10/2/11

မောင်းမ လက်သုံးပုံ

ဟိုတလောလေးက သတင်းကြီးနေတဲ့ " ဆောင်ကြာမြိုင် မှတ်တမ်း " ဖတ်ဖြစ်တယ်။ မင်းတုန်းမင်းနောက်ခံ မှတ်တမ်းလို့ ထင်နေခဲ့တာ။ ခေါင်းစဉ်မှာကိုက ' မှတ်တမ်း ' ဆိုတဲ့ အရေးသားနဲ့ဆိုတော့ တကယ်ပဲ မှတ်သားရတော့မယ်ထင်ခဲ့တာ။ ဖတ်ကြည့်တော့မှ မောင်မှိုင်း ဖြစ်နေတယ်။

ပေါက်ကရလေးဆယ်တော့ရေးရဲ့ တကယ်တန်ဖိုးရှိတဲ့မှတ်တမ်းမှတ်ရာမျိုးတော့ မဟုတ်ခဲ့။ စာရေးဆရာ လိုရာဇာတ်လမ်းဆင်တဲ့နောက် အဟုတ်ကြီးလိုက်ခဲ့ပြီး အဖျားရှူးပြန်တယ်။ ရှင်းရှင်းပြောတော့ ဝတ္ထုအနေနှင့်လည်း အံမဝင်၊ မှတ်တမ်းလည်းမဟုတ်တဲ့ တကယ့် အပ်ကြောင်းထပ် ကာမခန်းတွေချည်းရေးထားတဲ့ အပြာစာအုပ်လို့သာမှတ်တယ်။

မင်းတုန်းမင်း မိဘုရားများတာလူတိုင်းသိတယ်။ ရှင်းရှင်းပြောတော့ နန်းတော်ထဲက အမျိုးသမီးတွေအားလုံးသူ့မယားချည်းလို့ ပြောလို့ရတယ်။ ဒီတော့ နန်းတော်ထဲက အမျိုးသမီးတွေဟာ အရေးဟဲ့အကြောင်းဟဲ့ဆို သက်လုံးကောင်းဖို့ဆိုတာထက် အရှင့်အလိုကောင်းဖို့ လေ့ကျင့်သင်ကြားရဟန်တူပါတယ်။ ဒီတော့ လက်သုံးပုံကျမ်းအဖြစ် မှတ်တမ်းလုပ်ပြီးသင်ကြားပေးရပါတယ်။

အဲဒီ ကျမ်းကို " မောင်းမ လက်သုံးပုံ " လို့ ခေါ်ပါသတဲ့။ ဒေါက်သာသန်းထွန်း နယ်လှည့်ရာဇဝင် စာ၂၈၄ မယ်ပြောထားတာက မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ်တစ်ခုရှိတယ်။ လူယောက်ျား လူမိန်းမ နှစ်ယောက်တွဲသံ ဝါသပြုနေတဲ့ ပုံနှစ်ဆယ့်လေးပုံပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်း လို့ အခိုင်းခံရတဲ့လူက တိတ်တဆိတ် ဓာတ်ပုံရိုက်ယူထားလို့ ပုံမှတ်တမ်းကျန်ရစ်ပါတယ်တဲ့။ အဲဒီဓာတ်ပုံကိုတော့ မြင်ဖူးချင်ပါရဲ့။ ဘယ်မိဖုရားဖြစ်တယ်ဆိုတာ နာမည်တပ်ပြီးမပြောခဲ့ပေမယ့် ထားဝယ်မှာနေသွားတဲ့ နာမည်ကြီးမင်းတုန်းမင်းရဲ့ မိဘုရားကြီးများဖြစ်မလားလို့ ခန့်မှန်းပါရဲ့။

