6/26/11

သမိုင်းထဲက လောကီပညာ ( ၂ )



ဒီလိုနဲ့ လက်ဆင့်ကမ်းလာတဲ့လောကီပညာရပ်ဟာ အဝခေတ်ရောက်တဲ့အချိန်မှာတော့ အင်အားအကောင်းဆုံးနဲ့ ရေပန်းအစားဆုံး အချိန်ကာလဖြစ်လာပါတယ်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်အများစုက အဝခေတ်ဟာ မြန်မာ့စာပေယဉ်ကျေးမှု ရွှေခေတ်လို့ ဆိုကြပါတယ်။ နိုင်ငံရပ်ခြားကနေ ပါဠိ၊ သက္ကတဘာသာ ကျမ်းအများအပြား တင်သွင်းလာခြင်းဟာအဓိကအကြောင်းရင်းဖြစ်ပါတယ်။ အဲဒီ ကျမ်းတွေထဲမှာ လောကီပညာရပ်ဆိုင်ရာကျမ်း တွေလည်းပါ ပါတယ်။

ဒီနေရာမှာ တစ်ခုသတိထားရမှာက လူအများပြောနေသလို အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ ဆိုင်ရာလောကီပညာရပ်တွေကို လက်ဆင့်ကမ်းလေ့လာလိုက်စားသူတွေဟာ ပုဂံအရည်ကြီးတွေကနေဆင်းသက်တဲ့ တောကျောင်းရဟန်းတွေဖြစ်တယ်ဆိုတဲ့အဆိုပါ။ အမှန်တကယ်တော့ တောကျောင်းရဟန်းတွေသာမက သာမန်ကျောင်းက ရဟန်းတချို့ပါ လေ့လာလိုက်စားပြီး ပေါက်မြောက်အောင်မြင်တဲ့သာတကတွေရှိပါတယ်။မင်းဆရာ ရဟန်းတွေလည်းပါ ပါတယ်။

အဝခေတ်လယ်ပိုင်းမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အခါ ကိုယ့်ရပ် ကိုယ့်ဒေသ လုံခြုံရေးအတွက် ရဟန်းတွေက သာ တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။ နောက်တော့ အဲဒီ ရဟန်းတွေကို သံဃာ့ရာဇာလို့ ခေါ်ပြီး တကယ်လည်းဩဇာအာဏာကြီးခဲ့ပါတယ်။ ဒီလို သံဃာ့ရာဇာတွေရဲ့ ကျောင်းတွေဟာ လက်ဝှေ့ ၊ နဘန်း နဲ့ လောကီပညာရပ်ဆိုင်ရာသင်ကြားရေးကျောင်းတွေဖြစ်လာပါတယ်။ ဒီအချက်ကိုယူပြီး ဆေးမင်ကြောင်စတင်ပေါ်ပေါက်လာတာ အဝခေတ်ကတည်းကဖြစ်တယ်လို့ခန့်မှန်းကြတာပါ။

ဒီလိုကျောင်းမျိုးကို ကုန်းဘောင်ခေတ်ရောက်လာတဲ့အခါ ပွဲကျောင်းလို့ အမည်ပေး ခေါ်ဝေါ်တာတွေ့ရတယ်။ နိုင်ငံရေးပြန်လည်တည်ငြိမ်လာသည့်တိုင် တောကျောင်းတွေနှင့် တောကျောင်းပညာရပ်တွေကို ဘုရင်ကိုယ်တိုင်နောက်ကွယ်ကနေ အားပေးအားမြှောက်လုပ်တာမျိုးရှိနေတဲ့အတွက် ကုန်းဘောင်ခေတ်အထိ ပွဲကျောင်းတွေဆက်လက်ရပ်တည်နိုင်လာပါတယ်။

ပုဂံအလွန် အနှစ်တစ်ရာအခြေနေဟာ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလဖြစ်ပါတယ်။ ဒေသတွင်း မင်းမြိုင်တွေအကြား အာဏာလွန်ဆွဲတာတွေအပြင် ပြည်ပရန် နှင့် ရှမ်းတွေအင်အားကောင်းလာတဲ့အချိန်လည်း ဖြစ်တာကြောင့် ဒေသတွင်းတည်ငြိမ်မှုမရှိပါ။ ညီအကို သားအဖ ကြားလုပ်ကြံသတ်ဖြတ်မှုတွေကြောင့်လည်း ခေါင်းဆောင်တွေအကြား တစ်ဦးအပေါ် တစ်ဦးယုံကြည်မှု မရှိကြပါ။ ဒီတော့ လုပ်ကြံပြီး မင်းဖြစ်လာပြီဆိုတာနဲ့ အရင်ဆုံးလုပ်ကြတာက ရာဇပလ္လင်ပေါ် မြဲမြဲကြာကြာ ထိုင်ရဖို့ အဓိကထားလုပ်ဆောင်ကြပါတော့တယ်။

ဒီတော့ လုံခြုံရေးအရ မြို့သစ်တည်တာတို့ မြို့ပြောင်းတာတို့လုပ်လာကြတယ်။

မင်းတွေမြို့ပြောင်းရာမှာ အရေးထားတဲ့အခြားအထိကအချက်တွေကတော့
၁။ စားနပ်ရိက္ခာဖူလုံဖို့ရန် စိုက်ပျိုးဖြစ်ထွန်းရာအရပ် ဖြစ်လိုခြင်း
၂။ နိုင်ငံအုပ်ချုပ်ရေးအတွက် အသက်သွေးကြောဖြစ်တဲ့ အချက်အခြာကျရာအရပ် ဖြစ်လိုခြင်း
၃။ အရေးကြုံပါက ရန်သူကို ခုခံကာကွယ်နိုင်ရန် သဘာဝတရားရဲ့ အားသာချက်ကျရာ အရပ် ဖြစ်လိုခြင်း ( တစ်နည်းပြောတော့ လုံးခြုံရေးအရ အားသာချက် ရယူလိုခြင်း )

စတဲ့အချက်တွေအပေါ်အခြေခံပြီး မြို့တည် မြို့ပြောင်းလုပ်ကြပါတယ်။ သို့ပေမယ့် မင်းဆိုတာက ပြည်သူမရှိဘဲ ရပ်တည်လို့ရတာမျိုးမဟုတ်တော့ မြို့ပြောင်းရာမှာ အများပြည်သူ ရဟန်းရှင်လူတွေရဲ့ သဘောတူကြည်ဖြူမှုရှိဖို့လိုပါတယ်။ ဒီနေရာ ဒီအရပ်ဟာ ငါ့အတွက်လုံခြုံရေးအရ စိတ်မချရလို့ အခြားမြို့ကိုပြောင်းမယ် မင်းတို့လိုက်ခဲ့ရမယ်ဆိုပြီး ပြောင်းခိုင်းလို့ကဖြင့် ရဟန်းရှင်လူတွေက လိုက်နာမယ်မဟုတ်ပါ။ ဒီတော့ မင်းနှင့် မင်းခစားတွေတိုင်ပင်ပြီး လောကီပညာ အတုအယောင်ကို ဖန်တီးရပါတော့တယ်။ အဲဒီ အတုယောင်လောကီပညာကို ဗျာဒိတ်ခန်းလို့ခေါ်တယ်။

