8/30/09

ပေထက် အက္ခရာ ရေးကူးတင်ကျ ဟန် စဥ့်ကွင်း

လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက် မှာရှိနေတဲ့ နောက်ထပ် မင်းကွန်း စဥ့်ကွင်း တစ်ခုပါ။
တတိယ သံဃာရတာတင်ဟန် စဥ့်ထယ်ကို အရင်ပိုစ်မှာ တင်ခဲ့ပြီးပါပြီ။
အစိမ်းရောင် စဥ့်ရည်သုတ်လိမ်းထားပြီးလက်ရာ အတော်တန်သေသပ်ပါတယ်။

အောက်ပိုင်းမှာ " ပေထက် အက္ခရာ ရေးကူးတင်ကျ ( ကြ ) ဟန်" လို့မြန်မာလို ရေးထားပါတယ်။

အမျိုးအစား - ပေထက် အက္ခရာ ရေးကူးတင်ကျ ဟန် စဥ့်ကွင်း
ပြုလုပ်ပုံနည်းပညာ - မြေထည်မီးဖုတ် စဥ့်ရည်သုတ် ခပ်နှိပ် ပုံဖော်
အချိန်ကာလ - ခန့်မှန်း ၁၈ ရာစုနှစ်နှောင်းပိုင်း ( ၁၇၉၁ ဝန်းကျင်)
တွေ့ရှိရာနေရာ - မြန်မာ၊ မင်းကွန်း
အရွယ်အစား- (၂၃.၅ x ၂၃.၁၈ x ၅.၄) စင်တီမီတာ
လက်ရှိတည်နေရာ - လော့စန်းဂျလိစ် အရပ် အနုပညာပြတိုက်
ပြတိုက်အမှတ်- Gift of Marilyn Walter Grounds (AC1994.234.6.2)

8/29/09

တတိယ သံဃာရတနာတင်ဟန် စဥ့်ကွင်း





အမျိုးအစား - တတိယ သံဃာရတနာတင်ဟန် စဥ့်ကွင်း
ပြုလုပ်ပုံနည်းပညာ - ခပ်နှိပ် ပုံဖော် မြေထည်မီးဖုတ် စဥ့်ရည်သုတ်
အချိန်ကာလ - ခန့်မှန်း ၁၈ ရာစုနှစ် ( ၁၇၉၁ ဝန်းကျင် )
တွေ့ရှိရာနေရာ - မြန်မာ၊ မင်းကွန်း
အရွယ်အစား- (၂၃.၅ x ၂၃.၅ x ၄.၄၅) စင်တီမီတာ
လက်ရှိတည်နေရာ - ဒီလော့စန်းဂျလိစ် အရပ် အနုပညာပြတိုက်
ပြတိုက်အမှတ်- Gift of Marilyn Walter Grounds (AC1994.234.6.1)

================================================

မြန်မာပြည်က " မင်းကွန်း" ဆိုတဲ့ ရွာလေးတစ်ရွာမှာ ကမ္ဘာကျော်တာတွေက

မင်းကွန်း ဆရာတော်ဘုရားကြီး
မင်းကွန်း ခေါင်းလောင်းကြီး
မင်းကွန်း ပုထိုးတော်ကြီး

မင်းကွန်း ပုထိုးတော်ကြီးက စဥ့်ကွက်တွေ အတော်များများ အကြောင်းကြောင်းကြောင့် ပျောက်ပျက်ကုန်ပါပြီ။
ခေတ်အဆက်ဆက်မင်းတွေလည်း မင်းကွန်းပုထိုးတော်ကြီးဆိုရင် (တဘောင်) ကြောက်လို့ မပြင်ပါဘူး။

တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာလိုက်တာ အုတ်ပုံကြီးဖြစ်တဲ့အထိ ပြစ်ထားကြမယ်ထင်ပါတယ်။
အများသိပြီးသားဖြစ်တဲ့အတိုင်း မင်းကွန်းခေါင်းလောင်းကြီးတောင်မှ ကိုလိုနီခေတ်ဦးရောက်မှ အင်္ဂလိပ်လူမျိုးတစ်ဦးက ဦးဆောင်ပြီးလုပ်ခဲ့လို့ ဒီလိုမြင်ရတာပါ။

