12/20/11

ဒီလူတွေဘယ်ရောက်သွားလဲ

ပျူတွေဘယ်ရောက်သွားသလဲဆိုတဲ့ မေးခွန်းရှိထားပြီးသားဆိုတော့ နောက်ထပ်မေးရမယ့် မေးခွန်းတစ်ခုက ဒီလူတွေဘယ်ရောက်သွားလဲဆိုပြီးမေးလိုက်ချင်ပါတယ် ။ မှန်နန်း၊ ရာဇဝင်ကြီး၊ မောင်ကုလား စတဲ့စတဲ့ ရာဇဝင်ကျမ်းတွေမှာပြောနေကြတဲ့ သရေခေတ္တရာမင်းဆက်တွေကိုပြောချင်တာပါ။

ကျမ်းထဲမှာ ပါတဲ့ စာရင်းကိုကြည့်ပါ။

၁။ မဟာသမ္ဘာဝ
၂။ (ညီ) စူဠသမ္ဘာဝ
၃။ (သား) ဒွတ္တဘောင်
၎။ (သား) ဒွတ္တရန်
၅။(သား) ရန်ပေါင်
၆။ (သား) ရန်မန်
၇။ (သား) ရက္ခန်
၈။ (သား) ခန်လောင်း
၉။ (သား) လက်ခိုင်
၁၀။ (သား) သိရိခန်
၁၁။ (သား) သီရိရာဇ်
၁၂။ ငတပါး
၁၃။ (သား) ပါပိရန်
၁၄။ (သား) ရန်မုက္ခ
၁၅။ (သား) ရန်သိင်္ခ
၁၆။ (သား) ရန်မုဉ္ဇလိန္ဒ
၁၇။ (ညီ) ဘေရိန္ဒ
၁၈။ (သား) မုဉ္ဇလ
၁၉။ (သား) ပုဏ္ဏ
၂၀။ (ညီ) သာခ
၂၁။ (သား) သာသိ
၂၂။ (ညီ) ကန်နု
၂၃။ (နောင်တော်) ကန်တက်
၂၄။ (နောင်တော်) ဘိဇ္ဇ
၂၅။ (သား) သုမုန္ဒရီမင်း
၂၆။ (သား) အတိတျာ
၂၇။ (ညီ) သုပညာနဂရဆိန္ဒ


ဒီမင်းတွေဟာ ရှေးမြို့ဟောင်း သရေခေတ္တရာမှာ မင်းလုပ်စိုးစံခဲ့တယ်လို့ဆိုထားပါတယ်။ ရှေး/သု တူးဖော်ရေးက ရရှိတဲ့ သုတေသနဆိုင်ရာအထောက်ထားတွေကိုပြန်ကြည့်တဲ့အခါ အထက်ပါမင်းတွေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မတွေ့ရပါ။ ကျောက်စာဝန် တော်စိန်ခို ဦးဆောင်တဲ့ ၁၉၁၁ တူးဖော်မှုတွေကနေ ကျောက်အရိုးအိုး နှစ်လုံးတွေ့တယ်။ ၁၉၂၂ မှာ ချာစ် ဒူရာဇယ် ( Mr Chas Duriosell ) ဦးဆောင်တဲ့ တူးဖော်မှုကနေ နောက်ထပ် ကျောက်အရိုးအိုးတစ်လုံးထပ်တွေ့တယ်။


ကျောက်အရိုးအိုးတွေအပေါ်မှာ ရေးထားတဲ့ ပျူစာတွေကို ဒေါက်တာ စီ အို ဗလက်ဒန် ( Dr C. O Blagden ) ၊ ဦးသာမြတ် ၊ ဦးမြ နှင့်အခြား ရှေးစာပညာရှင်တွေ ဝိုင်းပြီး အက္ခရာဖလှယ်ပြီးတဲ့ နောက်မှာတော့ ရှေးမြို့ဟောင်း သရေခေတ္တရာမှာ အမှန်တကယ် စိုးစံခဲ့တဲ့ မင်းတွေရဲ့ နာမည်တွေ နှင့် သကနှစ်ကိုသုံးတယ်လို့ ယုံကြည်ရတဲ့ ခုနှစ်တွေထွက်လာတယ်။ ကျောက်အရိုးအိုး တွေပေါ်မှာပါတဲ့ အဓိက ကျတဲ့စာကျင်းကိုကြည့်ရအောင်ပါ။