ဗျာဒိတ်ခန်းထဲ အဓိကပါတဲ့အချက်တွေကတော့
၁။ ဘုရင် မင်းမြတ်သည် ဘုရားအမျိုး သကျသာကီ မျိုးနွယ်မှဆင်းသက်လို့ မြင့်မြတ်တဲ့အမျိုးဖြစ်သည်။
၂။ ဘုရင် မင်းမြတ်သည် မြတ်စွာဘုရား ဗျာဒိတ်ရမင်းဖြစ်သည်။
၃။ မြို့ပြောင်း မြို့တည်ဖို့ရာ ဟိုယခင်က ဘုရားရှင်ကိုယ်တော်တိုင် ကြွလာပြီး ဗျာဒိတ်ပေးသည်။
၎။ ဤသို့ မြို့ပြောင်း မြို့တည်ခြင်းမှာ သာသနာ့အကျိုး၊ ရဟန်းရှင်လူအကျိုး နှင့် အများသတ္တဝါ ဘေးကင်းရန်ကွာဖို့ရာဖြစ်သည်။
၅။ သို့ဖြစ်ပါ၍ ဗျာဒိတ်ရမင်း ဗျာဒိတ်ရနေရာ ပြောင်းရွှေ့ရာမှာ ကြည်ဖြူစွာနာခံ၍ လိုက်ပါဆောင်ရွက်ရန် အရေးကြီးသည်။

အဲဒီအချက်တွေကိုအခြေခံပြီး မင်းအလိုကျ ဖန်တီးပေးရတဲ့ ဗျာဒိတ်ခန်းတွေဟာ လောကီပညာမဟုတ်တဲ့အတွက် ဒီနေရာမှာ ထပ်ပြီးဆွေးနွေးဖို့လိုမယ်မထင်တော့ပါ။ သို့ပေမယ့် ရှေးကရေးခဲ့တဲ့ ဗျာဒိတ်ခန်းစာတွေဟာ နိုင်ငံရေး ၊ လူမှုရေး နှင့် ဒေသဆိုင်ရာအချက်လက်တွေပေးတဲ့အတွက် အရေးပါတဲ့ ရှေးမှတ်တမ်းအဖြစ် ရှိနေဆဲပါ။ ဗျာဒိတ်ခန်းတွေနှင့် ပတ်သက်ပြီး သမိုင်းသုတေသန ပညာရှင် ဦးထွန်းလှိုင် (ကလောင်အမည် ရွှေကိုင်းသား ) တစ်ဖြစ်လဲ ဦးဇင်း ဦးသောဘိတ ရဲ့မှတ်ချက်ဟာ မှတ်သားဖွယ်ဖြစ်ပါတယ်။

" ကျွန်ုပ်တို့၏ သဘောမှာ ဗျာဒိတ်ခန်းများသည် မြန်မာရာဇဝင်ကို အရည်သွေးတက်အောင် သိဒ္ဓိတင်ပေးခြင်းမျှသာဖြစ်သည်ဟု ဆိုချင်ပါတော့သည်။ သို့သော် ထိုသိဒ္ဓိတင်ပေးမှုညည် သမိုင်းကျကျ မှတ်တမ်းတင်ခံနိုင်လျှင်ကား ကောင်းပါ၏။ ထိုသို့ မဟုတ်ပါက မြန်မာရာဇဝင်၏ အရည်အသွေး ယုတ်လျော့သိမ်ဖျင်းသွားအောင် ပြုလုပ်သည်နှင့် တူနေမည်ကို စိုးရိမ်မိပါသည်" ဆိုပြီး မှတ်ချက်ပေးခဲ့တယ်။

၁၃၅၉ ခုနှစ်မှာ ရှမ်းတွေဝင်လို့ စစ်ကိုင်း ပျက်စီးတယ်။ ၁၃၆၂ နှစ်မှာ ပင်းယကို ရှမ်းတွေထပ်ဝင်လို့ ပျက်စီးပြန်တယ်။ ရှမ်းတွေအင်းအားကောင်းလာပြီး စစ်ကိုင်း ၊ ပင်းယ မြို့တွေကို ဝင်ရောက်ဖျက်စီးပြီးနောက်မှာတော့ မြန်မာတွေ အတော်လေး အားနည်းသွားပါတော့တယ်။ အင်အား စုစည်းမှုဆိုတာထက် မင်းဖြစ်ဖို့ရာကိုသာ အဓိကထားတဲ့အတွက် မင်းပြိုင် မင်းငယ်တွေ အားပြိုင်နေတဲ့အချိန်ဖြစ်တယ်။ ၁၃၄၆ ခုနှစ်မှာ သတိုးမင်းဖျားနန်တက်တယ်။ မင်းဖြစ်လာပြီးနောက် လုံခြုံမှုမရှိတဲ့ ပင်းယမှာ မနေလို့တဲ့အခါ မြို့သစ်တည်ဖို့ မြို့ပြောင်းဖို့ဖြစ်လာပါတော့တယ်။

ပုဂံခေတ်အသုံးပြုတဲ့လောကီပညာဟာ ဗေဒင် ယတြာ ၊ အခါပေး ၊ မြို့တည် နန်းတည်ရာမှာ အင်းချ စတာတွေကသာ ပိုများမယ်ထင်ပါတယ်။ အင်းပြားချတယ် ရွှေအိုး ၊ ရတနာအိုးမြှုပ်တယ်ဆိုတာပြောထားပေမယ့် ဘယ်လိုအင်းမျိုးဆိုတာတော့ ကျောက်စာထဲထည့်ရေးမယ်မဟုတ်ပါ။ အသေချာပြောနိုင်ဖို့ရာ ကျန်စစ်သားနန်းတော်ရာဟောင်းကို ရှာပြီးတူးကြည့်တာမျိုး လုပ်နိုင်ရင်ပိုကောင်းပါမယ်။ လူစတေးတည်ဆိုရင်လည်း လူဦးခေါင်းခွံ လူရိုး ရှာတွေ့ဖို့လိုပါတယ်။

အင်းဝခေတ်ရောက်တဲ့အချိန်မှာတော့ မြန်မာတွေရဲ့ လောကီပညာ အင်း အိုင် ခလဲ့ လက်ဖွဲ့ ဗေဒင် ယတြာဆိုတာတွေဟာ နန်းတွင်းသုံးလောကီပညာရပ် တင်မတော့ဘဲ ရဟန်းရှင်လူ အခြေခံလူတန်းစားတွေအထိ ရေပန်းစားလာပါပြီ။ အတိတ် နိမိတ် တဘောင် စတာတွေကဖြင့် နိုင်ငံရေး ၊လူမှုရေးတို့ကိုဖော်ပြလေ့ရှိတယ်။ တစ်နည်း လူအများနဲ့ ပိုပြီးသက်ဆိုင်လာတဲ့အတွက် နန်းတော်အသိုင်းဝိုင်းတွေမှာ ပိုပြီးလူကြိုက်များပါတယ်။ အဲဒီအထဲမှာ တဘောင် ကောက်ယူပြီး ရှေ့ဖြစ်ဟောတဲ့ အလေ့ထကိုအုပ်ချုပ်မင်းလုပ်သူတွေ အထူးအလေးပေးလေ့ရှိတာကိုတွေ့ရပါတယ်။ တချို့ တဘောင်တွေဟာ လူထုအသံကိုထင်ဟပ်တဲ့အတွက် အဲဒီခေတ် နိုင်ငံရေး လူမှုရေးသုံးသပ်မှုတွေအတွက် အထောက်ကူဖြစ်စေပါတယ်။

သတိုးမင်းဖျား ( ၁၃၆၄-၁၃၆၇) ဟာ ပထမဦးဆုံး စစ်ကိုင်းမြို့ ရှိရာရွှေ့ပြောင်း နန်းစိုက်ရန် သင့်၊ မသင့် တဘောင်နာစေတဲ့အခါ