စဥ့်ကွင်းတွေကတော့ ကုန်သလောက်ရှိနေပါပြီ။ တချို့လည်းအခိုးခံရ ၊ တချို့ ရေထဲပါ။ တချို့ ဥရောပအထိ ရောက်တယ်။ ပေါ်ဦး ပြောတဲ့ ခြသေ့င်္ကြီး နှစ်ကောင်လည်း ယခုအချိန် ခြေလေးချောင်းတောင် ကောင်းကောင်းကျန်ပါဦးမလားမသိ။

မင်းတွေကလည်း မပြင်
လူတွေကလည်း မပြင်
သံဃာတော်တွေကလည်း မပြင်
ပညာရှင်တွေကလည်း မပြင်
ယူနစ်စကိုကလည်း မပြင်။ ဘာလို့များ မပြင်။

8/26/09

မမှားဘူးတဲ့ သမိုင်း သုတေသနသမား

မမှားဘူးတဲ့ သမိုင်း သုတေသနသမား ဆိုတာ မရှိပါ။

ဥရောပ၊ အမေရိကား ၊ အာဖရိက၊ အာရှ အစပြုလို့ ဘယ်သမိုင်းသုတေသနသမားမှ မမှားဘူးတဲ့လူမရှိပါ။

ဘာဖြစ်လို့မှားလဲဆိုတော့ " သမိုင်းသုတေသန" ဖြစ်နေလို့ဘဲ လို့ဖြေရပါလိမ့်မယ်။

အရေးကြီးဆုံးက အဆက်မပြတ်လေ့လာဖို့ နဲ့ အချက်လက်ပြည့်စုံသွားလို့ အဖြေမှန်ရလာတဲ့အခါ ရှေ့က မှားခဲ့တာကို " အမှားပြင်ဆင်ချက် " အနေနှင့် ပြင်ဖို့ပါ။

8/24/09

ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ


၁၀၇၂ (၁၇၁၀ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ

ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှူ့ဆိုင်ရာ အမှတ်လက္ခဏာ မပါတော့တဲ့ ရခိုင် ဒင်္ဂါးစာရင်း။
???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။
ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သေးပါ။

?????
နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )
???
ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )
?????
ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် နာရဓိပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )
အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)
အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )
ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
??????
ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )
ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)
ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )
????
ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)


ဒီ ဒင်္ဂါးပုံကို ရထားတာကြာပါပြီ။ စာလုံးတချို့ ပျက်နေတဲ့အတွက် ဖတ်ရတာ မသေချာသေးတာရယ် ၊ အတုများဖြစ်နေမလားလို့ သံသယရှိလို့ စစ်ဆေးနေရသေးတာရယ်ကြောင့် မတင်ဖြစ်ဘဲကြာနေတာပါ။

စကားလုံးသတ်ပုံ အယူအဆ၊ အဆွဲ ၊ ကောက်ကြောင်း အရ အစစ်လို့ရဲရဲပြောနိုင်ပါပြီ။
စိတ်ဝင်စားတဲ့လူများ ပုံရော စာပါ ယူသုံးနိုင်ပါပြီ။


8/23/09

တူရွင်းတောင် ဘုရားကျောက်စာ




တူရွင်းတောင် ဘုရားကျောက်စာ
ပုဂံအရှေ့တောင် ၊ တူရွင်းတောင်ထိပ်။ ပုံ ၄၅ ။ စာရင်း ၄၆၅ ။

