11/28/09

ဘုရင်နှစ်ပါး ငွေ ၂၈ သန်း

မင်းတုန်းမင်း
( ပုံကို cmsmdy.blogspot.com မှ ကူးယူဖော်ပြသည်။ )


သီပေါမင်း
( ပုံကို my-myitkyina.blogspot.com မှကူးယူဖော်ပြသည်။ )

ကျွန်တော့အမှားကို ကွန်မန့်ရေးပြီး ထောက်ပြရင်း လင့်ပါ ပေးထားခဲ့တဲ့အတွက် သမိုင်းပညာရှင် မကြန် ( ဒေါ်ကြန် ) ရဲ့ " ရတနာပုံ ဒေါင်းဒင်္ဂါး " စာတမ်းကို " မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့ " https://www.myanmarisp.com မှာ သွားဖတ်ရတယ်။ ကွန်မန့် ရေးပေးခဲ့တဲ့ အမည်မဖော်လိုသူကို သိပ်ကျေးဇူးတင်တယ်။
အဲဒိ ဆိုဒ်မှာ သမိုင်း/ သုတေသန ဆိုင်ရာ ဆောင်းပါး အတော်များများတင်ပေးထားတာ တွေ့ရပါတယ်။ တချို့စာတမ်းတွေကဖြင့် ခုချိန် အပြင်မှာ ဝယ်လို့ရမယ် မထင်။ ကျွန်တော့အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ စာကြည့်တိုက် ဖြစ်လို့ ရှေးမြန်မာကို လာတဲ့သူများ အဲဒိဆိုဒ်ကိုလည်းသွား လို့ညွန်ပါရစေ။


ကုန်းဘောင်မင်းဆက်တွေထဲက နောက်ဆုံးမင်းဆက်နှစ်ဆက်ဖြစ်တဲ့ မင်းတုန်းမင်း နှင့် သီပေါမင်း တို့ဟာ ကုန်းဘောင်ဆက်ဘုရင်တွေထဲမှာ အချမ်းသာဆုံးမင်းတွေလို့ အသေအချာ မပြောနိုင်တောင် " ငွေအသုံး အင်မတန်ကြမ်းတဲ့ မင်းတွေ " လို့ ပြောချင်တယ်။

မင်းတုန်းမင်း လက်ထက်အထွေထွေ ရောင်းဝယ်မှု တန်ဖိုး တစ်နှစ်ကို ပျမ်းမျှ ပေါင် သုံးသန်း ရှိတယ်။ သီပေါမင်း လက်ထက်မှာ ပျမ်းမျှ ပေါင် သုံးသန်း နှစ်သိန်း ဖြစ်လာတယ်။ ဒါဟာ စာရင်းအတိကျမဟုတ်သေးပါ။ ဒိထက်ပိုနိုင်တယ်။ အင်္ဂလိပ်ကုန်သည်တွေ အရောင်းဝယ်ပျက်တယ်လို့ စွပ်စွဲတဲ့ ၁၈၈၃-၄ ခုနှစ်မှာတောင် သုံးသန်း ငါးသိန်းဖိုး ရောင်းဝယ်ဖြစ်တယ်။ အဲလို ရောင်းဝယ်မှုတွေကရတဲ့ အကောက်အခွန်တွေ ဘုရင့် ဆီဆက်သွင်းရတယ်။ ၁၈၆၅ ခုနှစ် ကနေစတွက်ရင်ဘဲ ၁၈၈၅ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း ဗြိတိသျှသုံး ပေါင်ငွေ သန်း ၆၀ ကျော် ကုန်သွယ်မှု မှ အခွန်ငွေတွေ မြန်မာဘုရင့်ဆီရောက်ပါမယ်။

