3/14/13

ပျူစောထီး တကယ်ရှိမရှိ (၁)



ရှေးခေတ်ဦးမြန်မာ နှင့် ရှေးမြန်မာတွေ အကြောင်း  အတော်လေးပြောဖြစ်ခဲ့ကြတယ်။
 နောက်ထပ်ပြောချင်တဲ့လူတစ်ယောက်အကြောင်းက ပျူစောထီး ။ ပျူစောထီး သမိုင်းမှာ တကယ်ရှိ/မရှိ ဆိုတာပြောဖို့ရာ အထောက်အထားရှာတော့ မှန်နန်း နှင့် ဦးကုလား ရာဇဝင်တွေကို အရင်ဆုံး သွားတွေ့တယ်။

သူနဲ့ပတ်သက်ပြီး မေးစရာတွေကတော့အများကြီးပါဘဲ။ ပျူစောထီးဆိုတော့ ဘာလူမျိုးလဲ ။ မြန်မာလား။ ပျူလား။ သာကီဝင် မင်းမျိုးလား။ နဂါးလား။ လူလား။ နဂါး နဲ့ နတ် ယှက်စပ်ပြီး ဖြစ်ထွန်းလို့ နတ်နဂါးလား စသဖြင့် စသဖြင့်။ အရေးကြီးဆုံး မေးခွန်းကတော့ သူဟာ မြန်မာ့သမိုင်းမှာ တကယ်ရှိတဲ့ခဲ့ မင်းတစ်ပါးလား၊ သူဟာ မင်းဆက် တစ်ခုရဲ့ ကနဦးလားဆိုတဲ့အချက်ပါ။

ဦးကုလား ရာဇဝင်မှာ ပျူစောထီးရဲ့အစကို အကျဉ်းချုပ်ပြန်ပြောရရင် သူ့ဖခင် နေနတ်သား နှင့် မိခင် နဂါးမတို့ အကြောင်းပါ။ ညားပြီးနောက် များမကြာခင်မှာဘဲ နေနတ်သားက ပြန်သွား။ ကျန်ခဲ့တဲ့ နဂါးမက ဥတွေ ထားရစ်ခဲ့ပြီး ဆုံးပါး။ ကျန်ခဲ့တဲ့ ဥတွေကို နတ်တွေက လမ်းပြတာကြောင့် မုဆိုးကတွေ့ပြီး သယ်သွား။ ချောင်းကိုဖြတ်အကူးမှာ ဥတစ်လုံးပြုတ်ကျသွားပြီး မိုးကုတ်ရောက်။ နောက်တစ်လုံး ထပ်ကျ။ တကောင်းရောက်။ တကောင်းရောက်တဲ့ ဥကနေ အမျိုးသမီးတစ်ယောက်ဖွား။ တကောင်းမင်းက မြှောက်စား။ ဥ နောက်တစ်လုံး ထပ်ကျ။ ညောင်ဦးရောက်။ လူယောင်္ကျားတစ်ယောက် ဖွားလို့ ပျူ လင်မယားနှစ်ယောက်က ကောက်ယူမွေးစား။

လူလားမြောက်တဲ့အရွယ်ရောက်တဲ့အထိ ဥကဖွားတဲ့လူကို နေမင်းမြေးလို့ ခေါ်။ နောက်တော့ ပျူစောထီးလို့ ရုတ်တရက်ပြောင်းခေါ်။ အရွယ်ရောက်တော့ အဖေနေမင်းက လေး နှင့် မြှား လာပြီးပေး။ နောက်တော့ ပုဂံတက်။ ပုဂံမှာ ဝက် ရှူး ဘူး ငှက် သောင်းကျန်းလို့ ဘုရင် နှင့် တိရိစ္ဆာန် နားလည်မှု ပြီး အစားစာထောက်ပန့် ။ ငှက်ကြီးကိုတော့ လူ အမျိုးသမီးတွေပေးရ။ ဒါကို ပျူစောထီးက လေး နှင့် မြှား သုံးပြီး သတ်ဖြတ်နှိမ်နင်းပြီး အနိုင်ရ။ ဘုရင်ကခေါ်ပြီး သမီးနဲ့ ပေးစား။ အိမ်ရှေ့အရာပေး။ သုံးနှစ်နေပြီးနောက် လက်ရှိဘုရင်က ဆုံးပါးပေမင့် ဆရာရသေ့ကို ခေါ်ပြီး မင်းအဖြစ်တင်။ အဲဒီမင်းကို ရသေ့ကြောင်မင်းလို့ခေါ်ပြီး မင်းစည်းစိမ်ကိုခံစား။ ဆုံးပါး။ ပျူစောထီး နန်းတက်။ ဒီတော့မှ ပျူစောထီးမင်းရိုးစပါတော့တယ်။