ရှေးကမြန်မာ အမျိုးသမီးတစ်ယောက်မှာ နန်းတွင်းဝင်ပြီဆိုတာနဲ့ သင်ကြားရတဲ့ နန်းမူနန်းရာတွေထဲမှာ " လိင်မှုဆိုင်ရာပညာရပ် ' ဟာလည်းဘဲ မသင်မဖြစ်သင်ကြားရတဲ့ ပညာရပ်တစ်ခု။ ရှေးတရုတ်မှတ်တမ်းတွေမှာတော့ အတိအလင်း မှတ်တမ်းတွေကျန်ရစ်တယ်။ အိန္ဒိယ မှတ်တမ်း ပုရပိုဒ်တွေ ဆေးရေးတွေမှာလည်း မှတ်မှတ်သားသားကျန်ရစ်တယ်။ တိဘက်ဘက်က ရှေးလက်ရာတွေမှာလည်းကျန်ရစ်တယ်။ အထူးချဖြင့် ပုရပိုဒ်တွေမှာကျမ်းတစ်ဆောင်အဖြစ်နဲ့ ကျန်ရစ်တယ်။ အမှန်တော့ ဒီလို နန်းဓလေ့ထဲ လိင်မှုဆိုင်ရာတွေကို တီးတိုးသဖန်းပိုး လို့တမျိုး အတိလင်းတစ်သွယ်သင်ကြားပေးရတာဟာ အရှေ့ အနောက် ကမ္ဘာ ဘယ်နေရာမှာဖြစ်ဖြစ် ရှေးသက်ဦးဆံပိုင် ဘုရင်စနစ်ရှိခဲ့တဲ့ တိုင်းနိုင်ငံတွေမှာ လုပ်မြဲထုံးစံသာဖြစ်တယ်။ ဘာသာတရားနဲ့မဆိုင်ပါ။

မင်းတုန်းမင်းပြီးတော့ သီပေါမင်းလက်ထက် လှမ်းကြည့်ရအောင်ပါ။ ညီအမတွေကို မယား/မိဖုရားလုပ်တာလူတိုင်းသိတယ်။ စုဖုရားလတ် ချုပ်ချယ်လို့ သိပ်မရှုပ်နိုင်ရှာဘူးရယ်လို့ လူတိုင်းသိထားကြတယ်။ ဒိုင်းခင်ခင်ကတော့ ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကျန်ကျစ်တယ်။ စုဖုရားလတ် ဝေဖန်ရေးတွေထဲမှာ ဆရာကြီးမြသန်းတင့်ရဲ့ ဝေဖန်ရေးမှာတော့ စုဖုရားလတ် သီပေါနဲ့ပေါင်းဖက်တော့ ဆယ်ကျော်သက်။ ပါတော်မူတော့ ၂၀ စွန်းစွန်းရယ်။

ဒီတော့ ဒီအသက်ရွယ် ဘုရင့်မိဘုရားတစ်ပါးဆီ ဒီလိုအပြုမူတွေရှိတယ်ဆိုသာ သာမန်မိန်းမသားတွေလို ပြုမူတာဘဲဆိုပြီး ဖေးဖေးမမပြောသွားခဲ့တယ်။ လူတချို့ကတော့ စုဖုရားလတ်ဟာ တစ်လင်တစ်မယား စနစ်ကိုတည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ နေဝင်ချိန်မိဖုရားတစ်ပါးအဖြစ် ခေါ်ဆိုတတ်ပါသေးတယ်။ ထားပါတော့။

သီပေါမင်းခေတ် ဝက်မစွတ်ဝန်ထောက် သိမ်းထားတဲ့ ပုရပိုဒ်တွေထဲမှာ ဘုရင်အလိုရှိတိုင်း ကာမဂုံဖြည့်ပေးရတဲ့ အမျိုးသမီးစာရင်း ကျန်ရစ်တယ်။ အဲဒီစာရင်းကို ပြုစုပေးရတဲ့သူက ရေနံသာစားဖြစ်တယ်။ ရှင်းရှင်းပြောတော့ ဘုရင်လုပ်သူက အဟမ်း အဟမ်း ဆိုရင် ရေနံသာစားက စားရင်းထဲကအတိုင်း နီးစပ်ရာ အမျိုးသမီးပြေးခေါ်ပေးရဟန်တူပါတယ်။ စာရင်းကို ကြည့်ရအောင်ပါ။

