7/26/10

မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ

စာရေးဆရာကြီး မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ စာအုပ်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ မြန်မာကျူးပစ်က ရလာတယ်ထင်တာဘဲ။ http://www.mediafire.com/?78omx5r074motz9

7/25/10

မ္လယ်တာ ( ဝါဆို )

မြန်မာ ပြက္ခဒိန်ရဲ့ စတုတ္တမြောက်လဟာ ဝါဆို လဖြစ်တယ်။ ပုဂံခေတ်ကျောက်စာတွေမှာတော့ ' မ္လယ်တာ' ဆိုပြီး ရေးလေ့ရှိတယ်။ ဒီလနှင့်ပတ်သက်ပြီး မတူခြားနားတဲ့ အယူဆသုံးမျိုးတွေ့ရပါတယ်။

၁။ မ္လယ်တာ သည် ပါဠိစကား " မလွယ်တာ" ကနေဆင်းသက်တယ်။ ' မလွယ်' ရဲ့ အဓိပ္ပာယ်က မာလောနွယ် ဖြစ်ပြီး 'တာ' ရဲ့အနက်က တွယ်တက်/တွယ်တာ ဖြစ်တယ်။ ဒါကြောင့် မ္လယ်တာ ( ဝါဆို ) ဆိုတာ မာလောနွယ်တို့ တွယ်တက်သောလ ဖြစ်တယ်လို့ဆိုတယ်။ မှန်မယ်မထင်ပါ။ ရှေ့လဖြစ်တဲ့ နံယုန်လမှာ မိုးအနည်းငယ်ရွာခဲ့ပြီးဖြစ်တာမို့ မာလောနွယ် တင်မကပါဘူး ရှိရှိသမျှ နွယ်ပင်တွေပါ နီစပ်ရာကို တွယ်တက်ကြမှာပါဘဲ။ နောက်ပြီး မာလောနွယ်အကြောင်းရေးထားတဲ့ မှတ်တမ်း၊ ကျောက်စာမတွေ့ရပါ။ ၁၉၆၂ ခုနှစ် နိုဝင်ဘာမှာ ပုဂံ ဦးချစ်စ ယာကုန်းကတူးဖော်ရရှိတဲ့ မြေပုံဘုရားတွေမှာ ပုဂံခေတ်က အရေးပါတယ်လို့ ထင်ရတဲ့ အပင်ပေါင်း ၅၃ ပင်ရဲ့အမည်တွေရေးထားတယ်။ ' မာလောနွယ် ' မပါ။ ဒါကြောင့် မ္လယ်တာ ( ဝါဆို ) ဆိုတာ မာလောနွယ်တို့ တွယ်တက်သောလလို့ေ ပြာတာ မှန်မယ်မထင်ပါ။



၂။ မ္လယ်တာ ရဲ့ တိုက်ရိုက်အဓိပ္ပာယ် ဟာ ' မြေတာ ' ဖြစ်တယ်။ မ္လယ် ရဲ့အနက်က ' မြယ် > မြေ ဖြစ်ပြီး ' တာ' ကတော့ ' တိုင်းတာ ' ခြင်းကိုဆိုလိုတာပါ။ ဒါကြောင့် လယ်မြေကို တိုင်းတာသောလ( ဝါဆိုလ ) ဖြစ်တယ်လို့ ဆိုပါတယ်။ ပျိုးပင် တွေကို ပြောင်းစိုက်ဖို့ ရာ ထွန်ယက်ထားတဲ့ လယ်မြေကိုတိုင်းတာမှုတွေလုပ်ကြတဲ့အချိန်ကာလ ဖြစ်တယ်လို့ ဆိုလိုဟန်ရှိတယ်။ မိုးရွာပြီး လယ်ကွက်ထဲကျန်နေတဲ့ ရေ တွေအပြင်ကို စီးထွက်မသွားစေဖို့ ရာ ' တာဘောင်' (ကန်သင်း) ဖော်ရတဲ့အချိန်ကာလလို့ ယူဆရင်လည်း ဖြစ်နိုင်ပါတယ်။

စူဋ္ဌာမုဏိ ( ၇၄၈/၃၆၄) ရှိ အင်းဝခေတ်ဟန် နံရံဆေးရေးပန်းချီ
Photo by Detengase @ flickr.com

