1/9/10

တောအလှူ


လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်ကပါ။ အကိုလတ် ဖြစ်သူက " တစ်ယောက်လာလို့ တစ်ရာငြိမ်းပါရစီ " စာတမ်းထဲက စာပိုဒ်တချို့ကို အသံထွက် ဖတ်ပြရာက ဆရာနေဝင်းမြင့်ကို ဒီစာအုပ်နှင့်အတူ သိလာခဲ့တယ်။ ကြိုက်လွန်းလို့ ဒီစာအုပ်ကလေးကို အကိုဆီကတောင်းယူလာခဲ့တယ်။ ဘယ်သွားသွား ဒီစာအုပ်ကို ယူသွားဖြစ်တယ်။ တစ်ကြိမ်မက အခါခါပြန်ဖတ်ပါတယ်။ အခွင့်ကြုံရင် ဆရာ နေဝင်းမြင့် ဆီက တရားဝင် ခွင့်တောင်းပြီး အင်္ဂလိပ်ဘာသာပြန်မယ်လို့ စိတ်ကူးမိဖူးတယ်။ ခုတော့ စိတ်မကူးရဲတော့ပါ။


နေဝင်းမြင့်
တောအလှူ နှင့် လူမှုစီးပွါး ရသအက်ဆေးများ

မာတိကာ
၁။ တာဟန်းဈေး
၂။ ဂင့်ဂဲဈေး
၃။ ပွဲသိမ်းမင်းကြွလာပြီဆို မောင်းမတွေကကြို
၎။ တစ်ယောက်လာလို့ တစ်ရာငြိမ်းပါရစီ
၅။ တောအလှူ


နေဝင်းမြင့်၏အမှာ
ဤစာအုပ်ပါ ရသဟန် လူမှုစီးပွါးစာတမ်းများသည် ဓနစီးပွါးရေးမဂ္ဂဇင်းတွင်း အခါအားလျှော်စွာ ကျွန်တော်ရေးဖြစ်ခဲ့သည့် စာစုများဖြစ်ပါသည်။ သည်စာအုပ်တွင် ဈေးနှစ်ဈေး ( တာဟန်းဈေးနှင့် ဂင့်ဂဲဈေး )၊ နတ်ပွဲနှစ်ပွဲ( ကူနီထန်းတောရွာ ကိုကြီးကျော်နတ်ပွဲနှင့် ဆမိတ်ခုံနယ် ဦးတင့်တယ်နတ်ပွဲ ) နှင့် တောအလှူ (ကျေးလက်နေတို့၏ သားရှင်ပြု သမီးနားထွင်းလှူပွဲ ) တို့ကို စုစုစည်းစည်း ဖော်ပြထားပါသည်။

တစ်နည်းအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်နွယ်သောကျေးလက်ရနံ့ပါဝင်သည့် ရသစာတမ်းများဟု ဆိုနိုင်ကောင်းပါသည်။ တောင်းပန်လိုသည့်အချက်မှာ "ပွဲသိမ်းမင်းကြွလာပြီဆို မောင်းမတွေကကြို " စာတမ်းကို ကျွန်တော်၏ မြို့ပြပိုးမွှားများစာအုပ်တွင်ဖော်ပြခဲ့ပြီးဖြစ်သော်လည်း ၏စာအုပ်ပါ စုစုစည်းစည်းပါစေလိုသည့်ဆန္ဒဖြင့် ကျွန်တော်ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ သည်အတွက် ချမ်းမြေ့ရတနာ စာပေ၏ စုစည်းမှုမဟုတ်ဘဲ ကျွန်တော်၏ စိတ်ကူးဖြင့် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်တောင်းပန်လိုပါသည်။

ကျွန်တော့်စာတမ်းများကို ဖော်ပြပေးခဲ့သည့် ဓနစီးပွါးရေးမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နှင့် ကျွန်တော်၏ တောအလှူစာတမ်းကို မန္တလေး တက္ကသိုလ် မြန်မာစာဌာန " မြန်မာစာ ပါရဂူအကြိုသင်တန်း" တွင် " နေဝင်းမြင့်၏ တောအလှူစကားပြေရေးဟန်" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းတင်သွင်းကာ ဝေဖန်အကဲဖြတ် ဆွေးနွေးခဲ့ကြသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါသည်။ အထူးသဖြင့် ဆွေးနွေးခဲ့သည့် ဆရာဦးအောင်နေမျိုးနှင့် မန္တလေး တက္ကသိုလ် မြန်မာစာဌာနက ဆရာ ဆရာမ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။

စာအုပ်အဖြစ် ထုတ်ဝေပေးသည့် ဆရာဦးလှပိုင် ( ချမ်းမြေ့ရတနာ စာပေ ) ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

နေဝင်းမြင့်
၂၀၀၃ ခုနှစ်၊ ဇွန်လ
မန္တလေးမြို့။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။