5/12/12

ကျန်စစ်သား အတွက် မေးခွန်း ၇ ချက်

ကျန်စစ်သားအကြောင်းနည်းနည်းပြောချင်လာတယ်။ ငယ်ငယ်က သမိုင်းဖတ်စာတွေမှာ ကျန်စစ်သား ( ထီးလှိုင်မင်း ) အကြောင်းလေ့လာရာမှာ အကောင်းတွေချည်းတွေ့ရတယ်။ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့အကြောင်းပြောတော့ ရေကူး၊ လယ်ထွန် ၊ ထန်းတက် သိပ်တော်တယ်လို့ပြောတယ်။ ကျန်စစ်သားရဲ့ စွမ်းရည်ကတော့ ဒီလိုမဟုတ်ဖူး ကြံရည် ဖန်ရည်ကောင်းတယ်၊ စစ်ရေး ကြွမ်းကျင်တယ်ဆိုပြီး ပြောတယ်။ အဲဒါတော့ ဖြစ်နိုင်ခြေရှိတယ်။ ရှင်းရှင်းပြောတော့ ခေါင်းဆောင်မှုစွမ်းရည်ရှိတယ်လို့ နားလည်ပါတယ်။

ကျန်စစ်သားဟာ သမိုင်းဖတ်စာထဲဝင်လာကတည်းက နာမည်ကောင်းလက်မှတ်ကိုင်ပြီးလာတယ်။
 ပြန်ထွက်သွားတော့လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ရှေးရှူပြီး သားအရင်းကိုတောင် နန်းမွေမပေးဘဲ မြေးကိုထီးမွေ နန်းမွေပေးရစ်ခဲ့တာဆိုတော့ သိပ်အမျှော်မြင်ကြီးတဲ့မင်းပေါ့။ သူ့စကားအတိုင်း ပြောရရင်တော့ ကောင်းလျောင်တေး ကောင်းလျောင်တေးပေါ့။
ဒီတော့ မကောင်းတာတွေ ဘာရှိလဲလို့ ကတ်သီးကတ်ဖဲ့ စဉ်းစားကြည့်ရအောင်။

အနော်ရထာ ခေါ် အနိရုန္ဓပြီးနောက် စောလူး ခေါ် မင်းလုလင် နန်းတက်တယ်။ ဘွဲ့အမည် ဂြီဝဇြာဘရံဏ တြိဘုပတိ (၁၀၇၇-၁၀၈၄) ဖြစ်ပြီး ကျက်သရေရှိသော မိုးကြိုးအရှင် သုံးလူ့သခင်ဆိုတဲ့အနက်ဖြစ်တယ်။ ကျမ်းထဲကတိုင်းဆိုရင်တော့ သောက်စားမူးရစ် ၊ အပေါင်းသင်းမှားတော့ မင်းဖြစ်လျှက်နဲ့ အဖမ်းချုပ်ခံရတယ်။ အမတ်တွေက ကျန်စစ်သားကို မင်းအဖြစ်တင်။

ကျန်စစ်သားက မင်းမဖြစ်လိုလို့ သွားပြီးကယ်။ စောလူးက မယုံလို့ မလိုက်။ မလိုက်တော့ ခွေးသေသလိုသေနေရစ်တော့ ဆိုပြီးပြန်လာခဲ့တယ်။ ပြီးတော့ အားလုံးသဘောတူညီချက်အရ မင်းအဖြစ်ခံယူ။ ရှင်းရှင်းပြောတော့ ကျန်စစ်သားဟာ ခေါင်းဆောင်ကောင်းပီသတယ်။ သဘောထားကြီးတယ်။ လက်ရုံးရည် နှလုံးရည်ကောင်းတယ်။ ကျန်စစ်သားအကြောင်း စ ကတည်းက ရာဇဝင်ကျမ်းကဒီလိုလာတယ်။

