8/9/10

မင်းတို့ ကျင့်ရာသော သင်္ဂဟတရားလေးပါးအကြောင်း



မင်းတို့ ကျင့်ရာသော သင်္ဂဟတရားလေးပါးအကြောင်း

စတုက ၌ ရေမြေသေဌ်နင်း မင်းတို့ သည် တိုင်းနိုင်ငံသူ လူအပေါင်းတို့အား သဂြိုဟ်ချီးမြှောက်ကြောင်း သင်္ဂဟတရားလေးပါး အပြားရှိ၏။ လေးပါးဟူသော်ကား - သဿမေဓ ၊ ပုရိသမေဓ၊ ဝါစာပေယျ ၊ သမ္မာပါသ - ဟူ၍ လေးပါးအပြားရှိ၏။ ဤသင်္ဂဟတရား လေးပါးတို့ဖြင့် ရေမြေသေဌ်နင်း မင်းတို့သည် တိုင်းနိုင်ငံသူ လူရှင်အပေါင်းတို့ကို သဂြိုဟ်ချီးမြှောက်ကုန်ရာ၏။

ထို့ ကြောင့် အဂုင်္တ္တရ သက္ကတနိပါတ်အဋ္ဌကထာ၊ သုတ္တနိပါတ် အဋ္ဌကထာများ၌-

" ပေါရာဏက ဓမ္မိကရာဇကာလေ ကိရ သဿမေဓံ ပုရိသမေဓံ သမ္မာပါသံ ဝါစာပေယျ န္တိ စတ္တာရိ သင်္ဂဟဝတ္တူနိ အဟေသုံ၊ ယေဟိ ရာဇာနော လောကံ သင်္ဂဏှိံသု" ဟူ၍လာသည်။

ပေါရာဏက ဓမ္မိကရာဇကာလေ၊ ရှေး တရာစောင့်ကုန်သော မင်းတို့လက်ထက်၌။ သဿမေဓံ ၊ သဿမေဓလည်ကောင်း။ ပုရိသမေဓံ၊ ပုရိသမေဓလည်းကောင်း။ သမ္မာပါသံ။ သမ္မာပါသလည်းကောင်း။ ဝါစာပေယျံ၊ ဝါစာပေယျ လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တရိ၊ လေးပါးကုန်သော။ သင်္ဂဟဝတ္တူနိ၊ သင်္ဂဟဝတ္တူတို့သည်။ အဟေသုံ ကိရ၊ ဖြစ်ကုန်သတတ်။ ရေဟိ၊ အကြင်သင်္ဂဟဝတ္တူတို့ ဖြင့်။ ရာဇာနော၊ မင်းတို့ သည်။ လောကံ၊ တိုင်းနိုင်ငံသူ လူအပေါင်းကို။ သင်္ဂဏှိံသု၊ သဂြိုဟ်ချီးမြှောက်ကုန်၏။

သဿမေဓ ။ ။ ထိုလေးပါးတို့တွင် ကောက်ပဲ အစရှိကုန်သော အခွန်အတုတ်တို့ကို ဆယ်ဘို့ တဘို့ သာ ခံယူခြင်းသည် သဿမေဓမည်၏။ ကောက်ပဲအစရှိကုန်သော အခွန်အတုတ်ပြီးစေခြင်း၌ ပညာနှင့်ယှဉ် ဟူလိုသည်။

ပုရိသမေဓ ။ ။ သူရဲ သူခက်တို့အားခြောက်လတကြိမ် ထမင်းမျိုးရိက္ခာ ဖြစ်စေခြင်းသည် ပုရိသမေဓမည်၏။ သူရဲ သူခက်တို့အား သဂြိုဟ်ချီးမြှောက်ခြင်း၌ ပညာနှင့်ယှဉ် ဟူလိုသည်။

