3/10/09

ပတ္တမြား ခေါင်းဘီး


အမျိုးအစား - ပတ္တမြား ခေါင်းဘီး
အချိန်ကာလ - ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ်
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။
အရွယ်အစား - အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.2-1902

မြင်နေကျ မြန်မာဟန်ပန်အတိုင်းပါဘဲ၊ ဒီ ၂ ဘက်လှ သစ်သားဘီးလေးမှာ ရွှေကို အပေါ်က ကပ်ထားတယ်၊ ပတ္တမြား နှင့် မြ ကို စီမြုပ်ပြီးအလှဆင်ထားတယ်။
ဘီး၊ ဆီ ( ခေါင်းလိမ်းဆီ/အလှဆီ)၊ ရေမွှေး၊ သနပ်ခါး နှင့် ဆံစု စတာတွေ ပါတတ်တဲ့ နန်းတွင်း အမျိုးသမီး တစ်ဦးရဲ့ အလှပြင်သေတ္တာ ထဲက တစ်ခုအပါဝင်ပါ။
အဖိုးတန် ရတနာ ပစ္စည်းတွေ နှင့် အလှဆင်ထားတဲ့ ဒီခေါင်းဘီးဟာ ကုန်းဘောင် မင်းဆက် ( ၁၇၂၅-၁၈၈၅ ) မိဘုရား နှင့် မင်းမျိုးမင်းနွယ် တွေသာ သုံးနိုင်တဲ့တော်ဝင် ပစ္စည်း တစ်ခုပါ။
================================
ဘယ်သူပိုင် ပစ္စည်း ရယ်လို့ တိုက်ရိုက်မပြောပေမယ့် မှန်းကြည့်လို့ရအောင် တော့ ပြတိုက်က လမ်းစပေးထားပါတယ်။

3/9/09

မွန်ခေါင်းလောင်းစာ




တစ်ရက်။ ကျွန်တော့် အရင် အလုပ်ရှင် စင်ကာပူနိုင်ငံသား ရှေးဟောင်းပစ္စည်း ကုန်သည် က ဒီဓာတ်ပုံပို့ပြီး စာကိုဘာသာပြန်ဖို့ အကူညီတောင်းပါတယ်။
တစ်ပတ်လောက် ခေါင်းစားနေရတယ်။
စာက မွန်စာ ဖြစ်နေတယ်။
ခုနှစ် ဖတ်လို့ရတယ်။
အလေးချိန် ဖတ်လို့ရတယ်။
ကုန်ကျငွေ ဖတ်လို့ရတယ်။

အလှူရှင် ဒါယကာတွေ ရဲ့နာမည် ၊ ဘယ်အရပ်လို့ သေချာမသိရပါ။ ပုဂံစာကျောက်စာ ၊ အဝ ကျောက်စာ တွေကို အချိန်ယူကြိုးစားဖတ်ရင် အဖြေရပါတယ်။ ဒါပေသိ ရခိုင်၊ ရှမ်း၊ မွန် စာတွေတော့ မဖတ်နိုင်ပါ။ နောက်ဆုံး ကြံရာမရလို့ ထိုင်းနိုင်ငံအခြေစိုက် သီတင်းမီဒိယာ တစ်ခုက မွန်စာ တာဝန်ခံ ဆရာ ဗညားအောင်ကို ကူညီလှမ်းတောင်းပါတယ်။ သူကူညီလိုက်လို့ နာရီပိုင်းအတွင်း မြန်မာဘာသာပြန်ရပါတယ်။