ကျန်စစ်သား ခေါ်ထီးလှိုင်မင်း နန်းတက်တော့ ငတပါးမင်းတို့ ထုံးစံအတိုင်း ဗျာဒိတ်ရမင်းဖြစ်ဆိုပြီးပြောတယ်။ ရွာသူကြီးအဆင့်ကနေ အရည်ချင်းရှိလို့ မင်းဖြစ်လာတာထက် ဗျာဒိတ်အရ မင်းဖြစ်ရတာကို ပိုပြီးနှစ်သက်ပုံရတယ်။ ရှေ့ကမင်းတွေထက်ကြီးကျယ် မြင့်မြတ်ချင်တော့ သုံးလောကရဲ့ နေတရာမင်းလို့ အဓိပ္ပါယ်ရတဲ့ ဂြီတြိဘုဝနာဒိတြ ဓမ္မရာဇ ဆိုတဲ့ဘွဲ့အမည်ခံယူတယ်။ ဘွဲ့နာမည်နှင့် ညီအောင်ဆိုပြီး ၅ ဩဂုတ် ၁၁၉၁ ရက်စွဲပါ ပြည်ရွှေဆံတော်ကျောက်စာမှာ ပြောထားတာက အဖေနေမျိုး အမေ ဝါးမျိုး ဆိုပြီးမှတ်တမ်းရေးစေတယ်။ ပိဋက သုံးပုံ အလှူရှင်ဖြစ်ပါလျှက် ရှင်အရဟံလို ဆရာကောင်း အနားမှာရှိနေပါလျှက် ဒီလိုပြောတာတော့ သိပ်မကောင်းပါ။ ရှင်းရှင်းပြောတော့ မိရင်း ဖရင်းကို လူရာမသွင်းတဲ့သဘောပေါ့။ ဤကား မကောင်းကြောင်း နံပါတ် တစ်။

ရှေးကရေးတယ်ဆိုတဲ့ ရာဇဝင်ကျမ်းကြီးတစ်စောင်မှာ နဂါး နှင့် နတ် ညားတဲ့အခါ လူဖြစ်တာကို နောက်ရေး ကျမ်းကလိုက်ပြင်သယ်။ ဒါကိုနောက်ရေး ရာဇဝင်ကျမ်းက နဂါး နှင့် နတ် ညားတဲ့အခါ နာဂါးသော်လည်းကောင်း နတ်သော်လည်းကောင်းဖြစ်ရမယ် လူတော့မဖြစ်နိုင်၊ ဒါဟာ ရုပ်တိမရှိဘူးဆိုပြီး ငြင်းချက်ထုတ်တယ်။ ဒီလိုပြောတော့ ဟုတ်တာဘဲဆိုပြီး နောက်ထပ်ရေးတဲ့ ရာဇဝင်ကျမ်းကြီးတစ်စောင်က ထောက်ခံပြန်တယ်။ ဒီနေရာမှာ ကျန်စစ်သား ( ထီးလှိုင်မင်း ) က အဖေနေမျိုး အမေ ဝါးမျိုးလို့ ပြောတဲ့အခါ ဘယ်ရာဇဝင်ကျမ်းကမှ ဒါကိုထောက်မပြဘဲ ရေငုံနှုပ်ပိတ်နေခဲ့တာတွေ့တယ်။

လူတချို့ကပြောတယ်။ နေမျိုးဆိုသည်မှာ စစ်သား ၊ ဝါးမျိုးဆိုသည်မှာ ယွန်းသည်တဲ့။ ဟုတ်မယ် မထင်ပါ။ ဒီလိုပြောရင် ပုဂံသူ ပုဂံသားတွေအကုန်လုံး နေမျိုး ၊ ဝါးမျိုးလို့ ဝိုင်းပြောကြမှာပေါ့။ ဒါပေမယ့် မင်းတွေဟာကိုယ့်ကိုကိုယ် နေမျိုး ကဆင်းသက်တယ်ဆိုတဲ့ အယူဆဟာ အာရှ နှင့် အရှေ့အလယ်ပိုင်း မင်းတွေပါပြောလေ့ရှိတာတော့ သတိမူရပါမယ်။ ဂျပန်ဆိုရင် ဒီအယူဆကို ၂၀ ရာစုအစောပိုင်းကာလအထိ ဖက်တွယ်ထားတုန်းရယ်ပါ။