" ကာမဂုံ အခွင့်ရလျှင် အခါမရွေး ( x ) လိုကြောင်း ရေနံသာ ရေတွက်သည့်စာရင်း "

သမီးပျို စာရင်းဖြစ်ပြီး စုစုပေါင်း ၁၆ ယောက်။
၁။ အစ်မတော်ဘုရား ( ချွန်းတောင်း / မိုင်းခိုင်မင်းသမီး )
၂။ ပြင်စည်မင်းသမီး (မကွေး မိဖုရားသမီး )
၃။ မိုးမိတ်မင်းသမီး (စာပွဲတောင်းမိဖုရားသမီး )
၎။ လှိုင်ကျွန်းသမီးကြီး (တောင်တွင်း/မင်းကတော်သမီး)
၅။ ငန်စွန် (မိဖုရား)သမီး ထရန်ကာ (မင်းသမီး)
၆။ ကြေးမြှင့် မိဖုရား
၇။ ပင်းအတွင်းဝန် သမီး
၈။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအကြီး
၉။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအငယ်
၁၀။ ညောင်ဝန် သမီး
၁၁။ ဥယာဉ်အုပ် သမီး
၁၂။ တရားမ အရေးပိုင်သမီး
၁၃။ စာရေးကြီး ငအုံ သမီးအကြီး
၁၄။ ကုလားဝန် သမီးအကြီး
၁၅။ သီပေါဝန် သမီး
၁၆။ ပင်သာ သမီး

သူတပါး မယား တွေလည်းပါတယ်။ စာရင်းကြည့်ပါ
၁။ တောင်ခွင်မင်းကြီး ကတော်
၂။ ပင်သာ (မင်းသား) မယား
၃။ စာရေးကြီး ဦးဘိုးရှုတ် မယား
၎။ ရေနံချောင်းမင်းကြီး မယား သီလ
၅။ အမြောံဝန် မယား
၆။ ကွပ်ရွာဝန်ထောံ မယား
၇။ ခန်ပတ်ဝန်ကြီး မယား
၈။ ရှေ့ဝင်းမှူး မယား
စုစုပေါင်း သူတပါး မယား ၈ ယောက်ရှိတယ်။

သူတပါး တူမ နှင့် အခြား သမီးလား မယားလားမသိတဲ့ စာရင်းက
၁။ ပင်းကလဲဝန်ထောံ တူမ
၂။ ကုလားမ ဘီဘီ
၃။ ပြင်စည်
၎။ ကျောံပန်းတောင်း
စုစုပေါင်း ၄ ယောက်။ သီပေါမင်းခေတ်မှာ အဖြူမ ကိုယ်လုပ်တော်တွေလည်းရှိတယ်။ သူတို့တွေဟာ သက်ဆိုင်ရာနယ်ချဲ့လိုတဲ့အစိုးရကစေလွတ်တဲ့ လခစားကြေးစား မိန်မပျက် တစ်ဖြစ်လဲ သူလျှိုတွေပေါ့။ နာမည်ကြီးကိုယ်လုပ်တော်ကတော့ ယွန်းခင်ခင် (The Lacquer Lady)ပေါ့။

ဒီစာရင်းဟာ သီပေါမင်းရဲ့ မယားစာရင်းဆိုသေချာစေတာက လူအမည်တွေနှင့် အမိန့်တော်ထုတ်တဲ့နေ့ ( မှတ်တမ်းတင်တဲ့နေ့ ) ဟာ မြန်မာလို ၁၂၄၆-၁၂၄၇ ခု ( ၁၈၈၄-၅ ) ဖြစ်တာကြောင့်ပါတဲ့။

