ဒီတစ်ခေါက် မိဘတွေ ကန်တော့ဖို့ အလည်ပြန်သွားတဲ့ ခရီးစဉ်တစ်လျှောက် ဒီနေရာတွေ ရောက်ခဲ့တယ်။
၁။ ရန်ကုန်
၂။ မန္တလေး
၃။ ရွှေဘို
၎။ ပဲခူး
၂၁ ရက်ကြာတဲ့ ခရီးစဉ်တစ်လျှောက်မှာ ဘုရားပျက် ၊ စေတီပျက် ၊ ဘုရားခေါင်းချိုး ၊ အုတ်ကျောင်းပျက် ၊ ပျက်ဆီးနေတဲ့ နံရံဆေးရေးပန်းချီ ၊ ပြိုပျက်နေတဲ့ သာသနိက အဆောက်အုံ၊ ကျောက်စာ စတာတွေကို မြင်ရတဲ့အခါ မယုံကြည်နိုင်လောက်အောင် စိတ်ပျက်ရတယ်။ အထောက်အထား နှင့် ပြောလို့ရအောင် ဓာတ်ပုံရိုက်ယူလာတယ်။ ဒီခရီးစဉ်မှာ မြင်ခဲ့ရတဲ့ အရာတွေအားလုံးဟာ မထိန်းသိမ်းဘဲ ဒီလိုသာပစ်ထားမယ်ဆိုရင် နောက်သုံးနှစ်အကြာမှာ ထပ်ပြီးမြင်ရဖို့ မသေခြာတော့ပါ။ ဓာတ်ပုံပေါင်း နှစ်ထောင်ကျော် သုံးထောင် လောက်ရိုက်ယူလာခဲ့ပါတယ်။
ရှေးဟောင်း အဆောက်ဦး ၊ ဘုရား ပုထိုး နှင့် ဘုရာဆင်းတုတွေရှိရာ ရွာတွေကို သွားပြီးလေ့လာတဲ့အခါ အရာရှိ တစ်ယောက်ကလိုက်ပို့လေ့ရှိလို့ ဓာတ်ပုံရိုက်ယူရမှာ အဆင်ပြေပါတယ်။ ကျောင်းထိုင် ဆရာတော်တွေကလည်း လိုလိုလားလား လိုက်ပြ ၊ ထုတ်ပြကြတော့ ပိုပြီးအဆင်ပြေပါတယ်။ အများလေ့လာဖို့ အခါအခွင့်သင့်သလို တင်ပါမယ်။
ရောက်ခဲ့တဲ့ ဘုရားပုထိုးတွေရဲ့နေရာ အတိကျအသေးစိတ်ကို မဖော်ပြတော့ပါ။ ဘာဖြစ်လို့ဆိုတော့ တချို့ ဘုရားပျက်တွေဟာ လူသူအရောက်ပေါက်နည်းပြီး အတွင်းထဲမှာ အကောင်းပကတိအတိုင်းရှိနေသေးတဲ့ ရှေးဟောင်း ဘုရားဆင်းတုတော်တွေ ကျန်နေသေးလို့ ဖြစ်တယ်။ ကိုယ်ရေးလိုက်တဲ့ အချက်လက်တွေ ဘုရားခိုးဂိုဏ်း နှင့် သိုက်သမားတွေဆီရောက်သွားမှာမျိုး မလိုလားပါ။
ရှေးဟောင်း ပစ္စည်းရောင်းဝယ်သူအချို့ဟာ ဘုရားဖူးအဖြစ် လှည့်လည်နေပြီး ရောက်ရာအရပ်ကို သေချာမှတ်တယ်။ လိုချင်တဲ့ ဘုရားဆင်းတုတွေကို ဓာတ်ပုံရိုက်ယူလာလေ့ရှိတယ်။ နောက်ပြီးတော့မှ ဘုရားခိုးဂိုဏ်း တွေကို နေရာဒေသ နှင့် လိုချင်တဲ့ဘုရားဆင်းတုဓာတ်ပုံ အချက်လက်တွေပေးပြီး ခိုးယူခိုင်းလေ့ရှိတယ်။ တချို့ ဘုရားခိုးသူတွေဟာ ဘုရားဆင်းတုရှိရာ ဘုန်းကြီးကြောင်းတွေမှာ နှစ်ပေါက်တဲ့အထိ ဘုန်းကြီးဝတ်ပြီးအခွင့်ခါ စောင့်နေတတ်တယ်။ ဘုရားခိုးသူတွေထဲမှာ ဘာသာခြား ပါသလို ဗုဒ္ဓဘာသာဝင်တွေ တွေလည်း ၊ ပါတယ်။ မြန်မာနိုင်ငံသားတွေပါသလို နိုင်ငံခြားသားတွေလည်းပါတယ်။ ပညာမဲ့သူတွေပါသလို ခေတ်ပညာတတ်တွေလည်းပါတယ်။ ရွာသားတွေ ပါသလို ရွာစားတွေလည်းပါတယ်။ ငမြောက်ငခြောက်တွေပါသလို ပေါက်ပေါက် ရောက်ရောက်တွေလည်းပါတယ်။
