8/29/10

၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်း

စဥ့်ကွင်းရဲ့ အရွယ်အစားက

အမြင့် - ၄၁.၉၁ စင်တီမီတာ ( ၁၆လက်မခွဲ)
ဗျက်အကျယ် - ၃၀.၄၈ စင်တီမီတာ (၁၂ လက်မ)
ထုအထူ - ၅.၀၈ ( ၂ လက်မ )
Marilyn Walter Grounds ဆိုသူက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။

ဒီစဥ့်ကွင်းကိုလေ့လာနေတာကြာပါပြီ။ ဓာတ်ပုံအမြင်အရ သိပ်မပျက်ဆီးသေးတာကို တွေ့ ရပါတယ်။ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာဖြစ်တယ်။ မာန်နတ်မင်းရဲ့ စစ်သည်တော်တွေအဖြစ်ပုံဖော်ထားတာပါ။ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်းတွေအကြောင်း အချက်လက်တွေကို အရင်ပိုစ်တွေမှာ ဖော်ပြခဲ့ပြီးဖြစ်လို့ သတိထားစရာအချက်တချို့ကိုဘဲ အဓိကထားပြီး ဝေမျှလိုက်ပါတယ်။

အခုမြင်နေရတဲ့ စဥ့်ကွင်းကို အမေရိကန်နိုင်ငံ Los Angeles County Museum of Art မှာစုစောင်းထားပါတယ်။ ဘာကြောင့်မှန်းမသိ အများပြည်သူ လေ့လာနိုင်ရန်ပြသထားတဲ့ ပစ္စည်းစာရင်းထဲမှာမပါဘဲ အခြားပဲခူးစဥ့်ကွင်းတွေနှင့်အတူ သီးသန့် သိမ်းထားတယ်။ ၁၉၈၇ LACMA ခုနှစ်မှာ လုပ်ခဲ့တဲ့ ပြပွဲ ' Pal, Pratapaditya. Icons of Piety, Images of Whimsy. Los Angeles: Los Angeles County Museum of Art, 1987 အခြားစဥ့်ကွင်းတွေနှင့်အတူပြခဲ့ဖူးတယ်။ ပြပွဲမှတ်တမ်း စာဆောင် စာမျက်နှာ ၁၀၃ ၊ color plate p. 32, cat. no. 67b မှာ Tile with Animal-Headed Demons, 1479 လို့ ဒီပစ္စည်းကို
အမည်ပေးထားတာ တွေ့ ရတယ်။

အမြင်အရ ဒီစဥ့်ကွင်းဟာ လုပ်လက်စ အပြီးမသတ်ရသေးပုံပေါ်တယ်။ မြင်နေကြမာန်စစ်သည်တွေအတိုင်း ခါးစည်းကလွဲပြီး အဝတ်မပါ။ ပုံဖော်ပြီးသား မြေသားအကြမ်းထယ်ကို စဥ့်ရည်သုတ်လိမ်းရာမှာ ရုပ်ပုံကိုယ်ထည်ကို အစိမ်းရောင်သုတ်လိမ်းတယ်။ စဥ့်ရည်သုတ်သူဟာ ခါးစည်းအဝတ်ကို တခြားအရောင်သုံးဖို့ တမင် ကွက်ပြီးချန်ခဲ့တာ လို့ခန့်မှန်းရပါတယ်။ နောက်ခံ စဥ့်ကိုကိုယ်ထည်ပြားကိုလည်း အခြားအရောင်ပြောင်းသုံးပါလိမ့်မယ်။ နောက်တော့ မေ့သွားသလား ၊ အချိန်မရတော့လို့ဘဲလား မသိ အကြောင်းတစ်ခုခုကြောင့် သူ့အလုပ်ကို အပြီးမသတ်လိုက်ရတာဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အခြားပြတိုက်တွေမှာ ပြထားတဲ့ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်းတွေမှာ အရောင်တွေဖောဖောသီသီသုံးထားတာတွေ့ ရလို့ ပါ။

လူ့ ခန္ဓာကိုယ်မှာ တိရိစ္ဆာန်ခေါင်းတပ်ပေးလိုက်ပြီး မာန်နတ်မင်းရဲ့စစ်သည်တော်တွေကို သိပ်ကြောက်စရာကောင်းတဲ့ ဘီလူး သဘက်တွေအဖြစ်ပုံဖော်လေ့ရှိတယ်။ အခုမြင်နေရတာကတော့ တောဝက်ခေါင်းနှင့်ဖြစ်တယ်။ မာန်စစ်သည်အများစုဟာ လက်နက် တစ်ခုခုကို ကိုင်စွဲထားလေ့ရှိပေမယ့် ဒီစဥ့်ပြားမှာ မပါ။ မေ့သွားသလားမပြောတတ်ပါ။ ရှေးပစ္စည်းတွေကိုလေ့လာရာမှာ ဒီလိုဘဲ လုပ်လက်စ အပြီးမသတ်ရသေးတဲ့ လက်ရာတွေအများကြီးတွေ့ ရလေ့ရှိတာကိုတော့ သတိထားပြီး လေ့လာနိုင်စေဖို့ ဝေမျှလိုက်ပါတယ်။

