လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ရှေးဟောင်းသုတေသန နှင့် ရှေးဟောင်း မြန်မာမှုလက်ရာပစ္စည်းတွေကို စပြီးလေ့လာဖြစ်တယ်။ အင်္ဂလန်၊ ပြင်သစ် ၊ ဂျာမနီ ၊ အမေရိကား စတဲ့ပြတိုက်တွေက ရှေးဟောင်း မြန်မာမှုလက်ရာပစ္စည်းတွေကို စပြီးလေ့လာစဉ်ကတည်းက မြန်မာစဥ့်ထည်တွေကို မကြာခဏတွေ့ရလေ့ရှိတယ်။ နိုင်ငံတကာက ပြတိုက်တွေမှာ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ ပဲခူး ရွှေဂူကြီးဘုရားက စဥ့်ထည်တွေအကြောင်းကတော့ဖြင့် လူပြောသူပြောများသလို လူသိလည်းများပါတယ်။
၁၅ ရာစု မွန်လက်ရာဟန် စဥ့်ထည်တွေအကြောင်းပြောတဲ့အခါ ပဲခူး ရွှေဂူကြီးဘုရားတည်ဆောက်စဉ် စေတီပတ်လည်ကို စဥ့်ထည်တွေ နှင့်အလှဆင်ထားကြောင်းဖတ်ရလေ့ရှိသော်လည်း ဘုရား ပန္နက်ပုံ အကြောင်းပြောလေ့မရှိပါ။ ပဲခူး ရွှေဂူကြီး ဘုရားကို ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပုဂံ မဟာဗောဓိ ပုံစံကိုယူထားတာဖြစ်တယ်။ အလှူရှင် ဓမ္မစေတီမင်း ကိုယ်တိုင် ပုဂံကိုသွားရောက်လေ့လာပြီးမှ သတ္တဌာန အပါဝင် မဟာဗောဓိ ပုံစံတူကို ကိုယ်တိုင်ကြီးကျပ်တည်ဆောက်စေတာဖြစ်တယ်။ တချိန်တည်းမှာဘဲ ခေတ်ပြိုင် ယိုးဒယား ချင်းမိုင်ဘုရင် တိလောကရာဇာ(၁၄၄၁-၁၄၈၉) ကလည်း မဟာဗောဓိ ပုံစံတူ (Wat Cet Yot) ကို ချင်းမိုင်မှာ တည်ဆောက်ခဲ့တယ်လို့ ပြည်ပမှတ်တမ်းတွေမှာ ဖတ်ရပါတယ်။ အမေရိကန်နိုင်ငံ မီချီဂန် တက္ကသိုလ် စာတမ်းတစ်စောင်မှာ ဘုရားတည်တဲ့ ခုနှစ်ကို ၁၄၇၉ လို့တွေ့တယ်။ ကလျာဏီသိမ်ကျောက်စာ မွန်ဘာသာ မှာတော့ ၁၄၇၉ ခုနှစ်ကို သတ္တဌာနစတင်တည်ဆောက်တဲ့ခုနှစ်အဖြစ်တွေ့ရတယ်။ ကျောက်စာကိုအတည်ယူပြီးပြောမယ်ဆိုရင် မူလ မဟာဗောဓိ ပုံစံတူ ဘုရားပြီးမြှောက်မှသာ သား သမီး ချွေးမ သမက် အမတ် တွေကို သတ္တဌာနအရံတည်ဆောက်စေတာဖြစ်လို့ မူလဘုရား ဟာ ၁၄၇၉ မတိုင်ခင်တည်ပြီးဖြစ်ဖို့များမယ်။ ပိုင်ပိုင် နိုင်နိုင်မပြောရဲသေးပါ။
ရှင်းရှင်းပြောရရင် ပဲခူးရွှေဂူကြီးအကြောင်း ဘာမှသေချာမသိပါ။ ကလျာဏီသိမ်ကျောက်စာ မွန်ဘာသာကို လေ့လာတဲ့အခါ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ ဘုရားတွေထဲမှာ ရွှေဂူကြီး ဆိုတဲ့ ဘွဲ့အမည်မပါ။ ၁၉၃၉-၄၀ ရှေးဟောင်းသုတေသနဌာနခွဲ နှစ်ချုပ်အစီရင်ခံစာထဲမှာပါတဲ့ မဟာဗောဓိကျောက်စာကို ဒီရွှေဂူကြီးဘုရားဝင်း အနောက်တောင်ထောင့်မှာတွေ့ရတယ်။ အနီးနားပတ်ဝန်းကျင်မှာတော့ သတ္တဌာန လို့ယူဆနိုင်ဆရာရှိတဲ့ မုစလိန္ဒာ စေတီအပါဝင် အပျက်စီးပုံတွေတွေ့တယ်။