ဒီလို ရှေးဟောင်းပစ္စည်းတွေနှင့် သာသနိက ဆိုင်ရာအဆောက်အုံတွေ ပျောက်ပျက်ရာမှာ ရှေးဟောင်းသုတေသန ဌာနကိုချည်း အပြစ်တင်နေမယ်ဆိုရင်တော့ မတရားပါ။ သာမန်လူတွေမှာလည်း ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ သာမန်လူဆိုရာမှာ ဗုဒ္ဓဘာသာဝင်တွေကိုချည်းပြောနေခြင်းမဟုတ်ပါ၊ ဘာသာခြားတွေလည်းပါ ပါတယ်။
ဘယ်ဘာသာကိုဘဲ ကိုးကွယ်ကိုးကွယ် ၊ ဘယ်အရပ်မှာဘဲနေနေ ၊ ဘာလူမျိုးဘဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအားလုံးကို တလေးတစားထိန်းသိမ်းဖို့တာဝန်ရှိတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ ဆိုရာမှာ ဘာသာပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ကိုကိုယ်စားပြုတယ်။ ငါ့ဘာသာ မဟုတ် ၊ ငါတို့ဒေသမဟုတ် ၊ ငါတို့လူမျိုးနှင့်မဆိုင် ဆိုပြီး ဖာသိဖာသာ နေမယ်ဆိုရင် ဒါဟာနိုင်ငံသားမပီသ လူသား မပီသတာပါဘဲ။
ထိုင်းနိုင်ငံက ရုပ်ရှင်ကားတစ်ကားမှာ ဘုရားခိုးတဲ့သူတွေဟာ ဆင်းတုတော်တစ်ခုလုံး မသယ်နိုင်တဲ့အခါ ဦးခေါင်းချိုးယူသွားတာကြည့်ရတယ်။ မြန်မာပြည်မှာလည်းဒီအဖြစ်မျိုးရှိနိုင်တာပါဘဲ။ အားအားရှိ ဘုရားရေလောင်းတဲ့ လူတွေ ၊ ရောင်တော်ဖွင့်တဲ့လူတွေကြောင့် ရုပ်ပွါးတော်မှာ ရေးထားတဲ့စာတန်း ပျက်သွားတာမျိုး မတော်တဆ ထိခိုက်မိပြီး ပျက်ဆီးရတာမျိုးလည်းရှိတယ်။ အဖိုးတန် ရှေးလက်ရာ ရုပ်ပွါးတော်တွေကျိုးပျက်ရတဲ့ အခြားအကြောင်းရာတွေလည်းရှိပါသေးတယ်။
စစ်ကိုင်းအထွက်နားက ဘုန်းကြီးကျောင်းတစ်ကျောင်းကိုဝင်ဖြစ်တယ်။ ဘုရားဝင်းထဲလျှောက်ပတ်ကြည့်တဲ့အခါ ပစ္စည်း အကျိုးပဲ့တွေစုပုံထားတဲ့ နေရာကိုရှာတွေ့တယ်။ ဘုရားခေါင်းကျိုး ၄ ခုတွေ့ တယ်။ လက်အုပ်ချီနေဟန် ရဟန်းရုပ် တစ်စုံ တွေ့တယ်။ တစ်ခုက အကောင်းပကတိ၊ အခြားတစ်ရုပ်ကတော့ ခေါင်းကျိုးနေပါပြီ။ ကျောက်ဖြူသားနှင့် ထုဆစ်ထားတာမို့ ကျိုးလွယ်တယ်။ တစ်ခုခုနှင့် အတော်အတန် ထိခိုက်မိရင်ဘဲ လည်ပင်း ၊ လက်ချောင်း စတဲ့နေရာတွေဟာ အလွယ်တကူကျိုးပဲ့သွားနိုင်ပါတယ်။
