10/24/09

ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ အဓိကလမ်းကြောင်း

၁၈၅၅ ခုနှစ် စစ်ကိုင်းမြို့ တစ်နေရာက ပျက်ဆီးနေတဲ့ တန်ဆောင်နှင့် ဆင်းတုများ
ဓာတ်ပုံပညာရှင် - Tripe, Linnaeus


ထိုင်းနိုင်ငံ ချင်းမိုင် နှင့် မဲဆောက် ဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းပစ္စည်းခိုးထုတ်ရာ အဓိကလမ်းကြောင်းဖြစ်တယ်။ ရှေးဟောင်းဘုရားအများစု ဒီလမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲကို ဝင်တယ်။ ထိုင်းကမှတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးကို ဆင့်ကာ ဆင့်ကာ ပြန့်သွားပါတယ်။ ဒီလိုနှင့် မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်း တွေ ပျောက်ပျက်ရတယ်။

ရှေးဟောင်းပစ္စည်းလို့ဆိုရင် လူအများစု မျက်လုံးထဲပြေးမြင်မှာက ဘုရားဆင်းတု ကြီး၊ သေး ၊ငယ် ၊ ရွယ်။ ဒါပေသိ ဘုရားဆင်းတုတင် မကပါဘူး။ တခြား ရှေးဟောင်းပစ္စည်း တွေပါ မကျန်အကုန် ခိုးထုတ်ပါတယ်။ အသုံးပြုထားတဲ့ ပစ္စည်းတွေကို အခြေခံပြီး မှတ်မိသလောက် စာရင်းလုပ်ထားပါတယ်။
ရွှေ ၊ ငွေ ၊ ကျောက်သံ ပတ္တမြား ၊ ကျောက်စိမ်း စသဖြင့် တန်ဖိုးကြီးအရာ

၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု (ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မျောက် စသဖြင့် )
၃။ သာသနိက ဆိုင်ရာ အသုံးဆောင်ပစ္စည်းများ ( ဘုရားထီး ၊ စေတီ ပုံစံငယ် ၊ သပိတ် စသဖြင့် )
၎။ လူ့အသုံးဆောင် လက်ဝတ်တန်ဆာ ( ပုတီး ၊ လယ်ဆွဲ ၊ နားတောင်း စသဖြင့် )
၎။ ဒင်္ဂါး ၊ ပိုက်ဆံ
၅။ လက်နက်ပစ္စည်းမျိုးစုံ
၆။ ရွှေပြား ပုရပိုဒ်စာ
၇။ ရွှေပြား ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

ဆင်စွယ်
၁။ ဘုရားဆင်းတုငယ်
၂။ ဘုရားမဟုတ်တဲ့ ရုပ်တု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ သစ်ပင် စသဖြင့် အရုပ်စုံ )
၃။ လက်နက် မျိုးစုံ
၎။ လူ့အသုံးဆောင် ပစ္စည်းများ
ကျောက်သား
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု (ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မျောက် စသဖြင့် )
၃။ ကျောက်စာ
၎။ ကျောက်သား နံရံ
၅။ ကျောက်သား ဆုံ
၆။ ကျောက်အိုး ၊ ကျောက်ခွက် ၊ ကျောက်တံ ၊ ကျောက်လုံး
၇။ ကျောက်ဖြစ်ရုပ်ကြွင်း

ကြေး၊ သံ ၊ သတ္တု
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
၃။ ကြေးပြား ပုရပိုဒ်စာ
၎။ ကြေးပြား ပိုက်ဆံ
၅။ ကြေးသွင်း လူ့အသုံးဆောင်ပစ္စည်းအားလုံး ( အိုး၊ ခွက် အစ ဆေးတံ ၊ စုတ်တံ အပါဝင် ပစ္စည်းများ )
၆။ ကြေးသွင်း လက်နက်မျိုးစုံ ( ဓား ၊ လှံ ၊ လှေး၊ မြှား စသဖြင့် ပစ္စည်း အစုစု )
၇။ ခေါင်းလောင်း
၈။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ ပစ္စည်းအားလုံး
၉။ ကြေးပြား ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