၁။ ဒေဝ မိတြ ( နတ်ချစ်သူ )
Devamitra ( The Beloved of Gods )

၂။ ဟရိ ဝိကြမ ( ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး )
Harivikrama ( The Might of Visnu )

၃။ သီဟ ဝိကြမ ( ခြင်္သေ့ကဲ့သို့ ရဲရင့်သူ )
Sihavikrama ( The Courage of Lion )

၎။ သူရိယ ဝိကြမ ( နေကဲ့သို့ ထွန်းတောက်သူ )
Suriyavikrama ( The Power of Sun )

၅။ ဂြီထု ဝိကြမ ( အမိ နတ်မင်းက စောင်မသူ )
Crithuvikrama ( The Protection of Armour )

၆။ ဇတြတတ ဝိကြမ ( အမျိုးတကာ ထိတ်လန့်သူ )
Jatratatavikrama ( The Terror of Race )

၇။ အဒိတျ ဝိကြမ ( နေမျိုးအသရေ ရှိသူ )
[A] dityavikrama ( The Glory of Sun Race )


အထက်ပါ စာရင်းက မင်းတွေရဲ့ အမည်ကို ကျောက်အရိုးအိုးပေါ်က သက္ကတ အက္ခရာ တချို့ပါတဲ့ ပျူ စာလုံးပေါင်း ၁၁၂၇ လုံးကနေ ဖော်ထုတ်ရရှိတာပါ။ အထူးသဖြင့် မင်းနာမည်တွေကို သက္ကနာမည်နဲ့ ရေးထားလို့ ခုလို သိရတာဖြစ်ပါတယ်။ ဒီမင်းတွေ နဲ့ ပတ်သက်ပြီး ရှေးကရေးခဲ့တဲ့ ရာဇဝင်ကျမ်းတွေမှာ မတွေ့ရပါ။ ဒါကြောင့်ဘဲ ဒေါက်တာသန်းထွန်းက ပျူတွေဘယ်ရောက်သွားသလဲ ဆိုပြီးမေးခဲ့လေသလားလို့ ထင်တယ်။


မှန်နန်းထဲပြောထားတာက တကောင်းမင်း သတိုးမဟာရာဇာ နှင့် မိဖုရားတစ်ပါးကနေ မဟာသမ္ဘာ၀ နှင့် စူဠသမ္ဘာ၀ ဆိုတဲ့ မျက်မမြင်ညီနောင် နှစ်ဦးဖွားမြင်တယ်။ ဖောင်ပေါ်တင်ပြီး မြစ်ထဲမျှောတဲ့အခါ ဘီလူးမနဲ့တွေ့၊ မျက်စိမြင်အောင် ဘီလူးမကလုပ်ပေး။ မျက်မြင်ပြီးနောက် အကိုဖြစ်တဲ့ မဟာသမ္ဘာ၀ က ရသေ့တစ်ပါး စောင့်လျှောက်ကျွေးမွေးထားတဲ့ ဗေဒါရီ နဲ့ပေါင်းဖက်သလို ညီဖြစ်သူက ဘီလူးမနဲ့ ပေါင်းဖက်။ တိုတို ရှင်းရှင်းပြောတော့ ယခုသရေခေတ္တရာနေရာမှာ အကိုဖြစ်သူက မင်းဖြစ်၊ အကိုနတ်ရွာလားတော့ ညီ မင်းတက်။ ဒီလိုဘဲပြောထားတယ်။ စိတ်ဝင်စားစရာ အချက်တွေကိုကြည့်တဲ့အခါ ညီနောင် နှစ်ပါး ရသေ့နှင့်တွေ့ပြီး သရေခေတ္တရာ မြို့တည်ပြီး မင်းလုပ်တာဘဲတွေ့တယ်။


