ဒီလိုနဲ့ လက်ဆင့်ကမ်းလာတဲ့လောကီပညာရပ်ဟာ အဝခေတ်ရောက်တဲ့အချိန်မှာတော့ အင်အားအကောင်းဆုံးနဲ့ ရေပန်းအစားဆုံး အချိန်ကာလဖြစ်လာပါတယ်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်အများစုက အဝခေတ်ဟာ မြန်မာ့စာပေယဉ်ကျေးမှု ရွှေခေတ်လို့ ဆိုကြပါတယ်။ နိုင်ငံရပ်ခြားကနေ ပါဠိ၊ သက္ကတဘာသာ ကျမ်းအများအပြား တင်သွင်းလာခြင်းဟာအဓိကအကြောင်းရင်းဖြစ်ပါတယ်။ အဲဒီ ကျမ်းတွေထဲမှာ လောကီပညာရပ်ဆိုင်ရာကျမ်း တွေလည်းပါ ပါတယ်။
ဒီနေရာမှာ တစ်ခုသတိထားရမှာက လူအများပြောနေသလို အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ ဆိုင်ရာလောကီပညာရပ်တွေကို လက်ဆင့်ကမ်းလေ့လာလိုက်စားသူတွေဟာ ပုဂံအရည်ကြီးတွေကနေဆင်းသက်တဲ့ တောကျောင်းရဟန်းတွေဖြစ်တယ်ဆိုတဲ့အဆိုပါ။ အမှန်တကယ်တော့ တောကျောင်းရဟန်းတွေသာမက သာမန်ကျောင်းက ရဟန်းတချို့ပါ လေ့လာလိုက်စားပြီး ပေါက်မြောက်အောင်မြင်တဲ့သာတကတွေရှိပါတယ်။မင်းဆရာ ရဟန်းတွေလည်းပါ ပါတယ်။
အဝခေတ်လယ်ပိုင်းမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အခါ ကိုယ့်ရပ် ကိုယ့်ဒေသ လုံခြုံရေးအတွက် ရဟန်းတွေက သာ တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။ နောက်တော့ အဲဒီ ရဟန်းတွေကို သံဃာ့ရာဇာလို့ ခေါ်ပြီး တကယ်လည်းဩဇာအာဏာကြီးခဲ့ပါတယ်။ ဒီလို သံဃာ့ရာဇာတွေရဲ့ ကျောင်းတွေဟာ လက်ဝှေ့ ၊ နဘန်း နဲ့ လောကီပညာရပ်ဆိုင်ရာသင်ကြားရေးကျောင်းတွေဖြစ်လာပါတယ်။ ဒီအချက်ကိုယူပြီး ဆေးမင်ကြောင်စတင်ပေါ်ပေါက်လာတာ အဝခေတ်ကတည်းကဖြစ်တယ်လို့ခန့်မှန်းကြတာပါ။
ဒီလိုကျောင်းမျိုးကို ကုန်းဘောင်ခေတ်ရောက်လာတဲ့အခါ ပွဲကျောင်းလို့ အမည်ပေး ခေါ်ဝေါ်တာတွေ့ရတယ်။ နိုင်ငံရေးပြန်လည်တည်ငြိမ်လာသည့်တိုင် တောကျောင်းတွေနှင့် တောကျောင်းပညာရပ်တွေကို ဘုရင်ကိုယ်တိုင်နောက်ကွယ်ကနေ အားပေးအားမြှောက်လုပ်တာမျိုးရှိနေတဲ့အတွက် ကုန်းဘောင်ခေတ်အထိ ပွဲကျောင်းတွေဆက်လက်ရပ်တည်နိုင်လာပါတယ်။