နောက်ပြီး ရာဇဝင်ထဲကအတိုင်းဆိုရင် ပဲခူးကို စစ်ကူသွားပြီး ပြန်တော့ အနိ ရုန္ဓ ကိုဆက်တဲ့ မဏိစန္ဒာ မင်းသမီးလေး ပါလာတယ်။ ဒါကို ကျန်စစ်သားက လမ်းမှာ ဖြတ်ခုတ်တယ်။ ဒါပေမယ့် ရာဇဝင်တွေထဲမှာဒီအကြောင်းပြောတော့ ဒါဟာ လူ့သဘာဝမို့ အပြစ်မဆိုသာ ဘာညာပေါ့။ အပြစ်မပြော။ တချို့ ရုပ်ရှင်တွေထဲမှာဆိုရင်တော့ မဏိစန္ဒာကဘဲ ရေလာမြောင်းပေးလုပ်သလိုလို၊ အကြည့်နက်နက်တွေနှင့် ဟိုဒင်းပစ်သလိုလိုတောင် ပါသေး။ ထားပါတော့။ ကျန်စစ်သား - မဏိစန္ဒာ အဖြစ်ပျက်ကို ရှင်းရှင်းပြောတော့ ကိုယ့်အရှင်သခင်အတွက် ရည်ရွယ်ထားတဲ့ မင်းသမီးကို အပိုင်ကြံတာပေါ့။ ဤကား နံပါတ် နှစ်။ ( အဲဒီအကြောင်း သီချင်းရေးပြီး စပ်ဆိုတဲ့အခါမှာတော့ သိပ်လူကြိုက်များပါတယ်၊ သနားစရာ ဇာတ်လမ်းတစ်ပုဒ်ပေဘဲပေါ့)

အနိရုဒ္ဓဟာ သာသနာကို မြှောက်စားတယ်၊ သူရဲကောင်းတွေကို ချီးမြှောက်တယ်၊ နိုင်ငံရဲ့ စီးပွါးရေး စစ်ရေးကို တိုးတက်အောင်လုပ်တယ်။ သထုံအပါဝင် နယ်ပယ်အတော်များများကို တိုက်ခိုက်သိမ်းယူပြီး နိုင်ငံတော် တိုးတက်ကျယ်ပြန့်ပြီး အင်အားကြီးတဲ့ နိုင်ငံအဖြစ်ထူထောင်တယ်။ ကျန်စစ်သား ဘာလုပ်လဲကြည့်ရအောင်။ မင်းဖြစ်ပြီးကတည်းက မင်းစည်းစိမ်ခံစားတယ်။ အနိရုဒ္ဓခေတ်မှာ အရှိန်ကောင်းခဲ့တဲ့ စစ်အင်အား နှင့် နယ်မြေသစ်ပိုင်ဆိုင်မှုတွေအကုန်လုံး ကျန်စစ်သားလက်ထက်မှာ ရုတ်ချည်း ရပ်တန့်သွားတယ်။ မဟာအင်အားကြီးနိုင်ငံအဖြစ် ဦးတည်ပြီးလုပ်ခဲ့တဲ့ အရှိန်ပျက်ပြီး ရှိတဲ့နယ်မြေ ကိုပါထိပါးခံရတဲ့အဖြစ်ပါ။ ဤကား နံပါတ် ၃။

ဒီလိုပြောတော့ မတရားရာကျသွားလား။ သမိုင်းဖတ်စာမှာ သင်ရတယ်။ ဘယ်လက်က စားစရာ၊ ညာလက်က အဝတ်ထည်ဆိုလား သိပ်မမှတ်မိပါ။ ကျောက်စာထဲမှာ ပါတာကိုဘဲပြောမယ်။ ကျန်စစ်သားပြောတာက ငါ့လက်ထက်မှာ အချိန်ခါမလပ် ပန်းများပွင့်၍ ကျေးငှက်သာရကာတို့ တူမတူထူးခြား ပျော်မြှူးကျက်စားကြတယ်။.

စစ်ဒါဏ်ကြောင့် ရပ်ဝေမြေခြားရောက်နေကြရတဲ့လူတွေကို နေရပ်ပြန်ရောက်အောင် ဆောင်ယူတယ်။
 ဟောင်းနွမ်းပျက်စီးနေတဲ့ ဘုရား ကန်ကျောင်းတို့ကို သထုံ ၊ ကျောက်ဆည် နှင့် ဗုဒ္ဓဂါယာပါမကျန် လူလွတ်ပြီး ပြုပြင်တယ်။ ပိဋကတ်သုံးပုံကို ပြုစုတယ်။ တမီးကျေး ကုလားဆီ ဗုဒ္ဓစာပေ အချို့ပေးပို့ပြီး သာသနာပြုတယ်။