သူ့ပြန်စာမူရင်း က
သို့
ဇေမျိုးလင်း
ခေါင်းလောင်းပါစာ၏အဓိပ္ပါယ်ကအောက်ပါအတိုင်းဖြစ်ပါတယ်
၁၂၈၆- တပို့တွဲလပြည့်ကျော် ၈ ရက်၊ တနင်္ဂနွေနေ့ "တဒုႝပြင် (ဝါ)တံဒုႝပြင် (ဝါ) သောင်ပြင်ရွာ-ရွာနာမည် အပေါ်ညာစွန်း၊ဖတ်ရတာမသဲကွဲ" အလှူဒါယကာ၊ ဒါယိကာမ နှစ်ဦးဖြစ်ကြသည့် "ယောက်ျားနာမည် မသဲကွဲပါ" - မိဝင် နှင့်သားသမီး အပေါင်းအပါတို့က အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။
ယုံကြည်လျှက်
ဗညားအောင်


အဲဒီလိုမြန်မာဘာသာပြန်ရတော့မှ ကျွန်တော်က ဆက်ပြီး ကြိုးစားတယ်။ ဒီလိုပြန်လိုက်တယ်။ မှားနေရင် ထောက်ပြပါ။ ပြင်ပေးပါ။

၁၉၂၅ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက် ၊ တနင်္ဂနွေနေ့ တဒုပြင်ခေါ် သောင်ပြင်ရွာ နေ
အလှူဒါယကာ တြုံဗြဲညု ( မသေချာ )+ ဒါယိကာမ မိဝင် နှင့် သားသမီး အပေါင်းပါတို့က
အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။

ကိုဗညားအောင် ကိုကျေးဇူး အထူးတင်ကြောင်း ဒီနေရာမှာ ထပ်ဖော်ပြလိုက်ပါတယ်။
================================================
ဒီခေါင်းလောင်းကို ဘယ်သူက ဘယ်နေရာက ခိုးလာမှန်း မသိရပေမယ့် ဒီလိုမြန်မာ့ အနုပညာဆိုင်ရာနှင့် ရှေးဟောင်း ပစ္စည်းတွေ မြန်မာမြေပေါ်က ကွယ်ပျောက်ရတာမှာ သဘာဝဘေးရန် ထက် လူဟာ အဆိုးဝါးဆုံး ၊ အမိုက်ရိုင်းဆုံး ၊ အရက်စက်ဆုံး တရားခံပါ။

3/8/09

နဂါးလက်ကောက်




အမျိုးအစား - လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ ။
အချိန်ကာလ - ၁၉ ရာစု (၁၈၅၀)
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ကျစ်ဆံမြှိးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။
အရွယ်အစား - အရှည်(အလျား) ၇ လက်မ၊ အနံ ၀.၂၅ လက်မ ။
အရှည် (အလျား) ၆ စင်တီမီတာ ( ပုံပါအတိုင်း)
အနံ ၆.၂ စင်တီမီတာ( ပုံပါအတိုင်း)
အထူ (ထူ) ၁.၁ စင်တီမီတာ( ပုံပါအတိုင်း)
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - M.39-1939