ပုဂံအလွန် အနှစ်တစ်ရာအခြေနေဟာ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလဖြစ်ပါတယ်။ ဒေသတွင်း မင်းမြိုင်တွေအကြား အာဏာလွန်ဆွဲတာတွေအပြင် ပြည်ပရန် နှင့် ရှမ်းတွေအင်အားကောင်းလာတဲ့အချိန်လည်း ဖြစ်တာကြောင့် ဒေသတွင်းတည်ငြိမ်မှုမရှိပါ။ ညီအကို သားအဖ ကြားလုပ်ကြံသတ်ဖြတ်မှုတွေကြောင့်လည်း ခေါင်းဆောင်တွေအကြား တစ်ဦးအပေါ် တစ်ဦးယုံကြည်မှု မရှိကြပါ။ ဒီတော့ လုပ်ကြံပြီး မင်းဖြစ်လာပြီဆိုတာနဲ့ အရင်ဆုံးလုပ်ကြတာက ရာဇပလ္လင်ပေါ် မြဲမြဲကြာကြာ ထိုင်ရဖို့ အဓိကထားလုပ်ဆောင်ကြပါတော့တယ်။
ဒီတော့ လုံခြုံရေးအရ မြို့သစ်တည်တာတို့ မြို့ပြောင်းတာတို့လုပ်လာကြတယ်။
မင်းတွေမြို့ပြောင်းရာမှာ အရေးထားတဲ့အခြားအထိကအချက်တွေကတော့
၁။ စားနပ်ရိက္ခာဖူလုံဖို့ရန် စိုက်ပျိုးဖြစ်ထွန်းရာအရပ် ဖြစ်လိုခြင်း
၂။ နိုင်ငံအုပ်ချုပ်ရေးအတွက် အသက်သွေးကြောဖြစ်တဲ့ အချက်အခြာကျရာအရပ် ဖြစ်လိုခြင်း
၃။ အရေးကြုံပါက ရန်သူကို ခုခံကာကွယ်နိုင်ရန် သဘာဝတရားရဲ့ အားသာချက်ကျရာ အရပ် ဖြစ်လိုခြင်း ( တစ်နည်းပြောတော့ လုံးခြုံရေးအရ အားသာချက် ရယူလိုခြင်း )
စတဲ့အချက်တွေအပေါ်အခြေခံပြီး မြို့တည် မြို့ပြောင်းလုပ်ကြပါတယ်။ သို့ပေမယ့် မင်းဆိုတာက ပြည်သူမရှိဘဲ ရပ်တည်လို့ရတာမျိုးမဟုတ်တော့ မြို့ပြောင်းရာမှာ အများပြည်သူ ရဟန်းရှင်လူတွေရဲ့ သဘောတူကြည်ဖြူမှုရှိဖို့လိုပါတယ်။ ဒီနေရာ ဒီအရပ်ဟာ ငါ့အတွက်လုံခြုံရေးအရ စိတ်မချရလို့ အခြားမြို့ကိုပြောင်းမယ် မင်းတို့လိုက်ခဲ့ရမယ်ဆိုပြီး ပြောင်းခိုင်းလို့ကဖြင့် ရဟန်းရှင်လူတွေက လိုက်နာမယ်မဟုတ်ပါ။ ဒီတော့ မင်းနှင့် မင်းခစားတွေတိုင်ပင်ပြီး လောကီပညာ အတုအယောင်ကို ဖန်တီးရပါတော့တယ်။ အဲဒီ အတုယောင်လောကီပညာကို ဗျာဒိတ်ခန်းလို့ခေါ်တယ်။
ဗျာဒိတ်ခန်းထဲ အဓိကပါတဲ့အချက်တွေကတော့
၁။ ဘုရင် မင်းမြတ်သည် ဘုရားအမျိုး သကျသာကီ မျိုးနွယ်မှဆင်းသက်လို့ မြင့်မြတ်တဲ့အမျိုးဖြစ်သည်။
၂။ ဘုရင် မင်းမြတ်သည် မြတ်စွာဘုရား ဗျာဒိတ်ရမင်းဖြစ်သည်။
၃။ မြို့ပြောင်း မြို့တည်ဖို့ရာ ဟိုယခင်က ဘုရားရှင်ကိုယ်တော်တိုင် ကြွလာပြီး ဗျာဒိတ်ပေးသည်။