စသဖြင့် စသဖြင့် ကျောက်စာပါ အချက်လက်တွေဟာ ' ဘယ်လက်က ဘာပေး၊ ညာလက်က ဘာပေး ' ဆိုတာတွေထက် ပိုပြီး အရေးကြီးအသုံးဝင်တယ်။ ဒါတွေချည်းလုပ်နေတော့ ရန်သူဟောင်း နန်ကျောက်(နန်းစော)တွေ မြန်မာပြည်ထဲပြန်ဝင်လာတာ မန္တလေးအရပ်ထိရောက်မှ ကျန်စစ်သားသိပြီး မြေးဖြစ်သူနဲ့ အလူးလဲ ခုခံကာကွယ်တိုက်ခိုက်လိုက်ရတယ်။
 စောစောက ပြောတဲ့အလုပ်တွေ နှင့် ရှုပ်နေလို့လားမသိပါ ။ အင်အားအင်မတန် ကျဆင်းနေပြီး ဖြစ်တဲ့ နန်ကျောက်လက်ကျန်တွေရဲ့ သွေးတိုးစမ်းတာ ခံရလောက်အောင် တိုင်းပြည်ကာကွယ်ရေးမှာ လက်ဟင်းလာတာတွေ့တယ်။ ဤကား နံပါတ် ၄ ။

ကျန်စစ်သား နန်းတက်ပြီး တစ်ဆယ့်ခုနှစ်အကြာမှာ နန်းတော်သစ် တည်ဆောက်တယ်။ မင်းနေပြည် ပုဂံမှာ မီးလောင်တော့ ဘုရင့်နန်းတော်ပါ မီးထဲပါသွားလို့ အသစ်ဆောက်တယ်လို့ ပညာရှင်တချို့ကပြောတယ်။ အဲဒီအဆို မှန်/မမှန် သေချာမပြောနိုင်ပေမယ့် ဘုရင်ကိုယ်တိုင် မီးထဲပါသွားလို့ကတော့ သမိုင်းတဆစ်ချိုးပြောင်းသွားနိုင်တယ်။ နန်းတော်သစ်ဆောက်တော့ လောကီပညာရှင် အခါပေး ပုဏ္ဏားတွေ ရဲ့တွက်ချက်မှုတွေကို အင်မတန်အလေးထားတယ်။ အခါတော်မပေးတဲ့ နေ့တွေကို နန်းတော်ဆောက်အလုပ်သမားတွေ အမိန့်မရလို့ အလုပ်မဆင်းရဘူး။

အနိ ရုဒ္ဓခေတ်မှာ အားကောင်းနေပြီဖြစ်တဲ့ ဗုဒ္ဓသာသနာဟာ နောက် အနှစ် ၂၀ လောက်ကြာတဲ့အခါ တိုးတက်တည်ငြိမ်လာရမှာ ဖြစ်ပေမယ့် ဘုရင် ကိုယ်တိုင် လောကီအစီရင်တွေကို သိပ်အလေးပေးလုပ်ဆောင်တာတွေ့ရတယ်။ ပိဋကတ်သုံးပုံအလှူရှင်ဖြစ်ပါလျှက် ရှင်အရဟံလို ဆရာကောင်းမျိုး အနားမှာရှိပါလျှက်နှင့် နန်းတော်ဆောက်ရာမှာ ဗိဿနိုးနတ်ကို နေ့စဉ်ရက်ဆက်ပူဇော်တယ်။ ဗလိနတ်စာကျွေးတယ်။ နန်းတော်ရာ တိုင်ခြေတွေမှာ အင်း ချတယ်။ နဂါးကို ပူဇော်တယ်။ ဒါတွေဟာ ဗုဒ္ဓသာသနာဟာ နဲ့မဆိုင်တာတွေကို လုပ်နေဆဲဖြစ်တာတွေ့ရတယ်။ ဤကား နံပါတ် ၅။

