5/7/10

ကဆုန် ( ကုဆုန် )


မြန်မာ ပြက္ခဒိန် ရဲ့ ဒုတိယမြောက်လ ဟာ ကဆုန် လဖြစ်တယ်။ ပြိဿ ရာသီ အချိန်ခါဖြစ်တယ်။ ပုဂံခေတ် ကျောက်စာတွေထဲမှာ " ကုဆုန် " ရေးလေ့ရှိပြီး " တိဘက် " ဘာသာစကား မှဆင်းသက်လာဟန်ရှိတယ်လို့ ဆိုပါတယ်။ " ကု " ရဲ့ အနက်က ရေ ပြစ်ပြီး " ဆုန် " ဆိုတာ သွန်းလောင်းတယ်လို့ အနက်ရတယ်။ အလွယ်ပြောရရင် " ရေသွင်းလောင်းတဲ့ လ " လို့ ဆိုနိုင်တယ်။

ဒီတော့ ဘာကြောင့် ရေသွန်းလောင်းတယ် ၊ ဘယ်အရာကို ရေလောင်းတယ်ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ သဘာဝ ပထဝီဝင်အနေအထားအရ ဒီလိုအချိန်ဟာ သိပ်ကိုပူပြင်းခြောက်သွေ့ တဲ့ နွေရာသီ ကာလမျိုးဖြစ်တယ်။


ပြင်းထန်လွန်းတဲ့ အပူဒါဏ်ကြောင့် သဘာဝအလျှောက်ပေါက်တဲ့ အပင်ကြီးငယ်အပါဝင် စီးပွါးရေးအရ ဒါမှမဟုတ် ဘာသာရေးအရ လူတွေစိုက်ထားတဲ့ အပင်တွေပါ ရေငတ်ပြီး အရွက်မရှိသလောက်ဖြစ်နေမယ်။ အဲဒီလို လူတွေစိုက်ပျိုးထားတဲ့အပင်တွေထဲမှာ ဗောဓိညောင်ပင်ဟာ အရေးအပါဆုံး အပင်ဖြစ်တယ်။ ဗုဒ္ဓဘုရားရှင်ဟာ မဟာဗောဓိပင်အောက်မှာ ပွင့်တော်မူတာဖြစ်လို့ အထွတ်မြတ်ထားရာ အပင်အဖြစ် မှတ်ယူထားကြပြီးသားဖြစ်တယ်။

ဘာကြောင့် ဒီလိုပြောနိုင်လဲဆိုတော့ အနိရုဒ္ဓ (? ၁၀၄၄ - ? ၁၀၇၇ ) ကောင်းမှု သစ္စာထား အုတ်ခွက်ဘုရား
( အများခေါ် မြေပုံဘုရား ) တွေမှာ အိန္ဒိယ ဗုဒ္ဓဂါယာက မဟာဗောဓိဘုရား နှင့် ဗောဓိပင် အမှတ်သား တို့ ရိုက်နှိပ်ထားတာတွေ့ ရလို့ ပါ။ ဒီတော့ ဘုရားပွင့်တော်မူရာဒေသ ဗုဒ္ဓဂါယာမှာရှိတဲ့ ဗောဓိညောင်ပင်ကို အပွားအဖြစ်ယူလာပြီး ဘုရားကျောင်းကန်တွေမှာ အထွတ်အမြတ်အဖြစ် စိုက်ပျိုးထားလေ့ရှိမယ်။


ဒါကြောင့် ဒီလိုအပူချိန်ပြင်းထန်လွန်းတဲ့ နွေရာသီမျိုးမှာ မိမိတို့အထွတ်မြတ်ထားရာ ဗောဓိညောင်ပင်ကို ခြောက်သွေ့ မှု နှင့် အပူဒါဏ်တွေက ကာကွယ်ပေးဖို့ ရာ ရေသွင်းလောင်းပေးကြရင်း အလေ့ထဖြစ်လာပြီး ဒီလိုအချိန်ကာလမျိုးကို ကုဆုန် လ အဖြစ် သတ်မှတ်ခေါ်ဆိုလာတယ်လို့ ထင်ပါတယ်။

ပုဂံထက်အရင် " ပျူ " တွေဟာ မြန်မာပြက္ခဒိန် ကိုမသုံးတဲ့အတွက် " ကုဆုန် " လလိုအခါသမယမျိုးရှိခဲ့မယ်မထင်ပါ။ သို့ သော် မှော်ဇာ ၊ မထောရွာ ငရှင့်ကန်ကုန်း မှရရှိသော အုတ်ခွက်ဘုရားတွင် မဟာဗောဓိပင်အောက်မှာ ပွင့်တော်မူဟန် အမှတ်သားပါနေပြီးဖြစ်တာတွေ့ ရတဲ့အတွက် ၈ ရာစုနှစ်လောက်ကတည်းက ဗောဓိပင်ကို အထွတ်အမြတ် ထားနေပြီးဖြစ်မယ်လို့ မှန်းရပါတယ်။