၎။ ဤသို့ မြို့ပြောင်း မြို့တည်ခြင်းမှာ သာသနာ့အကျိုး၊ ရဟန်းရှင်လူအကျိုး နှင့် အများသတ္တဝါ ဘေးကင်းရန်ကွာဖို့ရာဖြစ်သည်။
၅။ သို့ဖြစ်ပါ၍ ဗျာဒိတ်ရမင်း ဗျာဒိတ်ရနေရာ ပြောင်းရွှေ့ရာမှာ ကြည်ဖြူစွာနာခံ၍ လိုက်ပါဆောင်ရွက်ရန် အရေးကြီးသည်။
အဲဒီအချက်တွေကိုအခြေခံပြီး မင်းအလိုကျ ဖန်တီးပေးရတဲ့ ဗျာဒိတ်ခန်းတွေဟာ လောကီပညာမဟုတ်တဲ့အတွက် ဒီနေရာမှာ ထပ်ပြီးဆွေးနွေးဖို့လိုမယ်မထင်တော့ပါ။ သို့ပေမယ့် ရှေးကရေးခဲ့တဲ့ ဗျာဒိတ်ခန်းစာတွေဟာ နိုင်ငံရေး ၊ လူမှုရေး နှင့် ဒေသဆိုင်ရာအချက်လက်တွေပေးတဲ့အတွက် အရေးပါတဲ့ ရှေးမှတ်တမ်းအဖြစ် ရှိနေဆဲပါ။ ဗျာဒိတ်ခန်းတွေနှင့် ပတ်သက်ပြီး သမိုင်းသုတေသန ပညာရှင် ဦးထွန်းလှိုင် (ကလောင်အမည် ရွှေကိုင်းသား ) တစ်ဖြစ်လဲ ဦးဇင်း ဦးသောဘိတ ရဲ့မှတ်ချက်ဟာ မှတ်သားဖွယ်ဖြစ်ပါတယ်။
" ကျွန်ုပ်တို့၏ သဘောမှာ ဗျာဒိတ်ခန်းများသည် မြန်မာရာဇဝင်ကို အရည်သွေးတက်အောင် သိဒ္ဓိတင်ပေးခြင်းမျှသာဖြစ်သည်ဟု ဆိုချင်ပါတော့သည်။ သို့သော် ထိုသိဒ္ဓိတင်ပေးမှုညည် သမိုင်းကျကျ မှတ်တမ်းတင်ခံနိုင်လျှင်ကား ကောင်းပါ၏။ ထိုသို့ မဟုတ်ပါက မြန်မာရာဇဝင်၏ အရည်အသွေး ယုတ်လျော့သိမ်ဖျင်းသွားအောင် ပြုလုပ်သည်နှင့် တူနေမည်ကို စိုးရိမ်မိပါသည်" ဆိုပြီး မှတ်ချက်ပေးခဲ့တယ်။
၁၃၅၉ ခုနှစ်မှာ ရှမ်းတွေဝင်လို့ စစ်ကိုင်း ပျက်စီးတယ်။ ၁၃၆၂ နှစ်မှာ ပင်းယကို ရှမ်းတွေထပ်ဝင်လို့ ပျက်စီးပြန်တယ်။ ရှမ်းတွေအင်းအားကောင်းလာပြီး စစ်ကိုင်း ၊ ပင်းယ မြို့တွေကို ဝင်ရောက်ဖျက်စီးပြီးနောက်မှာတော့ မြန်မာတွေ အတော်လေး အားနည်းသွားပါတော့တယ်။ အင်အား စုစည်းမှုဆိုတာထက် မင်းဖြစ်ဖို့ရာကိုသာ အဓိကထားတဲ့အတွက် မင်းပြိုင် မင်းငယ်တွေ အားပြိုင်နေတဲ့အချိန်ဖြစ်တယ်။ ၁၃၄၆ ခုနှစ်မှာ သတိုးမင်းဖျားနန်တက်တယ်။ မင်းဖြစ်လာပြီးနောက် လုံခြုံမှုမရှိတဲ့ ပင်းယမှာ မနေလို့တဲ့အခါ မြို့သစ်တည်ဖို့ မြို့ပြောင်းဖို့ဖြစ်လာပါတော့တယ်။
