1/6/11

မောင်ကုလားဘုရား


ဖိုးပေါ်ဘုရား အနီးမှာ မောင်ကုလားဘုရားကိုတွေ့ တယ်။ ပန္နပုံ ၊ အင်္ဂတေ ကနုတ်ပန်း ၊ စေတီရံ အားလုံးနီးပါး လက်ရာတူဖြစ်တယ်။ ဂူဘုရားအဓိကဝင်ပေါက် အမိုးခုံး တဘက်မှာမင်စာမှတ်တမ်းရေးထားတာတွေ့ရတယ်။ ဦးမြင့်အောင်၊ ဒေါက်တာသန်းထွန်းတို့ရဲ့စာတမ်းတွေအပါဝင် ပြည်ပစာအုပ်အတော်များများမှာ မောင်ကုလားဘုရားဆေးရေးပန်းချီတွေ အကြောင်း ဖတ်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။ ဂူဘုရားအတွင်းနံရံပေါ်မှာ ဥရောပတိုက်သားပုံအတော်များများရေးဆွဲထားတာမို့ ပိုပြီးနာမည်ကြီးလူသိများစေတာဖြစ်တယ်။ ၁၈၂၅ ခုနှစ်လောက်ကရေးတဲ့ လက်ရာဖြစ်တယ်လို့ဆိုပါတယ် (သမိုင်းထဲက ဒီဇိုင်း ၊ ဒေါက်တာသန်းထွန်း ၊ စာ ၆၁ )။ ယခုအချိန်အထိ ရှာတွေ့တဲ့ ဂူဘုရားတွေထဲမှာ ဥရောပတိုက်သားပုံ အများဆုံးရေးခဲ့တဲ့ ဂူဘုရားဖြစ်နေတယ်။ အဓိက အဝင်မုဂ်ဦးရဲ့ ဘယ်ဘက် နံရံက ဥရောပတိုက်သားပုံဟာ ဒတ်ခ်ျအမျိုးသားဖြစ်တယ်၊ ပေါ်တူဂီအမျိုးသားဖြစ်တယ်၊ တချို့က ပြင်သစ် ၊ တချို့က အင်္ဂလိပ်ဆိုပြီးအမျိုးမျိုး ပြောနေဆဲဖြစ်တယ်။ ဘယ်ဟာမှအသေချာပြောလို့မရနိုင်လို့ ငြင်းခုန်မှု သက်သက်ဖြစ်နေတယ်။ နံရံဆေးရေးအများစုဟာ ၅၅၀ ဇာတ်နိပါတ်တော်တွေထဲက ကောက်နှုတ်ချက်တွေကို ပုံဖော်ထားတာများတယ်။







စူဋ္ဌာနီတပ်သားတွေဥပကာရီမြို့ကို ဝိုင်းပြီးစစ်တိုက်ရာမှာ ဥရောပတိုက်သား အမြောက်တပ်သား ၊ မြင်းစီးတပ်သားတွေကို ထည့်ဆွဲထားလို့ စိတ်ဝင်စားစရာဖြစ်တယ်။ အခြားဇာတ်နိပါတ်တော်တွေမှာပါတဲ့ တိုက်ပွဲပုံတွေမှာလည်းဘဲ ဥရောပတိုက်သား စစ်သားတွထည့်ဆွဲထားပါသေးတယ်။ အချို့ပန်းချီတွေမှာတော့ ဥရောပတိုက်သား စစ်သည်တွေကို နှစ်ဘက်စလုံးမှာ ထည့်ဆွဲထားတာတွေ့တယ်။ ပန်းချီအောက်မှာရေးထားတဲ့ ဇာတ်နိပါတ်တော်အမည်ကောင်းကောင်းဖတ်မရလို့ ဘာဇာတ်မှန်းမပြောနိုင်သေးပါ။ မြန်မာဘုရင်တွေဟာ နိုင်ငံခြားသား ကြေးစားစစ်သားတွေကို စစ်တိုက်ရာမှာငှားသုံးရမှန်း အနည်းဆုံး ၁၄-၁၅ ရာစုနှစ်လောက်ကတည်းကသိပြီးဖြစ်ပေမယ့် ခုလိုပန်းချီတွေထဲထည့်ဆွဲတာ တွေ့ ရခဲတယ်။


ဆေးရေးပန်းချီ ရေးဆွဲတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေက
၁။ ဆေးဒန်း - အဝါရောင်

်၂။ ဟင်္သပဒါး - ချိပ်နု ၊ ချိပ်ရင့်ရောင်

၃။ ဆုန် ( ခဲမပုပ် ) - အနီရင့်

၎။ မြေဖြူ - အဖြူရောင

်၅။ ကွေ့ - ချိပ်နု ၊ ချိပ်ရင့် ( ထုံးကျောက် ၊ မြေစေး ၊ နီဝါ )

၆။ ချိပ် - သစ်စေးနီနီ

၇။ ကံကုတ် - အမည်းရောင် ( နာ ၊ ခဲပုပ်မည်း )


အစိမ်းရောင် ၊ အပြာရောင် ရလောင် လိုသလိုစပ်ပြီးသုံးတယ်။ ဆေးခြယ်တဲ့ အခါ ၊ နံရံမှာကပ်တဲ့ အင်္ဂတေ ခိုင်မာတဲ့အထိ ၊ ခြောက်သွေ့တဲ့အထိ စောင့်ဆိုင်းရပါတယ်။ရေးဆွဲတဲ့အခါ

၁။ တစ်ကြောင်းဆွဲ - မျက်နှာထားမြင်ရင် စိတ်ထားကိုမြင်အောင် ဆွဲကြပါတယ်။

၂။ ဟန်ပြ - လူကို ရှေ့မှာထားပြီး တူအောင်ရေးဆွဲပါတယ်။ (သမိုင်းထဲက ဒီဇိုင်း ၊ ဒေါက်တာသန်းထွန်း ၊ စာ ၁၉၆ )