ပုဂံ မင်းတွေထဲမယ် ပုပ္ပါးစောရဟန် (စဝ်ရဟန်) ဆိုတဲ့မင်း တူရွင်းတောင်မှာကောင်းမှု လုပ်တဲ့အကြောင်း မှတ်တမ်းအဖြစ် ကျောက်စာပိုင်းကျိုး တစ်ခုရတယ်တဲ့။ ကျနော်မမြင်ဖူးပါ။ ဖတ်ဖူးတာပါ။ အဲဒီမင်းကိုကျပြန်တော့ နဂါးကိုရှစ်ခိုးတဲ့ မင်းဆိုပြီး ရာဇဝင်ဆရာတွေက တခုတ်တရပြောပေမယ့် ကျန်စစ်သားကျပြန်တော့ ဘာမှမပြောပါ။

အနိရုဒ္ဓ လက်ထက် နိုင်ငံခြားဆက်ဆံရေးမှာ သီဟိုဠ်နှင့် ဆက်ဆံရေးကောင်းခဲ့တယ်။ ကျန်စစ်သား လက်ထက်ရောက်တော့ အနိရုဒ္ဓနှင့် ဆန့်ကျင်ဘက်သဘောဆောင်တဲ့ တမီးကျေးကုလား တို့နဲ့ဆက်ဆံရေးတည်ထောင်တယ်။ နောက်တော့ သီဟိုဠ်နှင့်ဆက်ဆံရေး ပျက်ယွင်းလာတယ်။ အဲဒါဟာ ကျန်စစ်သားလက်ထက်အကြီးမားဆုံး အမှားတစ်ခုလို့ဆိုနိုင်တယ်။ ကျန်စစ်သားကို ဆက်ခံတဲ့မင်းဆက်တွေမှာလည်း ရှေ့က ဖအေမင်းတွေရဲ့ လမ်းစဉ်ကိုလိုက်ပြီး သီဟိုဠ်နှင့်ပြေလည်အောင် ဆက်ဆံရေးပြန်လည်ထူထောင်ဖို့မစဉ်းစားတဲ့အတွက် ပုဂံမင်းဆက်မှာ ကုလားကျမင်း ဆိုတာပေါ်လာရတယ်။ ဒီလိုပြောတော့ ကျန်စစ်သားကိုချည်း အပြစ်တင်တာ မတရားဘူးဆိုပေမယ့် သူစခဲ့တဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒ အမှားကြောင့် ဒီလိုဖြစ်ရတယ်လို့ထင်တယ်။ ဤကား နံပါတ် ၆။

 ကျန်စစ်သား တော်ကောက်တဲ့ မိဖုရားတွေက  မဏိစန္ဒာအစ တမီးကျေးကုလား အဆုံမိဘုရား လေးယောက် တရားဝင် စာရင်းထွက်တယ်။ ဒါကိုလည်းသမိုင်းဖတ်စာတွေက မကောင်းမပြောရဲပါ။ မင်းတွေ ဘုရင်တွေ မယားများတာ ဘာဆန်းတယ်မှတ်လို့ ဆိုပြီးနေလိုက်ကြတယ်။ မယားများတာမဆန်းပေမယ့် ရာဇဝင်ထဲမှာ တရားဝင် စာရင်းထွက်တော့ မယားလေးယောက်မှာမှ သမီးတော် နှင့် သားတော် နှစ်ဦးသာ ပြတယ်။

မွန်မင်းသမီး ထွက်လာသလို ကုလားမင်းသမီး ကုလားမင်းသားတွေ ထွက်နိုင်သေးတာကိုတော့ မသိချင်ယောင်ဆောင်နေလို့ မရပါ။ ဒီနေရာမှာ ကျန်စစ်သား တစ်ခုခုကိုဖြောက်ဖျက်ခဲ့လေသလား ရာဇဝင်ဆရာတွေကဘဲ ဖြောက်ဖျက်ခဲ့လေသလားလို့တွေးမိတယ်။ ဒီတစ်ချက် ထောက်ပြစရာရှိတယ်။ အနည်းဆုံး သား/သမီး ၄ ဦး၊ ပုံမှန် ၈ ဦး၊ သိပ်မျိုးကောင်းရင် ဒိထက်သားသမီး ထွန်းကားခဲ့နိုင်ကောင်းတယ်လို့ ထင်တယ်။ ရာဇဝင်ထဲကအတိုင်းဆို ကုလားသမက် ပါရနိုင်သေးပေမယ့် တေ့လွဲလွဲသွားတယ်။

