၅ ။ ခြေဖတ်ဆိုင်ရာ အခေါ်အဝေါ်များ
ကြက်တစ်ကောင်၏ ခြေဖတ်ကို ရေတွက်ရာတွင် ခြေခလယ်၏ ခြေသည်းထိပ်မှ အထက်အထိ ရေတွက်ရပါသည်။ ပုံမှန်အားဖြင့် ( ၂၇ ) ဖတ် ၊ ( ၂၈) ဖတ်ခန့်ရှိကြသည်။ အလွန်ထူးခြားသော ကြက်များတွင်သာ ခြေဖတ် ( ၃၀ )ထိရှိတတ်ပါသည်။ ရှားပါသည်။ ခြေဖတ် ( ၃၀ ) ရှိသောကြက်မှာ သူမတူအောင် ကောင်းတတ်သဖြင့် ကြေးကြီးသည့်ဝိုင်းများတွင် ဝိုင်းပယ်လေ့ရှိကြသည်။ ၎င်း ကြက်အားခံ၍ တိုက်သူနည်းပါးသည်။ ထို့ကြောင့် " ခြေဖတ် ( ၃၀ ) ဝိုင်းကြီးပယ် " ဟူ၍ စာဆိုရှိခဲ့ပါသည်။
ခြေထောက်တွင်ရှိသည့် ခြေဖတ်များ၏ အနေအထားပေါ်မူတည်၍ အခေါ်အဝေါ်များ ပြောင်းလဲသွားပါသည်။
တစ်ပင်တိုင် - ခြေဖတ်သုံးဖတ်စီပြိုင်၍ ဆင်းသွားသောခြေထောက်။
သံပတ်(သို့) ကျီးခြေ - ခြေဖတ်များအနက်မှ ခြေဖတ်တစ်ဖတ်သည် ခြေထောက်ကို အပြည့်ပတ်နေသည်။ အလွန်ရှားသည်။ တစ်ဖက်ကြက်ကို သေအောင်ခွပ်တတ်သည်။ ကျွန်တော် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကြက်ပွဲများသို့ ရောက်ရှိဖူးရာ ယခုချိန်အထိ တစ်ကောင်သာ တွေ့ဖူးသေးသည်။ ဗြာဆီဂျီးအရောင်ဖြစ်သည်။ ခြေပြင်းသည်။
အဆို့ - ပုံမှန် ခြေဖတ်နှစ်ခု၏ အကြားတွင် ခြေဖတ်ငယ်တစ်ခု ညှပ်နေပါက ၎င်း ခြေဖတ်ငယ်ကို အဆို့ဟုခေါ်သည်။ ခြေထောက်နှစ်ဖက်စလုံးတွင် အဆို့ပါလျှင် ကောင်းသော်လည်း တစ်ဖက်တည်းသာပါလျှင် ကန်းတတ်သည်။
၆။ ခြေထောက်ဆိုင်ရာ အခေါ်အဝေါ်
ခြေနှူ - ခြေထောက်တစ်ချောင်းလုံး အဖုအထစ်များဖြင့် ကြမ်းတမ်းစွာ ဖြစ်နေသော ခြေထောက်။
ခြေဘက် - ခြေထောက်နှစ်ဖက် အရောင်မတူပါက ( ဥပမာ - တစ်ဖက်က အဝါရောင် ၊ အခြားတစ်ဖက် အစိမ်းရောင် ) ခြေဘက်ဟုခေါ်သည်။
ခြေဝါ - နှစ်ဖက်စလုံး အဝါရောင် ဖြစ်သည်။
ခြေဖြု - နှစ်ဖက်စလုံး အဖြူရောင် ဖြစ်သည်။
ခြေစိမ်း ( ခြေဇိမ်း ) - အစိမ်းပုတ်ရောင် ခြေထောက် ၊ အချို့ဒေသ၌ ဗျိုင်းခြေဟု ခေါ်သည်။