8/27/10

အဝခေတ် ရှင်မဟာသီလဝံသ၏ ရွှေနန်းတည် မော်ကွန်း

မြန်မာ့လောကီပညာ နှင့် ထိုးကွင်းမင်ကြောင်တွေအကြောင်း သိချင်လို့ မှတ်တမ်းတွေလိုက်ရှာတယ်။ ထင်သလောက်မလွယ်ပါ။ ဒါမျိုးကို ကျောက်စာတွေမှာ သိပ်မတွေ့ ရပါ။ ရှေးကဘုရင်တွေ နန်းတော်သစ်ဆောက်လုပ်ရာမှာ လောကီပညာအစီရင် အတော်များများအသုံးပြုခဲ့တာကိုတော့ ' နန်းတည် ကျောက်စာတွေမှာ' တွေ့ ရ လို့ အတော်အတန်လေ့လာလို့ ရပါသေးတယ်။

လောကီပညာတွေအကြောင်းကို ရတု ၊ လင်္ကာ၊ ပျို့ ၊ ကဗျာ ၊ ဧချင်း ၊သံပေါက် ၊မေတ္တာစာ ၊ ပေစာ ၊ မင်စာ ၊ ပုရပိုက်စာ နှင့် အခြားမှတ်တမ်းတွေမှာ အနည်းအကျင်းဆိုသလိုပါတတ်တယ်။ တချို့ အကြောင်းအရာတွေကို အမှန်ယူနိုင်သော်လည်းဘဲ အချို့ ရေးထားတဲ့အကြောင်းရာတွေဟာ သာသာထိုးထိုးရေးတာတွေ့ ရလို့ အားလုံးမှန်ကန်ပါတယ်လို့ မဆိုနိုင်ပါ။ ကျောက်စာလောက်ခိုင်မှာမှုမရှိသော်လည်းဘဲ သမိုင်းသုတေသနမှာ အရေးကြီး ခေတ်ပြိုင်မှတ်တမ်းအဖြစ် ရှိနေပါသေးတယ်။

အဝဘုရင် နရပတိ (၁၅၀၁ - ၁၅၂၇) နန်းတော်သစ်တည်ဆောက်ရာမှာ အလွန်လှပကြော့ရှင်းလှတဲ့အတွက် ရွှေနန်းကြော့ရှင် နရပတိ ဆိုပြီးဘွဲ့အမည်တွင်လာခဲ့တယ်။ နန်းတော်တည်ဆောက်ဖို့ ပြင်ဆင်ရာမှာ လောကီအစီအရင်တွေ ဂရုတစိုက်လုပ်တယ်ဆိုတာမျိုး နန်းတည်ကျောက်စာမှာ တရေးတယူ မှတ်တမ်းတင်ခဲ့ပါသေးတယ်။ နန်းတော် သစ်တည်ဆောက်ပြီးချိန်မှာတော့ ' ရှင်မဟာသိလဝံသ ' ကို နန်းဘွဲ့မော်ကွန်း ဆိုတော်မူရန် လျှောက်ထားတဲ့အခါ (၉) ကြောင်းရေး က-စ ၊ ကား- အဆုံး တစ်ဒင်္ဂါ ရှည်တဲ့ ရတုစပ်ဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒိရတုကို ၁၉၅၉ ဖေဖော်ဝါရီလထုတ် ' ယဉ်ကျေးမှုစာစောင် အတွဲ(၃) အမှတ် (၂) တွင် ' ပုံမနှိပ်ဖူးသော ရှေးဟောင်းစာပေ ကောက်နှုတ်ချက် အနေဖြင့်ဖော်ပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရွှေကိုင်းသား ၊ နှစ် ၆၀၀ ပြည့် အင်းဝခေတ် ပြန်လည်သုံးသပ်ချက်၊ ရာပြည့်စာအုပ်တိုက် ၊ ဒီဇင်ဘာ ၂၀၀၈ မှာတွေ့ ရလို့ အများလေ့လာနိုင်စေဖို့ ရည်ရွယ်ပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။




အဝခေတ် ရှင်မဟာသီလဝံသ၏ ရွှေနန်းတည် မော်ကွန်း


၁။ ဇမ္ဇူဒီပါ ၊ တောင်လက်ျာဝယ်၊ အာဏာဝှန်ပြုံး၊ ကြီးလက်ရုံးနှင့် ၊ မင်းဆုံးလူ့ ထွဋ် ၊ စောကြံလတ်ကို ၊ မိုဃ်းနတ်သိကြား ၊ မှတ်သောအားဖြင့် ၊ ရှစ်ပါးရပ်စုံ ၊ မင်းအပုံကို ၊ လက်မုံညီကြ ၊ မြှောက်ထိုက်လှ၏ ၊ နန်းမသဘင် ၊ တင်အံ့သည်ကား ၊ တည်သားကောဇာ ၊ ရှစ်ရာခုနှစ်ဆယ် ၊ နှစ်ခုဝယ်နှိုက် ၊ ဆောင်းလလိုလို ၊ လပြာသိုဝယ် ၊ ခွါညို ပျံ့မွန်း ၊ နွယ်ပန်းလှိုင်လတ် ၊ ဖက်ဆွတ်ပေါ်ဦး ၊ ရောင်မြူးထွန်းတက် ၊ ဆယ့်တရက်တွင် ၊ နံနက်အခါ ၊ အတိတျာနှင့် ၊ ရှည်ကာစီရင် ၊ ထားပြီးကျင်သော် ၊ မင်းအင်တခြား ၊ မှတ်သားစဉ်လာ ၊ ရွှေမြူတာတည့် ၊ တရာပြည့်ဖြိုး ၊ ကြာမျိုးနံ့ သာ ၊ သကာထောပတ် ၊ နှမ်းချွတ်ဆီနှော ၊ ငှက်ပျောထမင်း ၊ ပြည့်ခြင်းဖြိုးဖြိုး ၊ သောက်အိုးကြငှန်း ၊ ပန်းဆောက်ပြီးနှင့် ၊ ပွဲနီးစုရင်း ၊ ပွဲကျင်းပုတ်ဆန်း ၊ ခေါ်မှန်းမုယော ၊ လျင်ဆောပေါ်မှ ၊ ပူဇော်ကြသည်။ ။ တောင်းစလိုမှု ပျံ့ ပျူးတည်း။