" ရတနာပုံ ဒေါင်းဒင်္ဂါးများကို မင်းတုန်းမင်း (၁၈၅၂ - ၁၈၇၈) လက်ထက် သက္ကရာဇ် ၁၂၂၇ (၁၈၆၅) ရတနာပုံ ဒေါင်းဒင်္ဂါး စက်ရုံ၌ စတင် ခတ်လုပ်သည်။ နိုင်ငံတော် ခေတ်မီ တိုးတက်ရေး အတွက် တည်ထောင် လုပ်ဆောင်သော လုပ်ငန်းများ အနက် အရေးပါသော လုပ်ဆောင်ချက် တရပ် ဖြစ်၏။ အစဉ်အလာ သုံးစွဲနေခဲ့သော အတုံးအခဲ အသပြာ စနစ်ကို ဒင်္ဂါးများ သွင်းလုပ် ထုတ်ဝေ အစားထိုးခြင်းဖြင့် ရောင်းဝယ်ရေးတွင် ပဓာနကျသော ငွေကြေးစနစ်ကို ပြုပြင်ခဲ့သည်။ " လို့ မကြန်ရဲ့ စာတမ်းမှာ ရေးထားတယ်။ သမိုင်းဆရာတွေ မြင်ထားတဲ့ ဒီအချက်ကို ငြင်းစရာမရှိ။ အခြားစက်ရုံတွေ အမှန်တကယ် တိုးတက်တယ်။ သို့သော် ဒင်္ဂါးစက်ရုံမပါ။

ရတနာပုံ ဒင်္ဂါးတွေဟာ ထုတ်လုပ်စမှာ တိကျပြီး အရည်သွေးစံချိန်မှီတယ်။ အင်္ဂလိပ်အစိုးရ ဒင်္ဂါး နှင့် မြန်မာ ဒင်္ဂါးတန်းဖိုး တူတယ်။ သို့သော် နောက်ပိုင်းမှာတော့ အမှုထမ်းအရာရှိတွေအပါဝင် စက်ရုံဝန်ထမ်းတွေ အကျင့်ပျက်လို့ ဒင်္ဂါးတွေ တိကျမှုမရှိတော့သလို အရည်သွေးစံချိန် မမှီတော့ပါ။ မြန်မာ ရတနာပုံ ဒင်္ဂါးသုံးစွဲမှု တရားဝင်ငွေကြေးအဖြစ်မှ ရပ်စဲခံလိုက်ရတဲ့အထဲမှာ ဒီအချက်ဟာလည်း သိပ်အရေးပါတယ်။

ငွေကြေး ဒင်္ဂါး ထုတ်လုပ်ပုံ ၊ တန်ဖိုး နှင့် အရည်သွေးစံချိန် ထိမ်းသိမ်းပုံ ၊ အုပ်ချုပ်ပုံ ဥပဒေသ စတာတွေကို အင်္ဂလန် နှင့် အိန္ဒိယ ကနေ သင်ယူနည်းခံ ခဲ့လို့ " မူ " ကောင်းသော်လည်း " လူ " မကောင်းလို့ ရည်ရှည်မခံ။


မင်းမိန့် နှင့် ရတနာပုံ ဒင်္ဂါးတွေကို စတင်သုံးစွဲစေရာမှာ " တိုင်းကြီး ပြည်ကြီးအင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏ " လို့ရွှေနန်းသုံး ဝေါဟာရအဘိဓာန် မှာဖော်ပြထားတယ်။ သို့သော် ရတနာပုံ ဒင်္ဂါးတွေ စသုံးပြီဆိုရင်ဘဲ ကုန်းဈေးနှုန်း မူလထက် ပိုလာတယ်။ အရပ်စကားနှင့် ပြောရရင် ဈေးကြီးလာတယ်။ ဒါကို စာဆို ဦးပုညက " နှစ်ပြားတန် ကြွယ်ထမင်းရယ်နဲ့ ၊ သည်လည်ပင်း ကြိတ်လို့သာမြို " လို့ ရွဲ့ပြီးရေးတယ်။

မင်းတုန်းမင်းဟာ စက်ရုံက အတိုင်းဆမရှိ ထွက်လာတဲ့ ဒင်္ဂါးတွေကို အသုံးပြုပြီး မင်းမှုထမ်းတွေရဲ့ လုပ်ခလစာတွေကို တိုးပေးတယ်။ ဆုတော် လာဒ်တော်တွေပေးတဲ့ အခါ စက်ရုံထွက် ဒင်္ဂါးတွေသုံးပြီး ရှေးကထက် ပိုပေးတယ်။ အင်္ဂလိပ် ၊ ပြင်သစ် ၊ ဂျာမန် ၊ တရုတ် နှင့် ကုလား ကုန်သည်တွေက ကုန်ပစ္စည်းတွေကို အဆမတန် ဈေးတင်ပြီးရောင်းရာမှာ အဓိက ဝယ်သူ ( Buyer )ဟာ ဘုရင်နှင့် မိဖုရားတွေ ကြီးစိုးတဲ့ နန်းတွင်းသာဖြစ်တယ်။