သမ္မာပါသ ။ ။ သူဆင်းရဲတို့လက်၌ စာရင်းတင်ထား၍ အသပြာတထောင်၊ နှစ်ထောင်မျှလောက်သော ကြေးငွေ ဥစ္စာပေးနှင့်၍ သုံးနှစ်လည်မှ အတိုးအပွါးမရှိ အရင်းအတိုင်းသာ ခံယူခြင်းသည် သမ္မာပါသ မည်၏။ လူတို့ ၏ နှလုံးကို ကျော့ကွင်းဖြင့် ဘွဲ့၍ထားဘိသကဲ့သို့ မြဲစွဲစေသဖြင့် သဂြိုဟ်မစသည် မည်၏ ဟူလိုသည်။ ထမ်းပိုးခံယူခြင်းသည် သမ္မာပါသမည်၏ဟူသည်ကား ယခင် အဋ္ဌကထာများနှင့် ၄င်း အဘိဓာန်ဋီကာနှင့်၎င်း မညီလေ။

ဝါစာပေယျ ။ ။ မှူးမတ် ကလန် သံပျင် အစရှိကုန်သောသူတို့ကို အမောင်ဦးရီး စသည်ဖြင့်သာယာချေငံစွာ ခေါ်ဝေါ်ပြောဆိုခြင်းသည် ဝါစာပေယျ မည်၏။ ချစ်ကြည်မြတ်နိုးဘွယ်သော စကားဖြင့် သဂြိုဟ်မစသည် ဟူလိုသည်။


ရွှေနန်းသုံးဝေါဟာရအဘိဓာန်ပြုစုသူ ဦးမောင်မောင်တင်



(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )

8/8/10

ရွှေနန်းသုံးဝေါဟာရ အဘိဓာန်


ဦးမောင်မောင်တင် ပြုစုတဲ့ ရွှေနန်းသုံးဝေါဟာရ အဘိဓာန် ကျမ်းပါ ဝေါဟာရရှင်းလင်းချက်တွေကို အပိုင်းလိုက်ဖော်ပြချင်ပါတယ်။ တစ်အုပ်လုံးကို PDF ဖိုင် E-book လုပ်ဖို့ အချိန်မပေးနိုင်သေးပါ။ ဒီတော့ စာအုပ်ထဲက စကားလုံး ဝေါဟာရ ရှင်းလင်းချက်တွေကို သင့်သလိုအပိုင်းလိုက် ရေးလိုက်၊ တင်လိုက်လုပ်ပါမယ်။ ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " တာကြောင့် အကြောင်းအရာ ၊ ရှင်းလင်းချက် ၊ စကားလုံး ၊ အယူအဆ ၊ အမှား အမှန် စတာတွေဟာ ရှေးမြန်မာဘလော့ဂါနှင့်မသက်ဆိုင်ပါ။

ရွှေနန်းသုံးဝေါဟာရ အဘိဓာန်
ပဌမတွဲ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁- ဧကရာဇ်မင်းမြတ်အကြောင်း

မင်းဧကရာဇ် ဟူသည်မှာ - ဧကသဒ္ဒါ-တခုဟော အနက်၊ အတုမရှိအမြတ်ဟူသော အနက်များကိုရသည်။ အတုမရှိ မြတ်သောမင်း ဆိုလိုသည် အဓိပ္ပါယ်ယူရမည်ဟူ၍ ရာဇသေဝကဒီပနီကျမ်းက ဆိုသည်။

ဧကရာဇ်မင်းမြတ်တို့ ဆောင်ရွက်တော်မူမြဲကိစ္စမှာ တနေ့ သုံးယံ ညီလာခံခြင်း၊ တိုင်းရေးပြည်မူ , သာသနာမှုနှင့်တကွ ကိုယ်တော်ရေးမှစ၍ တိုင်ပင်တော်မူသင့်သည်များကို တိုင်ပင် နှီးနှောတော်မူခြင်း၊ ရာဇဂုဏ် ၈ ပါးတို့နှင့် အမြဲပြည့်စုံကြောင်း အမြဲအားထုတ်တော်မူခြင်း၊ မင်းနှင့်ဆိုင်သော သင်္ဂဟတရား လေးပါး, သူခပ်သိမ်းတို့နှင့်ဆိုင်သော သင်္ဂဟတရားလေးပါးတို့နှင့် ပြည့်စုံတော်မူအောင် အားထုတ်တော်မူခြင်းများသည် မင်း၏ မြဲသောအလုပ်ကိစ္စ မှတ်သင့်ချေသည်။

