10/16/10

ပျူစာပါ ပုဂံခေတ် မြေပုံဘုရား





အမျိုးအစား - မြေပုံဘုရား ( အများအခေါ် အုတ်ခွက်ဘုရား )
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်

တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ပုံစံခွက် သုံးပြီး မြေသားပုံဖော်
မူလနေရာ - မြန်မာ ( ပျူ )
အချိန်ကာလ - ၈ - ၁၀ ရာစု (this date according to Guy 2002; Luce suggests 10th-11thC)
မှတ်ချက် ။ ။ Guy က ၈ - ၁၀ ရာစုလို့ခန့်မှန်းပြီး ၊ လုစ် ကတော့ ၁၀-၁၁ ရာစုလို့ ခန့်မှန်းပါတယ်။ )
အရွယ်အစား

အမြင့် - ၈ စင်တီမီတာ

ဗျက် အကျယ် - ၆.၅ စင်တီမီတာ

ဒီမြေပုံဘုရား ကို လန်ဒန် ၊ဗြိတိလျှပြတိုက် မှာသုတေသနလုပ်နေဆဲအဆင့် ရှေးပစ္စည်းစာရင်းမှာ တွေ့ရပါတယ်။ သမိုင်း သုတေသန စိတ်ဝင်စားသူတွေကတော့ ဒီမြေပုံဘုရားကို မှတ်မိချင်မှတ်မိပါလိမ့်မယ်။ ကျောက်စာဝန်ဟောင်း ဦးမြရေးတဲ့ " အုတ်ခွက် ရုပ်ပွါးဆင်းတုတော်များအကြောင်း " စာအုပ် ၊ ပုံ ၁၀၅ ဖြစ်ပါတယ်။ မြင်းကပါ အရှေ့ ကျဆင်းဘုရား အတွင်းကရရှိတယ်လို့သိရပါတယ်။

မြင်နေရတဲ့အတိုင်း အနည်းငယ်ရှင်းပြလိုပါတယ်။ လန်ဒန် ၊ဗြိတိလျှပြတိုက်မှူးအဆိုအရ မဟာဗောဓိပင်အောက်မှာဖြစ်တယ်။ ဦးမြကတော့ ဗောဓိပင်အကြောင်းပြောမထားပါ။ တင်ပြင်ခွေ ရုပ်ပွါးတော် သုံးခုလုံးရဲ့အပေါ်မှာ ထီးအမိုးငယ်ရှိပါတယ်။ ရုပ်ပွါးတော် သုံးခုလုံးရဲ့ အောက်မှာတော့ ကြာပလ္လင် ခံထားတယ်။ အုတ်ခွက်အလယ်က ရုပ်ပွါးတော်ဟာ မြတ်စွာဘုရား တရားဟောနေဟန် " ဓမ္မစကြာ မုဒြာ " ဖြစ်ပြီး ၊ အာသနခေါ်တဲ့ ခြေဟန်ကို စစ်ဆေး ကြည့်တဲ့အခါ ဘယ်ခြေကို ညာခြေပေါ်ထပ် ခွေထားပြီးတည်ငြိမ်အေးဆေးတဲ့ ဟန် " ပဂျင်ကာသန " ဖြစ်တယ်။

ယာဘက် ရုပ်ပွါးဆင်းတုတော်ကတော့ အရိမေတ္တေယျ ကိုကိုယ်စားပြုတယ်။ လက်တော်မြေထိ ဘူမိဖဿမုဒြာ ဖြစ်ပြီးခြေဟန်ကတော့ " ပဂျင်ကာသန " ဖြစ်တယ်။ဝဲဘက် ရုပ်ပွါးတော်ဟာ ထူးခြားမှုရှိပါတယ်။ဦးခေါင်းမှာ မကိုဍ်ဆောင်းထားတဲ့ အပြင် ၊ မင်းဝတ်တန်ဆာဝတ်ဆင်ထားတယ်၊ စလွယ်လွယ်ထားတာဖြစ်လို့ ပိုပြီးထူးခြားတယ်။ ကြာပလ္လင်ပေါ် မင်းထိုင် ထိုင်နေဟန် " ရာဇလိလာသန" ဖြစ်ပြီး အဲဒိအချက်တွေအားလုံးအရ ပြောရရင် ဘုရားလောင်း ဗောဓိသတ္တဖြစ်တယ်။ မြေပုံဘုရားတစ်ခုလုံး ကိုခြုံပြီးပြောရရင်တော့ ဒါဟာ မဟာယာန ဟန်ဖြစ်ပါတယ်။ ဒီလို မြတ်စွာဘုရားကို ဘေးရံအရိမေတ္တေယျ နှင့် ဗောဓိသတ္တ ဘုရားလောင်း ယှဉ်တွဲ ပြုလုပ်ပူဇော်ကြခြင်းဟာ ပုဂံခေတ်ဦးပိုင်းမှာ လူကြိုက်များပုံပေါ်တယ်။အတွေ့ရများတယ်။ ဒါကြောင့် လုစ် က ပုဂံခေတ်ဖြစ်မယ်ဆိုပြီး ခန့်မှန်းပုံရတယ်။