ငွေကြေးအဖြစ် ဒင်္ဂါးတွေကို အသုံးပြုလာတဲ့အခါ ရောင်းဝယ်မှုလုပ်ရာမှာ ရှေးကထက် ပိုမြန်ဆန်လွယ်ကူလာတယ်။ စုဆောင်း ထိမ်းသိမ်းရတာ လွယ်ကူပြီး ကြာရှည်ခံတဲ့တွက် ပြည်သူ ပြည်သားတွေကလည်း အသာတကြည်လက်ခံ သုံးစွဲကြတယ်။ သို့သော် အုပ်ချုပ်ရေး နှင့် လူနေမှုစနစ်မှာ လာဒ်ပေး၊ လာဒ်ယူမှုတွေ ပိုများလာတယ်။ အကျင့်ပျက်ဝန်ထမ်းတွေ ပိုများလာတယ်။ ရာဇဝတ်မှုတွေ ရှေးကထက်ပိုများလာတယ်။

အချုပ်အားဖြင့်ပြောရရင် ထိမ်းချုပ်မှု စနစ်တကျမရှိ တဲ့ ငွေကြေးစနစ်ကြောင့် မြန်မာလူနေမှုစနစ် သိသိသာသာ ပျက်ယွင်းလာတယ်။ ဒါကို အချုပ်တန်း ဆရာဖေက " ဗြဟ္မစိုရ်လေးမည် ၊ မတည်ကြည် ကုန်ကင်းလို့ ၊ ငွေအရင်းမင်းမူသည့်တာ၊ တင့်တယ်လှပါ၊ လူရေတတ်မျက်နှာငယ်၊ စက္ကဝါနယ်ဝန်းသို့လေး " ဆိုပြီးရေးခဲ့တယ်။

မင်းတုန်းမင်း ကို သာသနာပြုမင်းရယ်လို့ ဆိုကြတယ်။ စက်ရုံထွက် ဒင်္ဂါးတွေသုံးပြီး ရဟန်းနှင့် ကျောင်းတိုက်တွေကို လှူဒါန်းမှုတွေလုပ်ခဲ့တယ်။ အဲဒိအချိန် ခန့်မှန်းခြေ ခြောက်သောင်းကျော်ခန့်ရှိတဲ့ ရဟန်းတော်တွေကို စာသင်၊ စာချ အစပြုလို့ ကြီးငယ် ဝါစဉ်အလိုက် ရဟန်းတစ်ပါးလျှင် အနည်းဆုံး ၂ ကျပ် ကနေ အများဆုံး ၅၀၀ ကျပ်အထိ ကျောင်းတိုက်တွေကို ထောက်ပန့် လှူဒါန်းမှုတွေ လုပ်တယ်။ အချို့ဆရာတော်များက မကြိုက်ပါ။

မဟာဝိသုဒ္ဓါရာမ ဆရာတော်က ရဟန်းတွေ ဒေါင်းခွက်ခံရသလို မသင့်တော်လို့ ရေးရာမှာ " မိုးလေးချုပ်လို့ ပြန်ချိန်တော်၊ မြတ်စွယ်တော် ပေါ်သည့်ချောင်းမှာ၊ ဒေါင်းတွေကအော်။ ဒေါင်းအော်ရင် လူကြိုလွတ်ပါ့၊ ပျိုတို့မောင် ဝါဝါဝတ်ကို ဒေါင်းခွပ်ချည့်လေး " လို့ရေး ခဲ့ တယ်။


သီပေါမင်း လက်ထက်မှာ အရပ်ရပ် စီးပွါးကုန်သွယ်မှုတွေ ပိုများလာလို့ အခွန်တွေပိုရလာတယ်။ ထို့အတူ ဘုရင့် နှင့် မိဘုရားတို့ရဲ့ ကိုယ်ပိုင် အသုံးစရိတ်လည်းပိုများလာတယ်။ ကုန်သည်တွေကြားမှာ မြန်မာဘုရင်ဟာ အသစ်အဆန်းပစ္စည်းတွေအတွက် အသုံးဖြုန်းကြီးတယ်လို့ ပြောစမတ်ပြုကြတယ်။