ရုပ်ပွါးဆင်းတုကို ဆေးကြောသန့်စင်ရင်း ဖြစ်ဖြစ် တစ်နေရာကနေ နောက်တစ်နေရာရွှေ့ရင်းဖြစ်ဖြစ် မတော်တဆ လွတ်ကျတဲ့အခါ ခုလိုအလွယ်တကူဘဲပျက်ဆီးသွားလေ့ရှိတယ်။ ထုံးစံအတိုင်း ဘုရားရုပ်ပွါးတော်မှာ အနာအဆာ အကျိုးပဲ့ဖြစ်နေရင် ဘယ်လောက်ရှေးကျတဲ့ ပစ္စည်းဖြစ်နေပါစေ အမြင်မသာဆိုပြီး ချောင်ထဲပစ်ထားလိုက်တော့တာပါဘဲ။
ရွှေဘိုအနားက ရွာသုံးရွာရောက်ခဲ့တယ်။ လူသူအရောက်ပေါက်နည်းတဲ့နေရာတွေမှာ ကုန်းဘောင်ခေတ်ဦး ဗိသုကာလက်ရာဟန် စေတီပျက်တွေအတော်များများတွေ့တယ်။ ဘုရားပတ်လည်နှင့် အတွင်းမှာရှိတဲ့ ကျောက်ဖြူ ၊ ယွန်း နှင့် သစ်သား ရုပ်ပွါးတော် အတော်များများကို ခေါင်းကျိုးပြီး မြေပြင်ပေါ်ပြန့်ကြဲနေတာမြင်ခဲ့ရတယ်။ အခြားရွာတစ်ရွာက ဂူဘုရားပျက်တစ်ခုရဲ့ မဲမှောင်နေတဲ့ ဂူထဲကိုဝင်ပြီး ဓာတ်မီးထိုးလိုက်တဲ့အခါမှာတော့ မယုံကြည်နိုင်လောက်အောင် ဘုရားခေါင်းကျိုးအတော်များများစုပုံထားတာကို မြင်လိုက်ရတယ်။ ပထမတော့ ဘုရားသူခိုးတွေက ခေါင်းတွေချည်း ရိုက်ချိုးယူသွားတယ်လို့ ထင်နေပေမယ့် ကျိုးနေတဲ့ခေါင်းတွေကို မြေပြင်ပေါ်မှာတွေ့လိုက်ရတော့ ဘာကြောင့် မှန်းစဉ်စားမရပါ။ ဘုရားခိုးတွေရဲ့လက်ချက်မဟုတ်ဘဲ ဘာသာခြား ဆိတ်ကျောင်းသား ၊ နွားကျောင်းသားတွေ ရန်လိုတတ်တဲ့ စိတ်နှင့် ရိုက်ချိုးဖျက်ဆီးပစ်လေ့ရှိကြောင်း အတူပါလာတဲ့ အရာရှိတစ်ဦးက ပြောပြတဲ့အခါ အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်။
ကြေး၊ သံ ၊ခဲမဖြူ နှင့် အခြားသတ္တု တွေရောကျိုပြီး ပုံဖော်ထားတဲ့ ရွှံ့စေးမြေ ဒါမှာမဟုတ် ဖယောင်းခွက်ပေါ် သွင်းလောင်းပြီး လိုရာအရုပ်ကိုပုံဖော်ယူတဲ့အလေ့ အင်းဝခေတ်မှာတော့ လူကြိုက်များပါတယ်။ အဲဒီ ရုပ်ပွါးတော်တွေဟာ လက်ရာကြမ်းပြီး အရွယ်ငယ်တယ်။ တတ်နိုင်တဲ့လူတွေကြပြန်တော့ ဒီလိုသေးငယ်တဲ့ အရုပ်လေးတွေကို ရွှေရည်လူးတတ်ကြတယ်။ ဘုရားစေတီ ဆောက်လုပ်ပြီးတဲ့အခါ ရွှေငွေလက်ဝတ်ရတနာတွေနှင့်အတူ အထက်ဌာပနာတိုက်မှာ ထည့်သွင်းပူဇော်လိုက်လေ့ရှိတယ်။ ဒါကြောင့် တချို့ဘုရားခိုးသူတွေဟာ စေတီတွေရဲ့အထက် ဌာပနာတိုက်တွေကို အလွယ်တကူဖောက်ယူလေ့ရှိတယ်။