၂။ အခန်း အခန်း ၊ ဆန်းသားစီရင် ၊ သဘင်ပွဲကြီး ၊ စီးသည်မကြွင်း ၊ သံလျင်းတဝယ် ၊ မုန်သွယ်မာတင် ၊ ရွှေပလ္လင် ထက် ၊ ရှည်ကျင်အံ့ဘွယ် ၊ ရွှေစွယ်ဦးရန် ၊ ပြောင်ပြောင်ထွန်းမျှ ၊ ကြိုးချွန်းရွှေစင် ၊ မြင်လျှင်အပေါင်း ၊ ကျော်သောင်းသဲသဲ ၊ သဘင်ပွဲလျှင် ၊ ပြီးဝဲစေ့စုံ ၊ ရင်လတုံသော် ၊ လူ့ ဘုံသိကြား ၊ စောတရားမူ ၊ ငါးပါးမင်းမြှောက် ၊ ကုံပြီးမြောက်မှ ၊ လျှံတောက်ရောင်ဝေး၊ မင်းရေးမကွာ ၊ ရိန္ဒမာနှင့် ၊ ရတနာဘိနပ် ၊ တပ်တပ်ရောင်ဝင်း ၊ စီးလလျှင်းသော် ၊ ရောင်ဆင်းနတ်ဝါ ၊ ဂရုသာတည့် ၊ သိင်္ဂါရွှေတပ် ၊ သားမြီးယပ်နှင့် ၊ တောင်ယပ်မကြွင်း ၊ ဖြည်းဖြည်းညှင်းလျက် ၊ ရန်နှင်းနတ်ရှင် ၊ ရင်ဆဲဆဲဝယ် ၊ ဘေးလွဲဗြဟ္မာ ၊ရှစ်သောင်းလာ၍ ၊ စကြာခြေရင်း ၊ ရောက်စေလျှင်းဟု ၊ ပိတ်ငင်းရန်တား ၊ ဘိသိက်ကြားက ၊ မုရားခတ်ထိန် ၊ ခုနှစ်ချိန်လျှင် ၊ အရှိန်ကြားထင် ၊ တီးလရှင်သည်။ ။ ပဲ့တင်ကျော်ထိပ် ဟူးဟူးတည်း။

၃။ ရိုက်ထိန်းခြောင်းခြောင်း ၊ ပဲ့တင်လောင်းမျှ ၊ စည်မောင်းမုရိုး ၊ မြေမိုးရှိန်ရှိန် ၊ ကြားလတ်ထိန်သော် ၊ သုခိန်ရှေးတီး ၊ ဖတ်ပြီးအမှန် ၊ ရွှေစာပြန်က ၊ ပွယ်ဟန်ပုတ်ဆန်း ၊ ပန်းဆောက်ပြီးနှင့် ၊ နတ်ကြီးခေါ်မှတ် ၊ ငှက်လည်းလွှတ်၍ ၊ ဆက်မှတ်ပန်းတံ့ ၊ ပျံ့မျှရှူ့ပြီး ၊ မြတ်ဘုန်းကြီးလျှင် ၊ တက်ပြီးဘုံထွတ် ၊ ရောက်တုံလတ်က ၊ ကိုင်းမှတ်ရွှေကွင်း ၊ နတ်ဆင်းမဖောက် ၊ ခုနှစ်ယောက်တို့ ၊ ငင်မြောက်လှစ်နှင့် ၊ ဥကင်ဖွင့်သော် ၊ နှိုင်းသင့်ပမာ ၊ ငါသာ သိကြား ၊ ဟူသောလားသို့ ၊ ဘုရားမြတ်ခေါင် ၊ ဗောဓိညောင်၌ ၊ မာရ်အောင်သောခါ ၊ နတ်များလာသို့  ၊ မတ်ရာအပေါင်း ၊ ထီးဆောင်းစလွယ် ၊ အံ့ဘွယ်ပြိုးပြက် ၊ ညောင်ရွက်ရိုးတံ ၊ မည်ရည်သံလျက် ၊ ဝေးလံအရပ် ၊ ခွန်ဆက်ကပ်၏ ၊ မိုးရပ်ထက်မှာ ၊ ဝတိန်သာဝယ် ၊ ဓမ္ဓာဇရပ် ၊ နှိုင်းအပ်စင်စစ် ၊ နတ်၌ဖြစ်သည် ၊ ကသစ်ပွင့်ခါ ၊ နတ်ကြီးစွာတို့ ၊ အံ့အာ သဲသဲ ၊ ရွှင်မရဲသည်။ ။ ဘော်နွဲရှည်ရှည် ပူးပူးတည်း။ ။


၎။အဆန်း အဆန်း ၊ များလွန်းလက်ဆောင် ၊ ပေါက်ပြောင်မြင်းဆင် ၊ မျက်ရှင်ပြောင်ပြောင် ၊ သလှာဆောင်သား ၊ မှူးခေါင်မတ်ဖျား ၊ သူကောင်းများလည်း ၊ ကျောက်ထားနေမှတ် ၊ ရိုကြိုးညွတ်၏ ၊ တက်လတ် ညီးညီး ၊ ရောင်လျှံစီးသည်။ ။ တိမ်နီးမိုးကြယ် သောက်ရှူးတည်း။ ။