ဒီနေရာမှာကြုံးတုန်းပြောချင်တာက မြန်မာပညာရှင်တွေထုတ်တဲ့စာအုပ်တွေ ပုံထည့်သွင်းဖော်ပြမှုအားနည်းတယ်။ နံရံဆေးရေးဟာ ဘယ်လိုသရုပ်ဖော်ထားတယ်၊ ဘယ်လိုနည်းပညာအသုံးပြုတယ် ၊ ဘယ်လောက်ကောင်းတယ်၊ လှတယ်၊ ဘယ်လိုရည်ရွယ်ချက်ရှိတယ် စသဖြင့်ရေးသွားလိုက်တာ စာမျက်နှာ နှစ်မျက်နှာလောက်ရှိတယ်။ သို့သော်ပုံက ပါမလာ။ အဲဒိတော့ စိတ်ကူးနဲ့သာပုံဖော်ရတယ်။ တကယ့် ဆေးရေးကိုမမြင်ရ။ ဖတ်လို့သာပြီးသွားတယ် မှတ်ညာဏ်ထဲကျန်ခဲ့လေ့မရှိ။ အဲဒိမှာ မြန်မာစာအုပ်နဲ့ နိုင်ငံခြားက စာအုပ်အတော်လေးကွာခြားသွားတယ်။ နိုင်ငံရပ်ခြား စာအုပ်တွေမှာတော့ ပုံကို အလေးပေးဖော်ပြတယ် ၊ ရှူထောင့်မျိုးစုံက ဓာတ်ပုံရိုက်ပြတယ် ၊ ပြီးတော့မှ ဒီပစ္စည်းနဲ့ပါတ်သက်ပြီး မှန်ကန်တိကျတဲ့အခြေခံအချက်လက် အနည်းငယ်ကိုချရေးပြထားတယ်။ ဒီတော့ စာဖတ်သူဟာ သာမန်ကလေးတစ်ယောက်ဖြစ်နေပါစေ ရှေးလက်ရာဆိုတာ ဒီလိုပါလားဆိုပြီး ပုံနဲ့စာတွဲပြီး မှတ်ဉာဏ်ထဲစွဲကျန်နေခဲ့တယ်။ ဝါသနာရှင် ၊ သုတေသနပညာရှင်တို့အတွက်တော့ ဆက်ပြီးလေ့လာဖို့ အတိုင်းမသိအဖိုးတန်အချက်လက်တွေပါဘဲ။ မြန်မာစာအုပ်တွေကဖြင့် ပေးချင်တဲ့အချက်လက်ကို ပွတ်သိပ်ထည့်ပြီးရေးတာများတယ်။ လူငယ်တွေ သမိုင်း နှင့် ရှေးဟောင်းသုတေသနကို စိတ်ဝင်စားလာအောင် လုပ်ရာမှာ ဒီနည်းက အလုပ်မဖြစ်တော့ပါ။ ဟိုတုန်းက ရှေးလူကြီးတွေကပြောတယ် " နှုတ်တစ်ရာ စာတစ်လုံး " တဲ့၊ ရှေးဟောင်းသုတေသနမှာတော့ " စာတစ်ထောင် ပုံတစ်ပုံ " လို့ပြောရလောက်အောင် တာသွားတယ်လို့ ဆိုချင်တယ်။

ခုလို ရှေးလက်ရာတွေပျက်စီးရတဲ့အဓိကအကျောင်းရင်းကတော့ ဂူဘူရားကိုယ်ထည်အတွင်းပိုင်းကို ရေစိမ့်ဝင်ပြီး ဆေးရေးတွေရှိတဲ့ အင်္ဂတေနံရံတွေကွာကျပျက်စီးတာမျိုးအတွေ့ရများတယ်။ စတင်တည်ဆောက်စဉ် ပုံစံထုတ်သူ ဗိသုကာပညာရှင်တွေရဲ့ နည်းစနစ် နှင့် နည်းပညာကွာခြားမှု၊ ဘုရားတည်ဆောက်သူ ပန်းရန်ဆရာနှင့်လုပ်သားတွေရဲ့ လက်ရာ (Workmanship) ၊တည်ဆောက်ရာမှာအသုံးပြုတဲ့ပစ္စည်း စတာတွေဟာ အဆောက်ဦးရဲ့ ရေရည်တည်တံ့မှုပေါ်အကျိုးသက်ရောက်မှုရှိတယ်။ စတင်တည်ဆောက်စဉ်အချိန်က နိုင်ငံရေး နှင့် စီးပွါးရေး အခြေနေဟာလည်းဘဲ အကျိုးသက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်ပြီး အကျိုးစီးပွါးဖြစ်ထွန်းတဲ့အချိန်မှာ လှူတန်းလေ့ရှိပေမယ့် တည်ဆောက်မှုမပြီးမှီ နိုင်ငံရေး(ဒေသတွင်း လုံခြုံရေး) ၊ စီးပွါးရေး မတည်မငြိမ်ဖြစ်လာတဲ့အခါ အဆောက်ဦးတည်ဆောက်မှုအပေါ်အကျိုးသက်ရောက်မှုရှိပါတယ်။ လက်ရာညံ့သွားတတ်တယ်။ အထူးသဖြင့် ၁၃-၁၄ ရာစုလက်ရာ ၊ ၁၈ ရာစု လက်ရာ နှင့် ၁၉ ရာစုအစောပိုင်းလက်ရာ အဆောက်ဦးတွေမှာ တွေ့ရလေ့ရှိတယ်။ ပထဝီဝင်အနေထားနှင့် ရာသီဥတု ၊ သဘာဝဘေးအန္တရာယ်ငလျှင်နှင့် မြေသားရွေ့လျားမှု စတာတွေဟာလည်းဘဲ အဆောက်ဦးရေရှည်တည်တန့်မှုကို အကျိုးသက်ရောက်မှုရှိတဲ့အတွက် ချန်ထားလို့မရပါ။ ခုပြောခဲ့တာတွေအားလုံးဟာ ဟိုတစ်ချိန်ကဖြစ်ခဲ့တဲ့အခြေနေ နှင့် သဘာဝတရားပေါ်မှာသာမူတည်ပြီး ထိန်းချုပ်ဖို့ လက်လှမ်းမှီမယ်မဟုတ်ပါ။


ရှေးလက်ရာတွေ ပျက်စီးရတဲ့အခြားအကြောင်းရာတွေရှိပါသေးတယ်။ ပါဝင်တဲ့လူတွေက ရှေးဟောင်းသုတေသနပညာရှင် ၊ ဝါသနာရှင် ၊ ဘုရားခိုး သိုက်သမား၊ ဘုရားဂေါပက၊ စေတနာရှင် ရဟန်းရှင်လူ ၊ ခရီးသွားဘုရားဖူး၊ ဘုရားအနီးနားမှာနေပြီး အသက်မွေးဝမ်းပြုသူ စသဖြင့် လူတွေရဲ့အပြူမူကြောင့်ပျက်စီးရတာမျိုးလည်းရှိတယ်။ ယခု မောင်ကုလားဘုရားမှာတော့ အထက်ပါအကြောင်းကြောင်းကြောင့်ပျက်စီးယိုယွင်းလာတဲ့ အဆောက်ဦးကို ရှေးဟောင်းသုတေသနကဖြစ်စေ စေတရာရှင် ရဟန်းရှင်လူကဖြစ်စေ ရံဖန်ရံခါပြုပြင်တာမျိုးလုပ်ရင်း ဖျက်ဆီးမိရက်သားဖြစ်တာ များမယ်ထင်ပါတယ်။ ကျိုးပျက်သွားတဲ့ နေရာတွေမှာ ပြုပြင်မှုလုပ်တဲ့အခါ သာမန်အစားထိုးပြုပြင်လုပ်သော်လည်း မူလရှေးလက်ရာအတိုင်း ပြန်လည်ဖော်ထုတ်ပြုပြင်တာမျိုးမဟုတ်ပါ။ ဥပမာပြောရရင် ကွာကျသွားတဲ့ အင်္ဂတေနံရံနေရာကို သာမန်အင်္ဂတေပြန်ကိုင်တာမျိုးသာလုပ်ထားတယ်။ နံရံတွေဆက်ပြီးပြိုမကျအောင် ထိမ်းထားနိုင်လို့ အဲလိုလုပ်တာမကောင်းဘူးလို့တော့ပြောမရပါ။ သို့သော် အသေးစိတ် ဂရုတစိုက်မလုပ်တဲ့အခါ ဘေးကအကောင်းတိုင်းကျန်နေသေးတဲ့ လက်ရာတွေကို ဖျက်ဆီးမိရက်သားဖြစ်တတ်နေတတ်တယ်။