ရာဇဝင်ဆရာတွေ ကျန်စစ်သားအကြောင်းပြောတဲ့အခါ ဒိုင်ယာလော့ ခေါ် စကားလုံးတွေ သိပ်ထည့်တာကိုလည်းသတိထားမိပါရဲ့။ ဒီတော့ သိပ်စကားပြောတဲ့ မင်းဘဲပေါ့။ သမိုင်းဖတ်စာထဲ သင်ရတဲ့အတိုင်းဆိုရင် ' သားကား အရင်း ၊ မြေးကား အဖျား ဖြစ်ချေပြီ ' ဆိုပြီး မိန့်တော်မူတယ်တဲ့။ ဒီစကား ကျန်စစ်သားပြောတဲ့စကားလား ရာဇဝင်ဆရာတွေဝင်ပြောတဲ့ စကားလား ဆိုတာ ကျနော်တော့ ဝိရောဓိဖြစ်တယ်။ မွန်သွေးပါသူ မြေးကို ထီးမွေပေးတာကို မွန်-မြန်မာ ချစ်ကြည်ရေး လို့ပြောလို့ပြော ၊ သားအရင်း မြေးအဖျားလို့ ပြောလို့ပြော ဇာတ်လမ်းဆုံးတော့ သဘောထားကြီးတဲ့ ရာဇကုမာရ မင်းသားရော  ဖအေလုပ်သူ ကျန်စစ်သားပါ ဂရုနာသက်စရာ ၊ သနားစရာပေါ့။
ရှေ့ကပြောခဲ့တာတွေကို ခပ်ရှင်းရှင်းပြန်ပြောရရင် ကျန်စစ်သားရဲ့ မျိုးဆက်ဟာ မရှင်းမလင်းနဲ့ ကျန်ခဲ့တယ်။ ဒီတော့ ရာဇဝင်ဆရာတွေ သမိုင်းဆရာတွေက ဇာတ်လမ်းတွေဆင်တယ်။ ဤကား နံပါတ် ၇။

13 comments:

  1. AnonymousMay 12, 2012

    သမိုင်းကြောင်းလေးတွေသိရတာ တကယ်ဝမ်း မြောက်တယ်ဗျာ ဆက်လက်အားပေးနေပါတယ်

    ReplyDelete
  2. အခုလို မတူညီတဲ့ အတွေးအခေါ်ကို သဘောကျပါတယ်။ ဒီလိုမျိုးလည်း စဉ်းစားသင့်တယ်ဗျ။ လှေနံဓါးထစ် မမှတ်သင့်ဘူး။ cheer

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. သမိုင်းကိုမှီငြမ်းထားတဲ့ ဘုရင့်ရာဇ၀င်ဆိုပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ .. ခေါင်းညိတ်လက်ခံဖို့ မသင့်ပါဘူး။ ဘာတွေ ချွတ်ယွင်းချက်ရှိမယ် .. ဘာတွေဘယ်လို ကွာဟချက်တွေရှိမယ်ဆိုတာကို သေချာလေ့လာရပါမယ်။ ဒါ့အပြင် စာပေမှာပါ နိုင်ငံခြားဘာသာပြန်ဖြစ်ရုံ၊ နာမည်ကြီး စာပေဖြစ်ရုံနဲ့ တထစ်ချ မယူပဲ ကိုယ်တိုင်အတွေးအခေါ်နဲ့ လေးလေးနက်နက် တွေးဆသင့်တာ အမှန်ပါ။ ဒီလိုမျိုးတွေ တွေးတတ်ဖို့ အတွက် ဒေါက်တာသန်းထွန်း တို့လို အကျော်အမော်တွေရေးတဲ့၊ ဝေဖန်စာ၊ အတွေး တွေကို ဖတ်ရှု မှတ်ယူသင့်ပါတယ်။ ဒီလို အတွေးအမြင်အသစ်တွေပေးတဲ့ .. ပို့စ်ကောင်းကောင်းတွေ များများ ရှယ်ပေးနိုင်ပါစေ။