၁။ သဂရစ် ၅၈၆ မြက္ကသိုလနှစ် တပို့တွဲ
၂။ လဆန်း ၂ ရက် ကြာသာပတေင့ အား အရည်း
၃။ ငစိုက်သင် နှင့် ၊ ငစင်သင်လုံ မိန့်ကြားကာ ငစ
၎။ င်သင် မအောင် ငစိုက်သင်အောင်၏။ တရားသူ
၅။ ကြီးကားအကျိုးရှိ ၁၊ စတ္တ(ရုယ်) ၁၊ ကစ္စကာပတိ
၆။ ယ် ၁၊ ကစ္စပကြုံ ။ ဤသူ ၄ ယောက်သောကား
၇။ တရား(ကွ)န်း သာယာတွင် မေး ပေသတေး၊
၈။ တူရင်တောင်ထက် ငစိုက်သင် ပုထိုး ၂ လုံး
၉။ ဂူတလုံးလှူသော ယာ ၄ ပယ် ကျွန်
၁၀။ (ကား) ငစွယ်ဘုရား ကျွေးစေသတေး (။) သားမြေး
၁၁။ (တွ)င်လည်းကောင်း သူလည်းကောင်း လူစားမူကား
၁၂။ အဝစိယ်ကား အထက်လူစားမူသောကား
၁၃။ အောက်ဖြစ်စေ သတေး။ အဆွေ အဝ(ာ:)
၁၄။ အတိုင်းမသိရပါစေ သတေး။



အကျဉ်းချုပ်မြန်မာပြန်

သက္ကရာဇ် ၅၈၆ ခု ( ၁၂၂၅ ) တောကျောင်းရဟန်း နှစ်ပါးဖြစ်တဲ့ အရည်း " ငစိုက်သင်" နှင့် " ငစင်သင်လုံ" တို့ မြေပိုင်ဆိုင်မှုအတွက် အမှု ဖြစ်တယ်။ အမှုကို တရားသူကြီး ၄ ဦးပါ တရားကွန်သာယာ ( တရားရုံး ) မှာစစ်ဆေး ဆုံးဖြတ်တယ်။ ငစိုက်သင် တရားအောင် ( တရားနိုင် ) တယ်။ တရားနိုင်သူ ငစိုက်သင် က တူရွင်းတောင်ထက် မှာ ပုထိုး ၂ လုံး၊ ဂူ ၁ လုံး နဲ့ ဘုရားကျွန် အဖြစ် " ကျွန်ငစွယ်" ကိုလှူတယ်။

သူ့ကောင်းမှုကို လု့ယက်ဖျက်စီးသူမှန်သမျှသည် အဝီသို့ ကျပါစေ သတည်း။ သူ့ကောင်းမှုကုသိုလ် အကျိုးကို အဆွေပါးအားလုံး ရပါစေသတည်း၊ လို့ တိုတိုဘဲရေးခဲ့တယ်။
ကျောက်စာက တိုသလောက် လေ့လာစရာ များပါတယ်။ပညာရှင်အများစု အဆိုအရ " ရဟန်းနှစ်ပါး အမှုဖြစ်တာ" ၊ ဒီအမှုကို " လူ တရားသူကြီး " က ဆုံးဖြတ်တာ၊ တရားသူကြီး ၄ ဦးထား ဆုံးဖြတ်တာ စသဖြင့် အထူးအဆန်းဖြစ်စေတယ်လို့ ဆိုတယ်။

ကျွန်တော်သတိထားမိတာက အလှူရှင်ဟာ ရဟန်းဖြစ်နေပါရက် ဘာလို့များ သူ့ကောင်းမှုအတွက် " ကျိန်စာ " တိုက်ခဲ့သလဲဆိုတာပါ။


ဒေါက်တာ သန်းထွန်းရဲ့ စာတမ်းမှာ " အရည်း ငစိုက်သင် " ဟာ တောကျောင်း ရဟန်းဖြစ်တယ်လို့ အခိုင်အမာ ဆိုထားတယ်။