၅။ သပြေဒီပါ ၊ တောင်လက်ယာမှ ၊ ကြီးစွာတန်ခိုး ၊ လက်ရုံးမိုး၍ ၊ ထစ်ကြိုးရိုက်သံ ၊ ကောင်းကင်လျှံမျှ ၊ ခြိမ်းနွံဆင့်လောင်း ၊ မခံကောင်းတည့် ၊ တသောင်းရပ်လုံး ၊ အနှံ့ချုံးသည် ၊ မင်းဆုံးပရမေ ၊ သိကြားဆွေလျှင် ၊ သပြေအထိပ် ၊နှိပ်အံ့သရော် ၊ တတ်ပြီးသော်ကား ၊ အံ့ဩဝှန်ချောင်း ၊ နာရီမောင်းနှင့် ၊ ခေါင်းလောင်းစည်ကြီး ၊ လျှောက်ပြီးမွန်းတည့် ၊ ဗဟိုရ်ကြည့်လျက် ၊ ကြူးလှည့်ထွက်ဝင် ၊ အိမ်ရှင်လက်မြှောက် ၊ တံကောက်တုလောင် ၊ မိုးခေါင်ဝှန်ဝါ ၊ စက်အာဏာဖြင့် ၊ သာသနာရင်းတည် ၊ ဆောင်လမည်ဟု ၊ ရည်သည်အလျောက် ၊ ယခုရောက်၍ ၊ ကျော်ချောက်ကျွန်းလုံး ၊ ယူသိမ်းကျုံးသည်။ ။ မင်းထုံးလူတို့ အမှူးတည်း။


၆။ ဘဒ္ဒရတနာ ၊ ဤကမ္ဘာထက် ၊ မှန်စွာရှည်လျား ၊ ဘုရားငါးယောက် ၊ မြောက်အံ့ရာဝယ် ၊ ရှေ့ မှာသုံးဆူ ၊ လွန်တော်မူ၍ ၊ တဆူနှောင်းဖြစ် ၊ တို့ ရှင်ချစ်လျှင် ၊ သဘင်အဟုံ ၊ ပြီးပြည့်စုံ၍ ၊ အောင်စုံရွှေနန်း ၊ ပြောင်ရွှန်းတန်ခိုး ၊ ဗြဟ္မာရိုးတို့ ၊ ကောင်းကျိုးအပ်နှင်း ၊ ဖြူဝင်းညာရစ် ၊ ပင်လယ်ဖြစ်ဝယ် ၊ ညွန့် သစ်နေဇာ ၊ ရေသီတာနှင့် ၊ သွန်းလာ လျှမ်းလျှမ်း ၊ ဘိသိက်မွှမ်းသည်။ ။ ငြိမ်းချမ်းရေစင် ချဖြူးတည်း။

၇။ အထွတ်ကြငှန်း ၊ စောသိုက်ညွှန်းကို ၊ ဥဒါန်းပမာ ၊ ဆောင်ချေရာကား ၊ ရှေးဖျားမဆွ ၊ ပနာဒလျှင် ၊ ဖြစ်ခါတွင်၌ ၊ ပြုချင်အများ ၊ ကုသိုလ်အားဖြင့် ၊ ထက်ဖျားနတ်ပြည် ၊ တာဝတည်ဝယ် ၊ ရွှေရည်တောက်ရွှန်း ၊ သိကြားနန်းလျှင် ၊ ရောင်ထွန်းဝင်းဝင်း ၊ မှန်ကင်းတံခွန် ၊ အထက်စွန်မူ ၊ ချင့်မှန်တရာ ၊ ယူဇနာတိ ၊ ထွတ်ခြာတပ်ထား ၊ ပဒမြား လျှင် ၊ ရှစ်ပါးရပ်ကွန် ၊ ရောင်ဖြာဝှန်သည် ၊ ဗိမာန်သာလွန်း ၊ နတ်တို့  နန်းကို ၊ စွန်းစွန်းမကြာ ၊ အသူရာအား ၊ ပယ်ခွါပယ်မြောက် ၊ တက်ပြီးရောက်သော် ၊ တစ်ယောက်မလွတ် ၊ နတ်ပေါင်းညွတ်သို့ ၊ အထွတ်ဘုန်းကြီး ၊ တို့ စောဓီးလျှင် ၊ နည်းမှီရှည်လျက်၊ ရွှေနန်းတက်သည်။ ။ မြတ်ဆက်ဘုန်းခေါင် ရွယ်လူးတည်း။


၈။ ဣန္ဒနီလာ ၊ ကျွန်းအောင်ချာ၌ ၊ နှုန်းလာစည်ရိုး ၊ အထက်မိုးသည် ၊ ဘေးရိုးနတ်ရှင် ၊ ဘကျော်ထင်ကို ၊ ပုံပြင်ပမာ ၊ ဆောင်အံ့နာလော့ ၊ မဟာဇနက် ၊ စောဘုန်းတက်ကို ၊ ကျောက်ထက်အိပ်ရာ ၊ ရထားလာ၍ ၊ ခံလှာသောအား ၊ အတရားပင် ၊ ရည်ရှင်ကောင်းမွန် ၊ ဘိသိက်လွန်၏ ၊ မြဲမှန်တည်ကြည် ၊ သိတင်းမည်သား ၊ ရွှေရည်လိမ်းထုံး ၊ စိတ်အာရုံဖြင့် ၊ နိတုံကျကျ ၊ နေကာမျှဖြင့် ၊ ရတုံ့ ပတ်ကုံး ၊ ဇမ္ဇူလုံးကို ၊ သိမ်းကျုံးယူပိုက် ၊ လက်ရုံးစိုက်သည်။ သောင်းတိုက်စက်လျှံ ရောင်မြူးတည်း။ ။