    ReplyDelete
  5. သိပ်ပ်ကြိုက်က်ဗျာ။ ဆက်လက်အားပေးနေမယ်။

    ReplyDelete
  6. ကောင်းပါတယ် ကျနော်လဲတစ်ခုလောက်ပြောချင်တယ်... စောလူမင်းကိုဘယ်သူသတ်တာလဲသိချင်တယ်ဗျာ..ကျနော်ထင်တာတော့ကျန်စစ်မင်းသတ်တာလို့ထင်တယ် စောလူမင်းကို သွားကယ်တယ်.. စောလူးမင်းကအော်တယ်တဲ့ ကိုယ့်ကိုလာကယ်တဲ့တာကိုအော်မလားဗျာ ပီးတော့ င၇န်မန်းကန်းကိုယုံလို့ဆိုတာဖြစ်နိုင်မလား.. ထီးနန်းလိုချင်လို့ဖမ်းတာကို..သူလဲဘု၇င်တစ်ယောက်ပဲနားလည်နိုင်ပါတယ်... ကျနော့်အထင်တော့ စောလူးမင်းကို ကျန်စစ်မင်းကယ်လာနိုင်တယ်.. ဒါပေမယ့် စောလူးမင်းသေမှကျန်စစ်မင်းနန်းတက်နိုင်မှာလေ သူလမ်းမှာသတ်မယ်ထင်တယ်..ကျနော့်အထင်ဖြစ်နိုင်ပမလားဗျာ....

    ReplyDelete
    Replies
    1. စောလူးမင်း(မင်းလုလင်)ကတကယ်အပေါင်းအသင်းမှားတာလည်းဖြစ်နိင်တာပဲ တကယ့်အမှန်တရားကဘာလဲဆိုတာစိတ်ဝင်စားစရာပဲ

      Delete
  7. ကျန်စစ်သား၏ ဖခင်အရင်း မည်သူဖြစ်သည်ကို
    အထောက်အထားနှင့်တကွသိလိုပါတယ်
    ဖတ်ဖူးထားသမျှတော့ချင့်ချိန်၍မရဖြစ်နေပါသည်
    ပဉ္စကလျာဏီ ကမွေးသည်ဟုလက်ခံလို့ရပါသည်
    ဒါပေသည့် ရာဇတမန် လား တောင်သူကြီးလား
    နဂါးလား ဆိုတာ အချိန်ကာလ အပိုင်းအခြား
    မပါလို့မခန့်မှန်းနိုင်ပါ...ဘုရင့်ရဲ့ မင်းပြစ်မင်းဒဏ်
    ကိုတောင်မမှုနိုင်ပဲ တမ်းတမ်းစွဲဖြစ်ရတဲ့ (ဒါတောင်မှ
    အမတ်နော်) ပဉ္စကလျာဏီကို မင်းဒဏ်မကြောက်
    ရတဲ့အခြေအနေမှာ တောင်သူကြီးက သမီးအရင်းလို
    စောင့်ရှောက်ထားတယ်ဆိုတာဟုတ်ပါ့မလား...
    အကယ်၍သာကျနော်ထင်သလိုဖြစ်ခဲ့ရင် အမတ်နဲ့
    သံဝါသဖြစ်ချိန် တောင်သူကြီး နဂါးလုလင် တို့ကလည်း
    ဆက်တိုက်ဆိုသလိုဖြစ်မနေပါသလော...
    အင်း စဉ်းစားရကျပ်ပါဘိ သိသူများ ရှင်းပြပေးပါ

    ReplyDelete
    Replies
    1. ကျန်စစ်သားမင်းကမင်းမြတ်နော်ရထာရဲ့သားတော်လို့တော့ဖတ်ဖူးတယ်

      Delete
  8. ဤမေးခွန်း ၇ ချက်မေးသူသည် မူလသမိုင်းကျောက်စားရေးထိုးသူအားမေးချင်း လော သို့ တည်းမဟုတ် ထိုကျောက်စာများအား တဖန်ပြန်၍သုတေသီလုပ်သော သမိုင်းဆရာများ အားမေးချင်းပေလားမကွဲပါ အဘယ့်ကြောင့်ဆိုသော် မေးခွန်း ၁ မှာပင် ထို ၁၁၉၁ ကျောက်စာရေးထိုးစေသူအားမေးချင်း လား ကျန်စစ်သားကိုမေးချင်းလားသိချင်ပါသည်

    ReplyDelete
  9. ကျန်စစ်=kyam sis =စစ်ဦးစီး

    ReplyDelete
  10. မေးခွန်းကိုနစ်သက်

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။