' ရှေးဟောင်းအမွေအနှစ်ပန်းချီကာများ မဖျက်ဆီးရ ' ဆိုတဲ့စာတမ်းကို အဝင်ဝမှာတင်တွေ့တယ်။ ဟိုအရင်က အဲဒိစာတမ်းရေးထားတဲ့နံရံမှာကို ဟိုတချိန်က ဆေးရေးတွေရှိခဲ့မှာအမှန်ဘဲ။ ရှေးဟောင်းသုတေသနဌာနက မောင်ကုလားဘုရားဝင်ပေါက်ကို သံတံခါးတပ်ပြီး သော့ပိတ်ထားတယ်။ အလကားနေရင်း လက်ဆော့တတ်တဲ့ တို့မြန်မာတွေအတွက် ဒီလိုသော့ပိတ်ထားတာဘဲကောင်းပါလိမ့်မယ်။ နို့မို့ဆို ရေးထားတဲ့ ရှေးလက်ရာ နံရံဆေးရေးတွေကို ထုံးသုတ်မယ်၊ နံရံပေါ် မြေဖြူ မီးသွေးခဲ စတာတွေနဲ့ ပေါက်ကရလေးဆယ် စာတွေလျှောက်ရေးမယ်၊ ကွမ်းတံတွေးထွေးမယ် ၊ နှပ်ညှစ်မယ် ၊ အရုပ်ရေးမယ် ၊ ကျောမှီမယ် ၊ ချွေးအပါဝင် ပေရေနေတဲ့လက်နဲ့ ထိမယ်၊ကိုင်မယ်၊ ပွတ်မယ်၊ အလကားနေရင်း လက်သဲနဲ့ခြစ်ပြီးခွါမယ်၊ တုတ်ချောင်းနဲ့ ခြစ်မယ်၊ ဒါ့အပြင်နည်းမျိုးစုံ ရှိသေးတယ်။ မပြောလိုတော့ပါ။ နိုင်ငံခြားသားတစ်ယောက်ကဖြင့် ဒီလိုမှတ်ချက်ပေးဖူးတယ်။


The building were all covered in graffiti - mostly in Burmese language. The locals maybe don't appreciate what they have...








1/1/11

၃- အိမ်ရှေ့မင်းအကြောင်း

၃- အိမ်ရှေ့မင်းအကြောင်း
အဘယ်ကြောင့် အိမ်ရှေ့မင်းသည် ဥပရာဇာ မည်သနည်းဟူမူကား - ဥပသမီပေ ဌိတော ရာဇာတိ ဥပရာဇာ ဟူသော ဝစနတ္တနှင့်အညီ ရေမြေသေဌ်နင်း မင်းအဖြစ်၏ အနီး၌ တည်တတ်သောကြောင့် ဥပရာဇာမည်၏။ ဥပသမီပေ ၊ ရေမြေသေဌ်နင်း မင်းအဖြစ်၏ အနီး၌။ ဌိတော၊ တည်သော။ ရာဇာ၊ မင်းတည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဥပရာဇာ၊ ဥပရာဇာမည်၏။


အိမ်ရှေ့မင်းအင်္ဂါ ၅ ပါး။ ။ အိမ်ရှေ့နန်းလျာ မဟာဥပရာဇာတို့ အင်္ဂါလက္ခဏာ ကား -
မိဘနှစ်ပါးစုံမှ ကောင်းစွာဖြစ်ခြင်း၊ အလွန် အဆင်းလှခြင်း၊ မယ်တော်, ခမည်းတော်, နောင်တော်တို့၏ နှလုံးကို ပွါးစေခြင်း၊ တိုင်းသားပြည်သူ လူရှင်ရဟန်းတို့၏ နှလုံးကိုပွါးစေခြင်း၊ ဆင်းစီး, မြင်းစီး, ရထားစီး, လေးပစ်, လှံထိုး အစရှိကုန်သော အတတ်တို့၌ လေ့လာပွန်းတီး ပြီးစီးတတ်မြောက်ခြင်း၊ ဤသို့အားဖြင့် ငါးပါးတည်း။ ထို့ကြောင့် ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ -

" ဣဓ ဘိက္ခဝေ ရညော ခတ္တိယဿ မုဒ္ဓါဝသိတ္တဿ ဇေဋ္ဌော ပုတ္တော ဥဘတော သုဇာတော ဟောတိ မာတိတော စ ပိတိတောစ၊ အဘိရူပေါဟောတိ၊ မာတာ ပိတူနံ ပိယော ဟောတိ မနာပေါ၊ နေဂမဇာနပဒဿ ပိယော ဟောတိ မနာပေါ၊ ယာနိ တာနိ ရညံ ခတ္တိယာနံ မုဒ္ဓါဝ သိတ္တာနံ သိပ္ပဋ္ဌာနာနိ ဟတိံ္ထသိံ္မ ဝါ အဿသိံ္မ ဝါ ရထသိံ္မ ဝါ ဓနုသိံ္မ ဝါ ထရုသိံ္မ ဝါ၊ တတ္ထ သိက္ခိတော ဟောတိ အနဝယော" ဟူ၍ ဟောတော်မူသည်။ (အံ ၂-၁၃၅)

ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ မုဒ္ဓါဝသိတ္တဿ ၊ မုဒ္ဓါဘိသိက် ခံသော။ ခတ္တိယဿ ၊ ရေမြေအရှင်ဖြစ်သော။ ရညော၊ မင်း၏။ ဇေဋ္ဌော ပုတ္တော၊ သားကြီးမင်းလျာသည်။ မာတိတော စ၊ အမိမှ၎င်း။ ပိတိတော စ၊ အဘမှ၎င်း။ ဥဘတော၊ နှစ်ပါးစုံကုန်သော သူတို့မှ။ သုဇာတော၊ ကောင်းစွာ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ အဘိရူပေါ၊ လွန်စွာ အဆင်းလှသည်။ ဟောတိ၊ ဖြစ်၏။ မာတာပိတူနံ၊ မိဘတို့သည်။ ပိယော၊ ချစ်အပ်သည်။ မနာပေါ၊ နှလုံးကို ပွါးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။ နေဂမဇာနပဒဿ၊ နိဂုံးဇနပုဒ်၌နေသော လူအပေါင်းသည်။ ပိယော၊ ချစ်အပ်သည်။ မနာပေါ၊ နှလုံးကို ပွါးစေတတ်သည်။ ဟောတိ၊ ဖြစ်၏။ မုဒ္ဓါဝ သိတ္တာနံ၊ မုဒ္ဓါ ဘိသိက်ခံကုန်သော။ ခတ္တိယာနံ ၊ ရေမြေရှင်ဖြစ်ကုန်သော။ ရညံ၊ မင်းတို့၏။ ဟတိံ္ထသိံ္မ ဝါ၊ ဆင်စီး အတတ်၌၎င်း။ အဿသိံ္မ ဝါ၊ မြင်းစီးအတတ်၌၎င်း။ ထရုသိံ္မ ဝါ၊ ရာထားစီးအတတ်၌၎င်း။ ဓနုသိံ္မ ဝါ၊ လေးအတတ်၌၎င်း။ ထရုသိံ္မ ဝါ၊ ဓားခုတ်လှံထိုး အတတ်၌၎င်း။ ယာနိ တာနိ သိပ္ပဋ္ဌာနာနိ၊ အကြင် အတတ်အကြောင်းအရာတို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုအကြောင်းအရာတို့၌။ သိက္ခိတော၊ သင်အပ်ပြီးသည်။ အနဝယော ၊ အကြွင်းမဲ့ တတ်မြောက်သည်။ ဟောတိ၊ ဖြစ်၏။