သတိထားရမယ့် အချက်တချို့ကိုပြောရရင် ဇာတ်လမ်းအစပိုင်း မှာကတည်းက နဂါး နဲ့ နေနတ်သားညားတယ်ဆိုတာ နတ်နဲ့ တိရိစ္ဆာန် ညားတယ်လို့ ဆိုထားတာကြောင့် မဖြစ်နိုင်ပါ။
ဒါနဲ့ တင်ဆက်ပြောဖို့မလိုပေမယ့် ဆက်ပြီးပြောပါမယ်။

၁။ နတ်နဲ့ တိရိစ္ဆာန်ဖြစ်တဲ့အတွက် နဂါး နဲ့ နှင့် နေနတ်သား ဘယ်ဘာသာစကားပြောပြီး ဘယ်လို မေထုံအမှုပြုတယ်မသိပါ။

၂။ နဂါးမက ဥအရေတွက် ဘယ်လောက်များများ ဥ ခဲ့တယ်လို့ မပြောသလို မုဆိုးက ဥဘယ်နှစ်လုံးသယ်လာတယ်ဆိုတာမပြော။ ဥ သုံးလုံးပြုတ်ကျတာ ဖြစ်တဲ့အတွက်
အနည်းဆုံး သုံးလုံးနဲ့ အထက်သယ်မှသာ မနိုင်မနင်းပြုတ်ကျတယ်လို့ အကြမ်းမှတ်ယူနိုင်ပါတယ်။

၃။ ဥတွေထဲမှာမှ ၂ နှစ်လုံးရဲ့ ဇာတ်လမ်းတွေသာသိရပြီး ကျန်တဲ့ ဥတွေဘာဖြစ်တယ်မသိရ။ မိုးကုတ်ရောက်တဲ့ ဥက ပတ္တမြားဖြစ်၊ တကောင်းက ဥ က မိဘုရားဖြစ်၊ ညောင်ဦးရောက်တဲ့ ဥက ပုဂံမင်းဖြစ် ဆိုပြီး
အကြမ်းမှတ် ယူနိုင်ပါထယ်။

၎။ နေနတ်သားက လေး နှင့် မြှား ပေး။ (မှန်နန်းမှာတော့ သိကြားကပေး) ။ ဒီလိုလက်နက်အထူးဆန်းတွေကို နတ်ဘုရား သိကြားတွေဆီက ရတယ်ဆိုတဲ့ ဇာတ်လမ်းကတော့ ဥရောပမှာရော ၊ အာရှမှာပါ လူသုံးများတဲ့ အကြောင်းရာပါ။ ရှေးဟောင်းသုတေသန မှာဒါတွေမသုံးပါ။

၅။ ပုဂံမှာ ဘုရင်လုပ်နေတဲ့ သမုဒ္ဒရာဇ်မင်း နှင့် ကျား ဝက် ရှူး ငှက် ( ဝက် ရှူး ဘူး ငှက် လို့တချို့ကပြောကြတယ်) ဘယ်လို ညှိပြီး အပေးယူတည့်သွားကြတာကြောင့် တိကျတဲ့ အစားစာဆက်တဲ့ စာရင်းထွက်တယ်မပြောတတ်ပါ။

ဝက်ကြီးကို ထမင်းလုံး ၆၀ ၊ ဖရုံ ၉ လှည်း၊ ဖွဲ ကိုးလှည်းပေးရတယ်။ ကျား နှင့် ရှူးပျံ ကြီးကိုတော့ ဘာတွေပေးရတယ် မပြောထားပါ။ ငှက်ကြီးကို အစားအစာအဖြစ် သမီးကညာတစ်ရက် တစ်ယောက်နှုန်းပေးရတယ် ။ စတာတွေက ဘယ်လိုကဘယ်လို သဘောတူညီမှုရတယ်မပြောတတ်ပါ။ တိရိစ္ဆာန်က လူစကားမပြောတတ်သလို လူကလည်း တိရိစ္ဆာန် စကားမပြောတတ်ပါ။