' ထဘီတောင်းစေ ၊ ခြေကောင်းစေ ၊ တဘက်ခါးဆီး၊ ချွေးကြီးတစ်ဖြာ ပန်းမသာ ' ဆိုပြီး တဘောင်ပေါ်တယ်။ တဘောင်ရဲ့ အနက်မှာ ' စစ်မက်ရေးရာ ကြုံတဲ့အခါ အခွင့်မသာ၊ ဒါကြောင့် ထီးနန်အာဏာ တည်မြဲရန်စိတ်မချ ' ဖြစ်ပါတယ်။

ဒီတော့မှ အင်းဝ အရပ်မှာ မြို့သစ်တည်ရန်သင့်မသင့် ဆိုပြီး တဘောင်နာစေတဲ့အခါ

" ပြယာယ်သလော၊ ပြယ်သလော၊ ပြယာယ်သင်တိုင်း၊ မြနှင့် နှိုင်းသည်၊ စောကျိုင်းပတ်စာ နယ်သလော၊ အမွေးတပုံ အခွဆုံကိုရွယ်သလော " ဆိုပြီးတဘောင်ထွက်ပါတယ်။ အလွယ်ပြောတော့ ဒီတဘောင်ဟာကောင်းတဲ့သဘောကိုဆောင်တဲ့အတွက် အဝမြို့ကိုစတည်ပါတယ်။ ဒီလိုနှင့် သတိုးမင်းဖျား ( ၁၃၆၄-၁၃၆၇) ဟာ ပထမ အဝမြို့တည်မင်းဖြစ်လာပါတော့တယ်။

နန်းတော်တည်ဆောက်စဉ် ရှင်ဘုရင်က ယာယီတည်းနန်းနဲ့နေတဲ့အခါ စပါးကြီးမြွှေတွေ့တဲ့အခါ ဤမြစ်ဆုံဝ၌ ပြည်ကြီးဖြစ်၍ သာသနာတော်၏ ထွန်းပရာ ဖြစ်လတံ္တ့ ၊ဤပြည်ကြီးကို မှီ၍ အသက်မွေးသော သူတို့သည်လည်း ချမ်းသာစွာ ဖြစ်လတံ္တ့ ဆိုပြီး နိမိတ်ဖတ်ပါတယ်။

အချက်ခြောက်ချက်ပါတဲ့ " သတိုးမင်းဖျား အိပ်မက်ခန်း " မင်းဆရာ ပတူကြီး သင်္ဃရာဇာ ကိုနိမိတ်ဖတ်စေတဲ့အခါမှာလည်း တူညီတဲ့ နိမိတ်ကောင်းဘဲရပါတယ်။ဒီအိပ်မက်ကို ပထမမောင်းထောင်းဆရာတော်(ရှင်ညာဏ) လူထွက် မင်းတိုင်ပင်အမတ်ကြီး မဟာဓမ္မသင်္ကြန်ကဖြင့် သုံးနှစ်တစ်ကြိမ်စည်ပင်ဝပြောမယ်ဆိုပြီး နိမိတ်ဖတ်ပြန်ပါတယ်။ ဇာတာတော်ပုံရာဇဝင် စာမျက်နှာ ၆၀ ပါ အင်းဝမြို့တည်ဇာတာခွင် အညွှန်းမှာတော့ " ၇၂၆ ခု တပေါင်းလဆန်း (၆)ရက် ၃ နေ့အဝကို သတိုးမင်းဖျား သစ်မြို့တည်သည်။ အတာ ၁၃၆၆ တာ၊ နက္ခတ် ၂၆ လုံး " ဆိုပြီးတွေ့ရပါမယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) စာမျက်နှာ(၄၁၃)မှာတော့ " အင်းဝမြို့ကို ပထမတည်စဉ်က သတ္တုကြေးနီပြား အင်း(၂) မိုက်ပတ်လည်ကို မြေတွင် အင်း(၁၀၀၀) မြှုပ်စေ၍ ညောင်(၁၀၀၀)စိုက်သည်" ဆိုပြီးတွေ့ရပါမယ်။ ခုလိုလောကီပညာတွေကိုအားကိုးတကြီးလုပ်ပေမယ့် အဝမြို့တည်မင်းဟာ သုံးနှစ်သာသာ သာထီးနန်စိုးစံသွားရတာကိုမှတ်သားဖွယ်တွေ့ရပါတယ်။

အဝထီးနန်းကို တျြာဖျား က ၅စက်တင်ဘာ ၁၃၆၇ ခုနှစ်မှာဆက်ခံတယ်။ ယောက်ဖဖြစ်သူရဲ့ ထီးအရိုက်အရာကိုဆက်ခံတာဖြစ်ပေမယ့် နန်းသိမ်းပြီးနောက် ထုတ်ပြန်တဲ့ ၁၉ ဇွန် ၁၃၆၈ နေ့စွဲပါအမိန့်တော်မှာတော့ သူ့ကိုယ်သူ ဗျာဒိတ်ရမင်းအဖြစ် သိဒ္ဓိတင်ပြီး အမိန့်တော်ထုတ်သွားတာကို မှတ်သားဖွယ်တွေ့ရပါတယ်။ မဆီမဆိုင် မင်းဖြစ်လာပေမယ့် ငါလည်း ဗျာဒိတ်ရမင်းဖြစ်လို့ အရင်မင်းထက်တော့ မညံ့ဘူးလို့ပြောချင်တာဖြစ်တယ်။


ဆက်ရန်......................

6/20/11

၅- မြင်းမှူးမင်းသား

၅- မြင်းမှူးမင်းသား

မင်းညီမင်းသားတို့မှာ စစ်မက်အရေးပေါ် ပေါက်လျှင် ချီတက် တိုက်ခိုက်ရသည်။ ဤအခါ မြင်းမှူးမင်းသားဖြစ်သော ညီတော်, သားတော်က ကသည်းမြင်း, စောပွတ်အိုးမြင်း, အက္ကပတ်မြင်း, ရဲဘက်မြင်းစသော မြင်းတပ်များအနက် မြင်းတပ် တတပ်ကို အုပ်ချုပ်မှူးကွပ်၍ ချီတက်တိုက်ခိုက်ရသည်။ ထို့ကြောင့် မြင်းမှူးမင်းသားဟူ၍ အမိန့်တော်မှတ်သည်။

မင်းညီ, မင်းသားတို့မှာ စစ်မက် တိုက်ခိုက်ရန် မရှိသည့်အခါ ဧကရာဇ်မင်းမြတ် ရှေ့တော် ဝင်ရောက် ခယမ်းရခြင်း၊ နှစ်စဉ် နယုန်လဆန်း ၈-ရက်နေ့က ဝါဆိုလဆန်း ၈-ရက်နေ့တိုင် သုဓမ္မာစရပ်တော်အတွင်း ပါဠိပဌမစာပြန်ပွဲ ကျင်းပရာသို့ သွားရောက်စာနာရခြင်း၊ တစ်နှစ် လျှင် ၃-ကြိမ် ပွဲတက်ကန်တော့ခံတော်မူသည်ကို မပျက်မကွက် ကန်တော့ဝင်ရခြင်း၊ ဧကရာဇ်မင်းမြတ် အဝေးအနီး ထွက်တော်မူသည့်အခါ မင်းမထွက်မီ ရှေးဦးစွာ မြို့တွင်းက မြို့ပြင်သို့ ထွက်နှင့်ရသည်။ ဝင်တော်မူလျှင်လည်း ဧကရာဇ်မင်းမြတ် ရွှေနန်းတော်သို့ရောက်၍ အမြှောက်သံ ၃-ချက်ကြားရပြီးနောက်မှ မြို့တွင်းသို့ ဝင်ရခြင်း နည်းလမ်းများကိုလိုက်နာရသည်။