ဤသို့လျင် အိမ်ရှေ့နန်းလျာ မဟာဥပရာဇာတို့၏ အင်္ဂါလက္ခဏာငါးပါးကို သိအပ်သည်။ ဥဘတော သုဇာတ- ဟူ၍ မိဆွေ ဘမျိုး နှစ်ပါးတို့တွင် အဘမျိုးသာ ပဋ္ဌာနဟူ၍ ဟောတော်မူသောကြောင့် အဘ မင်းဆွေ မင်းမျိုးဖြစ်က သုဇာတ မယ်တော့သည်သာဟူ၍ သိအပ်၏။ အိမ်ရှေ့မင်းသည် စစ်မက်အရေးကိစ္စ ပေါ်ပေါက်လျှင် ချီတက်တိုက်ခိုက်ရခြင်း၊ ညီလာခံဝင်ရခြင်း၊ လွှတ်တက်၍ စိမံခန့်ခွဲတော်မူရခြင်း၊ ထို့ပြင် အထူးသဖြင့် အရေးကြီးသည့်ကိစ္စရှိလျှင် အချိန်အခါမရွေး နန်းတော်သို့ဝင်၍ ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံတိုင်ပင်နှီးနှောတော်မူရခြင်းစသော တိုင်းကျိုးပြည်ကျိုးများကို ရွက်ဆောင်တော်မူရသည်။

(ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)

12/24/10

၁၉ရာစုလက်ရာ ဖိုးပေါ်ဘုရား

ရွှေဘိုကနေ မန်းလေးရောက်တဲ့ နေ့မှာဘဲ ရွှေစာရံဘုရားဘက် ခရီးဆက်တယ်။ တကယ်သွားတော့ မန်းလေးနဲ့အတော်လှမ်းသဗျ။ မေမြို့ မရောက်ခင် အကျဉ်းဦးစီးဌာန ( အကျဉ်းစခန်းဖြစ်မယ်ထင်တယ် ) မျက်နှာချင်းဆိုင်လမ်းကဝင်ရတယ်။ ဘုရားရောက်တော့ ပန္နနက်ပုံကိုလေ့လာရင်း မှန်စီလက်ရာတွေကိုသာ စိတ်ဝင်စားနေမိတယ်။ နောက်တော့ ရွှေစာရံ ဘုရားနောက်ဘက်မှာ ရှေးဟောင်းဂူဘုရားနှစ်ဆူ ကပ်လျှက်တွေ့တယ်။ ဖိုးပေါ်ဘုရား နှင့် မောင်ကုလားဘုရား။

ဖိုးပေါ်ဘုရား အခြေနေ

ထုံးစံအတိုင်း ပန္နနက်ပုံကိုလေ့လာရင်း ဓာတ်ပုံရိုက်တယ်။ အပြင်ပတ်ပတ်လယ်ကို လိုက်ကြည့်တော့ ဂူဘုရားဟာ ရာခိုင်နှုန်းအတော်များများပြင်ပြီးသားဖြစ်နေတယ်။ ရှင်းရှင်းပြောတော့ ဒါဟာ ရှေးလက်ရာမပျက်ပြင်ထားတာမျိုးမဟုတ်ပါ။ ရှိပါစေတော့ ။ အတွင်းပိုင်းမှာတော့ မူလလက်ရာတွေ ကျန်ကောင်းပါရဲ့ဆိုပြီး ဂူထဲဝင်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် မှန်းထားသမျှအရာမထင်။



ဝင်ဝင်ချင်း မုဂ်ဦးမျက်နှာကျက်အမိုးမှာ ဆေးရေးတချို့ကျန်နေသေးတာတွေ့တယ်။ ကျန်တယ်ဆိုပေမမယ့် ဂူဘုရားအတွင်းပိုင်းတစ်ခုလုံး မှာမှ ခုမြင်နေရတဲ့ ၂ ကွတ်တည်းသာ။ အတွင်းနံရံနှင့် မျက်နှာကျက်တစ်ခုလုံး အင်္ဂကိုင်ပြီး ထုံးသုတ်ပြီးဖြစ်နေပါပြီ။ အစားထိုးထားပြီးဖြစ်တဲ့ အုတ်အသစ်တွေတွေ့ရတဲ့အတွက် အတွင်းပိုင်းမှာလည်းပြုပြင်မှုလုပ်ခဲ့တယ်ဆိုတာသိသာတယ်။ ဘုရားကိုယ်ထည်ထဲ မိုးရေစိမ့်ဝင်ပြီး အတွင်းပိုင်းမျက်နှာကျက် မျက်နှာပြင်မှာရှိတဲ့ အင်္ဂတေတွေကို ကွာကျပျက်စီးစေတာဖြစ်နိုင်တယ်။ အချိန်ကြာလာတော့ အုတ်ချပ်တချို့ပါ ကွာကျသွားနိုင်တယ်၊ အင်္ဂတေပေါ်မှာ ရေးထားတဲ့ ဆေးရေးပန်းချီဟာလည်း ထို့အတူပါဘဲ။ လက်ရှိလည်း မိုးရေစိမ့်ဝင်နေပုံရတယ်။ ဘုရားပြင်တဲ့လူတွေဟာ မထူးပါဘူးဆိုပြီး အကုန်လုံးအင်္ဂတေကိုင်မပစ်တာကိုဘဲကျေးဇူးတင်ရပါမယ်။ ခုလို ချန်ခဲ့တဲ့အတွက် ဟိုတုန်းက ဒီဘုရားမှာ ဒီလိုလက်ရာ နံရံဆေးရေးပန်းချီတွေရှိခဲ့ပါလားဆိုပြီး မှတ်သားလေ့လာခွင့်ရပါမယ်။


