5/7/10

ကဆုန် ( ကုဆုန် )


မြန်မာ ပြက္ခဒိန် ရဲ့ ဒုတိယမြောက်လ ဟာ ကဆုန် လဖြစ်တယ်။ ပြိဿ ရာသီ အချိန်ခါဖြစ်တယ်။ ပုဂံခေတ် ကျောက်စာတွေထဲမှာ " ကုဆုန် " ရေးလေ့ရှိပြီး " တိဘက် " ဘာသာစကား မှဆင်းသက်လာဟန်ရှိတယ်လို့ ဆိုပါတယ်။ " ကု " ရဲ့ အနက်က ရေ ပြစ်ပြီး " ဆုန် " ဆိုတာ သွန်းလောင်းတယ်လို့ အနက်ရတယ်။ အလွယ်ပြောရရင် " ရေသွင်းလောင်းတဲ့ လ " လို့ ဆိုနိုင်တယ်။

ဒီတော့ ဘာကြောင့် ရေသွန်းလောင်းတယ် ၊ ဘယ်အရာကို ရေလောင်းတယ်ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ သဘာဝ ပထဝီဝင်အနေအထားအရ ဒီလိုအချိန်ဟာ သိပ်ကိုပူပြင်းခြောက်သွေ့ တဲ့ နွေရာသီ ကာလမျိုးဖြစ်တယ်။


ပြင်းထန်လွန်းတဲ့ အပူဒါဏ်ကြောင့် သဘာဝအလျှောက်ပေါက်တဲ့ အပင်ကြီးငယ်အပါဝင် စီးပွါးရေးအရ ဒါမှမဟုတ် ဘာသာရေးအရ လူတွေစိုက်ထားတဲ့ အပင်တွေပါ ရေငတ်ပြီး အရွက်မရှိသလောက်ဖြစ်နေမယ်။ အဲဒီလို လူတွေစိုက်ပျိုးထားတဲ့အပင်တွေထဲမှာ ဗောဓိညောင်ပင်ဟာ အရေးအပါဆုံး အပင်ဖြစ်တယ်။ ဗုဒ္ဓဘုရားရှင်ဟာ မဟာဗောဓိပင်အောက်မှာ ပွင့်တော်မူတာဖြစ်လို့ အထွတ်မြတ်ထားရာ အပင်အဖြစ် မှတ်ယူထားကြပြီးသားဖြစ်တယ်။

ဘာကြောင့် ဒီလိုပြောနိုင်လဲဆိုတော့ အနိရုဒ္ဓ (? ၁၀၄၄ - ? ၁၀၇၇ ) ကောင်းမှု သစ္စာထား အုတ်ခွက်ဘုရား
( အများခေါ် မြေပုံဘုရား ) တွေမှာ အိန္ဒိယ ဗုဒ္ဓဂါယာက မဟာဗောဓိဘုရား နှင့် ဗောဓိပင် အမှတ်သား တို့ ရိုက်နှိပ်ထားတာတွေ့ ရလို့ ပါ။ ဒီတော့ ဘုရားပွင့်တော်မူရာဒေသ ဗုဒ္ဓဂါယာမှာရှိတဲ့ ဗောဓိညောင်ပင်ကို အပွားအဖြစ်ယူလာပြီး ဘုရားကျောင်းကန်တွေမှာ အထွတ်အမြတ်အဖြစ် စိုက်ပျိုးထားလေ့ရှိမယ်။


ဒါကြောင့် ဒီလိုအပူချိန်ပြင်းထန်လွန်းတဲ့ နွေရာသီမျိုးမှာ မိမိတို့အထွတ်မြတ်ထားရာ ဗောဓိညောင်ပင်ကို ခြောက်သွေ့ မှု နှင့် အပူဒါဏ်တွေက ကာကွယ်ပေးဖို့ ရာ ရေသွင်းလောင်းပေးကြရင်း အလေ့ထဖြစ်လာပြီး ဒီလိုအချိန်ကာလမျိုးကို ကုဆုန် လ အဖြစ် သတ်မှတ်ခေါ်ဆိုလာတယ်လို့ ထင်ပါတယ်။

ပုဂံထက်အရင် " ပျူ " တွေဟာ မြန်မာပြက္ခဒိန် ကိုမသုံးတဲ့အတွက် " ကုဆုန် " လလိုအခါသမယမျိုးရှိခဲ့မယ်မထင်ပါ။ သို့ သော် မှော်ဇာ ၊ မထောရွာ ငရှင့်ကန်ကုန်း မှရရှိသော အုတ်ခွက်ဘုရားတွင် မဟာဗောဓိပင်အောက်မှာ ပွင့်တော်မူဟန် အမှတ်သားပါနေပြီးဖြစ်တာတွေ့ ရတဲ့အတွက် ၈ ရာစုနှစ်လောက်ကတည်းက ဗောဓိပင်ကို အထွတ်အမြတ် ထားနေပြီးဖြစ်မယ်လို့ မှန်းရပါတယ်။




ဗောဓိညောင်ပင် နှင့် ညောင်ရွက်ပုံပါ ပျူ မြေပုံဘုရား ( အများခေါ် အုတ်ခွက်ဘုရား )


မဟာဗောဓိဘုရား နှင့် ဗောဓိညောင်ခက်/ရွက်ပုံပါ မြေပုံဘုရား ( အများခေါ် အုတ်ခွက်ဘုရား )


ဗောဓိညောင်ပင် အောက်တွင် ဗုဒ္ဓ စံပယ်နေဟန် ပုဂံနံရံ ဆေးရေးပန်းချီ

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။