ဒီအချက် ဘာလို့ စိတ်ဝင်စားစရာကောင်းလဲဆိုတော့ မှော်ဇာဝက်ခေါင်း ကုန်းတူးဖော်မှုက ရရှိတဲ့ ဓျာနမုဒြာ ဗုဒ္ဓရုပ်ပွါးပုံပါ ပလ္လင်လေးဖက်ပေါ်က သက္ကတစာမှာ ပြောထားတာက ယင်းဆင်းထုကို ဇယစန္ဒြဝရ်မန် မင်းသားက ထုစေကြောင်း မှတ်တမ်းတင်ထားတာပါ ။


ပထမ စာပိုဒ်(ဂါထာ) မှာပြောထားတာက တစ်နေ့တည်းမှာပင် (တမြို့မှာ ယခုမော်ဇာဖြစ်ဟန်ရှိတဲ့) မြို့တော် နှစ်မြို့ကို အပြိုင်တည်စေဖို့ ရာ ဇယစန္ဒြဝရ်မန်ရဲ့ ဆရာရသေ့ ဂုဟ ခေါ် ဂုဟဒီပ က ပြောဆိုဆုံးမပြီး နည်းပေးလမ်းပြလုပ်တဲ့ဟန် ဖြစ်ပါတယ်။ ညီငယ်က ဟရိဝိကြမ ဖြစ်ပြီး သရေခေတ္တရာမြို့ကို အုပ်စိုးတဲ့ ဘုရင်ဖြစ်တယ်။ အခုလုပ်တဲ့ ကောင်းမှုမှာလည်း အတူတူပြုလုပ်ကြတာဖြစ်ပြီး ရသေ့ဆရာရဲ့ ကျေးဇူးကြောင့် ညီတော် နောင်တော် နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးပြီး နောင်လာနောက်သားတို့ သင့်တင့်ညီညွတ်ကြလိမ့်မယ်လို့ ပြောထားပါတယ်။ အဲဒီလို ချစ်ကြည်မှုဟာ ကမ္ဘာတည်သရွေ့ဖြစ်ပါစေဆိုတဲ့ ဆုတောင်းနဲ့ အဆုံးသတ်ပါတယ်။


ဒီကျောက်စာအရ ဆရာရသေ့ ရှိတယ်။ မြို့နှစ်မြို့ကို အုပ်စိုးမင်းလုပ်တဲ့ ညီနောင် နှစ်ပါး နှင့် ဆရာရသေ့ ရှိတယ် ဆိုတဲ့အချက်လက်တွေဟာ မှန်နန်းမှာ ပြောထားတဲ့ ညီနောင် နှစ်ပါး နှင့် ရသေ့ ဇာတ်လမ်းကို သွားသတိရစေပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ညီတော် နောင်တော်ဆိုပေမယ့် ဇယစန္ဒြဝရ်မန် နှင့် ဝိကြမမင်းဆက်ရဲ့ ဦးဆုံးမင်းဖြစ်ဟန်ရှိတဲ့ ဟရိဝိကြမ တို့ဟာ မင်းပြိုင်သာဖြစ်ပြီး သွေးသားတော်စပ်မှု မရှိနိုင်လို့ဆိုပါတယ်။ ချစ်ကြည်ဖို့ရာ ဖြန်ဖြေစေ့စပ်ပေးသူ ရသေ့ဆရာ ဂုဟဒီပကြောင့် ခုလို ကောင်းမှုကုသိုလ်လုပ်တယ်လို့ ဆိုထားတဲ့အတွက် ဒီနှစ်မြို့ ရှေးကမတည့် လို့ယူဆနိုင်ပါတယ်တဲ့။ နောက်ပြီး ဇယစန္ဒြဝရ်မန် မင်းဟာ ကမ္ဘောဒီယားက ဇယစန္ဒြဝရ်မန် မင်းဆက်တွေ နှင့် ပတ်သက်မှုရှိသလား ဆိုတာကတော့ နောက်မှပြောရမယ့် မတူညီတဲ့ အကြောင်းရာဖြစ်သွားပါပြီ။


