4/15/12

ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး

လူတိုင်းပြောနေကြတဲ့ ပုဂံသူရဲကောင်း လေးယောက်ဖြစ်တဲ့ ကျန်စစ်သား၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး စတာမှာ သမိုင်းသုတေသနမှာ ကျန်စစ်သား(ထီးလှိုင်မင်း) ကိုဘဲအမှန်တကယ်ရှာတွ့ တယ်။ အဲဒီတော့ ဝေဖန် ဆန်းစစ်ဖို့လိုမယ်။

ဒီတော့ ကျန်တဲ့ သူရဲကောင်းသုံးဦး တကယ်ရှိခဲ့လားမေးစရာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပုဂံပြတိုက်ရဲ့ တရားဝင် အင်တာနက်ဝတ်ဆိုက် မှာ ကျန်စစ်သားကို အနော်ရထာရဲ့ သားဆိုပြီး လုပ်ထားတယ်။ နိုင်ငံဂုဏ်ဆောင် အထင်ကရပြတိုက်အနေနှင့် ဒီလိုမဖြစ်သင့်ပါ။

ကျန်သူရဲကောင်း သုံးဦးအကြောင်း ပြောလို့ရသလောက်ပြောပါမယ်။ အနော်ရထာခေါ် ' အနိ ရုန္ဓ ' လက်ထက်မှာ ရေးထိုးတဲ့ကျောက်စာ မရသေးပေမယ့် မြေပုံဘုရားစာတွေရှိတယ်။ မင်းဖြစ်သူက မြေပုံဘုရား မှာ မိမိအမည်နှင့် ဆုတောင်းစာကို ရေးထိုးပြီး လှူတော့ မိဖုရား နှင့် အမတ်တွေ အကုန်လုံးကလည်း မြေပုံဘုရားတွေလုပ်ပြီး လိုက်လှူရတယ်။ မင်းဖြစ်သူရဲ့အလှူ ကိုပန့် ပိုးပေးတဲ့သဘောပေါ့။
ဒီတော့ အထောက်အထားဖြစ်တဲ့ မြေပုံဘုရားတွေမှာ ခေတ်ပြိုင်အမည်တွေတွေ့ တယ်။

အနိရုန္ဓ လက်ထက်တွေ့ရတဲ့နာမည်တွေက
အက္ခရာစဉ်အလိုက်

၁။ ခတ် ( ငခတ် )
၂။ ခြယ် ( အို့ခြယ်/မယ်ခြယ် )
၃။ ဂေါင် ( ကလန် ငဂေါင် )
၎။ စိပေ ( မိဖုရား / အနိရုန္ဓ ၏ မိဖုရား )
၅။ စောထောယ်နော့အ် ( ? )
၆။ စန်ဒုမာ ( စောဒုမှာ / သခင်ဒုမှာ )
၇။ ဆူမ် ( ငဆူမ်/ ? )
၈။ တိရသ် (?)
၉။ ပါ ( အို့ ပါ/မယ်ပါ )
၁၀။ ပယ်ပွမ် ( ငပယ်ပွမ် )
၁၁။ ပွေါန် ( ပွေါန် )
၁၂။ ဗညာနော ( သံဗျင် ဗညာနော )
၁၃။ ဗိသန္နရာဇ် ( သံဗျင် ဗိသန္နရာဇ် )
၁၄။ မန်ယာသောဟ်ဒ္ဓရာဟ်
၁၅။ ယသ (?)
၁၆။ ယိခီ ( ထားဝယ်စားသံဗျင် )
၁၇။ လာင်ယင်လေန် ( ? )
၁၈။ သုဓမ္ပာယ် ( ? )
၁၉။ သင်ဟောယ် ( ? )
၂၀။ အနန္ဒဇေယဘိကြာန် ( မြို့စား )
၂၁။ အိတဲမိလအ် ( ? )
၂၂။ အိုင် (ငအိုင် )

