3/21/10

" ပျူ " မင်းဘွဲ့ အမည်များ

ပြည်တွင်း ၊ ပြည်ပ ပညာရှင်တွေ ပြုစုထားခဲ့တဲ့ " ပျူ " ` စာတမ်းတွေ အတော်များများ ရှိပြီးသားပါ။ အဲဒိ စာတမ်းတွေထဲက သက္ကတ လိုရေးထားတဲ့ " ပျူ " နာမည်တွေကို စာရင်း လုပ်ကြည့်တော့ ထင်သလောက်မလွယ်ပါ။ အဓိက အရေးကြီးဆုံး မူရင်း ( Primary Sources ) ဖြစ်တဲ့ အရိုးအိုးစာ ၊ ကျောက် ပလ္လင်စာ ၊ ငွေပလ္လင်စာ တွေမှာ ရေးထားတဲ့ သက္ကတရော " ပျူ " မူရင်းစာ တွေကို ဖတ်ဖို့၊ စိစစ်ဖို့လိုပါမယ်။


ဒေါက်တာသန်းထွန်း ရေး ပျူစာမှတ်တမ်းတွေမှာ တစ်လုံးစ နှစ်လုံးစ သိတဲ့ နာမည်တွေက
၁။ ဂုဟဒီပ ( မင်း ဆရာ )
၂။ စရ်ကေ
၃။ ဆော
၎။ ဇတြဒေဝိ
၅။ ဇယ စန္ဒြဝရ်မန် ( မင်းဘွဲ့ )
၆။ တြဥ
၇။ ဒဝိ
၈။ ဒံး
၉။ ဗာဒေဟိ
၁၀။ ဂုး
၁၁။ ရုဗ
၁၂။ သွး
၁၃။ သီဟ ဝိကြမ ( မင်းဘွဲ့ )
၁၄။ သူရိယ ဝိကြမ ( မင်းဘွဲ့ )
၁၅။ သြိဓတြ ( မင်းဘွဲ့ )
၁၆။ သြိတြိ ဝိဂြမ ( မင်းဘွဲ့ )
၁၇။ ဂြိဂုပ္တ ( မင်းဘွဲ့ )
၁၈။ ဂြိစန္ဒြ မဟာဒေဝီ ( မင်းမိဖုရား )
၁၉။ ဂြီနလန္ဒာ ယ ( မင်းဘွဲ့ )
၂၀။ ဂြီပြ ဘုဒေဝီ ( မင်းမိဖုရား )
၂၁။ ဂြီ ပြသုဝရ်မန် ( မင်းဘွဲ့ )
၂၂။ ဟရိ ဝိကြမ ( မင်းဘွဲ့ )

ဒေါက်တာတိုးလှ ပြုစုထားတဲ့ စာရင်းမှာ " သရေခေတ္တရာ မင်း " ၁၅ ပါးရှိတယ်။ အရိုးအိုးစာ ၊ ကျောက် ပလ္လင်စာ ၊ ငွေပလ္လင်စာ တွေမှာ တွေ့ရသမျှ မင်းဘွဲ့ နာမည်တွေဖြစ်တယ်လို့ ပြောထားပါတယ်။

၁။ ဂုပ္တ / ဂြီ ( ဒေါက်တာ သန်းထွန်း ၊ ခေတ်ဟောင်း၊ ၁၉၆၉ ၊ မျက် ၅၂ )
၂။ ဇတြတတ ( ဝိကြမ ) ( ဘုရားထောင် )
၃။ ဇ္နတြဝရ်မန် ( ကျောက်ဆင်းတု ပလ္လင်စာ )
၎။ ဇယ စန္ဒြဝရ်မန် ( ကျောက်ဆင်းတု ပလ္လင်စာ )
၅။ ဒေဝ မိတြ ( ဘုရားထောင် )
၆။ ဓမ္မဒိတျ ဝိကြမ ၊ ဩိ ( ဘုရားထောင် )
၇။ ပြန ပန ဝိကြမ ( ကျောက်ဆင်းတု ပလ္လင်စာ )
၈။ ပြဘုဝရ်မန် ( ငွေဆင်းတုစာ )
၉။ ရောရိစိန္ဒြ ( ကျောက်ဆင်းတု ပလ္လင်စာ )
၁၀။ ဗြိံ ထု ဝိကြမ ( ဘုရားထောင် )
၁၁။ ဝါရိ ဝိကြမ ( ( ကျောက်ဆင်းတု ပလ္လင်စာ )
၁၂။ သီဟ ဝိကြမ ( အရိုးအိုး ၊ ဘုရားထောင် )
၁၃။ သူရိယ ဝိကြမ ( အရိုးအိုး ၊ ဘုရားထောင် )
၁၄။ ဟရိ ဝိကြမ ( အရိုးအိုး ၊ ဘုရားထောင် )
၁၅။ အာဒိတြ ဝိကြမ ( ဘုရားထောင် )