ဒီစာရဲ့ အစပထမ မေးခွန်းကိုပြန်ဆက်ရအောင်ပါ။ မြန်မာရှေးရာဇဝင်မှာပြောထားတဲ့ သရေခေတ္တရာမင်းဆက်တွေ ဘယ်ရောက်သွားလဲဆိုပြီး မေးဖို့လိုလာပါပြီ။ ရှေး/သု ကရထားတဲ့ ကျောက်အရိုးအိုးတွေပေါ်က စာနှင့် မှော်ဇာဝက်ခေါင်း ကုန်းတူးဖော်မှုက ရရှိတဲ့ ဓျာနမုဒြာ ဗုဒ္ဓရုပ်ပွါးပုံပါ ပလ္လင်လေးဖက်ပေါ်ကစာအရ သရေခေတ္တရာမင်းဆက်တွေရဲ့ မှန်ကန်ခိုင်မှာတဲ့ သုတေသနတွေ့ရှိချက်တွေ အောက် မှေးမှိန်ပျောက်ကွယ်သွားတယ်လို့ ဖြေလိုက်ချင်ပါတယ်။ ရှေ့လျှောက် ဆက်ပြီးသုတေသနလုပ်ဖို့တော့ လိုပါသေးတယ်ဆိုတာ ဝန်ခံရင်းပေါ့။

12/13/11

ထိုးကွင်းအစ မောင်ကံက တဲ့လား

ထိုးကွင်းမင်ကြောင် စပေါ်တာ ဘိုးတော်ဘုရားခေါ် ဗဒုံမင်း လက်ထက် ၊ ထောင်မင်းကြီးသား မောင်ကံ ကတီထွင်ခဲ့တယ်ဆိုတာကို စရေးတာ ၀၁-၁၀-၁၉၄၀ ထုတ်ကျောင်းသားစာစောင် ဗဟုသုတခန်းလို့ ဆိုပါတယ်။ တကယ်တော့ ဆိုလိုချင်တာက အလှထိုးတဲ့ မင်ကြောင်ကို ပြောဟန်တူပါတယ်။

လောကီအစီရင် အရသော်လည်းကောင်း အမှတ်သညာအရသော်လည်းကောင်း အရင်ထိုးနေကြ ဆေးမင်ကြောင်ဟာ ကွက်တိကွက်ကြားနဲ့ မလှဘူး။ ဒီတော့ ဒီဇိုင်း ကနုတ်တွေဖော်ပြီး ထိုးဟန်တူပါတယ်။ အရေးများတဲ့ ဒီဇိုင်းက မန်ကျည်းရွက်ဖတ်၊ ကန်စွန်းနွယ် နှင့် ငါးကြင်းကွက် တွေဖြစ်တယ်တဲ့။ ဒီတော့ မောင်ကံစခဲ့တဲ့ မင်ကြောင်ဟာ အရပ်စကားနဲ့ပြောရင်တော့ ရှေ့ကပုံတွေကို မကြိုက်လို့ စိတ်ကူးအသစ် နှင့် စခဲ့တဲ့ အလှထိုးမင်ကြောင်လို့ ပြောရပါမယ်။

