အချုပ်ကိုပြန်ပြောရရင် မြန်မာတွေရဲ့ လောကီပညာတွေထဲက အင်း ၊ အိုင်၊ခလဲ့ ၊ လက်ဖွဲ့ ၊ ဂါထာ မန္တန် ပီယ ဆိုတာတစ်အုပ်စုဖြစ်တယ်။ ကြေးပြား၊ ငွေပြား ၊ ရွှေပြားတွေအပေါ်မှာ အင်းကွက်လေးတွေရေးပြီး အိမ်မှာဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ်ဆောင်ထားတဲ့အခါ အဆောင်တန်ခိုးကြောင့် ဒုတ်ပြီး၊ ဒါးပြီးမယ် ၊ နဂိုထက် အစွမ်းတိုးမယ်။ ရှင်းရှင်းပြောတော့ ဘေးအန္တရာယ်မျိုးစုံကင်းမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်တဲ့အစီရင်ဖြစ်တယ်။
ရှေးကဘုရင်တွေ စစ်တိုက်ထွက်တဲ့အခါ လောကီပညာရှင်၊ အင်းရေးဖို့ ပန်းချီပညာရှင် နဲ့ လိုအပ်လို့ရှိရင် ပရိတ် ဂါထာ မန္တန်ရွတ်ဖတ် ဖို့ ရဟန်းတော် တွေကိုပါ တစ်ပါတည်းခေါ်ဆောင်သွားလေ့ရှိပါတယ်။ စစ်မျက်နှာ ၊ စစ်တိုက်ရာအရပ်ကိုလိုက်ပြီး လောကီအစီရင်တွေ မတူပါ။ အလောင်းဘုရားလက်ထက် ကသည်းပြည်ကိုစစ်တိုက်ထွက်ရာမှာ သူ့အားကိုးတဲ့အမာခံတပ်သားတွေကို မဟာပိန္နဲ အင်းကိုစီရင်တယ်ဆိုပေမယ့် ယိုးဒယားကိုတိုက်တဲ့အခါ ဒီလောကီအစီရင်ပြန်သုံးမယ်မထင်ပါ။ အင်းတစ်ချပ်ကို လူခြောက်ယောက်ဝိုင်းရေးပြီး အင်းရေးစဉ် အခါမလပ် ဂါထာ မန္တန်ရွတ်ဖတ်ပေးရမည် ဆိုတဲ့ သက္ကရာဇ် ၉၉၇ခု နယုံလဆန်း ၄ ရက်နေ့ ( ၉ မေ ၁၆၃၅ ) ရက်စွဲပါ အမိန့်တော်တစ်ခုတွေ့တယ်။
ဒီအုပ်စုထဲမှာ ဆေးမင်ကြောင် အကြောင်း ချန်ထားလို့မဖြစ်ပါ။ကိုယ့်အကြိုက်ပြောရရင် ဆေးမင်ကြောင် ဆိုတဲ့အခေါ်ထက် " ထိုးကွင်း မင်ကြောင် " ဆိုတဲ့အသုံးကို ပိုနှစ်သစ်ပါတယ်။ မြန်မာပညာရှင်တွေ ကျယ်ကျယ်လောင်လောင်ပြောတာက မြန်မာတွေ ဆေးမင်ကြောင် စထိုးတာ အဝခေတ်မှာစပါတယ်တဲ့။ တချို့ ရဲရင့်တဲ့ပညာရှင်တွေကဖြင့် ပျူခေတ်ကတည်းက စ ပါတယ်တဲ့။ ဘာကို ကိုးကားပြီး ပြောတယ်မသိပါ။ ပုဂံခေတ်ဦးပိုင်းကတည်းက အင်းချတဲ့အလေ့ရှိတယ်ဆိုတာ ကျန်စစ်သား နန်းတည်ကျောက်စာကို ဖတ်ပြီးပြောလို့ရတယ်။ ဒါတောင် ဒီတစ်ခုတည်းကိုမှီပြီးပြောတဲ့အတွက် သိပ်ခိုင်မာလှတယ်မဟုတ်ပါ။