ပုဂံခေတ်အသုံးပြုတဲ့လောကီပညာဟာ ဗေဒင် ယတြာ ၊ အခါပေး ၊ မြို့တည် နန်းတည်ရာမှာ အင်းချ စတာတွေကသာ ပိုများမယ်ထင်ပါတယ်။ အင်းပြားချတယ် ရွှေအိုး ၊ ရတနာအိုးမြှုပ်တယ်ဆိုတာပြောထားပေမယ့် ဘယ်လိုအင်းမျိုးဆိုတာတော့ ကျောက်စာထဲထည့်ရေးမယ်မဟုတ်ပါ။ အသေချာပြောနိုင်ဖို့ရာ ကျန်စစ်သားနန်းတော်ရာဟောင်းကို ရှာပြီးတူးကြည့်တာမျိုး လုပ်နိုင်ရင်ပိုကောင်းပါမယ်။ လူစတေးတည်ဆိုရင်လည်း လူဦးခေါင်းခွံ လူရိုး ရှာတွေ့ဖို့လိုပါတယ်။
အင်းဝခေတ်ရောက်တဲ့အချိန်မှာတော့ မြန်မာတွေရဲ့ လောကီပညာ အင်း အိုင် ခလဲ့ လက်ဖွဲ့ ဗေဒင် ယတြာဆိုတာတွေဟာ နန်းတွင်းသုံးလောကီပညာရပ် တင်မတော့ဘဲ ရဟန်းရှင်လူ အခြေခံလူတန်းစားတွေအထိ ရေပန်းစားလာပါပြီ။ အတိတ် နိမိတ် တဘောင် စတာတွေကဖြင့် နိုင်ငံရေး ၊လူမှုရေးတို့ကိုဖော်ပြလေ့ရှိတယ်။ တစ်နည်း လူအများနဲ့ ပိုပြီးသက်ဆိုင်လာတဲ့အတွက် နန်းတော်အသိုင်းဝိုင်းတွေမှာ ပိုပြီးလူကြိုက်များပါတယ်။ အဲဒီအထဲမှာ တဘောင် ကောက်ယူပြီး ရှေ့ဖြစ်ဟောတဲ့ အလေ့ထကိုအုပ်ချုပ်မင်းလုပ်သူတွေ အထူးအလေးပေးလေ့ရှိတာကိုတွေ့ရပါတယ်။ တချို့ တဘောင်တွေဟာ လူထုအသံကိုထင်ဟပ်တဲ့အတွက် အဲဒီခေတ် နိုင်ငံရေး လူမှုရေးသုံးသပ်မှုတွေအတွက် အထောက်ကူဖြစ်စေပါတယ်။
သတိုးမင်းဖျား ( ၁၃၆၄-၁၃၆၇) ဟာ ပထမဦးဆုံး စစ်ကိုင်းမြို့ ရှိရာရွှေ့ပြောင်း နန်းစိုက်ရန် သင့်၊ မသင့် တဘောင်နာစေတဲ့အခါ
' ထဘီတောင်းစေ ၊ ခြေကောင်းစေ ၊ တဘက်ခါးဆီး၊ ချွေးကြီးတစ်ဖြာ ပန်းမသာ ' ဆိုပြီး တဘောင်ပေါ်တယ်။ တဘောင်ရဲ့ အနက်မှာ ' စစ်မက်ရေးရာ ကြုံတဲ့အခါ အခွင့်မသာ၊ ဒါကြောင့် ထီးနန်အာဏာ တည်မြဲရန်စိတ်မချ ' ဖြစ်ပါတယ်။
ဒီတော့မှ အင်းဝ အရပ်မှာ မြို့သစ်တည်ရန်သင့်မသင့် ဆိုပြီး တဘောင်နာစေတဲ့အခါ
" ပြယာယ်သလော၊ ပြယ်သလော၊ ပြယာယ်သင်တိုင်း၊ မြနှင့် နှိုင်းသည်၊ စောကျိုင်းပတ်စာ နယ်သလော၊ အမွေးတပုံ အခွဆုံကိုရွယ်သလော " ဆိုပြီးတဘောင်ထွက်ပါတယ်။ အလွယ်ပြောတော့ ဒီတဘောင်ဟာကောင်းတဲ့သဘောကိုဆောင်တဲ့အတွက် အဝမြို့ကိုစတည်ပါတယ်။ ဒီလိုနှင့် သတိုးမင်းဖျား ( ၁၃၆၄-၁၃၆၇) ဟာ ပထမ အဝမြို့တည်မင်းဖြစ်လာပါတော့တယ်။