တကယ်တော့ ဆေးမင်ကြောင်ဟာ ဘိုးတော်ဘုရား မတိုင်မှီခေတ်ကတည်းက ရှိနှင့်ပြီးနေပါပြီ။ ဗင်းနစ်မြို့သာ အီတလီလူမျိုး နီကိုလိုဒီကွန်တီ ( Nicolo De Conti ) ၁၄၃၅ ခုနှစ်မှာ မြန်မာပြည် ပဲခူးကိုရောက်တယ်။သူ့ ရဲ့ ခရီးသွားမှတ်တမ်းမှာ ပဲခူးကမြန်မာတွေဟာ အသားကို သံဆူးနှင့်ထိုးဖောက်ပြီး ဖျက်မရတဲ့ ဆေးတွေကို ပွတ်ထည့်တယ်ဆိုပြီး မြန်မာတွေ ဆေးမင်ကြောင် (Tattoo) ထိုးကြောင်း မှတ်တမ်းတင်ခဲ့တယ်။ နီကိုလို ရဲ့မှတ်တမ်းဟာ မြန်မာတွေရဲ့ ဆေးမင်ကြောင်အကြောင်းပြောတဲ့ ပထမဆုံးမှတ်တမ်းအဖြစ်ရှိနေသေးတယ်။

ဟံသာဝတီဆင်ဖြူများရှင် ( ဘုရင့်နောင် ) လက်ထက် ရှေးမှတ်တမ်းတစ်ခုမှာ ရေးထားတာက " ခွေးလင်းစားလည်း ၊ ကောင်းမွန်စွာအဝတ်တန်ဆာတို့ကို ဝတ်၍၊ ပန်းဆိုးခေါင်းထုပ်နှင့် ပန်းမာလ်ထူစွာပန်၍၊ အင်္ကျီမဝတ်ဘဲ ' မင်သေ့ ' ခါးပြက်ပြက် နှင့် အမွေးအထုံလိမ်း၍ တက်၏ " ဆိုပြီး အက္ကပတ် ကို သံစေလွတ်ခန်းမှာရေးခဲ့တယ်။

မဏိပူရ ကသည်းပြည်ကို သံစေလွတ်ရာမှာ အဓိကဦးဆောင်သူဖြစ်တဲ့ ခွေးလင်းစား ရဲ့ကိုယ်မှာ ' မင်သေ့ ' ခေါ် ဆေးမင်ကြောင်တွေထိုးထားတာ တွေ့ရတဲ့သဘောပေါ့။ ဒါကိုလည်း တလေးတစား ထုတ်ပြချင်ဟန်တူပါတယ်။

အရင်ကတော့ မြန်မာတွေရဲ့ ဆေးမင်ကြောင်ဟာ ဟံသာဝတီဆင်ဖြူများရှင် (ဘုရင့်နောင်) လက်ထက် ယိုးဒယားကိုတိုက်တော့မှာ ပါလာတယ်လို့ထင်ခဲ့တယ်။ ခုတော့ ရှာရင်းရှာရင်း အဲဒီထင်မြင်ချက် လွင့်ပစ်ရတော့မယ်ထင်တယ်။

ဆေးမင်ကြောင်ကိုဘဲ ခေါ်ကြတဲ့ အမည်တွေရှိသေးတယ်။
၁။ ထိုးကွင်းမင်ကြောင်
၂။ ထိုးကွင်း
၃။ မင်သေ့
၎။ ကော်
၅။ ကော်ရစ် စတဲ့နာမည်တွေပါ။

သို့ပေမယ့် အဓိက က နှစ်မျိုးဘဲရှိပါတယ်။ လောကီအစီရင်အဖြစ် ထိုးတာရယ် ၊ အလှထိုးတာရယ်ပါ။ အလှထိုးကတော့ ကုန်းဘောင်ခေတ် ၊ စောစောကပြောတဲ့ ထောင်မင်းကြီးသားခေတ်မှ စတယ်ထင်တယ်။ ရဲရဲတော့ မပြော ရဲပါ။ ရှေးကမြန်မာ့စစ်သည်တော်တွေကို အစု ခွဲရာမှာလည်း ဆေးမှတ်ပြီးခွဲတာမျိုးရှိတယ်ဆိုတာကိုတော့ တစ်ချက်သတိထားရမယ်။