၁၈၆၀ ခုနှစ် လောက်မှာ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်စတီ ( Dante Gabriel Rossetti ) ဟာ ပန်းချီ ရေးဖို့ရာအတွက် အရောင်းသွေးစုံပြီး အသွင်စန်းတဲ့ နိုင်ငံရပ်ခြားဖြစ် ကျောက်မျက် ရတနာ နှင့် အခြား လိုတဲ့အပ်ပစ္စည်း တွေကို လစ်စစ်စတာ စကွဲရား (Leicester Square) ၊ ဟမ်းမားစမစ် (Hammersmith) တဝိုက်ရှိ ထူးစန်းပစ္စည်း အရောင်းဆိုင် မှာ ဝယ်ယူခဲ့ပါတယ်။ ၁၈၆၅-၁၈၆၆ ခုနှစ် ပတ်ဝန်းကျင် လောက်က ရိုဆက်စတီ ရေးခဲ့တဲ့ ပန်းချီကားမှာ သူ့ချစ်သူ သတို့ သမီးကို ဒီ နဂါးလက်ကောက် ဆင်မြန်းစေကာ ပုံတူကိုရေးခဲ့ပါတယ်။ ပန်းချီဆရာ ဒိန်း ဂါဘရီရယ် ရိုဆက်တီ (Dante Gabriel Rossetti) ဟာဂျိန်းမောရစ်(Jane Morris) ကိုလည်း မကြာခဏ အမျိုးသမီး ပုံတူ ရေးလေ့ရှိတယ်။ နောက်ပိုင်းမှာ ရိုစစ်စတီ က ဒီလက်ကောက်အပါဝင် ပစ္စည်း အချို့ ဂျိန်းမောရစ် ကိုပေးခဲ့တယ်။
ဂျိန်းမောရစ်(Jane Morris)အဖြစ် လူသိများတဲ့ ဂျင်နီ (Janey) ဟာ ဆိုရှယ်လစ် ပန်းချီ၊ ပန်းပု နှင့် ဒီဇိုင်းပညာရှင် ဝီလျန် မောရစ် (William Morris) ရဲ့ ဇနီးပါ။ ၁၉၃၈ မေ၊ မှာ ဂျိန်းမောရစ် ရဲ့ သမီးဖြစ်သူဟာ ရတနာ ပစ္စည်း အချို့ကို ဗစ်တိုးရီးယား နှင့် အယ်ဘာတ်ပြတိုက် ကို သေတမ်းစာ နှင့်လှူဒါန်းခဲ့ပါတယ်။

=====================================
သီပေါမင်းပါတော်မူ ပြီးနောက် ၅ နှစ်အကြာမှာ ဒီလို မြန်မာပြည်က နန်းတွင်းသုံးရတနာ ပစ္စည်းဟာ အင်္ဂလန်နိုင်ငံ လစ်စစ်စတာ ကိုရောက်နေပါပြီ။ ဒီပစ္စည်းမူလ လာရာလမ်းကြောင်း ၂ ခုရှိတယ်။ မန္တလေး နှင့် ရတနာဂီရိ ။ ပါတော်မူတဲ့ နေ့မှာ ရတနာပစ္စည်း တွေပျောက်တယ်လို့ ဘုရင်က ရော၊ ဆင်ဖြူမရှင် ကပါ အင်္ဂလိပ်အစိုးရကို တိုင်းတန်းထားတာရှိပါတယ်။

ရတနာဂီရိ ကိုပါတော်မူတဲ့ သီပေါဘုရင် ကလည်း ပါလာတဲ့ ရတနာ ပစ္စည်းတွေကို မကြာခဏဆိုသလို ထုတ်ရောင်းလေ့ရှိပါတယ်။ ဒီပစ္စည်းတွေဟာ နန်းတွင်းသုံးပစ္စည်း ရယ်လို့ ကံသေကံမ ပြောလို့မရပါ။ မန္တလေးမှာ သိပ်ချမ်းသာ တဲ့ ကုလား၊ တရုတ် နှင့် မြန်မာ သူဋ္ဌေးတွေ ဆီကလည်းဖြစ်နိုင်ပါသေးတယ်။ အင်္ဂလန်နိုင်ငံ ကို ပညာတော်သင် နှင့် သံအမတ်တွေအဖြစ်လာတဲ့ မြန်မာတွေက စရိတ်ပြတ်လို့ ရောင်းခဲ့တာမျိုး ရောမဖြစ်နိုင် ဘူးလား လို့ လူကပ် တွေက မေးလာရင် လည်းမဖြစ်နိုင်ပါလို့ဘဲဖြေရပါမယ်။

ရတနာ ပစ္စည်းတွေက အမျိုးသမီးသုံး တွေဖြစ်ပြီး ပညာတော်သင် နှင့် သံအမတ်တွေ အားလုံး အမျိုးသားတွေကြီးပါ။ မြန်မာသံ အဖွဲ့တစ်ဖွဲ့ ကတော့ စရိတ်ပြတ်ပြီး ရက်အတော်ကြာသောင်တင်နေဖူးပါတယ်။