ဒေါက်တာသန်းထွန်းရဲ့စာတမ်းတွေမှာတော့ ဒီမြေပုံဘုရားအကြောင်း ရေးထားတာမတွေ့ပါ။ ထုဆစ်ပုံဟန်ပန် မှာတော့ ဘုရားလောင်း ဗောဓိသတ္တ ကလွဲပြီး ကျန်တဲ့ ရုပ်ပွါးနှစ်ခုမှာ ပုဂံဟန်သိပ်မတွေ့ရပါ။ မျက်နှာတော် ဥခေါင်းတော်တို့က ပုဂံဟန် မပြ။ ဦးမြကတော့ ပျူ မှတ်တမ်းစာရေးထားတဲ့ ပုဂံ အနော်ရထာ ခေတ် မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာ အုတ်ခွက်ဘုရားလို့ ဆိုပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အဲဒီမြေပုံဘုရားရဲ့ အောက်ခြေ အလယ်မှာ ရေးထားတဲ့ ပျူစာ ၇ လုံးတွေ့တယ် ၊ ပထမ စာလုံး နှစ်လုံးက ပျူ အက္ခရာနှင့် " ဗုဓ ( ဗုဒ္ဓ ) " ဆိုပြီးရေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းရှင်းပြောတော့ ဦးမြရဲ့အယူဆကို ကြိုက်တယ်။ ကျန်တဲ့ စာလုံးတွေကတော့ ရာသီဥတုဒါဏ်ကြောင့် ဖတ်မရလောက်အောင် ဝါး (ပျက်) သွားပါပြီ။

ဒီနေရာမှာ သတိထားပြီးပြောလိုတာက အနိရုဒ္ဓ ( အနော်ရထာ ) ပုဂံခေတ်ဦး လက်ရာ မြေပုံဘုရားတွေမှာ " နာဂရီ " ဘာသာနှင့် မှတ်တမ်းတင်တယ်လို့ G.H Luce ကပြောခဲ့တယ်။ နောက်ပိုင်း မွန်စာ နှင့် မှတ်တမ်းတင်ထားတဲ့ မြေပုံဘုရားတွေ့တဲ့အခါ ဒေါက်တာသန်းထွန်းက " နာဂရီ ၊ မွန် " စာဆိုပြီး ဖြည့်စွတ်ပါတယ်။ အခု သုတေသန လုပ်ဆဲဖြစ်တဲ့ ဒီမြေပုံဘုရားကို ပုဂံခေတ် ဦးပိုင်း ပျူလက်ရေး ဖြစ်တယ်လို့အတည်ပြုနိုင်ရင်တော့ " နာဂရီ ၊ မွန် ၊ ပျူ " စာတွေနှင့် မှတ်တမ်းတင်တယ်လို့ ထပ်ပြီး ဖြည့်ချင်ဖြည့်ရနိုင်ပါတယ်။


ဒီဘလော့ကိုလာဖတ်မိတဲ့ လူတွေထဲမှာ ပျူစာဖတ်တတ်တဲ့လူရှိရင် ပြောခဲ့ပါ ၊ HR ဓာတ်ပုံ ပို့လိုက်ပါမယ်။

ကျမ်းကိုး။ ။
ဒေါက်တာသန်းထွန်း၊မြန်မာ့ မီးဖုတ်မြေထယ် ပစ္စည်း ၊ မုံရွေး စာအုပ်တိုက်၊ ၂၀၀၂။
သီရိပျံချီ ဦးမြ ၊ အုတ်ခွတ် ရုပ်ပွါးဆင်းတုတော်များအကြောင်း ၊ ပ-ဒု ၊ Department of Archaeology၊ 1961။
THE ART AND CULTURE OF BURMA
Chapter II The Pre-Pagan Period: The Urban Age of the Mon and the Pyu
Dr. Richard M. Cooler , Art History of Southeast Asia, Northern Illinois University
Original Link http://www.seasite.niu.edu/burmese/cooler/Chapter_2/Chapter_2.htm

5 comments:

  1. ပျူစာတော့မဖတ်တတ်ဘူးဗျ-ဒါပေမဲ့စိတ်ဝင်စားမိပါတယ်။ မေးထဲကိုဓါတ်ပုံပို့ ပေးပါလား
    သတင်းတွေထဲမှာတင်ကြည့်လိုက်ပါလား-အဖြေတစ်ခုခုထွက်လာမလားလို့ လေ-
    jittoo.monywa@gmail.com

    ReplyDelete
  2. ပို့ ပေးလိုက်ပါပြီ။ မေး စစ်ကြည့်လိုက်ပါ။

    ReplyDelete
  3. သမိုင်းနဲ့ဆိုင်ရာအကြောင်း၊ ရှေးဟောင်းပစ္စည်းတွေအကြောင်း ရေးတဲ့ ဘလော့စ် တွေ မရှိသလောက်ပါပဲ။ ဒီ ဘလော့စ်က အဘိုးတန်ပါတယ်။ စေတနာနဲ့ လုံ့လ ၀ီရိယကို လေးစားပါတယ်။ လင့် လုပ်ထားပါတယ်။ ခွင့်ပြုပါ။ စောင့်ဖတ်နေပါတယ်။ ကျေးဇူးပါ။

    ReplyDelete
  4. တော်တော်သဘောကျတယ်ဗျို့။ ဒီလို ဘလော့မျိုးက တော်တော်ကို အကျိုးရှိပါတယ်။ အခုအချိန်မှာ သမိုင်းစိတ်ဝင်စားတဲ့ သူကနည်းသွားသလိုပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက သမိုင်းဘာသာရပ်က စိတ်အ၀င်စားဆုံး ဖြစ်ခဲ့တာပါ။ post တွေ အကုန်လုံးဖြေးဖြေးချင်းပြီးအောင် ဖတ်နေပါတယ်။ ဆက်ရေးပါ။ အားပေးနေပါတယ်။

    ReplyDelete
  5. ဘာတွေအလုပ်များနေပါလိမ့်ဗျာ-အသစ်လည်းမတွေ့ ပါလား-
    မမာမကျန်းဖြစ်နေလို့လား-ပျူစာတွေဘဲဖတ်နေသလားဗျို့ 

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။