ပြည်ပမှာလူပြောသူပြောများလွန်းတဲ့အတွက် ပျက်စီးပြိုကျနေတဲ့ အုတ်ပုံကြီးအဖြစ်တွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါ။ ၁၉၃၀ ပဲခူးငလျှင်ဒါဏ်ခံလိုက်ရတဲ့ သာသနိက အဆောက်အုံတွေထဲမှာ ရွှေဂူကြီးဘုရားလည်းလွတ်မယ်မထင်ပါ။ ငလျှင်ဒါဏ်ခံပြီးကတည်းက နောက်ပိုင်းဘာမှမလုပ်ဘဲ ဒီအတိုင်းပစ်ထားတယ်ထင်တာဘဲ။ မဟာဗောဓိကျောက်စာ အပါဝင်အခြားကျောက်စာတွေကို ကျောက်စာရုံငယ် ဆောက်လုပ်ပေးထားပေမယ့် မိုးကောင်းတဲ့ဒေသဖြစ်တဲ့အတွက် မိုးတော့ လုံမယ်မဟုတ်ပါ။ ကျောက်စာမျက်နှာပြင်ဟာ ရာသီဥတုဒါဏ်ကြောင့် ရေးထားတဲ့စာဟာ မပီပြင်တော့ဘဲ အချို့နေရာမှာ ခပ်ဝါးဝါးသာကျန်ပါတော့တယ်။ ပြတိုက်လိုနေရာမျိုးမှာ ရွှေ့ပြောင်းမထားနိုင်ရင်တော့ သမိုင်းဝင်ကျောက်စာဟာ ရေးထားတဲ့စာတွေပျောက်ပြီး သာမန်ကျောက်ပြား အကြီးစားတစ်ခုအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ကျောက်စာပါ မှတ်တမ်းစာတွေဟာ ပုံနှိပ်စာအုပ်အဖြစ်ရှိပြီးဖြစ်ပေမယ့် သုတေသန မူလရင်းမြစ် ( Primary Source ) အဖြစ် အင်မတန်အရေးပါပါတယ်။
ရွှေဂူကြီးကျောက်စာရုံထဲမှာ ထိန်းသိမ်းထားတဲ့ အရွယ်စားကြီးမားတဲ့ မြန်မာကျောက်စာတိုင်တွေ အပါဝင် အင်္ဂလိပ် ၊ ပြင်သစ် ၊ ပေါ်တူကီဘာသာ ကျောက်စာတချို့တွေ့တယ်။ ဘုရားခေါင်းကျိုး ၃-၄ ခုတွေ့တယ်။ သစ်သားလှေနှစ်စင်းတွေ့တယ်။ စိတ်ဝင်စားစရာဖြစ်ပေမယ့် အချိန်မလောက်တာကတစ်ကြောင်း ၊ ကျောက်စာရုံသော့ကိုင်ကို အနီးနားမှာရှာမရတာကတစ်ကြောင်း လေ့လာဖို့အခွင့်မသာခဲ့ပါ။
ပဲခူး ရွှေဂူကြီးဘုရား ပန္နက်ပုံ ရှေးမှတ်တမ်းနှင့် ဓာတ်ပုံတွေရှိရင် ဝေမျှကြပါဦး။
နှမြောစရာကောင်းတာက ပြုပြင်ထိန်းသိမ်းမှု နည်းတယ်နော်..
ReplyDeleteပဲခူးသူမို့ စာလာဖတ်ပါတယ်ရှင်။ မှတ်တမ်းများ ဖတ်ခွင့်ရလို့ ကျေးဇူးပါနော်။
ReplyDeleteဖတ်ရတာအကျိုးရှိပါတယ်ကျေးဇူးတင်းပါတယ်ဒေါက်တာ
ReplyDeleteကျွန်တော် ဒေါက်တာမဟုတ်ပါဘူးခင်ဗျ။ ကျွန်တော့ ဘလော့ဂါ ပရိုဖိုင်း မှာလည်းကြည့်လို့ရပါတယ်။ ဒေါက်တာသန်းထွန်းပုံတင်ထားလို့ အမှတ်မှားတယ်ထင်တာဘဲ။ ဒေါက်တာသန်းထွန်းကို ပညာရှင်တစ်ယောက်အနေနှင့်လေးစားတာရယ် ၊ သူလုပ်ခဲ့တဲ့ သုတေသနတွေကို တန်ဖိုးထားတာရယ် ၊ သူလုပ်ခဲ့တဲ့ လမ်းစဉ်အတိုင်း လိုက်လုပ်ဖို့ မဟုတ်တာ မမှန်တာ တွေလျှောက်မရေးမိဖို့ ကိုယ့်ကိုကိုယ် သတိပေးလိုတာရယ် ကြောင့်ဘလော့မှာတင်ထားတာပါ။
ReplyDeleteအမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သက်သေနဲ့တကွ လက်လှမ်းမှီသမျှ ဖော်ထုတ်စောင့်ရှောက်နေတဲ့ အတွက် သမိုင်းအတွက် အဖိုးတန်တဲ့မှတ်တမ်းတွေ ဖြစ်သလို မြန်မာနိုင်ငံကြီးအတွက်
ReplyDeleteတစ်ထောင့်တစ်နေရာက အကျိုးပြု ဆောင်ရွက်နေတဲ့ စိတ်ဓါတ်ကို ရင်ထဲက မြတ်မြတ်နိုးနိုးလေးစားပါတယ်ခင်ဗျာ.
ဒီထက်မက တိမ်မြုပ်နေတဲ့၊ ပျက်စီး ပျောက်ကွယ်လုနီး ဖြစ်နေတဲ့ မြန်မာ့သမိုင်း အဖိုးတန် အဆောက်ဦး၊ရှေးဟောင်းလက်ရာ အမွေအနှစ်တွေကို
ထပ်မံ စောင့်ရှောက်၊ထိန်းသီမ်း
ရှာဖွေ ဖော်ထုတ်နိုင်အောင် ဆန္ဒပြုပါတယ်။