၃ )

ဆာ အာသာ ဖယ်ရာ ရဲ့ စာတမ်းပါ ငါးနှစ်ကောင် အမှတ်တံဆိပ်အယူအဆ ဟာဘယ်သူနှင့်မှမတူ။ ဂေါတမ မြတ်စွာဘုရား ပါရမီဖြည့်ကျင့်ရာ ဘဝဆက်ဆက်တွင် " ငါး " ဘဝ နှစ်ကြိမ်ဖြစ်ခဲ့တာကို ရည်ရွယ်ဟန်ရှိတယ်လို့ ခန့်မှန်းထားတယ်။
( Volume 3. Part I , COINS OF ARAKAN, OF PEGU, AND OF BURMA, Sir Arthur P.Phayre စာမျက်နှာ ၃၃ )


သန်းထွန်း ( ဒေးဒရဲ ) ရဲ့ မှန်းဆချက်က ဗိဿဏိုး ကောင်းစားစဉ် အချိန်ခါ ကတည်းကသုံးခဲ့သော်လည်း ဘာကို အနက်အဓိပ္ပါယ် ဖော်ဆောင်တယ်ရယ်လို့ မသေခြာ။ သို့သော် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း လက်ထက်
( ၁၇၈၂ - ၁၈၁၉ ) ဒင်္ဂါးတွေမှာ ခပ်နှိပ်ထားတဲ့ ငါးနှစ်ကောင် ဟာ ၁၂ ရာသီခွင် အမှတ်လက္ခ္ခဏာ တွေထဲကတစ်ခုဖြစ်တဲ့ " ကုန်ရာသီ " ( PISCES ) တပို့တွဲလ ကိုရည်ညွှန်းတာဖြစ်နိုင်တယ်။ အဲဒိ ငါးနှစ်ကောင်ဟာ အဖို ၊ အမ ဒါမှမဟုတ် အပေါင်း နှင့် အနှုတ် ဆန့်ကျင်ဖက် အရာနှစ်ခု သဟဇာတဖြစ်ခြင်း။ ပေါင်းစပ် လိုက်ဖက်စေခြင်းဖြစ်မယ်လို့ ဆိုတယ်။
( AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာမျက်နှာ ၁၇၄ )


အမှန်တော့ အဲဒိ ငါးနှစ်ကောင် အမှတ်လက္ခ္ခဏာရဲ့ အနက်အဓိပ္ပါယ် ကို အမျိုးမျိုးမှန်းဆ ပြောနေခြင်းသာဖြစ်တယ်။ မှန်ချင်မှ မှန်မယ်။ သာသာထိုးထိုးတွေမှန်းဆနေရင်တော့ မှန်ဖို့ထက် မှားဖို့သာရှိမယ်။ သိပ်အတွေးနည်ချဲ့ လိုရင်တော့ ခရစ်တော်မပေါ်မီ အနှစ် ၅၀၀ ( 500 BC ) ခေတ်က ငါးအမှတ်တံဆိပ် ပါ ဂရိဒင်္ဂါးတွေအထိ အတွေးနယ်ချဲ့နိုင်ပါတယ်။ ကိုယ်ပိုင်အမြင်ကို စိတ်ထဲရှိတဲ့ အတိုင်း ပြောပါ ဆိုရင်တော့ ဘယ်အဆိုကိုမှ မထောက်ခံပါ။ ကန့်ကွက်ဖို့လည်းမရှိ။

ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အမှတ်လက္ခ္ခဏာပါ ခန့်မှန်း အေဒီ ၂-၃ ရာစုဖြစ်မယ်လို့ ထင်ရတဲ့ မွန် ၊ ခမာဒင်္ဂါးတွေမှာ ငါးနှစ်ကောင် ပါတာတွေ့ဖူးတယ်။ တစ်ကောင်တည်းပါတာလည်းရှိတယ်။ လေ့လာနေဆဲသာဖြစ်လို့ အချိန်ယူရပါဦးမယ်။ ဘာမှမပြောလိုသေးပါ။


ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အမှတ်လက္ခ္ခဏာပါ ခန့်မှန်း အေဒီ ၂-၃ ရာစုဖြစ်မယ်လို့ ထင်ရတဲ့ မွန် ၊ ခမာဒင်္ဂါး