ဒီလက်ကောက်ကို ပြတိုက်က နဂါးလက်ကောက်လို့ ပြောပါတယ်။ ကျွန်တော့်အမြင်က တော့ ပုံသိပ်မရှင်းပါ။ ဘေးတိုက်ပုံဖြစ်နေပါတယ်။ ရွှေသိပ်မကြိုက်ပေမယ့် လက်ရာ ဟာ သိပ်အနုစိတ်ပြီး အဆင့်မြင့်တယ်လို့ထင်တယ်။

နန်းစဉ်ရတနာ နှင့် စလေဒင် ( ၂ )

နန်းစဉ် ရတနာ ပစ္စည်းတွေ ဆုံးရှုံးမှု အတွက် စလေဒင်ကို တာဝန်ရှိသူအဖြစ်တိုင်းတန်းတဲ့ နောက်တစ်ဦး ရှိပါသေးတယ်။ မင်းတုန်းမင်းရဲ့ မိဘုရားခေါင်ကြီး၊ စုဘုရားလတ်ရဲ့မိခင်၊ ဆင်ဖြူမရှင်ပါ။ မူရင်း ဆရာမြသန်းတင့် ရေးတဲ့ " တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက် ဆောင်းပါး " ထဲက စလေဒင်၊ ဆင်ဖြူမရှင် နှင့် ထားဝယ်အရေးခင်း ဆောင်းပါ မှ တချို့ကို ကူးယူ ဖော်ပြ လိုက်ပါတယ်။

" ၁၈၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ထဲတွင် မယ်တော် ဆင်ဖြူမရှင်က ရန်ကုန် ဝန်ရှင်တော်မင်းကြီး ဘားနဒ် ထံသို့ စာတစ်စောင် ပေးပို့ကာ မန္တလေးတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် တောင်းဆိုသည်။ ဘားနဒ် က ပစ္စည်းများကို အတည်ပြု၍မ ရနိုင်ကြောင်း ၊ ထို ပစ္စည်းများသည် ပါတော်မူညက နန်းတော်ထဲ သို့ဝင်ရောက်ယူငင်ကြသော မြန်မာအမျိုးသမီးတို့ လက်သို့ပါသွားသလော။ သို့တည်းမဟုတ် အစိုးရ၏ ပစ္စည်းသိမ်းကော်မတီ (Prize Committee ) ထံတွင် ရှိသလောဆိုသည်ကို မပြောနိုင်ကြောင်းဖြင့် အကြောင်း ပြန်သည်။ ဤတွင် ဆင်ဖြူမရှင်က အိန္ဒိယဘုရင်ခံ ချူပ်ထံ စာရေးကာ မန္တလေးတွင် ကျန်ရစ်ခဲ့ သည့်ပစ္စည်းများ စာရင်းကိုလည်း ပူးတွဲပေပို့သည်။ "

ဆင်ဖြူမရှင်၏စာမှာ အောက်ပါအတိုင်းဖြစ်ပြီး ၁၈၈၇ ခု၊ ဩဂုတ်လ ၂၀ ရက်စွဲ ထိုးထားသည်။

" ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ (၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်) မနက်၌ ကာနယ် ( ယခု ဆာအက်ဒွပ် ) စလေဒင်နှင့် အဖွဲ့သည် နန်းတော်ထဲသို့ ရောက်လာကာ ကျွန်ုပ်တို့အား တောင်ဥယာဉ်တော်ထဲ သို့ ဆင်းသက်နေမည်ဟု ပြောပါသည်။ ကာနယ်စလေဒင်၏ တောင်းဆိုချက် မှာရုတ်တရက်ဖြစ်သဖြင့် ကျွန်ုပ်၏ ကိုယ်ပိုင် ပစ္စည်း များဖြစ်သော အဖိုးတန် ပစ္စည်းများကို မည်သို့ခန့်ခွဲရမည်ကိုမသိဘဲ ဖြစ်နေပါသည်။