သစ်သား
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
၃။ သာသနိက ဆိုင်ရာ အလှဆင်ပစ္စည်းများ
၎။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ ပစ္စည်းအားလုံး
၅။ အိမ်ထောင် ပရိဘောဂ ပစ္စည်းအားလုံး
၆။ လက်နက် ပစ္စည်းမျိုးစုံ
၇။ လူ့အသုံးဆောင် ပစ္စည်းအားလုံး
၈။ မနောတိုင် ၊ ကဗျည်းတိုင် ၊ အိမ်တိုင် ၊ ခြံတိုင် ၊ လှေကားတက် ၊ စပါးထောင်း ဆုံ ၊ လှည်းဘီး စသဖြင့် ပစ္စည်းအားလုံး

မြေထယ်
၁။ ဘုရား
၂။ မြေပုံဘုရား
၃။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ စသဖြင့် အရုပ်စုံ )
၎။ မြေသားပုံစံ ခွက်
၅။ အိုး ၊ ပုကံ ၊ ခွက် ၊ မြူတာ စသဖြင့် လူ့အသုံးအဆောင် ပစ္စည်းအားလုံး
၆။ အဆောက်ဦးအလှဆင် ဗိသုကာ ၊ အနုပညာလက်ရာ အုတ်

ယွန်းထယ် ၊ ကြိမ် ၊ ဝါး နှင့် အခြား
၁။ ဘုရားဆင်းတု
၂။ ဘုရားမဟုတ်တဲ့ ရုပ်ထု ( ရဟန်း ၊ လူ ၊ နတ် ၊ ခြင်္သေ့၊ ဆင် ၊ မြင်း ၊ မနုသီဟ စသဖြင့် အရုပ်စုံ )
၃။ ဆွမ်းအုပ် ၊ ဒေါင်းလန်း ၊ လင်ပန်း၊ ပုကံ ၊ ခွက် ၊ ယောက် ၊ မြူတာ စသဖြင့် လူ့အသုံးဆောင်ပစ္စည်းအားလုံး
၎။ ပေစာ ၊ ပုရပိုဒ်စာ ၊ မင်စာ
၅။ ကဗျည်းစာ ၊ မှတ်စာ ၊ မေတ္တာစာ၊ ပြစ်စာ၊ သိုက်စာ ၊ ကျိန်စာ ၊ အင်းစာ စသဖြင့်

မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေ ဒီလောက်များတယ် ဆိုတာ မြန်မာပြည်အပြင်ဘက်ရောက်မှ သိရ၊ မြင်ရတယ်။ ဒီလိုယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်း ၊ သာသနိက ဆိုင်ရာပစ္စည်းတွေကို ဖျက်စီးရာမှာ သဘာဝဘေးဒဏ် ထက်လူက ပိုပြီး ကြောက်စရာကောင်းပါတယ်။ သဘာဝဘေးဒဏ်က ဖျက်ရုံသာ ဖျက်၊ လူကတော့ ခိုးရင်းနှင့် ဖျက် ၊ ဖျက်ရင်းနှင့် ခိုး ဆိုတော့ ပိုပြီး ရက်စက်ပါတယ်။

ဒီလို ခိုးယူလာတဲ့ ရှေးဟောင်းပစ္စည်းတွေကို ယဉ်မျိုးစုံ ၊ နည်းမျိုးစုံ နှင့် နယ်စပ်တွေကို သယ်လာမယ်။ တဘက် နိုင်ငံဘက်ရောက်တဲ့အခါမှာ ထိုင်းရှေးဟောင်းပစ္စည်း ကုန်သည်တွေ ပေးတဲ့ ရသလောက်ဈေးနှင့် ရောင်းတယ်။ ထိုင်းကုန်သည်တွေက အဲဒိ စ္စည်းတွေကို ချင်းမိုင်နှင့် ဘန်ကောက်ဈေးကွက်မှာ ပြန်ရောင်းတဲ့ အခါ တန်းမြင့်ဈေးတွေဖြစ်သွားပါပြီ။

ရှေးဟောင်းပစ္စည်းတွေ ခုလိုခိုးထုတ်မှုတွေက ကာကွယ်ဖို့ဆိုပြီး ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ အတော်များများနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အိမ်နီးချင်းနိုင်ငံ အချင်းချင်း ခုလို သမိုင်းဝင် ရှေးဟောင်းပစ္စည်းတွေခိုးထုတ်တင်သွင်းလာတာမျိုး ဖမ်းဆီး နှိမ်နှင်းပြီး ရှေးဟောင်းပစ္စည်းတွေကို နေရင်း နိုင်ငံတွေဆီ ပြန်ပို့ပေးဖို့ပါ။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ အာရှရဲ့ အရေးပါအရာရောက်ဆုံး ရှေးဟောင်းပစ္စည်း ဈေးကွက်တစ်ခုဖြစ်နေပါပြီ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊ ကမ္ဘောဒီယား၊ လာအို သာမက အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရတ် ၊ နီပေါ ၊ တရုတ် နိုင်ငံတွေက ရှေးဟောင်းပစ္စည်းတွေ ခိုးယူရောင်းချရာ နေရာဖြစ်နေပါပြီ။ အဲဒိ ရှေးဟောင်းပစ္စည်းဟာ စာရွက် စာတမ်းအတုတွေအပါဝင် နည်းမျိုးစုံ၊ လမ်းကြောင်းမျိုးစုံ ယဉ်မျိုးစုံ နှင့် ကမ္ဘာအနှံ့ ခရီးဆက်တယ်။

ထိုင်းနိုင်ငံပြီး နောက်ထပ် သတိထားထားရမယ့် နှစ်နိုင်ငံ အနီးအနားမှာတင် ရှိပါသေးတယ်။ ဟောင်ကောင် နှင့် စင်္ကာပူ။ ဟောင်ကောင်အကြောင်း သိပ်မသိပါ။ စင်္ကာပူ ရှေးဟောင်းပစ္စည်းဈေးကွက်ဟာ ဘန်ကောက်ထက် ဈေးပိုပေးရသော်လည်း ကမ္ဘာ့ရေပေါ်ဆီ လူ့ချမ်းသာတွေရဲ့ ယုံကြည်မှုပိုရပါတယ်။ စင်္ကာပူ ရှေးဟောင်းပစ္စည်းရောင်းကုန်သည်တွေက " Buy Back Guarantee " ( ရှေးဟောင်းပစ္စည်း စစ်တယ်၊ မစစ်ရင် ပြန်လှဲ ) ပေးပြီးရောင်းပါတယ်။ ဒီနေရာမှာ ပြောချင်တာက စင်္ကာပူ အစိုးရရဲ့ တာဝန်မဲ့တဲ့ ရပ်တည်ချက်ပါ။ ဘယ်နိုင်ငံက သမိုင်းဝင် ရှေးဟောင်းပစ္စည်းမဆို GST 7 % ပေးပြီး စင်္ကာပူနိုင်ငံကို/ကနေ လွတ်လွတ်လပ်လပ် တင်သွင်း/ပို့ လို့ရပါတယ်။

ရှေးဟောင်းပစ္စည်း အပြည့်ထည့်ထားတဲ့ ပေ ၄၀ ကွန်တိန်နာ ( 40 Foot Container ) တစ်လုံး ရန်ကုန် ဆိပ်ကမ်းကနေ စင်္ကာပူ နိုင်ငံ Dempsey Road ကိုအတားဆီမရှိ ရောက်လာတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါကြောင်း။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။