၃။ ဝါဆိုလဟူသည် သံဃာတော်တို့ မိမိတို့ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင်သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလဟုခေါ်သည်။ မြတ်စွာဘုရားလက်ထက် ဘိက္ခု ဘိက္ခုနီမတို့ဟာခုလို မိုးရာသီအခါမျိုးမှာ အရပ်တပါးကို ခရီးထွက်ရာမှာ လူတွေစိုက်ပျိုးထားတဲ့အပင်တွေအပါဝင် စိမ်းစိုနေတဲ့ အပင်တွေပျက်ဆီး ရသလို အဲဒိအပင်တွေမှာ တွယ်ကပ်နေတဲ့ ပိုးမွားတို့ကို ဖျက်ဆီး သေကျေစေတယ်လို့ ဝေဖန်ပြောဆိုတယ်။ ဒါကိုအကြောင်းပြုပြီး ဘိက္ခု ဘိက္ခုနီမ အပါဝင် သံဃာသည်မိုးတွင်း ၌ ဒေသစာရီ လှည့်လယ်သွားလာလျှင် ပါစိတ် အာပတ်သင့်၏ ဆိုပြီး တားမျက်ပါတယ်။ ဒါကြောင့်' ဣမသိံ္မ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ ' ဟူ၍ ရွတ်ဆိုပြီး မိုးတွင်းသုံးလပတ်လုံး ကျောင်းအရပ်မှမခွါဘဲ သီတင်းသုံးပါမည်ဟု အဓိဋ္ဌာန်ပြုရသည်။
( မောင်ထင် ၊ ဆယ့်နှစ်လရာသီ )

မ္လယ်တာကို ဘယ်တုန်းကစပြီး ဝါဆိုလို့ ခေါ်သလဲဆိုတာမပြောတတ်ပါ။ ပုဂံခေတ်ကျောက်စာတွေမှာ ဒီလိုအခါသမယမျိုးကို ဝါဆိုလလို့မရေးဘဲ ' မ္လယ်တာ ' လို့ရေးလေ့ရှိတယ်။ သီဟိုဠ် ကနေ ဗုဒ္ဓကျမ်းဂန်တွေအများဆုံးရောက်ရှိခဲ့တဲ့ ' အဝ (အင်းဝ) ' ခေတ်ဖြစ်မယ်လို့ ထင်တယ်။




လက်သစ် ပုဂံ
Photo by Bodhi @ flickr.com

စာရေးဆရာကြီး မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ စာအုပ်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ မြန်မာကျူးပစ်က ရလာတယ်ထင်တာဘဲ။ http://www.mediafire.com/?78omx5r074motz9

7/19/10

အာဇာနည်နေ့

အာဇာနည်နေ့ အထိမ်းမှတ် အဖြစ်တင်မယ်လို့စိတ်ကူးပြီး သိမ်းထားခဲ့ပါတယ်။ ဒီပုံကို ဘယ်နေရာက ရခဲ့မှန်း မမှတ်မိတော့ပါ။

6/13/10

" ပုဂံကို ထုံးသုတ်ကြသူများ "

' ပုဂံကိုဖျက် ဆီးကြသူများ ' ပိုစ် နောက်ဆက်တွဲ စာတိုလေးကို ဟို တလောလေးကဘဲ ပုံနှင့်တွဲတင်ခဲ့တယ်။ သဒ္ဒါမမှန်သလို စာလုံးပေါင်းသတ်ပုံပါ မှားနေတဲ့အတွက် အမည်မဖော်လိုသူက အမှန်ပြင်ဖို့ ကွန်မန့် ပေးသွားတယ်။ မှားလို့ ပြင်ပေးသွားတဲ့ စေတနာကို လေးစားပါတယ်။