ကျွန်ုပ်အနေဖြင့်ရော ကျွန်ုပ်၏ သားသမီးများ အနေဖြင့်ရော မည်သို့သော အခြေနေမျိုး ရှိမည်ကို မသိသည့်အတွက် ကာနယ်စလေဒင်ကိုခေါ်ကာ ကျွန်ုပ်တွင်ရှိသည့် အဖိုးတန်ပစ္စည်းများစွာတို့အနက် အချို့ကိုသာ သယ်ယူသွားနိုင် မည်ဖြစ်ကြောင်း ပြောပါသည်။ "

ထို့နောက် အခြားသော အဖိုးတန်ပစ္စည်းများကို ပြပါသည်။ အချို့မှာ ငွေသားဖြင့် ပြုလုပ်ထားပြီး အချို့မှာလည်း စိန်များ ဖြင့် စီထားကာ မြောက်ပန်းခုံတော်ထဲရှိ အခန်းခြောက်ခန်းပါ မီးခံတိုက်တွင် ထားပါသည်။ ထိုအခါ တွင် ကာနယ်စလေဒင် က " အစိုးရသည် ဘုရင့်မိသားစုပိုင် ပစ္စည်းများကို ယူမည်မဟုတ်ကြောင်း၊ မိမိတို့လိုချင်သည် မှာ ဘုရင်နှင့် ဘုရင့်နိုင်ငံသာ ဖြစ်ပါသည်။

ထိုအဖိုးတန်ရတနာများ မပျောက်စေရပါ။ ကျွန်ုပ်ကို ယုံကြည်ပါ။ လိုချင်သည့်အချိန်တွင် ထိုပစ္စည်းများ ကိုပြန်ယူနိုင်သည်" ဟုပြောခဲ့ပါသည်။ မီးခံတိုက်တခါးကို ပိတ်၍ သူကိုယ်တိုင် သော့ခတ်ပါသည်။ ထို့နောက် ကျွန်ုပ်၏ရှေ့မှာပင် ဘဏ္ဍာထိန်း(?) အား မီးခံတိုကကို ကြီးကျပ်ထိန်းသိမ်း ရန်အပ်နှံပါသည်။ ထိုသော့များမှာ ယခု ကျွန်ုပ်ထံတွင်ရှိပါသည်။

ထို့နောက် ကျွန်ုပ်က ကြွေပန်းကန်များ၊ ဖန်ထည်များ၊ အထည်လိပ်ကြီးများကိုလည်း ပြသပါသည်။ ထိုအခါ ကာနယ်စလေဒင်က အခန်းများမှာ သော့ပိတ်ထားပြီး ကျွန်ုပ်မည်သည့်နေရာတွင်နေသည်ဖြစ်စေ သော့များကို ကျွန်ုပ်လက်တွင် ထိန်းသိမ်းထားပါက ထိုပစ္စည်းများကို အချိန်မရွေး ယူသွားနိုင်ကြောင်း ပြောပါသည်။ ထိုအခန်းများကိုလည်း သော့ခတ် ပိတ်ထားလိုက်ပါသည်။

ထို့နောက်တွင် ဖော်ပြခဲ့သည့် ရွှေထည်များ၊ ကျောက်မျက်ရတနာတို့ စီချယ်ထား သည့် ပစ္စည်းများကို တောင် နန်းတော်ဆောင် ဘက်သို့ ပြောင်း ရွှေ့ခဲ့ပါသည်။ ထိုနေရာတွင် ကာနယ်စလေဒင် က သူ့စာရေးဆိုသူနှင့် အိန္ဒိယ တိုင်းရင်းသား နှစ်ဦးကို ခေါ်ပြီး ကျွန်ုပ်၏ ပစ္စည်းများကို မည်သူ့ ပစ္စည်းနှင့်မျှ ရောနှောခြင်းမပြုရဟု ကျွန်ုပ်ရှေ့တွင်ပြောပါသည်။ ထို့နောက် ကျွန်ုပ်တို့မှာ တောင်ဥယာဉ်တော်သို့ ဆင်းသက်လာခဲ့ကြရပါသည်။