လွတ်တော်က အကြောင်းကိစ္စရှိ၍ ဆင့်ဆိုလျှင် မင်းသားကို တိုက်ရိုက် မဆင့်ဆိုရ။ မင်းသား၏ အကြီးတော် အကြီးစာရေးတို့သို့ ထန်းဘူးညွန့်ရှည်တွင် နှစ်ကြောင်းစာချွန်ရေး၍ ဆင့်ဆိုရသည်။
(ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)

6/19/11

၎- မင်းညီမင်းသား

၎- မင်းညီမင်းသား

မင်းဆိုသည်မှာ ဤနေရာတွင် ဧကရာဇ်မင်းမြတ်ကို ယူရမည်။ မင်းဧကရာဇ်၏ ညီတော်ဖြစ်သဖြင့် " မင်းညီ " ဆိုသည်။ မင်းဧကရာဇ်၏ သားတော်ဖြစ်သဖြင့် " မင်းသား " ဆိုသည်။

မင်းသားနှင့် နေရာတော်။ ။ ထို့ပြင်မှတပါး မင်း၏သားတော် မဟုတ်သော်လည်း
(၁) လက်ဝဲနေရာကွက် ၉၊ လက်ယာနေရာကွက် ၉၊ ပေါင်း မင်းသားကြီး နေရာ ၁၈။

(၂) လက်ဝဲနေရာ ၉၊ လက်ယာနေရာ ၉၊ ပေါင်း မင်းသားလတ်နေရာ ၁၈။

(၃) လက်ဝဲနေရာ ၉၊ လက်ယာနေရာ ၉၊ ပေါင်း မြင်းမှူးမင်းသားနေရာ ၁၈-ရှိရာ------

၎င်း နေရာတော်နေ မင်းသားသုံးမျိုးပြင် နေရာတော်မနေရသည့် မင်းသားတမျိုးလည်း ရှိသည်။ ဤကဲ့သို့ မင်းသားအမည်အရည်နှင့် သူကောင်းပြုခံရသူ တို့သည် မင်း၏ သားတော် မဟုတ်သော်လည် " မင်းသား " ဟူ၍ ခေါ်ဝေါ်ရသည်။ ထိုမှတပါး မင်းသား မခေါ်နိုင်။ မင်း၏ ညီတော် မြေးတော် မြစ်တော်ဟူ၍သာလျှင် ခေါ်ဝေါ်နိုင်သည်။

(ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)

6/5/11

မြောက်ဦး ရှေးဟောင်းဘုရားဌာပနာ နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်

မြောက်ဦး ရှေးဟောင်းဘုရားဌာပနာ နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်
By မသင်းသီရိ စနေ, 04 ဇွန် 2011

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ လောကမဉ္ဇူ ရှေးဟောင်း စေတီတော်ကို ပြန်လည် ပြုပြင်နေစဉ်အတွင်း စေတီတော်အတွင်းက တွေ့ရှိတဲ့ ရှေးဟောင်း ဘုရားဌာပနာတွေကို နေပြည်တော်ဆီ ပင့်ဆောင်မယ် ဆိုတဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းက ကန့်ကွက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဌာပနာတွေထဲမှာ ရွှေချိန် ၄ ပိဿာကျော်ရှိတဲ့ ရှေးဘုရား ဆင်းတုတော်ကြီး အပါအ၀င် တခြား ရှေးကျတဲ့ စေတီ ဌာပနာတွေကို မြောက်ဦး ရှေးဟောင်းပြတိုက်မှာ သိမ်းဆည်းထားရာကနေ အခု ရတနာ့မာန်အောင် ဘုန်းကြီးကျောင်းကို ဒေသခံတွေက ပြောင်းရွှေ့ထားလိုက်ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပျက်စီးယိုယွင်းနေတဲ့ ရှေးဟောင်း လောကမဉ္ဇူ စေတီကို ပြန်လည်မွမ်းမံဖို့ ပြင်ဆင်ရာကနေ မေလ ၃၀ ရက်နေ့ညနေက ရွှေချိန် ၄ ပိဿာကျော်ရှိတဲ့ ရှေးဟောင်း ဆင်းတုတော် အပါအ၀င် တခြား ဌာပနာ ၃၈ မျိုးကို စေတီတော် အတွင်းမှာရှိတဲ့ ဘုရားပလ္လင်ရဲ့ နောက်ပိုင်းကနေ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဒီ ရှေးဟောင်း ဌာပနာတွေကို မြောက်ဦးမှာရှိတဲ့ ရှေးဟောင်းပြတိုက်မှာ သိမ်းဆည်းထားကြတာပါ။

ဒါပေမဲ့ အဲဒီ ဘုရားဌာပနာတွေထဲက ၂၇ ခုကို အရည်အသွေး စစ်ဆေးဖို့ နေပြည်တော်ကို ပင့်ဆောင်မယ်ဆိုပြီး စစ်တွေ ရှေးဟောင်းသုတေသန ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူးက ဒီကနေ့မနက် မြောက်ဦးကို ရောက်လာခဲ့ပြီး ဒီသတင်းကို သိသွားတဲ့ ဒေသခံ အများအပြား မကျေမနပ်ဖြစ်ပြီး ကန့်ကွက်မှုတွေ ဖြစ်ခဲ့တယ်လို့ မြောက်ဦးဒေသခံ ဦးရွှေတင်က ပြောပြပါတယ်။

“ရတနာ့မာန်အောင် ဆရာတော်ရဲ့ ဒကာ မန္တလေးက သူဌေး၊ ဒေါက်တာသန်းထွန်းက ပြုပြင်တာ။ ပြုပြင်တဲ့ အချိန်မှာ မထင်မှတ်ဘဲ သွားတွေ့တာ။ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ရှေးဟောင်းသုတေသန ဌာနခွဲ စစ်တွေရဲ့ လူကြီးပေါ့၊ အဲဒီလူကြီးက မြောက်ဦးကို သူ့ရဲ့ Super Roof ကားလေးနဲ့ လာပြီးတော့ အဲဒီဘုရားတွေကို နေပြည်တော်ကို တင်မယ်၊ သတ္တုရဲ့ အရည်အသွေးကို ဆန်းစစ်မယ် ဆိုပြီးတော့ လာတယ်။

“မြို့ကလူတွေက ဘယ်လိုမှ လက်မခံနိုင်ဘူး ဖြစ်သွားကြတာပေါ့လေ။ မြောက်ဦးက တကယ့် နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးတွေ ရှိတယ်ဗျာ၊ ပြီးရင် လွှတ်တော်အမတ်တွေ ရှိတယ်ဗျာ၊ မြို့မိ မြို့ဖတွေ ရှိတယ်ဗျာ၊ အဲဒါတွေက မြောက်ဦး ယဉ်ကျေးမှု ပြတိုက်မှာပဲ ထားသင့်ပါတယ် ဆိုတဲ့ဟာကို သွားပြီး အရေုးဆိုကြတာပေါ့။ အဲဒီ အရေးဆိုတဲ့ အချိန်မှာ လူထုတွေက အများကြီးပဲ။

“ရွှေချိန် ၄ ပိဿာနဲ့ ၆၄ ကျပ်သား ရွှေဆင်းတုတခု ပါတယ်။ သူက လေးမြို့ခေတ်က၊ ဓည၀တီခေတ်ကဟာ ပါတယ်၊ ပြီးရင် မြောက်ဦးခေတ်ကဟာ ပါတယ်။ ရွှေဆင်းတု ပါတယ်၊ ကျောက်ဆင်းတု ပါတယ်၊ ကြေးဆင်းတု ပါတယ်။ သလင်းဆင်းတုလည်း ပါတယ်ဗျ။”