ရသလောက် မြေပုံဘုရားစာတွေမှာ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး စတဲ့ သူရဲကောင်း သုံးဦးနာမည် မပါ။ ကျန်တဲ့ မြို့စား သံဗျင် ကလန် တွေပါတယ်။ မိဘုရားလည်းပါတယ်။ ' အနိ ရုန္ဓ ' ဟာသူရဲကောင်းတွေကို မြှောက်စားတယ်လို့ဆိုရင် အဲဒီသုံးဦးကိုလည်းနေရာပေးမှာမလွဲပါ။ မှန်နန်းထဲမှာကိုက ကျန်စစ်သား (ထီးလှိုင်မင်း) ကိုသာ အမျက်တော်ရှတယ်လို့ဆိုတော့ ကျန်သုံးယောက်နဲ့မဆိုင်ပါ။ ကျန်စစ်သား(ထီးလှိုင်မင်း)ကိုခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်နဲ့မဟုတ်တောင် မိတ်ဆွေကောင်းတစ်ဦးအဖြစ် ရိုသေလေးစားမှာဖြစ်လို့ ကျန်သူရဲကောင်းသုံးယောက် ကိုယ်လွတ်ရုံးမယ်မထင်ပါ။

ထားပါတော့ ဒါကမှန်နန်းထဲကအကြောင်းရာကိုပြောတာ။ အပေါ်မှာ တကယ်တွေ့ရတဲ့ နာမည်တွေက မြေပုံဘုရားပေါ်တွေ့ရတဲ့နာမည်တွေ။ မှန်နန်းနဲ့မဆိုင်ပါ။ ကျန်စစ်သားလွတ်သွားတော့ သူရဲကောင်းတွေကို မြှောက်စားတဲ့ ' အနိ ရုန္ဓ ' ဟာ အပြစ်မရှိသူ ၃ ဦးကို သတ်ပစ်တယ်လို့ မပြောပါ။ ဒါပေမယ့် သူတို့သုံးဦးရဲ့ နာမည်တွေ အတွက် ခိုင်မာတဲ့အထောက်ထားမရှိတာဟာ စဉ်းစားစရာ ပထမအချက်ရတယ်။

မြန်မာရာဇဝင်ကျမ်းအရ ' အနိ ရုန္ဓ ' မရှိတဲ့ နောက် ဝဇြာဘရဏ ခေါ် စောလူး နန်းတက်၊ မူးရစ်သောက်စား လူပေါင်းမှား၊ မင်းဖြစ်လျှက်နဲ့အချုပ်ခံရ။ အဲဒီမှာလည်း သူရဲကောင်းသုံးယောက် ပေါ်လာသင့်တယ်။ သူတို့လည်း ကျန်စစ်သားနဲ့ တန်းတူအစွမ်းရှိတယ်လို့ ဆိုထားတယ်မို့ လား။

သူရဲကောင်း လေးယောက်ဟာ စစ်သည် လေးသိန်း လို့သာဆိုတယ်။ ကျန်စစ်သား တစ်ဦးတည်း တစ်သိန်းခွဲအား လို့မပြောတော့ စွမ်းရည် ညီမျှတယ်လို့ပြောလို့ရတယ်။ အဲဒီသုံးဦးသာရှိရင် ဟိုအဝေးကြီးမှာရှိနေတဲ့ ကျန်စစ်သားတောင် သွားခေါ်စရာမလို။ ရှိတဲ့ သုံးဦးနဲ့တိုက်လည်းဖြစ်တယ်မို့လား။ ဟိုဘက်က လူဆိုးက တစ်ဦးတည်း။ ပြီးတော့ ငမူး။ အဲဒါ စဉ်းစားစရာ ဒုတိယအချက်ရတယ်။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု။ ကျန်စစ်သား(ထီးလှိုင်မင်း) ကို ခေါင်းဆောင်တင် ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး တို့နဲ့ ပေါင်းပြီး ပုန်ကန်သူကို တိုက်။ ပြီးတော့ကျန်စစ်သား မင်းဖြစ်။ မင်းဖြစ်ပြီးနောက် သူ့ကိုအကာကွယ်မပေးဘဲ ချောက်တွန်းတဲ့ ဟိုသုံးယောက်ကို သတ်ဆိုပြီး ရာဇဝင်ထဲမှာမပါ။ အဲလို လူစွမ်းကောင်းသုံးဦးကိုလည်း ဘယ်လိုမင်းကမှ သတ်ပစ်မယ်မထင်ပါ။ အဲဒီလို သတ်ပစ်တယ်လို့အထောက်ထားမတွေ့တော့ ကျန်စစ်သားက မြောက်စားသလားလို့ လှည့်တွေးကြည့်ရအောင်။