အတွင်းပိုင်းကိုဝင်တဲ့အခါ ပိုပြီးအံအားသင့်ရတယ်။ အိမ်သုံးပစ္စည်းတချို့၊ နေရာထိုင်ခင်းအချို့ နဲ့ အပြင်ဆင်အချို့အရ ဂူဘုရားအတွင်းပိုင်းကို တစ်စုံတစ်ယောက်ကဝင်ရောက်နေထိုင်နေပုံရတယ်။
ခုလိုဂူဘုရားအတွင်းပိုင်းတစ်ခုလုံးကို မောင်ပိုင်စီးပြီး ဝင်ရောက်နေထိုင်တာဟာ နေထိုင်သူအတွက်ရော အဆောက်ဦးအတွက်ပါ အန္တရာယ်ရှိပါတယ်။ လူသူအရောက်ပေါက်များတဲ့ ရှေးဟောင်းအဆောက်ဦးဟာ လူသူအထိတွေ့နည်းတဲ့ အဆောက်ဦးထက်ပျက်စီးမှုပိုမြန်လေ့ရှိကြောင်း မှတ်သားဖူးပါတယ်။ ဥပမာ မြန်မာတို့ရဲ့ ပုဂံဟာ မြို့ပြနိုင်ငံ စတင်တည်ထောင်ကတည်းက အစဉ်အဆက်လူနေထိုင်ရာနေရာဖြစ်တာမို့ နှစ်ပေါင်း ၂၀၀ လောက်လူသူကင်းမဲ့တဲ့ နေရာမှာတိမ်မြုပ်နေပြီးမှ ပြန်ရှာတွေ့တဲ့ အန်ကောဝတ် ကျောင်းတော်ကြီးနဲ့ နှိုင်းယှဉ်တဲ့အခါ အန်ကောဝတ်ကပိုပြီး ရှေးလက်ရာကျန်တယ်။ ပထဝီဝင် အနေထား၊ ရာသီဥတုအနေထား နှင့် ဆောက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်း ( ပုဂံက အုတ်ချပ်သုံး ဗိသုကာ ၊ အန်ကောဝတ်က ကျောက်သားထု ) စတဲ့ မတူတာကို ထည့်တွက်ပြီးသားဖြစ်တယ်။
အကြောင်းကြောင်းကြောင့် အရင်ကရှိခဲ့တဲ့ ရှေးလက်ရာဆေးရေးတွေ ပျက်စီးခဲ့ပြီးပါပြီ။ သို့သော် ကျန်နေသေးတဲ့ မူလအဆောက်ဦးကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ပြီး ဓာတ်ပုံဟောင်း ၊ ပေစာ ၊ ပုရပိုဒ်စာဟောင်း စတဲ့မှတ်တမ်းဟောင်းတွေကိုလေ့လာပြီး ပြန်လည်ဖော်ထုတ်လို့ရနိုင်ပါသေးတယ်။ သို့သော် မူလအဆောက်ဦး မြေခပြီး အုတ်ပုံကြီးဖြစ်သွားပြီဆိုရင်ဖြင့် သက်ဆိုင်ရာကရော ၊ အနီးပါးက ရဟန်းရှင်လူတွေကပါ ပြန်လည်ဖော်ထုတ်ဖို့ စဉ်းပင်စဉ်းစားတော့မည်မဟုတ်ပါ။ ယဉ်ကျေးမှုအမြင် သမိုင်းအမြင်နှင့်ကြည့်မိတဲ့အခါ သခါင်္ရ တရားပါဘဲလေဆိုပြီး ဖြေဖို့မလွယ်တာအမှန်ဘဲ။

မလှမ်းမကမ်းက မောင်ကုလား ဂူဘုရားဟာ ဖိုးပေါ်ပေါ်ဘုရားနဲ့ ခေတ်ပြိုင်ဖြစ်ဖို့များတယ် သို့သော် ပြည်တွင်းရော ပြည်ပပါ နံမည်ကျော်တဲ့ဆေးရေးပန်းချီတချို့ကျန်ပါသေးတယ်။