မင်းဘွဲ့ နာမယ်တွေကို ရေးရာမှာ သက္ကတ နှင့်ရေးလို့ ဒီလိုနာမည်တွေသိရတယ်။ ။

သက္ကတ လိုရေးထားတဲ့ ဝက်ခေါင်းကုန်း ကျောက်စာအရ ဂြီကွေတြ ( သရေခေတ္တရာ) နှင့် ဝိကြမ မင်းဆက်ကို တည်ထောင်သူဟာ ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး အနက်ရ ဟရိဝိကြမ မင်းဖြစ်တယ်။ နောက်ဆုံး အုပ်ချုပ်သွားတဲ့ မင်းဟာ ၇၁၈ မှာ နတ်ရွာစံတဲ့ ခြင်္သေ့ကဲ့သို့ ရဲရင့်သူ အနက်ရ သီဟ ဝိကြမ လို့ဆိုကြပြန်တယ်။

ဒီတော့ ဝိကြမ ဘွဲ့ခံ မင်းဆက်တွေရဲ့ " အစ နှင့် အဆုံး " အဖြေ ထွတ်လာတယ်လို့ နားလည်လာတယ်။ အပေါ်က စာရင်းနှစ်ခုထဲက မင်းဘွဲ့နာမည်တွေဟာ ဦးကုလား ၊ မှန်နန်း စတဲ့ ရာဇဝင် ကျမ်းတွေမှာထဲမှာ မပါ။


နန်ချောင်မင်း ပထမ မိုယွှန် ( I - Mou - Hsun , AD 779- 808 ) က ပျူတွေရဲ့ ဧရာဝတီ မြစ်ညှာပိုင်းကို ခရစ်နှစ် ၇၆၄ မှာ သိမ်းယူတယ်။ ခရစ် နှစ် ၈၀၂ ခုနှစ်မှာ တရုတ် ထန် ( Tang ) မင်းဆက်မြို့တော် ချန်အန်း (Ch'ang-An ) ကို သံအဖွဲ့ စေလွတ်တဲ့အခါ သူ့လက်အောက်ခံ အဖွဲ့ငယ် အနေနှင့် " ပျူ " တီးဝိုင်း ကိုပါထည့်သွင်း စေလွတ်ခဲ့ပါတယ်။

မှတ်တမ်းတွေအရ ပျူ မင်းအမည်ဟာ ကုမရ စန္ဒြ ဖြစ်ပြီး ၊ တီးဝိုင်းခေါင်းဆောင် အဖြစ်လိုက်ပါလာတဲ့ သီပေါမြို့စား သုနန္ဒက ပျူမင်းရဲ့သားတော်ဖြစ်တယ်လို့ ဆိုတယ်။ အဲဒိ နာမည်တွေ အပေါ်က စာရင်း နှစ်ခုမှာ မပါတာကိုလည်း သတိထားမိပါတယ်။



မင်းဘွဲ့ အမည်ပါ ပျူ ကျောက်အရိုးအိုးများ





3/20/10

" ငတပါးမင်း" များ




မင်းမျိုးမဟုတ်သည့် ငတစ်ပါးမင်း များသာဖြစ်သော

(၁) ထိလိုင်မင်း ( အများအခေါ် ကျန်စစ်သား )
(၂) ရာဇာဓိပတိ ( အများအခေါ် ဓမ္မစေတီ )
(၃) ဆင်ဖြူများသျှင် ( အများအခေါ် ဘုရင့်နောင် )
(၄) ဗြဟိုင်းဓိရာဇာ ( အများအခေါ် ဗညားဒလ ) နှင့်
(၅) အလောင်းမင်းတရား