၆။ လေးနဲ့မြှားအသုံးပြုပြီး ရန်သူတွေကို နှိမ်နင်းတယ်ဆိုရာမှာလည်း ကျား ကြီးနဲ့ သူ့နောက်လိုက် ငါးရာ၊ ဝက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ရှူးပျံကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ငှက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ ရှိတဲ့အတွက် အနည်းဆုံး မြှားပစ်တဲ့အကြိမ်ပေါင်း ၁၅၀၀ လောက်ရှိခဲ့လေမလားလို့ စဉ်းစားမိတယ်။

ဒီလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေကြီး ရွေးပြီးနှိမ်နင်းလိုက်တယ်ဆိုရင်ဘဲ နောက်လိုက်တွေထွက်ပြေးကုန်သလားဆိုပြီး ဖြည့်တွေးမိတယ်။ အဲဒီအချိန် ရာသီဥတုနဲ့ ပုဂံလိုနေရာမှာ အဲဒီလို တိရိစ္ဆာန် တွေတကယ်ရှိခဲ့လေမလားဆိုတာလည်း
မေးစရာဖြစ်တယ်။ နောက်ပြီး ရှူးပျံဆိုတာမျိုးက ဘယ်လို တိရိစ္ဆာန် ဖြစ်တယ်ဆိုတာ အတိကျပြောဖို့ မလွယ်ပါ။

၇။ အကယ်၍ ဦးကုလားရာဇဝင် ထဲကအတိုင်း တိရိစ္ဆာန် အကောင် ၂၀၀၀ လောက်သာ ပုဂံမှာရှိခဲ့ရင် ဒါဟာ ပုဂံသားတွေအတွက် မပူမပင် စားသောက်နိုင်တဲ့ ရိက္ခာသိုလှောင်မှုအဖြစ်နဲ့တောင် သိပ်အသုံးဝင်ပါမယ်။

စတဲ့ စတဲ့အချက်တွေကပေါက်ကရလေးဆယ်ရေးထားလို့ ပေါက်ကရသုံးဆယ်တွေးကြည့်တာပါ။

၉ ရာစုမတိုင်မှီကတည်းက ပုဂံအရပ်မှာ ပျူတွေအခြေချနေထိုင်နေပြီဆိုတာကိုတော့ အလုံးအထည်ဖြစ်ကျန်ရစ်ခဲ့တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်းဘုရား တို့ကိုကြည့်ပြီးအတပ်ပြောနိုင်ပါတယ်။ ဒါကို ရာဇဝင်ကျမ်းပြုသူ ဦးကုလားအနေနဲ့သိကောင်း သိပြီးဖြစ်ပါမယ်။ ဒါကြောင့်လည်း တိုင်းရင်းရိုးရာပုံပြင်ဆန်တဲ့ နေမင်း၊ နဂါးမတို့နဲ့ အစပြုပြီး ပျူစောထီး ဇာတ်ကောင်ကို ဖန်တီးခဲ့ဟန်တူပါတယ်။ အမှန်တရားနဲ့ မနီးစပ်တဲ့ ပုံပြင်တစ်ခုပါဘဲ။ ဒီတော့ ဦးကုလားရာဇဝင်ထဲက ပျူစောထီးဆိုတာ တကယ်ရှိခဲ့တဲ့ Historic Person မဟုတ်ပါ။ ပျူစောထီး မရှိတဲ့အတွက် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေလည်ကြောင် ဆိုတာတွေကလည်း မြန်မာ့သမိုင်းမှာ တကယ်မရှိခဲ့ပါ။


ဆက်ရန်...

Note: ဒီစာကို မြန်မာကျူ့ပစ်ဖိုရမ်မှာ mrlynn နာမည်နဲ့ရေး ခဲ့ဖူးပါတယ်။




3 comments:

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။