ခုချိန်မှာ နောင်တအရဆုံးအရာကိုပြောပါဆိုရင် မြန်မာစာ နှင့် ပါဠိစာတွေ ကိုစိတ်ဝင်တစားမသင်ယူခဲ့တာဘဲပြောရမယ်။ သုံးကြောင်းလောက်သာပါတဲ့ စာတိုလေးဖြစ်လာဖို့ ၂ နာရီ ကြာတဲ့အခါလည်းရှိတယ်။ စာတစ်ပိုဒ်လောက်ရဖို့ ၂
ရက်ကနေ ၃ ရက်ထိကြာတာလည်းရှိတယ်။ ကိုယ်ရေးတဲ့စာက စာလုံး ပေါင်းသတ်ပုံမှားရုံမကဘူး သဒ္ဒါပါ မမှန်ဖြစ်နေတယ်။ စာကောင်းကောင်းမရေးတတ်ဘူးလို့ ကျွန်တော်က ပြန်ဖြေတဲ့အခါ ' ဘု ' တောတာမဟုတ်ပါ။

ဘုရားတွေကို ' ထုံး ' သုတ်တဲ့အလေ့ထ ဘယ်တုန်းကပေါ်လာတယ်ဆိုတာ မပြောတတ်ပါ။ ဂူဘုရားနံရံကို ထုံးသုတ်တာ ပုဂံခေတ်နှောင်းကပဲ စခဲ့မယ်ထင်ပါတယ်။ ဒါပေမယ့်ဒီအကျင့်ကို အင်အားအပြည့် နဲ့ ပြန် လည်ဖော်ထုတ်တာကတော့ ပဒုံမင်း ( ၁၇၈၂-၁၉၁၉ )ဖြစ်တယ်။ ( သန်းထွန်း၊ ပုဂံလက်သစ် ) ဘာကြောင့်သုတ်တယ် ဆိုတာ နှင့် ဘယ်သူတွေသုတ်လည်းဆိုရင်တော့ နည်းနည်းပြောလို့ ရမယ်။ ထုံးသုတ်တာကို ရှေးတုန်းကတော့ " ထုံး ပွတ် " ( ထုံးဖွပ် )တယ် လို့ ပြောတယ်။ ထုံးသင်္ဃန်း ကပ်တယ်လို့ ပြောတာလည်းရှိတယ်။

အလှူရှင်က ဘုရားတည်၊ ကျောင်းဆောက် ပြီးလှူဒါန်းတဲ့ အချိန်မှာ ရွှေတပြောင်ပြောင်ဖြစ်နေပါလိမ့်မယ်။ ဒါပေသိ အချိန်ကြာလာတာနှင့်အမျှ ရာသီဥတုဒါဏ်ခံရတဲ့အခါ ဟိုအရင်ကလို ပြောင်ပြောင်ရောင်ရောင်ရှိတော့မယ် မဟုတ်ပါ။ ရေညှိတွေတက်ချင် တက်နေမယ်၊ အကြောင်းအမျိုးမျိုးကြောင့် အစွန်ထင်းတွေပေကျန်နေတာမျိုးဖြစ်နေမယ်။ ရောင်တွေမှေးမှိန်နေမယ်။ ဒီလိုဖြစ်နေတာအမြင်မတင့်တယ်ဘူး စဉ်းစားမိမယ်။ ဟိုအရင်ကလို အသစ်အတိုင်း ပြန်လုပ်ဖို့ ရာ ငွေကုန်ကြေးကျများမယ်။ ဒီတော့ ဉာဏ်ကောင်းတဲ့ လူတချို့ က အလွယ်ဆုံးဖြေရှင်းတဲ့အနေနှင့် " ထုံးသုတ်" လိုက်တာဖြစ်မယ်။

အဲလို ထုံးသုတ်တဲ့လူတွေထဲမှာ ရှေးအခါကတော့ " မင်း " တွေလည်းပါတယ်။ ရဟန်းတွေလည်းပါတယ်။ လူတွေလည်းပါတယ်။ ထုံးသုတ်ထားတဲ့ ဘုရားစေတီဟာ ဖွေးဖွေးဖြူဖြစ်နေလို့ ကြည့်ကောင်းသလိုရှိမယ်။ ထင်သာမြင်သာရှိမယ်။ ဒီလိုနှင့် ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား ဟာ ထုံးဖွေးဖွေး တောင်ပေါ်ကဘုရား ဖြစ်လာတယ်။