12/20/10

ပုဂံ ဆေးရေးမင်စာ ရှိသော ဂူ၊ကျောင်း၊ဘုရား များ


၁။ ကုန်းတော်ကြီး ( မှတ်တမ်းစာ)
၂။ ကျဆင်းဘုရား ( ရှေးမွန်စာ )
၃။ ခေမာဝရ ဂူဘုရား ( မှတ်တမ်းစာ)
၎။ ချောက်ဘုရားလှ ( မှတ်တမ်းစာ)
၅။ ဂူအမှတ် ၂၀၄ ( မှတ်တမ်းစာ)
၆။ ဂူအမှတ် ၄၁၈ ( ရှေးမွန်စာ )
၇။ ဂူအမှတ် ၈၁၄ (မှတ်တမ်းစာ)
၈။ ဂူအမှတ် ၈၁၅ ( မှတ်တမ်းစာ)
၉။ ဂူအမှတ် ၈၄၀ ( မှတ်တမ်းစာ)
၁၀။ ဂူအမှတ် ၁၁၂၄ ( မှတ်တမ်းစာ)
၁၁။ ဂူအမှတ် ၁၁၂၇ ( မှတ်တမ်းစာ)
၁၂။ ဂူအမှတ် ၁၁၄၀( မှတ်တမ်းစာ)
၁၃။ ဂူအမှတ် ၁၁၄၁ ( မှတ်တမ်းစာ)
၁၄။ ဂူအမှတ် ၁၁၄၂ ( မှတ်တမ်းစာ)
၁၅။ ဂူအမှတ် ၁၁၄၃ ( မှတ်တမ်းစာ)
၁၆။ ဂူအမှတ် ၁၁၄၄ ( မှတ်တမ်းစာ)
၁၇။ ဂူအမှတ် ၁၁၉၂ ( မှတ်တမ်းစာ)
၁၈။ ဂူအမှတ် ၁၂၁၄ ( မှတ်တမ်းစာ)
၁၉။ ဂူအမှတ် ၁၃၀၇ ( မှတ်တမ်းစာ)
၂၀။ ဂရို့ဘုရား ( အုတ်တချပ်ဘုရား ) ( မှတ်တမ်းစာ)
၂၁။ စိမ်းညက် ညီအမ ( မှတ်တမ်းစာ)
၂၂။ ငါးမျက်နှာ ဘုရား( မှတ်တမ်းစာ)
၂၃။ စာသင်ဂူ ( မှတ်တမ်းစာ)
၂၄။ စာသင်ဂူမြောက်ဘက် ၄ ဖာလုံအကွာရှိ တိုက်ခံဘုရား( မှတ်တမ်းစာ)
၂၅။ စောလှဝိုင်းဘုရား အရှေ့မြောက်ဘက်ရှိ အရှေ့လှည့်ဂူ ( မှတ်တမ်းစာ)
၂၆။ စောလှဝိုင်းဘုရား အနောက်မြောက်ဘက်အနီး ဂူအမှတ် ၉၈၂ ( မှတ်တမ်းစာ)
၂၇။ ဆုတောင်းပြည့် ( မှတ်တမ်းစာ )
၂၈။ ထီးလိုမင်းလို ( မှတ်တမ်းစာ)
၂၉။ တောင်ဘီရွာ အနောက် မွန်ဂူ၏ ဗဟိုတိုင်၊ မြောက်ဘက်လိုဏ်ဂူ အရှေ့နံရံ ( ဇာတာ ၃ ခု ၊ မှတ်တမ်းစာ )
၃၀။ တောင်ဘီရွာ အနောက် မွန်ဂူမြောက်ဖက် ကပ်လျက်ရှိသော ဂူအမှတ် ၁၃၀၇ ဂန္ဓကုဍိတိုက်အဝင်ပေါက် တောင်ဘက်နံရံ ( ဇာတာ၊ မှတ်တမ်းစာ )
၃၁။ တောင်ဘီရွာ အနောက် ရှေးမွန်ဘုရား ( ရှေးမွန်စာ )
၃၂။ တိုက်ခံဘုရားမြောက်ဘက်အနီး ပြိုနေသောဘုရား ( မှတ်တမ်းစာ)
၃၃။ ထီးလိုမင်းလိုစေတီအနီးတဝိုက်ရှိ ရွှေလိပ်တူး ၊ ရွှေလိပ်ပြေး ( မှတ်တမ်းစာ)
၃၄။ ထီးလိုမင်းလိုအနောက်ဘက် ဂူအမှတ် ၁၁၂၃ ( မှတ်တမ်းစာ)
၃၅။ ဓမ္မရာဇိကဘုရား အရှေ့ ဂန္ဓကုဋိ မြောက်နံရံ ( တောင်ငူခေတ် ကဗျာ )
၃၆။ နွားများဂူ ( နွားပြဂူ ခေါ် နွားမျာ့သင်္ခရာ နှစ်ထပ်ဂူဘုရား ) ( မှတ်တမ်းစာ)
၃၇။ နွားပြဂူ အရှေ့ဘက် တဝဂူ ( မှတ်တမ်းစာ)
၃၈။ ပုထိုးသများ ဘုရား ( ရှေးမွန်စာ )
၃၉။ ပုဂံမြော်ဘုရား ( မှတ်တမ်းစာ)
၄၀။ ပုဂံအနောက် ဖွားစောရွာ သစ္စာဝတီ ၂ထပ်ဂူဘုရား ( မှတ်တမ်းစာ )
၄၁။ ပဲနံသာဂူ ဘုရား ( မှတ်တမ်းစာ)
၄၂။ ပဲနံသာဂူ ဘုရားအနီးရှိ အမည်မရှိဂူဘုရား ၂ဆူ ( မှတ်တမ်းစာ)
၄၃။ ဖြတ်စရွှေဂူ( မှတ်တမ်းစာ)
၄၄။ မင်းနန်သူရွာ ဘုရားသုံးဆူ အတွင်းနံရံ ( မင်းရေးဇာတာ ၃ခု ၊ မှတ်တမ်းစာ )
၄၅။ မြစည်းခုံဘုရားတောင်ဘက် ဥယဉ်ကြီးဘုရား ( ဂူ- ၃၃၉) ၏အာရုံခံအရှေ့နံရံ တောင်ဘက်ပိုင်း ( မှတ်တမ်းစာ )
၄၆။ မင်္ဂလာစေတီအနီး သဲဘုရား ( မှတ်တမ်းစာ)
၄၇။ မင်္ဂလာစေတီအနီး ငါးမျက်နှာဘုရား ( မှတ်တမ်းစာ)
၄၈။ မင်္ဂလာစေတီအနီး ဘွဲ့မရှိ ဘုရားကလေး ( မှတ်တမ်းစာ)
၄၉။ မင်္ဂလာစေတီအနီး မြောက်လှည့်ဂူ ( နှစ်ကျိပ်ရှစ်ဆူ ၊ မှတ်တမ်းစာ )
၅၀။ မင်္ဂလာစေတီအနီး အဂ္ဂတေ့ဘုရား ( မှတ်တမ်းစာ )
၅၁။ မင်္ဂလာစေတီအနီး အရှေ့လှည့်ဂူ ၆၆၀ ၊ ( မှတ်တမ်းစာ )
၅၂။ မင်္ဂလာစေတီအနီး မြောက်လှည့်ဂူ (မှတ်တမ်းစာ)
၅၃။ မီးငြမ်းကုန်း ( မှတ်တမ်းစာ)
၅၄။ မြင်းကပါရွာ မြောက်ဘက် ဂူပြောက်ငယ် ( မှတ်တမ်းစာ၊ တောင်ငူခေတ် ကဗျာ ၊ ဇာတာ )
၅၅။ မြင်းကပါဂူပြောက်ငယ် အရှေ့အာရုံခံ တောင်နံရံ ( ရတု ပိုဒ်စုံ ၂ ပုဒ် )
၅၆။ မြင်းကပါ ဂူပြောက်ကြီး ( ရှေးမွန်စာ)
၅၇။ မြင်းပြဂူ ( ရှေးမွန်စာ ၊ ၅၅၀ ဇာတ်နိပါတ်တော်စာ)
၅၈။ မိုးကြိုးပစ်ဘုရား ( မှတ်တမ်းစာ)
၅၉။ မိုးမှဲမှောင် ( မှတ်တမ်းစာ)
၆၀။ မြသိန်းတန် ( နှစ်ကျိပ်ရှစ်ဆူ ၊ မှတ်တမ်းစာ )
၆၁။ မာရ်အောင်ဘုရား ( မှတ်တမ်းစာ)
၆၂။ ရွာဟောင်းကြီးခေါ် လောကမှန်ကင်းနှစ်ထပ်ဂူ ၈၁၁ ( မှတ်တမ်အစာ)
၆၃။ ရှင်မယ်ဇူ (သဖြူလေး) ဘုရား ( မှတ်တမ်းစာ)
၆၄။ ရွှေကြံဖပ်( မှတ်တမ်းစာ)
၆၅။ ရွှေဆံတော်ဘုရား အနောက်ဖက် ၊ လောကဦးသျှောင် နှစ်ထပ်ဂူဘုရား (ဂူ- ၇၈၀) အရှေ့ဖက် အာရုံခံ မြောက်နံရံ ( ကဗျာ )
၆၆။ ရွှေလက်လှ ( နှစ်ကျိပ်ရှစ်ဆူ ၊ မှတ်တမ်းစာ )
၆၆။ ရွှေဆံတော်ဘုရားအနီး မဟာဂူကြီး ( မှတ်တမ်းစာ)
၆၇။ ရွှေဆံတော်ဘုရားအနီး ဂူကြီးဘုရား ( မှတ်တမ်းစာ)
၆၈။ ရွှေဆံတော်ဘုရားအနီး ဂူအမှတ် ၇၇၃( မှတ်တမ်းစာ)
၆၉။ ရွှေဆံတော်ဘုရားတောင်းဖက်ရှိ ဂူငယ် ( အလှူရှင်အမည် နှင့် မှတ်တမ်းစာ )
၇၀။ ရွှေဆံတော်မြောက်ဘက်ရှိ ဂူကလေးဘုရား( မှတ်တမ်းစာ)
၇၁။ ရွှေဘုံသာဘုရား ဂူအမှတ် ၂၀၂ ( မှတ်တမ်းစာ)
၇၂။ ရွှေလက်လှ ဂူအမှတ် ၁၂၆၈ (မှတ်တမ်းစာ )
၇၃။ လောကထိပ်ပန် ( မှတ်တမ်းစာ)
၇၄။ ဝက်ကြီးအင်း တန်ဆောင်း မိဘုရားကျောင်း ( မှတ်တမ်းစာ)
၇၅။ ဝက်ကြီးအင်း လေးမျက်နှာဂူ ( မှတ်တမ်းစာ)
၇၆။ ဝက်ကြီးအင်း ဂူပြောက်ငယ် ( မှတ်တမ်းစာ)
၇၇။ သကျမုနိ ( မှတ်တမ်းစာ)
၇၈။ သဗ္ဗညုဘုရား ( မှတ်တမ်းစာ)
၇၉။ သမ္ဘူလ ( သုံးလူလှ ) (ဗုဒ္ဓဝင် ပါဠိဂါထာ )
၈၀။ သိမ္မစည်း ဘုရား ( မှတ်တမ်းစာ)
၈၁။ သျှင်ပင်သက်တော်ရှည် ( မှတ်တမ်းစာ)
၈၂။ အနောက်ဖွားစောရွာ သစ္စာဝတီ ဂူဘုရားအရှေ့တောင် မင်းမရဲဂူငယ် ( မှတ်တမ်းစာ )
၈၃။ အလိုပြည့်ဘုရာ ( မွန် မှတ်တမ်းစာ )
၈၄။ အလိုပြည့်ဂူ အနောက်ဘက်ရှိ ဂူအမှတ် ၂၃၅ ( မှတ်တမ်းစာ)
၈၅။ အလိုပြည့်ဂူ အရှေ့မြောက် ကိုက် ၅၀ ခန့်အကွာရှိ ဂူအမှတ် ၁၃၀ ( မှတ်တမ်းစာ)
၈၆။ အာနန္ဒာ အုတ်ကျောင်း ( မှတ်တမ်းစာ )