၉။ ဖိမ့် ဖိမ့် ပြောင်းမျှ ၊ ဖယောင်းသဏ္ဌာန် ၊ တွေ့ တိုင်းရန်လည်း ၊ မတန်ခဲ့ဝံ့ ၊ မတံ့ကြောက်ရှောင် ၊ ပြည်ထောင်ထောင်ကို ၊ မာန်စောင်ခြားနှိမ့် ၊ ကြက်သီးစိမ့်မျှ ၊ နှိုင်းချိမ့်ပုံဆ ၊ ပမာပြအံ့ ၊ ကုသစောဓီး ၊ ထွတ်ဘုန်းကြီးကား ၊ ပွဲသီးနိုင်လျှင်း ၊ ခုနှစ်မင်းကို ၊ သံပြင်းသုံးခွန်း ၊ ကြိမ်းသံမွှန်းက ၊ ထက်ဝန်းပျက်ကြေ ၊ နိုင်တုံလေလျှင် ၊ မိုးနေသိကြား ၊ ပဒမြားနှင့် ၊ ဆုများနှင်းမြို့ ၊ ရောက်အောင်ပို့ မှ ၊ မချို့ စုံအင် ၊ ပြည်တော်ဝင်၍ ၊ မထင်ရန်ရှာ ၊ သက်တရာဝယ် ၊ ချမ်းသာလုံးလုံး ၊ စသည်ထုံးဖြင့် ၊ ပုံနှုန်းရည်တူ ၊ မင်းထီးမူသည်။ ။ နတ်လူညွတ်ညွတ် နူးနူးတည်း။ ။

၁၀။ ကျော်ဆင်ဥဒါန်း ၊ သိုက်ညွှန်းမှန်စွာ ၊ စောနရာကို ၊ ပမာပုံဆောင် ၊ မှတ်နားထောင်လော ၊ ရှည်ခေါင်မြင့်လှ ၊ ပနာဒကို ၊ မာဃသိကြား ၊ မသောအားဖြင့် ၊ မြင့်ဖျားအထွတ် ၊ ချင့်မှတ်ယူဇနာ ၊ ဆဲ့နှစ်တာလျှင် ၊ ဘုံသာအကျော် ၊ ပြာသာဒ်တော်ကို ၊ ဖူးမြော်ခဲစွာ ၊ ခွင့်မသာတည့် ၊ ထက်မှာရှိလေ ၊ တွေ့ခဲ့ချေ၍ ၊ မနေယခေါင် ၊ လူမျိုးရှောင်ရှင့် ၊ နည်းဆောင်ပုံယူ ၊ သည်တမူကား ၊ လူနှိုက်တည်ဘိ ၊ မျက်မြင်ရှိသား ၊ နရပတိစည်သူ ၊ စောနတ်လူဟု ၊ လူတို့  ဦးစွန်း ၊ လူ့ ကြငှန်းကား ၊ နေနန်းရွှေရည် ၊ ငါဆောက်သည်မူ ၊ ငရည်စင်စစ် ၊ ငတူချစ်လျှင် ၊ ဖြစ်ခါနေစိမ့် ၊ ကြံနှစ်သိမ့်လည်း ၊ တက်ချိမ့်မဝံ့ ၊ မင်းတို့ ညံ့၍ ၊ ကျောက်ငံ့ရှည်လျား ၊ ဘုန်းတော်အားဖြင့် ၊ ဘုရားအရှင် ၊ လူ့ ထွတ်တင်ကို ၊ ထက်ခွင်နတ်ကျော် ၊ ညီ၍ဖော်သို့ ၊ မမြော်နှိုင်းရှား ၊ ထွန်းပြန်ငြားသည်။ ။ ရေးသားချယ်လွင် ပြောက်ခြူးတည်း။

၁၁။ မေရုရတနာ ၊ အဝါလေးမည် ၊ ပြည့်စုံတည်သား ၊ မြရည်ရစ်သန်း ၊ တောသို့ယွန်းလျက် ၊ ကျွန်းကာသန်လျက် ၊ မင်းဝံချက်ဝယ် ၊ ဖြူရွက်ဖြန့်မိုး ၊ ကြငှန်းရိုးဖြင့် ၊ တန်ခိုးလျှံရောင် ၊ ကျွန်းလုံးပြောင်သား ၊ လူ့ဘောင်ထွတ်ထား ၊ စောတရားလျှင် ၊ ဖွားသောခါရက် ၊ နရလက်နှင့် ၊ ထွန်းတက်ကျက်သရေ ၊ စန်းခေါင်ဗွေနှင့် ၊ ဂြိုဟ်နေသန့်လွန်း ၊ သိုက်လည်းညွှန်း၏ ၊ ကျိန်းခန်းညီအောင် ၊ တဘောင်စနည်း ၊ ကြည်းမျှမြေမိုး ၊ ကြိုးလည်းပဲ့တင် ၊ ညွန့် ရှင်သားသား ၊ လေးပါးသီမြှောက် ၊ မိတည်းနောက်ဝယ် ၊ မဖောက်ဧကန် ၊ လွတ်တန်းမှန်ဟု ၊ ရည်သည်အတိုင်း ၊ ညီလှနှိုင်း၏ ၊ သံပိုင်းသင့်အောင် ၊ မြေဥသျှောင်ဝယ် ၊ တန်ဆောင်မကိုက် ၊ အထွန်စိုက်သည်။ ။ သောင်းတိုက်ရိုက်သံ လကြူးတည်း။

