ဖိုးပေါ်ဘုရား အနီးမှာ မောင်ကုလားဘုရားကိုတွေ့ တယ်။ ပန္နပုံ ၊ အင်္ဂတေ ကနုတ်ပန်း ၊ စေတီရံ အားလုံးနီးပါး လက်ရာတူဖြစ်တယ်။ ဂူဘုရားအဓိကဝင်ပေါက် အမိုးခုံး တဘက်မှာမင်စာမှတ်တမ်းရေးထားတာတွေ့ရတယ်။ ဦးမြင့်အောင်၊ ဒေါက်တာသန်းထွန်းတို့ရဲ့စာတမ်းတွေအပါဝင် ပြည်ပစာအုပ်အတော်များများမှာ မောင်ကုလားဘုရားဆေးရေးပန်းချီတွေ အကြောင်း ဖတ်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။ ဂူဘုရားအတွင်းနံရံပေါ်မှာ ဥရောပတိုက်သားပုံအတော်များများရေးဆွဲထားတာမို့ ပိုပြီးနာမည်ကြီးလူသိများစေတာဖြစ်တယ်။ ၁၈၂၅ ခုနှစ်လောက်ကရေးတဲ့ လက်ရာဖြစ်တယ်လို့ဆိုပါတယ် (သမိုင်းထဲက ဒီဇိုင်း ၊ ဒေါက်တာသန်းထွန်း ၊ စာ ၆၁ )။ ယခုအချိန်အထိ ရှာတွေ့တဲ့ ဂူဘုရားတွေထဲမှာ ဥရောပတိုက်သားပုံ အများဆုံးရေးခဲ့တဲ့ ဂူဘုရားဖြစ်နေတယ်။ အဓိက အဝင်မုဂ်ဦးရဲ့ ဘယ်ဘက် နံရံက ဥရောပတိုက်သားပုံဟာ ဒတ်ခ်ျအမျိုးသားဖြစ်တယ်၊ ပေါ်တူဂီအမျိုးသားဖြစ်တယ်၊ တချို့က ပြင်သစ် ၊ တချို့က အင်္ဂလိပ်ဆိုပြီးအမျိုးမျိုး ပြောနေဆဲဖြစ်တယ်။ ဘယ်ဟာမှအသေချာပြောလို့မရနိုင်လို့ ငြင်းခုန်မှု သက်သက်ဖြစ်နေတယ်။ နံရံဆေးရေးအများစုဟာ ၅၅၀ ဇာတ်နိပါတ်တော်တွေထဲက ကောက်နှုတ်ချက်တွေကို ပုံဖော်ထားတာများတယ်။
စူဋ္ဌာနီတပ်သားတွေဥပကာရီမြို့ကို ဝိုင်းပြီးစစ်တိုက်ရာမှာ ဥရောပတိုက်သား အမြောက်တပ်သား ၊ မြင်းစီးတပ်သားတွေကို ထည့်ဆွဲထားလို့ စိတ်ဝင်စားစရာဖြစ်တယ်။ အခြားဇာတ်နိပါတ်တော်တွေမှာပါတဲ့ တိုက်ပွဲပုံတွေမှာလည်းဘဲ ဥရောပတိုက်သား စစ်သားတွထည့်ဆွဲထားပါသေးတယ်။ အချို့ပန်းချီတွေမှာတော့ ဥရောပတိုက်သား စစ်သည်တွေကို နှစ်ဘက်စလုံးမှာ ထည့်ဆွဲထားတာတွေ့တယ်။ ပန်းချီအောက်မှာရေးထားတဲ့ ဇာတ်နိပါတ်တော်အမည်ကောင်းကောင်းဖတ်မရလို့ ဘာဇာတ်မှန်းမပြောနိုင်သေးပါ။ မြန်မာဘုရင်တွေဟာ နိုင်ငံခြားသား ကြေးစားစစ်သားတွေကို စစ်တိုက်ရာမှာငှားသုံးရမှန်း အနည်းဆုံး ၁၄-၁၅ ရာစုနှစ်လောက်ကတည်းကသိပြီးဖြစ်ပေမယ့် ခုလိုပန်းချီတွေထဲထည့်ဆွဲတာ တွေ့ ရခဲတယ်။