အသစ်ဆောက်လုပ်တည်ထားကိုးကွယ်တဲ့ ဘုရားစေတီတွေရဲ့ အပြင်ပိုင်းကို ထုံးသုတ်တာကို ဘာမှမပြောလိုတော့ပါ။ ဒါပေသိ ရှေးဟောင်းဘုရား ၊ သမိုင်းဝင်ဘုရား ၊ ပုထိုး စတာတွေကို အပြင်ပိုင်းကိုရော အတွင်းပိုင်းကိုပါ ' ထုံးသုတ် ' တာနည်းနည်းလေးမှမကောင်းပါ။ အဲလို ဘုရား ပုထိုးတွေကို ထုံးမသုတ်ဖို့ လူကြီးတွေစပြောလာတာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းကဖြစ်တယ်။ ဒကာတွေရယ် ၊ ဂေါပက နှင့် ရဟန်း တချို့ ကတော့ ခုချိန်ထိ လုပ်နေတုန်းပါ။

အဝခေတ်က ဥရောပတိုက်သားပုံကို တံတားဦးကဂူနံရံတစ်ခုမှာလည်း အရင် ၁၉၅၇ ခုနှစ်လောက်ကတွေ့ဖူးပါတယ်။ ခုတော့ ဒကာတစ်ယောက်က ပြုပြင်မွမ်းမံချင်တယ်ဆိုပြီး နံရံကို ထုံးသုတ်လိုက်လို့ ရုပ်ပုံတွေမရှိတော့ပါ။ ( သန်းထွန်း၊ သမိုင်းထဲက ဒီဇိုင်း၊ စာ ၆၂ ကြည့်) ။ အခြား မြန်မာပြည်အရပ်ရပ်ကဘုရားပုထိုးတွေကိုမပြောတတ်ပါ။ ပုဂံက ဘုရားပုထိုးတွေကို ထုံးသုတ်တာကိုတော့ ပုံအထောက်ထားနှင့်ပြောနိုင်တယ်။

ပုဂံကို ပထမဆုံးအခေါက်ရောက်တဲ့ ၂၀၀၄ ကတည်းက သဗ္ဗညုဘုရားအတွင်းပိုင်းက နံရံဆေးရေးပန်းချီတွေပေါ် ထုံးသုတ်တာ ကိုယ်တိုင်မြင်ခဲ့ရတယ်။ ဘယ်သူတွေက ထုံးသုတ်ခိုင်းလဲမေးတော့ ဘုရားလူကြီးတွေ လို့ပြန်ဖြေတယ်။ ၂၀၀၅ နှင့် ၂၀၀၈ မှာထပ်ရောက်တော့လည်း ထုံးသုတ်ခံရတဲ့ ဘုရားတွေမနည်းမနောမြင်ခဲ့ရတယ်။ ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ ပုဂံမှာ တာဝန်ကျတဲ့ ရှေးဟောင်းသုတေသန ဌာနခွဲ တာဝင်ရှိ ပုဂ္ဂိုလ်တွေကလည်း ရှေးလက်ရာတွေကို ထုံးသုတ်တဲ့ ကိစ္စဟာအရေးမကြီးလေဟန် ကြပ်မတ်မှုမရှိပါ။ ဂေါပကတွေ လုပ်ချင်ရာလုပ်ကြဆိုပြီး ပစ်ထားသလားမသိပါ။ ဂျာနယ်လစ်တွေဝိုင်းရေးကြရင်ကောင်းမယ်လို့ တော့စဉ်းစားမိတယ်။

လူတချို့ က ထုံးမသုတ်သော်လည်းဘဲ စာတွေရေးထားခဲ့တယ်။ ဘယ်သူ က ဘယ်တုန်းက ဒီကိုရောက်တယ်ဆိုပြီးမှတ်တမ်းတင်ပါတယ်။ ဘယ်သူက ဘယ်သူ့ ကို ချစ်တယ် ၊ လွမ်းတယ်ဆိုတာမျိုးတွေလည်းရေးလို့ ရေးရဲ့ ။ တချို့ က အလကားသက်သက် ပေါက်ကရလေးဆယ် ရေးတယ်။ အဲလိုရေးတဲ့လူတွေထဲမှာ နိုင်ငံခြားသားတွေလည်းပါတယ်။ အများစုကမြန်မာတွေသာဖြစ်တယ်။