မြောက်ဦးမှာ တွေ့ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို မြောက်ဦးမှာပဲ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသင့်တယ်လို့ ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်ကလည်း ပြောပါတယ်။ မနေ့က မြောက်ဦးမြို့မှာရှိတဲ့ ဒီ ရှေးဌာပနာတွေကို သူသွားကြည့်အပြီး ဒီကနေ့ စစ်တွေမြို့ကို ပြန်အရောက်မှာ အခုလို နေပြည်တော်ကို ပင့်ဆောင်တော့မယ်ဆိုတဲ့ သတင်းတွေ မြောက်ဦးကနေ သူ့ကို လှမ်းပြောလာကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီနေ့ သူတို့က ဖုန်းဆက်လို့ သွားကြည့်တာ။ သွားကြည့်တော့ ပြတိုက်မှာ တွေ့တယ်။ တွေ့တော့ ကျနော်က ဘုရားကို မ,ကြည့်တော့ လေးတယ်ဆိုပြီး ပန်းထိမ်ဆရာကို ခေါ်ပြီး စစ်ကြည့်မှ ရွှေဘုရားလို့ သိတာပါ။ ဒီဘုရားကို မြောက်ဦးမှာ ဗိမာန်တခု ဆောက်ပြီးတော့ ထားစေချင်ပါတယ်။ မြို့လူထု လက်ထဲမှာပဲ ရှိစေချင်တယ်၊ ဒီဘုရားက။”

ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သတင်းတွေအရတော့ နေပြည်တော်ကို ပင့်ဆောင်မယ့် အစီအစဉ်ကို ရပ်ထားလိုက်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေက စိတ်မချတော့တဲ့အတွက် ဒီ ရှေးဘုရား ဌာပနာတွေကို မြောက်ဦးဒေသခံတွေ ကိုးကွယ်တဲ့ ရတနာ့မာန်အောင် ဆရာတော်ကျောင်းကို ပြောင်းပြီး ပင့်ဆောင်ထားလိုက်ပြီလို့လည်း ဦးရွှေတင်က ပြောပြပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ ယဉ်ကျေးမှု အမွေအနှစ်တွေက တော်တော်များများ မလုံမခြုံတဲ့ သဘောမှာ ရှိတယ်ဗျ။ ဒါကြောင့် ဒါကို အပြင်ထွက်သွားရင် ပြန်လာမလား၊ ပြန်မလာဘူးလား၊ အဲဒါကို လူတွေက သံသယစိတ်တွေ ၀င်သွားကြတာပေါ့လေ။ အဲဒါ နောက်ဆုံးပိတ် ရတနာ့မာန်အောင် ဆရာတော်ရဲ့ ကျောင်းမှာပဲ ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာတဲ့အတွက် အဲဒါကို ကားနဲ့ သယ်ပြီးတော့ ရတနာ့မာန်အောင် ကျောင်းကို ပင့်ဆောင်သွားပါပြီ။”

တောင်တန်းတွေဝန်းရံပြီး တမျှော်တခေါ် ကြည့်မဆုံးအောင်ကိုရှိတဲ့ မြောက်ဦးမြို့က ဘုရားပုထိုးတွေဟာ ရှေးလက်ရာ အမွေအနှစ်တွေမို့ အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ဖိုးရှိလှတာပါ။ ဒီလို တန်ဖိုးရှိလှတဲ့ ရှေးဘုရားပုထိုးတွေကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ လိုသလို အခုဆိုရင် ဒီရှေးလက်ရာ အများအပြား ပျက်စီးမှုတွေ ကြုံနေရပြီလို့လည်း ပြောပါတယ်။

“ကျနော်တို့ မြောက်ဦးက တောင်တွေ ထပ်ပြီးတော့ ရှိနေတဲ့မြို့ဗျ။ အဲဒီ တောင်တိုင်း တောင်တိုင်းက စေတီ ပုထိုးတွေချည်းပဲ။ တအားများတယ်၊ ကြည့်လိုက်ရင် အကုန်လုံး အပျက်တွေချည်းပဲ။ ဒါပေမဲ့ ဒီဘက်က နိုင်ငံတော် အပိုင်းကလည်း ပြုပြင်သလောက်တော့ ပြုပြင်တာပေါ့ဗျာ။ ပြုပြင်ပေမဲ့ ရှိနေတဲ့ဟာနဲ့ ပြုပြင်တာနဲ့ ဘယ်လိုမှ လိုက်မမီဘူး။ ရှိတဲ့ဟာက အများကြီး၊ လုပ်တဲ့ဟာက နည်းနည်းလေးဆိုတော့ ဘယ်လိုမှ လိုက်မမီဘူးဗျ၊ အကုန်လုံး ပြိုတာ ပျက်တာတွေချည်းပဲ။ ကျနော်တို့ မြောက်ဦးမြို့ရဲ့ လူဦးရေနဲ့လည်း ဒါတွေကို ပြုပြင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

မြောက်ဦးမြို့ခံ ဦးရွှေတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာတုန်းကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်းဖောက်လုပ်မယ့် ရထားလမ်း ဖောက်လုပ်မယ် ဆိုတဲ့အတွက် ရဟန်းသံဃာတွေ အပါအ၀င် ဒေသခံတွေက လမ်းကြောင်းပြောင်း ဖောက်လုပ်ဖို့ အာဏာပိုင်တွေကို ကန့်ကွက်တာတွေ လုပ်ခဲ့ကြရပါတယ်။

Credit to VOA news

5/24/11

သမိုင်းထဲက လောကီပညာ

သမိုင်းထဲက လောကီပညာ

ဒေါက်တာသန်းထွန်းက " မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ " စာတမ်းငယ်ကိုပြုစုရေးသားတဲ့အခါ ဗဒုံမင်းလက်ထက်ကို အထူးကိုးကားခဲ့တယ်လို့ဆိုပါတယ်။ အကြောင်းရင်းကတော့ မြန်မာတွေရဲ့ အခေါင်အထွတ် ကို ရောက်တဲ့အချိန်ဖြစ်လို့ပါတဲ့။

မြန်မာ့သမိုင်းတစ်လျှောက်မှာ မြန်မာတွေ လောကီပညာကို ဘယ်လောက် အားကိုးတယ်ဆိုတာ ဖော်ပြလိုတဲ့ရည်ရွယ်ပြီး ရေးသားတင်ပြသွားတယ်ဆိုပေမယ့် ပဒုံမင်းလက်ထက် ခေတ်တစ်ခေတ်တည်းကိုသာပြောသွားတယ်။ ဒီတော့ ကျန်တဲ့ခေတ်ကာလတွေအတွက် မင်းတို့လူငယ်တွေဆက်လုပ်ကြဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ ဒီအလုပ်ဆက်လုပ်ဖို့ဟာ အပြောလွယ်သလောက် တကယ့်လက်တွေ့မှာတော့ အချက်လက်ရှာရတာခက်ခဲပြီး အင်မတန် ဝိရောဓိဖြစ်စေနိုင်တဲ့ အလုပ်ဖြစ်နေပါတယ်။