မြန်မာတွေရဲ့ ဆေးမင်ကြောင်နဲ့ ပတ်သက်ပြီး တချို့ ရဲတင်းတဲ့လူတွေက ပျူခေတ်ကတည်းက စတယ်လို့ ပြောတယ်။ အထောက်ထားတော့မရှိပါ။ ပျူတွေတကယ်သာ မင်ကြောင်ထိုးရင် တရုတ်တွေရဲ့ မှတ်တမ်းမှာ တခုတ်တရ ထည့်ရေးခဲ့မှာ အမှန်ဘဲ။ တချို့က ပုဂံခေတ်တဲ့။ ဒါလည်း အထောက်ထားမခိုင်ပါ။

ပုဂံခေတ်မှာ အင်းချတဲ့လောကီအစီရင်မျိုးရှိလာပြီ။ ကျန်စစ်သားနန်းတော်သစ်ဆောက်တော့ ကြေးပြားပေါ် အင်းရေးပြီး တိုင်အောက်မှာမြှုပ်တယ်။ ဒီတော့ ဒီလိုကြေးပြားပေါ်အင်းရေးပြီး ကိုယ်မှာဆောင်တဲ့ ဓလေ့ရောရှိနိုင်တယ်လို့တော့ ခန့်မှန်းပါတယ်။ ဆေးမင်ကြောင်ထိုးတယ် ဆိုတဲ့အပြောမျိုးထိတော့  မပြောရဲပါ။

ရှေးကမြန်မာတွေက ဆေးမင်ကြောင်ကို ' မင်သေ့ ' ဆိုပြီးသာခေါ်ကြတာကို သိရတယ်။ မှတ်တမ်း ၊ ကျောက်စာ ၊ နံရံဆေးရေးတွေမှာ မတွေ့ရလို့ ရတု ၊ လေးချိုး ၊ ကဗျာတွေမယ် လိုက်ရှာတော့ မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း ခရစ်နှစ် (၁၆၀၅-၁၆၂၈) မှာ စာဆိုတော် ရှင်ကုမာရကဿဖ ရဲ့ ဓမ္မရာသီပျို့ မှာ " မဲနည်သွားဆိုး ၊ မင်သေ့ထိုး " ဆိုတဲ့ အသုံးကို တွေ့ရတယ်။ အဲဒီခေတ် အခြေခံလူတန်းစားတွေထဲမယ် ' မင်သေ့ ' ထိုးပေးတဲ့ အလုပ်ဘဲသီးသန့်လုပ်သူတွေရှိတယ်ဆိုတာ မှတ်သားရပါတယ်။

သော်ကပင် ဆရာတော်ရဲ့ စာမှာ " ဂူတွင် ဥမင်၊ ရွှေမင်ဝေ့ဝေ့၊ မင်သေ့ထိထိုးမြဲ ၊ ဟဆွဲမဖက် " ဆိုပြီးပါတယ်။ နောက်ထပ်တွေ့ရတာက " ပုတီးသာဆောင်၊ ကြောင်တစ်ကောင် ၊ ကော်တစ်ဘက်နှင့် ထိုးလက်စမသိမ်း" ဆိုပြီးတွေ့ပါတယ်။ နှစ်ခုစလုံးရဲ့ ခေတ်ကာလ အပိုင်းခြားကို အင်းဝခေတ်လို့မှန်းပေမယ့် ဒီလို ရတု ကဗျာ ပျို့ လေးချိုးတွေကို အခြေခံပြီး ခုနှစ်ရှာရတာက အင်မတန်ဝိရောဓိဖြစ်စရာပါ။

စောစောက စကားကိုပြန်ကောက်ရရင် ထိုးကွင်းအစမောင်ကံ က ဆိုတဲ့အဆိုမှန်တယ်ဆိုရင်တောင် စိတ်ကူးသစ်နှင့် ရှေးကပုံစံတွေကို တွန်းလှန်ပြီး ဒီဇိုင်းသစ်ပုံစံသစ်နှင့် တစ်ခေတ်ဆန်းတယ်လို့ ပြောလို့ ရပေမယ့် ထိုးကွင်းမင်ကြောင် စပေါ်တာ ဘိုးတော်ဘုရားလက်ထက် ထောင်မင်းကြီးသား မောင်ကံ ကစတယ်လို့ တော့ ပြောမရပါ။