တချို့ ပန်ချီပညာရှင်တွေက အရုပ်တွေရေးခဲ့တာလည်းရှိတယ်။ ပုံတူတွေဆွဲခဲ့တာလည်းရှိတယ်။ နံရံဆေးရေးပန်းချီ ပုံဟောင်းကိုဖျက်ပြီး ပုံသစ်ဆွဲခဲ့တာလည်းရှိတယ်။ ပုံဟောင်းပေါ်ထပ်ပြီး အပိုထည့်ပြီးဆွဲခဲ့တာလည်းရှိတယ်။ အဟောင်းကို ထုံးသုတ်ပြီး အသစ်ဆွဲတာလည်းရှိတယ်။ အဲလိုလုပ်တဲ့သူတွေကို ကြည့်ရင် အံ့ဩစရာကောင်းတာက သဒ္ဒါတရားသိပ်ကောင်းတဲ့ ဒကာတွေပါသလို ရဟန်းတွေလည်းပါတယ်။ဘုရားဖူးတွေပါသလို ဘုရားနားနေပြီး အသက်မွေးကြောင်းပြုနေတဲ့လူတွေလည်းပါတယ်။ ဘာကြောင့်ရေးရေး ၊ ဘာအတွက်ရေးရေး ဒါဟာ သူတပါးအလှူ ၊ ဘုရားပစ္စည်း ၊ ရှေးပစ္စည်း ၊ သမိုင်းဝင်သက်သေအထောက်ထား စတာတွေကို ဖျက်ဆီးတာဖြစ်လို့ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်။

အာနန္ဒာ (၂၁၇၁/၁၄၆၅)ဘုရားကို ကျန်စစ်သားတည်တယ်၊ ခရစ်နှစ် ၁၁၀၅ခုနှစ်လောက်ကဖြစ်မယ်(လု့စ် ၁၉၇၀၊ ၁၃၆၊၃၅၇)။ ပစ္စယံအားလုံး (မြေပေါ်အောက်ဆုံးအရစ်) ကစပြီး ထိပ် ကွမ်းတောင် ပန်းတောင်အထိ စဥ့်ရောင်စုံအချပ်တွေ စီပြီးကပ်ထားတယ်။ အခုတော့ ထုံးဖွပ်ထားလို့ ကောင်းကောင်းမမြင်သာတော့ပါ။ ( သန်းထွန်း၊ သမိုင်းထဲက ဒီဇိုင်း၊ စာ ၁၀၀ ကြည့်) ။
စေတီပုထိုး အတွင်း၊အပြင်ကို ထုံးသုတ်ရုံတင်မကတော့ပါ။ ထိပ်ပိုင်းအထိတက်ပြီး သုတ်တယ်။ စဥ့်ထည်ပစ္စည်းမကလို့ ဘာဖြစ်ဖြစ် ဂရုစိုက်မယ့်ပုံမပေါ်။


ထုံးသုတ်ခံပြီး ရှေးဟောင်း နံရံဆေးရေးပန်းချီတွေ အပါဝင် အနုပညာပစ္စည်းတွေ ဖျက်ဆီးခံရတဲ့ ဘုရားပုထိုးတွေထဲမှာ အထင်ကရတွေလည်းအများကြီးပါတာတွေ့ ရတယ်။ စာရင်းလုပ်ထားတာကြည့်ပါ။

၁။ အာနန္ဒာ (၂၁၇၁/၁၄၆၅)
၂။ သဗ္ဗညုဘုရား ( ၁၅၉၇/၉၀၆)
၃။ အပယ်ရတနာ
၎။ ဥပါလိသိမ်
၅။ စူဋ္ဌာမုဏိ ( ၇၄၈/၃၆၄)
၆။ နဘဲတောဘုရား ( ၃၅၉/၂၁၈)
၇။ နွားပြဂူ
၈။ သက်တော်ရဘုရား ( ၆၀/၄၆ )
၉။ မင်းနန်သူ
၁၀။ လေးမျက်နှာ

တခြားနေရာတွေ ၊ ဘုရားပုထိုးတွေကိုလည်း ထုံးသုတ်ကြမှာပါဘဲ။ မထင်မှတ်ဘဲ သိရတာက အထင်ကရဘုရားတွေဖြစ်တဲ့ အာနန္ဒာ နှင့် သဗ္ဗညုဘုရား ဟာအကြိမ်အများဆုံး ' ထုံးသုတ်ခံရတဲ့ ဘုရားတွေဖြစ်နေပါတယ်။

