6/8/10

ပဲခူး ရွှေဂူကြီးဘုရားက စဥ့်ကွင်း ရုပ်ပြား


အမျိုးအစား - စဥ့်ကွင်း ရုပ်ပြား
အချိန်ကာလ - ၁၅ ရာစုနှောင်းပိုင်း
တွေ့ရှိရာနေရာ - ပဲခူး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - ရွှင့်စေးကိုအုတ်ရအောင်အရင်ဖုတ်၊ ရုပ်ပုံဖော် ၊ စဥ့်ရည်သုတ် လို့အလွယ်ရှင်းပါရစေ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။
ပြတိုက်ပစ္စည်း အမှတ် - IS. 2-1966
Cyril Newman ဆိုသူက ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ကိုလှူဒါန်းခဲ့တာဖြစ်တယ်။
အရွယ်အစား
အမြင့် - ၄၈ စင်တီမီတာ
အကျယ် - ၃၅ စင်တီမီတာ
ထုအထူ - ၁၄ စင်တီမီတာ။
ပဲခူး ရွှေဂူကြီး စေတီဟာ ဓမ္မစေတီမင်း (၁၄၇၂-၁၄၉၂ ) ကောင်းမှု့ စေတီတွေထဲက တစ်ဆူအပါဝင်ဖြစ်တယ်။ ၁၄၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရာသိပ်ကောင်းတဲ့ ဇာတ်နိပါတ်တော်ပုံပါ စဥ့်ကွင်းတွေနှင့် စေတီပတ်လည်ကိုအလှဆင်ထားပါတယ်။ ဒီစဥ့်ကွင်းမှာမြင်နေရတဲ့ အရုပ်နှစ်ခုဟာ သဗ္ဗေညုတညဏ် မရအောင် ဘုရားရှင်ကိုခြိမ်းခြောက်နှောင့်ယှက်ရာမှာပါတဲ့ လူ့ခန္ဓာကိုယ် နှင့် ဇီးကွက်ခေါင်းပါ မာန်နတ်မင်းရဲ့စစ်သည်တော်တွေထဲက နှစ်ဦးကိုရည်ရွယ်ပါတယ်။ဓားရှည်ကိုင်ထားတဲ့ လူ့ခန္ဓာကိုယ်မှာ ဇီးကွက်ခေါင်းတပ်ပေးထားပြီး ကြောက်စရာကောင်းတဲ့ သတ္တဝါအဖြစ်ပုံဖော်ထားတယ်။
အခုမြင်နေရတဲ့ စဥ့်ကွင်းနှင့် လက်ရာတူ စဥ့်ကွင်းတွေ ရန်ကုန် " ဖယ်ရာ " ပြတိုက်မှာ တွေ့မြင်ခဲ့ရကြောင်း Oertel ဆိုသူ နိုင်ငံခြားသားတစ်ဦးရဲ့ ၁၈၉၃ ထုတ်ခရီးသွားမှတ်တမ်း ( "Note of a tour in Burma in March and April 1892" by Oertel, ) မှာဖော်ပြထားတယ်။
အလားတူ စဥ့်ကွင်းလက်ရာ တစ်ခုကို ဗြိတိန် ပြတိုက် ( British Musem )မှာပြသထားပါသေးတယ်။ အဲဒိ စဥ့်ကွင်းလက်ရာအကြောင်း အသေးစိတ်ကို "Notes on Antiquities in Ramamadesa" by Sir Richard Camac Temple (in Indian Antiquary, 1893 Dec. Vol XII) မှတ်တမ်းတင်ထားတယ်။
Richard Temple ဆိုသူ " Pitt Rivers Museum, Oxford "ကို လှူဒါန်းခဲ့တဲ့ စဥ့်ကွင်းတွေနှင့်လည်းလက်ရာတူဖြစ်တယ်။ ခုလက်ရှိ Pitt Rivers Museum, Oxford မှာဘဲပြထားတယ်။
အားလုံးချုံပြီးပြောရရင် အဲဒိ စဥ့်ကွင်း အားလုံးဟာ ၁၅ ရာစုလက်ရာ ဓမ္မစေတီမင်း ( ၁၄၇၂ - ၁၄၉၂ ) ကောင်းမှု့ ပဲခူး ရွှေဂူကြီးဘုရားက အကြောင်းကြောင်းကြောင့် ပျောက်ပျက် သွားတဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်တယ်။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။