(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )

7/26/10

မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ

စာရေးဆရာကြီး မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ စာအုပ်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ မြန်မာကျူးပစ်က ရလာတယ်ထင်တာဘဲ။ http://www.mediafire.com/?78omx5r074motz9

7/25/10

မ္လယ်တာ ( ဝါဆို )

မြန်မာ ပြက္ခဒိန်ရဲ့ စတုတ္တမြောက်လဟာ ဝါဆို လဖြစ်တယ်။ ပုဂံခေတ်ကျောက်စာတွေမှာတော့ ' မ္လယ်တာ' ဆိုပြီး ရေးလေ့ရှိတယ်။ ဒီလနှင့်ပတ်သက်ပြီး မတူခြားနားတဲ့ အယူဆသုံးမျိုးတွေ့ရပါတယ်။

၁။ မ္လယ်တာ သည် ပါဠိစကား " မလွယ်တာ" ကနေဆင်းသက်တယ်။ ' မလွယ်' ရဲ့ အဓိပ္ပာယ်က မာလောနွယ် ဖြစ်ပြီး 'တာ' ရဲ့အနက်က တွယ်တက်/တွယ်တာ ဖြစ်တယ်။ ဒါကြောင့် မ္လယ်တာ ( ဝါဆို ) ဆိုတာ မာလောနွယ်တို့ တွယ်တက်သောလ ဖြစ်တယ်လို့ဆိုတယ်။ မှန်မယ်မထင်ပါ။ ရှေ့လဖြစ်တဲ့ နံယုန်လမှာ မိုးအနည်းငယ်ရွာခဲ့ပြီးဖြစ်တာမို့ မာလောနွယ် တင်မကပါဘူး ရှိရှိသမျှ နွယ်ပင်တွေပါ နီစပ်ရာကို တွယ်တက်ကြမှာပါဘဲ။ နောက်ပြီး မာလောနွယ်အကြောင်းရေးထားတဲ့ မှတ်တမ်း၊ ကျောက်စာမတွေ့ရပါ။ ၁၉၆၂ ခုနှစ် နိုဝင်ဘာမှာ ပုဂံ ဦးချစ်စ ယာကုန်းကတူးဖော်ရရှိတဲ့ မြေပုံဘုရားတွေမှာ ပုဂံခေတ်က အရေးပါတယ်လို့ ထင်ရတဲ့ အပင်ပေါင်း ၅၃ ပင်ရဲ့အမည်တွေရေးထားတယ်။ ' မာလောနွယ် ' မပါ။ ဒါကြောင့် မ္လယ်တာ ( ဝါဆို ) ဆိုတာ မာလောနွယ်တို့ တွယ်တက်သောလလို့ေ ပြာတာ မှန်မယ်မထင်ပါ။