မင်စာအမျိုးအစား ၂ မျိုးရှိပါတယ်။
၁။ မူလရေး မင်စာ
၂။ နောက်ရေးမင်စာ

၁။ မူလရေးမင်စာ
မူလရေးမင်စာတို့တွင် ဗုဒ္ဓဝံသဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရားများ ၊ ငါးရာငါးဆယ် ဇာတ်တော်များ ၊ နိပါတ်တော်များနှင့် တခါတရံမြတ်စွာဘုရား၏ ဖြစ်တော်စဉ်များ၊ ဟောကြားခဲ့သော သုတ်တော်များ၊ ဝိနည်းများ ၊ အိန္ဒိယပြည်တွင် ဗုဒ္ဓအယူဝါဒနှင့် ဆက်စပ်နေသော ရာဇဝင်ကြောင်းများ ၊ မဟာဝင် စသည်တို့ပါဝင်သည်။ ယင်းမူလထိုး မင်စာများကို မွန်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း အဆောက်ဦးတည်စကပင် ရေးထားခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။

၂။ နောက်ရေးမင်စာ
နောက်ရေးမင်စာများတွင် ၊ ထပ်မံ ပြုပြင်မွမ်းမံသော အကြောင်းအရာများ ၊ ဆေးမီးတိုများ ၊ ဂါထာများနှင့် ဇာတာများ ပါဝင်ပါသည်။ မြန်မာဘာသာတို့ဖြင့် ရေးထား၍ ၊ စကားပြေနှင့်လည်းတွေ့ရ၏။ လင်္ကာနှင့်လည်းတွေ့ရ၏။ ယင်းမင်စာများ အဆောက်ဦးများ တည်ထားပြီးသည့်နောက် ကာလများအတွင်းက ရေးထားခဲ့သည့် နောက်ရေးမင်စာဖြစ်ကြောင်း ခွဲခြားဖော်ပြအပ်ပါသည်။

ဒီစာရင်းဟာ လုစ် (G.H Luce )၊ ဗိုလ်မှူးဘရှင် ၊ ဦးဖေမောင်တင် တို့ဦးဆောင်ပြီး လုပ်ခဲ့တဲ့ ၁၉၆၄ ခုနှစ်ထုတ် ပုဂံမင်စာစု သုတေသနလုပ်ငန်း မှတ်တမ်းစဉ် (၁)ကို အခြေခံပြီး စာရင်းလုပ်ထားတာပါ။ ဒါကြောင့် ၁၉၆၄ နောက်ပိုင်းကာလ အခြေနေကို မသိရသေးပါ။ ပုဂံဘုရားတွေအများကြီးထဲမှာ မှ အရေတွက် ၉၀ လောက်သာရှိတဲ့ စာရင်းသာရတဲ့အတွက် စုံလင်လှပြီလို့ မဆိုနိုင်ပါ။ တချို့ ဂူ ၊ကျောင်း ၊ဘုရား ၊ အဆောက်ဦးသော်လည်းကောင်း ၊ ရေးထားတဲ့ မှင်စာသော်လည်းကောင်း ပျက်စီးပြီးဖြစ်နေလောက်ပါပြီ။ အခုလက်ရှိအချိန်မှာ ဘယ်လောက်ကျန်သေးလဲဆိုတာတော့ မြန်မာနိုင်ငံရှေးဟောင်းသုတေသန ဌာန ကဆက်ပြီးလုပ်သင့်တယ်။ ဘာဘဲဖြစ်ဖြစ် ဒီစာရင်းဟာ ပုဂံသွားပြီး မှင်စာလေ့လာလိုသူတွေအတွက်အသုံးဝင်နိုင်ကောင်းပါရဲ့။

12/11/10

ပဲခူး ရွှေဂူကြီးဘုရား



ရွှေဂူကြီးကျောက်စာရုံ
ရွှေဂူကြီးကျောက်စာရုံ အတွင်းပိုင်း
ရွှေဂူကြီးကျောက်စာရုံ အတွင်းပိုင်း
ရာသီဥတုဒါဏ်ကြောင့် ပျက်စီးလာပြီ ဖြစ်တဲ့ ကျောက်စာ

မုတ် (မုဒ် ) ဆောက်လုပ်ရာမှာ ထုထူထူ ကျောက်ပြားသုံးတယ်
မုတ် (မုဒ် ) ဆောက်လုပ်ရာမှာ ထုထူထူ ကျောက်ပြားသုံးတယ်

အနောက်ဘက်မုတ်က ကြည့်မှသာ ဒီလိုမြင်ရတယ်

အဟောင်း နှင့် အသစ်

ရှေ့တည့်တည့်မှာ ဆောက်ထားတဲ့ အဆောက်အုံကြောင့် ကွယ်နေတယ်

ဘုရားသို့


လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ရှေးဟောင်းသုတေသန နှင့် ရှေးဟောင်း မြန်မာမှုလက်ရာပစ္စည်းတွေကို စပြီးလေ့လာဖြစ်တယ်။ အင်္ဂလန်၊ ပြင်သစ် ၊ ဂျာမနီ ၊ အမေရိကား စတဲ့ပြတိုက်တွေက ရှေးဟောင်း မြန်မာမှုလက်ရာပစ္စည်းတွေကို စပြီးလေ့လာစဉ်ကတည်းက မြန်မာစဥ့်ထည်တွေကို မကြာခဏတွေ့ရလေ့ရှိတယ်။ နိုင်ငံတကာက ပြတိုက်တွေမှာ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ ပဲခူး ရွှေဂူကြီးဘုရားက စဥ့်ထည်တွေအကြောင်းကတော့ဖြင့် လူပြောသူပြောများသလို လူသိလည်းများပါတယ်။