၇။ အတက်ဆိုင်ရာ အခေါ်အဝေါ်များ
တိုက်ကြက်ကောင်း တစ်ကောင်၏ အတက်သည် အထက်သို့ မလန်ရ၊ အောက်သို့လည်း မကိုင်ရ။ ထို့အပြင် ခြေထောက်နှစ်ချောင်း အတွင်းသို့မရှိုင်းရ ( မဝင်ရ )။ ခြေထောက်များ၏ အပြင်ဘက်သို့လည်း ကားမသွားရ ၊ ဖြောင့်နေရမည်။ အတက်သည် ကြက်၏ နောက်ခြေသန်းနှင့် အပြိုင် တစ်ဖြောင့်တည်းရှိပါက သေတွင်းကျအောင် ခွပ်တတ်သည်။ အတက်လုံးဝမပါသည့် အတက်အခေါ်အဝေါ် မှစ၍ အတတ် တစ်စ၊ တစ်စ ရှည်လာပုံအပေါ် မူတည်ပြီး အခေါ်အဝေါ်များ ပြောင်းလဲသွားပုံမှာ အလွန် မှတ်သားဖွယ်ဖြစ်ပါသည်။
ဟိုင်း - အတက် လုံးဝ ( လုံးဝ ) မပါ။
ငရုတ်စေ့ ကပ် - အတက်ထွက်မည့် အတက်ရာလေးပေါ်နေသည်။
ကုလားပဲ - ကုလားပဲခြမ်းအရွယ် အတက်ငုတ်လေး။
ပြောင်းဖူးစေ့ - ပြောင်းဖူးစေ့ အရွယ် အတက်ဖုလေး ( ထိပ်လုံးသည် )
နားကပ်ပွင့် - ပြောင်းဖူစေ့ အရွယ်ဖြစ်သော်လည်း ထိပ်ချွန်၏။
ကပ်ချွန် - နားကပ်ပွင့် ထက် အနည်းငယ်ပိုရှည်သည်။
တမာ - တမာသီးအရွယ် ဖြစ်သည်။
လက်ပံချွန် - တမာ ထက် ပိုရှည်သည်။ လက်ပန်ပင် ရှိ ဆူးချွန်အရွယ် ရှိသည်။
တက်ရိုး( သို့မဟုတ် ) ရိုး - လက်ပံချွန်ထက် အနည်းငယ်ပိုရှည်သည်။
တံခါးပိတ် - အတက်ထိပ်နှစ်ခု ထိလုနီးနီးဖြစ်နေသည်။
တံခါးပိတ် - အတက်ထိပ်နှစ်ခု ထိလုနီးနီးဖြစ်နေသည်။
ပယ် - အရှည်ဆုံး ဖြစ်သည်။ ချွန်မြနေပြီး ဂေါ်ရခါး ဓားကောက်ကြီး များကဲ့သို့ အပေါ်သို့ကော့နေတတ်သည်။
၈။ အမြီးဆိုင်ရာ အခေါ်အဝေါ်များ
တံစဉ်ကောက် - ခေါင်မြီးသည် တံစဉ်ကဲ့သို့ ကောက်နေသော အမြီး။ ၎င်းအမြီးပုံစံရှိ ကြက်သည် တွန်သံပြတ်သားပါက ကြက်ကောင်းအင်္ဂါ ဖြစ်သည်။ " အမြီးသံစဉ်ကောက် အသံပုဆိတ်ပေါက်" ဟု အဆိုရှိသည်။
မြီးဇောင်း ( မြီးစောင်း ) - အနည်းငယ် စောင်းနေသောအမြီး။
ဗန်ဒို - ငုံးငှက်ပုံစံကဲ့သို့ ဖြစ်နေပြီး မြီး ညှောင့်ရိုး ( ဖင်ဆီဘူး ) နှင့် အမြီး လုံးဝ ( လုံးဝ ) မပါချေ။