1/9/10

တောအလှူ


လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်ကပါ။ အကိုလတ် ဖြစ်သူက " တစ်ယောက်လာလို့ တစ်ရာငြိမ်းပါရစီ " စာတမ်းထဲက စာပိုဒ်တချို့ကို အသံထွက် ဖတ်ပြရာက ဆရာနေဝင်းမြင့်ကို ဒီစာအုပ်နှင့်အတူ သိလာခဲ့တယ်။ ကြိုက်လွန်းလို့ ဒီစာအုပ်ကလေးကို အကိုဆီကတောင်းယူလာခဲ့တယ်။ ဘယ်သွားသွား ဒီစာအုပ်ကို ယူသွားဖြစ်တယ်။ တစ်ကြိမ်မက အခါခါပြန်ဖတ်ပါတယ်။ အခွင့်ကြုံရင် ဆရာ နေဝင်းမြင့် ဆီက တရားဝင် ခွင့်တောင်းပြီး အင်္ဂလိပ်ဘာသာပြန်မယ်လို့ စိတ်ကူးမိဖူးတယ်။ ခုတော့ စိတ်မကူးရဲတော့ပါ။


နေဝင်းမြင့်
တောအလှူ နှင့် လူမှုစီးပွါး ရသအက်ဆေးများ

မာတိကာ
၁။ တာဟန်းဈေး
၂။ ဂင့်ဂဲဈေး
၃။ ပွဲသိမ်းမင်းကြွလာပြီဆို မောင်းမတွေကကြို
၎။ တစ်ယောက်လာလို့ တစ်ရာငြိမ်းပါရစီ
၅။ တောအလှူ


နေဝင်းမြင့်၏အမှာ
ဤစာအုပ်ပါ ရသဟန် လူမှုစီးပွါးစာတမ်းများသည် ဓနစီးပွါးရေးမဂ္ဂဇင်းတွင်း အခါအားလျှော်စွာ ကျွန်တော်ရေးဖြစ်ခဲ့သည့် စာစုများဖြစ်ပါသည်။ သည်စာအုပ်တွင် ဈေးနှစ်ဈေး ( တာဟန်းဈေးနှင့် ဂင့်ဂဲဈေး )၊ နတ်ပွဲနှစ်ပွဲ( ကူနီထန်းတောရွာ ကိုကြီးကျော်နတ်ပွဲနှင့် ဆမိတ်ခုံနယ် ဦးတင့်တယ်နတ်ပွဲ ) နှင့် တောအလှူ (ကျေးလက်နေတို့၏ သားရှင်ပြု သမီးနားထွင်းလှူပွဲ ) တို့ကို စုစုစည်းစည်း ဖော်ပြထားပါသည်။

တစ်နည်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်နွယ်သောကျေးလက်ရနံ့ပါဝင်သည့် ရသစာတမ်းများဟု ဆိုနိုင်ကောင်းပါသည်။ တောင်းပန်လိုသည့်အချက်မှာ "ပွဲသိမ်းမင်းကြွလာပြီဆို မောင်းမတွေကကြို " စာတမ်းကို ကျွန်တော်၏ မြို့ပြပိုးမွှားများစာအုပ်တွင်ဖော်ပြခဲ့ပြီးဖြစ်သော်လည်း ၏စာအုပ်ပါ စုစုစည်းစည်းပါစေလိုသည့်ဆန္ဒဖြင့် ကျွန်တော်ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ သည်အတွက် ချမ်းမြေ့ရတနာ စာပေ၏ စုစည်းမှုမဟုတ်ဘဲ ကျွန်တော်၏ စိတ်ကူးဖြင့် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်တောင်းပန်လိုပါသည်။

ကျွန်တော့်စာတမ်းများကို ဖော်ပြပေးခဲ့သည့် ဓနစီးပွါးရေးမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နှင့် ကျွန်တော်၏ တောအလှူစာတမ်းကို မန္တလေး တက္ကသိုလ် မြန်မာစာဌာန " မြန်မာစာ ပါရဂူအကြိုသင်တန်း" တွင် " နေဝင်းမြင့်၏ တောအလှူစကားပြေရေးဟန်" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းတင်သွင်းကာ ဝေဖန်အကဲဖြတ် ဆွေးနွေးခဲ့ကြသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။ အထူးသဖြင့် ဆွေးနွေးခဲ့သည့် ဆရာဦးအောင်နေမျိုးနှင့် မန္တလေး တက္ကသိုလ် မြန်မာစာဌာနက ဆရာ ဆရာမ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။

စာအုပ်အဖြစ် ထုတ်ဝေပေးသည့် ဆရာဦးလှပိုင် ( ချမ်းမြေ့ရတနာ စာပေ ) ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

