7/25/09

ကိုယ်ပိုင်အခွင့်ရေး


ဒီဘလော့ဟာ မြန်မာယဉ်ကျေးမှု နဲ့ သမိုင်းသုတေသန ဆိုင်ရာစာတွေကို ဦးစားပေးတင်တယ် ဆိုပေမယ့် မြန်မာမှ မြန်မာ သာသာထိုးထိုး မရေးပါ။ မြန်မာအကြောင်းအကောင်းကြီးဘဲပါမယ်လို့ မထင်ပါနဲ့လို့ ဆိုပါရစေ။ တွေ့၊ မြင်၊ သိ တာကိုဘဲရေးတယ်။

စာဖတ်ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးဝေဖန် တယ်ဆိုတာ စာဖတ်သူတိုင်းရဲ့ ကိုယ်ပိုင်အခွင့်ရေးပါ။ ယူကြပါ။

ကျွန်တော် ဒီပညာကို လေ့လာလိုက်စားတာ ၂ နှစ်တောင် မပြည့်သေးဘူးလို့ ပြောလို့ရပါတယ်။
တော်လို့၊ တတ်လို့ ရေးတာ မဟုတ်ပါ။ အသက်ကြီးမှ စာသင်ချင်တဲ့ ဂွတိဂွကျ ကျောင်းသား တစ်ယောက်အဖြစ်သာ ကိုယ့်ကိုကိုယ်မှတ် ယူထားပါတယ်။

သမိုင်းနှင့် သုတေသန ဆိုင်ရာ ပညာလေ့လာလိုက်စားတယ်လို့ ဆိုရာမှာ သာမန်လူသားတစ်ယောက်လိုဘဲ ဆရာရှိပါတယ်။ ဆရာဆိုရာမှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ ဆရာတွေက အမှားတွေသင်တတ်ပါတယ်။ သူတို့ကိုယ်တိုင်ကတော့ မှန်တယ်လို့ ခံယူထားတဲ့ အရာမျိုးပါ။


တချို့က အမှားကို အမှားမှန်းမသိဘဲ သင်ပေးတယ်။ တချို့ကတော့ မှားမှန်းသိသိကြီးနှင့် သင်တယ်။ တချို့အမှားမျိုးဆိုတာကတော့ အချက်အလက်မပြည့်စုံသေးပါဘဲ အနီးစပ်ဆုံး ဖြစ်နိုင်ခြေကို ကောက်ချက်ချတဲ့အမှားမျိုးပါ။ အပြစ်မဆိုသာ။


တချို့ဆရာတွေက မှားမှန်းသိတဲ့အခါ " အရင်တုန်းက ဒီလိုပြောတာမှားတယ်၊
ဒီလိုပြင်ချင်တယ် " ဆိုပြီးပြင်ပါတယ်။ တချို့တချို့က မှားမှန်းသိသော်လည်း သေတဲ့အထိဝန်မခံ၊ တနည်းပြောရရင် အမှားကို ဝန်မခံပါ။

ကျွန်တော့ ဆရာက ဒေါက်တာသန်းထွန်းပါ။ သို့ပေမယ့် ကျွန်တော်က သမိုင်း မေဂျာကျောင်းသား မဟုတ်သလို၊ ဒေါက်တာသန်းထွန်း နဲ့လည်း တစ်ခါမှ မျက်နှာချင်းဆိုင် မဆုံဖူးပါ။ နာမည်ကြီးပညာရှင်ကိုမှ ရွေးပြီး ကျွန်တော့ဆရာပါလို့ ဆိုလိုတာမဟုတ်ပါ ။ နာမည်မရှိ လူမသိတဲ့ ပြည်တွင်းပြည်ပ တခြားဆရာတွေလည်း အများကြီးရှိပါသေးတယ်။

ဘယ်တုန်းကရေးလဲ။ ဘာတွေကို အခြေခံထားလဲ။ သုံးထားတဲ့ ဇစ်မြစ်က မူလဇစ်မြစ်လား (Primary Sources ) ၊ တဆင့်ခံလား ( Secondary Sources ) ကြည့်ပါတယ်။
ဘယ်သူ့မျက်နှာမထောက်ဘဲ အမှန်တရားကို စစ်ထုတ်ယူပါတယ်။

စာသင်ခန်းထဲမှာ၊ အပြင်မှာ မသင်ခဲ့ရပေမယ့် သူတို့ ရေးခဲ့တဲ့ စာတမ်းတွေ၊ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ သုတေသန လုပ်ထားတာတွေကို ဝေဖန်ပိုင်းခြားပြီးလေ့လာခွင့်ရပါတယ်။ မမြင်ရပေမယ့် သင်ပြတဲ့ ဆရာတွေပါ။

သမိုင်းနဲ့ သုတေသနဆိုင်ရာတွေကို လေ့လာလိုက်စားတဲ့သူ ၊ သမိုင်းပညာရှင်တိုင်း ဟာ မမှားဖူးတဲ့လူမရှိပါ။ ဘယ်လို ပုဂ္ဂိုလ်မျိုးမဆို မှားဖူးပါတယ်။ ဒါဟာ ဘယ်ဘာသာရပ်နဲ့မှမတူတဲ့ " သမိုင်း " ပညာရဲ့ ထူးခြားချက်ပါ။

ကျောက်ထက် အက္ခရာတင် ပြီး ကျောက်စာအဖြစ် ရေးထားတိုင်း တထစ်ချ မှန်တယ်လို့မဆိုနိုင်ပါ။ ဘိုးတော်ဗဒုံမင်း ခေတ်ရေးခဲ့တဲ့ ဆင့်ထိုး၊ စပ်ထိုး တွေဖြစ်နိုင်ပါတယ်။ အဝခေတ်ရောက်မှ ပုဂံခေတ်ဦးပိုင်း အခြေနေကို မှန်းပြီးရေးထားတဲ့ ကျောက်စာဆိုရင်လည်း အမှန်လို့မမှတ်ယူနိုင်ပါ။
တချို့ သမိုင်းဆရာ၊ ရာဇဝင် ဆရာတွေက ကျောက်စာဆိုပြီးရော မှန်တယ်ဆိုပြီး ယူသုံးတတ်ကြပါတယ်။

လူတစ်ယောက်ချင်းစီတိုင်းမှာ အမြင်တစ်မျိုးစီ ရှိတတ်ပါတယ်။ ကျွန်တော့အမြင် ဥပမာ တစ်ခုပြောပါရစေ။

သမိုင်းဆရာ၊ ရာဇဝင်ဆရာ တွေက " ထီးလှိုင်မင်း(အများအခေါ် ကျန်စစ်သား ) အကြောင်းအကောင်းကြီးဘဲ ပြောကြ၊ ရေးကြပါတယ်။ နန်းတည်ကျောက်စာ မွန်ဘာသာကို လေ့လာကြည့်တဲ့အခါ အဖ " နေ " မျိုး ၊ အမိ " ဝါး " မျိုးလို့ အယုံသွင်းပါတယ်။ " ရှင် အရဟံ " လိုဆရာကောင်းမျိုးရှိနေပါလျှက်" ပိဋကတ် " သုံးပုံကို စုစည်းသူဖြစ်ပါလျှက်၊ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားချိန်ဖြစ်နေပါလျှက် မွေးမိ၊ မွေးဖ ကိုအများသိအောင် အသိမှတ်မပြုတဲ့သူပါလားလို့ မြင်ပါကြောင်း ခင်ဗျာ။


1 comment:

  1. I totally agree with you for the concept of opinion on Hti Hlaing Shin.

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။