ကျန်စစ်သား(ထီးလှိုင်မင်း) နန်းတည်ကျောက်စာပါ သူမြှောက်စားတဲ့ အမတ်၊ သံဗျင် ၊ ကလန် စာရင်းကိုကြည့်ရအောင်

၁။ သံဗျင် ကင်ကသူ
၂။ သံဗျင် ဇေယသဘင်
၃။ သံဗျင် ပညာလင်္ကာရ
၎။ လင်္ကာ မဟာသက်ထိပ်
၅။ လင်္ကာ ရာဇသူ
၆။ လင်္ကာ ရိပုသဒ္ဒနော
၇။ ကလန် ကင်
၈။ ကလန် ထေး

အဲဒီစာရင်းထဲမှာလည်း ငထွေရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး စတဲ့ နာမည်တွေမပါပါ။ ကျန်စစ်သားခေတ်မှာ ရာဇကုမာရ်ကျောက်စာအပါဝင် မွန်၊မြန်မာ၊ပါဠိ၊ ပျူ (?) စတဲ့ ဘာသာနဲ့ရေးထိုးတဲ့ကျောက်စာတချို့ ရှိပေမယ့် အဆိုပါသုံးဦးကိုတော့ မတွေ့သေးပါ။ အဲဒါက စဉ်းစားရမယ့် တတိယအချက်။

နောက်ဆုံး တစ်ချက်ပြောချင်တာက ကျန်စစ်သား(ထီးလှိုင်မင်း) ရေးထိုးခဲ့တဲ့ ကျောက်စာတွေ
အတော်များများ မြန်မာဘာသာ ၊ မွန်ဘာသာနဲ့ ကျန်ရစ်ခဲ့တာတွေအတော်များပါတယ်။ အဲဒီကျောက်စာတွေအကုန်လုံးလိုက်ဖတ်ကြည့်ပြန်တော့လည်း ငထွေရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး စတဲ့နာမည်တွေကို လုံးဝ မတွေ့ရပါ။ ရှင်းရှင်းပြောတော့ မှတ်တမ်းမရှိဘူးပေါ့။

ကျန်စစ်သား(ထီးလှိုင်မင်း)ရဲ့ အမည်ဟာ ကလန်စစ်သားကနေလာတယ်ဆိုတာ ကျိုးကြောင်းဆီလျှော်ပေမယ့် ကျန်သုံးဦး အမည်ရလာပုံတွေဟာ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်နေပါတယ်။ စာတစ်ကြောင်းထဲနဲ့ အတိုချုပ်ရရင်တော့ ငထွေရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး တို့နဲ့ပတ်သက်ပြီး " ခိုင်မာတဲ့ အထောက်အထားမရှိပါ " ။

8 comments:

  1. သမိုင်း အထောက်ထားတွေ ဖတ်ရတာ တကယ်အနှစ်ဖြစ်ရပါတယ်ခင်ဗျာ..အနော်ရထာမင်းရဲ့ သီလ၀ံသ ဓားနဲ့  ကျန်စစ်သားနဲ့  အရိန္ဒမာ လှံ တို့ လည်း ရဇ၀င်မှာ ပျောက်သွားကြတယ်နော်.သမိုင်းအစစ်နဲ့  ပုံပြင်နဲ့ များရောကုန်သလား..အခုလို စီစစ်လေ့လာထောက်ပြတာတွေက တကယ်တန်ဖိုးကြီးလှပါတယ်ခင်ဗျာ....

    ReplyDelete
  2. အလွန်ပဲ တန်ဖိုးရှိလှပါတယ်

    ReplyDelete
  3. ဒေါက်သန်းထွန်းလို ကွင်းဆင်းသုတေသန လုပ်ပြီးအချက်အလက်စုံအောင်ရေးနိုင်တဲ့သမိုင်းပညာရှင်လက်ချိုးရေလို့ရသွားပြီ
    ငါပြောချင်သမျှငါ့အြေုကာင်းဖတ်ပြီးဆရာရဲ့စေတနာကိုပိုပြီးလေးစားရပါတယ်
    ဆရာလိုလူမျိုးက ရှိတော့့ရှိတယ်ရှားတယ်ဆိုရမှာပါ
    ဆရာက ကမ္ဘာသိသမိုင်းပညာရှင်တယောက်ပါ
    ဆရာရဲ့research များများတင်ပေးစေလိုပါတယ်
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. I would like to know more information relating with ပတ္တမြား ငမောက် for my project's essay.May I know how can I contact you? It will be great if you could share your knowledge to me.Thank you.