အမှတ်တံဆိပ်အသစ်တွေနှင့် ငွေဒင်္ဂါးတွေ ပိုထုတ်သုံးလာတယ်။ စက်ရုံထွက် ဒင်္ဂါးတွေအားကိုးနှင့် ကျောက်စိမ်းလုပ်ငန်း ၊ မိုးကုတ် ပတ္တမြားလုပ်ငန်းတွေကို ဘုရင့်စီးပွါးရေးလုပ်ငန်းအဖြစ် ပြောင်းဖို့လုပ်တယ်။ မအောင်မြင်။


နိုင်ငံခြားပြန် သံအမတ်တွေရဲ့ အကြံပေးချက်အရ စက်ရုံထွက် ဒင်္ဂါးတွေ အသုံးချဖို့ရာ " ထီ " ရုံတွေ ဖွင့်တယ်။ သောင်းစုထီတွေ ပေါက်တဲ့အခါ စက်ရုံထွက် ဒေါင်းဒင်္ဂါးတွေထုတ်ပေးတယ်။

မင်းတုန်းမင်း လက်ထက်ကနေ သီပေါမင်း လက်ထက် အထိ ထုတ်သုံးလာတဲ့ ငွေဒင်္ဂါးတွေရဲ့ တန်ဖိုး နှင့် အရေတွက်ကို စနစ်တကျ ထိမ်းချုပ်ဖို့ ဥပဒေ မရှိ။ တိကျတဲ့ စာရင်း ဇယားမရှိ။

ငွေဒင်္ဂါးစက်ရုံက စတင်ထုတ်လုပ်တဲ့ ၁၈၆၅ ခုနှစ်ကနေ ၁၈၈၅ ခုနှစ်အထိ အနှစ် နှစ်ဆယ် အချိန်ကာလအတွင်း မြန်မာဘုရင် နှစ်ပါးဟာ ငွေဒင်္ဂါးအရေတွက် ၃၆သန်းကျော်၊ တန်ဖိုးငွေ ၂၈ သန်းကျော် ထုတ်သုံးခဲ့တယ်။

မကြန် ရဲ့ ရတနာပုံ ဒေါင်းဒင်္ဂါး

မြန်မာ ဒင်္ဂါးတွေအကြောင်း လေ့လာနေတာကြာပါပြီ။ ပြည်တွင်း ပြည်ပ ကျမ်းကိုး စာအုပ်၊ စာတမ်း များများစားစားမရှိပါ။ ခုနောက်ဆုံး အင်္ဂလိပ်ဘာသာနှင့်ထွက် သန်းထွန်း (ဒေးဒရဲ ) ပြုစုတဲ့ Auspicious Symbols and Ancient Coins of Myanmar စာအုပ်ကိုတော့ မဖတ်ရသေးပါ။ ရခိုင်သမိုင်း ပညာရှင်တွေရေးသားပြုစုထားတဲ့ ရခိုင် ဒင်္ဂါး စာအုပ်တွေကို ရှာရတာ ပိုပြီးခက်ခဲတယ် ။

မြန်မာ ဒင်္ဂါးတွေအကြောင်း ဆာ အာသာ ဖယ်ရာ ( Sir Authur P. Phayre ) ရေးတဲ့ COINS OF ARAKAN, OF PEGU, AND OF BURMA စာအုပ်TRUBNER & CO., 57 AND 59, LUDGATE, LONDON စာအုပ်တိုက်ကနေ ၁၈၈၂ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ အဲဒိစာအုပ် လန်ဒန် မှာစတင်ထုတ်ဝေတဲ့ အချိန်ဟာ အထက်မြန်မာပြည်မှာ မြန်မာဘုရင် သီပေါမင်း အုပ်ချူပ်နေဆဲ အချိန် ဖြစ်တယ်။