အထူးမှတ်သားရမှာက ရှင်ဘုရင့်အလိုရှိတိုင်း လာရောက်ပြီး ကာမဂုံ ဆက်ရမယ့်စာရင်းထဲမှာ သူတပါးမယားတွေပါနေတာပါဘဲ။ ဘာသာတရားအဆုံးမနှင့် သီလတရား ကျင့်ဝတ်တွေရှိစေကာမူ ဘုရင်တွေအတွက် အကျုံးမဝင်တာ သတိထားမိပါတယ်။ ဘုရင်ဆိုတာ ကာမေသု သီလစောင့်စရာမလိုတဲ့သဘောပေါ့။ မင်းကျင့်တရားဆယ်ပါးတော့ မပြောတော့ပါဘူး။

8 comments:

  1. ဒီမှတ်တမ်းကို အခုမှပဲ ဖတ်ဖူးပါတယ်...ဘုရင်ဆိုတာ အပျိုစင်တွေကိုပဲ တော်ကောက်တယ်လို့ ထင်ထားခဲ့ပေမယ့် သူ့မယားတွေလည်း ပါတော့ အတော်လေး အံ့သြမိပါတယ်...ဖတ်ဖူးသမျှ သမိုင်းတွေထဲမှာက သီပေါမင်းဟာ ဒိုင်းခင်ခင်ကိုပဲ ပြင်ပမိန်းမအဖြစ် ထိတွေ့ဖူးသယောင် ပြောထားတာကြောင့် အမှတ်မှားသွားမှန်း အခုမှသိရလို့ ကျေးဇူးတင်ပါတယ်...

    ချစ်စိန်လွင်ရဲ့ ဆောင်ကြာမြိုင်မှတ်တမ်းကို သမိုင်းဆိုင်ရာ အထောက်အထားတစ်ခုအဖြစ် မယူဆတာပဲ သင့်တော်ပါတယ်...သမိုင်းနောက်ခံ အပြာဇာတ်လမ်းလို့ပဲ ယူဆဖို့ သင့်ပါတယ်...အဲဒီလိုဇာတ်လမ်းဖြစ်နေခဲ့လို့လည်း လူသိများခဲ့တာလို့ ယူဆမိပါတယ်...

    ReplyDelete
  2. အရမ်းကို တန်ဖိုးရှိတဲ့ မှတ်တမ်းကို ဖတ်ခွင့်ရလိုက်လို့ ကျေးဇူးတင်ပါတယ်
    အပြင်မှာ ဒီလိုတိကျ တဲ့မှတ်တမ်းမျိုး မဖတ်ဖူးပါဘူး ကျွန်တော် ကိုယ်တိုင်က ဗဟုသုတ နည်းတာလည်း ဖြစ်နိုင်ပါတယ်။

    ဆရာ ဦးဟန်ကြည် ပြောသွားသလိုပါဘဲ သီပေါဘုရင် ဟာ ဒိုင်းခင်ခင် တစ်ယောက်ကိုပဲ နောက်တစ်ယောက်အဖြစ် အမည်ပေါက်ခဲ့တာကို စာအုပ်တော်တော်များများ ဖေါ်ပြထားကြလို့ပါ ယခုလိုသိခွင့် ရတဲ့အတွက်ကျေးဇူးတင်လှပါတယ်။

    ReplyDelete
  3. အခုလို ဖတ်ခွင့်ရတာ မသိသေးတာကို သိခွင့်ရတဲ့အတွက် မျှဝေတာကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဒဂုန်ခင်ခင်လေးရေးတဲ့ ရတနာပုံ၏နိဒါန်းနှင့်နိဂုံးမှာတော့ ရနောင်းမောင်မောင်တုတ်က ပင်းအတွင်းဝန်သမီး ပင်းခင်ခင်ကြီး ၊ မောင်ဖေငယ်က ဒိုင်းခင်ခင်ကြီး တို့ကို အလှည့်ကျ ခေါ်ပေးရတယ်လို့ ဖတ်ဖူးပါတယ်။ ကျမလည်း ဒီနှစ်ယောက်ဘဲ ကြားဖူးခဲ့တာပါ။
    သူတို့တွေအပြင်ကို ဒီလောက် အများကြီးရှိခဲ့တဲ့ အပြင် သူတပါး အမျိုးသမီးတွေ ပါဝင်နေတယ်ဆိုတာကို သိရတော့ တော်တော်အံ့သြမိပါတယ်။ ဒါတောင် စုဖုရားလတ် ဒီလောက် ချုပ်ချယ်နေလို့သာ တော်တော့တယ်လို့ တွေးမိပါတယ်...