အချို့ ဘုရားတွေကြပြန်တော့ နှစ်ပေါင်း အတော်ကြာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးလာတယ်။ ရာသီဥတုဒါဏ်ကြောင့် အထက်ဌာပနာတိုက်ရှိတဲ့ စေတီအထက်ပိုင်းက အုတ်ချပ်တွေဟာ တဖြေးဖြေးခြင်း ကျိုးပဲ့ပြီးနောက် ဌာပနာပစ္စည်းတွေလည်းမြေခရပါတော့တယ်။ အဖိုးတန်တဲ့ ရွှေ ၊ ငွေတွေကို တန်ဖိုးထားပေမယ့် လက်ရာကြမ်းတဲ့ သတ္တုရုပ်ကလေးတွေကိုတော့ဖြင့် အရေးတယူမရှိပါ။
ရွှေဘို ကားလမ်းဘေးက ရွာတစ်ရွာမှာ ကုန်းဘောင်ခေတ်ဦးလက်ရာဟန် အုတ်ကျောင်းပျက်တစ်ခုတွေ့လို့ဝင်တယ်။ အလှူရှင်က အုတ်ကျောင်းနှင့် အတူ ခေါင်းလောင်းကိုပါလှူတယ်။ ရေအတွက် ကျောင်းဘေးမှာ ကန်တူးပြီးလှူတယ်လို့ ခေါင်းလောင်းစာမှာ ဖတ်ရတယ်။ အုတ်ကျောင်းဘေး ကပ်ရက် ဂူဘုရားနှစ်ဆူတွေ့တယ်။ အလှူရှင်ဘယ်သူမှန်းသေချာ မသိရ။ ဂူဘုရားနှစ်ခုစလုံး ပြိုကျနေပြီ။ ဂူအတွင်းမှာ ထိုင်တော်မူ ရုပ်ပွါးဆင်းတု ထုလုပ်ထားပေမယ့် တစ်ဂူမှာဘဲကျန်တော့တယ်။ သူ့အရင် ကျောင်းထိုင် ဆရာတော်ဟာ ကျောင်းဆောင်အသစ်ဆောက်ရာမှာ အုတ်လိုနေလို့ ပျက်နေပြီဖြစ်တဲ့ အုတ်ကျောင်းနံရံကို ဖြိုပြီး အုတ်ယူတယ်လို့လက်ရှိ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ ရှေးဟောင်းအဆောက်ဦးကို တတ်နိုင်သလောက်မပြင်ဘဲ အုတ်လိုချင်လို့ ဖျက်ပြီးယူတာတော့မကောင်းပါ။ လက်ကျန် နံရံကို ဓာတ်ပုံရိုက်ယူလာတယ်။
ရွှေဘိုအနီးတဝိုက်က ရွာတွေမှာ ပျက်ဆီးနေတဲ့ ရှေးဟောင်း ဘုရားစေတီ ၊ ဂူဘုရား ၊ ကျောင်း စတဲ့ သာသနိက အဆောက်အုံတွေ အရေတွက်အတော်များများတွေ့ရတယ်။ ဒါတွေအကုန်လိုက်ပြင်မယ်ဆိုရင်လည်း သိန်းထောင်ပေါင်းများစွာကုန်ပါမယ်။ အနီးနားမှာနေကြတဲ့ ရွာသူ ရွာသား ၊ မြို့သူ မြို့သားတွေကတော့ အဟောင်းကို ပြုပြင်ဖို့ထက် အသစ်တည်ပြီးလှူဖို့သာ စိတ်အားသန်ကြတယ်။ သူတို့ အမြဲလုပ်ဖြစ်တာက နှစ်စဉ် နှစ်တိုင်း ဂူဘုရားတွေရဲ့အတွင်းအပြင်ကို ထုံးသုတ်ပစ်တာပါဘဲ။ ထုံးသုတ်တဲ့ရက်စွဲကို နံရံမှာရေးခဲ့လို့ နှစ်တိုင်းသုတ်မှန်း သိရတယ်။ အတွင်းဂူ နံရံမှာ ရေးထားခဲ့တဲ့ ဆေးရေးပန်းချီတွေ ဘာမှမမြင်ရတော့ပါ။ စုတ်တံ မရောက်နိုင်တဲ့ နံရံခပ်မြင့်မြင့်တွေမှာ ရေးရေးမြင်နေရသေးတဲ့အတွက် အရင်က ဒီနံရံမှာဆေးရေးတွေရှိပါလားဆိုပြီးသိရတယ်။
နောက်တစ်ရွာက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကတော့ အနီးနား ဘုရားပျက်တွေ ရုပ်ပွါးဆင်းတုတော်တွေ ဂရုတစိုက် ကောက်ယူထိန်းသိမ်းထားတယ်။ သို့သော် ပေစာ ၊ ပုရပိုဒ်စာတွေကိုတော့ဖြင့် စိတ်ဝင်စားဟန်မတူပါ။ သေတ္တာကြီးတစ်လုံးထဲမှာ ပိုးကိုက်ပျက်ဆီးတဲ့အထိ စုပုံထည့်ထားတယ်။ ဖြစ်သလို ထည့်ထားတဲ့အတွက် စာတွေအားလုံးဟာ ရှေ့နောက်အစီစဉ်တကျမရှိတော့ပါ။ ဖောက်ဖွင့်ပြီး ဖတ်ကြည့်တော့ ဆက်စပ်လို့ မရနိုင်တဲ့ ဗေဒင် ကျမ်း ၊ အင်းကျမ်း တချို့နှင့် ပိဋကတ်စာတွေ တွေ့တယ်။ ကျောင်းထိုင်ဆရာတော်ကို မေးလျှောက်ကြည့်တော့ အရင်ကတော့အများကြီး ၊ သို့ပေမယ့် တချို့ စာတွေကို လူတွေက ငှါးပြီးပြန်မပို့လို့ ဒါဘဲကျန်တော့တယ်လို့ မိန့်တယ်။ ဒီလိုစာတွေဟာ ပြတိုက်မှာရှိနေမယ်ဆိုရင် လေ့လာလိုသူတွေအတွက်အကျိုးများပါမယ်။
ကျောက်ပြားပေါ် မြတ်စွာဘုရား ခြေတော်ရာအသေးစိတ်ကို ထွန်းထုထားတဲ့ ကျောက်စစ်လက်ရာတစ်ခုကို ဘုန်းကြီးကျောင်း ဝင်းထဲက သရက်ပင်ခြေရင်းမှာ ထောင်ထားတာတွေ့တယ်။ ကုန်းဘောင် ခေတ်ဦးပိုင်းလက်ရာဟန်ဖြစ်ပြီး သုံးပိုင်းကျိုးသွားတာဖြစ်နိုင်တယ်။ အကျိုးနှစ်ပိုင်း ထောင်ထားတာတွေ့ပြီး ကျန်တစ်ပိုင်း ဘယ်ရောက်သွားလဲမသိပါ။ သဲကျောက်အမျိုးစားဖြစ်တဲ့အတွက် ဓားသွေးကျောက် လုပ်လိုက်လားမပြောတတ်ပါ။ ဒါဟာလည်း တန်ဖိုးကြီး ရှေးလက်ရာဖြစ်လို့ ကျန်နေသေးတဲ့ အကျိုးနှစ်ခုဟာ သရက်ပင်ခြေရင်းမှာမဟုတ်ဘဲ ပြတိုက်မှာသာရှိနေသင့်တယ်။
ကုန်းဘောင် ခေတ်ဦးပိုင်းမှာ တည်ထားလှူဒါန်းခဲ့တဲ့ ဘုရားတွေကို ချုံပြောရရင် ဂူဘုရား နှင့် စေတီ ဆိုပြီး နှစ်မျိုး ရှိတယ်။ စေတီက အောက်ခြေမှာ ဂူ မပါ။ ဂူဘုရားက အောက်ခြေမှာ ဂူပါပြီး ဝင်ပေါက် သုံးပေါက်ရှိတယ်။ ဂူတွင်းမှာ အများအားဖြင့် ထိုင်တော်မူ ရုပ်ပွါးဆင်းတုတွေကို သစ်စေးမံ ဘုရား ၊ သစ်သား သစ်စေးသုတ် ၊ စကျင်ကျောက် စတာတွေနဲ့ ထွင်းထုပူဇော်လေ့ရှိတယ်။ ရုပ်ပွါးဆင်းတု မျက်နှာမူရာ ရှေ့တည့်တည့်ဟာ အဓိကဝင်ပေါက်ဖြစ်ပြီး ဘေးနှစ်ဘက်ဝင်ပေါက်တွေထက် ကျယ်ဝန်းပြီး ဂူအတွင်းပိုင်းကို လေဝင်လေထွက်ကောင်းစေတယ်။ အလင်းရောင်ရစေတယ်။
စေတီ ဘုရားတွေရဲ့ အပြင်ပိုင်းကိုယ်ထည်ဟာ အများအားဖြင့် ရိုးရှင်းပြီး ထောင့်ချိုး နေရာတွေမှာသာ အင်္ဂတေ ကနုတ်ပန်း ပုံဖော်တာကိုတွေ့ရတယ်။ စေတီ ဘုရား ထောင့်လေးထောင့်မှာဘဲဖြစ်ဖြစ် ၊ အဝင်ပေါက် ဘေးတဘက်တချက်စီမှာဘဲဖြစ်ဖြစ် ခြင်္သေ့ ရုပ်ထားလေ့ရှိတယ်။ စေတီ ဘုရား တစ်ခုလုံး အတွင်းပြင် တည်ဆောက်ပြီးချိန်မှာတော့ ဘေးပတ်ပတ်လည်မှာ အုတ်နှင့် အရန် တံတိုင်း ခတ်လေ့ရှိတယ်။ ခပ်လှမ်းလှမ်း နေရာမှာတော့ ရေ အဆင်ပြေစေဖို့ရာ ကန် လည်းတူးခဲ့သေးတယ်။ ခုတော့ အနီးနားက လူတစ်ချို့ ဘုရားမြေ ၊ ဘုရားတံတိုင်း အတွင်းကိုပါ ကျူးကျော်တာမျိုးလည်း တွေ့ ခဲ့ရတယ်။
ရှိခိုးဆောင်ကို ကျွန်းလုံးတိုင်တွေနဲ့ဆောက်ပြီး တိုင်ခြေကနေ လူမြင် သာလောက်တဲ့အမြင့် လောက်မှာ သစ်စေးနှင့် ရုပ်ကြွပုံဖော်ပြီး ရွှေရည်သုတ်ထားတဲ့ လက်ရာတွေကို ရွှေဘို ရွှေတန်ဆာဘုရား မှာတွေ့တယ်။ သိပ်အဟောင်းကြီးမဟုတ်ပေမယ့် ဇာတ်နိပါတ်တော်တွေကို အသေးစိတ်ပုံဖော်ထားတာဖြစ်လို့ အနုစိတ်ပြီး လက်ရာသိပ်ကောင်းတယ်။ ဒီလိုအနုပညာလက်ရာမျိုး နေရာတိုင်းမှာမတွေ့နိုင်ပါ။ စိတ်ပျက်စရာကောင်းတာက အဲဒိမှာရှိတဲ့ ဘုရားဂေါပက။ ခန့်မှန်း နှစ်တစ်ရာလောက်ရှိပြီဖြစ်တဲ့ သစ်စေးရုပ်ကြွလက်ရာတွေရှိတဲ့ တိုင်းလုံး ပတ်ပတ်လည်ကို ပစ္စည်းပေါင်းစုံချိပ်ဖို့ ၊ ခြင်ထောင် ထောင်ဖို့ ၊ ကြိုးတန်းဖို့ သံရိုက်ပြီး ချိတ်လုပ်တယ်။ ကြော်ငြာစာရွက်ကပ်တယ်။ အဲဒါမျိုးမလုပ်ရဘူး ရှေးလက်ရာတွေကို ဖျက်ဆီးမိရက်သား ဖြစ်တတ်တယ်လို့ ပြောတဲ့အခါ မကြားဟန်ပြုတယ်။ လိုက်ပို့တဲ့အရာရှိမျက်နှာကြောင့် ပစ္စည်းစုံအောင်လိုက်ပြတာရယ်။ တိုင်လုံးတွေကို ဓာတ်ပုံရိုက်တဲ့အခါ ချိတ်ထားတဲ့ ပစ္စည်းဖြုတ်ပေးတာရယ်ကြောင့် အဲဒိဂေါပကကို ကျေးဇူးတင်ရပါမယ်။