5/21/09

ဈေးကွက်ဝင် သမိုင်း

မြန်မာ့လက်မှု အနုပညာ လက်ရာ ပစ္စည်းနှင့် သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေ အကြောင်းကို မြန်မာလိုရေးရတဲ့ အကြောင်းကတော့ မြန်မာတွေ တန်ဖိုးထားနားလည်စေချင်လို့ပါ။

ဘိုလို ရေးပြီးစာအုပ်ထုတ်ရင် မြန်မြန်နာမည်ကြီးနိုင်ပါတယ်။ လူသိပိုများနိုင်တယ်။
ဒါပေမယ့် ကျွန်တော့ ရည်ရွယ်ချက်ကမြန်မာတွေ အတွက်ပိုရည်ရွယ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာတွေဟာ သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေကို တန်ဖိုးထားရမှန်း မသိတာကများတယ်။

နောက်ပြီး ဒီလို သမိုင်းသုတေသနဆိုင်ရာ ရှေးဟောင်း ပစ္စည်းတွေရဲ့ တန်ဖိုးကို သေသေချာချာသိတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ မြန်မာအရေတွက်ထက် ပိုများမလားဘဲ။

ခုခေတ် မြန်မာလူငယ် တော်တော်များများဟာ သမိုင်း ကိုစိတ်ဝင်စားတာ နည်းပါတယ်။
သမိုင်း ဟာ ပျင်းရိငြီးငွေ့ဖွယ်ရာ ဘာသာရပ်အဖြစ် ယူဆထားကြပါတယ်။

ခုခေတ် ကလေးငယ်တွေဟာ ကျန်စစ်သား ( ထီးလှိုင်မင်း ) အကြောင်းကို မသိပေမယ့် ကျန်ကျောင်း ကိုတော့သိတယ်လို့ ဘလော့တစ်ခုမှာ ဖတ်ဖူးပါတယ်။ ဘာကြောင့်ပါလဲ။

ကလေးမှာ အပြစ်မရှိပါ။ အဲဒိကလေးရဲ့ ပတ်ဝန်းကျင် က မိဘ၊ ညီအစ်ကို မောင်နှမတွေကရော ကျန်စစ်သားကို သိသလားဆိုရင် သိတော့သိတယ်။ ပုဂံ မင်းတစ်ပါးပေါ့။

ဒါပေမယ့် အသေခြာရှင်းပြပါဆိုရင် ပုံပြင်လိုလို ဘာလိုလို တွေ့ကရာ လျှောက်ပြောမယ်။
ဒါဟာ မြန်မာ မိသားစု၊ မြန်မာအသိုင်းဝိုင်းက သိထားတဲ့ မြန်မာ့သမိုင်းပါ။

ဒါဖြင့် စာရေးဆရာ တွေကရော။
သမိုင်း ဆိုတဲ့ စကားလုံးကို သုံးပြီး ပုံပြင်ဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန် ရေးမယ်။
ပုံကောင်းကောင်း စာရွက်ကောင်းကောင်းသုံးမယ်။
စာအုပ်ထဲမှာ ရေးထားတာကိုဖတ်ကြည့်ပါတယ်။ ပုဂံ ၈-၉ ရာစု လောက်က တကယ်ရှိမရှိ မသေချာတဲ့ မင်းတစ်ပါး ဟာ ၁၃ ရာစုမှာမှ ဆောက်လုပ်ပြီးစီးတဲ့ မြို့တံခါးဝမှာ နောင်တော်ဖြစ်သူ ဘုရင်ကို ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်တယ်။ နိုင်တယ်။ အုပ်ချုပ်မင်းလုပ်တယ်။ တိုင်းပြည်သာယာတယ်။

ဒါမျိုးရေးထားရင် စာဖတ်သူတွေက သိပ်သဘောကျပါတယ်။ သမိုင်းစာအုပ် ဆိုပြီး ခုတုံးလုပ်တယ်။ သမိုင်းတန်ဖိုးကျတော့ မရှိပါ။

ဒီလိုစာအုပ်မျိုးကို မြန်မာနိုင်ငံကျော် စာရေးဆရာမကြီး တစ်ဦးကလည်းရေးပါတယ်။
အဲဒီစာအုပ်ဟာလည်းသိပ်ရောင်းကောင်းပါတယ်။

မှတ်ချက်တစ်ခုပေးမိပါတယ်။
ဪ မြန်မာတွေဟာ သမိုင်းစစ်စစ် ဆိုတာထက် စိတ်ကူးယဉ်ဆန်ဆန်
ပုံပြင်ဆန်ဆန် တွေကိုသိပ်သဘောကျ နှစ်ခြိုက်ပါလားလို့။
သမိုင်းကို ပုံပြင်လုပ်မယ်။ ပုံပြင်ကို သမိုင်းလုပ်မယ်။

4 comments:

  1. ဟုတ်ပါတယ်
    ကျမတို့မြန်မာလူမျိုးတွေဟာ
    ပုံပြင်တို့ ရသတို့ အင်မတန်နှစ်သက်ကြပါတယ်
    ငယ်စဉ်ကလေးဘဝတွေမှာ ညအိပ်ရာဝင်ပုံပြင်ကို
    ကလေးတိုင်းစွဲလန်းတတ်ကြပါတယ်
    သမိုင်းအသိပေးဘို့ လိုအပ်ပါတယ်

    ReplyDelete
  2. ကလေးမှာအပြစ်မရှိဘူးဆိုတဲ့ အတွေးကို ကြိုက်တယ်ဗျာ... ဟုတ်တယ် ကလေးက ကလေးလိုပဲ နေမှာပဲ.. လူကြီးတွေက ကျန်စစ်သားကားမှ မရိုက်နိုင်ဘဲဗျ...
    နောက်ပြီး..သမိုင်းလေ့လာမှုအားနည်းရင် လူမျိုးပါအားငယ်မယ်ဗျာ...

    ReplyDelete
  3. ကျနော်ကတော့ ယနေ့ မြန်မာပြည်ပညာရေးစနစ်ကိုပါ ထည့်တွက်ပါတယ်။ ဘာကို ပစ်မှတ်ထားတဲ့ ပညာရေးလဲ???။

    ဒေါက်တာသိန်းလွင်ရဲ့ မြန်မာနိုင်ငံပညာရေးသမိုင်း (နာမည် အတိအကျ မသေချာ) မှာ ဆန်းစစ်ထားတာတော့ စိတ်ဝင်စားစရာ ဖတ်ရပါတယ်။

    ReplyDelete
  4. သိန်းထောင်ချီ အကုန်ခံပြီးရိုက်တဲ့ ကျန်စစ်သားကားတစ်ကားရှိတယ်ဗျ။ ပေါက်ကရလေးဆယ် လို့ပြောရမလားဘဲ။ ပိုက်ဆံတွေ နှမျောတယ်။
    အဲဒီငွေတွေကို ဧရာဝတီ မြစ်ထဲပါသွားတဲ့ ရှေးဟောင်းဘုရား ၊ ဆင်းတု ၊ အနုပညာလက်ရာတွေ ဆယ်ယူတဲ့ ပရာဂျစ် အဖြစ်အသုံးချ လိုက်ရင်ဖြင့် သိပ်အကျိုးများမယ်။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။