ထို့နောက် ကျွန်ုပ်တို့အား ညနေ ၃ နာရီတွင် သင်္ဘော ပေါ်သို့ ပြောင်းရွှေ့ရန်စီစဉ်ပါသည်။ ကျွန်ုပ်က နေရစ်လိုကြောင်း ပြောသည့်အခါတွင် ကာနယ်စလေဒင် က ကျွန်ုပ်သာမက သမီးတော်ဖြစ်သော မိဖုရားခေါင်ကြီးသည်လည်း နေရစ်နိုင်ကြောင်း၊ ကြိုက် သည့်နေရာတွင် နေနိုင်ကြောင်း ပြောပါသည်။ ကျွန်ုပ်က နေရစ်ရန် ဆုံးဖြတ်သည့်အခါတွင် ကျွန်ုပ်၏သမီး တော်များက ရန်ကုန်အထိ လိုက်ခဲ့ရန် ခေါ်ကြပါသည်။ ကျွန်ုပ်က သူတို့နှင့် အတူလိုက်သွားလျှင် ကျွန်ုပ်အား မန္တလေးသို့ ပြန်ခွင့်ပေးမည်လောဟု နိုင်ငံရေး အရာရှိ ကိုမေးပါသည်။ သူက ရန်ကုန် ရောက်လျှင် ကျွန်ုပ်အား ဝန်ရှင်တော်မင်းကြီးက ချက်ချင်း ပြန်ပို့မည်ဖြစ်ကြောင်းဖြင့် ပြောပါသည်။

ကာလကတ္တားအထိ လိုက်သွားလျှင်လည်း အိန္ဒိယဘုရင်ခံ ချုပ်က ကျွန်ုပ်အားကောင်းကောင်းမွန်မွန်ဖြင့် ပြန်ပို့မည်ဖြစ်ကြောင်း၊ သူပြောသည့်စကားကို စိတ်ချယုံကြည်စေလိုကြောင်း၊ အင်္ဂလိပ်လူ မျိုးတို့သည် ကတိမဖျက်ကြောင်း ပြောပါသည်။ ထိုစကားကြောင့် ကျွန်ုပ်ရန်ကုန်သို့ လိုက်လာခဲ့ပါသည်။ ရန်ကုန်ရောက်သည့် အခါတွင် အာဏာပိုင်တို့က ကျွန်ုပ်အား ထားဝယ်သို့ လိုက်သွားပြီး တိုင်းပြည်ငြိမ်သက်သည့်အထိ ထိုနေရာတွင်နေထိုင်ရန် ပြောပါသည်။

ကျွန်ုပ်လည်း မငြင်းတော့ဘဲ ထားဝယ်သို့လိုက်လာကာ အရေးပိုင်မင်း ပေးသည့် အိမ်တွင် နေထိုင်ခဲ့ပါသည်။ ကျွန်ုပ်ရရှိသော လစာထောက်ပံ့ငွေ ၄၅၀ မှာ ကျွန်ုပ်နှင့်တကွ ဆွေမျိုးများ၊ အစေတော်များအတွက် လောက်ငခြင်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တွင်ပါလာသည့် ပစ္စည်းအချို့တို့ကို ထုခွဲရောင်းချရပါသည်။ သို့ရာတွင် ထိုအကြောင်းများကို ကျွန်ုပ်တစ်ခါမျှ တိုင်တန်းခြင်း မပြုခဲ့ဖူးပါ။