နေဝင်းမြင့်
၂၀၀၃ ခုနှစ်၊ ဇွန်လ
မန္တလေးမြို့။

1/3/10

" ငါးနှစ်ကောင် " ဒင်္ဂါး

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း လက်ထက် ( ၁၇၈၂ - ၁၈၁၉ ) မှာ စက်လုပ် ဒင်္ဂါးတွေ သွင်းလုပ်အသုံးပြုခဲ့ပါတယ်။ သို့သော် ဒေါက်တာ သန်းထွန်း ၊ ဒေါက်တာ ရီရီ ၊ မကြန် စတဲ့ သမိုင်းပညာရှင်တွေရဲ့ စာတမ်းတွေမှာ အသေချာ အတိလင်းဖော်ပြတာမတွေ့ရပါ။ ဒင်္ဂါးတွေအသုံး ပြုတယ်လို့ ဆိုရာမှာ ဒင်္ဂါးပုံစံ တစ်မျိုးမက ရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ရထားတဲ့ အချက်လက်တွေကို အမျိုးစားခွဲ ကြည့်ပါတယ်။

သပြေညို မောင်ကိုဦး
၁။ ဘိုးတော်ဘုရား၏ နံတော်သင့် တနင်းလာနံ ကျားရုပ် သဏ္ဌာန်ပါရှိ၍ ကျန်တဖက်တွင် မုဒ္ဒါ ဘိသိတ် ခံယူသော နှစ်နှင့် တကွ " ၁၁၄၆ အမရပူရ ဆင်ဖြူများရှင် နိုင်ငံ စာတန်း ။ ( ခုထိ မတွေ့ရသေးပါ )
၂။ တဖက်တွင် ငါးဖိုမ နှစ်ကောင် သဏ္ဌာန်ပါရှိပြီး အနားပတ်လယ်တွင် ဗိန္ဒုပြောက်များ ပါရှိသည်။ ကျန်တဖက်တွင် ဘိုးတော်ဘုရား နန်းတက်သော နှစ်ကို အစွဲပြုပြီး " ၁၁၄၃ တပို့တွဲ လပြည့်ကျော် ၁၄ ရက်
ဟူသောစာတန်းပါရှိသည်။
၃။ ရွှေပြည်စိုး ဒင်္ဂါးများ၏တဖက်တွင် သာသနာတော် နှစ် ၂၃၂၅ နှင့် ကျန်အခြားတဖက်က ရွှေပြည်စိုး ငှက်တံဆိပ်ပါရှိသည်။ (ခုထိမတွေ့ရသေးပါ)
( မြန်မာဒင်္ဂါးများ ၊ သပြေညိုမောင်ကိုဦး ၊ စာမျက်နှာ ၇၃ )

ဆာ အာသာ ဖယ်ရာ
၎။ ၁၁၄၆ အမရပူရ ဆင်ဖြူများရှင်နိုင်ငံ စာတန်းပါ ဒင်္ဂါး
( Volume 3. Part I , COINS OF ARAKAN, OF PEGU, AND OF BURMA, Sir Arthur P.Phayre စာမျက်နှာ ၁၁ ၊ နှင့် ပုံကို PLATE I, coin no 23 )
၅။ တဖက်တွင် ငါးနှစ်ကောင် ၊ အခြားတဖက်တွင် ၁၁၄၃ တပို့တွဲလပြည့်ကျော် ၁၄ ရက် စာတန်းပါ ဒင်္ဂါး။
( Volume 3. Part I , COINS OF ARAKAN, OF PEGU, AND OF BURMA, Sir Arthur P.Phayre စာမျက်နှာ ၃၃ ၊ နှင့် ပုံကို PLAT V , coin no 8 )


သန်းထွန်း ( ဒေးဒရဲ )
၆။ တဖက်တွင် ငါးနှစ်ကောင် ၊ အခြားတဖက်တွင် ၁၁၄၃ တပို့တွဲလပြည့်ကျော် ၁၄ ရက် စာတန်းပါ ဒင်္ဂါး။
(AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By Than Htun (Dadeye), page 173- 7)
၇။ တဖက်တွင် ဗိန္ဓု အစက်ပျောက်ဝန်းရံထားတဲ့ တရားပလ္လင် ၊ အခြားတဖက်တွင် သီရီဝစ္ဆ (အိမ်မွန် ) နှင့် ခရုသင်းပုံပါ " ပျူဟန် " ဒင်္ဂါး။
(AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By Than Htun (Dadeye), page 177-8)