ရည်ညွှန်း
နှစ် ၆၀၀ ပြည့် အင်းဝခေတ် ပြန်လည်သုံးသပ်ချက်၊
ရွှေကိုင်းသား ၊
ရာပြည့်စာအုပ်တိုက် ၊ ဒီဇင်ဘာ ၂၀၀၈။

8/15/10

ရာဇဂုဏ်ရှစ်ပါးအကြောင်း

ရာဇဂုဏ်ရှစ်ပါးအကြောင်း ။ ။ အဋ္ဌက ၌ ရာဇဂုဏ်သည် ရှစ်ပါးအပြားရှိ၏။
ရှစ်ပါးဟူသော်ကား-----

သိကြားမင်းကဲ့သို့ ကျင့်ခြင်း၊ နေကဲ့သို့ကျင့်ခြင်း ၊ လကဲ့သို့ ကျင့်ခြင်း၊ လေကဲ့သို့ကျင့်ခြင်း၊ ယမမင်းကဲ့သို့ကျင့်ခြင်း၊ သမုဒ္ဒရာကဲ့သို့ကျင့်ခြင်း၊ မြေကြီးကဲ့သို့ကျင့်ခြင်း၊ မိုးကဲ့သို့ကျင့်ခြင်း ၊ ဤရှစ်ပါးတို့တည်း။ ထိုရှစ်ပါးတို့တွင်--

သိကြားမင်းကဲ့သို့ ကျင့်ခြင်းဟူသည်ကား ------- သိကြားမင်းသည် နတ်အပေါင်းတို့အား နှိမ်နှင်းတန်သည်ကို နှိမ်နှင်း၍ ချီးမြှောက်တန်သည်ကို ချီးမြှောက်သကဲ့သို့ ထို့အတူ ရေမြေသေဌ်နင်းမင်းတို့သည်လည်း သူမတော်တို့အား နှိမ်နှင်း၍ သူတော်တို့အား ချီးမြှောက်ကုန်ရာသည်။

နေကဲ့သို့ ကျင့်ခြင်းဟူသည်ကား---------- နေမင်းသည် ရောင်ခြည်တထောင်ဖြင့် ဖြည်းညှင်းသာယာစွာ မိုးရေကို ခန်းစေသကဲ့သို့ ထို့အတူ ရေမြေသေဌ်နင်းမင်းတို့သည်လည်း အခွန်အတုတ်ကို ဖြည်းညှင်းသာယာစွာ ခံယူကုန်ရာသည်။

လကဲ့သို့ ကျင့်ခြင်း ဟူသည်ကား----------- လပြည့်ဝန်းသည် မြင်မြင်သမျှကုန်သော သူတို့၏ ဝမ်းမြောက်ခြင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ ရေမြေသေဌ်နင်းမင်းတို့သည်လည်း ရွှင်လန်းသာယာစွာ ပြောဆိုသဖြင့် မှူးမတ်ပြည်သူ ရှင်လူအပေါင်းတို့အား ဝမ်းမြှောက်ခြင်းကို ဖြစ်စေကုန်ရာသည်။

လေကဲ့သို့ ကျင့်ခြင်း ဟူသည်ကား----------- လေသည် သတ္တဝါ အပေါင်းတို့၏ ကိုယ်တွင်းသို့ဝင်၍ သွားသကဲ့သို့ ထို့အတူ ရေမြေသေဌ်နင်းမင်းတို့သည်လည်း ခပ်သိမ်းကုန်သော တိုင်းသားပြည်သူ လူရှင်အပေါင်းတို့၏ အမူအရာချမ်းသာဆင်းရဲကို ၄င်း မိမိတို့၏ အကျိုးအပြစ်ကို ၄င်း ကိုယ်တိုင် လှည့်လည်၍ ၄င်း အမတ်သူလျှို ထား၍ ၄င်း သိအောင်ပြုကုန်ရာသည်။
ထို့ကြောင့် ဂန္ဓတိန္ဒူ ကဇာတ်၌ ဘုရားလောင်း တည်ပင်စောင့်နတ်မင်းသည် ဗြဟ္မဒတ်မင်းအား--------

" ဥပဿုတိံ မဟာရာဇ၊ ရဋ္ဌေ့ ဇနပဒေ စရ။
တတ္ထ ဒိသွာ စ သုတွာစ ၊ တတော တံ ပဋိပဇ္ဇသိ " ( ခု- ၅ - နှာ ၃၉၇၊ ဇာတက-ဋ္ဌ ၅ - ၁၀၄ ) ဟူ၍ဆုံးမဘူးချေသည်။

မဟာရာဇ ၊ မင်းမြတ်။ ဥပဿုတိံ ၊ ချောင်းမြောင်း၍ နားပါးထောင်ခြင်းငှါ။ ရဋ္ဌေ့ ၊ အလုံးစုံသော တိုင်း၌၄င်း။ ဇနပဒေ ၊ ဇနပုဒ်၌၄င်း။ စရ၊ လှည့်လည်ဘိလော။ တတ္ထ၊ ထိုတိုင်းဇနပုဒ်၌။ စရန္တော ၊ လှည့်လည်သောမင်းသည်။ ဒိသွာစ ၊ မြင်အပ်သည်ကို မြင်၍၄င်း ။ သုတွာစ ၊ ကြားအပ်သည်ကို ကြား၍၄င်း။ တတော၊ ထို့နောက်မှ။ ဟိတံ၊ အစီးအပွါးကို။ ပဋိပဇ္ဇသိ ၊ ကျင့်ရလတံ္တ။