သို့သော် ဆေးမင်ကြောင် ပျူခေတ်မှာစခဲ့သည်ရှိသော် လက်ဆင့်ကမ်းလာမှာဖြစ်တဲ့အတွက် ပုဂံဆေးရေးပန်းချီတွေမှာ တွေ့နိုင်မယ်ထင်တယ်။ ခုတော့ ပုဂံခေတ် အဝခေတ် နန်ရံဆေးရေးပန်းချီတွေမှာမတွေ့ရသေးပါ။ ကျောက်စာတွေမှာလည်း ဒါမျိုးကိုဖော်ပြလေ့မရှိ။ ရတု ၊ ရကန် ၊ လေးချိုး ကဗျာတွေထဲမှာတွေထဲမှာ တွေ့နိုင်လို့ ဆက်ပြီးသုတေသနလုပ်ရဦးမှာပါ။
အီတလီလူမျိုး ခရီးသွား Nicolo de' Conti' ရဲ့ ခရစ်နှစ် ၁၄၃၅ ခုနှစ်မြန်မာပြည် ခရီးစဉ်မှတ်တမ်းအရ မြန်မာတွေ ရဲ့ကိုယ်ပေါ်မှာ အမျိုးသားတို့ရဲ့ အဆောင်ယောင် အလှပအဖြစ် ဒီလို ခန္ဓာကိုယ်အစိတ်ပိုင်း ပေါ် သံဆူးနှင့် ထိုးပြီး ဆေးရောင် တွေပွတ်ထည့်သုတ်လိမ်းတယ်လို့ ဆိုတဲ့အတွက် ဆေးမင်ကြောင်ထိုးလေ့ရှိတယ်လို့ ယူဆချင်စရာဖြစ်တယ်။ ဒါဟာစော ဆုံးတွေ့ရတဲ့ မြန်မာတွေရဲ့ ထိုးကွင်း ခေါ် မင်သေ့ ခေါ် ကော်ရစ် ခေါ် ဆေးမင်ကြောင် အကြောင်းဖြစ်ပေမယ့် အဲဒီ အီတလီခရီးသွား မြန်မာပြည် အင်းဝရောက်တဲ့ ခုနှစ် ဟာ ၁၄၃၅ ခုနှစ် အသေခြာဟုတ်ရဲ့လားဆိုတာ စီစစ်ဖို့လိုပါဦးမယ်။ ၁၄၃၅ ခုနှစ်သေခြာခဲ့ရင်တော့ လောလောဆယ် ဆေးမင်ကြောင် အကြောင်း အစောဆုံးတွေ့ရတဲ့ မှတ်တမ်းဖြစ်ပါမယ်။
ခရစ်နှစ် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် (၁၅၅၁ - ၁၅၈၁) လက်ထက်ရောက်တဲ့အခါမှာတော့ အဲဒီဆေးမင်ကြောင်တွေဟာ အဆောင်ယောင် အလှပထက် လောကီပညာရပ် ဆိုင်ရာအစီရင်တွေအဖြစ် ပြောင်းလဲတိုးတက်လာတယ်လို့ ခန့်မှန်းပါတယ်။ တစ်နည်းပြောတော့ ထိုးကွင်းမင်ကြောင်ဟာ ယုံကြည်မှုကိုအခြေခံတဲ့ လောကီပညာရပ်ဆိုင်ရအစီရင်ဖြစ်ပါတယ်။ အင်းချပြီးရေးထားတဲ့ ကြေးပြား ၊ ငွေပြားလေးတွေကိုလိပ်ပြီး လက်မောင်းမှာချည်ထားမယ်။ ပုံစံအမျိုးမျိုးနဲ့ဆောင်ထားမယ်။ အဲဒီအခါ အဆောင်တန်ခိုးနဲ့ အစွမ်းထက်မယ်၊ ခုန်ပျံ ကျော်လွှား နိုင်မယ် ၊ ဓား လှံ လေး မြှား ရန်ကကင်းလွတ်မယ် စသဖြင့် ယုံကြည်ကြမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ဒီလိုစီရင်ထားတဲ့ ကြေးပြား ၊ ငွေပြားအဆောင်ကို ကိုယ်မှာချည်ထားပေမယ့် ကျပျောက်တာမျိုးရှိမယ်။ ဒီတော့ တချို့က အသားအနာခံပြီး အရေပြား ဒါမှမဟုတ် အသားထဲထိ ခွဲပြီးထည့်မယ်။ နောက်တော့ ကြေးပြား ငွေပြားပေါ် အင်းရေးရာကနေ လူ့ခန္ဓာကိုယ် ခြေ လက် ခေါင်း ခါးတွေမှာ တိုက်ရိုက်ရေးပြီးစီရင်ကြတယ်လို့ထင်ပါတယ်။ အဆောင်လက်ဖွဲ့လို မတော်တဆ ကျပျောက်ဖို့ရာ ပူပင်စရာမလိုတဲ့အပြင် ဆေးစွမ်းလည်းပိုပြီး ထက်လာစေလိမ့်မယ့်ယုံကြည်နေကြပါမယ်။