ဒင်္ဂါးရှာပုံတော်

ရခိုင် ဒင်္ဂါးကိုလာကြည့်တဲ့လူတွေများတာသိရတယ်။

ဒီပုံကို ဘလော့တော်တော်များများမှာ မြင်ဖူးကြပါလိမ့်မယ်။မူရင်းက နေး ဆိုယ်ဝါဒ် ဒီဒီ ( Neil Sowards, D.D.) ရဲ့ မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) ဆောင်းပါးပါ။ မူရင်းစာရေးသူမှာ ခရစ်ယာန် သင်းအုပ်ဆရာဖြစ်ဟန်တူပါတယ်။ ရှေးဟောင်းရှားပါး ဒင်္ဂါး( ငွေအကြွေစေ့ ) စုစောင်းသူလည်းဖြစ်တဲ့အလျှောက် မြန်မာပြည်ရောက် တဲ့အခါတိုင်း ဒင်္ဂါးရှာပုံတော်ဖွင့်ပါတယ်။ မြန်မာပြည်ကို အသင်းတော်ကိစ္စနဲ့ ၁၃ ခေါက်ရောက်ဖြစ်တာရယ် ၊ သင်းအုပ်ဆရာဖြစ်တာရယ်ကြောင့် မြန်မာအကြောင်း အတော်အတန် သိပုံရမယ်ထင်ပါတယ်။

သူပြောပြလို့ အဲဒိခေတ်အခါက ရှေးဟောင်းပစ္စည်ရောင်းဝယ်ပုံကို စိတ်ဝင်စားဖွယ်ဖတ်ရပါတယ်။ စာရေးသူအဆိုအရ သူရောက်ခဲ့တဲ့အချိန်တုန်းက ခန့်မှန်းလူဦးရေ ၄၅ သန်းလောက်ရှိတဲ့ မြန်မာပြည်မှာ ဒီလို ရှေးဟောင်းရှားပါး ဒင်္ဂါး အကြောင်းနှံ့နှံ့စပ်စပ်သိတဲ့လူ( လေ့လာစုစောင်းသူ) ၅ ဦးထက်မပိုဘူးလို့ဆိုပါတယ်။ ခုချိန် မျိုးဆစ်သစ် လူငယ်တွေထဲမှာရော ဘယ်နှစ်ယောက်ရှိနိုင်မလဲ မေးလာခဲ့ရင် ဖြေရခက်ပါတယ်။

The people are wonderful and friendly နဲ့အဆုံးသတ်ထားတဲ့ သူ့ဆောင်းပါး၊ အကြောင်းရာနဲ့ အရေးသားကို ကြိုက်ပါတယ်။ ဒါပေမယ့် သူရေးခဲ့တာကိုပြင်စရာရှိပါတယ်။



Photo caption:
Top left: Kingdom of Pyu lead coin 500-800 AD, bird left.
Top right Kingdom of Funan, silver 190-550 AD, rising sun.
Center: Srekshetra silver 1/100 unit 750-832 AD unknown symbol
Bottom Right: Sanda Thudhamma Silver 1652 AD Burmese writing.
U. S. Dime is reference as to size.

ငှက်ပုံပါ သတ္တု ပုံစံခွက်ကို အေဒီ ၅၀၀-၈၀၀ ပျူ ဒင်္ဂါးလို့ပြောထားပါတယ်။ မဟုတ်ပါ။ အိုးလုပ်စဉ် ပန်းပုံနဲ့ အစက်ပျောက်တွေ ပုံဖော်ရာမှာသုံးတဲ့ တံဆိပ်တုံး ဖြစ်နိုင်ပါတယ်။


တက်သစ်စ (နေ) ပုံပါ ဒင်္ဂါးကိုတော့ ကမ္ဘောဒီးယား ရှေးဟောင်း မြို့တော် ဖူနန် လို့ပြောထားပါတယ်။ သီရိခေတ္တရာ မြို့ဟောင်း တူးဖော်စဉ် သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပုံပါ ဒင်္ဂါးအရွယ် ရွံ့ပြားပုံစံခွက် တွေ့ထားလို့ သီရိခေတ္တရာ မှာလည်း ထုတ်လုပ်နိုင်ဖွယ်ရာရှိပါတယ်။ ဖူနန် ဒင်္ဂါး လို့တော့ အတိကျပြောလို့မရနိုင်သေးပါ။