မြတ်စွာဘုရား ဗောဓိပင် နှင့် ရွှေပလ္လင် အောင်ပြီး သဗ္ဗေညုတဉာဏ် မရအောင် မာန်နတ်မင်းက အင်မတန်ကြောက်စရာကောင်းတဲ့ ဘီလူး စစ်သည်တော်တွေလွတ်ပြီး ခြိမ်းခြောက်နှောင့်ယှက်ပါတယ်။ ဒေါက်တာသန်းထွန်းကတော့ ခုလို တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးလက်ရာတွေကို ပျက်ဆီးစေတဲ့ ဒကာတွေဟာလည်း မာန်နတ်မင်းရဲ့အပေါင်းပါ မကောင်းဆိုးဝါး ဘီလူးတွေပါဘဲလို့ ပြောတယ်။

ပုဂံခေတ်က တချို့ ဘုရားပုထိုးအလှူရှင်တွေဟာ မိမိတို့ ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ဖျက်ဆီးမခံရအောင်ရည်ရွယ်ပြီး ' ကျိန်စာ ' တွေထားခဲ့ပါတယ်။ အလွယ်ပြောရရင် ကျိန်စာတိုက်ထားခဲ့တာပါဘဲ။ မိမိပြုထားတဲ့ ကောင်းမှူ့ ကို ဖျက်ဆီးတဲ့လူတွေဟာ ဘေးဒုက္ခအမျိုးမျိုးကြုံရပါစေ ၊ ငရဲ ကျပါစေ ၊ လူဖြစ်သော်ညားလည်းဘဲ ဆင်းရဲဒုက္ခပေါင်းစုံတွေ့ ပါစေဆိုပြီး ကျိန်လေ့ရှိတယ်။ အလှူရှင်ရဲ့စိတ်ထားနှင့် ကျောက်စာမှတ်တမ်းတင်သူတွေအပေါ်မှာ မူတည်ပြီး ကျိန်စာတိုက်ပုံမတူပါ။ တူတာတစ်ခုကတော့ မိမိပြုထားတဲ့ ကောင်းမှူ့ ကို ဖျက်ဆီးတဲ့လူ ( မထင်မှတ်ဘဲ ဖြစ်ဖြစ် ၊ မသိလို့ ဘဲဖြစ်ဖြစ် ပျက်ဆီးစေတဲ့သူတွေလည်း ပါမယ်လို့ ထင်တယ် ) တွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောက်ဆုံးဖြစ်တဲ့ နောင်ပွင့်မယ့် ' အရိမေတ္တေိယျ ဘုရား မဖူးရပါစေ' တဲ့ ။


ထုံးသုတ်ပြီးဖြစ်တဲ့ ပုဂံတစ်နေရာ။
Photo by Netdance, www.flickr.com


ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com





ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com


ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပလ္လင် နှင့် နံရံခြေရင်း။
Photo by Marc Aurel, www.flickr.com



ဖွေးဖွေးဖြူအောင် ထုံးသုတ်ပြီးဖြစ်တဲ့ ပုဂံကတစ်နေရာ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်မခံရခင်က နံရံ နှင့် မျက်နှာကျက်ပေါ်မှာ ဒီလို နှစ်ပေါင်းထောင်ချီကြာပြီးဖြစ်တဲ့ အဖိုး
တန် ဆေးရေးပန်းချီ အနုပညာလက်ရာ တွေရှိခဲ့မှာပါ။
Photo by Marc Aurel, www.flickr.com


အပြင်ဘက်ပြီးရင် အတွင်းပိုင်းကို ဆက်သုတ်ကြမလားမသိပါ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်မခံရခင်က နံရံ နှင့် မျက်နှာကျက်ပေါ်မှာ ဒီလို နှစ်ပေါင်းထောင်ချီကြာပြီးဖြစ်တဲ့ အဖိုး
တန် ဆေးရေးပန်းချီ အနုပညာလက်ရာ တွေရှိခဲ့မှာပါ။
Photo by Marc Aurel, www.flickr.com



ထုံးသုတ်ခံရပြီးဖြစ်တဲ့ ပုဂံဘုရားအတွင်းပိုင်းတစ်နေရာ။
Photo by Marc Aurel, www.flickr.com