၁၅ ရာစုနောက်ပိုင်း မင်သေ့ ၊ ထိုးကွင်း ၊ မင်ကြောင် အကြောင်းရေးစပ်ကြတဲ့ ပျို့ ၊ ကဗျာ ၊ လင်္ကာ ၊ ဧချင်း ၊ တေးထပ် တွေအများကြီးရှိပါပြီမို့ တစ်ခုခြင်းစီကို မရေးလိုတော့ပါ။ မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း ခရစ်နှစ် (၁၆၀၅-၁၆၂၈) ခေတ် ရဟန်းတစ်ပါးဖြစ်တဲ့ အရှင်ကဿဖ ရေးတယ်လို့ယူဆရတဲ့ ညောင်ရမ်းခေတ် လူတန်းစားအကြောင်း စပ်ဆိုတဲ့ ရကန်တစ်ပုဒ်မှာတော့ ' မင်သေ့ထိုး ' သူ ဆိုပြီးပါတယ်။ ဒီတော့ ၁၆ ရာစုမှာ ဒီပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းပြုသူတွေရှိနေပြီလို့ ခန့်မှန်ရတယ်။ ဒါက ဘာကိုပြောသလဲဆိုတော့ ပွဲကျောင်း ရဟန်းတွေအပြင် ဒီပညာရပ်နဲ့ အသက်မွေးတဲ့ သီးခြားလူတန်းစားတစ်ရပ်ရှိတယ်ဆိုတာ နားလည်ရပါတယ်။
၁၈ - ၈- ၁၈၁၂ နေ့စွဲ ဘုရင့်အမိန့်တော် တစ်ခုမှာ " ငါးပိတန်းဆရာနှင့် အပါအဝင် ရဟန်းသာမဏေတို့မှာ ရှေ့ပွဲကျောင်းတို့ အနေအထိုင် အတိုင်း ဦးထုပ်ဆောင်း သရပတ်ဆောင်း ဒုကုဋ်တင် ရင်ဖွဲ့စည်း စည်တီး မီးနှက် ဆေးရေး ကွင်းထိုး မသာလိုက် ဗေဒင်ဟော လှေလှော် လက်ဝှေ့သတ်မှစ၍ ရှေ့ပွဲကျောင်းတို့ နေထိုင်သည့်နည်း နေထိုင်ကြစေ။ " လို့တွေ့ရတယ်။ ဆေးရေး ကွင်းထိုး ဆိုတာ တစ်နည်း ဆေးမင်ကြောင်ထိုးတာကိုပြောတာဖြစ်ပြီး " ဆေးမှတ်တယ် " ဆိုတဲ့အခေါ်နဲ့မတူပါ။ ရှေးမြန်မာစစ်သည်တွေ အစုဖွဲ့ ခွဲတဲ့အခါ လွယ်ကူစေဖို့အတွက် လူ့ခန္ဓာကိုယ် ခြေ လက် ခေါင်း ခါးတွေမှာ နတ်သား ၊ ဘီလူး ၊ ဆင်ပုံ ၊ မြင်းပုံ ၊ အလံ ၊ ဓား ၊ လေး ၊ မြှား စသဖြင့်သင့်တော်သလို ရေးမှတ်တာကို ဆေးမှတ်တယ်လို့ခေါ်ပါတယ်။ ဒီနှစ်ခု ခွဲခြားသိဖို့လိုပါမယ်။