တို့နိုင်ငံနှင့် ပြည်သူ၏အကျိုးကို အနည်းနည်းအဖုံဖုံ ကြိုးစားဆောင်ရွက်ကြောင်းကို တွေ့ရှိကြရပါသည်။ ထိုမင်းအားလုံးပင် " ငတပါးမင်း" များဖြစ်၍ မှတ်တမ်းများကို စုပေါင်းလေ့လာသောအခါ ထိုသူများသာ ထူးခြားစွာ ရှေ့တန်းက ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ပါ။ သူတို့ ကြိုးစားဆောင်ရွက်ခြင်း တကယ်ထင်ရှားရှိသဖြင့် ပေါ်လွင်လာရခြင်းပင် ဖြစ်ပါသည်။ စင်စစ်အားဖြင့် ထိုသူများမှာ တိုင်းပြည်တွင် အခြေနေအရ လိုအပ်သဖြင့် ပြည်သူလူထုထဲမှ ပေါ်ထွက်လာသူများပင် ဖြစ်ပါသည်။ ဤသည်တို့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် သမိုင်းကပေးသော သင်ခန်းစာများ ဖြစ်ပါသည်။




ဒေါက်တာသန်းထွန်း ၊ အစောဆုံး အက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ ၊ စာမျက်နှာ ၈၀ ။

မူလ
သန်းထွန်း ၊ ရှေးမွန်ကျောက်စာပါ သမိုင်းအထောက်အထားများ ။
အတွဲ ၄၊ အပိုင်း ၄၊ ၁၉၆၉
တက္ကသိုလ်ပညာပဒေသာစာစောင်
စာမျက်နှာ ၃၇-၆၇

3/1/10

THE WORLD OF ANCIENT EGYPT



စင်္ကာပူ နိုင်ငံ အမျိုးသား ပြတိုက် ( Singapore National Museum ) ကကြီးမှုး ကျင်းပတဲ့ 
QUEST FOR IMMORTALITY
THE WORLD OF ANCIENT EGYPT ရှိုးကို သွားကြည့်ခဲ့တယ်။

ဝင်ကြေး စင်္ကာပူ ဒေါ်လာ ၁၅ လို့ရေးထားပေမယ့် Master Card နှင့်ပေး မယ်ဆိုရင်တော့ ဝင်ကြေး ၈ ဒေါ်လာသာပေး ရပါမယ်။ ရှိုးပွဲ တစ်ခုလုံးကပေးတဲ့ အသိပညာ တန်ဖိုး ဟာ စင်္ကာပူ ဒေါ်လာ ၁၅၀၀ မက တန်ပါတယ်။

ခရစ်တော်မပေါ်မှီ အရင် အနှစ် ၄၀၀၀ ကနေ ခရစ်တော်ပေါ်ပြီး အနှစ် ၉၅၀ အတွင်း သမိုင်းဝင် ရှေးဟောင်း အမွေနှစ် ပစ္စည်း တွေကိုပြထားပါတယ်။ အီဂျစ် နိုင်ငံရဲ့ အမျိုးသား အမွေနှစ် ရှေးဟောင်း ပစ္စည်း တွေဆိုပေမယ့် ခုလာပြတဲ့ ပစ္စည်းအားလုံး ဟာ အီဂျစ် နိုင်ငံ ကမဟုတ်ပါ။

Austria နိုင်ငံ ၊ မြို့တော် Vienna မှာရှိတဲ့ Kunsthistorisches Museum ပိုင်တွေ ဖြစ်တယ်။ Singapore National Haritage Board ကကြီးမှုး ကျင်းပပေးတာမို့ စင်္ကာပူ နိုင်ငံ မှာကျင်းပခဲ့တဲ့ ရှေးဟောင်း အနုပညာဆိုင်ရာ ၊ သမိုင်းဆိုင်ရာ ပြပွဲ တွေထဲမှာ အကောင်းဆုံး ပွဲတစ်ခုပါ။

2/28/10

သူရိယ ဝိကြမ ကျောက် အရိုးအိုး


ပစ္စည်း အမျိုးအစား - ပျူ ကျောက် အရိုးအိုး

အချိန်ကာလ - ၂ - ၇ ရာစုနှစ် ( ခန့်မှန်း )
တွေ့ရှိရာနေရာ - ပြည် ၊ ဘုရားကြီး အနီး ( သရေခေတ္တရာ မြို့ဟောင်း )
တွေ့ရှိသည့် ခုနှစ် - ၁၉၁၂
စတင်တွေ့ရှိသူ - မစ္စတာ ချာစ် ဒူရာဇယ် ( Mr Chas Duriosell )
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် / ကျောက်ထွင်း / ကျောက်စာ ။
အရွယ်အစား - အမြင့် - ( သေချာမသိသေးပါ )

လက်ရှိတည်နေရာ - မှော်ဇာ ပြတိုက်၊ ပြည်။

ပြတိုက်ပစ္စည်း အမှတ် - ( သေချာမသိသေးပါ )