ထုတ်ဝေခဲ့တာ နှစ်ပေါင်းရာကျော်ကြာနေပြီဖြစ်သော်လည်းဘဲ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဖယ်ရာပြတိုက်မှာ စုစောင်းထားတဲ့ ဒင်္ဂါးတွေကို အခြေခံပြီးရေးတာဖြစ်တဲ့ အတွက် အခိုင်မာဆုံး သက်သေခံစာအုပ်ဖြစ်သလို ဖယ်ရာရဲ့စာအုပ်ဟာ မြန်မာ ဒင်္ဂါးတွေအကြောင်း ကမ္ဘာကသိအောင် ချပြတဲ့ ပထမဆုံးစာအုပ်ဖြစ်မယ်။

မြန်မာ ဒင်္ဂါးတွေလို့ ဆိုရာမှာ ပျူဒင်္ဂါး ၊ ရခိုင် ဒင်္ဂါး ၊ မွန် ဒင်္ဂါး တွေကို လူသိများတယ်။ သို့သော် တနင်္သာရီ ဒင်္ဂါးလို့လူသိများတဲ့ မြန်မာနိုင်ငံအောက်ပိုင်း ကမ်းရိုးတန်း ဒေသသုံးဒင်္ဂါး တွေကိုတော့ဖြင့် လူသိနည်းနေပါသေးတယ်။

ဘုရင့်နောင် ( ၁၅၅၁ - ၁၅၈၁ ) လက်ထက် မှာလည်းဘဲ ဒင်္ဂါးတွေ သုံးခဲ့သေးတယ်လို့ သမိုင်းမှတ်တမ်းတွေရှိတယ်။ အဲဒိ ဒင်္ဂါးတွေကို လည်းပုံနှင့်တကွ ဒီလို ပုံရယ်လို့ ရဲရဲပြောဖို့ရာလိုသေးတယ်။ ဗဒုံမင်း လက်ထက် (၁၇၈၂-၁၈၁၉) မှာ ဒင်္ဂါး အသုံးပြုခဲ့သေးတယ်လို့ သမိုင်းပညာရှင်တွေရေးထားတာ ဖတ်ရတယ်။ ဘယ်လိုပုံစံရယ်လို့ အတိကျ ပုံပြပြီးပြောဖို့ လိုသေးတယ်။

ကုန်းဘောင်နောက်ဆုံး မင်းတုန်းမင်း နှင့် သီပေါမင်း ခေတ်တွေမှာ ထုတ်လုပ်ခဲ့တဲ့ ဒေါင်း ဒင်္ဂါးဆိုလူတိုင်း သိကြ ၊ မြင်ဖူးကြမယ်ထင်ပါတယ်။

ဒေါင်းတံဆိပ်အပြင် တခြား အသုံးပြုတဲ့ အမှတ်တံဆိပ်တွေကတော့
၁။ ဒေါင်း
၂။ ခြင်္သေ့
၃။ ယုန်
၎။ တိုး တို့ဖြစ်တယ်။

အသုံးပြုတဲ့ သတ္ထုပစ္စည်းတွေက
၁။ ရွှေ
၂။ ငွေ
၃။ ကြေး
၎။ သံ
၅။ ခဲ စတာဖြစ်ပြီး တန်ဖိုးတွေကတော့ ( တကျပ် ၊ ငါးမူး ၊ တမတ် ၊ တမူး ၊ တပဲ )တို့ဖြစ်တယ်။


မြန်မာသမိုင်းပညာရှင် မကြန် ( ဒေါ်ကြန် ) ရဲ့ ရတနာပုံ ဒေါင်းဒင်္ဂါး စာတမ်းကို အောက်မှာပေးထားတဲ့ လင့်မှာသွားဖတ်နိုင်ပါတယ်။

https://www.myanmarisp.com/History/Kon_Baung_Period/kbp0001/

11/22/09

ခရုသင်း နှင့် သီရိဝစ္ဆ ရွှေဒင်္ဂါး




ခရုသင်း ပုံပါ ဒင်္ဂါး တွေကို ပျူ ၊ ရခိုင် ၊ မွန် ဒင်္ဂါး စသဖြင့်ပြောကြတယ်။ ကန့်ကွက်စရာမရှိပါ။ သို့သော် အပြည့်ဝ မှန်ပါ၏ လို့ မထောက်ခံ ။ ဒီလို ခရုသင်း၊ အခြားတဘက်တွင် သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ဒင်္ဂါးတွေကို မြန်မာနိုင်ငံတွင်းမှာသာ တွေ့ရှိတာမျိုးမဟုတ်ပါ။