    ReplyDelete
  5. မင်းတွေ၊ ဘုရင်တွေရေးတဲ့စာတွေရယ် .. သူတို.အကြောင်းရေးတဲ့ရာဇဝင် တွေရယ်မှာ သူတို.ရေးချင်တာ သူတို.ရေးစေချင်တာဘဲပါမှာပေါ့ ... အဲဒါတွေကို အတည် reference လုပ်ပြီး အခြားသူတွေ အကြောင်း လိုက်ရှာ တာ အစကတဲကလမ်းလွှဲနေပြီ ..
    သာမန်လူတွေ .. မင်းမကြိုက်တဲ့လူတွေ က ရေးသားနိုင်ခွင့် . စွမ်းအားမရှိခဲ့ပါ
    ကျောက်စာကလည်းဈေးကြီးမှာပေါ့ .. ဒါကြောင့် သာမန်လူမှ သူရဲကောင်းတွေအကြောင်သိသူတွေက ပုံပြင်လို နှုတ်နဲ.အဆင့်ဆင့်လက်ဆင့်
    ကမ်းခဲ့ကြပါတယ် .. စာနဲ.တွေ.မှသက်သေယုံရင်တော့ ကိုယ့်ထိုက်နဲ. ကိုယ့်ကံ လမ်းလွှဲကြီးအတိုင်း စိတ်ပျော်ပျော်ရှောက်ပါ ..
    သဘာဝကျကျ စဉ်းစားပေးတာပါ ..
    ပျော်ရွှင်ပါစေ ...

    ReplyDelete
  6. AnonymousJune 17, 2012

    ကျတော်တို့ မြန်မာရာဇ၀င်သူရဲကောင်းတွေအကြောင်း၊ ပါးစပ်ရာဇ၀င်ဒေသခံ သူရဲကောင်းတွေအကြောင်းကို ဟောလီးဝုဒ်ရုပ်ရှင်လိုမျိုး အဆင့်မြင့်နည်းပညာတွေသုံးပြီး ရိုက်ပြနိုင်ရင် အရမ်းကမ္ဘာကျော်မှာ။ ဘာမှသမိုင်းနောက်ခံ ခိုင်ခိုင်မာမာမရှိတဲ့ အမေရိကန်တွေတောင် Spider man လိုမျိုးရုပ်ရှင်တွေတောင် ကမ္ဘာက လက်မခံချင်လဲ လက်ခံနေရပြီ။ (ဒေါက်တာချက်ကြီး)

    ReplyDelete
  7. ဒီစာတွေကို 2011 ခုနှစ်ကတည်းက မြန်မာကျူးပစ်ဖိုရမ်မှာ (ကို) mrlynn က ဆွေးနွေးခဲ့ပါတယ်။ အဲဒီ ကိုလင်းရဲ့ ဆွေးနွေးချက်အတိုင်းကို တသွေမတိမ်း ကူးယူ ဖော်ပြထားတာကို တွေ့တော့ ရေးသူနာမည်များ ထည့်ထားသလားလို့ လိုက်ရှာမိပါတယ်။ မတွေ့မိဘူးဗျ။ ဒါဆို ခု ဘလော့ပိုင်ရှင်က ကျူးပစ်က mrlynn ကိုယ်တိုင်လား ?? ဒါမှမဟုတ် သဘောကျမိလို့ ကူးယူလာတာဆိုယင်တော့ Credit To MMCP ဆိုတာလေး ထည့်ပေးသင့်တယ်လို့ အကြံပြုပါတယ်။

    ReplyDelete
    Replies
    1. Hi Ko Hein Zaw Aung
      mrlynn from MMCP and Blogger ရှေးမြန်မာ is the same person.I have mentioned on my post in MMCP that I was blogger ရှေးမြန်မာ. Anyway, thanks for your comment.

      Delete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။