ဗေဒင် ယတြာ ဆိုတဲ့လောကီပညာရပ် ဘယ်တုန်းကတည်းက စတယ်ဆိုတာပြောဖို့မလွယ်ပါ။ ဘာသာရေးအမြင်အရ သိတ္ထဒ္ဓ မင်းသား ဘုရားဖြစ်၊ မဖြစ် ပုဏ္ဏားတွေက ရှေ့ဖြစ်ဟောတယ် ဆိုရင် ဒီပညာရပ်ဘယ်တုန်းကတည်းကပေါ်တယ်ဆိုတာခန့်မှန်းဖို့ရာမလွယ်ပါ။ လူတစ်ယောက်ဘာဖြစ်မယ် ၊ ဘေးအန္တရာယ်ကျရောက်ဖို့ရှိတယ် ၊ ဘယ်လိုလုပ်ပါ ဘယ်လိုနေထိုင်ပါဆိုတဲ့ ရှေ့ဖြစ်အဟော ဟာ အလွယ်ပြောလို့ရတဲ့ ဗေဒင် နဲ့ ယတြာ။ နောင်လာမယ့် နှစ်ပါင်း တစ်ရာ နှစ်ရာလောက်အထိ ကြိုပြီး ရှေ့ဖြစ်ဟောတာမျိုးကို သိုက်စာလို့ခေါ်တယ်။ ရတနာပစ္စည်းတွေ ဘယ်အရပ် ဘယ်နေရာမှာ မြှုပ်နှံထားတယ်ဆိုတာမျိုးကို တွက်ချက်ရေးမှတ်ထားတာမျိုးကိုလည်း သိုက်စာလို့ခေါ်ပါသေးတယ်။
အတိတ် ၊ နိမိတ် ၊ တဘောင် ၊ စနည်း ဘဝေါဆိုတာတွေဟာလည်း လောကီပညာရပ်ဆိုင်ရာ အုပ်စုတစ်စုဖြစ်တယ်။ အတိတ်ကဖြစ်ခဲ့တာ အခုဖြစ်နေတာတွေဟာ နောင်အခါဖြစ်လာဖို့ရှိတယ်ဆိုပြီး ရှေ့ပြေးဖတ်တာကို သတိပေးတဲ့အတိတ်လို့ဆိုတယ်။ နိမိတ်ဆိုတာကတော့ မကြာခင် ကျရောက်မယ်အန္တရာယ်ကို ထင်သာမြင်သာအောင် အခု ခလုတ်တိုက်တယ်ဆိုသလို အခက်အခဲတစ်ခုကို ကြုံရတာမျိုးဖြစ်တယ်။ တဘောင်က နောင်မကြာခင်ကျရောက်မယ့် ဘေးအန္တရာယ်ကို လူအများက ကြိုပြီးပြောနေတတ်တယ်ကိုခေါ်တယ်။
စနည်းဆိုတာက လူသံမဟုတ်ဘဲ အသံဆိုးအသံနက် ဘာကြောင့်မှန်းမသိဘဲ ကြားရခြင်းကို ထောက်ပြီးရှေ့ဖြစ်ဟောတာကိုဆိုလိုတယ်။ ဘုရင်တွေအတွက် စနည်းနာတယ် ဆိုတာက မျက်မြင်ကြုံတွေ့ရတဲ့ ကိစ္စကို တခြားလူမကြားဘူးအထင်နဲ့အချင်းချင်း တီးတိုးပြောဆိုနေတာမျိုးကို ချောင်းနားထောင်ပြီး ဝေဖန်ချက်ရယူတာပါတဲ့။ ဘဝေါက သိပ်ကြီးကျယ်တဲ့ ဒုက္ခတစ်ခုတွေ့ရတော့မယ်လို့ ကြောက်လန့်စိတ်ပေါ်အောင် မဖြစ်စဘူး ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်တဲ့။ ဥပမာ ဆင်းတုတော် သွေးထွက်တယ် ၊ မျက်ရည်စို့တယ်၊ ကောင်းကင်အလုံးချင်းချင်းနီတယ် ကြယ်တံခွန်လွတ်တယ် စသဖြင့်။
မြန်မာ့သမိုင်းမှာ လောကီပညာရပ်ကို ခေတ်အဆက်ဆက် မင်းတွေသာမက ရဟန်း ရှင်လူ ပြည်သူအပေါင်းကပါ အလေးပေး ဆောင်ရွက်လေ့ရှိတာကိုတွေ့ရပါတယ်။ ရှင်းရှင်းပြောတော့ ဘာသာတရားဆိုင်ရာ အဆုံးမတွေရှိစေကာမူ လောကီပညာရပ်ကို သိပ်အားကိုးတယ်လို့ ဆိုနိုင်တယ်။ လောကီပညာရပ်တွေကို ကောင်းကျိုး အတွက်သုံးတယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် သူတပါးဒုက္ခရောက်အောင် ဆိုးကျိုးအတွက်သုံးတာတွေလည်းရှိတယ်ဆိုတာ ပြောနိုင်တယ်။ ခေတ်အဆက်ဆက် မင်းတွေရော လူတွေပါမကျန် အမှန်တရားနှင့် ကင်းလွတ်ပြီး လောကီပညာရပ်တွေကို သိပ်အားကိုးလွန်တဲ့အတွက် အပြစ်မဲ့လူတွေထိခိုက်ပျက်စီးစေတာမျိုးဟာ နည်းနည်းလေးမှကောင်းတဲ့အရာလို့ မထင်ပါ။
