12/24/10

၁၉ရာစုလက်ရာ ဖိုးပေါ်ဘုရား

ရွှေဘိုကနေ မန်းလေးရောက်တဲ့ နေ့မှာဘဲ ရွှေစာရံဘုရားဘက် ခရီးဆက်တယ်။ တကယ်သွားတော့ မန်းလေးနဲ့အတော်လှမ်းသဗျ။ မေမြို့ မရောက်ခင် အကျဉ်းဦးစီးဌာန ( အကျဉ်းစခန်းဖြစ်မယ်ထင်တယ် ) မျက်နှာချင်းဆိုင်လမ်းကဝင်ရတယ်။ ဘုရားရောက်တော့ ပန္နနက်ပုံကိုလေ့လာရင်း မှန်စီလက်ရာတွေကိုသာ စိတ်ဝင်စားနေမိတယ်။ နောက်တော့ ရွှေစာရံ ဘုရားနောက်ဘက်မှာ ရှေးဟောင်းဂူဘုရားနှစ်ဆူ ကပ်လျှက်တွေ့တယ်။ ဖိုးပေါ်ဘုရား နှင့် မောင်ကုလားဘုရား။

ဖိုးပေါ်ဘုရား အခြေနေ

ထုံးစံအတိုင်း ပန္နနက်ပုံကိုလေ့လာရင်း ဓာတ်ပုံရိုက်တယ်။ အပြင်ပတ်ပတ်လယ်ကို လိုက်ကြည့်တော့ ဂူဘုရားဟာ ရာခိုင်နှုန်းအတော်များများပြင်ပြီးသားဖြစ်နေတယ်။ ရှင်းရှင်းပြောတော့ ဒါဟာ ရှေးလက်ရာမပျက်ပြင်ထားတာမျိုးမဟုတ်ပါ။ ရှိပါစေတော့ ။ အတွင်းပိုင်းမှာတော့ မူလလက်ရာတွေ ကျန်ကောင်းပါရဲ့ဆိုပြီး ဂူထဲဝင်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် မှန်းထားသမျှအရာမထင်။



ဝင်ဝင်ချင်း မုဂ်ဦးမျက်နှာကျက်အမိုးမှာ ဆေးရေးတချို့ကျန်နေသေးတာတွေ့တယ်။ ကျန်တယ်ဆိုပေမမယ့် ဂူဘုရားအတွင်းပိုင်းတစ်ခုလုံး မှာမှ ခုမြင်နေရတဲ့ ၂ ကွတ်တည်းသာ။ အတွင်းနံရံနှင့် မျက်နှာကျက်တစ်ခုလုံး အင်္ဂကိုင်ပြီး ထုံးသုတ်ပြီးဖြစ်နေပါပြီ။ အစားထိုးထားပြီးဖြစ်တဲ့ အုတ်အသစ်တွေတွေ့ရတဲ့အတွက် အတွင်းပိုင်းမှာလည်းပြုပြင်မှုလုပ်ခဲ့တယ်ဆိုတာသိသာတယ်။ ဘုရားကိုယ်ထည်ထဲ မိုးရေစိမ့်ဝင်ပြီး အတွင်းပိုင်းမျက်နှာကျက် မျက်နှာပြင်မှာရှိတဲ့ အင်္ဂတေတွေကို ကွာကျပျက်စီးစေတာဖြစ်နိုင်တယ်။ အချိန်ကြာလာတော့ အုတ်ချပ်တချို့ပါ ကွာကျသွားနိုင်တယ်၊ အင်္ဂတေပေါ်မှာ ရေးထားတဲ့ ဆေးရေးပန်းချီဟာလည်း ထို့အတူပါဘဲ။ လက်ရှိလည်း မိုးရေစိမ့်ဝင်နေပုံရတယ်။ ဘုရားပြင်တဲ့လူတွေဟာ မထူးပါဘူးဆိုပြီး အကုန်လုံးအင်္ဂတေကိုင်မပစ်တာကိုဘဲကျေးဇူးတင်ရပါမယ်။ ခုလို ချန်ခဲ့တဲ့အတွက် ဟိုတုန်းက ဒီဘုရားမှာ ဒီလိုလက်ရာ နံရံဆေးရေးပန်းချီတွေရှိခဲ့ပါလားဆိုပြီး မှတ်သားလေ့လာခွင့်ရပါမယ်။