ယမမင်းကဲ့သို့ကျင့်ခြင်း ဟူသည်ကား---- ယမမင်းသည် ချစ်သောသူ မုန်းသောသူ ဟူ၍မရှိ။ ကံနှင့်လျော်စွာ ရောက်လာလျှင် စီရင်သကဲ့သို့ ထို့အတူ ရေမြေသေဌ်နင်းမင်းတို့သည်လည်း ချစ်သောသူဟူ၍၄င်း မုန်းသောသူဟူ၍၄င်း မရွေးချယ်ဘဲ မျက်နှာကြီးငယ် မရွယ်မထောက် အမှုနှင့်လျော်စွာ စီရင်ကုန်ရာသည်။

သမုဒ္ဒရာကဲ့သို့ကျင့်ခြင်း ဟူသည်ကား-------- သမုဒ္ဒရာသည် ရေကို မတောင့်တသကဲ့သို့ ထို့အတူ ရေမြေသေဌ်နင်းမင်းတို့သည်လည်း ဥစ္စာကိုမတောင့်တဘဲ ထုံးစံရှိရာ ရထိုက်သမျှကိုသာ ခံယူကြကုန်ရာသည်။

မြေကဲ့သို့ ကျင့်ခြင်း ဟူသည်ကား--------- မြေကြီးသည် သတ္တဝါအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ်သကဲ့သို့ ထို့အတူ ရေမြေသေဌ်နင်းမင်းတို့သည်လည်း သင်္ဂတရားလေးပါးဖြင့် ပြည်သူ လူအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ်အောင် ကျင့်ဆောင်ကုန်ရာသည်။

မိုးကဲ့သို့ကျင့်ခြင်း ဟူသည်ကား --------မိုးသည် သတ္တဝါအပေါင်းတို့အား မိုးရေဖြင့် ရောင့်ရဲစေဘိကကဲ့သို့
ထို့ အတူ ရေမြေသေဌ်နင်းမင်းတို့ သည်လည်း မှုထမ်း ရာထမ်းတို့ အား မျိုးရိက္ခာ အဝတ်အစားဖြင့် ရောင့်ရဲစေကုန်ရာသည်။


(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )

8/14/10

သူ

ပုံကို ထူးအိမ်သင်ဒေါ့ ကွန်း ကရလာတယ်။


သူပြန်ဆိုထားတဲ့ " ပန်းတွေနှင့်ဝေ "

http://www.mediafire.com/?dxbjbs90uz355x4


ထူးအိမ်သင် လက်ရေးမူကို မြန်မာကျူးပစ် ကရလာတယ်။

သူ. အုတ်ဂူကို မရောက်ဖူးပါ။ ပုံကို ထူးအိမ်သင်ဒေါ့ ကွန်း ကရလာလို့ ဒီမှာတင်လိုက်ပါတယ်။

8/9/10

မင်းတို့ ကျင့်ရာသော သင်္ဂဟတရားလေးပါးအကြောင်း



မင်းတို့ ကျင့်ရာသော သင်္ဂဟတရားလေးပါးအကြောင်း

စတုက ၌ ရေမြေသေဌ်နင်း မင်းတို့ သည် တိုင်းနိုင်ငံသူ လူအပေါင်းတို့အား သဂြိုဟ်ချီးမြှောက်ကြောင်း သင်္ဂဟတရားလေးပါး အပြားရှိ၏။ လေးပါးဟူသော်ကား - သဿမေဓ ၊ ပုရိသမေဓ၊ ဝါစာပေယျ ၊ သမ္မာပါသ - ဟူ၍ လေးပါးအပြားရှိ၏။ ဤသင်္ဂဟတရား လေးပါးတို့ဖြင့် ရေမြေသေဌ်နင်း မင်းတို့သည် တိုင်းနိုင်ငံသူ လူရှင်အပေါင်းတို့ကို သဂြိုဟ်ချီးမြှောက်ကုန်ရာ၏။

ထို့ ကြောင့် အဂုင်္တ္တရ သက္ကတနိပါတ်အဋ္ဌကထာ၊ သုတ္တနိပါတ် အဋ္ဌကထာများ၌-

" ပေါရာဏက ဓမ္မိကရာဇကာလေ ကိရ သဿမေဓံ ပုရိသမေဓံ သမ္မာပါသံ ဝါစာပေယျ န္တိ စတ္တာရိ သင်္ဂဟဝတ္တူနိ အဟေသုံ၊ ယေဟိ ရာဇာနော လောကံ သင်္ဂဏှိံသု" ဟူ၍လာသည်။

ပေါရာဏက ဓမ္မိကရာဇကာလေ၊ ရှေး တရာစောင့်ကုန်သော မင်းတို့လက်ထက်၌။ သဿမေဓံ ၊ သဿမေဓလည်ကောင်း။ ပုရိသမေဓံ၊ ပုရိသမေဓလည်းကောင်း။ သမ္မာပါသံ။ သမ္မာပါသလည်းကောင်း။ ဝါစာပေယျံ၊ ဝါစာပေယျ လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တရိ၊ လေးပါးကုန်သော။ သင်္ဂဟဝတ္တူနိ၊ သင်္ဂဟဝတ္တူတို့သည်။ အဟေသုံ ကိရ၊ ဖြစ်ကုန်သတတ်။ ရေဟိ၊ အကြင်သင်္ဂဟဝတ္တူတို့ ဖြင့်။ ရာဇာနော၊ မင်းတို့ သည်။ လောကံ၊ တိုင်းနိုင်ငံသူ လူအပေါင်းကို။ သင်္ဂဏှိံသု၊ သဂြိုဟ်ချီးမြှောက်ကုန်၏။