ဗောဓိညောင်ပင် နှင့် ညောင်ရွက်ပုံပါ ပျူ မြေပုံဘုရား ( အများခေါ် အုတ်ခွက်ဘုရား )


မဟာဗောဓိဘုရား နှင့် ဗောဓိညောင်ခက်/ရွက်ပုံပါ မြေပုံဘုရား ( အများခေါ် အုတ်ခွက်ဘုရား )


ဗောဓိညောင်ပင် အောက်တွင် ဗုဒ္ဓ စံပယ်နေဟန် ပုဂံနံရံ ဆေးရေးပန်းချီ

5/4/10

" ပုဂံကို ဖျက်ဆီးကြသူများ "

ဓာတ်ပုံပညာရှင် Kram Cam ၂၀၀၉ ဖေဖော်ဝါရီ လောက်က ပုဂံမှာ ရိုက်ခဲ့တဲ့ပုံပါ။
သူလည်း ရေးထားတဲ့စာကိုကြည့်ပြီး ဒေါသထွက်သွားပုံရတယ်။ သူ့ရဲ့ မှတ်ချက်က


Stupid tourists! Who graffiti's 1000 year old buildings!
The building were all covered in graffiti - mostly in Burmese language. The locals maybe don't appreciate what they have...

Photo by Kram Cam, Flickr.com

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ဆိုပြီး ပိုစ်တစ်ခုရေးခဲ့ဖူးတယ်။ အခက်ခဲတချို့ကြောင့် အဲဒိတုန်းက ပုံတွေ မထည့်ဖြစ်ခဲ့ပါ။ ဘယ်နှစ် နှစ်အတွင်းမှာ ပုဂံ အပါဝင် ဘုရား နှင့် ရှေးဟောင်းအဆောက်အုံ ဘယ်လောက်တွေပျက်စီးသွားပြီဆိုတာသိရအောင် သူများတွေရိုက်ထားတဲ့ ဓာတ်ပုံမှန်သမျှ ခုနှစ်မှတ်ထားပြီး စုပါတယ်။
၂၀၀၆ ခုနှစ်မှာ ရိုက်ထားတဲ့ မင်းကွန်း ပုထိုးတော်ကြီး နှင့် ၂၀၁၀ ဧပရယ် မှာရိုက်ထားတဲ့ ပုံနှစ်ပုံကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပုထိုးတော်ကြီး ဘယ်လောက်ပျက်ဆီးသွားတယ်ဆိုတာ သိရတယ်။ ဒါကြောင့် အချိန်ပေးပြီး ပုံတွေစုပါတယ်။ အတော်များများက နိုင်ငံခြားသား ဓာတ်ပုံပညာရှင်တွေဆီကဖြစ်တယ်။

" ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) ကိုရေးခဲ့တုန်းက အဓိကတာဝန်ရှိသူ ရယ်လို့ အဆင့်သတ်မှတ်ချက်(Ranking) လုပ်ရာမှာ

၁။ မင်း (အုပ်ချုပ်သူ)
၂။ သဘာဝဘေးဒဏ်
၃။ ဘုရား ဂေါပက
၎။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ
၅။ သိုက်သမား
၆။ ရှေးဟောင်းသုတေသနသမား
၇။ အလုပ်လုပ်သူ လုပ်သား ဆိုပြီးရေးခဲ့တယ်။

ခု အဲဒါကို ပြင်ဖို့လိုလာပါပြီ။ ဘုရားဖူးသူ မြန်မာ နှင့် နိုင်ငံခြားသား တွေကိုလည်း " ပုဂံကို ဖျက်ဆီးကြသူများ " ( အရင်က " ပုဂံကိုပျက်စီးကြသူများ " လို့မှားရေးခဲ့တယ်) စာရင်းမှာ ထည့်ရပါမယ်။ ရောက်လေရာဘုရား ပုထိုး နှင့် အဆောက်အုံ တွေ ရဲ့နံရံ ဒါမှမဟုတ် အဓိကအရေးပါတဲ့ နေရာတွေမှာ နာမည်နှင့် ရက်စွဲရေးထားခဲ့တဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် နှစ်ပေါင်းထောင်ချီကြာနေပြီဖြစ်တဲ့ ရှေးလက်ရာတွေ ပျက်စီးရတယ်။ အဲလို စာရေးတက်တဲ့ ဘုရားဖူးတွေထဲမှာ နိုင်ငံခြားသားတွေပါတယ် ဆိုပေမယ့် အများစုက မြန်မာတွေဖြစ်တယ်။ ဒါကြောင့် မိမိနှင့် နီးစပ်ရာကို တတ်နိုင်သလောက် အခြေခံအသိ ပညာပေး ကြပါဗျာ။

