3/9/09

မွန်ခေါင်းလောင်းစာ




တစ်ရက်။ ကျွန်တော့် အရင် အလုပ်ရှင် စင်ကာပူနိုင်ငံသား ရှေးဟောင်းပစ္စည်း ကုန်သည် က ဒီဓာတ်ပုံပို့ပြီး စာကိုဘာသာပြန်ဖို့ အကူညီတောင်းပါတယ်။
တစ်ပတ်လောက် ခေါင်းစားနေရတယ်။
စာက မွန်စာ ဖြစ်နေတယ်။
ခုနှစ် ဖတ်လို့ရတယ်။
အလေးချိန် ဖတ်လို့ရတယ်။
ကုန်ကျငွေ ဖတ်လို့ရတယ်။

အလှူရှင် ဒါယကာတွေ ရဲ့နာမည် ၊ ဘယ်အရပ်လို့ သေချာမသိရပါ။ ပုဂံစာကျောက်စာ ၊ အဝ ကျောက်စာ တွေကို အချိန်ယူကြိုးစားဖတ်ရင် အဖြေရပါတယ်။ ဒါပေသိ ရခိုင်၊ ရှမ်း၊ မွန် စာတွေတော့ မဖတ်နိုင်ပါ။ နောက်ဆုံး ကြံရာမရလို့ ထိုင်းနိုင်ငံအခြေစိုက် သီတင်းမီဒိယာ တစ်ခုက မွန်စာ တာဝန်ခံ ဆရာ ဗညားအောင်ကို ကူညီလှမ်းတောင်းပါတယ်။ သူကူညီလိုက်လို့ နာရီပိုင်းအတွင်း မြန်မာဘာသာပြန်ရပါတယ်။




သူ့ပြန်စာမူရင်း က
သို့
ဇေမျိုးလင်း
ခေါင်းလောင်းပါစာ၏အဓိပ္ပါယ်ကအောက်ပါအတိုင်းဖြစ်ပါတယ်
၁၂၈၆- တပို့တွဲလပြည့်ကျော် ၈ ရက်၊ တနင်္ဂနွေနေ့ "တဒုႝပြင် (ဝါ)တံဒုႝပြင် (ဝါ) သောင်ပြင်ရွာ-ရွာနာမည် အပေါ်ညာစွန်း၊ဖတ်ရတာမသဲကွဲ" အလှူဒါယကာ၊ ဒါယိကာမ နှစ်ဦးဖြစ်ကြသည့် "ယောက်ျားနာမည် မသဲကွဲပါ" - မိဝင် နှင့်သားသမီး အပေါင်းအပါတို့က အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။
ယုံကြည်လျှက်
ဗညားအောင်


အဲဒီလိုမြန်မာဘာသာပြန်ရတော့မှ ကျွန်တော်က ဆက်ပြီး ကြိုးစားတယ်။ ဒီလိုပြန်လိုက်တယ်။ မှားနေရင် ထောက်ပြပါ။ ပြင်ပေးပါ။

၁၉၂၅ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက် ၊ တနင်္ဂနွေနေ့ တဒုပြင်ခေါ် သောင်ပြင်ရွာ နေ
အလှူဒါယကာ တြုံဗြဲညု ( မသေချာ )+ ဒါယိကာမ မိဝင် နှင့် သားသမီး အပေါင်းပါတို့က
အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။

ကိုဗညားအောင် ကိုကျေးဇူး အထူးတင်ကြောင်း ဒီနေရာမှာ ထပ်ဖော်ပြလိုက်ပါတယ်။
================================================
ဒီခေါင်းလောင်းကို ဘယ်သူက ဘယ်နေရာက ခိုးလာမှန်း မသိရပေမယ့် ဒီလိုမြန်မာ့ အနုပညာဆိုင်ရာနှင့် ရှေးဟောင်း ပစ္စည်းတွေ မြန်မာမြေပေါ်က ကွယ်ပျောက်ရတာမှာ သဘာဝဘေးရန် ထက် လူဟာ အဆိုးဝါးဆုံး ၊ အမိုက်ရိုင်းဆုံး ၊ အရက်စက်ဆုံး တရားခံပါ။

2 comments:

  1. ဆရာခင်ဗျား
    ဆရာရဲ့ ခေါင်းလောင်းဓါတ်ပုံကိုကူးယူပြီး ကျွန်တော့်ရဲ့ Facebook မှာတင်ခဲ့ပါတယ်။ သောင်ပြင်ရွာသားတွေကခေါင်းလောင်းဓါတ်ပုံကိုတွေ့ သွားပြီး သည်ခေါင်းလောင်း သူတို့ ရွာ ဘုရားမှာချိတ်ထားရာက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပျောက်သွားတာဖြစ်တယ်လို ကျွန်တော့်ကို ပြောပြပါတယ်။
    အခု သည်ခေါင်းလောင်းဘယ်မှာရှိနေတယ်ဆိုတာသိချင်ကြပါတယ်။ ဖြစ်နိုင်ရင် သည်ခေါင်းလောင်းကိုပြန်ဝယ်ပြီး သောင်ပြင်ရွာ ကိုပြန်ပို့ ချင်ပါတယ်လို့ ပြောပါတယ်။
    ဘယ်သူနဲ့ ဘယ်လိုဆက်သွယ်နိုင်မယ်ဆိုတာဆရာ လမ်းညွှန်ပေးနိုင်မလားခင်ဗျား။ကျေးဇူးအထူးတင်နေပါတယ်။
    လေးစာစွာဖြင့်

    ဝင်းဗိုလ်

    winbo2000@gmail.com

    ReplyDelete
  2. http://ancientmyanmar.blogspot.sgNovember 18, 2013

    ဒီခေါင်းလောင်းကို စင်ကာပူနိုင်ငံ Dempsey Road က Shang Antique ဆိုတဲ့ ရှေးဟောင်းပစ်စည်းဆိုင်မှာ တွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ဆိုတော့ ခုချိန်ဘယ်ရောက်နေပြီလည်းဆိုတာ ကျနော်လည်း မမှန်းတတ်ပါ။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။