၁၅ ရာစု မွန်လက်ရာဟန် စဥ့်ထည်တွေအကြောင်းပြောတဲ့အခါ ပဲခူး ရွှေဂူကြီးဘုရားတည်ဆောက်စဉ် စေတီပတ်လည်ကို စဥ့်ထည်တွေ နှင့်အလှဆင်ထားကြောင်းဖတ်ရလေ့ရှိသော်လည်း ဘုရား ပန္နက်ပုံ အကြောင်းပြောလေ့မရှိပါ။ ပဲခူး ရွှေဂူကြီး ဘုရားကို ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပုဂံ မဟာဗောဓိ ပုံစံကိုယူထားတာဖြစ်တယ်။ အလှူရှင် ဓမ္မစေတီမင်း ကိုယ်တိုင် ပုဂံကိုသွားရောက်လေ့လာပြီးမှ သတ္တဌာန အပါဝင် မဟာဗောဓိ ပုံစံတူကို ကိုယ်တိုင်ကြီးကျပ်တည်ဆောက်စေတာဖြစ်တယ်။ တချိန်တည်းမှာဘဲ ခေတ်ပြိုင် ယိုးဒယား ချင်းမိုင်ဘုရင် တိလောကရာဇာ(၁၄၄၁-၁၄၈၉) ကလည်း မဟာဗောဓိ ပုံစံတူ (Wat Cet Yot) ကို ချင်းမိုင်မှာ တည်ဆောက်ခဲ့တယ်လို့ ပြည်ပမှတ်တမ်းတွေမှာ ဖတ်ရပါတယ်။ အမေရိကန်နိုင်ငံ မီချီဂန် တက္ကသိုလ် စာတမ်းတစ်စောင်မှာ ဘုရားတည်တဲ့ ခုနှစ်ကို ၁၄၇၉ လို့တွေ့တယ်။ ကလျာဏီသိမ်ကျောက်စာ မွန်ဘာသာ မှာတော့ ၁၄၇၉ ခုနှစ်ကို သတ္တဌာနစတင်တည်ဆောက်တဲ့ခုနှစ်အဖြစ်တွေ့ရတယ်။ ကျောက်စာကိုအတည်ယူပြီးပြောမယ်ဆိုရင် မူလ မဟာဗောဓိ ပုံစံတူ ဘုရားပြီးမြှောက်မှသာ သား သမီး ချွေးမ သမက် အမတ် တွေကို သတ္တဌာနအရံတည်ဆောက်စေတာဖြစ်လို့ မူလဘုရား ဟာ ၁၄၇၉ မတိုင်ခင်တည်ပြီးဖြစ်ဖို့များမယ်။ ပိုင်ပိုင် နိုင်နိုင်မပြောရဲသေးပါ။


ရှင်းရှင်းပြောရရင် ပဲခူးရွှေဂူကြီးအကြောင်း ဘာမှသေချာမသိပါ။ ကလျာဏီသိမ်ကျောက်စာ မွန်ဘာသာကို လေ့လာတဲ့အခါ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ ဘုရားတွေထဲမှာ ရွှေဂူကြီး ဆိုတဲ့ ဘွဲ့အမည်မပါ။ ၁၉၃၉-၄၀ ရှေးဟောင်းသုတေသနဌာနခွဲ နှစ်ချုပ်အစီရင်ခံစာထဲမှာပါတဲ့ မဟာဗောဓိကျောက်စာကို ဒီရွှေဂူကြီးဘုရားဝင်း အနောက်တောင်ထောင့်မှာတွေ့ရတယ်။ အနီးနားပတ်ဝန်းကျင်မှာတော့ သတ္တဌာန လို့ယူဆနိုင်ဆရာရှိတဲ့ မုစလိန္ဒာ စေတီအပါဝင် အပျက်စီးပုံတွေတွေ့တယ်။


ပြည်ပမှာလူပြောသူပြောများလွန်းတဲ့အတွက် ပျက်စီးပြိုကျနေတဲ့ အုတ်ပုံကြီးအဖြစ်တွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါ။ ၁၉၃၀ ပဲခူးငလျှင်ဒါဏ်ခံလိုက်ရတဲ့ သာသနိက အဆောက်အုံတွေထဲမှာ ရွှေဂူကြီးဘုရားလည်းလွတ်မယ်မထင်ပါ။ ငလျှင်ဒါဏ်ခံပြီးကတည်းက နောက်ပိုင်းဘာမှမလုပ်ဘဲ ဒီအတိုင်းပစ်ထားတယ်ထင်တာဘဲ။ မဟာဗောဓိကျောက်စာ အပါဝင်အခြားကျောက်စာတွေကို ကျောက်စာရုံငယ် ဆောက်လုပ်ပေးထားပေမယ့် မိုးကောင်းတဲ့ဒေသဖြစ်တဲ့အတွက် မိုးတော့ လုံမယ်မဟုတ်ပါ။ ကျောက်စာမျက်နှာပြင်ဟာ ရာသီဥတုဒါဏ်ကြောင့် ရေးထားတဲ့စာဟာ မပီပြင်တော့ဘဲ အချို့နေရာမှာ ခပ်ဝါးဝါးသာကျန်ပါတော့တယ်။ ပြတိုက်လိုနေရာမျိုးမှာ ရွှေ့ပြောင်းမထားနိုင်ရင်တော့ သမိုင်းဝင်ကျောက်စာဟာ ရေးထားတဲ့စာတွေပျောက်ပြီး သာမန်ကျောက်ပြား အကြီးစားတစ်ခုအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ကျောက်စာပါ မှတ်တမ်းစာတွေဟာ ပုံနှိပ်စာအုပ်အဖြစ်ရှိပြီးဖြစ်ပေမယ့် သုတေသန မူလရင်းမြစ် ( Primary Source ) အဖြစ် အင်မတန်အရေးပါပါတယ်။

ရွှေဂူကြီးကျောက်စာရုံထဲမှာ ထိန်းသိမ်းထားတဲ့ အရွယ်စားကြီးမားတဲ့ မြန်မာကျောက်စာတိုင်တွေ အပါဝင် အင်္ဂလိပ် ၊ ပြင်သစ် ၊ ပေါ်တူကီဘာသာ ကျောက်စာတချို့တွေ့တယ်။ ဘုရားခေါင်းကျိုး ၃-၄ ခုတွေ့တယ်။ သစ်သားလှေနှစ်စင်းတွေ့တယ်။ စိတ်ဝင်စားစရာဖြစ်ပေမယ့် အချိန်မလောက်တာကတစ်ကြောင်း ၊ ကျောက်စာရုံသော့ကိုင်ကို အနီးနားမှာရှာမရတာကတစ်ကြောင်း လေ့လာဖို့အခွင့်မသာခဲ့ပါ။

ပဲခူး ရွှေဂူကြီးဘုရား ပန္နက်ပုံ ရှေးမှတ်တမ်းနှင့် ဓာတ်ပုံတွေရှိရင် ဝေမျှကြပါဦး။