4/13/10

ပုဂံ " သင်္ကြန် "

Special thanks to Peggie Scott http://www.flickr.com/photos/peggie/420861710/

၁၂ လရာသီကို အခြေခံထားတဲ့ ရှေးကမြန်မာ့ ပြက္ခဒိန် ဟာ စိုက်ပျိုးရေး နှင့် ကိုးကွယ်ယုံကြည်မှု စတဲ့နေ့စဉ်ကြုံတွေ့ရတဲ့ ကိစ္စတွေကို သဟဇာတဖြစ်အောင် စီရင်ထားတာဖြစ်တယ်။အဲဒိ ဆယ့်နှစ်လထဲက တစ်လ ကို တန်ခူး (တန်ခူးလ) လို့ ခေါ်တယ်။ သက္ကတဘာသာစကားက ဆင်းသက်လာတဲ့ အမည်ဖြစ်ပြီး ထန်းခူတဲ့လ (ထန်းသီးခူးတဲ့လ)လို့ အဓိပ္ပါယ်ရတယ်။ ထန်းပင်ဘယ်ကလာသလဲဆိုတော့ အိန္ဒိယကလာတယ်၊ ခရစ်နှစ်အစပိုင်းလောက်ကတည်းက မြန်မာနိုင်ငံကို ရောက်လာတဲ့ အပင်ဖြစ်တယ်။ ပုဂံခေတ်ဦးပိုင်းမှာ ထန်းပင်ဟာ အရေးပါဆုံးအပင်ဖြစ်တယ်။ ထန်းပင်တွေကို ဘုရားကျောင်းကန်တွေမှာ အရိပ်ရဖို့နှင့် မြေသားကန်ဘောင်တွေကို ကျစ်လစ်အောင်ထိမ်းသိမ်းဖို့ ရည်ရွယ်ပြီးစိုက်တယ်။ ကျောက်စာတွေထဲမှာ ထန်းပင်စိုက်တာကို " ဂရုတစိုက် " ထည့်ရေးလေ့ရှိတယ်။ ပုဂံကမြန်မာတွေကို ကြီးပွါးစေတဲ့ စီးပွါးရေးလုပ်ငန်းတွေထဲမှာ " ထန်း " စီးပွါးရေးဟာလည်း အရေးပါတယ်။ ထန်းသီးကနေ မုန့် လုပ်တယ်။ ထန်းရည်ကနေ ထန်းလျှက်ချက်တယ်၊ သကာ ချက်တယ်။ ထန်းလုံးကို ခံတပ်တွေ ၊ တံတားတွေဆောက်ရာမှာသုံးတယ်။ ထန်းရွက်ကို အိမ်မိုးရာမှာသုံးလို့ရသလို စာရေးရာမှာလည်းသုံးတယ်။ ပုဂံခေတ်မှာ အရက် ( Arak ) မရှိသေးတော့ ထန်းရည်ကနေ သေရည် ( ယမကာ ) ချက်တယ်။ ပုဂံခေတ် ရောင်းဝယ်ရေးမှာ သေရည်သောက် ၊ သေသားစား ပြီးမှသာ ပြီးပြတ်လေ့ရှိတဲ့အတွက် ထန်းရယ်ကဖြစ်တဲ့ အဲဒိ သေရည်ဟာ အရေးပါတယ်။ အချုပ်ပြောရရင်တော့ ရှေးမြန်မာတွေအတွက် ထန်ခူးတဲ့လ ( တန်ခူး လ ) ဟာ ပွဲလမ်းသဘင်တွေကိုခါတိုင်းထက်ပိုလုပ်လေ့ရှိတဲ့ အရေးပါတဲ့လ တစ်လဖြစ်မယ်။ ပုဂံခေတ်မှာ " သင်္ကြန် " ရှိမရှိ မသိနိုင်သေးပါ။ ကျောက်စာတွေမှာတော့ ရေးထားတာမျိုး မဖတ်ရသေးပါ။ နှစ်ဟောင်းကုန်ပြီ ၊ နှစ်သစ်ရောက်ပြီ ဆိုတာမျိုးလည်းမပါ။ ဝါကြီး ၊ ဝါငယ် ၊ ဝါထပ်တယ်ဆိုတာမျိုး မှတ်တမ်းကျောက်စာမတွေ့ရသေးပါ။ ဒါကြောင့် ပုဂံခေတ်မှာ " သင်္ကြန် " မရှိလို့ ပြောချင်တယ်။ ပိုပြီး ပဒေသရာဇ် ဆန်တဲ့ အင်းဝခေတ် မှာပေါ်လာတာဖြစ်မယ်ထင်ပါတယ်။ အသေချာတော့ မပြောရဲပါ။ ခေါင်းလျှော်ခြင်းလို့ အနက်ရတဲ့ " သင်္ကြန်" ဝေါဟာရဟာ ပါဠိ လို " သင်္ကန္တ " ၊ သက္ကတ လို " သင်္ကြန္တ " က ဆင်းသက်လာတာ ဖြစ်တယ်။ ခေါင်းထဲမှာရှိတဲ့ အညစ်အကြေးကို ရေနှင့်ဆေးချတယ်လို့ အလွယ်မှတ်လို့ ရနိုင်တယ်။ ဘုရင် ရဲ့ ကံဇာတာကို လောကီပညာအရတွက်ချက်ယူပြီးတဲ့အခါ ညံ့နေရင် မကောင်းတာတွေပယ်တဲ့အနေနှင့် ခေါင်းလျှော်တယ်။ ကုန်းဘောင်းရာဇဝင်တွေမှာ ဘုရင်ခေါင်းလျှော်တာကို " သင်္ကြန်တော်ခေါ်တယ် " လို့ မှတ်သားလေ့ရှိတယ်။ဘုရင်ဖြစ်တဲ့လူက ခေါင်းလျှော်တာမို့ အပေါင်းပါတွေများမယ်။ နောက်တော့ ပွဲလမ်းသဘင်တစ်ခု ၊ အလေ့ထတစ်ခုဖြစ်လာမယ်။ နောက်ပိုင်းမှာတော့ တနင်္ဂနွေ ဂြိုဟ် တစ်ရာသီကနေ နောက်တစ်ရာသီကို ကူးပြောင်းတဲ့အချိန် ၊ မိန်ရာသီ ကနေ မိဿရာသီကိုပြောင်းတဲ့ကာလကို " သင်္ကြန် " အခါလို့ သတ်မှတ်မယ်။ သင်္ကြန် ရက်တွေဟာ အတာကူးရက်တွေဖြစ်လာတာမို့ ဘုရင်တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်တော့ဘဲ လူအများနှင့်ပိုပြီးသက်ဆိုင်လာမယ်။ ဘုရားကျောင်းကန်တွေမှာ ဘုရားဆင်းတုတွေကို ရေသပ္ပာယ်၊ တရားနာ ၊ သီလယူ ဥပုသ်စောင့် မယ်၊ လူကြီးမိဘတွေကို အရိုသေပေးရင်း ခေါင်းလျှော်ပေးမယ် ဆိုတာတွေလုပ်လာရင်း ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုဖြစ်လာတယ်လို့ ထင်တယ်။ ဘိုးတော် ဗဒုံမင်းက မင်းအာဏာသုံး မင်းမိန့်ပေးပြီး အချိန်ခါမဟုတ် " သင်္ကြန် " ကျခိုင်းတဲ့အခါ အမတ်ဖြစ်သူ " ပေါ်ဦး " က ဒီလိုအတင်းအမိန့်ပေးပြီး " သင်္ကြန် " ကျခိုင်းတာကို လူတွေကလိုက်နာနိုင်ပေမယ့် " ခွေး နှင့် သစ်ပင် " ကတော့ဖြင့် လိုက်နာမှာ မဟုတ်ဖူးလို့ ပြန်လျှောက်တယ် လို့ မှော်ဘီ ဆရာသိန်းရဲ့ ပါးစပ်ရာဇဝင်မှာ ဖတ်ရဖူးပါရဲ့ ။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

4/4/10

" နိတိ စန္ဒြ " ဒင်္ဂါး မဟုတ်ပါ




ဒီဒင်္ဂါး ကိုတွေ့ စက အတုလို့ ထင်မိတယ်။

ဗြိတိန် ပြတိုက်၊ လန်ဒန် ( British Museum, London ) က သုတေသန လုပ်နေဆဲ ဒင်္ဂါးပါ။ ပြတိုက်က ဒီဒင်္ဂါးပေါ်မှာရေးထားတဲ့ စာကို " နိတိ စန္ဒြ " လို့ လောလောဆယ် မှတ်ချက်ပေးထားပါတယ်။ တိကျသေချာတယ်လို့တော့ပြောမထားပါ။ မှားနေရင် ထောက်ပြပါလို့တော့ပြောထားတဲ့အတွက် ထောက်ပြဖို့ ကြိုးစားမိပါတယ်။