စစ်တကောင်း (ဘင်္ဂလား) ၊ ရခိုင် ဝေသာလီ ၊ သီရိခေတ္တရာ ( မှော်ဇာ ) ၊ ဟန်လင်း ၊ ပဲခူး ၊ တွံတေး ကွမ်းခြံကုန်း ၊ ထားဝယ် ၊ဒွါရာဝတီ ( ထိုင်း ) ၊ အောတ် အီအို ( Oc - Eo )ကမ္ဘောဒီးယား ကနေ ဗီယက်နမ် နိုင်ငံ ဆိုင်ဂုံ (Saigon ) မြို့အထိ အရေတွက် အတော်များများ တွေ့ရတယ်။ အေဒီ ၂ရာစု ကနေ ၈ ရာစုနှောင်းပိုင်း အရှေ့တောင် အာရှ ကုန်သွယ် လမ်းမတလျှောက် ရောင်း/ဝယ် ရာမှာ ကြားခံပစ္စည်းအဖြစ် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့တယ် ။

ခန့်မှန်း အေဒီ ၃ ရာစုမတိုင်မှီအထိ ဒီလို ခရုသင်း၊ သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ဒင်္ဂါးတွေဟာ အရှေ့တောင်အာရှ ဝန်းကျင်နိုင်ငံများ၏ ရောင်း/ဝယ် ရာမှာ ကြားခံပစ္စည်း ( ငွေကြေး ) အဖြစ် အစောဆုံး အသုံးပြုခဲ့ တဲ့ ဘုံငွေကြေး လို့ဆိုနိုင်တယ်။

၃ ရာစုနောက်ပိုင်းမှာတော့ နေရာ ဒေသ ၊ ကိုးကွယ် ယုံကြည်မှု ၊အုပ်ချုပ်တဲ့ မင်း တွေအပေါ်မှာမူတည်ပြီး အမှတ်တံဆိပ် အသုံးပြုမှု ကွဲပြားသွားတယ်။
ဒင်္ဂါး ခပ်နှိပ် ရာမှာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ အမှတ်တံဆိပ်တွေ ပိုမို ထည့်သွင်းလာသော်လည်းဘဲ ခရုသင်း၊ သီရိဝစ္ဆ (အိမ်မွန်) အမှတ်တံဆိပ်ကိုတော့ ၁၉ ရာစုနှစ်လယ်အထိ ထည့်သွင်းအသုံးပြုဆဲဖြစ်တာကို တွေ့ရတယ်။

ခရုသင်း ( သင်္ခ ) ဆိုတာ ကောင်းမြတ်တဲ့အချိန်ကို ကြေညာရန် ၊ သီရိဝစ္ဆ ဆိုတာ မွန်မြတ် သောအိမ် ကိုရည်ရွယ်တယ် ။ ဗိဿနိုး နတ်မင်းရဲ့ တံဆိပ်လက္ခဏာ ဖြစ်လို့ ဟိန္ဒူ ကိုးကွယ်မှု နှင့်ဆိုင်တယ်။

11/8/09

Burmese Buddhist Imagery of the Early Bagan Period (1044-1113)

မြန်မာသမိုင်းပညာရှင် ၊ သုတေသနပညာရှင် အများစုမှာ အားနည်းချက်တစ်ခုရှိပါတယ်။ တွေ့ရှိထားတဲ့ အချက်လက်တွေကို ဖော်ပြရာမှာ ပုံ တွေကိုစနစ်တကျ ဖော်ပြမှုအားနည်းတာပါ။ စာတမ်းကနေ စာအုပ်ဖြစ်လာသော်လည်းဘဲ ဘာကြောင့်မှန်းမသိ ဓာတ်ပုံ ဖော်ပြမှုအားနည်းနေတုန်းပါ။