ဆေးရေးပန်းချီ ရေးဆွဲတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေက
၁။ ဆေးဒန်း - အဝါရောင်
်၂။ ဟင်္သပဒါး - ချိပ်နု ၊ ချိပ်ရင့်ရောင်
၃။ ဆုန် ( ခဲမပုပ် ) - အနီရင့်
၎။ မြေဖြူ - အဖြူရောင
်၅။ ကွေ့ - ချိပ်နု ၊ ချိပ်ရင့် ( ထုံးကျောက် ၊ မြေစေး ၊ နီဝါ )
၆။ ချိပ် - သစ်စေးနီနီ
၇။ ကံကုတ် - အမည်းရောင် ( နာ ၊ ခဲပုပ်မည်း )
အစိမ်းရောင် ၊ အပြာရောင် ရလောင် လိုသလိုစပ်ပြီးသုံးတယ်။ ဆေးခြယ်တဲ့ အခါ ၊ နံရံမှာကပ်တဲ့ အင်္ဂတေ ခိုင်မာတဲ့အထိ ၊ ခြောက်သွေ့တဲ့အထိ စောင့်ဆိုင်းရပါတယ်။ရေးဆွဲတဲ့အခါ
၁။ တစ်ကြောင်းဆွဲ - မျက်နှာထားမြင်ရင် စိတ်ထားကိုမြင်အောင် ဆွဲကြပါတယ်။
၂။ ဟန်ပြ - လူကို ရှေ့မှာထားပြီး တူအောင်ရေးဆွဲပါတယ်။ (သမိုင်းထဲက ဒီဇိုင်း ၊ ဒေါက်တာသန်းထွန်း ၊ စာ ၁၉၆ )
ဒီနေရာမှာကြုံးတုန်းပြောချင်တာက မြန်မာပညာရှင်တွေထုတ်တဲ့စာအုပ်တွေ ပုံထည့်သွင်းဖော်ပြမှုအားနည်းတယ်။ နံရံဆေးရေးဟာ ဘယ်လိုသရုပ်ဖော်ထားတယ်၊ ဘယ်လိုနည်းပညာအသုံးပြုတယ် ၊ ဘယ်လောက်ကောင်းတယ်၊ လှတယ်၊ ဘယ်လိုရည်ရွယ်ချက်ရှိတယ် စသဖြင့်ရေးသွားလိုက်တာ စာမျက်နှာ နှစ်မျက်နှာလောက်ရှိတယ်။ သို့သော်ပုံက ပါမလာ။ အဲဒိတော့ စိတ်ကူးနဲ့သာပုံဖော်ရတယ်။ တကယ့် ဆေးရေးကိုမမြင်ရ။ ဖတ်လို့သာပြီးသွားတယ် မှတ်ညာဏ်ထဲကျန်ခဲ့လေ့မရှိ။ အဲဒိမှာ မြန်မာစာအုပ်နဲ့ နိုင်ငံခြားက စာအုပ်အတော်လေးကွာခြားသွားတယ်။ နိုင်ငံရပ်ခြား စာအုပ်တွေမှာတော့ ပုံကို အလေးပေးဖော်ပြတယ် ၊ ရှူထောင့်မျိုးစုံက ဓာတ်ပုံရိုက်ပြတယ် ၊ ပြီးတော့မှ ဒီပစ္စည်းနဲ့ပါတ်သက်ပြီး မှန်ကန်တိကျတဲ့အခြေခံအချက်လက် အနည်းငယ်ကိုချရေးပြထားတယ်။ ဒီတော့ စာဖတ်သူဟာ သာမန်ကလေးတစ်ယောက်ဖြစ်နေပါစေ ရှေးလက်ရာဆိုတာ ဒီလိုပါလားဆိုပြီး ပုံနဲ့စာတွဲပြီး မှတ်ဉာဏ်ထဲစွဲကျန်နေခဲ့တယ်။ ဝါသနာရှင် ၊ သုတေသနပညာရှင်တို့အတွက်တော့ ဆက်ပြီးလေ့လာဖို့ အတိုင်းမသိအဖိုးတန်အချက်လက်တွေပါဘဲ။ မြန်မာစာအုပ်တွေကဖြင့် ပေးချင်တဲ့အချက်လက်ကို ပွတ်သိပ်ထည့်ပြီးရေးတာများတယ်။ လူငယ်တွေ သမိုင်း နှင့် ရှေးဟောင်းသုတေသနကို စိတ်ဝင်စားလာအောင် လုပ်ရာမှာ ဒီနည်းက အလုပ်မဖြစ်တော့ပါ။ ဟိုတုန်းက ရှေးလူကြီးတွေကပြောတယ် " နှုတ်တစ်ရာ စာတစ်လုံး " တဲ့၊ ရှေးဟောင်းသုတေသနမှာတော့ " စာတစ်ထောင် ပုံတစ်ပုံ " လို့ပြောရလောက်အောင် တာသွားတယ်လို့ ဆိုချင်တယ်။
ခုလို ရှေးလက်ရာတွေပျက်စီးရတဲ့အဓိကအကျောင်းရင်းကတော့ ဂူဘူရားကိုယ်ထည်အတွင်းပိုင်းကို ရေစိမ့်ဝင်ပြီး ဆေးရေးတွေရှိတဲ့ အင်္ဂတေနံရံတွေကွာကျပျက်စီးတာမျိုးအတွေ့ရများတယ်။ စတင်တည်ဆောက်စဉ် ပုံစံထုတ်သူ ဗိသုကာပညာရှင်တွေရဲ့ နည်းစနစ် နှင့် နည်းပညာကွာခြားမှု၊ ဘုရားတည်ဆောက်သူ ပန်းရန်ဆရာနှင့်လုပ်သားတွေရဲ့ လက်ရာ (Workmanship) ၊တည်ဆောက်ရာမှာအသုံးပြုတဲ့ပစ္စည်း စတာတွေဟာ အဆောက်ဦးရဲ့ ရေရည်တည်တံ့မှုပေါ်အကျိုးသက်ရောက်မှုရှိတယ်။ စတင်တည်ဆောက်စဉ်အချိန်က နိုင်ငံရေး နှင့် စီးပွါးရေး အခြေနေဟာလည်းဘဲ အကျိုးသက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်ပြီး အကျိုးစီးပွါးဖြစ်ထွန်းတဲ့အချိန်မှာ လှူတန်းလေ့ရှိပေမယ့် တည်ဆောက်မှုမပြီးမှီ နိုင်ငံရေး(ဒေသတွင်း လုံခြုံရေး) ၊ စီးပွါးရေး မတည်မငြိမ်ဖြစ်လာတဲ့အခါ အဆောက်ဦးတည်ဆောက်မှုအပေါ်အကျိုးသက်ရောက်မှုရှိပါတယ်။ လက်ရာညံ့သွားတတ်တယ်။ အထူးသဖြင့် ၁၃-၁၄ ရာစုလက်ရာ ၊ ၁၈ ရာစု လက်ရာ နှင့် ၁၉ ရာစုအစောပိုင်းလက်ရာ အဆောက်ဦးတွေမှာ တွေ့ရလေ့ရှိတယ်။ ပထဝီဝင်အနေထားနှင့် ရာသီဥတု ၊ သဘာဝဘေးအန္တရာယ်ငလျှင်နှင့် မြေသားရွေ့လျားမှု စတာတွေဟာလည်းဘဲ အဆောက်ဦးရေရှည်တည်တန့်မှုကို အကျိုးသက်ရောက်မှုရှိတဲ့အတွက် ချန်ထားလို့မရပါ။ ခုပြောခဲ့တာတွေအားလုံးဟာ ဟိုတစ်ချိန်ကဖြစ်ခဲ့တဲ့အခြေနေ နှင့် သဘာဝတရားပေါ်မှာသာမူတည်ပြီး ထိန်းချုပ်ဖို့ လက်လှမ်းမှီမယ်မဟုတ်ပါ။