ထို့ကြောင့် ကျွန်ုပ်နှင့်တကွ ဆွေတော်မျိုးတော်များ၊ အစေတော်များ ချောင်ချောင် လည်လည် နေထိုင်နိုင်ရေးအတွက် မန္တလေးတွင် ကျန်ရစ်ခဲ့သော ကျွန်ုပ်ပိုင် ပစ္စည်းများကို ရယူလိုပါသည်" ဟု ရေးထားကာ မြောက်တံခါးအနောက်ဘက် ပန်းခုံတော်တွင်းရှိ မီးခံတိုက်တွင် သားရေသေတ္တာဖြင့် ထည့်ထားခဲ့သည့် ပစ္စည်း စာရင်းကိုဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကာနယ်စလေဒင် ကို ဆိုင်ရာတို့က မေးမြန်းသည့်အခါတွင် ကာနယ်စလေဒင်က အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်။

" မယ်တော် ဆင်ဖြူမရှင်က သူ့ခန်းဆောင်တွင်းသို့ခေါ်ကာ အခိုင်အမာ သော့ခတ်ထားသည့် သေတ္တာကြီး သုံးလုံးကို ကျွန်ုပ်အားပြပြီးနောက် ထိုအထဲတွင် ငွေသား ၃၀,၀၀၀ ရှိသည်ဟု ပြောသည်ကို မှတ်မိပါသည်။ ကျွန်ုပ်ကသေတ္တာများမှာ စိတ်ချရကြောင်း၊ သို့ရာတွင် သေတ္တာထဲမှ ပိုက်ဆံများ နှင့်ပတ်သက် ၍ ကျွန်ုပ်ကတိမပေး နိုင်ကြောင်း ပြောပါသည်။ ကျွန်ုပ်အား မည့်သည့်သော့ကိုမျှ မအပ်ပါ။ ထိုအချိန်က ဆင်ဖြူမရှင်၏ အခန်းဆောင်ထဲတွင် အမျိုးသမီး အခြွေအရံများသာမက သာမန်အမျိုးသမီးများလည်း ပြည့်နှက်နေပါသည်။

ယင်းတို့မှာ အထုပ်အပိုးတို့ကို ထုပ်ပိုးပြီး တခြားသို့ပြောင်းရန် ခေါ်ထားခြင်း ဖြစ်ပါသည်။ သီပေါဘုရင် နန်းကျပြီးနောက် ချ၍ထားပစ်ခဲ့သည့် ဆင်ဖြူမရှင်၏ ကိုယ်ပိုင်ပစ္စည်းများမှာ နန်းတော်မှ အခြားသော အခြားသောပစ္စည်းများနှင့် ရောထွေးသွားပြီး ပစ္စည်းသိမ်း ကော်မတီ လက်ထဲသို့ ရောက်သွားနိုင်ပါသည်။ အကယ်၍ ထိုပစ္စည်းများထဲမှ သူပိုင်ပစ္စည်းဟု ရွေးထုတ်ပြနိုင်မည်ဆိုလျှင် သူ့ပိုင်ဆိုင်မှုကို ခွင့်ပြုသင့်ပါသည်"

" အိန္ဒိယ ဘုရင်ခံချုပ်က ဆင်ဖြူမရှင်၏ ပစ္စည်းများ ပျောက်ဆုံးသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အောက်မြန်မာနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကရော့စဝိတ်က ဆုံး ဖြတ်ပြီးသည့်အလျောက် လိုက်လာခြင်းဖြစ်ကြောင်း၊ သူနှစ်သက်ရာသို့ သွားနိုင်သည်ဟု စလေဒင်က အာမခံ ပြီးဖြင့်ဖော်ပြခဲ့ရာ ထိုစာပါ အချက်အလက်တို့ကို ဗြိတိလျှအစိုးရက ယုံကြည်ခြင်းမရှိ။ "

3/6/09

၁၉ ရာစု လည်ဆွဲဘယက်


အမျိုးအစား - လည်ဆွဲဘယက်
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှေ ချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။
အရွယ်အစား - မသိ
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 03165(IS)

ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။
===================
ပြတိုက်ကတော့ မင်းတုန်းမင်း ခေတ်လို့ အရိပ်အမွတ်ပြောနေပါတယ်။