၁၉၁၂ ခုနှစ် ၊ ယခင် အရိုးအိုးတွေရရှိခဲ့တဲ့ နေရာ ဘုရားကြီးတောင်ဘက် မှာဘဲ ထပ်တွေ့တယ်။ မိုးရေတိုက်စားသွားလို့ လည်ပင်ပေါ်နေတဲ့ ကျောက်အရိုးအိုး တစ်လုံး ၊ ကြေးအရိုးအိုးတစ်လုံး ကို မစ္စတာ ချာစ် ဒူရာဇယ် က အမှတ်မထင်တွေ့ရှိခဲ့တာပါ။ မင်းဘွဲ့ တွေကို ရေးရာမှာ သက္ကတ နှင့်ရေးထားလို့သာ ဒီလိုနာမည်တွေသိရတယ်။ ဒီအရိုးအိုး ပေါ်ကစာတွေကို အက္ခရာ ဖလှယ် ပြီး ဖတ်ပေးခဲ့သူက ဒေါက်တာ စီ အို ဗလက်ဒန် ( Dr C. O Blagden ) ဖြစ်ပါတယ်။ နောက်ပိုင်း မြန်မာပညာရှင်တွေကလည်း အက္ခရာ ဖလှယ်ကြပါသေးတယ်။


အရိုးအိုး ပေါ်မှာရေးထားတဲ့ စာတွေက
တ္ဒးဗံး ဥဟိ သူရိယဝိကြမ ဗံးသ္နိး ( င )သူ ( ဒေ ) ( ပိံ ) ငတ ( ကိံ ) ( ခ )
ဥသ္နိး သ္နိး တြုသော်ပံ္တတိး တ္ဒးဗံး ဥရုက္လေးယံ

၆၄ ခုတွင် သူရိယဝိကြမ မင်းကြီး နတ်ရွာစံသည်။ သက်တော် ၅၀ နှစ် ၅ လ ( မြန်မာပြန် )

၆၄ ခု ဆိုတာ သက နှစ်ကို ယူသလား ၊ ဒါမှမဟုတ် ဂုပ္တ နှစ်ကို ယူသုံးသလားဆိုတာ သေချာမသိရသေးပါ။ ဒါကြောင့် ခရစ်နှစ် တွက်ယူလိုတယ်ဆိုရင် အရင်က ပြောခဲ့တဲ့ အတိုင်း သူရိယ ဝိကြမ နတ်ရွာစံနှစ် ပျူ နှစ် ၆၄

သက ၆၄+၇၈ = ၁၄၂ ( ခရစ်နှစ် )

ဂုပ္တ ၆၄ + ၃၁၉ = ၃၈၃ ( ခရစ်နှစ် )

2/24/10

သိုက်

ကျွန်တော့ ညီမအငယ်ဆုံးလေးကို မေမေ့ အသက် ၄၀ ကျော်မှာမွေးတယ်။ ကျန်းမာရေး အခြေနေအရ ကြောင့်လားမသိပါ။ ၇ လနှင့်မွေးတယ်။ လူကောင်သေးပြီး မွေးကင်းစ ကလေးငယ်ကို ဦးလေးဖြစ်သူက လက်တစ်ဖက်တည်းနှင့် ချီထားလို့ရတယ်။
ကလေးလက်မောင်းလေးတွေက ဦးလေးရဲ့ လက်ခလယ်ချောင်းလောက်သာ ရှိတယ်။ ဒီလိုလူကောင်းသေးလွန်းလို့လားမသိ ကလေးဟာ လသားအရွယ်ကတည်းက ချူခြာတယ်။ မကြာခဏဖျားလေ့ရှိတယ်။ ကျွန်တော်တို့ နယ်မြို့ဆေးရုံလေးမှာ မွေးလေ့ရှိတဲ့ ကလေးတိုင်းမှာ အသားဝါ ရောဂါကလည်း အမြဲလို ပါနေကျ။

လသားအရွယ်ကတည်းက ချူခြာခဲ့သလို ၊ ၆-၇ နှစ်သမီးအရွယ် ရောက်တဲ့အထိ အမြဲလို ကျန်းမာရေးချို့တဲ့နေလေ့ရှိတယ်။ ဒီတော့ အမေကပြောလာတယ် " နင်တို့ ညီမက သိုက်ကလာတာ " တဲ့။ " သိုက်က ပြန်ခေါ်ခေါ်နေလို့ ချူခြာနေတာ ၊ သိုက်ကြိုးဖြတ်ရမယ် " စသဖြင့်ပေါ့လေ။
ဒါပေသိ ညီမအငယ်ဆုံးလေးကို သိုက်ကလာတယ်ဆိုတာကိုယုံတဲ့သူက တစ်မိသားစုလုံးမှာ မေမေတစ်ယောက်တည်းသာ။ " သိုက် " ဆိုတာ ရွှေ ၊ငွေ နှင့်အဖိုးတန် ရတနာတွေ မြုပ်ထားတဲ့ နေရာလို့ လူကြီးတွေပြောလေ့ရှိလို့ သိထားပြီးနေပါပြီ။