အခုဖော်ပြထားတဲ့ စာတမ်းက ချားလော့ ကန်ဒြစ် ဂါလိုဝေး ( Charlotte Kendrick Galloway ) ပြုစုထားတဲ့ စာတမ်းဖြစ်ပါတယ်။ ဒေါက်တာဘွဲ့ ( Ph D ) အတွက် ၂၀၀၆ ခုနှစ်မှာ Australia National University ကိုတင်သွင်းတဲ့ စာတမ်းဖြစ်ပါတယ်။ " Burmese Buddhist Imagery of the Early Bagan Period ( 1044-1113 ) လို့ဆိုထားပေမယ့် အခြားဘာသာတွေဖြစ်တဲ့ ဗြဟ္မာဏ ၊ ဟိန္ဒူ ဝါဒဆိုင်ရာ အထောက်ထားတွေ့ရှိချက်တွေကိုပါ စီစစ်တင်ပြသွားပါတယ်။ ပုဂံ ဆိုသော်လည်းဘဲ သထုံမှာရှိတဲ့ မွန်လက်ရာတွေကို လက်လှမ်းမှီရာ စုစည်းဖော်ပြထားပါတယ်။

စာတမ်းလုပ်နေတဲ့ ကျောင်းသားများ၊ ပညာရှင်များ အတွက် အများကြီး အထောက်ကူဖြစ်မှာပါ။

စာတမ်းအကျဉ်းချုပ်နှင့် ဒေါင်းလုပ် လုပ်ယူဖို့ လင့် တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။


TitleBurmese Buddhist Imagery of the Early Bagan Period (1044-1113)
AuthorGalloway, Charlotte Kendrick
InstitutionThe Australian National University
Date2007
AbstractBuddhism is an integral part of Burmese culture. While Buddhism has been practiced in Burma for around 1500 years and evidence of the religion is found throughout the country, nothing surpasses the concentration of Buddhist monuments found at Bagan. Bagan represents not only the beginnings of a unified Burmese country, but also symbolises Burmese 'ownership' of Theravada Buddhism. ¶ While there is an abundance of artistic material throughout Burma, the study of Burmese Buddhist art by western scholars remains in it infancy due to historical events. In recent years, opportunities for further research have increased, and Bagan, as the region of Buddhism's principal flowering in Burma, is the starting point for the study of Burmese Buddhist art. To date, there has been no systematic review of the stylistic or iconographic characteristics of the Buddhist images of this period. This thesis proposes, for the first time, a chronological framework for sculptural depictions of the Buddha, and identifies the characteristics of Buddha images for each identified phase. The framework and features identified should provide a valuable resource for the dating of future discoveries of Buddhist sculpture at Bagan. ¶ As epigraphic material from this period is very scant, the reconstruction of Bagan's history has relied heavily to this point in time on non-contemporaneous accounts from Burma, and foreign chronicles. The usefulness of Bagan's visual material in broadening our understanding of the early Bagan period has been largely overlooked. This is addressed by relating the identified stylistic trends with purported historical events and it is demonstrated that, in the absence of other contemporaneous material, visual imagery is a valid and valuable resource for both supporting and refuting historical events. ¶ Buddhist imagery of Bagan widely regarded to represent the beginnings of 'pure' Theravada practice that King Anawrahta, the first Burman ruler, actively encouraged. This simplistic view has limited the potential of the imagery to provide a greater understanding of Buddhist practice at Bagan, and subsequently, the cross-cultural interactions that may have been occurring. In this light the narrative sculptural imagery of the period is interrogated against the principal Mahayana and Theravada texts relating to the life of Gotama Buddha. This review, along with the discussion regarding potential agencies for stylistic change, reveals that during the early Bagan period, Buddhism was an eclectic mix of both Theravada and Mahayana, which integrated with pre-existing spiritual traditions. Towards the end of the early Bagan period, trends were emerging which would lead to a distinctly Burmese form of Buddhist practice and visual expression.
Thesis 01front.pdf 31.7 Kb
02Volume1_Text.pdf 1842.8 Kb
03Volume2_ToFig127.pdf 3935.3 Kb
04Volume2_Figs128-238.pdf 3765.9 Kb


http://thesis.anu.edu.au/public/adt-ANU20071112.160557/index.html

11/5/09

ခရုသင်း ပုံပါ ရွှေဒင်္ဂါး။



ခရုသင်း နှင့် သီရိဝစ္ဆ (အိမ်မွန်) ပုံပါ ရွှေဒင်္ဂါး။ ဂျပန်နိုင်ငံ၊ တိုကျို ( Japan, Tokyo ) အခြေစိုက် ပညာရှင်တစ်ဦးထံမှ ရရှိပါတယ်။