မြန်မာတွေအတွက် လောကီပညာဟာ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ၊ အတိတ်၊ နိမိတ် ၊ တဘောင်၊ စနည်း ၊ ဘဝေါ ဆိုပြီးရှိပါတယ်။ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ စတာတွေကို ပထမအုပ်စု ၊ ဗေဒင် ယတြာကို ဒုတိယအုပ်စု ၊ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘဝေါ စတာတွေကို တတိယအုပ်စုဆိုပြီးအုပ်စု သုံးစုခွဲလို့ရမယ်ထင်ပါတယ်။ လူပြောသူပြောသိပ်များတဲ့ ဆေးမင်ကြောင်ဟာ ပထမအုပ်စုထဲကဖြစ်ပြီး ၊ ဥစ္စာပစ္စည်း ဘယ်မှာမြုပ်ထားတယ်ဆိုတာကိုညွန်းတဲ့ သိုက်စာကို ဒုတိယအုပ်စုထဲထည့်ပါမယ်။

လောကီပညာကို မှော်ပညာလို့ခေါ်ပြီး သိုးဆောင်းဘာသာစကားနဲ့ပြောတော့ Magic ။ ဖရေဇာ (J.G Frazer) ကဖြင့် လောကီပညာဆိုတာ တူရာတူကြောင်းဖြစ်တယ် (Homeopathic Magic) နဲ့ ထိထားလို့အကျိုးတူကူးစက်တယ် ( Contagious Magic ) ဆိုပြီးအခြေခံ နှစ်မျိုးရှိတယ်လို့ဆိုပါတယ်။ ဒါကိုအလွယ်ပြောတဲ့အခါ ဖြစ်ချင်တာကို အတုလုပ်ခြင်း (Imitation) နဲ့ အစွမ်းထက်မြက်တဲ့ပစ္စည်းကို ထိကိုင်ထားလို့ ကိုယ့်မှာလည်း အစွမ်းတိုးတက်လာခြင်း(Contagion) ဆိုပြီးပြောရပါမယ်။

လောကီပညာ မှော်ပညာဆိုတာ ယုံကြည်မှုကိုအခြေခံကာ ဖြစ်တည်လာခြင်းဖြစ်ပြီး သမိုင်းမတင်မှီခေတ်ကာလကတည်းကရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ လွန်ခဲ့တဲ့အနှစ်တစ်သောင်းကျော်ကဖြစ်တဲ့ ပြဒါးလင်းဂူ ( ပဒတ်လိုဏ်ဂူ ) နံရံပေါ်မှာရေးခဲ့တဲ့ အရုပ်တွေထဲက သမင်ရုပ် ၊ နွားရုပ် နှင့် မှော်ဆရာရုပ်တွေဟာ သာမန်ရိုးရိုး အရုပ်တွေမဟုတ်ပါ။

မှော်ဆရာက ရွတ်ဖတ်ပြီး အရုပ်ကိုလှံနဲ့ထိုးကြရင် နောက်တစ်နေ့ အမဲလိုက်တဲ့အခါ သားကောင်တွေရမယ်လို့ ယုံကြည်ချက်မှုနဲ့ ဂူနံရံမှာရေးဆွဲခဲ့တာဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါဟာ အတူကိုအတုလုပ်တဲ့ (Sympathetic Magic) မှော်အတတ်လို့ ထင်မြင်ချက် ပေးထားပါတယ်။ အဲဒိ လောကီပညာဆိုင်ရာ ယုံကြည်မှုဟာ ယနေ့ခေတ်သစ်မြန်မာ့ယဉ်ကျေးမှုမှာတောင် ရှိနေပါသေးတယ်။ ဥပမာပြောရရင် " ကြွေးတင် ရှင်ဘုရင်ဆပ် " စကားနဲ့အတူ အိမ်မှာ ဘုရင်နဲ့ မိဘုရားပုံ ချိပ်ဆွဲထားတက်သလိုမျိုးပါ။

ပညာရှင်တချို့က မြန်မာ့လော့ကီပညာဟာ သရေခေတ္တရာ ခေတ် လောက်ကတည်းက စတယ်လို့ဆိုပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ မြန်မာ့သမိုင်းပုံစာအုပ်ထဲက " ပျူ " စာတမ်းငယ်ထဲမှာတော့ ပျူတွေဟာ သူတစ်ပါးအသက်မသတ်လိုလို့ ပိုးထည်မဝတ် ၊ သို့သော် ဗေဒင်မေးဝါသနာပါတယ် လို့ဆိုထားပါတယ်။ ကိုးကားစရာအထောက်ထား နည်းပါးလွန်းတဲ့အတွက် သရေခေတ္တရာ ပျူခေတ် ကတည်းက မြန်မာ့လော့ကီပညာဟာ စနေပြီလို့ပြောရင် သိပ်ရဲတင်းလွန်းရာကျပါမယ်။

ပညာရှင်တချို့ကဆိုတယ်။ လောကီပညာရပ်တွေဖြစ်တဲ့ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ၊ ဆေးမင်ကြောင် ပညာတွေဟာ ပုဂံခေတ်အစောပိုင်းမှာ ဆိုးသွမ်းတယ်လို့အဆိုရှိတဲ့ အရည်းကြီးတွေရဲ့ပညာရပ်ဖြစ်ပါတယ်တဲ့။ အရည်းဆိုတာ ရဟန်းကိုခေါ်တာဖြစ်ပြီး မြေဝယ်တဲ့အခါ သေပွဲကျင်းပပြီး ကိစ္စဖြတ်လေ့ရှိတယ်ဆိုတာလောက်သာ ကျောက်စာတွေမှာတွေ့ရတယ်။ ဒီတော့ ရဟန်းတွေဟာ သေရည်သောက်တယ်ဆိုတဲ့အချက်ကိုသာ လက်ခံစရာရှိတယ်။ လူတချို့ဆိုသလို မိုက်ရမ်းဆိုးသွမ်းတဲ့အပြုမှုမျိုးရှိတယ်ဆိုတဲ့ မှတ်တမ်းမျိုးမတွေ့ရှိသေးပါ။

ကျောက်စာထဲမှာလည်းတွေ့ရပြီး ဖြစ်နိုင်တာကို ခန့်မှန်း ( Studies Guess )ပြောရရင် မြန်မာတွေရဲ့ ပထမရွှေခေတ် ပုဂံ ၁၁ ရာစုလောက်မှာတော့ လောကီပညာ အားကောင်းစပြုနေပါပြီ။ ပုဂံဟာ စီးပွါးရေး ၊ နိုင်ငံရေးအင်အားတောင့်တင်းလာတဲ့အတွက် မိမိတို့ကောင်းမှုကုသိုလ် ဘုရားပုထိုးတည်ရာမှာလည်းကောင်း ဗိသုကာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ လယ်ယာလုပ်ငန်း၊ လက်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ အန္ဒိယသား လုပ်သားတွေတင်သွင်းနေရပါပြီ။

အခါပေး ပုဏ္ဏား ဟူးရားတွေဟာ ဘုရင့်နန်းတော်ဆိုင်ရာ အခန်းနားတွေမှာ အဓိက ဦးစာပေး ပညာရှင်တွေ ဖြစ်နေပါပြီ။ တနည်းပြောတော့ သူတို့ဟာအဆင့်မြင့် လောကီပညာရှင်တွေပါပဲ။ သူတို့နှင့်အတူတပါတည်း တင်သွင်းမိရက်သားဖြစ်နေတာက ဟိန္ဒုအယူဝါဒ နဲ့ လောကီပညာ ဆိုင်အတတ်ပညာတွေပါဘဲ။ အတွင်း အပြင်မှာရှိတဲ့ အနုပညာလက်ရာတွေကိုကြည့်ပြီးနောက်မှာတော့ ယခုအခေါ် နန်းဘုရား ၊ စေတနာကြီးဘုရားတို့ဟာ ပုဂံခေတ် အန္ဒိယသားတို့ ဝတ်ပြုကိုးကွယ်ရာ ဟိန္ဒုနတ်ဘုရားကျောင်းတွေဖြစ်တယ်ဆိုတာ ဖြစ်နိုင်ခြေ ရာနှုန်းပြည့်နီးပါးရှိပါတယ်။