အချုပ်ပြန်ပြောရရင် ဒီဆောင်းပါးဟာ ဟိုတစ်စ ဒီတစ်စ ဆွဲထုတ်ထားတဲ့ " စပ်ထမီ " တစ်ထည်သာ။ လိုအပ်ချက်များစွာ ရှိနေဦးမှာပါ။ အခြားအချက်လက်တွေ အတော်များများရှိနေသေးတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီထက်ပိုပြီး အချိန်ပေးနိုင်တဲ့အခါ မြန်မာ့လောကီပညာရပ်တွေအကြောင်း ဒီထက်ပိုပြီး ပြည့်စုံတဲ့ စာတမ်းတစ်ဆောင်အဖြစ် ပြုစုဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ရည်ညွှန်း။ ။
မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ ၊ ဒေါက်တာသန်းထွန်း ၊ မြန်မာထွေထွေရာရာသမိုင်း ၊ စာ ၄၈-၇၄။
ပဒတ်လိုဏ် ( ဗဒလင်းဂူ ) ကျောက်ရေးအနုပညာ၊ ဒေါက်တာသန်းထွန်း၊ မြန်မာ့သမိုင်းပုံ ၊ စာ ၃၄- ၄၂။
ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ၊ ဒေါက်တာသန်းထွန်း ၊မြန်မာ့ ထီးမူနန်းရာ ၊ စာ ၃-၁၆။
နှစ် ၆၀၀ ပြည့် အင်းဝ၊ အင်းဝခေတ်ပြန်လည်သုံးသပ်ချက် ၊ ရွှေကိုင်းသား ၊ ရာပြည့်စာအုပ်တိုက်၊ ဒီဇင်ဘာ ၂၀၀၈။
တကောင်း -သရေခေတ္တရာ - ပုဂံ - အင်းဝ- အမရပူရ - မန္တလေး နှင့် ခေတ်သစ် ဆင်ယင်ထုံးဖွဲ့မှု ၊ ရွှေကိုင်းသား ၊ ရာပြည့်စာအုပ်တိုက် ၊ ၂၀၀၅။
အမိန့်တော်ပေါင်းချုပ် ပ-ဒု တွဲ ၊ ဒေါက်တာသန်းထွန်း ၊ The Royal Orders Of Burma, I & II
ကုန်းဘောင်ခေတ် စစ်တမ်းများ ၊ ဒေါက်တာရီရီ ။
မြန်မာ့ရက်စဉ်သမိုင်း ပ-ဒု-တ တွဲ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန ဦးစီးဌာန၊ ၂၀၀၉။
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ တ-တွဲ၊ ပညာရေးဝန်ကြီးဌာန မြန်မာ့သမိုင်းအဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတု၊ ၂၀၀၆။
မြန်မာမဟာ မင်္ဂလာမင်းခန်းတော်၊ စာရေးတော်ကြီး ဦးရာကျော်၊ရာပြည့်စာအုပ်တိုက် ၊ တ-အကြိမ် ၂၀၀၉။
ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ၊ ဦးမောင်မောင်တင်၊ သာသနာရေး ဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်၊ ဒီဇင်ဘာ ၁၉၇၅။
ပုဂံလွန် နှစ်တစ်ရာ (၃) သတိုးမင်းဖျား ၊ ဒါက်တာသန်းထွန်း ၊ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ၂၀၀၆၊ စာ ၄၈၅-၄၉၀။
နယ်လှည့်ရာဇဝင် ပ-ဒု-တ တွဲ ၊ ဒေါက်တာသန်းထွန်း ၊ ပြည့်စုံ စာအုပ်တိုက် ၂၀၀၄။
မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ ၊ ဒေါက်တာသန်းထွန်း ၊ မြန်မာထွေထွေရာရာသမိုင်း ၊ စာ ၄၈-၇၄။
ပဒတ်လိုဏ် ( ဗဒလင်းဂူ ) ကျောက်ရေးအနုပညာ၊ ဒေါက်တာသန်းထွန်း၊ မြန်မာ့သမိုင်းပုံ ၊ စာ ၃၄- ၄၂။
ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ၊ ဒေါက်တာသန်းထွန်း ၊မြန်မာ့ ထီးမူနန်းရာ ၊ စာ ၃-၁၆။
နှစ် ၆၀၀ ပြည့် အင်းဝ၊ အင်းဝခေတ်ပြန်လည်သုံးသပ်ချက် ၊ ရွှေကိုင်းသား ၊ ရာပြည့်စာအုပ်တိုက်၊ ဒီဇင်ဘာ ၂၀၀၈။
တကောင်း -သရေခေတ္တရာ - ပုဂံ - အင်းဝ- အမရပူရ - မန္တလေး နှင့် ခေတ်သစ် ဆင်ယင်ထုံးဖွဲ့မှု ၊ ရွှေကိုင်းသား ၊ ရာပြည့်စာအုပ်တိုက် ၊ ၂၀၀၅။
အမိန့်တော်ပေါင်းချုပ် ပ-ဒု တွဲ ၊ ဒေါက်တာသန်းထွန်း ၊ The Royal Orders Of Burma, I & II
ကုန်းဘောင်ခေတ် စစ်တမ်းများ ၊ ဒေါက်တာရီရီ ။
မြန်မာ့ရက်စဉ်သမိုင်း ပ-ဒု-တ တွဲ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန ဦးစီးဌာန၊ ၂၀၀၉။
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ တ-တွဲ၊ ပညာရေးဝန်ကြီးဌာန မြန်မာ့သမိုင်းအဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတု၊ ၂၀၀၆။
မြန်မာမဟာ မင်္ဂလာမင်းခန်းတော်၊ စာရေးတော်ကြီး ဦးရာကျော်၊ရာပြည့်စာအုပ်တိုက် ၊ တ-အကြိမ် ၂၀၀၉။
ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ၊ ဦးမောင်မောင်တင်၊ သာသနာရေး ဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်၊ ဒီဇင်ဘာ ၁၉၇၅။
ပုဂံလွန် နှစ်တစ်ရာ (၃) သတိုးမင်းဖျား ၊ ဒါက်တာသန်းထွန်း ၊ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ၂၀၀၆၊ စာ ၄၈၅-၄၉၀။
နယ်လှည့်ရာဇဝင် ပ-ဒု-တ တွဲ ၊ ဒေါက်တာသန်းထွန်း ၊ ပြည့်စုံ စာအုပ်တိုက် ၂၀၀၄။