    ReplyDelete
  4. အဲဒီ လူစာရင်း မှတ်တမ်း အကြောင်း မောင်သန်းဆွေ (ထားဝယ်) ရေးထားတာ ရှိတယ်။ သူ့အဆိုအရ မှတ်တမ်းက မပြည့်စုံတဲ့အတွက် ဘုရင့် ကာမဂုဏ် ဖျော်ဖြေရေး စာရင်းလို့ တထစ်ချ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

    ReplyDelete
  5. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
    ဆရာကြီး ဒေါက်တာသန်းထွန်း ကိုဒီဘလော့ကလေးကိုဖတ်စေချင်လိုက်တာ-
    ဆရာဘယ်လိုတွေများပြောမလဲမသိဘူးနော်-
    သိတာတွေကိုရှယ်ပေးတဲ့အတွက်ကျေးဇူးအထူးတင်မိပါတယ်ခင်ဗျာ-

    ReplyDelete
  6. အခုမှ ကျနော်ဖတ်ရတယ်..အရမ်းကောင်းတယ်..အရမ်းကျေးဇူးတင်ပါတယ်....
    တကယ်ကို ၀မ်းသာမိပါရဲ့ ကျနော်လည်း...မျှဝေဖတ်စေဖို့ ယူသွားတယ်နော်။။

    ကျေးဇူးပါခင်ဗျာ

    ReplyDelete
  7. အထက်ပါ ကိုးကားတဲ့ ပရပိုဒ် မှတ်တမ်းရဲ့ မူရင်းကို ကြည့်ချင်ပါတယ်။ မူရင်း မဖော်ပြဘဲ ဒီလို ဖော်ပြမှုဟာ သမိုင်းမှန်သည် မမှန်သည်က တစ်ကြောင်း၊ စာရင်းပါဝင်သူများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ရေးသားသူအနေနဲ့ ဝေဖန်တင်ပြမှုများဟာ သမိုင်းကြောင်းနဲ့ မဆိုင်သလိုဖြစ်နေပါတယ်။

    ReplyDelete
  8. ရေနံ့သာစားက ဘုရင်အတွက် မှတ်တမ်းမှတ်တားတာမျိုးမဟုတ်ဘဲ သူ့အတွက် သူကြာခိုလို့ရတဲ့ ဒါမှမဟုတ် ကြာခိုဖို့ ကြံစည်ထားတဲ့ စာရင်းလဲ ဖြစ်နိုင်ပါတယ်။

    သီပေါဘုရင်အတွက် သီးသန့်မှတ်တမ်းဆိုရင်လဲ လင်ရှိမိန်းမတွေရဲ့ လင်တွေက သေဆုံးပြီးသားလူတွေ ဖြစ်ဖို့များပါတယ်။ ဘုရင်ဖြစ်ရဲ့သားနဲ့ အိမ်ထောင်ရှိမယားကိုတော့ ကြံစည်မှာ မဟုတ်ပါဘူး။ နောက်ပြီး အဲဒီအမျိုးသမီးတွေကို အလိုရှိရင် ရနိုင်ကြောင်းဘဲ မှတ်ထားတာ ရှိမှာပါ။
    စုဖုရားလတ်ကို ကြောက်ပြီး ရောထွေးနေခွင့် ရခဲ့မယ် မထင်ပါဘူး။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။