ရာဇဝင်စာအုပ်တွေထဲမှာတော့ မနုဟာဘုရင် ဟာ ဗျတ်ဝိကိုသတ်ပြီ မြို့ရိုးပေါ်မှာ မြှုပ်တယ်။ သထုံမြို့ကိုပတ်ပြီး သွေးစက်တွေကိုချတဲ့အခါ အစိမ်းသရဲအဖြစ်နဲ့ မြို့ကို စောင့်ရှောက်ရတယ် လို့ ဆိုတယ်။အနိရုဒ္ဓ ( အများအခေါ် အနော်ရထာ ) (၁၀၄၄- ၁၀၇၇ ) သထုံကိုသွားတိုက်တဲ့အခါ အခိုင်မာခုခံသည်ကတစ်ကြောင်း မြို့ရိုးပေါ်မှာ မြှုပ်ထားတဲ့ အစိမ်းသေသရဲ ဗျတ်ဝိကခုခံတဲ့အခါ အလွယ်တကူတိုက်၍မရ လို့ဆိုပါတယ်။

မနုကျယ် ဓမ္မသတ် မြီးခန်းမှာတော့ မြို့စတေးခံရမယ့် လူဆီက ကြွေးမတောင်းရလို့ပါပြီးဖြစ်နေပါတယ်။ ဟုတ်မဟုတ်သေချာမပြောနိုင်ပေမယ့် မြို့ရိုး၊ ကျုံး ၊ နန်းတော်တည်ဆောက်တဲ့အခါ လူသတ်ပြီးစတေးတယ်ဆိုတာတော့ လူပြောသူပြောများတဲ့ လောကီပညာရပ် တစ်ခုအပါဝင် ဖြစ်နေပါတယ်။

ထီးလှိုင်မင်း ( ၁၀၈၄- ၁၁၁၃) (အများအခေါ် ကျန်စစ်သား) နန်းတက်ပြီး တစ်ဆယ့်ခုနှစ် နှစ်အကြာမှာ နန်းတော်သစ်တည်ဆောက်ပါတယ်။ နန်းတော်တည်ဆောက်ပုံအသေးစိတ်ကို မွန်ဘာသာနဲ့ ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့ပြီး ယခု" ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ " လို့ခေါ်ပါတယ်။

အဲဒိနန်းတည်ကျောက်စာဟာ ဗိသုကာပညာ ပန္နနက်တည်ဆောက်ပုံ စတာတွေထက် နေ့စဉ်စီမံတဲ့ အန္တရာယ်ကင်း လောကီအစီရင်တွေကိုသာ အသေးစိတ်မှတ်တမ်းတင်ထားခဲ့တာများပါတယ်။ ဒါဟာ ပုဂံခေတ်ဦးပိုင်းလောကီပညာအကြောင်းမှတ်တမ်းတင်ထားတဲ့ တစ်ခုတည်းသော အခိုင်မာဆုံး မှတ်တမ်းကျောက်စာဖြစ်ပါတယ်။

၎ နိုဝင်ဘာ ၁၁၀၁ မှ ၉ မေ ၁၁၀၂ အထိ နန်းတော်တည်ဆောက်ချိန် ၆ လကြာတယ်။ တည်ဆောက်ချိန်ခြောက်လဆိုပေမယ့် တည်ဆောက်မှုမှာ ပါဝင်သူတွေအားလုံးဟာ နေ့စဉ်ရက်ဆက်လုပ်ငန်းခွင်ဝင်ရတာမျိုးမဟုတ်ပါ။ လောကီပညာရှင် ဗေဒင်ပညာရှင် ပုဏ္ဏား ဟူးရားတွေရဲ့ တွက်ချက်မှုအရ အခါတော်ပေးတဲ့နေ့ရက်တွေအတိုင်းသာ တသဝေမတိမ်း လုပ်ရပါတယ်။ တည်ဆောက်ပုံအစ အဆုံးအသေးစိတ်ကို ဒေါက်တာသန်းထွန်းရဲ့ ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာစာတမ်းမှာဖတ်ပါ။ ဒီနေရာမှာတော့ စိတ်ဝင်စားစရာ လောကီအစီရင်တချို့ကိုသာရည်ညွန်းသွားပါမယ်။

၎ နိုဝင်ဘာ ၁၀၁၁ ။ ။ တည်ဆောက်မှုမှာပါဝင်တဲ့ သံပျင်ကြီး၊ သံပျင်ငယ်၊ ကလန် ၊ သူကြီး ၊ ယင်သင် ၊ ပုဏ္ဏား ၊ ဟူးရား ၊ ဗိသုကာ နဲ့ ဝေါထမ်းပုဏ္ဏား များ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ရတယ်။ မွန်လူမျိုး ၁၂၆ ယောက် ၊ မြေကာလသားအိုး ၁၂၀ ။ ဗိဿနိုး နတ်မင်းကိုပူဇော်။ ကောင်းမြတ်တဲ့အချိန်ကြရောက်ပြီလို့ စည်တီး။ နေ့သုံးဗဟိုရ် မှာတစ်ဆယ့်ခုနှစ်ဌာနတွေမှာရေဆေး။

၅ နိုဝင်ဘာ ၁၀၁၁ ။ ။ ရေဆေး ရေပက်တစ်ကြိမ်ထပ်ပြီးလုပ်။

၆ နိုဝင်ဘာ ၁၀၁၁ - ၂၄ ဇန်နဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၅ ဇန်နဝါရီ ၁၁၀၂ ။ ။ နောက်ထပ်တစ်ကြိမ် ရေဆေး ရေပက်လုပ်။

၂၆ ဇန်နဝါရီ ၁၁၀၂ - ၂၂ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၃ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ဝေါထမ်းပုဏ္ဏားများ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ပြီးရေခတ်ဆင်း။ ပန္နက်ရိုက် ရွှေကြိုးတား။

၂၄ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ တစ်ဗဟိုလ် တစ်နာရီ (စက်နာရီ ၉ နာရီ ၂၄ မိနစ်) မှာ အပြင်နက္ခတ်ကိုကြည့်ပြီး အတိတ်ကောင်း နိမိတ်ကောင်းဖတ်၊ စာနဲ့ရေး။ ရဟန်းတွေ ပရိတ်ရွတ်။

၂၅-၂၇ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၈ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ရွှေကာလသားအိုး ၈လုံး၊ ငွေကာလသားအိုး ၈လုံး၊ ကြေးကာလသားအိုး ၁၀၈လုံး။ ဓားလွယ်ကိုင်ထားတဲ့ မြန်မာနဲ့ အိုးကိုပွေ့ကိုင်မယ့်လူတွေက ပုဆိုးဖြူဝတ်ပြီး၊ ပေါင်းဖြူဆောင်း။

၁ မတ် ၁၁၀၂ ။ ။ နံနက် ၁၁နာရီ ၁၆ မိနစ်မှာ မဟာထေရ ၊ ရှင်အရဟံနဲ့ ပရိတ်ရွတ်သံဃာ ၈၁၀၈ပါးပရိတ်ရွတ် ၊ ခေါင်းဆောင် မဟာထေရှိပါးအတွက် ဖျာရှစ်ချပ်၊ ပန်းရေးပုဆိုး ၈ ထည်။ တူရွင်း ၈ ချောင်း။ ကာလသားအိုး ၁၀၈ လုံး။ ခရုသင်း ၁၀၈ခု။ ဖျာ ၁၀၈ ချပ်။ ပန်းရေးပုဆိုး ၁၀၈ထည်။ တူရွင်း ၁၀၈ ချောင်း။