၂။ မ္လယ်တာ ရဲ့ တိုက်ရိုက်အဓိပ္ပာယ် ဟာ ' မြေတာ ' ဖြစ်တယ်။ မ္လယ် ရဲ့အနက်က ' မြယ် > မြေ ဖြစ်ပြီး ' တာ' ကတော့ ' တိုင်းတာ ' ခြင်းကိုဆိုလိုတာပါ။ ဒါကြောင့် လယ်မြေကို တိုင်းတာသောလ( ဝါဆိုလ ) ဖြစ်တယ်လို့ ဆိုပါတယ်။ ပျိုးပင် တွေကို ပြောင်းစိုက်ဖို့ ရာ ထွန်ယက်ထားတဲ့ လယ်မြေကိုတိုင်းတာမှုတွေလုပ်ကြတဲ့အချိန်ကာလ ဖြစ်တယ်လို့ ဆိုလိုဟန်ရှိတယ်။ မိုးရွာပြီး လယ်ကွက်ထဲကျန်နေတဲ့ ရေ တွေအပြင်ကို စီးထွက်မသွားစေဖို့ ရာ ' တာဘောင်' (ကန်သင်း) ဖော်ရတဲ့အချိန်ကာလလို့ ယူဆရင်လည်း ဖြစ်နိုင်ပါတယ်။

စူဋ္ဌာမုဏိ ( ၇၄၈/၃၆၄) ရှိ အင်းဝခေတ်ဟန် နံရံဆေးရေးပန်းချီ
Photo by Detengase @ flickr.com

၃။ ဝါဆိုလဟူသည် သံဃာတော်တို့ မိမိတို့ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင်သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလဟုခေါ်သည်။ မြတ်စွာဘုရားလက်ထက် ဘိက္ခု ဘိက္ခုနီမတို့ဟာခုလို မိုးရာသီအခါမျိုးမှာ အရပ်တပါးကို ခရီးထွက်ရာမှာ လူတွေစိုက်ပျိုးထားတဲ့အပင်တွေအပါဝင် စိမ်းစိုနေတဲ့ အပင်တွေပျက်ဆီး ရသလို အဲဒိအပင်တွေမှာ တွယ်ကပ်နေတဲ့ ပိုးမွားတို့ကို ဖျက်ဆီး သေကျေစေတယ်လို့ ဝေဖန်ပြောဆိုတယ်။ ဒါကိုအကြောင်းပြုပြီး ဘိက္ခု ဘိက္ခုနီမ အပါဝင် သံဃာသည်မိုးတွင်း ၌ ဒေသစာရီ လှည့်လယ်သွားလာလျှင် ပါစိတ် အာပတ်သင့်၏ ဆိုပြီး တားမျက်ပါတယ်။ ဒါကြောင့်' ဣမသိံ္မ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ ' ဟူ၍ ရွတ်ဆိုပြီး မိုးတွင်းသုံးလပတ်လုံး ကျောင်းအရပ်မှမခွါဘဲ သီတင်းသုံးပါမည်ဟု အဓိဋ္ဌာန်ပြုရသည်။
( မောင်ထင် ၊ ဆယ့်နှစ်လရာသီ )

မ္လယ်တာကို ဘယ်တုန်းကစပြီး ဝါဆိုလို့ ခေါ်သလဲဆိုတာမပြောတတ်ပါ။ ပုဂံခေတ်ကျောက်စာတွေမှာ ဒီလိုအခါသမယမျိုးကို ဝါဆိုလလို့မရေးဘဲ ' မ္လယ်တာ ' လို့ရေးလေ့ရှိတယ်။ သီဟိုဠ် ကနေ ဗုဒ္ဓကျမ်းဂန်တွေအများဆုံးရောက်ရှိခဲ့တဲ့ ' အဝ (အင်းဝ) ' ခေတ်ဖြစ်မယ်လို့ ထင်တယ်။




လက်သစ် ပုဂံ
Photo by Bodhi @ flickr.com

စာရေးဆရာကြီး မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ စာအုပ်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ မြန်မာကျူးပစ်က ရလာတယ်ထင်တာဘဲ။ http://www.mediafire.com/?78omx5r074motz9

7/19/10

အာဇာနည်နေ့

အာဇာနည်နေ့ အထိမ်းမှတ် အဖြစ်တင်မယ်လို့စိတ်ကူးပြီး သိမ်းထားခဲ့ပါတယ်။ ဒီပုံကို ဘယ်နေရာက ရခဲ့မှန်း မမှတ်မိတော့ပါ။