အလယ်မှာရှိနေတဲ့ ရွှေ အပိုင်းစ ကလဲ ဒင်္ဂါးမဟုတ်ပါ။ သီရိခေတ္တရာ မြို့ဟောင်း ကရတဲ့ ရွှေထယ်အတော်များများကို မြန်မာပြည်မှာထက် ထိုင်း နဲ့ စင်္ကာပူမှာ အတွေ့ရပိုများပါတယ်။ လူကြိုက်များပါတယ်။

၁၀၁၄ ( အေဒီ ၁၆၅၂ ) ခုနှစ် ရွှေနန်းသခင် စန္ဒသုဓမ္မာ အမှတ်တံဆိပ်ပါ ဒင်္ဂါးကတော့ ရခိုင်ဒင်္ဂါး ဖြစ်ပါတယ်။

မူရင်း ဆောင်းပါးကို အောက်မှာပေးထားတဲ့ လင့်မှာသွားဖတ်နိုင်ပါတယ်။
http://www.michigancoinclub.org/burma.html

8/10/09

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်


ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်

တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)

တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။

အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားက အကြီးဆုံးရုပ်ပွါးတော်တွေထက် ၁၈မီတာ ပိုရှည်လို့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်အဖြစ်မှတ်တမ်းဝင်တယ်။


ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ ဆံကျစ်တော် ပေါင်း ၁၀၂၁ ရှိကာ
အမြင့် ၇၁ မီတာ။
ပခုံးအကျယ် ၂၈ မီတာ။
မျက်နှာတော် အရှည် ၁၄.၇ မီတာ နဲ့ မျက်နှာပြင်အကျယ် ၁၀ မီတာ။
နားရွက်တော် ၈.၅ မီတာအရှည်။
မျက်လုံးတော် ဘေးအကျယ်၃.၃ မီတာ။
လက်ခလယ် တစ်ချောင်းတည်းရဲ့ အရှည်ဟာ ၈.၃ မီတာ။
ခြေဖဝါးတော် ၁၁ မီတာ ရှည်ပြီး ဘေးအကျယ် ၈.၅ မီတာ။

တရုတ်နိုင်ငံ " တန် " မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာစတင် ထွင်းထုပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်တယ်။ ခေတ်အဆက်ဆက် မင်း နဲ့လူတွေ ထိမ်းသိမ်းလာခဲ့ တာ နှစ်ပေါင်း ၁၂၀၀ ကျော်လာပါပြီ။

လီရှန်မြစ်ဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေ ဟာလည်းဘဲ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ အပင်တွေ ဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်မှာ ယူနစ်စကို အဖွဲ့ကြီးရဲ့ " ကမ္ဘာ့ ယဉ်ကျေးမှု နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ " ဆိုက်တစ်ခုအဖြစ် စာရင်းသွင်းခဲ့တယ်။

အောက်မှာ ပေးထားတဲ့ ယူနစ်စကို ဆိုက်မှာ ပုံတွေသွားကြည့်နိုင်ပါတယ်။
http://whc.unesco.org/en/list/779
==============================================================
စကားချပ် > ပြီးခဲ့တဲ့ စီချွမ် ငလျင်ကြီးမှာ လီရှန် ဗုဒ္ဓရုပ်ပွါးတော်ကြီး အထိအခိုက်မရှိလို့ သိရပါတယ်။

8/1/09

" ပြလမ္ဗနာသန"




ယေဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာ ဂတော
အာဟ တေသဉ္စ ယောနိ ရောဓေါ
ဧဝံ ဝါဒီ မဟာ သမဏော

ခန္ဓာရဲ့ဖြစ်ခြင်း အစဟာ သမုဒယဖြစ်တယ်။ သမုဒယရဲ့ ဖြစ်တည်ရာကို ပြောပြတယ်။ ချုပ်ငြိမ်းစေရာ ဖြစ်တဲ့ နိရောဓတရားကို ပြောပြ ခြင်းသည် ဘုရား၏အဆုံးမ ဝါဒဖြစ်သည်။