ပုဂံတစ်နေရာ။
Photo by Marc Aurel, www.flickr.com

6/8/10

ပဲခူး ရွှေဂူကြီးဘုရားက စဥ့်ကွင်း ရုပ်ပြား


အမျိုးအစား - စဥ့်ကွင်း ရုပ်ပြား
အချိန်ကာလ - ၁၅ ရာစုနှောင်းပိုင်း
တွေ့ရှိရာနေရာ - ပဲခူး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှင့်စေးကိုအုတ်ရအောင်အရင်ဖုတ်၊ ရုပ်ပုံဖော် ၊ စဥ့်ရည်သုတ် လို့အလွယ်ရှင်းပါရစေ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။
ပြတိုက်ပစ္စည်း အမှတ် - IS. 2-1966
Cyril Newman ဆိုသူက ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ကိုလှူဒါန်းခဲ့တာဖြစ်တယ်။
အရွယ်အစား
အမြင့် - ၄၈ စင်တီမီတာ
အကျယ် - ၃၅ စင်တီမီတာ
ထုအထူ - ၁၄ စင်တီမီတာ။
ပဲခူး ရွှေဂူကြီး စေတီဟာ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ စေတီတွေထဲက တစ်ဆူအပါဝင်ဖြစ်တယ်။ ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရာသိပ်ကောင်းတဲ့ ဇာတ်နိပါတ်တော်ပုံပါ စဥ့်ကွင်းတွေနှင့် စေတီပတ်လည်ကိုအလှဆင်ထားပါတယ်။ ဒီစဥ့်ကွင်းမှာမြင်နေရတဲ့ အရုပ်နှစ်ခုဟာ သဗ္ဗေညုတညဏ် မရအောင် ဘုရားရှင်ကိုခြိမ်းခြောက်နှောင့်ယှက်ရာမှာပါတဲ့ လူ့ခန္ဓာကိုယ် နှင့် ဇီးကွက်ခေါင်းပါ မာန်နတ်မင်းရဲ့စစ်သည်တော်တွေထဲက နှစ်ဦးကိုရည်ရွယ်ပါတယ်။ဓားရှည်ကိုင်ထားတဲ့ လူ့ခန္ဓာကိုယ်မှာ ဇီးကွက်ခေါင်းတပ်ပေးထားပြီး ကြောက်စရာကောင်းတဲ့ သတ္တဝါအဖြစ်ပုံဖော်ထားတယ်။
အခုမြင်နေရတဲ့ စဥ့်ကွင်းနှင့် လက်ရာတူ စဥ့်ကွင်းတွေ ရန်ကုန် " ဖယ်ရာ " ပြတိုက်မှာ တွေ့မြင်ခဲ့ရကြောင်း Oertel ဆိုသူ နိုင်ငံခြားသားတစ်ဦးရဲ့ ၁၈၉၃ ထုတ်ခရီးသွားမှတ်တမ်း ( "Note of a tour in Burma in March and April 1892" by Oertel, ) မှာဖော်ပြထားတယ်။
အလားတူ စဥ့်ကွင်းလက်ရာ တစ်ခုကို ဗြိတိန် ပြတိုက် ( British Musem )မှာပြသထားပါသေးတယ်။ အဲဒိ စဥ့်ကွင်းလက်ရာအကြောင်း အသေးစိတ်ကို "Notes on Antiquities in Ramamadesa" by Sir Richard Camac Temple (in Indian Antiquary, 1893 Dec. Vol XII) မှတ်တမ်းတင်ထားတယ်။
Richard Temple ဆိုသူ " Pitt Rivers Museum, Oxford "ကို လှူဒါန်းခဲ့တဲ့ စဥ့်ကွင်းတွေနှင့်လည်းလက်ရာတူဖြစ်တယ်။ ခုလက်ရှိ Pitt Rivers Museum, Oxford မှာဘဲပြထားတယ်။
အားလုံးချုံပြီးပြောရရင် အဲဒိ စဥ့်ကွင်း အားလုံးဟာ ၁၅ ရာစုလက်ရာ ဓမ္မစေတီမင်း ( ၁၄၇၂ - ၁၄၉၂ ) ကောင်းမှု့ ပဲခူး ရွှေဂူကြီးဘုရားက အကြောင်းကြောင်းကြောင့် ပျောက်ပျက် သွားတဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်တယ်။