ဒါကြောင့် တစ်ခါတလေ စနောက်လိုတဲ့သဘောနှင့် " ဘယ် သိုက် ကလာတာလဲ အမေ " လို့မေးတဲ့ အခါတိုင်း " သိုက်ဆိုတာ သိုက်ကပေါ့ဟဲ့ " လို့သာ ငေါက်ပြောပြောလေ့ရှိတယ်။ ဒိထက် ပိုမပြောနိုင်ရှာပါ။ " သိုက် " ဆိုတာ အဖိုးတန် ရတနာတွေ ၊ အဖိုး တန် ပစ္စည်းတွေ ရှိမယ်လို့ ယုံကြည်ထားကြပေမယ့်လို့ ဘယ်နားမှာရှိမှန်း သေချာမသိ။ သိုက် စာရင်း ၊ သိုက် သမိုင်းရယ်လို့လဲ မသိရှာပါ။
ဟိုလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ် ဆီက လူပြောသူပြောများတဲ့ သိုက်တွေကို မှတ်မိသလောက် ပြန်ပြောရရင်
နတ်သိုက်
်နဂါးသိုက်
ကုလားသိုက်
ကသည်းသိုက်
တရုတ်သိုက်
ဂျပန်သိုက်
မွန်သိုက်
ရှမ်းသိုက်
်ရေသိုက်
်မွေသိုက်

အသက် နည်းနည်းကြီးလာတော့ လက်လှမ်း မှီသလောက် " သိုက် " အကြောင်းလေ့လာကြည့်တော့ စာတချို့ဖတ်ရတယ်။ ဒိထက်ပို ပြောနိုင်ရင် ကွန်မန့်ရေးခဲ့ကြပါ။ =================
မြန်မာတွေမှာ သိုက်စာဆိုတဲ့ နာမည်နဲ့ ဥစ္စာပစ္စည်း ဘယ်မှာ မြှုပ်ထားတယ် လို့ ညွှန်တဲ့စာ ၊ ရှေ့ဖြစ်ကို ကြိုပြောတဲ့ စာတွေရှိတယ်။

၁။ ဂဝံပတိ သိုက်
၂။ ငမှန်ကန်း သိုက်
၃။ ဇာဂရုနတ်စက်ရောင် သိုက်
၎။ ဗျာဒိတ်တော် သိုက်
၅။ ဘုရား သိုက်
်၆။ ဘုမ္မိယ သိုက်
်၇။ ရွှေတိဂုံ သိုက်
်၈။ သိကြား သိုက်
်၉။ အဝ သိုက်
အဲဒီအထဲမှာ ဇာဂရုဗြာဟ္မဏက သာလွန်မင်း ( ၁၆၂၉-၄၈ ) လက်ထက်မှာ ရေးခဲ့တဲ့ ဇာဂရု နတ်စက်ရောင်သိုက်မှာ အထူးစိတ်ဝင်စားစရာကောင်းတယ်။ မင်းရဲကျော်ထင် ( ဝမ်းဘဲ အင်း စံမင်း ) ( ၁၆၇၃-၉၈ ) လက်ထက် နတ်စက်ရောင်ကျောင်း ဆရာတော် စတ္တာဘိဃောသ က ဇာဂရုသိုက်မှာ ဖြည့်စွက်ပြင်ဆင်ချက်တွေလုပ်လို့ ဇာဂရုနတ်စက်ရောင် သိုက်လို့ အမည်တွင်ခဲ့တယ်။
ဇာဂရု နတ်စက်ရောင်သိုက်ကို ခရစ်နှစ် ၁၇ ရာစုနှစ်က အမှန်တကယ် ရေးခဲ့သလားဆိုတာ စစ်ဆေးကြည့်ဖို့ မလွယ်ပါ။ ( ဒေါက်တာသန်းထွန်း ၊ မြန်မာ့ သမိုင်းတွင် လောကီပညာ အရေးပါပုံ၊ မိုးဂျာနယ် အမှတ် (၁၀) ဒီဇင်ဘာ ၂၀၀၄၊၁၃၀-၁၅၉ ကြည့် )