ကျွန်တော်ဒီလိုဘဲနားလည်တယ်။ ဒိထက်ရှင်းမပြတတ်ပါ။
လာဖတ်တဲ့ သူများရှင်းပြခဲ့ရင် ကောင်းမယ်။

ခရစ် (Chris ) ပြောသလို ထူးခြားတဲ့ ဟန်ဆိုသော်လည်း အရေတွက်မနည်းဘူလို့ ပညာရှင်တွေ ယူဆထားပါတယ်။ ဗုဒ္ဓ ရုပ်ပွါးတော်တွေရဲ့ ဟန်ပန်ကို ခွဲခြားရာမှာ.

" လက်တော်ဟန်ထား" " မုဒြာ " ( Mudra ) လို့ခေါ်တယ်။

" ခြေတော်ဟန်ထား" " အာသန " ( Asanas ) လို့ခေါ်ပါတယ်။

ခုမြင်နေရတဲ့ မြေပုံဘုရား မှာ ဗုဒ္ဓ ရုပ်ပွါးတော်ရဲ့ လက်တော်ဟန်ထား" တရားဟော( တရားပြ ) ဟန်
" ဓမ္မစကြာမုဒြာ " ( Dharmacakranmudra ) ဖြစ်တယ်။

" ခြေတော်ဟန်ထား" က ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ( Pralambana`sana) ဖြစ်ပါတယ်။

ဒီလိုခြေတော် စုံချထားတဲ့ ဟန်ဟာ ပျူခေတ်ကတည်းက ရှိခဲ့တဲ့ ဟန်လို့ ပညာရှင်တွေ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ " ဂန္ဓာ
" မှာတော့ အေဒီ ၂-၃ ရာစုမှာကတည်းကရှိခဲ့တယ်။

အာဖဂန်နစ်စတန် ဘာမိယံ ( Bamiyan) မှာတော့
အေဒီ ၃-၄ ရာစုကတည်းကရှိခဲ့တယ်။ တာလီဘန်တွေ ဖျက်စီးပစ်လို့ အတော်များများ ပျက်စီးကုန်ပါပြီ။

ယေဓမ္မာ ဟေတုပ္ပ ဘဝါ



yes, feel free to use anything you like from my photographs. I took that one because the Buddha's legs were down in front of him. Most unusual. all the best, Chris



လေးကြောင်းစာပါ မြေပုံဘုရာ တစ်ဆူကို ခရစ် (Chris ) စုဆောင်းထားတဲ့ Flicker Site မှာအမှတ်မထင်တွေ့ပါတယ်။ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ကို အလည်ပတ်ရောက်စဉ် ထူးထူးခြားခြား (ခြေနှစ်ဘက်ချဟန် )ဖြစ်လို့ ရိုက်ယူခဲ့တယ်လို့ဆိုပါတယ်။

အများလေ့လာဖို့ရာ ယူသုံးခွင့်ပြုပါလို့ ခွင့်တောင်းတဲ့အခါ အထက်ပါစာအတိုင်း နှစ်သက်ဖွယ် အကြောင်းပြန် ခွင့်ပြုပါတယ်။ အရွယ်အစား နဲ့ အချက်လက်အပြည့်အစုံရဖို့ ပြတိုက်ကို လှမ်းမေးရပါဦးမယ်။

ပုဂံခေတ်မြေပုံဘုရားသမိုင်းရေးထားတဲ့ စာများများမရှိသေးပါ။ သိသလောက်ပြောရရင် ကျောက်စာဝန်ဟောင်း ဦးမြကနှစ်အုပ်တွဲရေးပါတယ်။ ဒီစာအုပ် ရှာမရသေးပါ။

ဒေါက်တာသန်းထွန်းက မြန်မာ့မြေထယ်ပစ္စည်းများစာတမ်းမှာ တခြားမြေထည်နှင့်အတူ ရေးထားတာဖတ်၊မှတ်လေ့လာရပါတယ်။ ပုံမပါဘဲ စာတွေချည်း မှတ်ရတဲ့အခါ စိတ်ထဲအားရကျေနပ်မှု မရှိဘူးလို့ စိတ်ထဲရှိတဲ့အတိုင်းဆိုချင်ပါတယ်။