ရှေးလက်ရာတွေ ပျက်စီးရတဲ့အခြားအကြောင်းရာတွေရှိပါသေးတယ်။ ပါဝင်တဲ့လူတွေက ရှေးဟောင်းသုတေသနပညာရှင် ၊ ဝါသနာရှင် ၊ ဘုရားခိုး သိုက်သမား၊ ဘုရားဂေါပက၊ စေတနာရှင် ရဟန်းရှင်လူ ၊ ခရီးသွားဘုရားဖူး၊ ဘုရားအနီးနားမှာနေပြီး အသက်မွေးဝမ်းပြုသူ စသဖြင့် လူတွေရဲ့အပြူမူကြောင့်ပျက်စီးရတာမျိုးလည်းရှိတယ်။ ယခု မောင်ကုလားဘုရားမှာတော့ အထက်ပါအကြောင်းကြောင်းကြောင့်ပျက်စီးယိုယွင်းလာတဲ့ အဆောက်ဦးကို ရှေးဟောင်းသုတေသနကဖြစ်စေ စေတရာရှင် ရဟန်းရှင်လူကဖြစ်စေ ရံဖန်ရံခါပြုပြင်တာမျိုးလုပ်ရင်း ဖျက်ဆီးမိရက်သားဖြစ်တာ များမယ်ထင်ပါတယ်။ ကျိုးပျက်သွားတဲ့ နေရာတွေမှာ ပြုပြင်မှုလုပ်တဲ့အခါ သာမန်အစားထိုးပြုပြင်လုပ်သော်လည်း မူလရှေးလက်ရာအတိုင်း ပြန်လည်ဖော်ထုတ်ပြုပြင်တာမျိုးမဟုတ်ပါ။ ဥပမာပြောရရင် ကွာကျသွားတဲ့ အင်္ဂတေနံရံနေရာကို သာမန်အင်္ဂတေပြန်ကိုင်တာမျိုးသာလုပ်ထားတယ်။ နံရံတွေဆက်ပြီးပြိုမကျအောင် ထိမ်းထားနိုင်လို့ အဲလိုလုပ်တာမကောင်းဘူးလို့တော့ပြောမရပါ။ သို့သော် အသေးစိတ် ဂရုတစိုက်မလုပ်တဲ့အခါ ဘေးကအကောင်းတိုင်းကျန်နေသေးတဲ့ လက်ရာတွေကို ဖျက်ဆီးမိရက်သားဖြစ်တတ်နေတတ်တယ်။
' ရှေးဟောင်းအမွေအနှစ်ပန်းချီကာများ မဖျက်ဆီးရ ' ဆိုတဲ့စာတမ်းကို အဝင်ဝမှာတင်တွေ့တယ်။ ဟိုအရင်က အဲဒိစာတမ်းရေးထားတဲ့နံရံမှာကို ဟိုတချိန်က ဆေးရေးတွေရှိခဲ့မှာအမှန်ဘဲ။ ရှေးဟောင်းသုတေသနဌာနက မောင်ကုလားဘုရားဝင်ပေါက်ကို သံတံခါးတပ်ပြီး သော့ပိတ်ထားတယ်။ အလကားနေရင်း လက်ဆော့တတ်တဲ့ တို့မြန်မာတွေအတွက် ဒီလိုသော့ပိတ်ထားတာဘဲကောင်းပါလိမ့်မယ်။ နို့မို့ဆို ရေးထားတဲ့ ရှေးလက်ရာ နံရံဆေးရေးတွေကို ထုံးသုတ်မယ်၊ နံရံပေါ် မြေဖြူ မီးသွေးခဲ စတာတွေနဲ့ ပေါက်ကရလေးဆယ် စာတွေလျှောက်ရေးမယ်၊ ကွမ်းတံတွေးထွေးမယ် ၊ နှပ်ညှစ်မယ် ၊ အရုပ်ရေးမယ် ၊ ကျောမှီမယ် ၊ ချွေးအပါဝင် ပေရေနေတဲ့လက်နဲ့ ထိမယ်၊ကိုင်မယ်၊ ပွတ်မယ်၊ အလကားနေရင်း လက်သဲနဲ့ခြစ်ပြီးခွါမယ်၊ တုတ်ချောင်းနဲ့ ခြစ်မယ်၊ ဒါ့အပြင်နည်းမျိုးစုံ ရှိသေးတယ်။ မပြောလိုတော့ပါ။ နိုင်ငံခြားသားတစ်ယောက်ကဖြင့် ဒီလိုမှတ်ချက်ပေးဖူးတယ်။
The building were all covered in graffiti - mostly in Burmese language. The locals maybe don't appreciate what they have...