သဿမေဓ ။ ။ ထိုလေးပါးတို့တွင် ကောက်ပဲ အစရှိကုန်သော အခွန်အတုတ်တို့ကို ဆယ်ဘို့ တဘို့ သာ ခံယူခြင်းသည် သဿမေဓမည်၏။ ကောက်ပဲအစရှိကုန်သော အခွန်အတုတ်ပြီးစေခြင်း၌ ပညာနှင့်ယှဉ် ဟူလိုသည်။

ပုရိသမေဓ ။ ။ သူရဲ သူခက်တို့အားခြောက်လတကြိမ် ထမင်းမျိုးရိက္ခာ ဖြစ်စေခြင်းသည် ပုရိသမေဓမည်၏။ သူရဲ သူခက်တို့အား သဂြိုဟ်ချီးမြှောက်ခြင်း၌ ပညာနှင့်ယှဉ် ဟူလိုသည်။

သမ္မာပါသ ။ ။ သူဆင်းရဲတို့လက်၌ စာရင်းတင်ထား၍ အသပြာတထောင်၊ နှစ်ထောင်မျှလောက်သော ကြေးငွေ ဥစ္စာပေးနှင့်၍ သုံးနှစ်လည်မှ အတိုးအပွါးမရှိ အရင်းအတိုင်းသာ ခံယူခြင်းသည် သမ္မာပါသ မည်၏။ လူတို့ ၏ နှလုံးကို ကျော့ကွင်းဖြင့် ဘွဲ့၍ထားဘိသကဲ့သို့ မြဲစွဲစေသဖြင့် သဂြိုဟ်မစသည် မည်၏ ဟူလိုသည်။ ထမ်းပိုးခံယူခြင်းသည် သမ္မာပါသမည်၏ဟူသည်ကား ယခင် အဋ္ဌကထာများနှင့် ၄င်း အဘိဓာန်ဋီကာနှင့်၎င်း မညီလေ။

ဝါစာပေယျ ။ ။ မှူးမတ် ကလန် သံပျင် အစရှိကုန်သောသူတို့ကို အမောင်ဦးရီး စသည်ဖြင့်သာယာချေငံစွာ ခေါ်ဝေါ်ပြောဆိုခြင်းသည် ဝါစာပေယျ မည်၏။ ချစ်ကြည်မြတ်နိုးဘွယ်သော စကားဖြင့် သဂြိုဟ်မစသည် ဟူလိုသည်။


ရွှေနန်းသုံးဝေါဟာရအဘိဓာန်ပြုစုသူ ဦးမောင်မောင်တင်



(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )

8/8/10

ရွှေနန်းသုံးဝေါဟာရ အဘိဓာန်


ဦးမောင်မောင်တင် ပြုစုတဲ့ ရွှေနန်းသုံးဝေါဟာရ အဘိဓာန် ကျမ်းပါ ဝေါဟာရရှင်းလင်းချက်တွေကို အပိုင်းလိုက်ဖော်ပြချင်ပါတယ်။ တစ်အုပ်လုံးကို PDF ဖိုင် E-book လုပ်ဖို့ အချိန်မပေးနိုင်သေးပါ။ ဒီတော့ စာအုပ်ထဲက စကားလုံး ဝေါဟာရ ရှင်းလင်းချက်တွေကို သင့်သလိုအပိုင်းလိုက် ရေးလိုက်၊ တင်လိုက်လုပ်ပါမယ်။ ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " တာကြောင့် အကြောင်းအရာ ၊ ရှင်းလင်းချက် ၊ စကားလုံး ၊ အယူအဆ ၊ အမှား အမှန် စတာတွေဟာ ရှေးမြန်မာဘလော့ဂါနှင့်မသက်ဆိုင်ပါ။

ရွှေနန်းသုံးဝေါဟာရ အဘိဓာန်
ပဌမတွဲ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁- ဧကရာဇ်မင်းမြတ်အကြောင်း

မင်းဧကရာဇ် ဟူသည်မှာ - ဧကသဒ္ဒါ-တခုဟော အနက်၊ အတုမရှိအမြတ်ဟူသော အနက်များကိုရသည်။ အတုမရှိ မြတ်သောမင်း ဆိုလိုသည် အဓိပ္ပါယ်ယူရမည်ဟူ၍ ရာဇသေဝကဒီပနီကျမ်းက ဆိုသည်။

ဧကရာဇ်မင်းမြတ်တို့ ဆောင်ရွက်တော်မူမြဲကိစ္စမှာ တနေ့ သုံးယံ ညီလာခံခြင်း၊ တိုင်းရေးပြည်မူ , သာသနာမှုနှင့်တကွ ကိုယ်တော်ရေးမှစ၍ တိုင်ပင်တော်မူသင့်သည်များကို တိုင်ပင် နှီးနှောတော်မူခြင်း၊ ရာဇဂုဏ် ၈ ပါးတို့နှင့် အမြဲပြည့်စုံကြောင်း အမြဲအားထုတ်တော်မူခြင်း၊ မင်းနှင့်ဆိုင်သော သင်္ဂဟတရား လေးပါး, သူခပ်သိမ်းတို့နှင့်ဆိုင်သော သင်္ဂဟတရားလေးပါးတို့နှင့် ပြည့်စုံတော်မူအောင် အားထုတ်တော်မူခြင်းများသည် မင်း၏ မြဲသောအလုပ်ကိစ္စ မှတ်သင့်ချေသည်။

(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )