10/23/09

ကိုယ်လုပ်ထားတာ သုတေသန အဆင့်မမှီ

ဟိုတလောလေးက အမေးဖြေ တစ်ခုလုပ်ဖြစ်ခဲ့တယ်။ ဒီဘလော့ပေါ်မှာရေးထားတဲ့ အချက်လက်တွေဟာ ဘယ်လောက်ထိ ယုံကြည်စိတ်ချလို့ရပါသလဲတဲ့။

အမေးခံရစဉ်တုန်းကတော့ ရုတ်တရက်မို့တကြောင်း ၊ ဒီလိုမေးခွန်းမျိုးမေးလာလိမ့်လို့လည်း ထင်မထားခဲ့တာကြောင့်တကြောင်း ဘာပြန်ဖြေရမှန်းမသိခဲ့ပါ။ ဆိုလိုရင်းကတော့ ဒီဘလော့ထဲက အချက်လက်တွေမှန်ကန်ကြောင်း ဘယ်လိုသက်သေပြမလဲ ၊ ဒါမှမဟုတ် ဘယ်လို " ပေတံ " နှင့်တိုင်းတာနိုင်မလဲ ဆိုတာပါဘဲ။

ယနေ့ခေတ်အခါမှာ လူအများ အသိမှတ်ပြုတဲ့ PhD ( ဒေါက်တာ ) ဘွဲ့မပါဘဲ သမိုင်းဆိုင်ရာ အချက်လက် တွေ့ရှိချက်အသစ်တွကို ရေးပြီးဆိုရင် လူအများစုရဲ့ အသိမှတ်ပြုခံရဖို့ မလွယ်ပါ။ ပညာရှင် ၊ ဝါသနာရှင် တချို့ဖော်ထုတ်ခဲ့တဲ့ သမိုင်းဆိုင်ရာ အချက်လက် တွေ့ရှိချက် စာအုပ် စာတမ်းတချို့ သိပ်ကောင်း ၊ သိပ်အဖိုးတန် သော်လည်း ဒေါက်တာဘွဲ့ မပါလို့ လူမသိ၊ သူမသိဖြစ်သွားခဲ့တဲ့ အရေတွက်မနည်းပါ။

သမိုင်း ဆိုတာ တစ်ဦးတစ်ယောက်တည်းရေးလို့ ရတဲ့အရာမဟုတ်ပါ ။ အပို ၊ အလို မရှိတဲ့ သမိုင်းအချက်လက်တွေဟာလည်းဘဲ ပညာရှင် တစ်ဦး တစ်ယောက်တည်းပေါ်မှာ မူတည်တာမျိုးမဟုတ်ပါ။

ကျွန်တော် ရှေးဟောင်းအနုပညာဆိုင်ရာလက်ရာ(Historical Art Objects ) တွေကို စိတ်ဝင်စားရာကနေ သမိုင်းဘက်ကို စိတ်ပါခဲ့တယ်။ ဒီလိုနှင့် ကျောင်းသားဘဝ သင်ခဲ့ရတဲ့ သမိုင်းစာ တချို့ အမှန်တရားနှင့် မနီစပ်တာကို တွေ့လာတယ်။

ဥပမာ တစ်ခု ပြောမယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ သင်ခန်းစာပါ။ ကျန်စစ်သား ( ထီးလှိုင်မင်း )၊ ငထွေရူး ၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး။

ကျွန်တော် သူတို့ လေးယောက်ကို သမိုင်းထဲမှာ ရှာတယ်။ ကျန်စစ်သား ( ထီးလှိုင်မင်း ) ကိုဘဲတွေ့တယ်။ ကျန်တဲ့ သုံးယောက်ကို ခုထိမတွေ့သေးပါ။ ပုဂံခေတ် ကျောက်စာတွေ၊ မှတ်တမ်းတွေထဲမှာ ရှာတယ်၊ မတွေ့သေးဘူး။ အနော်ရထာ ( အနိ ရုဒ္ဓ ) နှင့် သူ့ရဲ့ အားအကိုးရဆုံးဆိုနိုင်တဲ့ အမတ်စာရင်းမှာ ငထွေရူး ၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး မပါ။ ကျန်စစ်သား ( ထီးလှိုင်မင်း ) နန်းတည်ကျောက်စာ မွန်ဘာသာမှာ သူကိုယ်တိုင် အရေးပေး ပွဲထုတ်တဲ့ ခဲ့တဲ့ အမတ်စာရင်းမှာ လည်း ငထွေရူး ၊ ငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့ နာမည်တွေ မပါ။ ခုထိရှာနေတုန်းပါ။ PhD ဘွဲ့ရ မြန်မာ သမိုင်း ပညာရှင်တချို့တော့ ရှာတွေ့တယ်ထင်ပါတယ်။ ဒေါက်တာပညာရှင်တွေထဲက အမျိုးသမီးပညာရှင်တဦးကတော့ အဲဒိ ပုဂံခေတ် သူရဲကောင်း လေးယောက် အကြောင်း ရေးတာ သိပ်လူကြိုက်များတယ်။

အဲဒါမျိုးတော့ ဒီဘလော့မှာ မပါ ပါ။
ဒီဘလော့မှာပါတဲ့ ပုံ နှင့် အချက်လက်အများစုကို ပြတိုက်တွေကနေတောင်းယူပါတယ်။ တက္ကသိုလ် စာကြည့်တိုက်တွေက တောင်းယူတယ်။ စာအုပ်ထုတ်ဝေသူ ၊ စာရေးသူ တွေဆီက လည်းတောင်းပါတယ်။ တချို့က ကိုယ်ပိုင်စု စောင်းသူတွေ။ တချို့က ရှေးပစ္စည်း ရောင်းဝယ်သူတွေ။ တချို့ပုံဆိုရင် ပိုစ်တခုဖြစ်လာဖို့ အချိန် ၄-၅ လလောက်ကြာတယ်။ အသေချာ မရှင်းလင်းတဲ့ တချို့ပုံတွေအတွက် အသေးစိတ်ရိုက်ထားတဲ့ အရည်သွေးမြင့်ပုံတွေတောင်းရပါတယ်။ ခွင့်ပြုချက်ရဖို့လည်း စောင့်ရတယ်။

တချို့ပုံတွေဆို သိပ်အဖိုးတန်ပေမယ့် ခွင့်ပြုချက်မရလို့ မတင်ရတာတွေလည်းရှိပါတယ်။ စာတမ်းတွေအတွက် အများဆုံး ကြည့်ဖြစ်တာက ပြည်ပတက္ကသိုလ်တွေမှာရှိတဲ့ သုတေသန စာတမ်းတွေများပါတယ်။ အများလေ့လာဖို့ အဲဒိစာတမ်းတွေ အားလုံးစုစည်းပြီး ဘလော့မှာ တင်ပေးသွားပါမယ်။

၂၀ဝ၅-၆ နှစ်က စာတမ်းတစ်ခု လုပ်ခဲ့တယ်။ History of Meditation in Myanmar ( Burma ) အမည်။ University of Queensland, Australia ကို စာတမ်းမူကြမ်းတင်ရာမှာ Master ဘွဲ့အတွက် Scholarship ရတယ်။ မတက်ဖြစ်ခဲ့ပါ။ နောက်တစ်နှစ်အကြာ ပြည်ပတက္ကသိုလ်က စာတမ်းတွေ နှင့် ကိုယ်လုပ်ထားတဲ့ စာတမ်းကို ယှဉ်ကြည့်တော့ ကိုယ်လုပ်ထားတာ သုတေသန အဆင့်မမှီမှန်းသိတယ်။

ဒီဘလော့ဟာ ကိုယ်လိုဘဲ စာတမ်းလုပ်နေသူ ကျောင်းသား နှင့် ဝါသနာရှင် တွေအတွက်အထောက်ကူအဖြစ် မျှသာရည်ရွယ်ပါကြောင်း။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။