မြန်မာဘာသာရေး သမိုင်းသုတေသန ဆိုင်ရာ စာတမ်း၊ စာအုပ်တွေရဲ့ အားနည်းချက်က ပုံမပါတာပါဘဲ။ ဘယ်နှစ်ခုနှစ်၊ ဘယ်နားမှာ တူးဖော်ရရှိတဲ့ ရှေးပစ္စည်းမှာ
ဘယ်လို လေ့လာတွေ့ ရှိပါတယ် ဆိုပြီး စာတွေအများကြီးရေးထားသော်လည်းဘဲ ပုံမပါ။

စာပြသမိုင်း ဆိုတာထက် ပုံပြသမိုင်းကသာ လူတွေကို ပိုစိတ်ဝင်စားစေနိုင်လိမ့်မယ်၊ လေ့လာလိုသူတွေ အတွက် အကျိုးများမယ်လို့ ယုံကြည်မိပါရဲ့။

ခုတော့ ဒေါက်တာသန်းထွန်းရေးထားတဲ့ စာကို ဖြည့်စွတ်ရေးသားဖို့ ဆိုတာအသာထားလို့ သူရေးထားတဲ့ စာတမ်းထဲက စာတွေကို အမှန်တကယ် ပစ္စည်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ရာ အချိန်အများကြီးပေးပြီး စုဆောင်း ရှာဖွေရပါဦးမယ်။

မြေပုံဘုရားတွေကို ပျူခေတ် ခန့်မှန်း ၅ ရာစု လို့ပညာရှင်အများစုက ဆိုပါတယ်။
မြေပုံဘုရားတွေမှာ ဘယ်အချိန်မှာစပြီး စာရေးလဲဆိုရင် အနိရုဒ္ဓ ( အနော်ရထာ ) မင်းဘွဲ့ပါစာ မြေပုံဘုရားအများအပြားတွေ့ရပြီမို့ ၁၁ ရာစုဦးပိုင်း ပုဂံ၊ လို့အသေအချာပြောနိုင်ပါတယ်။

မြေပုံဘုရား အတော်များများမှာ " စာ " ပါတဲ့အတွက် ခေတ်ပြိုင်အထောက်အထားအဖြစ် လေ့လာလို့ရပါတယ်။ ပုဂံခေတ်မြေပုံ ဘုရားလို့ဆိုတဲ့အခါ အလှူရှင်တွေဟာ အုပ်ချုပ်သူ မင်း၊ မိဘုရား၊ အမတ်၊ ရဟန်း ၊ ရသေ့ ၊ အမှု့ထမ်း ကနေ သာမန်အရပ်သူ၊ အရပ်သားတွေအထိပါတယ်။

အလှူရှင်နာမည်၊ အလှူပစ္စည်း ဒါမှမဟုတ် ဆုတောင်းစာတွေကို ၊ မြေပုံဘုရား နောက်ကျောဘက် ဒါမှမဟုတ် အောက်ခြေဘက်ပိုင်းမှာ ရေးထိုးထားလေ့ရှိပါတယ်။

ဆေးဘက်ဝင် သစ်သီး၊ သစ်ပင်၊ နာမည်တွေရေးထာတဲ့ မြေပုံဘုရားတွေလည်းရှိပါတယ်။
စာတွေကို နာဂရီ ၊ သက္ကတ၊ မွန်၊ ပါဠိ ဘာသာနဲ့ ရေးတယ်။

အခုမြင်နေရတဲ့ မြေပုံဘုရား အောက်ခြေမှာ စာလေးကြောင်းရေးထားတာတွေ့ရပါတယ်။ စာတော်များများက ဖတ်မရအောင် ပျက် နေပါပြီ။