'မ'ကိုယ် ( သို့မဟုတ် ) မဂို - ကြက်မ၏ အမြီးသဏ္ဌာန် ရှိသည်။ ( တစ်နည်း) ခေါင်မြီး မပါချေ။ အချို့အရပ်ဒေသများတွင် ဗဂို ဟုလည်းခေါ်သည်။ မဂို အမျိုးမျိုးရှိသည်။ အမွေးအရောင်ပေါ်မူတည်၍ စာမဂို ၊ မဂို ဒီးဒုတ် ၊ ကွမ်းရိုးစင်း ၊ မဂို ၊ ဗြာမဂို ဟူ၍ ခွဲခြားခေါ်ဝေါ်ကြသည်။
'မ'ကဲ ( မဂဲ ) - ကြက်မ၏ ပုံသဏ္ဌာန် နှင့် ကြက်မ၏ အမွေးအရောင် မျိုးရှိသည်။ သို့သော် အမြီးတွင် ခေါင်းမြီးပါသည်။ အချို့ဒေသများတွင် ' ဗဂဲ ' ဟုလည်းခေါ်သည်။ ' မဂို - မဂဲ မယားဆဲ' ဟုအဆိုရှိသည်။ ထွန်းခဲသည်။
၉။ ကိုယ် ခန္ဓာတည်ဆောက်ပုံ ဆိုင်ရာ အခေါ်အဝေါ်များ
ကြက် အုန်းသီး - ကိုယ်လုံး တိုသည်။ ကြက်နှစ်ကောင် တိုက်ဖက် စပ်ရာတွင် ခက်သည်။ ဒေါက်တူးအိုး ( ကိုယ်လုံးပတ် ) တူသော်လည်း ကိုယ်လုံးအရှည်တိုနေသဖြင့် တိုက်လျှင် မိမိက တစ်ပန်းရှုံးနေသည်။
ကြတ်ငှက်ပျောဖူး - ကိုယ်လုံးရှည်သည်။
လင့်စဉ် ( သို့ ) လင့်ပါးစဉ် - ဒေါက်မြင့်ပြီး ဗျိုင်းကဲ့သို့ ခန္ဓာကိုယ် အနေအထားရှိသောကြက်။
ဝဲစဉ် - ဒေါက်နိမ့်ပြီး တောင့်တောင့်တင်းတင်းနှင့် ကိုယ်လုံးတုတ်သော ကြက်။
လေးတိုင်ဝင် - ဒေါက်ကောင်းပြီး ခန္ဓာကိုယ် ဟင့် ပေါင်များတုတ်တုတ် ခိုင်ခိုင် ရှိသောကြက်။
၁၀။ ကြပ်ခွပ်လမ်း ( ခွပ်ပုံ ခွပ်နည်း ၊ ခွပ်စဉ် ) ဆိုင်ရာ အခေါ်အဝေါ်များ
ဗလာ - ရှေ့သို့ လှမ်းပုတ်၍ ခွပ်သည်။
ကြက်ပစ်ကောင်းသည် - ရှေ့သို့ လှမ်းပုတ်သည့် ခွပ်အားကောင်းသည်။ ပြင်းထန်သည် ။ ဗလာကောင်းသည် ( သို့ ) ကြက်ပစ်၊ ကြက်ပုတ်ကောင်းသည် ဟုခေါ်သည်။
တန်းလျှောက် ဗလာ - ရှေ့တည့်တည့် ရှိကြက်အား မနားတမ်း ( တရစပ် ) လိုက်၍ ခွပ်ခြင်း ၊ တန်းလျှောက် ဗလာ ကောင်းသောကြက်ကို အချို့အရပ်ဒေသများတွင် ' ကြက်ဖိ ကြက်နင်း ' ဟုခေါ်သည်။ ဗိန်းမောင်း ဟုလည်းခေါ်သည်။