သေချာတာကိုအရင်ပြောရရင် " နိတိ စန္ဒြ " ဒင်္ဂါး မဟုတ်ပါ။ ဒီဒင်္ဂါးပေါ်မှာရေးထားတဲ့ စာက ရှေးဟောင်း ဗြဟ္မီ အက္ခရာပါ ။ " နိတိ စန္ဒြ " ဒင်္ဂါး အစစ် နှင့် နှိုင်းယှဉ်ကြည့်လို့ရအောင် ပြထားပါတယ်။

ဒင်္ဂါး ပေါ်မှာ ရေးထားတဲ့စာ " နိတိ စန္ဒြ " မဟုတ်ရင် ဘာတွေရေးထားတာလဲ ၊ ဘယ်သူ့ နာမည်ဖြစ်မလဲ။ နောက်ဆုံး စာလုံး သုံးလုံးကိုဘဲ ဖတ်နိုင်ပါသေးတယ်။ သိရင်ပြောခဲ့ကြပါဦး။



ရခိုင် ဘုရင် " နိတိ စန္ဒြ " ဒင်္ဂါး


ရခိုင် ဘုရင် " နိတိ စန္ဒြ " ဒင်္ဂါး အကြောင်း အသေးစိတ် ကိုအရင်ပိုစ်တွေမှာ သေချာရေးပြီးသား ဖြစ်လို့ ထပ်မရေးတော့ပါ။

4/3/10

ကုန်ရောင်းပြေစာ (၂၆.၅.၇၆ )


ကိုယ်ကြိုက်တဲ့ ထွေရာလေးပါး စာရွက် အပိုင်းစ၊ သတင်းစာ အပိုင်းစတွေကို သိမ်းထားတာကြာပါပြီ။ အိမ်ပြောင်းတိုင်း သယ်သွားရလို့ တချို့ပျောက်ကုန်တယ်။ အဖိုးတန် စာအုပ်တွေ ၊ စာရွက်တွေ ဘယ်ကျန်ခဲ့မှန်း မသိတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်။ နောက်တော့ စကင် ဖတ်ပြီး ဘလော့မှာ သိမ်းထားရင်ကောင်းမယ်လို့ စိတ်ကူးရလို့ စိတ်ကြိုက် စာအုပ် ခေါင်းစဉ်အောက်မှာ ခဏ သိမ်းထားပါတယ်။


၂၆.၅.၇၆ ခုနှစ်က ကုန်ရောင်းပြေစာ ဆိုပေမယ့် အဲဒိ ၇၆ ခုနစ်ဝန်းကျင်ကလူတွေ ဘယ်လိုစာမျိုးဖတ်လေ့ရှိတယ်၊ စာအုပ်ဈေးနှုန်း နှင့် ရောင်းဝယ်မှုပုံစံ ဆိုတာမျိုးသိခွင့်ရတယ်။

ဝယ်သူ အမည် - ဦးလှကြိုင်
လိပ်စာ - ၃ ၊ ကင်းဘဲလမ်း
နေ့စွဲ - ၂၆. ၅. ၇၆

စာအုပ်တွေက

၁။ Life of Buddha ၃၇ ကျပ် ၅၀ ပြား
၂။A western approach to Zen ၂၉ ကျပ် ၂၅ ပြား
၃။Religion & Society ၂၆ ကျပ် ၂၅ ပြား
၎။Vedanta for western world ၁၁ ကျပ် ၂၅ ပြား
၅။Buddhist Meditation ၂၂ ကျပ် ၅၀ ပြား

ကုန်ရောင်းပြေစာကို ကြည့်ပြီး စာအုပ်ဝယ်သူ ( စာဖတ်သူ )ဝယ်သွားတာ အင်္ဂလိပ် လိုရေးထားတဲ့ စာအုပ်တွေဖြစ်တယ်။ ဘာသာရေးစာအုပ်တွေဖြစ်တယ်။ ကုန်သွယ်ရေး ၊ ပြည်သူ့ဆိုင်ကဖြစ်တယ်။ ပြေစာမှာ မှတ်ချက်တောင်ပါသေးတယ် " ဝယ်ယူပြီးပစ္စည်းကို လဲလှယ်ခွင့်မပြု " တဲ့။