မြေပုံဘုရားအောက်ခြေမှာ ရေးထားတာရယ်၊ လေးကြောင်းစာဖြစ်နေတာရယ် ကြောင့် " ယေဓမ္မာ" ဂါထာဖြစ်မယ်လို့ ကောက်ချက်ချလိုပါတယ်။
အသေအခြာပြောနိုင်ဖို့ စာအဟောင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးဖတ်ကြည့်ရပါဦးမယ်။


ယေဓမ္မာ ဟေတုပ္ပ ဘဝါ
တေသံ ဟေတုံ တထာ ဂတော
အာဟ တေသဉ္စ ယောနိ ရောဓေါ
ဧဝံ ဝါဒီ မဟာ သမဏော

ယေဓမ္မာ = အကြောင်းခန္ဓာငါးပါး တေဘူမကဝဋ်တရားတို့သည်
ဟေတုပ္ပ ဘဝါ = အကြောင်းဖြစ်သော သမုဒယ သစ္စာသာလျှင် အမွန်အစရှိ ကုန်၏
တေသံ = တေသံ ဓမ္မာနံ ထိုခန္ဓာငါးပါး အစရှိသော တရားတို့၏
ဟေတုံ = အကြောင်းဖြစ်သော သမုဒယတရားကိုလည်း
တထာ ဂတော = မြတ်စွာဘုရားသည်
အာဟ = ဟောတော်မူ၏
တေ(တေသံ) = တေသံ ဓမ္မာနံ ထိုအကြောင်းဖြစ်သော သမုဒယသစ္စာတရားတို့၏ ယောနိရောဓေါ အပြင်ချုပ်ငြိမ်းရာ ဖြစ်သော နိရောဓသစ္စာသည် အတ္ထိ ရှိ၏
သဉ္စ (တဉ္စ) = ထိုနိရောဓသစ္စာကိုလည်း တထာဂတော မြတ်စွာဘုရားသည် အာဟ ဟောတော်မူ၏
မဟာသမဏော = ရဟန်းကြီးဖြစ်သော ဘုရားရှင်သည်။
ဧဝံဝါဒီ = ဤသို့သော အယူရှိတော်မူ၏။

သက္ကတ-အင်္ဂလိပ် အဘိဓာန်

သက္ကတ-အင်္ဂလိပ် အဘိဓာန် စာအုပ်ပါ။
ရထားတာကြာပါပြီ။ ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။

မူရင်း သက္ကတ- အသံထွက် - အင်္ဂလိပ် ။
အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်။
http://www.mediafire.com/file/mwdwhdmyvuo/Sanskrit - English Dictionery.pdf
( New link, updated on 04.10.09)

လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။။

အင်္ဂလိပ်- ပါဠိ သဒ္ဒါ

ဟားဗာဟ်ကောလိပ် စာကြည့်တိုက်မှာရှိတဲ့ Francis Manson D.D ပြုစုထားတဲ့ အင်္ဂလိပ်- ပါဠိ သဒ္ဒါစာအုပ် ။
၁၈၆၈ ခုနှစ်မှာထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပေမယ့် မြန်မာစာတကွရှင်းပြထားလို့ သိပ်အသုံးဝင်ပါတယ်။
Google ကရထားတာပါ။
ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။

အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်။

http://www.zshare.net/download/63458055b198a633/






လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။။

ပြင်သစ်-ပါဠိ သဒ္ဒါ

ပြင်သစ်-ပါဠိ သဒ္ဒါစာအုပ် ။
Google ကရထားတာပါ။
ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။


အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်။

http://www.zshare.net/download/63457703a18bb025/


လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။။

ပြင်သစ်-ပါဠိ

ပြင်သစ်-ပါဠိ အဘိဓာန်။ Google ကရထားတာပါ။
ဘယ်နေ့ကရတယ်၊ ဘယ် link ကရတယ် ဆိုတာမမှတ်မိတော့ပါ။



အောက်မှာပေးထားတဲ့ link မှာရနိုင်ပါတယ်

http://www.zshare.net/download/63457320ad26663b/

လေ့လာလိုသူများအတွက် အသုံးဝင်မယ်ထင်ပါတယ်။