အထက်မှာ ဖော်ပြထားတာတွေထဲမှ အတွေ့ရများတဲ့ ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း လက်ထက် ( ၁၇၈၂ - ၁၈၁၉ ) " ငါးနှစ်ကောင် " ဒင်္ဂါး ပုံကို ဖော်ပြပေးလိုက်တယ်။ အမှတ် တံဆိပ် အဓိပ္ပာယ် အယူအဆ ၊ သွင်းလုပ်ပုံ နှင့် အခြား သိသမျှအသေးစိတ်ကို နောက် ပိုစ် မှာပေါင်းရေးမယ်။

စိတ်ကြိုက် စာအုပ် အညွန်း

ဘိုးတော် ဗဒုံမင်းလက်ထက် သွင်းလုပ်ခဲ့တဲ့ ဒင်္ဂါးတွေအကြောင်း ရေးပြီးကာမှ ပိုပြီးသေချာတဲ့ အချက်လက်တွေ ရနိုင်ကောင်းပါရဲ့ဆိုပြီး AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR By THAN HTUN ( DEDAYE ) စာအုပ် ဖတ်ပြီးမှ ပိုစ်အဖြစ်တင်မယ်လို့စိတ်ကူးရတယ်။ စာအုပ်ဖတ်နေတဲ့ အချိန်မှာတော့ Blog ကိုသတိမရတော့ပါ။ ဒီရက်ပိုင်း အားလပ်ရက်တွေပိုများတဲ့အတွက် စာဖတ်ချိန်ပိုရတယ်။





စာရေးသူ ဦးသန်းထွန်း (ဒေးဒရဲ) ဟာ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေအကြောင်း ၂၅ နှစ်ကျော် လေ့လာမှုပြုခဲ့တယ်လို့ဆိုပါတယ် ။ စာအုပ်ဖြစ်လာဖို့ အချိန်ယူခဲ့တာ ၄ နှစ်ခန့်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်က မိတ်ဆွေတချို့ပြောပြချက်အရ စာရေးသူ ဦးသန်းထွန်း(ဒေးဒရဲ) ကို ကွိုင် သန်းထွန်း အဖြစ် လူသိများတယ်လို့ သိရပါတယ်။

သူကိုယ်တိုင် စုဆောင်းထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးတွေဟာ ပြတိုက်တစ်ခု ဖွင့်လို့ရနိုင်တယ်လို့ နိုင်ငံခြားသား တစ်ဦးက ရည်ညွန်းပါတယ်။

အမေရိကန် နိုင်ငံ မီချီကန် ကွိုင်ကလပ် ( Michigan Coin Club ) က ခရစ်ယာန် ဘုန်းတော်ကြီး Neil Sowards, D.D ရဲ့ဆောင်းပါး မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) မှာ အရိပ်မွတ် ဖော်ပြထားတဲ့ ရှေးဟောင်း မြန်မာ ဒင်္ဂါးစုဆောင်းသူဟာ ဦးသန်းထွန်းဘဲ ဖြစ်ပါလိမ့်မယ်။

တကယ်တော့ မြန်မာ ရှေးဟောင်းဒင်္ဂါး သမိုင်းဟာ အခြားနိုင်ငံတွေလို မများ ။ ပျူ ဒင်္ဂါး ၊ မွန် ဒင်္ဂါး၊ ရခိုင် ဒင်္ဂါး တွေရှိမယ်။ ပုဂံခေတ် မှာ ဒင်္ဂါးမသုံး။ ရခိုင် သမိုင်း တလျှောက် မင်းအဆက်ဆက် ဒင်္ဂါးသုံးတာတွေ့ရတယ်။ ဘုရင့်နောင် ခေတ်မှာ ဒင်္ဂါး သုံးသလားဆိုတာ မသေချာ။ ကုန်းဘောင်ခေတ်မှာမှ ဒင်္ဂါးတွေ ပြန်ထုတ်သုံးတယ်။ သို့သော် ဒင်္ဂါး သမိုင်းကို သေချာတပ်အပ်ပြောဖို့ရာ ခိုင်မာတဲ့ သမိုင်း အထောက်ထား လိုနေဆဲပါ။


သန်းထွန်း ( ဒေးဒရဲ ) ရဲ့ AUSPICIOUS SYMBOLS AND ANCIENT COINS OF MYANMAR သည်
ဒင်္ဂါး သမိုင်း မှာလိုနေတဲ့ အချက်လက် အထောက်ထားတွေ ပေးနိုင်တဲ့ အကောင်းဆုံး သုတေသနပြု စာအုပ်လို့ ပြောချင်ပါတယ်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်တွေမှာ ဒီစာအုပ်ကို PDF ဖိုင်အဖြစ်တင်မယ်။