အတွင်းပိုင်းကိုဝင်တဲ့အခါ ပိုပြီးအံအားသင့်ရတယ်။ အိမ်သုံးပစ္စည်းတချို့၊ နေရာထိုင်ခင်းအချို့ နဲ့ အပြင်ဆင်အချို့အရ ဂူဘုရားအတွင်းပိုင်းကို တစ်စုံတစ်ယောက်ကဝင်ရောက်နေထိုင်နေပုံရတယ်။
ခုလိုဂူဘုရားအတွင်းပိုင်းတစ်ခုလုံးကို မောင်ပိုင်စီးပြီး ဝင်ရောက်နေထိုင်တာဟာ နေထိုင်သူအတွက်ရော အဆောက်ဦးအတွက်ပါ အန္တရာယ်ရှိပါတယ်။ လူသူအရောက်ပေါက်များတဲ့ ရှေးဟောင်းအဆောက်ဦးဟာ လူသူအထိတွေ့နည်းတဲ့ အဆောက်ဦးထက်ပျက်စီးမှုပိုမြန်လေ့ရှိကြောင်း မှတ်သားဖူးပါတယ်။ ဥပမာ မြန်မာတို့ရဲ့ ပုဂံဟာ မြို့ပြနိုင်ငံ စတင်တည်ထောင်ကတည်းက အစဉ်အဆက်လူနေထိုင်ရာနေရာဖြစ်တာမို့ နှစ်ပေါင်း ၂၀၀ လောက်လူသူကင်းမဲ့တဲ့ နေရာမှာတိမ်မြုပ်နေပြီးမှ ပြန်ရှာတွေ့တဲ့ အန်ကောဝတ် ကျောင်းတော်ကြီးနဲ့ နှိုင်းယှဉ်တဲ့အခါ အန်ကောဝတ်ကပိုပြီး ရှေးလက်ရာကျန်တယ်။ ပထဝီဝင် အနေထား၊ ရာသီဥတုအနေထား နှင့် ဆောက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်း ( ပုဂံက အုတ်ချပ်သုံး ဗိသုကာ ၊ အန်ကောဝတ်က ကျောက်သားထု ) စတဲ့ မတူတာကို ထည့်တွက်ပြီးသားဖြစ်တယ်။
အကြောင်းကြောင်းကြောင့် အရင်ကရှိခဲ့တဲ့ ရှေးလက်ရာဆေးရေးတွေ ပျက်စီးခဲ့ပြီးပါပြီ။ သို့သော် ကျန်နေသေးတဲ့ မူလအဆောက်ဦးကို စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ပြီး ဓာတ်ပုံဟောင်း ၊ ပေစာ ၊ ပုရပိုဒ်စာဟောင်း စတဲ့မှတ်တမ်းဟောင်းတွေကိုလေ့လာပြီး ပြန်လည်ဖော်ထုတ်လို့ရနိုင်ပါသေးတယ်။ သို့သော် မူလအဆောက်ဦး မြေခပြီး အုတ်ပုံကြီးဖြစ်သွားပြီဆိုရင်ဖြင့် သက်ဆိုင်ရာကရော ၊ အနီးပါးက ရဟန်းရှင်လူတွေကပါ ပြန်လည်ဖော်ထုတ်ဖို့ စဉ်းပင်စဉ်းစားတော့မည်မဟုတ်ပါ။ ယဉ်ကျေးမှုအမြင် သမိုင်းအမြင်နှင့်ကြည့်မိတဲ့အခါ သခါင်္ရ တရားပါဘဲလေဆိုပြီး ဖြေဖို့မလွယ်တာအမှန်ဘဲ။

မလှမ်းမကမ်းက မောင်ကုလား ဂူဘုရားဟာ ဖိုးပေါ်ပေါ်ဘုရားနဲ့ ခေတ်ပြိုင်ဖြစ်ဖို့များတယ် သို့သော် ပြည်တွင်းရော ပြည်ပပါ နံမည်ကျော်တဲ့ဆေးရေးပန်းချီတချို့ကျန်ပါသေးတယ်။

4 comments:

  1. ဘာပြောရမှန်းတောင်မသိပါဘူး။ ကျွန်တော်တို့လည်းတာဝန်ရှိပါသည်ပေါ့

    မှတ်တမ်းတင်ပေးတဲ့ ဒီဘလော့ပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
    အပေါ်ကကွန့် မန်းပေးသလိုဘဲ တကယ့်ကိုတန်ဘိုးရှိလိုက်တာဗျာ-
    တကယ့်ကိုကျေးဇူးတင်မိပါတယ်။ ထပ်ပြီးထပ်ပြီးရှာဖွေစုဆောင်းပေးမှု့ ကိုလည်း
    မျှော်လင့်တောင်းတနေမိပါတယ်။ စင်္ကာပူမြို့ တွင်းဘုရားဖူးလိုက်ခဲ့ပါအုံးခင်ဗျာ
    ၁ ရက် ၁ လ ၁ နာရီမှာ တိုပါးရိုးဘုန်းကြီးကျောင်းကနေကားများစတင်ထွက်
    ပါမည်။ ဒီမှစ်မှာကား ၆ စီးစီစဉ်ထားပါတယ်။အားရင်လိုက်ခဲ့ပါနော်။ သူငယ်ချင်း
    တွေကိုလည်းပြောပြပေးပါ။ ဖုန်းလည်းဆက်လိုက်ပါအုံးမယ်။

    ReplyDelete
  3. ရှေးဟောင်းတွေ ရှာဖွေမှတ်တမ်းတင်နေတာ ကောင်းမြတ်ပါတယ်။ အမြဲလဲ အားပေးနေတယ်။ အခုလောလောဆယ် ရခိုင် မြောက်ဦးဖက်မှာ ရထားလမ်းဖောက်လို့ တချို့ ရှေးဟောင်းအမွေနှစ်တွေ မဆုံးရှုံးခင်လေး ။ မှတ်တမ်းတင်ထားရင် ကောင်းမှာပဲ

    ReplyDelete
  4. ဗီအိုအေ ကနေသတင်းမပြတ်ကြားရပါတယ်။ နောက်ဆုံးသတင်းအရ ဘင်္ဂလားဒေစ်အခြေစိုက် ရခိုင်အမျိုးသမီးအသင်းက UNHCR ကိုတိုင်ကြားတယ်လို့သိရပါတယ်။ ဓာတ်ပုံအနေနဲ့ကတော့ ပြည်တွင်း ပြည်ပ သတင်းဌာနတွေမှာတောင် မတွေ့ရပါ။ ကျနော့အနေနဲ့ ရခိုင်ဘက်ကို ဘယ်လိုမှ လက်လှမ်းမမှီဘူးဖြစ်နေပါတယ်။ အဲဒိဘက်က ဒေသခံ ဝါသနာရှင် ပညာရှင်တွေဟာ မီဒီယာအသုံးချတတ်မှုအားနည်းလို့ဘဲမှတ်ချက်ပေးချင်ပါတယ်။ မှတ်တမ်းပုံရဖို့ ဆက်လက်ကြိုးစားလျက်ပါကျေးဇူးတင်ပါတယ်။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။