၂ မတ် ၁၁၀၂ ။ ။ တနင်္ဂနွေနေ့ တစ်ဗဟိုရ်(နံနက် စက်နာရီ ၉နာရီတိတိ) ဥသျှစ်ရွက်နီဏ္ဍာန် ရွှေပြားခတ်တဲ့ အဆင်းတန်ဆာဝတ် ပုဏ္ဏားသမီးပျိုတွေက ချည်မျှင်ကိုယူပြီး ၊ သံဗျင်ပြဇျာ လင်္ကာရကတန်းထိုးပြီး ပန္နက်တိုင်တွေမှာရစ်ပတ်။

၃ မတ် ၁၁၀၂။ ။ကြေးကာလသားအိုး ၃၃ လုံး၊ ဖျာ ၃၇ ချပ်၊ ငှက်ပျောပွဲ ၃၇၊ ကာလသာရေအိုး ၁၄၈ လုံး၊ ရွှေပန်း ၃၇ ကုံး၊ ဆီမီး ဒေါင်းလန်း ၃၇ခု၊ သံဘုတ်ဒေါင်းလန်း ၃၇ ၊ နေစာမြက်ထည့် ခရုသင်း ၃၇ လုံး။

၎ - ၆ မတ် ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၇ မတ် ၁၁၀၂ ။ ။ နန်းတော် ၁၀ ဌာနမှာ ရွှေပြား၊ ငွေပြား ၊ ကြေးပြား သုံးပြားစီ မြေမှာမြှုပ်နှံ ။ တိုင်ထူဖို့ တူးထားတဲ့တွင်းထဲမှာ ရွှေပြား ၊ ငွေပြား ၊ ကြေးပြား တွေကိုဖြန့်ခင်း။ အစီရင်အားလုံးပြည့်စုံကြောင်း ပုဆိုးပေါ်မှာရေးပြီး၊ တိုင်ရင်းမှာ ပုဆိုးကိုထုပ်စည်း။

၈ မတ် ၁၁၀၂ ။ ။ စနေနေ့ သုံးဗဟိုရ် ( စက်နာရီ ညနေသုံးညာရီ ) သံဗျင် ကကာင်္သူရ် ၊ သံဗျင် ရာဇိသူရ်၊ သံဗျင် ရိပုသဒ္ဒနော၊ သံဗျင် မဟာဆတ္တိ၊ သံဗျင် သံဗျင်ပြဇျာ လင်္ကာရ ၊ ပုဏ္ဏား ဟူးရားတို့က နန်းရင်ပြင်လေးဘဲအစပ်မှာ နိဓိ(ရတနာအိုး) ကိုပုဆိုးဖြူထုပ်ပြီးမြှုပ်။

၉-၁၁ မတ် ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၁၂ မတ် ၁၁၀၂ ။ ။ ပြာသာဒ်ကြီးကြငှန်းတိုင် တွင်းတူး။ ခပြင်ဆင်ကပ်တိုင် လေးတိုင်စိုက်။ ၃ ဗဟိုရ် ၂ နာရီ (စက်နာရီ ညနေ ၅ နာရီ) မှာထောင့်တိုင်တွေစိုက်ထူ။

၁၃ မတ် ၁၁၀၂ ။ ။ သောကြာနေ့ နံနက်စောစော ၅ နာရီ ( စက်နာရီ ၇ နာရီ ) လှေကားလေးဖက်တပ်ဆင်။ အရပ် ဆယ်မျက်နှာကို ရှစ်ခိုး။

၁၄ မတ် - ၆ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၇ ဧပြီ ၁၁၀၂ ။ ။ တနင်္လာနေ့ လေးဌာနဘေးတိုင်တွေကို ထွင်းဖောက်။

၈ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၉ ဧပြီ ၁၁၀၂ ။ ။ ဗုဒ္ဓဟူးနေ့ သီဟန ပလ္လင်ထားဖို့ရာ ပြသာဒ်ကြီး လေးမျက်နှာ လှေကားတပ်ဆင်။

၁၁ ဧပြီ ၁၁၀၂ ။ ။ လှေကားတပ်ဆင်ပြီး။

၁၂-၁၅ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၁၆ ဧပြီ ၁၁၀၂ ။ ။ ဗလိနတ်စာကျွေး ၊ ဗိဿနိုးနတ်မင်းပူဇော်။

၁၇-၂၄ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၅ ဧပြီ ၁၁၀၂ ။ ။ သောကြာနေ့ တိုင်ဖို ၊ တိုင်မအားလုံးစိုက်ထူပြီး။

၂၆ ဧပြီ - ၅ မေ ၁၁၀၂ ။ ။ ပူဇော်ပွဲထပ်လုပ်။

၉ မေ -၁၁၀၂ ။ ။ ဗိဿနိုးနတ် ပူဇော်။ သီဟန ပလ္လင်အချောသတ် ပြီးစီး၊ ရွှနန်းတော်တည်ဆောက်မှုအပြီးသတ်။

အထက်ဖော်ပြပါအချက်တွေဟာ နန်းတော်တည်ဆောက်မှုလုပ်ငန်းတွေထဲကမှ စိတ်ဝင်စားစရာတချို့ ဖြစ်ပါတယ်။ နန်းတည်ကျောက်စာအရ နန်းတော်တည်ဆောက်မှုဖြစ်စဉ်တစ်ခုလုံးကို လေ့လာတဲ့အခါ လောကီအစီရင်တွေကသာလွမ်းမိုးထားတာတွေ့ရပါတယ်။

ထီးလှိုင်မင်းဟာ ပိဋကတ် သုံးပုံအလှူရှင် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ရှင်အရဟံလို ဆရာကောင်း မျိုးအနားမှာရှိနေပါလျှက် နန်းတော်ဆိုင်ရာ အခန်းနားတွေမှာ လောကီအစီရင်တွေကို ပိုပိုသာသာ ဦးစားပေးဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။

၇ မတ် ၁၁၀၂ မှာတော့ နန်းတော် ၁၀ ဌာနမှာ ရွှေပြား၊ ငွေပြား ၊ ကြေးပြား သုံးပြားစီ မြေမှာမြှုပ်နှံတယ် ။ တိုင်ထူဖို့ တူးထားတဲ့တွင်းထဲမှာ ရွှေပြား ၊ ငွေပြား ၊ ကြေးပြား တွေကိုဖြန့်ခင်းပြီးမြှုပ်ပြန်တယ်။ အစီရင်အားလုံးပြည့်စုံကြောင်း ပုဆိုးပေါ်မှာရေးပြီး၊ တိုင်ရင်းမှာ ပုဆိုးကိုထုပ်စည်းထားတယ်။ အလွယ်ပြောတော့ ဒါဟာ နန်းတော်သစ်တည်ဆောက်ရာမှာ " အင်း " ချ တာဖြစ်ပါတယ်။

လူပြောသူပြောများလှတဲ့ လူသတ်ပြီးစတေးတာမျိုးတော့ မတွေ့ရပါ။ သို့ပေမယ့် မြန်မာ့သမိုင်းမှာ ဒီမင်းဟာ နန်းတော်သစ်တည်ဆောက်ရာမှာ လောကီပညာတွေကို ဦးစားပေးဆောင်ရွက်စေတဲ့ ပထမဦးဆုံး မင်းအဖြစ်မှတ်တမ်းဝင်ပါတယ်။

ဆက်ရန်........................