ဆင်ပစ် ဗလာ - ၂ ပေ ၊ ၃ ပေ အကွာတွင် ရပ်နေသည့်ကြက်အား လျှပ်တစ်ပြက် ထိအောင် ခွပ်ခြင်း။ ဆင်ပစ် ဗလာ ကောင်းလျှင် အချို့ နောက်သို့ တည့်တည့်ဆုတ်ပြေးသော ' နောက်ပြေး ' ကြက်များပင် လွတ်အောင် မပြေးနိုင်ပေ။
ကြက်ကာ - တစ်ဖက်ကြက်မှ လှမ်းပုတ်သော ခွပ်ချက်အား မျက်နှာချင်းဆိုင်၍ ပြိုင်ကန်ခွပ်ခြင်း။
ကြက်လျှော် - ကြက်နှစ်ကောင် ပြိုင်၍ အခွပ်တွင် နှစ်ကောင် ပူးလျက် အထက်သို့ အနည်းငယ်မြင့်တက်သွားပြီး တစ်ဖက်ကြက် ပြန်အကျတွင် မိမိက ထိအောင် ခွပ်ခြင်း၊ ထိုသို့ ခွပ်တတ်သော ကြက်ကို ကြက်လျှော်ကောင်း သည်ဟုခေါ်သည်။
ခုတ်ခြေ ( သို့ ) ကောင်းကင်ခြေ - အပေါ်သို့ ခပ်မြင့်မြင့် ခုန်တက်လိုက်ပြီး တစ်ဖက်ကြက်၏ လှုပ်ရှားမှုကို ကြည့်ကာ မိမိခြေနှစ်ခြောင်းဖြင့် အပေါ်မှ ခုတ်ချ ပြီး ခွပ်ခြင်း။
ခံပုံကောင်း - တစ်ဖက်ကြတ်က ခွပ်သမျှ သူချည်းခံရသဖြင့် ခေါင်း ၊ ရင်ဘတ် စသည်တို့တွင် ဒဏ်ရာများ ရထားသည်။ သို့သော် ဇွဲကောင်းကောင်းဖြင့် ထွက်မပြေးဘဲ ပေ၍ခွပ်ခြင်း။
ကြက်စောင့် - တစ်ဖက် ကြက်၏ အခွပ်ကို စောင့်၍ ခွပ်သောကြက် ( တစ်ဖက်ကြက်က စ၍ မခွပ်မချင်းစောင့်နေသည်။)
ရဲမျှော် - တစ်ကြိမ် တစ်ကြိမ် ခွပ်မည့်အရေး ဟန်ရေးပြပြီးမှ ခွပ်သဖြင့် ကြက်ပွဲတစ်ပွဲသည် အချိန်များစွာကြာတတ်သည်။ ထို့ကြောင့် ' ရဲ ' လာလျှင် ဖမ်းမိအောင် ရဲကို မျှော်၍ ခွပ်နေသည်ဟု တင်စား၍ ခေါ်ခြင်းဖြစ်သည်။
ကြက်ကွေ့ - တစ်ဖက်မှ တရစပ်လိုက်၍ ဖိခွပ်နေသည်ကို ဘေးသို့ ရုတ်တရက် ကွေ့၍ ရှောင်ကာ ခွပ်တတ်သော ကြက်။
ကြက်ရှူပ် - ကြက်ခွပ်စဉ် အမျိုးမျိုးဖြင့် ပျာယာခတ်ပြီး ခွပ်တတ်သော ကြက်။
အထက်ပါ မြန်မာ့ ရိုးရာ တိုက်ကြက်အခေါ်အဝေါ်များ မကြာမီပျောက်ကွယ်သွားတော့မည်ဖြစ်၍ သုတေသီ ရှူ့ထောင့်အနေဖြင့် မှတ်တမ်းတစ်ခုဖြစ်စေရန် ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။
No comments:
Post a Comment
လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။