နန်းတော်တည်ဆောက်စဉ် ရှင်ဘုရင်က ယာယီတည်းနန်းနဲ့နေတဲ့အခါ စပါးကြီးမြွှေတွေ့တဲ့အခါ ဤမြစ်ဆုံဝ၌ ပြည်ကြီးဖြစ်၍ သာသနာတော်၏ ထွန်းပရာ ဖြစ်လတံ္တ့ ၊ဤပြည်ကြီးကို မှီ၍ အသက်မွေးသော သူတို့သည်လည်း ချမ်းသာစွာ ဖြစ်လတံ္တ့ ဆိုပြီး နိမိတ်ဖတ်ပါတယ်။
အချက်ခြောက်ချက်ပါတဲ့ " သတိုးမင်းဖျား အိပ်မက်ခန်း " မင်းဆရာ ပတူကြီး သင်္ဃရာဇာ ကိုနိမိတ်ဖတ်စေတဲ့အခါမှာလည်း တူညီတဲ့ နိမိတ်ကောင်းဘဲရပါတယ်။ဒီအိပ်မက်ကို ပထမမောင်းထောင်းဆရာတော်(ရှင်ညာဏ) လူထွက် မင်းတိုင်ပင်အမတ်ကြီး မဟာဓမ္မသင်္ကြန်ကဖြင့် သုံးနှစ်တစ်ကြိမ်စည်ပင်ဝပြောမယ်ဆိုပြီး နိမိတ်ဖတ်ပြန်ပါတယ်။ ဇာတာတော်ပုံရာဇဝင် စာမျက်နှာ ၆၀ ပါ အင်းဝမြို့တည်ဇာတာခွင် အညွှန်းမှာတော့ " ၇၂၆ ခု တပေါင်းလဆန်း (၆)ရက် ၃ နေ့အဝကို သတိုးမင်းဖျား သစ်မြို့တည်သည်။ အတာ ၁၃၆၆ တာ၊ နက္ခတ် ၂၆ လုံး " ဆိုပြီးတွေ့ရပါမယ်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) စာမျက်နှာ(၄၁၃)မှာတော့ " အင်းဝမြို့ကို ပထမတည်စဉ်က သတ္တုကြေးနီပြား အင်း(၂) မိုက်ပတ်လည်ကို မြေတွင် အင်း(၁၀၀၀) မြှုပ်စေ၍ ညောင်(၁၀၀၀)စိုက်သည်" ဆိုပြီးတွေ့ရပါမယ်။ ခုလိုလောကီပညာတွေကိုအားကိုးတကြီးလုပ်ပေမယ့် အဝမြို့တည်မင်းဟာ သုံးနှစ်သာသာ သာထီးနန်စိုးစံသွားရတာကိုမှတ်သားဖွယ်တွေ့ရပါတယ်။
အဝထီးနန်းကို တျြာဖျား က ၅စက်တင်ဘာ ၁၃၆၇ ခုနှစ်မှာဆက်ခံတယ်။ ယောက်ဖဖြစ်သူရဲ့ ထီးအရိုက်အရာကိုဆက်ခံတာဖြစ်ပေမယ့် နန်းသိမ်းပြီးနောက် ထုတ်ပြန်တဲ့ ၁၉ ဇွန် ၁၃၆၈ နေ့စွဲပါအမိန့်တော်မှာတော့ သူ့ကိုယ်သူ ဗျာဒိတ်ရမင်းအဖြစ် သိဒ္ဓိတင်ပြီး အမိန့်တော်ထုတ်သွားတာကို မှတ်သားဖွယ်တွေ့ရပါတယ်။ မဆီမဆိုင် မင်းဖြစ်လာပေမယ့် ငါလည်း ဗျာဒိတ်ရမင်းဖြစ်လို့ အရင်မင်းထက်တော့ မညံ့ဘူးလို့ပြောချင်တာဖြစ်တယ်။
ဆက်ရန်......................
No comments:
Post a Comment
လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။